ပြန်အန်ထုတ်စမ်း
Vol. 93 Ch. 930
နတ်ဆိုးတစ်ကောင်၏သက်တမ်းပေါင်း ၃၃ သန်းမှာ နတ်ဆိုးတစ်သောင်းခန်းမ၏ပုံရိပ်ယောင်အဖြစ် အသွင်ပြောင်းသွားကာ နဂါးနန်းတော်သုံးခုကို ဖိနှိပ်လိုက်ပြီး နတ်ဆိုးအင်ပါယာတံဆိပ်တုံး သုံးခုအဖြစ်ပေါင်းစည်းသွားခဲ့၏။
ယခင်က ရှန်းယီ နှင့် ရှီယန်တို့ကြားမှ စွမ်းရည်ပြိုင်ဆိုင်မှုဟုထင်ရသော အရာမှာ... အမှန်တကယ်တော့ ကြီးမြတ်သော နတ်ဆိုးအင်ပါယာတံဆိပ်တုံး သုံးခုက ကျောက်စိမ်းဖြူမသေမျိုးတံဆိပ်တုံးကို စတင်ဖိနှိပ်လိုက်ခြင်းပင်။
မြောက်ပိုင်းဟုန်၏မသေမျိုးစွမ်းအင်သာ ကျန်ရှိတော့သောကျောက်စိမ်းဖြူကြံ့ကြီးက ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့သည်မှာ သိသာလှသော်လည်း ၎င်းကို ကိုယ်ပိုင်အသုံးချရန်အတွက် လုံးဝပြောင်းလဲပစ်ရန်မှာမူ အနည်းငယ်အားစိုက်ထုတ်ရဦးမည်။
သို့သော် ရှန်းယီသည် အလောတကြီးမရှိခဲ့ပေ။
အနောက်ပိုင်းဟုန်၏ဆူညံသံများက မက်မွန်ပန်းများအောက်တွင် တဖြည်းဖြည်းမှေးမှိန်သွားခဲ့ပြီး ဧရာမပန်းပွင့်ကြီးများသည် သွေးများစိမ့်ထွက်လာတော့မယောင် ပိုမိုတောက်ပလာခဲ့၏။
၎င်းတို့၏ဖုံးလွှမ်းမှုအောက်တွင် ကောင်းကင်ယံတစ်ခုလုံးမှာ ပိုမို၍မိစ္ဆာဆန်လာကာ တောက်ပသောအနီရောင်မြူခိုးများမှာ နေရာအနှံ့ ပျံ့နှံ့နေပြီး ကောင်းကင်ကန့်လန့်ကာအထက်ရှိ မသေမျိုးခုံရုံးကို ခဏတာ မေ့လျော့သွားစေခဲ့သည်။
ကျောက်စိမ်းဖြူကြံ့ကြီး၏ဧရာမခွာအောက်တွင် ယခင်က စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေခဲ့သောအခြားဟုန်သုံးခုမှ ကျင့်ကြံသူများက ယခုအခါသွေးချောင်းစီးသတ်ဖြတ်ပွဲကြီးကို မျက်မြင်တွေ့လိုက်ရတော့သည်။
ဤမျှကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးသည် လွန်ခဲ့သောနှစ်ပေါင်းတစ်သိန်းက လူသတ်ပွဲကြီးအတွင်း၌ပင် မဖြစ်ပွားခဲ့ဖူးချေ။
ထိတ်လန့်တုန်လှုပ်စွာဖြင့် ရောက်ရှိလာကြသော ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူများပင်လျှင် ကြောက်ရွံ့တုန်ရင်နေသော်လည်း ကန့်ကွက်မှု တစ်စုံတစ်ရာ မပြုဝံ့ကြပေ။
ထို့အတူ မသေမျိုးတစ်ပါးမှာ ဖမ်းဆီးခံလိုက်ရပြီ ဖြစ်သည်။
သူ့အတွက် ဓားများကိုကိုင်စွဲထားသော ကျင့်ကြံသူများမှာမူ သူကျရှုံးသွားချိန်တွင် သူတို့၏ အသက်မှာ သူတို့ကိုယ်ပိုင်မဟုတ်တော့ဘဲ ကြိုးတစ်ချောင်းတည်းတွင် ချည်နှောင်ထားသော နှံကောင်များကဲ့သို့ ဖြစ်သွားခဲ့ရ၏။
အကယ်၍ မသေမျိုးခုံရုံးက ဤအကြောင်းကို သိရှိသွားပါက ဟုန်ကျယ်ရှိကျန်ရှိနေသော ဝိညာဉ်အားလုံးမှာ မိစ္ဆာများကိုနှိမ်နင်းမည့် ကောင်းကင်စစ်သည်တော်များ၏ကြောက်မက်ဖွယ် အစွမ်းကို ကံကောင်းထောက်မစွာတွေ့မြင်ရတော့မည်။
မြောက်ပိုင်းဟုန်မှ ပတ်သက်ဆက်နွှယ်သူတိုင်း... ဤနေရာမှအသက်ရှင်လျက် ထွက်ခွာသွား၍ မရနိုင်ပေ။
မြောက်မြားစွာသော တာအိုပေါင်းစည်းခြင်း နတ်ဆိုးကျောက်တုံးများ နှင့် လောဘဝံပုလွေကြယ်တာရာအစီအရင်ဖွဲ့စည်းပုံရှေ့တွင် သတ်ဖြတ်ပွဲမှာလျင်မြန်စွာပြီးဆုံးတော့သည်။
ရှန်းယီ နှင့် ရင်းနှီးသော ကျင့်ကြံသူများကလည်း သူတို့၏အကြည့်များကို ရုပ်သိမ်းကာ မြောက်ပိုင်းဟုန်ဆီသို့ လိုက်ပါသွားကြသည်။
"တစ်ယောက်မှ မချန်ထားနဲ့" ဟူသော ရိုးရှင်းသည့် စကားလေးလုံးမှာ ကျောရိုးထဲအထိစိမ့်တက်သွားစေသောသတ်ဖြတ်လိုသည့် စိတ်ဆန္ဒများ ပါဝင်နေသော်လည်း ၎င်းထက်ပို၍ ကြောက်စရာကောင်းသည်မှာ... မြောက်မြားစွာသော မဟာနတ်ဆိုးကြီးများကိုခေါ်ဆောင်ကာ ဤကဲ့သို့သတ်ဖြတ်မှုများကို ကျူးလွန်ခြင်းနှင့် ဒေသခံအုပ်စိုးသူသဖွယ်ဖြစ်သော မသေမျိုးအရာရှိကိုပင် ဖမ်းဆီးလိုက်ခြင်းပင်။
အကယ်၍အမှားအယွင်း တစ်စုံတစ်ရာဖြစ်ခဲ့ပါက နတ်ဆိုးတစ်သောင်းခန်းမ၏ အရှင်သခင်ဟူသော ဘွဲ့ထူးမှာ မသေမျိုးခုံရုံး၏နတ်ဆိုးသတ်စင်မြင့် စာရင်းတွင်အဆုံးသတ်သွားရန်သာ ရှိတော့သည်။
"ဟင်း... ဟင်း..."
နောက်ကျမှ ရောက်ရှိလာသော ကျစ်ယန်က သူ၏ အစစ်အမှန်ခန္ဓာကိုယ်အဖြစ်အသွင်ပြောင်းကာ လူအုပ်ကြီး၏အရှေ့ဆုံးသို့ ပျံသန်းလာခဲ့၏။
သူ၏စိုးရိမ်တကြီး အသက်ရှူသံများနှင့်အတူ နောက်တွင်ကျန်ရစ်ခဲ့မည် စိုးရိမ်နေလေသည်။
သူ၏ဖခင် ကျရှုံးခဲ့ရခြင်းမှာ... မသေမျိုးဖြစ်ရန် ကံပါလာပြီး ထူးချွန်သောအရည်အချင်းနှင့် စိတ်နေစိတ်ထားရှိသောပါရမီရှင်တစ်ဦးကို ထိုပုပ်သိုးနေသော ရှီယန်ကြောင့် မသေမျိုးခုံရုံးမှ မိစ္ဆာတစ်ကောင်အဖြစ် သတ်မှတ်လိုက်မည်ကို မလိုလားသောကြောင့်ပင်။
သို့သော် ယခုအခါတွင်မူ သူ၏ဖခင်မှာ ဖိနှိပ်ခံလိုက်ရသောကြောင့် ရှန်းယီမှာ ဤလမ်းပေါ်သို့ ပိုမိုရောက်ရှိသွားခဲ့လေပြီဖြစ်သည်။
မြောက်ပိုင်းဟုန်၊ မသေမျိုးစံအိမ်
ကျစ်ယန်က ဦးဆောင်ပြီး ယဲ့ကျိုး၊ ကျိကျင့်ရှီးနှင့် ရှန်းယီ၏အသိမိတ်ဆွေများဖြစ်သော တောင်ပိုင်းဟုန်ဂိုဏ်းခုနစ်ဂိုဏ်းမှ အခြားကျင့်ကြံသူများမှာ မနားတမ်းအပြေးအလွှားရောက်ရှိလာကြ၏။
သို့သော် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် သူတို့အားလုံးမှာ ထိုနေရာတွင်ပင်ကြောင်အမ်းကာ ရပ်တန့်သွားကြတော့သည်။
တစ်ခါက ချဉ်းကပ်ရန်ပင် မဝံ့ရဲခဲ့သော မသေမျိုးစံအိမ်ကြီးမှာ ယခုအခါလူသူကင်းမဲ့နေပြီး အတွင်း၌ပုံရိပ်သုံးခုသာ ရှိတော့သည်။
ဆယ်ကျန်းကျော်မြင့်မားသော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်မှာ နဂါးရစ်ခွေနေသောတိုင်လုံးတွင် တင်းကျပ်စွာချုပ်နှောင်ခံထားရပြီး ၎င်း၏ခန္ဓာကိုယ်မှာ အက်ကွဲကြောင်းများဖြင့်ပြည့်နှက်နေကာ နှလုံးသားကိုလည်း အနီရောင် သစ်သားသပ်ဖြင့် ထိုးဖောက်ထားပါသည်။
မျက်နှာတစ်ခြမ်းမှာပင် ပျက်စီးနေပြီးမြင်ရသည်မှာ အလွန်ပင်စိတ်မချမ်းမြေ့စရာ ကောင်းလှ၏။
သို့သော် သူတို့ကိုအမှန်တကယ် တုန်လှုပ်သွားစေသည်မှာ ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်၏ဘေးပတ်ပတ်လည်မှယိုစိမ့်ထွက်ပေါ်နေသော မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတန်းများပင်။
"ကမ္မကုသိုလ်စွမ်းအင်လား"
ချီယန်ရှန်း၏မျက်လုံးများ ပြူးကျယ်သွားကာ မယုံနိုင်စွာဖြင့် တိုးတိုးလေးရေရွတ်လိုက်၏။
ထိုရွှေရောင်အလင်းတန်းကို သူတို့ တစ်ခါမြင်တွေ့ဖူးခဲ့သည်။ ၎င်းမှာ တောင်ပိုင်းဟုန်မှမြစ်ဖျားခံကာ ဟုန်ကျယ်ကိုဖြတ်သန်းပြီး မသေမျိုးခုံရုံးထံသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့ခြင်းပင်။
ထို ကမ္မကုသိုလ်မသေမျိုး၏အစစ်အမှန်အထောက်အထားမည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်နေရာကို ရောက်သွားကြောင်းဆိုသည်ကို လူတိုင်းက အမျိုးမျိုးခန့်မှန်းခဲ့ကြ၏။
ထိုမျှကြည်ညိုလေးစားခံရသော ကမ္မကုသိုလ်မသေမျိုးက ယခုအခါ မသေမျိုးစံအိမ်အတွင်း၌ အကျဉ်းချခံထားရပြီး ဤကဲ့သို့နှိပ်စက်ခံထားရလိမ့်မည်ဟု မည်သူမှစိတ်ကူးမယဉ်ဝံ့ခဲ့ကြပေ။
ဤသူမှာ နယ်ပယ်တစ်ခုသို့ ရောက်ရှိသွားသောကြောင့်အောင်မြင်လာသည့် ကျင့်ကြံသူတစ်ဦးသက်သက် မဟုတ်ဘဲ၊ ဟုန်ကျယ်၏ရေမြေတောတောင်ရှိသက်ရှိများအတွက် နှစ်ပေါင်းတစ်သိန်းကြာ သတ်ဖြတ်ပွဲမှကျန်ရှိနေသော အာဃာတများကိုသန့်စင်ပေးခဲ့သည့် ကြည်ညိုလေးစားဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
ရှီယန်... သူက လူမှ ဟုတ်သေးရဲ့လား။
အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်ရှိသော ဤထိပ်သီး ပုဂ္ဂိုလ်ကြီးများ နှင့် နှိုင်းယှဉ်လျှင် မျက်နှာအမူအရာအသိသာဆုံးပြောင်းလဲသွားသူများမှာ ရတနာသင်္ဘောပေါ်ရှိ နန်ယန်ဂိုဏ်းမှ လူများပင်။
အထူးသဖြင့် လီချင်းဖုန်း နှင့် ကျန်းချိုလန်တို့က ဤရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကို မြင်တွေ့လိုက်ရသောအခါ သူတို့၏မျက်ဆန်များမှာ တုန်ယင်သွားခဲ့၏။
ဤတည်ရှိမှုသည် တစ်ခါက မဟာချန်ကို ကာကွယ်ပေးခဲ့ပြီး၊ နတ်ဆိုးတစ်သောင်းဂူကို သန့်စင်ပေးခဲ့ကာနယ်မြေများစွာအတွင်းရှိ မရေမတွက်နိုင်သော အသက်ပေါင်းများစွာကို ကယ်တင်ခဲ့၏။
ရှန်းယီက ဂိုဏ်း၏နယ်မြေများကို ဖွင့်လှစ်လိုက်ပြီးနောက် ၎င်းမှာပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။
ယခုပြန်လည် ဆုံတွေ့ချိန်တွင်မူ ဤကဲ့သို့သော အခြေအနေမျိုးဖြင့် မြင်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"မင်းတို့ ဒီကမ္မကုသိုလ်မသေမျိုးကြီးကို သိကြတာလား။"
တစ်စုံတစ်ခုမှားယွင်းနေကြောင်း အကဲခတ်မိသော ကျစ်ယန်က စံအိမ်အဝင်ဝရှိ အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးကိုကြည့်လိုက်ပြီးနောက် ရတနာသင်္ဘောဆီသို့ လှည့်ကြည့်ကာမေးလိုက်၏။
နန်ယန်ဂိုဏ်းမှ ကျင့်ကြံသူများပြန်မဖြေမီမှာပင်...
အားနည်းပြီးနာကျည်းမှုအရိပ်အယောင်များ ပါဝင်နေသောအသံတစ်ခုမှာ လူတိုင်း၏နားထဲသို့ ပဲ့တင်ထပ်သွားခဲ့သည်။
"သခင်..."
သူတို့၏မျက်နှာများမှာ အေးခဲသွားပြီး နဂါးရစ်ခွေတိုင်လုံးဆီသို့ ကြောင်အမ်းအမ်းကြည့်လိုက်ကြ၏။
မြင့်မားလှသော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်မှာ သူ၏ခေါင်းကို ခက်ခဲစွာမော့လိုက်ပြီး သူ၏ အမြင်အာရုံထဲတွင် ထိုသွယ်လျသောပုံရိပ်တစ်ခုသာ ကျန်ရှိတော့သည်။
အစအဆုံးထိခိုင်မာစွာ တည်ရှိနေခဲ့သော ထိုခန္ဓာကိုယ်မှာ ရှန်းယီကိုမြင်လိုက်ရချိန်တွင်မှ နောက်ဆုံး၌တိုင်လုံးကို အမှီပြုကာအားနည်းစွာ လျောကျသွားခဲ့၏။
"..."
ရှန်းယီက ခေါင်းကို ညင်သာစွာငြိမ့်ပြလိုက်ပြီး သူ၏ဖြူဖျော့သောမျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှဖော်ပြခြင်းမရှိပေ။
သူသည် ရှေ့သို့လှမ်းသွားကာ ခွေးသေတစ်ကောင်ကဲ့သို့ဖြစ်နေသော ရှီယန်ကို ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်၏ခြေရင်းသို့ ပေါ့ပေါ့ပါးပါးပစ်ချလိုက်သည်။
ဘုန်း
ရှီယန်မှာ ခလုတ်တိုက်ကာလဲကျသွားပြီး တုန်တုန်ယင်ယင်ဖြင့် ခေါင်းမော့ကြည့်လိုက်ရာ၊ မြင့်မားသောရွှေရောင်ခန္ဓာကိုယ်က သူ့ကို ဖြည်းညှင်းစွာငုံ့ကြည့်လာပြီး ၎င်း၏အေးစက်သောအကြည့်မှာ သူ့အပေါ်တွင်ဂရုမစိုက်စွာ ဖြတ်သန်းသွားသည်ကို တွေ့လိုက်၏။
ရွှေရောင်ခန္ဓာကိုယ်၏ကျန်ရှိနေသော မျက်နှာတစ်ခြမ်းတွင် အေးစက်သောအပြုံးတစ်ခု ထွက်ပေါ်လာပြီး
"ငါတို့ ထပ်တွေ့ကြပြန်ပြီ။"
"မင်း... မင်း..."
ရှီယန်က မုန်တိုင်းထန်သောပင်လယ်ထဲမှ စက္ကူရွက်လှေကဲ့သို့ တုန်ရင်နေပြီး ရွှေရောင်ခန္ဓာကိုယ်ကို တစ်လှည့်၊ သူ၏ဘေးရှိ ရှန်းယီကို တစ်လှည့်ကြည့်လိုက်ရင်း နောက်ဆုံးတွင် တစ်စုံတစ်ခုကို သဘောပေါက်သွားတော့သည်။
သူ ယခင်ကထွက်သွားချိန်တွင် ကမ္မကုသိုလ်မသေမျိုးက ထိုသို့သောစကားလုံးများကို အဘယ်ကြောင့်ပြောခဲ့သည်ဆိုသည်မှာ အံ့သြစရာ မရှိတော့ပေ။
(သစ်သားသပ်ဆိုတာ တံခါးတို့လာတို့ကို ကြပ်အောင်ထိုးတဲ့ သစ်သားပြားကိုပြောတာပါ)