အခန်း (၆၇၇-၆၇၈)
Vol. 63 Ch. 677-678
အခန်း (၆၇၇) - ရွှေအိမ်တော်တွင် အလှကညာကို ဝှက်ထားခြင်း၊ တစ်သားတည်း ပေါင်းစည်းခြင်းနှင့် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်သို့ တက်လှမ်းခြင်း(၄)။
ဘာ…။
ထိုစကားထွက်ပေါ်လာသည်နှင့် နတ်ဆိုးများစွာ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားကြကာ ဤအချက်ကို တွေးမိသွားကြ၏။
မှန်ပေသည်၊ ၎င်းတို့သည်လည်း ရှေးဟောင်းနတ်ဆိုး၏ အမွေအနှစ်ကို စောစီးစွာကတည်းက ရရှိထားခဲ့ပြီး ဖြစ်သည်။
သို့မဟုတ်ပါက ကျင့်ကြံခြင်းကမ္ဘာအတွင်း၌ အင်မော်တယ်တို့၏ ရုပ်အလောင်းများ ကျန်ရစ်နေခဲ့သည်ကို ၎င်းတို့ သိရှိမည်မဟုတ်သကဲ့သို့ ကြီးမားသော တိုက်ခိုက်မှုကြီးကိုလည်း ပြုလုပ်ကြမည် မဟုတ်ချေ။
“ငါတို့ နတ်ဆိုးမျိုးနွယ်က ဘယ်လို အမွေအနှစ်ကို ရရှိခဲ့တာလဲ...”
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းနတ်ဆိုးများထံမှလာသော အမွေအနှစ်ဆိုသည်မှာ နတ်ဆိုးမျိုးနွယ်၏ အမြင့်မားဆုံးသော လျှို့ဝှက်ချက်များထဲမှ တစ်ခုဖြစ်သောကြောင့်ပင်။
အထက်ပိုင်းရှိ လူနည်းစုမှလွဲ၍ ကျန်ရှိသော နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများမှာ သိရှိနိုင်ခြင်း မရှိချေ။
ထို့ကြောင့် နတ်ဆိုးမျိုးနွယ်က ရှေးဟောင်းနတ်ဆိုးထံမှ မည်သည့်အမွေအနှစ်ကို ဆက်ခံခဲ့သည်ကို ၎င်းတို့က လွန်စွာ သိချင်နေကြခြင်း ဖြစ်လေသည်။
“မင်းတို့ကို ပြောပြလို့လည်း ဘာမှမဖြစ်ပါဘူး… ဒါက သိပ်ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီးတော့ မဟုတ်ဘူး...”
“ရှေးဟောင်းနတ်ဆိုးရဲ့ အမွေအနှစ်ဆိုတာ အမှန်တကယ်တော့ အင်မော်တယ်လက်နက်တစ်ခုပါပဲ...”
အမှောင်နတ်ဆိုးနဂါးက စကားစလိုက်၏။
ဘာ…။
ဤစကားထွက်ပေါ်လာသည်နှင့် နတ်ဆိုးများစွာ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားကြပြီး ယုံကြည်နိုင်စွမ်းမရှိလောက်အောင်ပင် သူတို့၏စိတ်ထဲ၌ အလွန်အမင်း ထိတ်လန့်သွားကြလေသည်။
နတ်ဆိုးမျိုးနွယ်၏ အကြီးမားဆုံးလျှို့ဝှက်ချက်မှာ အင်မော်တယ်လက်နက်တစ်ခု ပိုင်ဆိုင်ထားခြင်းဖြစ်မည်ဟု ၎င်းတို့ ထင်မှတ်မထားခဲ့ကြပေ။ တကယ်ကို စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေချေသည်။
ဤကဲ့သို့သော အရေးပေါ်အခြေအနေမျိုးသို့ မရောက်ရှိပါက နတ်ဆိုးမျိုးနွယ်၏ အထက်ပိုင်းခေါင်းဆောင်များသည် ဤသတင်းကို ထုတ်ဖော်ပြောဆိုမည် မဟုတ်ချေ။
"အင်မော်တယ်လက်နက်လား… ဘယ်လို အင်မော်တယ်လက်နက်မျိုးလဲ…"
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်က မအောင့်နိုင်တော့ဘဲ မေးလိုက်လေသည်။
"ဒီအင်မော်တယ်လက်နက်က ဧကရာဇ်နတ်ဆိုးတူလို့ ခေါ်တယ်…"
"ရှေးယခင်က အဲ့ဒီရှေးဟောင်းနတ်ဆိုး ချန်ရစ်ထားခဲ့တဲ့ အင်မော်တယ်လက်နက်ပဲ…"
"စွမ်းအားတွေကတော့ အဆုံးအစမရှိဘူး…"
"တစ်ကြိမ်ထုတ်သုံးလိုက်တာနဲ့တင် လေဟာနယ်ကို ဖျက်ဆီးပစ်နိုင်တယ်…"
"နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကိုထား… လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတောင်မှ ခုခံနိုင်ချင်မှ ခုခံနိုင်မှာ…"
အမှောင်နတ်ဆိုးနဂါးက အသံကိုနှိမ့်၍ ပြောလိုက်ပြီးနောက် နတ်ဆိုးများစွာကို အကဲခတ်လိုက်၏။
ဤသည်မှာ အဆုံးအစမရှိသော စွမ်းအားများ ကိန်းအောင်းနေသည့် နတ်ဆိုးမျိုးနွယ်၏ အစစ်အမှန် လျှို့ဝှက်လက်နက်ဖြစ်ကြောင်း ထင်ရှားလှသည်။
"ပြဿနာက ဒီအင်မော်တယ်လက်နက်ကို ငါတို့ တကယ်ပဲ အသုံးပြုနိုင်လို့လား…"
"ကောင်းကင်အဆင့် ဝိညာဉ်ရတနာတောင်… နတ်ဘုရားအသွင်ပြောင်းအဆင့်ကို မရောက်ဘူးဆိုရင် အသုံးပြုဖို့ဆိုတာ အလွန်အမင်းခက်ခဲတာ…"
"အင်မော်တယ်လက်နက်ဆိုတာက အဆင့်ပိုမြင့်သေးတယ်လေ…"
"ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်လောက်နဲ့ဆိုရင် အင်မော်တယ်လက်နက်ကို အသက်သွင်းဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူးထင်တယ်…"
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်က မေးမြန်းလိုက်၏။
အင်မော်တယ်လက်နက်တစ်ခုကို အသက်သွင်းရန်မှာ ထိုမျှလောက် မလွယ်ကူကြောင်း ၎င်းက အမြဲတမ်း ခံစားနေရခြင်း ဖြစ်၏။ အကယ်၍ တကယ်သာ ထိုမျှလွယ်ကူနေပါက ယခင်ကတည်းက အကြိမ်ပေါင်း မည်မျှလောက် အသုံးပြုပြီးနေပြီမှန်း သိနိုင်မည်မဟုတ်ချေ။ ယခုမှ ထုတ်ယူလာမည်မဟုတ်ပေ။
"မှန်တယ်… ပုံမှန်အားဖြင့်ပြောရရင် ငါတို့က အင်မော်တယ်လက်နက်ကို လှုံ့ဆော်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်တဲ့ကိစ္စပဲ…"
"ဒါပေမဲ့ ငါတို့ မွေးဖွားလာရတာက အဲ့ဒီရှေးဟောင်းနတ်ဆိုး ချန်ရစ်ထားခဲ့တဲ့ စွမ်းအားတွေကနေ မြစ်ဖျားခံလာတာလေ…"
"ဒါကြောင့် တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ငါတို့အားလုံးက အဲ့ဒီရှေးဟောင်းနတ်ဆိုးရဲ့ မျိုးဆက်တွေချည်းပဲ…"
"ဒီလိုအကြောင်းပြချက်တွေကြောင့်ပဲ ငါတို့က ဒီအင်မော်တယ်လက်နက်ရဲ့ စွမ်းအားအနည်းငယ်ကို မနည်းလှုံ့ဆော်နိုင်တာပေါ့…"
"ဒါပေမဲ့ ဒီလောက်နဲ့တင် အင်မော်တယ်လက်နက်ရဲ့ စွမ်းအားကို လှုံ့ဆော်ဖို့ဆိုတာက မလွယ်ကူသေးဘူး…"
"အသားကုန်ကို ကြီးမားလှတဲ့ စွမ်းအင်တွေကို လိုအပ်တယ်…"
"ရိုးရိုးရှင်းရှင်းပြောရရင် ဒီအင်မော်တယ်လက်နက်ကို စွမ်းအင်ထောက်ပံ့ပေးဖို့အတွက် ငါတို့ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးအကောင်ရေ ထောင်ချီပြီး တစ်ပြိုင်နက်တည်း လှုပ်ရှားဖို့ လိုအပ်တယ်…"
အမှောင်နတ်ဆိုးနဂါးက နတ်ဆိုးများစွာကို ကြည့်လိုက်၏။
ဘာ…။
ဤစကားကို ကြားသောအခါ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားကြလေသည်။ ၎င်းတို့သည်လည်း အရူးများမဟုတ်ကြရာ အမှောင်နတ်ဆိုးနဂါး၏ စကားထဲမှ အဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်သွားကြရသည်။ နောက်ဆုံးတွင်မူ “မျက်နှာဖုံးကွာမှ မူလမျက်နှာမြင်” ဆိုသကဲ့သို့ အကြံအစည်များ ပေါ်လွင်လာခဲ့ချေပြီ။
ဤအင်မော်တယ်လက်နက်အား လှုံ့ဆော်ခြင်းသည် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်၊ နှစ်ကောင်မျှဖြင့် လုပ်ဆောင်နိုင်သော ကိစ္စမဟုတ်ကြောင်း ထင်ရှားလှပေသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးထောင်ချီ၍ တူညီသော စိတ်ဆန္ဒဖြင့် ပူးပေါင်းကာ ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်မှသာလျှင် လှုံ့ဆော်နိုင်မည် ဖြစ်သည်။
ဤသို့သာ မဟုတ်ပါက ဤနတ်ဆိုးမျိုးနွယ်၏ အထက်ပိုင်းခေါင်းဆောင်များက ဤသတင်းကို ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။
"စွမ်းအင်ထောက်ပံ့ပေးရုံသက်သက်ပဲလား…"
"ပေးဆပ်ရမယ့် တန်ဖိုးက ဒီလောက်လေးနဲ့တင် မဟုတ်ဘူးထင်တယ်…"
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်က အမှောင်နတ်ဆိုးနဂါး၏ စကားကို များစွာ သံသယဝင်နေလေသည်။ အင်မော်တယ်လက်နက်ကို လှုံ့ဆော်ရန် ပေးဆပ်ရမည့်တန်ဖိုးမှာ ထင်ထားသလောက် မရိုးရှင်းနိုင်ဟု ၎င်းက ခံစားနေရ၏။
"စိတ်ချပါ… အကြီးမားဆုံး ပေးဆပ်ရမယ့်တန်ဖိုးက သက်တမ်းတစ်ခုကို ပေးဆပ်ရတာပဲဖြစ်ဖြစ်၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာပဲဖြစ်ဖြစ်ပေါ့… ဒီလောက်ပါပဲ…"
"ငါတို့ နတ်ဆိုးမျိုးနွယ်ရဲ့ ပြန်လည်ကောင်းမွန်နိုင်စွမ်းအရဆိုရင် အချိန်နည်းနည်း ကြာချင်ကြာသွားမယ်… ဒါပေမဲ့ သေချာပေါက် ပြန်လည်နာလန်ထူလာနိုင်မှာပါ…"
"ဖြစ်နိုင်မယ်ဆိုရင်တော့ ငါလည်း ဒီအင်မော်တယ်လက်နက်ကို အသုံးမပြုချင်ပါဘူး…"
"ဒါက ငါတို့ နတ်ဆိုးမျိုးနွယ်ရဲ့ နောက်ဆုံးလက်နက်ဖြစ်နေလို့လေ… မအောင်မြင်ရင်တော့ သေဖို့ပဲ ရှိတော့တယ်…"
"ပြဿနာက အခုချိန်ဟာ နတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်ကို အနိုင်ယူဖို့ နောက်ဆုံးအခွင့်အရေး ဖြစ်နေတာပဲ…"
"ဒီတစ်ကြိမ် ဖြေရှင်းလို့ မရခဲ့ဘူးဆိုရင် ငါတို့ နတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်ရဲ့ ဖျက်ဆီးမှုအောက်မှာ သေချာပေါက် ပျက်စီးသွားရလိမ့်မယ်…"
အမှောင်နတ်ဆိုးနဂါး၏ လေသံမှာ အလွန်လေးနက်နေလေသည်။
၎င်းက အခြားအဖော်များကို နှစ်သိမ့်ပေးနေသော်လည်း တစ်ချိန်တည်းမှာပင် ခြိမ်းခြောက်နေခြင်းလည်း ဖြစ်၏။
"ဒါက နည်းနည်း ချဲ့ကားပြောလွန်းနေတာ မဟုတ်ဘူးလား…"
"ဘယ်လိုကြည့်ကြည့် လက်ရှိ ငါတို့နတ်ဆိုးမျိုးနွယ်က အသာစီးရနေတာပဲ… လူသားတွေက ဘယ်လိုလုပ် ငါတို့ကို ဖျက်ဆီးပစ်နိုင်မှာလဲ…"
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများက အမှောင်နတ်ဆိုးနဂါးမှာ ၎င်းတို့ကို ခြိမ်းခြောက်နေသည်ဟု များစွာ သံသယဝင်နေကြလေသည်။
အဘယ်ကြောင့်ဆိုသော် မည်သို့ပင်ကြည့်စေကာမူ နတ်ဆိုးမျိုးနွယ်မှာ လူသားများအား ရှုံးနိမ့်သွားရန် အကြောင်းမရှိသောကြောင့်ပင်။
ဤမျှသာဖြစ်ပါက ၎င်းတို့အား ထိုကဲ့သို့သော တန်ဖိုးများကို ပေးဆပ်ခိုင်းရန် ၎င်းတို့ကိုယ်တိုင်လည်း ဆန္ဒရှိမည် မဟုတ်ပေ။
"မှန်တယ်… ပုံမှန်အားဖြင့်ပြောရရင် လူသားမျိုးနွယ်က ငါတို့ နတ်ဆိုးမျိုးနွယ်ကို အနိုင်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး…"
"အဆင့်မြင့်အားကောင်းသူ အရေအတွက်ပဲဖြစ်ဖြစ်၊ မျိုးနွယ်စု သက်ရှိအရေအတွက်ပဲဖြစ်ဖြစ်"
"ငါတို့က ဖိနှိပ်နိုင်လောက်တဲ့ အသာစီးမှာ ရှိနေတာ…"
"ပြဿနာက မင်းတို့ မေ့မထားသင့်တာဟာ လူသားမျိုးနွယ်မှာ အင်မော်တယ်ကမ္ဘာကနေ လာတဲ့ အပင်တစ်ပင် ရှိနေသေးတယ်… အဲ့ဒါက ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ပဲ…"
"ဒါကမှ လူသားမျိုးနွယ်ရဲ့ တကယ့် လျှို့ဝှက်လက်နက်ပဲ…"
"လက်ရှိ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်က ပြန်လည်နာလန်ထူနေတဲ့ ကာလမှာပဲ ရှိနေသေးတာမို့ သူ့ဆီက စွမ်းအားတွေက သိပ်ပြီး ပြန်မပြည့်သေးဘူး…"
"ဒါပေမဲ့ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ သူ့ရဲ့ စွမ်းအားတွေက သေချာပေါက် ပိုပိုပြီး အားကောင်းလာလိမ့်မယ်…"
"အဲ့ဒီ အင်မော်တယ်ကမ္ဘာက အပင်က လူသားမျိုးနွယ်ရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာ ငါတို့နတ်ဆိုးမျိုးနွယ်အတွက်တော့ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး…"
"မင်းတို့လည်း ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ရဲ့ စွမ်းအားကို ခံစားမိမှာပါ…"
"ဒါက တစ်လောကလုံးကို ဖိနှိပ်ထားနိုင်ပြီး ဘယ်သူမှ ယှဉ်ပြိုင်နိုင်ခြင်းမရှိတဲ့ ကြီးမြတ်လှတဲ့ သက်ရှိသတ္တဝါတစ်ပါးပဲ…"
"အကယ်လို့ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်သာ အမှန်တကယ် တိုက်ခိုက်လာမယ်ဆိုရင် ငါတို့ နတ်ဆိုးမျိုးနွယ်စုတစ်ရပ်လုံး မျက်စိတစ်မှိတ်အတွင်း မျိုးတုံးပျောက်ကွယ်သွားလိမ့်မယ်…"
"ဒါ့အပြင် အချိန်ကြာလာတာနဲ့အမျှ ငါတို့ နတ်ဆိုးမျိုးနွယ်စုတွေအတွက် ပိုပြီး အန္တရာယ်ကြီးလာလိမ့်မယ်…"
အမှောင်နတ်ဆိုးနဂါးက ခပ်သဲ့သဲ့အသံဖြင့် ပြောလိုက်လေသည်။
ထိုအချက်ကို သတိထားမိသောကြောင့်သာလျှင် ရန်သူ အင်အားနည်းပါးနေချိန်ကို အခွင့်ကောင်းယူကာ နတ်ဆိုးမျိုးနွယ်စု၏ အင်မော်တယ်လက်နက် ဧကရာဇ်နတ်ဆိုးတူကို ထုတ်ယူ၍ အမြစ်ပြတ်ချေမှုန်းရန် ကြံရွယ်နေခြင်း ဖြစ်ပေသည်။
"အင်မော်တယ်ကမ္ဘာက အပင်ဖြစ်တဲ့ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်လား…"
"နတ်ဆိုးနဂါးသခင် ပြောသလိုပဲ အကြီးမားဆုံး ခြိမ်းခြောက်မှုကြီးက အဲ့ဒီ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ပဲ…"
"အဲ့ဒီ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို ထိန်းချုပ်ထားသူကတော့ ရွှမ်ဟွမ်ဘိုးဘေးပဲ…"
"ဘယ်လိုပဲဖြစ်ဖြစ် ရွှမ်ဟွမ်ဘိုးဘေးကို ရှင်းလင်းပစ်ရမှာပဲ… အဲ့ဒီကောင်ကို သတ်ပစ်နိုင်မယ်ဆိုရင် နတ်ဆိုးမျိုးနွယ်စုရဲ့ ခြိမ်းခြောက်မှုတွေကလည်း အလိုအလျောက် ပြေလည်သွားလိမ့်မယ်…"
"ဒါဆိုရင် ငါတို့ နတ်ဆိုးမျိုးနွယ်စုရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံနိုင်ဖို့အတွက် ငါတို့ဘက်က အရင်ဆုံး လက်ဦးမှုရယူမှသာ ဖြစ်မယ်…"
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးအမြောက်အမြားမှာ အလိုအလျောက် ခေါင်းညိတ်လိုက်ကြ၏။
၎င်းတို့သည်လည်း အမှောင်နတ်ဆိုးနဂါး၏ စကားကို သဘောတူလက်ခံကြပြီး ဤကိစ္စကို မဖြစ်မနေ လုပ်ဆောင်ရမည်ဟု ခံစားနေကြရလေသည်။
ရွှမ်ဟွမ်ဘိုးဘေးကို မသတ်ဖြတ်နိုင်ပါက အစားပျက်၊ အအိပ်ပျက်ဖြစ်ရမည့် ကိန်းပင်။
ယခုတစ်ကြိမ် ဟယ်ဟွမ်းဂိုဏ်း၏ကိစ္စက ထိုအချက်ကို ပို၍သက်သေပြနေသည်။
"ဒါဆိုရင် ငါတို့ ဘယ်အချိန် စတင်လှုပ်ရှားကြမလဲ…"
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်က ဖွင့်ဟမေးမြန်းလိုက်၏။
"မလောကြနဲ့ဦး… အဲ့ဒီအင်မော်တယ်လက်နက်ရဲ့ ချိတ်ပိတ်မှုကို ဖြေဖွင့်ဖို့ နှစ်အနည်းငယ်လောက် အချိန်ယူရဦးမယ်…"
"လောလောဆယ် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းကြရဦးမယ်…"
"ပြီးမှ ငါတို့ တပ်မကြီးကို စုစည်းပြီး ရွှမ်ဟွမ်ဂိုဏ်းဆီ ချီတက်လို့… ရွှမ်ဟွမ်ဘိုးဘေးကို အမြစ်ပြတ် ချေမှုန်းကြမယ်…"
"ရွှမ်ဟွမ်ဘိုးဘေး သေဆုံးသွားတာနဲ့တစ်ပြိုင်နက် ဒီကမ္ဘာလောကက ငါတို့ နတ်ဆိုးမျိုးနွယ်စုရဲ့ လက်အောက်ကို ကျရောက်လာမှာ သေချာတယ်…"
အမှောင်နတ်ဆိုးနဂါးက သတ်ဖြတ်လိုငွေ့များ တဟုန်းဟုန်းတောက်လောင်လျက် ပြောလိုက်လေသည်။
ရွှမ်ဟွမ်ဘိုးဘေးမှာ အင်မော်တယ်လက်နက် ဧကရာဇ်နတ်ဆိုးတူအောက်တွင် အသေဆိုးဖြင့် သေပွဲဝင်ရမည့် မြင်ကွင်းကို ကြိုတင်မြင်ယောင်နေသည့်အလားပင်။
"ကောင်းပါပြီ…"
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာတို့က ခေါင်းညိတ်လိုက်ကြပြီး အလွန်အမင်း မျှော်လင့်တကြီး ဖြစ်နေကြတော့သည်။
၎င်းတို့သည် ပထမဆုံးရရှိသည့် အခွင့်အရေးမှာပင် ရွှမ်ဟွမ်ဘိုးဘေးကို သတ်ဖြတ်ကာ တစ်လောကလုံးကို စိုးမိုးပြီး ဤကမ္ဘာလောကကြီးကို နတ်ဆိုးကမ္ဘာအဖြစ်သို့ ပြောင်းလဲပစ်ချင်နေကြချေပြီ။
……
အခန်း (၆၇၈) - ရွှေအိမ်တော်တွင် အလှကညာကို ဝှက်ထားခြင်း၊ တစ်သားတည်း ပေါင်းစည်းခြင်းနှင့် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်သို့ တက်လှမ်းခြင်း(၅)။
နတ်ဆိုးမျိုးနွယ်စုဘက်တွင် မည်သို့ဖြစ်ပျက်နေသည်ဖြစ်စေ…။
နောက်တစ်နေ့ နံနက်ခင်း၌…။
ဟယ်ဟွမ်းဂိုဏ်း၊ ဟယ်ဟွမ်းတောင်ထွတ်၏ ဂူဗိမ္မာန်အတွင်း…။
“သင်သည် တာအိုလက်တွဲဖော်ထံမှ သန့်စင်ယင်စွမ်းအားကို ရရှိခဲ့သဖြင့် ကျင့်ကြံခြင်းစွမ်းအင်များ ကြီးမားစွာ တိုးတက်လာခဲ့သည်…”
“ချစ်ခြင်းမေတ္တာကူမှာ အတိုင်းမသိ ဝမ်းသာပျော်ရွှင်နေပြီး ချစ်ခြင်းမေတ္တာအမြောက်အများကို ရရှိခဲ့သဖြင့် သင်၏ စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီ တိုးတက်လာခဲ့သည်…”
“သင်၏ စိတ်ဝိညာဉ်အမြစ်မှာ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်အဖြစ်သို့ အဆင့်တက်သွားခဲ့ချေပြီ…”
“သင်သည် နတ်ဘုရားအသွင်ပြောင်းအဆင့်၏ ကျင့်ကြံခြင်းအတွေ့အကြုံ အတိုင်းအတာတစ်ခုကို ရရှိခဲ့သည်…”
“သင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာလည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သည်…”
ရုတ်တရက် ကျိုးစွေ့က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ သူ၏ သိစိတ်ပင်လယ်နက်ရှိုင်းရာဆီမှ သတင်းအချက်အလက်များ အစီအရီထွက်ပေါ်လာသည်ကို ခံစားလိုက်ရလေသည်။
တာအိုလက်တွဲဖော် ချိုးရူယွီနှင့် ပေါင်းဖက်ပြီးနောက် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အဆမတန် တိုးတက်လာခဲ့သည်မှာ ထင်ရှားပေသည်။ ကြီးမားလှသော နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်စွမ်းအင်များက သူ၏ခန္ဓာကိုယ်အတွင်း၌ အဆက်မပြတ် ရိုက်ခတ်နေပြီး သွေးကြောတိုင်းအတွင်း စီးဆင်းလှည့်ပတ်နေလေသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ ကြီးမားစွာ တိုးတက်လာသည်ကို ချက်ချင်းပင် အာရုံခံသိရှိလိုက်ရ၏။
ချိုးရူယွီထံမှ ကြီးမားသော သန့်စင်ယင်စွမ်းအားများကို ရရှိလိုက်ပြီးနောက် နှစ်တစ်ရာ၊ နှစ်ရာခန့် ပင်ပန်းဆင်းရဲစွာ ကျင့်ကြံရမည့်အချိန်ကို သက်သာသွားစေခဲ့သည်။
ဤသည်ကပင် သူ၏ကျင့်ကြံခြင်းအဆင့်ကို နတ်ဘုရားအသွင်ပြောင်းအဆင့် အစောပိုင်း ပြီးပြည့်စုံခြင်းအထိသို့ တက်လှမ်းသွားစေခဲ့သည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
'နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်ကို အဆင့်တက်ဖို့ နည်းလမ်းမရှိသေးဘူးပဲ…'
'ကြည့်ရတာ နတ်ဘုရားအသွင်ပြောင်းအဆင့်မှာ ကျင့်ကြံရတာ တကယ်ကို အတိုင်းမသိ ခက်ခဲလှတာပဲ…'
ကျိုးစွေ့က မျက်တောင်တစ်ချက် ခတ်လိုက်၏။
အမှန်အတိုင်းဆိုရလျှင် ချိုးရူယွီထံမှ ကြီးမားသော သန့်စင်ယင်စွမ်းအားများကို ရရှိပြီးပါက သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်သို့ အပြည့်အဝ တက်လှမ်းနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်ငြား သူသည် နတ်ဘုရားအသွင်ပြောင်းအဆင့်၏ ကျင့်ကြံခြင်းခက်ခဲမှုကို လျှော့တွက်ထားမိခဲ့လေသည်။
ဤမျှ ကြီးမားသော စွမ်းအင်ကြီးကပင် သူ၏ကျင့်ကြံခြင်းအဆင့်ကို နတ်ဘုရားအသွင်ပြောင်းအဆင့်အစောပိုင်း ပြီးပြည့်စုံခြင်းအထိသာ တိုးတက်စေနိုင်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဤမျှလောက် အကျိုးကျေးဇူးရရှိခြင်းကပင် အလွန်ကြီးမားလှပြီး ပင်ပန်းဆင်းရဲစွာ ကျင့်ကြံရမည့် အချိန်အများအပြားကို သက်သာစေခဲ့လေသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ မည်သူ့ထံတွင်မဆို ဤသို့ဖြစ်ခဲ့ပါက ပြုံးဖြီးသွားမည်မှာ အသေအချာပင်။
ထို့အပြင် သူသည် နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်နှင့် ခြေတစ်လှမ်းစာမျှသာ ကွာဝေးတော့၏။
အချိန်အတိုင်းအတာတစ်ခုအထိ ပင်ပန်းဆင်းရဲစွာ ကျင့်ကြံလိုက်သည်နှင့် ဤအတားအဆီးကို ဖြတ်ကျော်နိုင်မည်မှာ အသေအချာပင်။
၎င်းမှာ အနှေးနှင့်အမြန်သာ ကွာပေလိမ့်မည်။
သို့သော် ဤတစ်ကြိမ်ကျင့်ကြံခြင်းမှ အကြီးမားဆုံးသော အကျိုးကျေးဇူးမှာ သဘာဝကျစွာ စိတ်ဝိညာဉ်အမြစ် တိုးတက်လာခြင်းပင် ဖြစ်ပေသည်။
မူလက သူ၏ စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီမှာ ပထမအဆင့် စိတ်ဝိညာဉ်အမြစ် ပြီးပြည့်စုံခြင်းအဆင့်၌ အချိန်ကြာမြင့်စွာ ပိတ်မိနေခဲ့ပြီး ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်သို့ တက်လှမ်းရန် ကြန့်ကြာနေခဲ့ရသည်။
ဤသည်မှာ ကြီးမားလှသော အတားအဆီးတစ်ခုပင်။
သို့သော် ယခုမူကား ချိုးရူယွီ၏ အကူအညီကို ရရှိပြီးနောက် လိုအပ်နေသည့် နောက်ဆုံးတွန်းအားတစ်ချက်ကို ပံ့ပိုးပေးလိုက်သကဲ့သို့ ဖြစ်သွားကာ အတားအဆီးကို အလွယ်တကူ ဖြတ်ကျော်နိုင်စေခဲ့ပြီး ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်သို့ နောက်ဆုံးတွင် အဆင့်တက်သွားခဲ့ချေပြီ။
'ဒါက ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်လား...’
ကျိုးစွေ့မှာ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့မခန်း ဖြစ်သွားရ၏။ ဤကမ္ဘာလောကကြီးအပေါ် သူ၏ အာရုံခံနိုင်စွမ်းမှာ ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်သွားကြောင်းကို တွေ့ရှိလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်နှင့်ဝိညာဉ် နှစ်ခုစလုံးမှာ သဘာဝတရားကြီးအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားသည့်အလားပင်။
ကောင်းကင်နှင့် မြေကြီးကြားရှိ မရေမတွက်နိုင်သော စိတ်ဝိညာဉ်ချီဓာတ်များမှာ ရွှင်လန်းတက်ကြွစွာ အားပေးနေကြသကဲ့သို့ ဖြစ်နေသည်။
သူ၏ကျင့်စဉ်ကို လည်ပတ်ရန်ပင် မလိုအပ်ဘဲ ထိုစိတ်ဝိညာဉ်ချီဓာတ်များက မီးတောက်ထံ ပြေးဝင်သွားသည့် ပိုးဖလံများအလား သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားကြလေသည်။
သူ ငြိမ်သက်စွာ နေနေလျှင်ပင် ကျင့်ကြံခြင်းအဆင့်မှာ အလိုအလျောက် တိုးတက်လာမည့်အလား ဖြစ်နေချေသည်။
'အရမ်းကို အံ့မခန်းပါလား… ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ပိုင်ဆိုင်တဲ့ ကျင့်ကြံသူတွေက ဒီလိုမျိုး ကျင့်ကြံကြတာလား...’
ကျိုးစွေ့မှာ ဆွံ့အသွားရ၏။
အတိတ်က သူသည် နဝမအဆင့် စိတ်ဝိညာဉ်အမြစ်သာ ရှိစဉ်က ကျင့်စဉ်များကို အသက်ထွက်လုမတတ် လည်ပတ်ခဲ့သော်လည်း စိတ်ဝိညာဉ်ချီဓာတ်အနည်းငယ်မျှသာ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီး ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့သည်ကို အမှတ်ရနေဆဲ ဖြစ်သည်။
များပြားလှသော စိတ်ဝိညာဉ်ချီဓာတ်များ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီးနောက် ချက်ချင်းပင် ပြယ်လွင့်သွားကာ ဝိညာဉ်စွမ်းအင်အဖြစ် အသွင်ပြောင်းလဲနိုင်ခြင်း မရှိခဲ့သည်များပင် ရှိခဲ့သေး၏။
ထို့ကြောင့် ယခင်က ကျင့်ကြံစဉ်အချိန်များတွင် အတိုင်းမသိ ခက်ခဲခဲ့ရလေသည်။
နာရီပေါင်းများစွာ တရားထိုင်ခဲ့လျှင်ပင် သူ၏ကိုယ်ပေါ်ရှိ ဝိညာဉ်စွမ်းအင်များမှာ အပ်ဖျားတစ်ထောက်စာမျှပင် တိုးမလာခဲ့ပေ။
သို့သော် ယခုမူကား တရားမထိုင်၊ ပင်ပန်းဆင်းရဲစွာ မကျင့်ကြံဘဲနေလျှင်ပင် များပြားလှသော သဘာဝစိတ်ဝိညာဉ်ချီဓာတ်များက ခန္ဓာကိုယ်အတွင်းသို့ အလိုအလျောက် စီးဝင်လာပြီး ဝိညာဉ်စွမ်းအင်များကို တိုးပွားနေစေသည်။
ထိုအခြေအနေနှစ်ခုကြားရှိ ကွာဟချက်မှာ အလွန်တရာ ကြီးမားလွန်းလှပေသည်။
အကယ်၍ အစကတည်းကသာ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီကို ပိုင်ဆိုင်ထားခဲ့ပါက ကျင့်ကြံခြင်းအရှိန်မှာ ယခုထက်ပင် ပိုမိုမြန်ဆန်နေမည်မှာ အသေအချာပင်။
'ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်တဲ့ ကျင့်ကြံသူတွေကို ဂိုဏ်းတိုင်းက အသေအလဲလိုချင်ကြတာ အံ့ဩစရာမဟုတ်တော့ဘူးပဲ...’
'နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းတွေတောင်မှ ဒီလိုပဲ ဖြစ်ကြမှာပဲ...’
'ဒါက လုံးဝကို အင်မော်တယ်ဖြစ်လာမယ့် မျိုးစေ့ပဲ...’
ကျိုးစွေ့မှာ များစွာ ခံစားချက်ပြင်းပြသွားရလေသည်။
ကျင့်စဉ်ကို အနည်းငယ်မျှ လည်ပတ်လိုက်သည်နှင့် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်၏ ထူးခြားချက်များကို ချက်ချင်းပင် ထိုးထွင်းသိမြင်သွားရသည်။
ပထမအချက်အနေဖြင့် စိတ်ဝိညာဉ်ချီဓာတ်ကို စုပ်ယူနိုင်စွမ်းမှာ ပထမအဆင့် စိတ်ဝိညာဉ်အမြစ်နှင့် နှိုင်းယှဉ်ပါက အဆပေါင်းများစွာ တိုးတက်လာခဲ့၏။
ကျင့်စဉ်ကို လည်ပတ်လိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီးကြားရှိ များပြားလှသော စိတ်ဝိညာဉ်ချီဓာတ်များမှာ ဒလဟောစီးဆင်းလာပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း စိမ့်ဝင်သွားကာ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားကြောင်းကို တွေ့ရှိလိုက်ရသည်။
စိတ်ဝိညာဉ်ချီဓာတ်အား စုပ်ယူနိုင်စွမ်းမှာ ဤမျှ လျင်မြန်လှသောကြောင့်လည်း ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူများ၏ တိုးတက်မှုနှုန်းမှာ အံ့မခန်းမြန်ဆန်နေခြင်း ဖြစ်ပေမည်။
မည်သည့် ဆေးလုံးမျှ စားသုံးရန်ပင် မလိုအပ်ချေ။
နေ့စဉ် တရားထိုင်ကာ ကျင့်ကြံရုံမျှဖြင့် ထိုထိပ်တန်းအဆင့် စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်သော ကျင့်ကြံသူများထက် ကျင့်ကြံခြင်းအရှိန်မှာ အဆပေါင်းများစွာ ပိုမိုမြန်ဆန်နေသည်။
ထို့အပြင် ကျင့်ကြံခြင်းအရှိန်မှာ ဤမျှ မြန်ဆန်ပြီး ခန္ဓာကိုယ်အတွင်း၌လည်း ဆေးအဆိပ်များ မရှိပေ။
ဤသို့ဖြင့် အခြေတည်အဆင့်သို့ အဆင့်တက်ချိန်၌ သဘာဝကျစွာ အခြေတည်ဆေးလုံး လိုအပ်မည်မဟုတ်ချေ။
ဒုတိယအချက်အနေဖြင့် ဝိညာဉ်အာရုံစွမ်းအားမှာလည်း ယခင်နှင့် နှိုင်းယှဉ်ပါက ကြီးမားစွာ တိုးတက်လာခဲ့သည်။
ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီက ကျင့်ကြံသူ၏ ဝိညာဉ်ကိုလည်း သန်မာလာစေပြီး ဝိညာဉ်အာရုံစွမ်းအားကို နောက်တစ်ဆင့်အထိ တိုးတက်လာစေနိုင်သည်မှာ ထင်ရှားပေသည်။
ထို့ကြောင့် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်သော ကျင့်ကြံသူများ သဘာဝစိတ်ဝိညာဉ်ချီကို ဆင့်ခေါ်အသုံးပြုချိန်၌ ရေစီးရေလာကောင်းမွန်သကဲ့သို့ အလွန်တရာ ကျွမ်းကျင်ပိုင်နိုင်နေခြင်း ဖြစ်သည်။
နောက်ဆုံးအချက်မှာမူ ဉာဏ်အလင်းပွင့်နိုင်စွမ်းမှာလည်း အံ့မခန်း တိုးတက်လာခြင်းပင် ဖြစ်ချေသည်။
ကျိုးစွေ့သည် သူ၏ ဉာဏ်အလင်းပွင့်နိုင်စွမ်းမှာလည်း ယခင်နှင့်ယှဉ်ပါက အဆပေါင်းများစွာ တိုးတက်လာကြောင်း တွေ့ရှိလိုက်ရ၏။
ကျင့်စဉ်ပေါင်းများစွာနှင့် မှော်စွမ်းရည်များကို နားလည်သဘောပေါက်ရန်မှာ ရိုးရှင်းလွယ်ကူလာခဲ့ချေပြီ။
ယခင်က စဉ်းစား၍မရခဲ့သော ပဟေဠိများမှာ ယခုအခါ ဖရဲသီးကို ခွဲလိုက်သကဲ့သို့ အလိုအလျောက် ပြေလည်သွားပြီး ရုတ်တရက် ဉာဏ်အလင်းများ ပွင့်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အညံ့ဆုံးအဆင့်မှနေ၍ ပါရမီရှင်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
အဘယ်ကြောင့် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ဟု ခေါ်ဆိုရသနည်းဆိုလျှင် ယင်းကဲ့သို့သော စိတ်ဝိညာဉ်အမြစ်သည် ကောင်းကင်တာအိုနှင့် သဟဇာတဖြစ်ပြီး ကောင်းကင်တာအို၏ မျက်နှာသာပေးမှုကို ရရှိထားသောကြောင့်ပင် ဖြစ်သည်။ အချိန်တိုင်း လူနှင့် ကောင်းကင် တစ်သားတည်းဖြစ်တည်ခြင်း အခြေအနေ၌ ရှိနေသကဲ့သို့ပင် ဖြစ်ပေသည်။
ထို့ကြောင့် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ပိုင်ဆိုင်သော ကျင့်ကြံသူတိုင်းမှာ ဉာဏ်အလင်းပွင့်နိုင်စွမ်း အလွန်တရာ ထူးကဲကြလေသည်။
ကျင့်စဉ်များကို နားလည်သဘောပေါက်ရာတွင် သာမန်ကျင့်ကြံသူများထက် အများကြီး ပိုမိုမြန်ဆန်ကြ၏။
ဤသည်မှာ အဆင့်နိမ့်ကျင့်ကြံသူများ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အရာမျိုး လုံးဝ မဟုတ်ချေ။
'ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ပိုင်ဆိုင်တဲ့ ကျင့်ကြံသူတွေက တကယ်ကို အင်မော်တယ်ဖြစ်လာမယ့် မျိုးစေ့တွေချည်းပဲ...’
'စိတ်ဝိညာဉ်ချီဓာတ်နဲ့ ရင်းနှီးကျွမ်းဝင်မှုက မြင့်မားတယ်၊ ဝိညာဉ်အာရုံက သန်မာတယ်၊ ဉာဏ်အလင်းပွင့်နိုင်စွမ်းကလည်း ထူးကဲလွန်းတယ်...’
'ဒါက တကယ့်ကို ထိပ်တန်းပါရမီရှင်ပဲ...’
'ဒီလို ပင်ကိုပါရမီမျိုး ပိုင်ဆိုင်ထားတဲ့သူက ဘယ်နေရာမှာပဲဖြစ်ဖြစ် ထိပ်တန်းပါရမီရှင်တွေပဲ...’
'ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်အပြင် ထူးခြားတဲ့ခန္ဓာကိုယ်မျိုးသာ ပေါင်းထည့်လိုက်လို့ကတော့ လုံးဝကို ပြိုင်ဘက်ကင်းပြီပဲ...’
ကျိုးစွေ့မှာ အတိုင်းမသိ ခံစားချက်ပြင်းပြနေလေသည်။
အမှန်အတိုင်းဆိုရလျှင် စိတ်ဝိညာဉ်လောကတွင်ပင် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်သည် လူသားမျိုးနွယ် ကျင့်ကြံသူများအတွက် အထွတ်အထိပ် ပင်ကိုပါရမီတစ်ခု ဖြစ်နေဆဲပင် ဖြစ်ပြီး ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသူမှာ လက်ချိုးရေတွက်၍ရနိုင်လောက်အောင် နည်းပါးလှသည်။
လက်ချိုးရေတွက်၍ရသည်ဟု မဆိုနိုင်လျှင်ပင် အနည်းစုထဲမှ အနည်းစုပင် ဖြစ်ပေသည်။
စိတ်ဝိညာဉ်လောကတွင် စိတ်ဝိညာဉ်ချီဓာတ်များ သိပ်သည်းပြီး အရင်းအမြစ်များ ပေါကြွယ်ဝသောကြောင့် အောက်ခြေအဆင့် စိတ်ဝိညာဉ်အမြစ်ပိုင်ဆိုင်သော ကျင့်ကြံသူများပင် အခြေတည်နိုင်ပြီး ရွှေအမြုတေကိုပင် စုစည်းနိုင်ကြသောကြောင့်သာလျှင် ခွန်အားကြီးမားသော ကျင့်ကြံသူများ ဤမျှ များပြားနေရခြင်း ဖြစ်သည်။
မူလ ကျင့်ကြံခြင်းကမ္ဘာတွင်မူ အနည်းဆုံး ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီရှိမှသာ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်ပြီး စိတ်ဝိညာဉ်လောကသို့ ကောင်းကင်တက်လှမ်းနိုင်မည့် အခွင့်အရေး ရှိပေလိမ့်မည်။
ထို့ကြောင့် စိတ်ဝိညာဉ်လောကသို့ ကောင်းကင်တက်လှမ်းနိုင်သော လူသားမျိုးနွယ်ကျင့်ကြံသူတိုင်းမှာ စိတ်ဝိညာဉ်လောက၌ သေချာပေါက် ပါရမီရှင်များပင် ဖြစ်ကြသည်။
လူသားမျိုးနွယ်ရှိ အင်အားစုအသီးသီး၏ အလုအယက်ခေါ်ယူခြင်းကို ခံရမည်မှာ အသေအချာပင်။
ယခုမူကား သူသည်လည်း နောက်ဆုံးတွင် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ပိုင်ဆိုင်သော ကျင့်ကြံသူ ဖြစ်လာခဲ့ပြီဖြစ်ရာ ကျင့်ကြံခြင်းကမ္ဘာ၌ အထွတ်အထိပ် ပင်ကိုပါရမီဟု ဆိုနိုင်ပေပြီ။
အခြေခံအားဖြင့် သူနှင့်ယှဉ်ပြိုင်နိုင်သူ မရှိသလောက်ပင် ဖြစ်သည်။
'ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီအပြင် တာအိုလက်တွဲဖော်ရဲ့ အကူအညီပါ ထပ်ပေါင်းလိုက်ရင်...’
'ငါ့ရဲ့ ကျင့်ကြံခြင်းအရှိန်က အနည်းဆုံး အဆပေါင်းများစွာ တိုးတက်လာနိုင်တယ်...’
'အချိန်သိပ်မကြာခင်မှာပဲ ငါ နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်ကို ချိုးဖြတ်နိုင်တော့မယ် ထင်တယ်...’
ကျိုးစွေ့က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ပြီး စိတ်ထဲတွင် အလွန်တရာ ကြည်နူးသွားလေသည်။
မည်သို့ပင်ဖြစ်စေ ယခု သူ၏စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီမှာ ထိပ်တန်းအဆင့်ဟု ဆိုနိုင်ပြီဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအရှိန်ကို နှောင့်နှေးစေမည့် အားနည်းချက်တစ်ခု မဟုတ်တော့ချေ။
ဤသည်မှာ ကျားကို တောင်ပံတပ်ပေးလိုက်သကဲ့သို့ ပို၍ပင် အစွမ်းထက်လာခြင်းပင် မဟုတ်ပါလော။