← Chapters

အခန်း (၆၇၉-၆၈၀)

Vol. 63 Ch. 679-680

အခန်း (၆၇၉-၆၈၀)

Vol. 63 Ch. 679-680

အခန်း (၆၇၉) - ဆရာတပည့်နှစ်ဦးလုံးကိုရရှိခြင်း၊ ရွှမ်ဟွမ်ကမ္ဘာ၏ အချစ်တတ်ဆုံးသူ၊ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို သန့်စင်ခြင်း(၁)။

"အင်း..."

ထိုအချိန်တွင် ချိုးရူယွီမှာလည်း ဖြည်းညင်းစွာ နိုးထလာ၏။

သူမသည် ဘေးနားရှိ အမျိုးသားထံမှ ထွက်ပေါ်နေသော အငွေ့အသက်ကို ချက်ချင်းပင် ခံစားလိုက်မိရာ လှပသော မျက်နှာလေးမှာ ရုတ်တရက် နီမြန်းသွားပြီး မနေ့ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်လည်သတိရမိကာ အလွန်အမင်း ရှက်သွေးဖြာသွားလေသည်။

ဤမျှကြာရှည်စွာ အသက်ရှင်နေထိုင်ခဲ့ရာတွင် ဤကဲ့သို့သော ကိစ္စမျိုးကို ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်၏။

သေချာသည်မှာ ထိုသို့သော အမှတ်တရများမှာ အလွန်ပင် သာယာလှပနေချေသည်။

'ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရားအသွင်ပြောင်းအလယ်အလတ်အဆင့်ကို တက်သွားပြီလား...'

ချိုးရူယွီမှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားလေသည်။

သူမသည် နတ်ဘုရားအသွင်ပြောင်းအစောပိုင်းအဆင့် အထွတ်အထိပ်တွင် အချိန်အတော်ကြာ ပိတ်မိနေခဲ့သည်မှာ ကြာပြီဖြစ်၏။ ဝမ်းနည်းစရာကောင်းသည်မှာ ယခင်က မည်သို့ပင်ကြိုးစားစေကာမူ အဆင့်တက်ရန် အခက်အခဲကို မကျော်လွှားနိုင်ခဲ့ပေ။ သို့ရာတွင် ယခု၌မူ ဤအမျိုးသား၏ ခန္ဓာကိုယ်မှ ကြီးမားလှသော သန့်စင်ယန်ချီများကို ရရှိလိုက်လေသည်။

ထို့ကြောင့် ထိုအခက်အခဲကို တစ်ဟုန်ထိုး ကျော်လွှားနိုင်ခဲ့ကာ နတ်ဘုရားအသွင်ပြောင်းအလယ်အလတ်အဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ချေသည်။

ဤသည်မှာ သာမန်အဆင့်တက်ခြင်းမျိုး မဟုတ်သည်ကို သိထားရပေမည်။

ယခင် ကျင့်ကြံခြင်းလောကသာဆိုလျှင် နတ်ဘုရားအသွင်ပြောင်းအလယ်အလတ်အဆင့် ကျင့်ကြံသူများသည် ကျင့်ကြံခြင်းလောက၏ အသန်မာဆုံးသူများ ဖြစ်နေချေပြီ။ အနည်းဆုံးအနေဖြင့် သက်တမ်းကုန်ဆုံးလုနီးပါးအချိန်မှသာ ထိုသို့သောအဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်၏။

သို့သော် ယခုမူကား သူမသည် အသက်တစ်ထောင်ကျော်မျှသာ ရှိသေးသော်လည်း နတ်ဘုရားအသွင်ပြောင်းအလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့လေပြီ။

ဤကဲ့သို့သော ကျင့်ကြံမှုအမြန်နှုန်းမှာ အတော်လေးကို ကောင်းမွန်နေပြီ ဖြစ်သည်။

တကယ်ကိုပင် ယခင်က သူမ၏ခန့်မှန်းချက်မှာ မမှားယွင်းခဲ့ပေ။

ဤအမျိုးသားနှင့်သာ ပေါင်းဖက်လိုက်ပါက သူမ၏ခန္ဓာကိုယ်ရှိ အဆင့်တက်ရန် အခက်အခဲမှာ ကျိုးပေါက်သွားမည် ဖြစ်၏။

သို့သော် အဆင့်တက်ခြင်းမှာ ရေစီးရေလာကောင်းမွန်သကဲ့သို့ ဤမျှလွယ်ကူချောမွေ့လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပေ။

'ဒါ့အပြင် ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း တိုးတက်လာသေးတယ်…'

ချိုးရူယွီမှာလည်း အလွန်အမင်း အံ့ဩနေမိသည်။

သူမကိုယ်တိုင်က ကျောက်စိမ်းဖြူခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးဖြစ်ရာ သူမ၏ကိုယ်ကာယမှာ အလွန်သန်မာလှသည်။ ထို့ထက် ပိုမိုတိုးတက်ရန်မှာ ဖြစ်နိုင်ချေမရှိသလောက်ပင် ဖြစ်၏။

သို့သော် ယခုအချိန်တွင် သူမ၏ ခန္ဓာကိုယ်သည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ရပ်၏ ခွန်အားဖြည့်တင်းမှုကို ရရှိနေကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရသည်။

ခန္ဓာကိုယ်ပေါ်ရှိ အရေပြားများမှာ ပိုမိုခိုင်မာလာရုံသာမက၊ သူမ၏ ကြွက်သားများနှင့် အရိုးများပင်လျှင် ပိုမိုသန်မာလာခဲ့၏။ ခွန်အားများမှာ အံ့မခန်း မြင့်တက်လာလေသည်။

ဝိုးတစ်ဝါးဖြင့် များစွာသော လျှို့ဝှက်ဆန်းကြယ်သည့် မှော်အက္ခရာများသည် သူမ်အရေပြားအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားကာ ကျောက်စိမ်းဖြူခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ပင်။

ဤကဲ့သို့သော ပြောင်းလဲမှုများသည် မျက်စိရှေ့ရှိ အမျိုးသားထံမှ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်နှင့် သက်ဆိုင်နေမည်ဟု သူမ တွေးလိုက်မိ၏။

"နိုးပြီလား..."

ထိုအချိန်တွင် ကျိုးစွေ့မှာလည်း သူ၏ရင်ခွင်ထဲရှိ ကျောက်စိမ်းဖြူအလှမယ်လေး နိုးထလာသည်ကို ခံစားလိုက်ရရာ ရုတ်တရက် စိတ်နှလုံးအတွင်းမှ ကျေနပ်မှုများ ပြည့်လျှံလာလေသည်။ ဤသည်မှာ အရှေ့ပိုင်းကုန်းမြေတိုက်ကြီး၏ နံပါတ်တစ်အလှမယ်ဖြစ်ပြီး ယခုတွင်မူ သူ့လက်ထဲသို့ ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလော။

သူ့၌ တာအိုလက်တွဲဖော်များ များပြားလှသော်လည်း နောက်ထပ်တစ်ယောက် တိုးလာခြင်းအပေါ် ကန့်ကွက်စရာအကြောင်း မရှိပေ။

မိမိကိုယ်ပေါ်ရှိ ငွေကြေးများကဲ့သို့ပင် မည်သူက မိမိငွေများ များပြားနေသည်ကို မလိုလားဘဲ နေပါမည်နည်း။

"အင်း..."

"ဒါနဲ့ ရှင့်ကိုယ်ပေါ်ကနေ ကျောက်စိမ်းမိန်းမပျိုကျင့်စဉ်ရဲ့ အငွေ့အသက်တချို့ကို ကျွန်မ ဘယ်လိုလုပ် ခံစားနေရတာလဲ..."

"ရှင် ကျောက်စိမ်းမိန်းမပျိုကျင့်စဉ်ကို ကျင့်ကြံထားတဲ့ တခြားအမျိုးသမီးတွေနဲ့ ပတ်သက်ခဲ့တာတော့ မဟုတ်ပါဘူးနော်..."

ချိုးရူယွီသည် ကျိုးစွေ့ကို သံသယဖြစ်စွာဖြင့် ကြည့်လိုက်လေသည်။

ဤအမျိုးသား၏ ခန္ဓာကိုယ်ထံမှ ရင်းနှီးကျွမ်းဝင်နေသည့် အငွေ့အသက်အချို့ကို သူမ အမြဲတမ်း ခံစားနေရပြီး ယခင်ကတည်းက သိကျွမ်းခဲ့ဖူးသကဲ့သို့ ဖြစ်နေချေသည်။

"ဒီကိစ္စက... အင်း… ရင်းနှီးနေတာလည်း ပုံမှန်ပါပဲ..."

"ပွင့်ပွင့်လင်းလင်း ပြောရရင်..."

"ရှရွှေယန်ကလည်း ကျုပ်ရဲ့ တာအိုလက်တွဲဖော်ပဲ…"

ကျိုးစွေ့က ပြောလိုက်၏။

မည်သို့ပင်ဖြစ်စေ ဤကိစ္စကို ချိုးရူယွီတစ်ယောက် အနှေးနှင့်အမြန် သိလာမည်ဖြစ်ရာ ယခု ပြောပြလိုက်ခြင်းကလည်း ကိစ္စမရှိချေ။

"ဘာ... ငါ့ရဲ့ အကြီးဆုံးတပည့်ကို ခွေးကောင်စုတ်၊ ရှင်က ခိုးပြေးသွားတာလား..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ချိုးရူယွီ၏ စိတ်နှလုံးမှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး မျက်လုံးလှလှလေးများ အပြူးသားဖြင့် ကျိုးစွေ့အား မယုံကြည်နိုင်စွာ ကြည့်လိုက်လေသည်။

အမှန်အတိုင်းဆိုရလျှင် ယခင်ကတည်းက သူမသည် အကြီးဆုံးတပည့်၏သဲလွန်စကို အမြဲတမ်း ရှာဖွေနေခဲ့ခြင်း ဖြစ်၏။

ရှရွှေယန်၏ ဝိညာဉ်မီးအိမ်သာ မငြိမ်းသွားခဲ့ပါက သူမ၏အကြီးဆုံးတပည့်မှာ တစ်နေရာရာ၌ သေဆုံးသွားခဲ့ပြီဟုပင် သူမ ထင်မှတ်မိမည် ဖြစ်၏။

သို့သော် ယခုကြားလိုက်ရသည်မှာ ဤခွေးကောင်စုတ်သည် ဘယ်အချိန်ကတည်းက သူမ၏ အကြီးဆုံးတပည့်နှင့် ပတ်သက်နေခဲ့သည်ကိုပင် မသိရပေ။

ဤလူယုတ်မာသည် သူမ၏ ပန်းလေးတစ်ပွင့်လို လှပသော တပည့်မလေးကို အစောကြီးကတည်းက ခိုးယူသွားခဲ့ခြင်း ဖြစ်နေချေသည်။

ယခုအခါ သူမမှာ အလွန်အမင်း ဒေါသထွက်နေပြီး ဤခွေးကောင်အား ပြင်းပြင်းထန်ထန် ကိုက်ပစ်လိုက်ချင်စိတ်များ ပေါက်နေတော့သည်။

ဤသည်မှာ ဆရာနှင့် တပည့်ကိုပင် အလွတ်မပေးတော့သည့် သဘောပင် မဟုတ်ပါလော။

သူမကို ပစ်မှတ်ထားခြင်းမှာလည်း ဤအမျိုးသား၏ ကြိုတင်ကြံစည်ထားမှုပင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ယခင်က သူမ၏ အကြီးဆုံးတပည့် အန္တရာယ်ကင်းရှင်းရေးအတွက် အလွန်အမင်း စိုးရိမ်ပူပန်ခဲ့ကာ လူအင်အားများစွာကို အသုံးပြု၍ ရှာဖွေခဲ့ရသည်မှာ အချည်းနှီးပင် ဖြစ်သွားရချေပြီ။

သူမသည် အစောကြီးကတည်းက အမျိုးသားတစ်ဦးနှင့် သာယာပျော်ရွှင်နေလိမ့်မည်ဟု မည်သူက သိနိုင်ပါမည်နည်း။

ပျော်ရွှင်နေရသဖြင့် ဟယ်ဟွမ်းဂိုဏ်း၏ ကိစ္စများကိုပင် မည်ကဲ့သို့ သတိရတော့ပါမည်နည်း။

"မတတ်နိုင်ဘူးလေ... ကျုပ်နဲ့ ရှရွှေယန်ကလည်း နှစ်ဦးသဘောတူ ချစ်ကျွမ်းဝင်ခဲ့ကြတာကိုး…"

ကျိုးစွေ့မှာ တည်တည်ငြိမ်ငြိမ်ပင် ရှိနေကာ မျက်နှာပြောင်တိုက်လွန်းလှသည်။

"ချီးကို နှစ်ဦးသဘောတူ... ရှင်က ဘယ်မိန်းမနဲ့မဆို နှစ်ဦးသဘောတူတွေချည်းပဲ…"

"ဘယ်မိန်းမကို ရှင် ဒီလိုမပြောဘဲ နေလို့လဲ..."

ချိုးရူယွီမှာ ဒေါသထွက်လွန်း၍ လဲသေမတတ်ပင် ဖြစ်သွားရသည်။

သူမသည် ကျိုးစွေ့၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သော်လည်း ဤအမျိုးသား၏ အရေပြားမှာ မာကျောလွန်းနေကာ ဓားလှံများပင် ထိုးဖောက်၍ မရနိုင်လောက်အောင် ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ သူမ၏ ကျောက်စိမ်းဖြူခန္ဓာကိုယ်ထက်ပင် ပို၍ ကြမ်းတမ်းခက်ထန်နေသေး၏။

သူမ မည်မျှပင် အားကုန်သုံးစေကာမူ သူ့အပေါ်တွင် သွားရာများကို ချန်ထားရစ်ရန် မဖြစ်နိုင်ပေ။

ထိုအရာကို တွေးမိလိုက်သောအခါ သူမ ပို၍ ဒေါသထွက်သွားရပြန်သည်။

သို့သော် ဤသည်မှာလည်း မတတ်နိုင်သော ကိစ္စဖြစ်ပေသည်။ ဤအမျိုးသား၏ သာယာမှုနောက်လိုက်တတ်သော စရိုက်နှင့် ထူးကဲသော ဆွဲဆောင်မှုကြောင့်ပင် မဟုတ်ပါလော။

သူမကဲ့သို့ ထောင်ချီသော သက်တမ်းရှိသည့် ကျောက်စိမ်းမိန်းမပျိုပင်လျှင် အရူးလုပ်ခံလိုက်ရပြီး မည်သို့မျှမတတ်နိုင်ဘဲ ကျရှုံးသွားခဲ့ရသည်။

သူမ၏တပည့်ကဲ့သို့ လောကအကြောင်း ဘာမှနားမလည်သေးသော အမျိုးသမီးကျင့်ကြံသူတစ်ဦးခမျာ ဤအမျိုးသား၏လက်တွင်းသို့ ကျဆင်းသွားရခြင်းမှာလည်း ယုတ္တိရှိပေသည်။

မည်သို့ပင်ဖြစ်စေ ဤအမျိုးသား၏ ဆွဲဆောင်မှုကို တောင့်ခံနိုင်စွမ်းရှိသော အမျိုးသမီးဆိုသည်မှာ ခပ်ရှားရှားပင် ဖြစ်၏။

"မတူပါဘူး..."

"ကျုပ်မှာ တာအိုလက်တွဲဖော်တွေ အများကြီးရှိပေမဲ့ မင်းကတော့ အထူးခြားဆုံးတစ်ယောက်ဆိုတာ သေချာပါတယ်…"

"အင်း… ကျုပ် အကြိုက်ဆုံးတစ်ယောက်လည်း ဖြစ်တယ်…"

"ဒီလိုမှမဟုတ်ရင် ကျုပ်လည်း အသက်အန္တရာယ်ကို စွန့်ပြီး ရွှမ်ဟွမ်ကုန်းမြေကြီးကနေ လာခဲ့မှာ မဟုတ်ဘူးလေ…"

"မင်းကို အသက်အန္တရာယ် ကြုံတွေ့ရမှာ စိုးရိမ်လို့ပါ…"

ကျိုးစွေ့သည် ချိုးရူယွီအား ကြည့်ကာ အလွန်နူးညံ့ချိုသာသော မျက်နှာထားဖြင့် ချစ်စကားများကို ရေပက်မဝင်အောင် ပြောချလိုက်လေသည်။

ဤအချိန်တွင် သူသည် ရွှမ်ဟွမ်ကမ္ဘာ၏ အချစ်တတ်ဆုံးအမျိုးသားတစ်ဦး ဖြစ်နေသကဲ့သို့ပင် တာအိုလက်တွဲဖော်အတွက် မီးပင်လယ်ကိုဖြတ်၊ ဓားတောင်ကိုကျော်ကာ အသက်ပေးရမည့်တိုင်အောင် ဆောင်ရွက်ပေးလိုစိတ်များ ရှိနေလေသည်။

"ဒါက..."

ထိုစကားကို ကြားလိုက်ရသောအခါ ချိုးရူယွီ၏ စိတ်နှလုံးမှာ ချက်ချင်းပင်နူးညံ့သွားပြီး သေချာပြန်စဉ်းစားကြည့်ရာတွင်လည်း တကယ်ကိုပင် မှန်ကန်နေပေသည်။

အကယ်၍ အခြားသော အမျိုးသားကျင့်ကြံသူများသာဆိုလျှင် ဟယ်ဟွမ်းဂိုဏ်းသည် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကောင် ရာဂဏန်းနှင့် သန်းပေါင်းများစွာသော နတ်ဆိုးများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရကြောင်း သိရှိပါက အကြောက်လွန်ကာ ထွက်ပြေးသွားကြမည်မှာ သေချာလှသည်။ မည်သို့သောသူက ကယ်တင်ရန် ရဲဝံ့ပါမည်နည်း။

သို့ရာတွင် မျက်စိရှေ့ရှိ ဤလူမိုက်လေးတစ်ဦးသာလျှင် ကိုယ်တိုင်ကိုယ်ကျ ရောက်လာရဲပြီး အန္တရာယ်ကျရောက်နေချိန်တွင် သူမအား ကယ်တင်ပေးခဲ့ခြင်း ဖြစ်၏။

ဤလူယုတ်မာသည် အနည်းငယ် မျက်နှာများတတ်သည်မှာ မှန်သော်လည်း သူမအပေါ်တွင်မူ ပြောစရာမလိုအောင် ကောင်းမွန်လှသည်။

သူမကိုယ်တိုင်ကလည်း ဤအကြောင်းများကြောင့်ပင် ဤအမျိုးသားထံသို့ ခန္ဓာကိုယ်ကို ပေးအပ်ခဲ့ခြင်း မဟုတ်ပါလော။

ဤငနဲသား၌ အားနည်းချက်ဟူ၍လည်း ရှိပေသည်။ ယင်းမှာ မျက်နှာများတတ်ခြင်းပင်။

သို့သော် ကျင့်ကြံခြင်းလောကတွင် မည်သည့်အမျိုးသားကျင့်ကြံသူက မျက်နှာမများဘဲ နေမည်နည်း။ မယားငယ်ထောင်ချီ ယူထားခြင်းမှာလည်း သာမန်ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။

အားသာချက်များနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ထိုအားနည်းချက်မှာ လုံးဝ ပြောပလောက်စရာ မရှိတော့ပေ။

"နောက်တစ်ခါ ရှင် ကျွန်မကို ထပ်လိမ်ရဲရင်တော့ ရှင့်ကို သေချာပေါက် ခွင့်မလွှတ်ဘူးမှတ်..."

ချိုးရူယွီသည် ကျိုးစွေ့အား ဒေါသတကြီးဖြင့် ကြည့်လိုက်လေသည်။ သူမသည်လည်း အလျှော့ပေးလိုက်သည့်အနေဖြင့် ထပ်မံ၍ အငြင်းပွားမနေတော့ပေ။

"စိတ်ချပါ... နောက်ဆို ကျုပ် မင်းကို လုံးဝ ထပ်မလိမ်တော့ပါဘူး…"

ကျိုးစွေ့က ကတိပေးသည့်အမူအရာဖြင့် ပြောလိုက်ကာ ချိုးရူယွီအား ရိုးသားသော မျက်နှာပေးဖြင့် ကြည့်လိုက်လေသည်။

"ဒါဆိုလည်း ပြီးတာပဲ..."

ထိုစကားကို ကြားလိုက်ရသောအခါ ချိုးရူယွီ၏ ဒေါသများမှာ တဝက်ကျော်မျှ ပျောက်ကွယ်သွားတော့သည်။

"ခဏနေရင် ကျုပ် ရွှမ်ဟွမ်ကုန်းမြေကြီးကို ပြန်ရတော့မယ်…"

"မင်းလည်း ကျုပ်နဲ့အတူတူ လိုက်ခဲ့ပါလား…"

ကျိုးစွေ့သည် ဤကျောက်စိမ်းဖြူအလှမယ်လေးအား ပွေ့ဖက်ထားလိုက်၏။

"ဒါ... ဒါပေမဲ့ ငါက ဟယ်ဟွမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေ... ဘယ်လိုလုပ် ထွက်သွားလို့ ရမှာလဲ..."

ချိုးရူယွီ၏ လှပသော မျက်နှာလေးမှာ နီမြန်းသွားလေသည်။

ဤအရှက်မရှိသော အမျိုးသား၏အတွေးကို သူမ မည်သို့မသိဘဲ နေပါမည်နည်း။ သေချာပေါက် သူမအား နေ့ရောညပါ သောင်းကျန်းရန် ကြံစည်နေခြင်းသာ ဖြစ်ရပေမည်။

"ဘာများခက်လို့..."

"ဒီမှာ တည်နေရာရွှေ့ပြောင်းရေးအစီအရင် ရှိနေတာပဲ... အချိန်မရွေး ဟယ်ဟွမ်းဂိုဏ်းကို ပြန်လာလို့ ရတာကို…"

"ဟယ်ဟွမ်းဂိုဏ်းက တကယ်လို့ အန္တရာယ်တစ်ခုခုနဲ့ ကြုံလာရရင် မင်းက ရွှမ်ဟွမ်ဂိုဏ်းကနေ ချက်ချင်း ပြန်လာလို့ ရတာပဲလေ…"

"ပြီးတော့ အခုလေးတင် ဒီနတ်ဆိုးတပ်ကြီးကို ရှင်းလင်းလိုက်ပြီမို့..."

"အချိန်တိုအတွင်းတော့ သူတို့လည်း ထပ်လာရဲမှာ မဟုတ်တော့ပါဘူး…"

ကျိုးစွေ့က ပြောလိုက်၏။

"ကောင်းပြီလေ..."

ချိုးရူယွီသည် ခေါင်းညိတ်လိုက်လေသည်။ သူမ နားချခံလိုက်ရပြီဖြစ်ကြောင်း ဝန်ခံရပေမည်။

အမှန်တကယ်တော့ သူမသည်လည်း ဤအမျိုးသားနှင့် ခွဲခွာရန် မရက်စက်နိုင်ဖြစ်နေရှာတော့သည်။

…

အခန်း (၆၈၀) - ဆရာတပည့်နှစ်ဦးလုံးကိုရရှိခြင်း၊ ရွှမ်ဟွမ်ကမ္ဘာ၏ အချစ်တတ်ဆုံးသူ၊ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို သန့်စင်ခြင်း(၂)။

နောက်ထပ်တစ်ရက် ကုန်ဆုံးသွားလေသည်။

ကျိုးစွေ့သည် ချိုးရူယွီအား ခေါ်ဆောင်ကာ ဟယ်ဟွမ်းတောင်ထွတ်၏ တည်နေရာရွှေ့ပြောင်းရေးအစီအရင်မှတစ်ဆင့် ရွှမ်ဟွမ်ဂိုဏ်းသို့ တိုက်ရိုက် ပြန်လည်ရောက်ရှိလာခဲ့၏။

ထိုအချိန်တွင် ချန်ဇီယွင်အပါအဝင် တာအိုလက်တွဲဖော်များမှာ အစောကြီးကတည်းက စောင့်ဆိုင်းနေကြလေသည်။

"ဒီလူကြီး ရက်အနည်းငယ်လောက် ပျောက်သွားကတည်းက ကိစ္စကောင်းမဟုတ်မှန်း သိနေတယ်... အခုတော့ ငါတို့အတွက် ညီအစ်မတစ်ယောက် ထပ်ခေါ်လာပြန်ပြီ…"

"ပြီးတော့ နတ်ဘုရားအသွင်ပြောင်းအဆင့် အမျိုးသမီးကျင့်ကြံသူတဲ့... ဒီလူယုတ်မာက ဘယ်နေရာသွားပြီး ဒီလောက်အလှပိုင်ရှင်တွေကို ရင်းနှီးလာရတာလဲ…"

ယဲ့ဖေးရိုသည် ကျိုးစွေ့အား သက်ပြင်းချကာ ကြည့်လိုက်လေသည်။

ပန်းတစ်ပွင့်၊ ကျောက်စိမ်းတစ်ခုပမာ လှပလှသော ချိုးရူယွီကို တွေ့လိုက်ရချိန်တွင် သူမ မည်သို့ နားမလည်ဘဲ နေပါမည်နည်း။ မျက်စိရှေ့ရှိ အလွန်အမင်း ဆွဲဆောင်မှုရှိလှသော ဤအမျိုးသမီးသည် သေချာပေါက် သူမ၏ ညီအစ်မအသစ် ဖြစ်လာမည်မှာ အသေအချာပင်။

ချိုးရူယွီအား မြင်တွေ့လိုက်ရချိန်တွင် သူမကိုယ်တိုင်ပင် အံ့ဩမှင်သက်သွားခဲ့ရကြောင်း ဝန်ခံရပေမည်။

မျက်စိရှေ့ရှိ ဤအမျိုးသမီးမှာ မည်မျှပင် လှပနေမည်ကို တွေးကြည့်နိုင်သည်။

လကို ပုန်းကွယ်စေကာ ပန်းများကို ရှက်သွေးဖြာစေနိုင်သလို၊ ငါးများကို ရေနစ်စေကာ ငန်းများကို မြေပြင်သို့ ကျဆင်းစေနိုင်လောက်သည့် အလှတရားမျိုးကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပေသည်။

"မတတ်နိုင်ဘူးလေ... ညီမက ယောက်ျားရဲ့ စရိုက်ကို မသိတာလည်း မဟုတ်ပဲနဲ့…"

"ဒီလောက်အချိန်ကြာမှ ငါတို့အတွက် ညီအစ်မတစ်ယောက်ပဲ တိုးလာတာဆိုတော့ တော်တော်လေးကို နည်းနေသေးတယ်လို့ ပြောလို့ရတယ်..."

“ဒီနှစ်တစ်ရာ၊ နှစ်ရာအတွင်းမှာ အနည်းဆုံး ကိုယ်လုပ်တော်တစ်ထောင်လောက်တော့ ယူထားမယ် ထင်နေတာ...”

“အပြင်က မိန်းမပျိုကျင့်ကြံသူ ဘယ်လောက်များများက ယောက်ျားကို လက်ထပ်ချင်နေကြလဲဆိုတာ ညီမ မသိလို့ပါ...”

ချန်ဇီယွင်က တခစ်ခစ် ရယ်မောလိုက်၏။

သူမက ဤကိစ္စမျိုးအပေါ် အတော်လေး သဘောထားကြီးကာ သူမ၏ယောက်ျား ဇနီးမယားယူသည်မှာ နည်းပါးလွန်းနေသေးသည်ဟုပင် ထင်မှတ်ထား၏။

ခမ်းနားကြီးကျယ်လှသော နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးတွင် တာအိုလက်တွဲဖော် ဆယ်ဂဏန်းကျော်မျှသာ ရှိခြင်းက အလွန် ရှားပါးလှပေသည်။

“ပြောတာ မမှားဘူး...”

“ယောက်ျားက အဲဒီလို မျက်နှာများတဲ့ ယောက်ျားမျိုး မဟုတ်ဘူး… အကြိတ်အနယ် ကျင့်ကြံတဲ့သူ အစစ်အမှန်ပဲ...”

“တကယ်လို့သာ မျက်နှာများခဲ့မယ်ဆိုရင် အစောကြီးကတည်းက ဇနီးမယားတွေ အုပ်လိုက်ကြီး ဖြစ်နေလောက်ပြီ… ငါတို့လို မိန်းမတွေလောက်ပဲ ဘယ်ရှိပါ့မလဲ...”

ချွန်းထောင်၊ ရှားထောင်၊ ချိုးထောင်နှင့် တုန်းထောင် မိန်းမပျိုလေးဦးကလည်း တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြ၏။

ယခင်က သူတို့သာ ကိုယ်တိုင်ကိုယ်ကျ ရင်ခွင်ထဲသို့ အတင်းဝင်မလာခဲ့လျှင် သူတို့၏ယောက်ျားက သူတို့ကို ထိတွေ့မည်ပင် မဟုတ်ချေ။

ကံကောင်းထောက်မစွာဖြင့် သူတို့က တက်ကြွခဲ့ကြမိသည်။

သို့မဟုတ်ပါက ယနေ့အချိန်အခါကဲ့သို့ နေရာအတိုင်းအတာနှင့် အောင်မြင်မှုမျိုးကို မည်သို့လျှင် ရရှိနိုင်ပါမည်နည်း။

အပြင်ဘက်တွင် အလှအပကြွယ်ဝသော မိန်းမပျိုကျင့်ကြံသူ မည်မျှက ယောက်ျား၏ အလိုတော်ကျဖြစ်စေရန် အကြံအစည်များစွာဖြင့် ကြိုးစားနေကြသည်ကို မသိနိုင်ပေ။

ဝမ်းနည်းစရာကောင်းသည်မှာ မည်သူတစ်ဦးတစ်ယောက်မှ ယောက်ျား၏ မျက်စိကျခြင်းကို မခံရခြင်းပင် ဖြစ်လေသည်။

“နင်တို့တွေကတော့လေ...”

ဤစကားကို ကြားသောအခါ ယဲ့ဖေးရိုမှာ ဆွံ့အသွားပြီး မည်သို့ ပြောရမည်ကိုပင် မသိတော့ချေ။

သို့ရာတွင် ညီအစ်မအများစုက ဂရုမစိုက်ကြသည့်အတွက် သူမအနေဖြင့်လည်း ဆက်၍ပြောရန် မကောင်းတော့ပေ။

“ဆရာ...”

ရှရွှေယန်က ချိုးရူယွီကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။

သူမမှာ အနည်းငယ် အံ့အားသင့်သွားပြီး အနည်းငယ် ဝမ်းသာနေသလို၊ အနည်းငယ်လည်း ရှက်ရွံ့နေသဖြင့် ခံစားချက်ပေါင်းစုံ ရောထွေးပေါ်ပေါက်လာကာ ဖော်ပြရခက်ခဲလှသည်။

ဘာ…။

ယဲ့ဖေးရိုခမျာ လှပသောမျက်လုံးများ ပြူးကျယ်သွားရ၏။

'နောက်ထပ် ဆရာတပည့် တစ်စုံပါလား… ဒီမိန်းမက ရှရွှေယန်ရဲ့ဆရာ ဖြစ်နေတာပဲ… ဒီခွေးကောင်က လှပတဲ့ ဆရာတပည့်စုံတွဲတွေကို သိမ်းပိုက်ရတာကို သဘောကျနေတာများလား… ဒါက ဘယ်လောက်တောင် ရွံစရာကောင်းတဲ့ ဝါသနာလဲ...’

'ငါ့ရဲ့ လှပတဲ့ တပည့်မလေးတွေကိုရော မျက်စိကျနေတာတော့ မဟုတ်ပါဘူးနော်...’

“ရွှေယန်...”

ချိုးရူယွီကလည်း ရှုပ်ထွေးသော အကြည့်များဖြင့် သူမ၏တပည့်ကြီးကို ကြည့်လိုက်လေ၏။

နှစ်ပေါင်းများစွာ မတွေ့ရသည့်တိုင် သူမတပည့်ဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဝိညာဉ်သန္ဓေသားအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ပင် ကျော်ဖြတ်တော့မည့်ဟန် ရှိပေသည်။

ဤနှစ်များအတွင်း သူမ၏တပည့်ဖြစ်သူမှာ အမှန်တကယ်ပင် ကောင်းမွန်စွာ နေထိုင်ခဲ့ရသည်ဟုသာ ပြောနိုင်‌သည်။

“ဆရာနဲ့တပည့် ပြန်လည်ဆုံစည်းကြပြီဆိုတော့… ဒီနေ့က မင်္ဂလာရှိတဲ့နေ့ပဲ… အောင်ပွဲခံကြတာပေါ့...”

ကျိုးစွေ့က ရှေ့သို့တိုးသွားပြီး ချိုးရူယွီနှင့် ရှရွှေယန်တို့ နှစ်ဦးကို ဖက်လိုက်၏။

ထိုစကားကို ကြားလိုက်ရချိန်တွင် မိန်းမပျိုနှစ်ဦး၏ မျက်နှာများမှာ ရဲတက်သွားပြီး မျက်ဝန်းများက ရီဝေသွားကာ ထိုခွေးကောင်စုတ်ကို လက်သေးသေးလေးများဖြင့် အပြင်းအထန် ဆိတ်ဆွဲလိုက်ကြ‌တော့သည်။

ဤယောက်ျား၏ စကားထဲမှ ဆိုလိုရင်းကို သူတို့ မည်သို့လျှင် နားမလည်ဘဲ နေပါမည်နည်း။

ထင်ရှားစွာပင် ယနေ့သည် မင်္ဂလာရှိသော ပျော်ပွဲရွှင်ပွဲနေ့တစ်နေ့ ဖြစ်လာပေတော့မည်။

……

ရက်အနည်းငယ် ထပ်မံ ကုန်လွန်သွား၏။

မှန်ပေသည်၊ ရှရွှေယန်၏ အကူအညီဖြင့် ချိုးရူယွီမှာလည်း ရွှမ်ဟွမ်ဂိုဏ်းထဲသို့ ပြီးပြည့်စုံစွာ ဝင်ဆံ့သွားတော့သည်။

ထို့အပြင် ရွှမ်ဟွမ်ဂိုဏ်းတွင် ဆဋ္ဌမအဆင့် အထွတ်အထိပ်စိတ်ဝိညာဉ်သွေးကြော ရှိနေရာ စိတ်ဝိညာဉ်ချီမှာ အထွတ်အထိပ်ထိတိုင် သိပ်သည်းနေပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ ကျင့်ကြံရန်အတွက် အလွန် သင့်လျော်‌၏။

ထို့ကြောင့် သူမသည် ဟယ်ဟွမ်းဂိုဏ်းသို့ ပြန်ရန်ပင် ပျင်းရိသွားချေသည်။

သတင်းပို့ကိရိယာမှတစ်ဆင့် ဟယ်ဟွမ်းဂိုဏ်းမှ အကြီးအကဲများနှင့် ရံဖန်ရံခါ သတင်းဖလှယ်ကာ ဂိုဏ်း၏ ကိစ္စရပ်အမျိုးမျိုးကို ဖြေရှင်းပေးရုံသာ ရှိတော့၏။

ဝှစ်…။

ထိုအခိုက်အတန့်တွင် ကျိုးစွေ့သည်လည်း ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ထံသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့ပြီး သူက ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ရှေ့၌ ရပ်လိုက်ကာ အင်မော်တယ်ကမ္ဘာသို့ ချိတ်ဆက်တော့မည့်အလား စဉ်ဆက်မပြတ် ကြီးထွားနေသော နွယ်ပင်ကို ချက်ချင်းပင် ခံစားလိုက်မိ၏။

မှန်ပေသည်၊ 'ဆေးဝါးကူ' ၏ အကူအညီကို ရရှိထားသဖြင့် ၎င်း၏ ကြီးထွားမှုနှုန်းမှာ အလွန်တရာ မြန်ဆန်လှပေသည်။

ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ ကိုယ်ပေါ်ရှိ နွယ်ပင်များက အင်မော်တယ်ကမ္ဘာနှင့် ချိတ်ဆက်နိုင်သွားသည်နှင့်တစ်ပြိုင်နက် အင်မော်တယ်ကမ္ဘာ၏ အငွေ့အသက်ကို လက်ခံရယူနိုင်မည်ဖြစ်ပြီး အင်မော်တယ်ကမ္ဘာမှ စွမ်းအင်များကို ရရှိလာမည်ဖြစ်ကာ ထိုအချိန်ရောက်လျှင် ပတ်ဝန်းကျင်သည်လည်း စစ်မှန်သော ကျင့်ကြံခြင်းကောင်းချီးမြေ ဖြစ်လာပေလိမ့်မည်။

စိတ်ဝိညာဉ်ကမ္ဘာ၏ ကောင်းချီးမြေ အများအပြားပင်လျှင် ရွှမ်ဟွမ်ဂိုဏ်းကို ယှဉ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

ကျိုးစွေ့၏ အငွေ့အသက်ကို ခံစားမိသောအခါ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်သည်လည်း အလွန် စိတ်လှုပ်ရှားနေပုံရ၏။

၎င်းကိုယ်ပေါ်ရှိ နွယ်ပင်များက ညင်သာစွာ ယိမ်းနွဲ့ကာ ၎င်း၏ ရင်းနှီးကျွမ်းဝင်သော ခံစားချက်ကို ဖော်ပြနေကြ၏။

၎င်းက ကျိုးစွေ့အား ၎င်း၏ အရင်းနှီးဆုံးလူအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း သိသာထင်ရှားလှသည်။

“တော်တော်လေး အဆင်သင့်ဖြစ်နေပြီ၊ စလိုက်ကြရအောင်...”

ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး သူ၏ ကိုယ်ပေါ်မှ 'ဆေးဝါးကူ' ကို ဆင့်ခေါ်လိုက်၏။

ထိုခဏတွင် ဆန်းကြယ်သော ဆေးရည်စက်များက 'ဆေးဝါးကူ' ထံမှ စီးထွက်လာပြီး ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ပေါ်သို့ ကျဆင်းသွားသောအခါ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်မှာ အလွန် စိတ်လှုပ်ရှားသွားပြီး ၎င်း၏ ကိုယ်ပေါ်ရှိ အငွေ့အသက်များက ဆတိုးကိန်းအတိုင်း တိုးတက်လာတော့သည်။

ဝုန်း…။

ကျိုးစွေ့၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး ဤဆေးရည်များက ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားပြီးနောက် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်အပေါ် သူ၏ ရင်းနှီးကျွမ်းဝင်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားကာ ပြီးပြည့်စုံသည့်အဆင့်သို့ပင် ရောက်ရှိသွားကြောင်းကို တွေ့လိုက်ရ၏။

သူ၏ဝိညာဉ်က မျက်စိတစ်မှိတ်အတွင်းမှာပင် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ အနက်ရှိုင်းဆုံးနေရာသို့ ပေါင်းစပ်ဝင်ရောက်သွားလေသည်။

ထို့နောက် ဆေးရည်စက်များက ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ ခန္ဓာကိုယ်အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်သွားပြီး သဏ္ဌာန်မဲ့သော ဆန်းကြယ်သည့် စွမ်းအားတစ်ရပ်က ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ တစ်ကိုယ်လုံးသို့ စိမ့်ဝင်သွားကာ ဆေးစွမ်းများက နေရာတိုင်းသို့ ပျံ့နှံ့သွားလေတော့သည်။

ဝုန်း…။

ဤအခိုက်အတန့်တွင် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ်အမှတ်အသားတစ်ခုမှာ တုန်ခါလာပြီး တဝီဝီမြည်ဟည်းလာကာ သေစေလောက်သော အန္တရာယ်ကို ခံစားလိုက်ရသည့်အလား ဤဆေးရည်များကို လုံးဝဖျက်ဆီးပစ်ရန် ကြိုးပမ်းလာသည်။

သို့ရာတွင် ဝမ်းနည်းစရာကောင်းသည်မှာ ဤအင်မော်တယ်အမှတ်အသားသည် အမြစ်မရှိသော ဗေဒါပင်ကဲ့သို့ ဖြစ်နေခြင်းပင်။

အကယ်၍ အင်မော်တယ်သာ ရှိနေသေးပါက မည်သို့ပင်ဖြစ်စေကာမူ ၎င်းကို ချေဖျက်ရန် ခက်ခဲပေလိမ့်မည်။

ကံမကောင်းစွာဖြင့် အင်မော်တယ်မှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ ဤအင်မော်တယ်အမှတ်အသားသည်လည်း တစ်ခုတည်းရပ်တည်ရန် ခက်ခဲနေချေပြီ။

ပို၍အရေးကြီးသည်မှာ ဤအမှတ်အသားသည် 'ဆေးဝါးကူ' ၏ စွမ်းအားဖြင့် နှစ်တစ်ရာတိုင်တိုင် တိုက်စားဖျက်ဆီးခြင်း ခံထားရခြင်းပင် ဖြစ်ပေသည်။

ယခုအချိန်၌မူ ယင်းသည် ကုလားအုတ်ကျောကို ဖိသတ်လိုက်သည့် နောက်ဆုံးကောက်ရိုးတစ်မျှင် ဖြစ်နေချေပြီ။

ဝုန်း…။

ဤအခိုက်အတန့်၌ပင် ထိုအင်မော်တယ်အမှတ်အသားမှာ ဆက်လက် တောင့်ခံထားနိုင်ခြင်း မရှိတော့ဘဲ ဆေးရည်၏ စွမ်းအားဖြင့် လုံးဝတိုက်စား ဖျက်ဆီးခံလိုက်ရတော့သည်။

အမှတ်အသားမှာလည်း လုံးလုံးလျားလျား ပျောက်ကွယ်သွားချေသည်။

ဤအခိုက်အတန့်တွင် သူ၏ဝိညာဉ်သည် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်နှင့် ပေါင်းစပ်သွားသည့်အလား ဖြစ်သွားပြီး နှစ်ခုလုံး တစ်သားတည်း ဖြစ်သွားလေ၏။

သူနှင့် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်တို့သည် သဘောတူပဋိညာဉ် ချုပ်ဆိုလိုက်သည့်အလား ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စွမ်းအားများကို အပြည့်အဝ ထိန်းချုပ်သွားနိုင်တော့သည်။

ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်က သူ၏ ကိုယ်ပိုင်မွေးရာပါ စိတ်ဝိညာဉ်အပင် ဖြစ်လာသကဲ့သို့ပင် ဖြစ်လေသည်။

“နောက်ဆုံးတော့ သူ့ကိုယ်ပေါ်က အမှတ်အသားကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီလား...”

ကျိုးစွေ့မှာ အလွန် စိတ်လှုပ်ရှားနေ၏။

မှန်ပေသည်၊ သူသည် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ ခန္ဓာကိုယ်အတွင်း၌ ထူးခြားသော အမှတ်အသားတစ်ခု အမှန်တကယ် တည်ရှိနေကြောင်းကို တွေ့ရှိထားခဲ့ပြီး၊ ယင်းမှာ ချန်ချွန်းတာအိုအရှင် ချန်ရစ်ခဲ့ခြင်း ဖြစ်ရမည်ဖြစ်ကာ ယနေ့တိုင်အောင် ပျောက်ကွယ်သွားခြင်း မရှိသေးပေ။

ချန်ချွန်းတာအိုအရှင်သာ ဝင်စား၍ ပြန်လည်ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ဤစိတ်ပိုင်းဆိုင်ရာ အမှတ်အသားက အသက်ဝင်လာမည်ဖြစ်ပြီး ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်အပေါ် ထိန်းချုပ်မှုကို တစ်ဖန် ပြန်လည်ရရှိသွားပေလိမ့်မည်။

သို့ရာတွင် ယခု၌မူကား…။

'ဆေးဝါးကူ' ၏ စွမ်းအားကြောင့် နှစ်တစ်ရာတိုင်တိုင် တိုက်စားဖျက်ဆီးမှုအပြီးတွင် နောက်ဆုံး၌ ဤစိတ်ပိုင်းဆိုင်ရာ အမှတ်အသားကို အပြီးတိုင် ဖျက်ဆီးပစ်နိုင်ခဲ့ပြီး ၎င်း၏နေရာကိုပင် အစားထိုးနိုင်ခဲ့ကာ ယခုအခါတွင် သူသာလျှင် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စစ်မှန်သောသခင် ဖြစ်လာခဲ့သည်။

ချန်ချွန်းတာအိုအရှင်သာ အမှန်တကယ် ဝင်စား၍ ပြန်လည်ရောက်ရှိလာလျှင်ပင် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ ထိန်းချုပ်ခွင့်ကို သူ့ထံမှ လုယူနိုင်ရန် မဖြစ်နိုင်တော့ပေ။

“လွန်ခဲ့တဲ့ နှစ်တစ်သန်းက တိုက်ပွဲမှာ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို ကြီးမားတဲ့ ထိခိုက်မှုတွေ ရစေခဲ့တာ သေချာတယ်...”

“ဒီနေ့အထိတောင် သူ့ကိုယ်ပေါ်က ဒဏ်ရာတွေက လုံးဝ ပြန်မကောင်းသေးဘူး...”

“ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး...”

“'ဆေးဝါးကူ' ရဲ့ စွမ်းအားအောက်မှာ သူ့ကိုယ်ပေါ်က ဒဏ်ရာတွေကလည်း အလျင်အမြန် ပြန်လည်ကောင်းမွန်လာနေပြီ...”

“လုံးဝ ပြန်လည်ကောင်းမွန်သွားပြီဆိုရင် အတိတ်တုန်းက အင်မော်တယ်ကမ္ဘာမှာ ကြီးစိုးခဲ့တဲ့ အသာလွန်ဆုံး အင်မော်တယ်နွယ်ပင် ဖြစ်လာနိုင်တယ်...”

ကျိုးစွေ့က လက်သီးကို ဆုပ်လိုက်၏။

မှန်ပေသည်၊ သူ့အတွက်မူ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းနိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

ထိုအင်မော်တယ်က မည်သို့သော နောက်ဆက်တွဲ အစီအမံများကို ချန်ရစ်ခဲ့သည်ဖြစ်စေ သူ့ကို မည်သို့မျှ လုပ်နိုင်စွမ်းရှိမည်မဟုတ်တော့ပေ။

All Chapters