နတ်မိမယ်ရှီရွှမ်၏ မျက်နှာသာပေးမှု
Vol. 1 Ch. 7
အခန်း (၇) နတ်မိမယ်ရှီရွှမ်၏ မျက်နှာသာပေးမှု
အကြီးခန်းမသို့ ဟန်ကျွယ် ရောက်သောအခါ ပထမအကြီးအကဲကို တွေ့လိုက်ရသည်။ ပထမအကြီးအကဲသည် ပြည့်ဖြိုးဝတုတ်သော ကိုယ်ခန္ဓာရှိပြီး မျက်နှာတွင် ပြုံးရယ်နေပါတယ်။
ပထမအကြီးအကဲသည် ဟန်ကျွယ်ကို ကြည့်ကာ “မင်းရဲ့ စိတ်နေသဘောထားက အတွင်းစည်းတပည့်တွေနဲ့ နှိုင်းယှဉ်လို့ရတယ်၊ လက်ရွေးစင်တပည့်တွေနဲ့တောင် ညီမျှလုနီးပါးပဲ” ဟု ပြောလိုက်သည်။
ယွီဂျင်ဂိုဏ်း ဝတ်ရုံဟာ အဖြူနဲ့ အပြာ ရောစပ်ထားတာ ဖြစ်တဲ့အတွက် ဟန်ကျွယ် ဝတ်ဆင်လိုက်တဲ့အခါမှာ သူ့ရုပ်ရည်ရဲ့ ဆွဲဆောင်မှုဟာ လုံးဝကို ပေါ်လွင် ထင်ရှားသွားပါတယ်၊ တစ်ချက်ကြည့်ရုံနဲ့ မိသားစုကောင်းက ဆင်းသက်လာတဲ့ သခင်လေးတစ်ယောက်လို့ ထင်မှာဖြစ်ပြီး မည်သူကမျှ အစေခံတစ်ဦးလို ထင်မှတ်ကြမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ အကြီးအကဲခန်းမဆီ လာရာလမ်းတစ်လျှောက်မှာ အမျိုးသမီး ကျင့်ကြံသူအများစုက သူ့ကို ခိုးခိုးကြည့်တာကို သတိထားမိပါတယ်။
“ကျွန်တော်က လက်ရွေးစင်တပည့်တွေနဲ့ မယှဉ်နိုင်ပါဘူး” ဟန်ကျွယ်ဟာ သူ့ကိုယ်သူ နှိမ့်ချပြီး ပြောလိုက်ပါတယ်။
ပထမအကြီးအကဲဟာ ပြုံးလိုက်ပြီး “သွားကြရအောင်၊ အတွင်းစည်းကို ငါ့နဲ့ လိုက်ခဲ့ချည်၊ အတွင်းစည်းထဲကို မင်းဝင်ချင်တယ်ဆိုရင် ဆရာသခင်တစ်ယောက် ရှာရလိမ့်မယ်၊ အတွင်းဂိုဏ်းထဲမှာ တောင်ထိပ် ၁၈ ခုရှိပြီး အဲဒီတောင်ထိပ်တွေမှာ အဲဒီတောင်ထိပ်ကို အုပ်ချုပ်တဲ့ အကြီးအကဲတစ်ဦးစီ ရှိတယ်၊ သူတို့ထဲက တစ်ယောက်ယောက်က မင်းကို နှစ်သက်မယ်ဆိုရင် တစ်ခါတည်း အတွင်းဂိုဏ်းတပည့် တန်းဖြစ်နိုင်တယ်၊ ဒီလိုမဟုတ်ဘူးဆိုရင် အပြင်ဂိုဏ်းပြိုင်ပွဲမှာ ယှဉ်ပြိုင်ပြီး အခြေခံအဆင့်ရောက်အောင်သာ မြန်မြန်ကြိုးစားတော့၊ အခြေခံအဆင့်ကို ရောက်မှပဲ မင်း အတွင်းဂိုဏ်းထဲကို ဝင်နိုင်လိမ့်မယ်”
“ကျွန်တော် နားလည်ပါပြီ”
ပထမအကြီးအကဲနှင့် ဟန်ကျွယ်သည် အကြီးအကဲခန်းမထဲမှ ထွက်ခွာသွား၏။
ကောင်တာမှာ ထိုင်နေတဲ့ အဘိုးကြီးဟာ ထွက်ခွာသွားတဲ့ ဟန်ကျွယ်ရဲ့ ကျောပြင်ကို ကြည့်ရင်း “ဒီကောင်လေးရဲ့ စိတ်ဝိညာဉ်မီးချီက အတော်လေး တိုးလာတာပဲ၊ ကြည့်ရတာ ဒီနှစ်ဝက်အတွင်းမှာ သူကြိုးကြိုးစားစား လေ့ကျင့်ထားပုံပဲ” ဟု ရေရွတ်လိုက်ပါတယ်။
ရန်လျိုဟာ ရယ်မောလိုက်ပြီး “ဟုတ်တယ်… သူက သူ့အိမ်ထဲကနေ ခွာဖို့မပြောနဲ့ တံခါးတောင် မဖွင့်ဘူး၊ သူက အရည်အချင်းရှိသလို ကြိုးလည်းကြိုးစားတယ်၊ နောက်ကျလို့ရှိရင် လက်ရွေးစင်တပည့်တောင် ဖြစ်ကောင်းဖြစ်လာနိုင်တယ်” ဟု ပြောလိုက်၏။
အဘိုးကြီးဟာ ခေါင်းခါ၍ ရယ်မောလိုက်ပြီး ဘာတစ်ခွန်းမျှ ထပ်မပြောတော့ချေ၊ သူဟာ ဒီနေရာမှ ရှိနေတာ နှစ်တစ်ရာကျော်ပြီမို့ ဟန်ကျွယ်ထက် အရည်အချင်းရှိတဲ့ ပါရမီရှင်တွေကို တွေ့ကြုံပြီးပါပြီ၊ ဒါကြောင့် အနည်းငယ်သာ ခံစားလိုက်ရပြီး ဘာမှဆက် မတွေးတောပါတော့ဘူး။
ဟန်ကျွယ်နဲ့ ပထမအကြီးအကဲဟာ လမ်းတစ်လျှောက်မှာ စကားပြောဆိုခြင်း မရှိပါဘူး၊ ပထမအကြီးအကဲနောက်ကနေ လိုက်ရင်းနဲ့ ဟန်ကျွယ်ဟာ တောင်ကြားမှာရှိတဲ့ ပေါ်တယ်လ်ဖော်မေးရှင်းဆီကို ရောက်ရှိသွားပါတယ်၊ ဒီနေရာကို တပည့်အချို့က စောင့်ကြပ်နေကြပါတယ်။
ပေါ်တယ်လ်ဖော်မေးရှင်းဟာ ယစ်ပလ္လင်နဲ့ အများကြီးဆင်တူပြီး ထူးဆန်းတဲ့မျဉ်းတွေ ထွင်းထားတဲ့ စက်ဝိုင်းပုံစံ စင်မြင့်တစ်ခုပဲ ဖြစ်ပါတယ်၊ ကျောက်တုံးတိုင်တွေဟာ အရပ်ရှစ်မျက်နှာဟာ ထောင်မတ်နေပြီး ပုံသဏ္ဍာန်မမှန်တဲ့ ချိုင့်ခွက်တွေ ရှိနေပါတယ်၊ ဒီချိုင့်ခွက်တွေက စိတ်ဝိညာဉ်ကျောက်တုံးတွေ ထည့်သွင်းရတဲ့ နေရာတွေ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ ပေါ်တယ်လ်ဖော်မေးရှင်းကို ပထမဆုံးအကြိမ် အသုံးပြုတာမို့ ရင်တထိတ်ထိတ် ဖြစ်နေပေမဲ့ အရှက်ရမှာစိုးတဲ့အတွက် မျက်နှာမှာ မပေါ်အောင် မနည်းထိန်းထားရပါတယ်။
အပြင်ဂိုဏ်းတပည့်တွေဟာ ကျောက်တုံးတိုင်တွေရဲ့ ချိုင့်ခွက်တွေကြားမှာ စိတ်ဝိညာဉ် ကျောက်တုံးတွေကို စတင်ထည့်သွင်းလိုက်ပါတယ်။
“ဘယ်လို လေ့ကျင့်တာမျိုးကို မင်းကြိုက်လဲ?” ပထမအကြီးအကဲက ဟန်ကျွယ်ကို ရုတ်တရက် မေးလိုက်ခြင်း ဖြစ်ပါတယ် “တောင်ထိပ်တွေက တစ်ခုနဲ့တစ်ခု မတူကွဲပြားတဲ့ အလေ့အကျင့်နဲ့ မတူညီတဲ့ စိတ်နေသဘောထားတွေ ရှိကြတယ်၊ တစ်ချို့က ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ပြီး တစ်ချို့ကျတော့ လူသိမခံချင်လို့ ရှိမှန်းတောင် မသိရဘူး၊ တစ်ချို့ကျပြန်တော့လည်း တစ်နှစ်လုံး တာဝန်တွေ လိုက်လုပ်နေလို့ ဂိုဏ်းထဲမှာ နေချိန်တောင် သိပ်မရှိဘူး”
“ကျွန်တော်က လူသိမခံချင်တဲ့ ကျင့်ကြံချင်သူပဲ၊ လူများတာတို့ ကျော်ကြားတာတို့ကို ကျွန်တော် မကြိုက်ပါဘူး” ဟန်ကျွယ်က ပထမအကြီးအကဲရဲ့ တစ်ချက်မျှပင် မတွေဝေဘဲ ချက်ချင်းဆိုသလို အဖြေပြန်ပေးလိုက်ပါတယ်။
ပထမအကြီးအကဲဟာ ထူးဆန်းစွာ ပြုံးလိုက်ပြီး “ဒါဆိုရင် ငါ မင်းကို ကျောက်အေးတောင်ထိပ်ဆီ အရင်ဆုံး ခေါ်သွားမယ်” ဟု ပြောလိုက်၏။
ဒီအချိန်မှာပဲ ပေါ်တယ်ဖော်မေးရှင်းက အသက်ဝင်လာပြီး စူးရှတဲ့အလင်းတန်း ထွက်ပေါ်လာတာကြောင့် ဟန်ကျွယ်ဟာ သူ့မျက်လုံးကို ချက်ချင်းမှိတ်လိုက်ရပါတယ်၊ အဲဒီနောက် ဟန်ကျွယ်ဟာ ပြင်းထန်တဲ့ အလေးချိန်မဲ့မှုကို ခံစားလိုက်ရပါတယ်၊ သာမန်မော်တယ်တွေသာဆိုရင် ဒီနေရာမှာ ကျိန်းသေပေါက်ကို အန်ထွက်မှာပါ။
သုံးစက္ကန့်ကြာပြီးလို့ ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ တိမ်တွေကြားထဲရောက်နေတဲ့ တောင်ထိပ်တွေကို တွေ့လိုက်ရပါတယ်၊ သူကိုယ်တိုင်လည်း တိမ်ပေါ်မှာ မတ်တပ်ရပ်နေသလို ခံစားလိုက်ရပြီး သူ့မြင်ကွင်း တစ်ခုလုံးမှာလည်း တိမ်ပင်လယ်တွေနဲ့ပဲ ပြည့်နှက်နေပါတယ်။
ဟန်ကျွယ် ခြေထောက်အောက်မှာ ရှိနေတာက ပေါ်တယ်လ်ဖော်မေးရှင်း ဖြစ်ပြီး သူ့ရှေ့မှာတော့ မြို့ထဲကို ဦးတည်နေတဲ့ ကျောက်တုံးလှေကားကို တွေ့လိုက်ရပါတယ်။
ဒီမြို့ဟာ တစ်ခြားတောင် ၁၈ တောင်နဲ့ နှိုင်းယှဉ်ရင် ပိုနိမ့်တဲ့ တောင်ထိပ်မှ တည်ရှိပါတယ်၊ ဒါပေမဲ့ ဟန်ကျွယ်ဟာ ပေါ်တယ်လ်ဖော်မေးရှင်းကနေ အောက်ကို ငုံကြည့်လိုက်တဲ့အခါမှာ ပေထောင်ချီမြင့်တဲ့ ချောက်ကမ်းပါးမှာ မတ်တပ်ရပ်နေသလို ခံစားလိုက်ရပြီး တိမ်တွေနဲ့ မြူခိုးတွေကြောင့် မြေပြင်ကို မတွေ့ရပါဘူး။
ခပ်နိမ့်နိမ့်တောင်ထိပ်မှာ တည်ရှိတဲ့ ဒီမြို့ဟာ သိပ်မကြီးပါဘူး၊ ကျင့်ကြံသူ တော်တော်များမျာက သူတို့ဓါးတွေနဲ့ ကောင်းကင်မှာ ပျံသန်းနေတာကို တွေ့မြင်နိုင်သလို မျိုးစုံလှတဲ့ ငှက်တွေကိုလည်း တွေ့မြင်နိုင်ပါတယ်။
“ဒါက ယွီဂျင်ဂိုဏ်းရဲ့ အတွင်းစည်းပဲ၊ မင်း တာဝန်တွေ ဆောင်ရွက်ပြီး လစာရနိုင်သလို ဒီထဲမှာ တစ်ဦးနဲ့တစ်ဦး အလဲအလှယ် လုပ်လို့လည်း ရတယ်” ပထမအကြီးအကဲဟာ အတွင်းဂိုဏ်းကို ဂုဏ်ယူဝင့်ကြွားစွာ မိတ်ဆက်ပေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းက ဇာတ်ကားတွေထဲကလို ဂိုဏ်းငယ်လေးလို ထင်ထားတဲ့အတွက် ပထမအကြီးအကဲရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာ အံအားသင့်သွားပါတယ်၊ ယွီဂျင်ဂိုဏ်းက ဒီလောက်ထိ ကြီးမားလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး၊ ဟန်ကျွယ်ဟာ သူက အင်မော်တယ်ကမ္ဘာကို ရောက်ရှိသွားပြီလို့ တွေးမိလိုက်ပါတယ်၊ ကြည့်ရတာ ယွီဂျင်ဂိုဏ်းရဲ့ အင်အားကို သူနားလည်မှု လွဲမှားခဲ့ပုံပါပဲ။
ဟန်ကျွယ်ဟာ နှစ်နှစ်ဆယ်လုံးလုံး ဆေးဥယျာဉ်ထဲမှာ နေခဲ့ရတဲ့အတွက် သူ့လှုပ်ရှားမှုက ၂ ကီလိုမီတာ ဝန်းကျင်လောက်သာ ရှိခဲ့တာပါ၊ ခပ်ကြမ်းကြမ်းပြောရရင်တော့ လှောင်အိမ်ထဲရောက်နေတဲ့ ငှက်တစ်ကောင်နဲ့ ဘာမျှ မခြားနားပါဘူး။
ပထမအကြီးအကဲက လက်ဝှေ့ယမ်းလိုက်တဲ့အခါမှာ ဟန်ကျွယ်ဟာ သူ့ကို တစ်စုံတစ်ခုက မနေသလို ခံစားလိုက်ရပြီး ပြုတ်ကျလုနီးပါး ဖြစ်သွားပါတယ်၊ ဟန်ကျွယ်ဟာ အောက်ကို ငုံ့ကြည့်လိုက်တဲ့ အခါမှာ ကြီးမားတဲ့ ဘူးသီးတောင်းကြီးတစ်ခုကို တွေ့လိုက်ရပါတယ်။
“သေချာရပ်… ပြုတ်ကျသွားရင် ချီသန့်စင်ခြင်း နဝမအဆင့်က မင်းကို မကယ်နိုင်ဘူး” ပထမအကြီးအကဲဟာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။
ဟန်ကျွယ်ဟာ သူ့ခြေဖဝါးဆီ စိတ်ဝိညာဉ်ချီကို ပို့လွှတ်လိုက်ပြီး ဘူးသီးတောင်းရဲ့ မျက်နှာပြင်နဲ့ မကွာအောင် ကပ်ထားလိုက်ပါတယ်၊ ကြီးမားတဲ့ ဘူးသီးတောင်းကြီးဟာ ပထမအကြီးအကဲနဲ့ ဟန်ကျွယ်ကို တောင်ထိပ် ၁၈ ခုထဲက တောင်ထိပ်တစ်ခုဆီ သယ်ဆောင်သွားပါတယ်၊ တစ်ခြားတောင်ထိပ်တွေမှာ တပည့်တွေက ဝင်လိုက်ထွက်လိုက် လုပ်နေကြပေမဲ့ ဒီတောင်ထိပ်ကတော့ တပည့်တစ်ယောက်မှ မရှိသည့်အလား တိတ်ဆိတ်ငြိမ်သက်နေပါတယ်။
“ဒီကျောက်အေး တောင်ထိပ်ရဲ့ နည်းပြက နတ်မိမယ်ရှီရွှမ်ပဲ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းနက်တယ်၊ နောက်ပြီး သူက အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံအားထုတ်တဲ့ လူစားမျိုး၊ အဲဒါကြောင့် ကျောက်အေးတောင်ထိပ်က သိပ်ပြီး မစည်းကားဘူး၊ ဒီအပြင့် သူက သူ့တပည့်တွေကို တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်ခွင့် မပြုထားဘူး၊ ဒါကြောင့် ကျောက်အေးတောင်ထပ်မှာ နေကြတဲ့ တပည့်အားလုံးက ခြိုးခြုံကျင့်ကြံတဲ့သူတွေချည်းပဲ” ပထမအကြီးအကဲက အပြုံးနဲ့ ပြောလိုက်ပါတယ်။
ဟန်ကျွယ်သည် မျက်ခုံးပင့်လိုက်ပြီး “တကယ်လား? အဲဒါဆို တော်ပါသေးရဲ့” ဟု ပြောလိုက်၏။
ဟန်ကျွယ်သည် အမျိုးသမီးကျင့်ကြံသူများက သူ့ကို အနှောင့်အယှက်ပေးမှာကို ကြောက်နေခြင်း ဖြစ်ပါတယ်၊ ဘာကြောင့်လည်းဆိုတော့ သူရဲ့ဆွဲဆောင်မှုက ထိပ်တန်းအဆင့် ဖြစ်နေလို့ပါပဲ။
ပထမအကြီးအကဲဟာ ဟန်ကျွယ်ရဲ့ အပြုအမူကြောင့် ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။
[ ယွီဂျင်ဂိုဏ်း အပြင်စည်း၏ ပထမအကြီးအကဲသည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိ၏။ လတ်တလော မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်]
ဟန်ကျွယ်ဟာ သူ့ရှေ့မှာ အထက်ပါ စာကြောင်းတစ်ကြောင်းကို တွေ့လိုက်ရတာကြောင့် ဝေခွဲမရ ဖြစ်သွားလေသည်။
မကြာမီပင် ပထမအကြီးအကဲနဲ့ ဟန်ကျွယ်ဟာ ကျောက်အေးတောင်ထိပ်ရှိ နန်းတော်သို့ ရောက်ရှိလာပြီး ခန်းမထဲသို့ တန်းပျံသန်းသွားပါတယ်၊ ပထမအကြီးအကဲဟာ တံခါးရှေ့မှာရပ်ပြီး ပွစိပွစိ လုပ်လိုက်ပါတယ်၊ သူက အသံစေလွှတ်စကားပြောနည်းနဲ့ စကားပြောလိုက်ခြင်း ဖြစ်ပါတယ်။
“ဝုန်း!” ခန်းမတံခါးဟာ ပွင့်သွားတာမို့ ပထမအကြီးအကဲနဲ့ ဟန်ကျွယ်ဟာ အထဲကို ဝင်လိုက်ကြပါတယ်၊ ခန်းမတစ်ခုလုံးက နက်မှောင်နေပေမဲ့ ဟန်ကျွယ်တို့ ဝင်လာတဲ့အခါမှာ ဘေးနားမှာရှိတဲ့ မီးအိမ်တွေက မီးထလင်းသွားပါတယ်။
ဟန်ကျွယ်ရဲ့အကြည့်ကာ အရှေ့မှာကျင့်ကြံနေတဲ့ လူနှစ်ယောက်ဆီ ရောက်သွားပါတယ်၊ သူတို့နှစ်ယောက်လုံးက အမျိုးသမီး ကျင့်ကြံသူတွေပါ၊ အမျိုးသမီး ကျင့်ကြံသူတစ်ဦးက အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တင့်တယ်တဲ့ ဟန်ပန်အမူအရာ ရှိပါတယ်၊ သူမရဲ့ ရုပ်ရည်က မြင်သူငေးရလောက်အောင် လှပတဲ့ ရုပ်ရည်မျိုးပဲ၊ သူမက အခြားသူ မဟုတ်ပါဘူး၊ ကျောက်အေးတောင်ထိပ်ရဲ့ နည်းပြအကြီးအကဲ နတ်မိမယ်ရှီရွှမ်ပဲ ဖြစ်ပါတယ်။
သူမဘေးနားက အမျိုးသမီး ကျင့်ကြံသူကတော့ တပည့်တစ်ဦး ဖြစ်ပါတယ်၊ သူမရဲ့ ဟန်ပန်အမူရာနဲ့ ရုပ်ရည်က နတ်မိမယ်ရှီရွှမ်ကို မမှီပေမဲ့ လှပတယ်လို့ ပြောလို့ရပါတယ်။
နတ်မိမယ်ရှီရွှမ်ဟာ မျက်လုံးဖွင့်ပြီး ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။
ပထမအကြီးအကဲဟာ ရှေ့တိုးသွားပြီး နတ်မိမယ်ရှီရွှမ်ကို ပြုံးပြလိုက်ပါတယ် “ဒီကောင်လေးရဲ့ နာမည်က ဟန်ကျွယ်၊ သူက ကျင့်ကြံခြင်းစွမ်းရည် သုံးမျိုးကို ပိုင်ဆိုင်ထားပြီး အဲဒီထဲက တစ်ခုက ရှားပါးတဲ့ မိုးကြိုးစွမ်းရည်ပဲ၊ ဒီလာတဲ့လမ်းမှာ သူက မေးကြည့်တော့ တိတ်ဆိတ်ပြီး အေးချမ်းတဲ့နေရာကို ကြိုက်တယ်တဲ့၊ ပြီးတော့ လူသိမများချင်ပါဘူးတဲ့၊ အဲဒါကြောင့် ဒီကို ခေါ်လာတာ”
ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ကို ဦးညွှတ်လိုက်ပါတယ်။
[ ချန်ယွီအာသည် သင့်အပေါ် အကောင်းမြင်စိတ် ရှိ၏၊ လတ်တလော မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်]
ကြယ်နှစ်ပွင့်ကို ဒီအတိုင်းရလိုက်တာလား? တော်တော်ပေါတာပဲ။
ဟန်ကျွယ်ဟာ သူ့စိတ်ထဲမှာ မကျေမနပ် ဖြစ်သွားပြီး ရင်ထိတ်သွားပါတယ်၊ ကျောက်အေးတောင်ထိပ်ဟာ နာမည်ကျော်တဲ့ ဂုဏ်သတင်းနဲ့ မညီညွှတ်ပါဘူး၊ အမျိုးသမီးတပည့်တွေ အကုန်လုံးက သူ့လိုပဲ အချစ်ရူးတွေလား?
နတ်မိမယ်ရှီရွှမ်ဟ သူ့ပါးစပ်ကိုဟလိုက်ပြီး “မင်း ငါ့တောင်ထိပ်ကို ဝင်မယ်ဆိုရင် ငါမင်းကို တစ်ခြားသူတွေထက် အလေးပေးပြီး ဆက်ဆံမှာ မဟုတ်ဘူး၊ အကုန်လုံးက မင်းအပေါ်ပဲ မူတည်တယ်၊ ကျင့်ကြံခြင်းအတွက်ကတော့ မင်းကို ငါသေသေချာချာ သင်ပေးမယ်၊ ဒါပေမဲ့ မင်းက ဂရုမစိုက်ဘဲ ထင်ရာလျှောက်လုပ်ရင်တော့ တောင်ထိပ်ကနေ နှင်ထုတ်ပစ်မှာနော်” လို့ ပြောလိုက်ပါတယ်။
ဟန်ကျွယ်က ချက်ချင်းပင် ကတိပေးလိုက်ပါတယ် “ဘာညွှန်ကြားချက်မှ မရှိဘူးဆိုရင် ကျွန်တော် နှစ်တရာလုံးလုံး ကျွန်တော့်အိမ်ကနေ တစ်လှမ်းမခွာဘဲ ကျင့်ကြံအားထုတ်နိုင်ပါတယ်”
“တကယ်လား?”
“တကယ်ပါ”
[ နတ်မိမယ်ရှီရွှမ်က သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိ၏၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်]
[ ချန်ယွီအာ၏ သင့်အပေါ် မျက်နှာသာပေးမှုသည် လျော့ကျသွားပါပြီ၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်]
ဟန်ကျွယ်ဟာ သူ့ရှေ့မှာ ရုတ်တရက်ဆိုသလို ပေါ်လာတဲ့ စာကြောင်းတွေကြောင့် ချန်ယွီအာကို နည်းနည်း အထင်သေးသွားပါတယ်၊ မင်းက ချစ်ကြိုက်တာကို အဲဒီလောက်တောင် အရူးအမူး ဖြစ်နေတာလား? ဘာပဲဖြစ်ဖြစ် ဒီနေရာက ကျင့်ကြံသူတွေရဲ့ နယ်မြေပဲ။
“မင်း ဘာတွေတတ်လဲ? ငါ့ကို တိုက်ခိုက်၊ မင်းအရည်အချင်းကို ငါမြင်ချင်တယ်” လို့ နတ်မိမယ်ရှီရွှမ်က မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး အကုန်လုံး ထုတ်တိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ ဒီကျောက်အေးတောင်ထပ်ဟာ သူနဲ့ အံဝင်ခွင်ကျမို့ တစ်ခြားတောင်ထိပ်တွေဆီ မသွားချင်တော့ပါဘူး၊ မဟုတ်လို့ တစ်ခြားတောင်ထိပ်တွေဆီ ရောက်ရင် ချန်ယွီအာလို အမျိုးသမီးကျင့်ကြံသူတွေနဲ့တိုးပြီး စိတ်ညစ်သေရဖို့က ရာခိုင်နှုန်းပြည့်ပါပဲ။
ဟန်ကျွယ်ဟာ နှလုံးသားမဲ့သူ တစ်ယောက်တော့ မဟုတ်ပါဘူး၊ မိန်းမလှတွေကို သူလည်း ကြိုက်နှစ်သက်ပါတယ်၊ ဒါပေမဲ့ မိန်းမတွေက ကိုယ့်သက်တမ်းလောက် အရေးမကြီးပါဘူး၊ ဒီအချိန်မှာ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်တာကလွဲလို့ တစ်ခြားဘာကိုမှ စိတ်မဝင်စားပါဘူး။
တဏှာရာဂဟာ ရုပ်ဖျက်ထားတဲ့ ဓါးတစ်စင်းပါ!
ဟန်ကျွယ်ဟာ တစ်နေ့ကျလို့ သူ့ကျင့်ကြံခြင်းက ထိပ်တန်းကို ရောက်ခဲ့ရင် အဖော်အချို့ထားပြီး ပျော်ပျော်ရွှင်နေမှာပါ၊ ဒါပေမဲ့ ဟန်ကျွယ်က သူရဲ့ခံစားချက် အစစ်အမှန်ကို အသုံးပြုမှာ မဟုတ်ဘဲ သူတို့နဲ့ အတူတကွ ကျင့်ကြံမှာပါ။
ဟန်ကျွယ်သည် သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအားကို စီးဆင်းစေပြီး ညာလက်ကို နတ်မိမယ်ရှီရွှမ်ဆီ ညွှန်ပြလိုက်ပါတယ်၊ အဲဒီအခါ ဟန်ကျွယ်ရဲ့ လက်ငါးချောင်းကနေ ဓါးချီထွက်ပေါ်လာပြီး နတ်မိမယ်ရှီရွှမ်ဆီ လျှပ်စီးလို ပျံသန်းသွား၏။
ဓါးချီဟာ နတ်မိမယ် ရှီရွှမ်ကို ထိခါနီလေးမှာတင် လေထဲ လွင့်ပါးပျောက်ကွယ်သွား၏၊ နတ်မိမယ်ရှီရွှမ်၏ လှပသောဆံနွယ်များသည်လည်း တဖျပ်ဖျပ် ခတ်သွားလေသည်။
[ ချန်ယွီအာ၏ သင့်အပေါ် မျက်နှာသာပေးမှု တိုးလာပါပြီ၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်]