ကနဦးဝိညာဉ်အဆင့် ဆရာသခင်၊ မိုးကြိုးစိတ်ဝိညာဉ်ချီသာ လိုအပ်တော့ခြင်း
Vol. 1 Ch. 8
အခန်း (၈) ကနဦးဝိညာဉ်အဆင့် ဆရာသခင်၊ မိုးကြိုးစိတ်ဝိညာဉ်ချီသာ လိုအပ်တော့ခြင်း
ဟန်ကျွယ်ဟာ သူ့အစွမ်းကို ပြသပြီးနောက် နတ်မိမယ်ရှီရွမ်ရဲ့ စကားပြန်ကို စောင့်နေပါတယ်။
နတ်မိမယ်ရှီရွှမ်က “ဒီတစ်ကွက်ပဲ မင်းသိတာလား?” ဟု မေးလိုက်ရာ ဟန်ကျွယ်က “ဟုတ်ပါတယ်” ဟု ပြန်ဖြေလိုက်၏၊ ဟန်ကျွယ်ဟာ အလွန်ရိုးသားသူ တစ်ယောက်မို့ ဖုံးကွယ်ဟန်ဆောင်ခြင်း မရှိပါဘူး။
“ဒီဓါးသိုင်းက မဆိုးဘူး၊ ကောင်းပြီ… မင်းငါရဲ့ ကျောက်အေးတောင်ထပ်မှာ နေလို့ရတယ်” နတ်မိမယ်ရှီရွှမ်က မဆိုစလောက် ခေါင်းညိတ်လိုက်ပါတယ်။
ပထမအကြီးအကဲဟာ ရယ်မောလိုက်ပြီး “ဒါဆိုရင် ငါ မင်းကို မနှောင့်ယှက်တော့ဘူး” ဟု ဆိုကာ ဟန်ကျွယ်ကို ခေါင်းညိတ်ပြပြီး ထွက်ခွာသွားပါတော့တယ်။
နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး “မင်းက ငါ့ကို ဒူးထောက်ပြီး ဆရာသခင်အဖြစ် အသိအမှတ် မပြုဘူးလား?” ဟု မေးလိုက်တော့မှ ဟန်ကျွယ်ဟာ သတိဝင်လာပြီး အမြန် ဒူးထောက်ချလိုက်ပါတယ်။
“တပည့်ဟန်ကျွယ် ဆရာသခင်ကို ဂါရဝပြုပါတယ်၊ သက်တော်ရာကျော် ရှည်ပါစေ”
နတ်မိမယ်ရှီရွှမ်ဟာ ရယ်မောလိုက်ပြီး “မင်းက ငါ့ကို ဧကရီလို ထင်နေတာလား” ဟု မေးလိုက်ပေမဲ့ ဟန်ကျွယ်က မော့တောင် မကြည့်ပါဘူး။
နတ်မိမယ်ရှီရွှမ်က ‘ဒီကောင်လေးက ရင့်ကျက်သားပဲ၊ စိတ်နေသဘောထားကလည်း မဆိုးဘူး’ လို့ သူ့ကိုယ်သူ ပြောလိုက်ပါတယ်၊ အဲဒီနောက် နတ်မိမယ်ရှီရွှမ်ဟာ ထိုကင်တစ်ခုကို အင်္ကျီလက်အိုးထဲကနေ ထုတ်ယူပြီး ချန်ယွီအာကို လှမ်းပေးလိုက်ပါတယ်။
“မင်းရဲ့ ဂျူနီယာမောင်လေးကို အတွင်းဂိုဏ်းမှာ စာရင်းသွင်းဖို့ ခေါ်သွားချည်၊ ပြီးရင် သူ့နေထိုင်ဖို့နဲ့ ကျင့်ကြံဖို့အတွက် လိုဏ်ဂူတစ်စု စီစဉ်ပေးလိုက်”
“ဟုတ်ကဲ့ပါ… ဆရာသခင်” ချန်ယွီအာဟာ ဂရုတစိုက် မတ်တပ်ရပ်လိုက်ပါတယ်။
ဟန်ကျွယ်လည်း မတ်တပ်ရပ်လိုက်ပြီး သူ့ဆရာသခင် နတ်မိမယ်ရှီရွှမ်ကို ဦးညွှတ်ကာ ချန်ယွီအာနောက် လိုက်သွားပါတယ်၊ သူတို့တွေ နန်းတော် အပြင်ဘက်ကို ရောက်တယ်ဆိုရင်ပဲ သူတို့နောက်က တံခါးဟာ အလိုလို ပိတ်သွားပါတယ်။
“ဂျူနီယာမောင်လေး… အစ်မနာမည်က ချန်ယွီအာ၊ အခုအချိန်ကစပြီး မောင်လေးက အစ်မကို အစ်မချန် ဒါမှမဟုတ် စီနီယာချန်လို့ ခေါ်လို့ရတယ်၊ မောင်လေးက အသစ်ရောက်လာတဲ့သူဆိုတော့ နားမလည်တာရှိမယ်ဆိုရင် အစ်မကို ကြိုက်တဲ့အချိန် လာမေးလို့ရတယ်” ချန်ယွီအာဟာ အပြုံးနဲ့ ပြောလိုက်ပြီး ဟန်ကျွယ်ရဲ့ အကြည့်နဲ့ မျက်နှာချင်း ဆိုင်လိုက်ပါတယ်၊ သူမဟာ ရှက်ခြင်း မရှိဘဲ ဟန်ကျွယ်ကို စိုက်ကြည့်နေပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းနည်းနည်း ငုံ့လိုက်ပြီး “ကျေးဇူးတင်ပါတယ်… အစ်မချန်၊ ကျွန်တော်က အစ်မကို ဒုက္ခ မပေးရဲပါဘူး၊ ဒါပေမဲ့ အစ်မ အကူအညီ လိုရင်တော့ ကျွန်တော့်ကို အချိန်မရွေး ပြောနိုင်ပါတယ်” ဟု ပြန်ပြောလိုက်၏။
“ခစ်. ခစ်… မင်းက လူကောင်းလေးပဲ”
သူက တစ်ခြား ဂျူနီယာ၊ စီနီယာ အမျိုးသားတပည့်တွေထက် ပိုပြီးချောမောပါတယ်၊ ချန်ယွီအာဟာ ဒီလိုချောမောတဲ့ အမျိုးသားကို ပထမဆုံးအကြိမ် တွေ့ဖူးတာဖြစ်ပြီး ဟန်ကျွယ်ရဲ့ စိတ်နေသဘောထား၊ ပင်ကိုယ်စရိုက်တွေက သူမကို အလွန်တရာပဲ ကျေနပ်နှစ်သိမ့်စေပါတယ်၊ ချန်ယွီအာဟာ ဒီဂျူနီယာ မောင်လေးဟန်ကို သူများတွေ အနိုင်ကျင့်မခံရအောင် ကာကွယ်ပေးမယ်လို့ သူ့ကိုယ်သူ ကျိန်ဆိုလိုက်ပါတယ်။
ချန်ယွီအာနဲ့ ဟန်ကျွယ်ဟာ ချောက်ကမ်းပါးနားကို စကားပြောဆို ရယ်မောရင်းနဲ့ ရောက်သွားပါတယ်၊ ချန်ယွီအာဟာ သူ့ဓါးပျံကို ထုတ်ယူလိုက်ပြီး ဟန်ကျွယ်ကို နောက်ကနေ သူ့ခါးကို ဖက်ခိုင်းပါတယ်၊ ဟန်ကျွယ်ဟာ တုံ့ဆိုင်းသွားပါတယ်။
“မင်းကလွဲလို့ တစ်ခြားဂျူနီယာမောင်လေးတွေက ငါ့ခါးကို ဖက်ဖို့ အခွင့်အရေးတစ်ခါတောင် ရှိတာ မဟုတ်ဘူး” ချန်ယွီအာက ဟွန်းခနဲ နှာခေါင်းရှုံ့လိုက်ပါတယ်၊ အမှန်တော့ ဟန်ကျွယ်က ချန်ယွီအာ ပထမဆုံး တွေ့ဆုံတဲ့ ဂျူနီယာမောင်လေး ဖြစ်ပါတယ်၊ ကျောက်အေးတောင်ထိပ် တစ်ခုလုံးမှာ ချန်ယွီအာရဲ့ ဂျူနီယာက ဟန်ကျွယ်တစ်ယောက်တည်းပဲ ရှိပါတယ်၊ ကျောက်အေးတောင်ထိပ်မှာ တပည့်သစ်မရှိတာက နှစ်အတန်ကြာခဲ့ပါပြီ။
ချန်ယွီအာက ဒီလိုပြောလိုက်တဲ့အတွက် ဟန်ကျွယ်ဟာ ဘာမှမတုံ့ဆိုင်းနေတော့ဘဲ ချန်ယွီအာရဲ့ သွယ်လျကျစ်လျစ်တဲ့ခါးကို အနောက်ကနေ ဖက်လိုက်ပါတယ်။
…
နှစ်နာရီကြာပြီးတဲ့နောက်မှာ ချန်ယွီအာဟာ ဟန်ကျွယ်ကို လိုဏ်ဂူတစ်ခုဆီ ခေါ်သွားပြီး “ဒီလိုဏ်ဂူက မောင်လေး ကျင့်ကြံဖို့ လိုဏ်ဂူပဲ၊ အစ်မရဲ့လိုဏ်ဂူက မောင်လေးလိုက်ဂူရဲ့ ညာဘက်မှာ ရှိတယ်၊ ဒီလိုဏ်ဂူထဲမှာ မောင်လေး အေးအေးဆေးဆေး ကျင့်ကြံလို့ရတယ်” ဟု ပြောလိုက်၏။
‘နီးလာချည်လား?’ ဟန်ကျွယ်ဟာ ချန်ယွီအာရဲ့ လက်ညိုးညွှန်ရာကို ကြည့်လိုက်တဲ့အခါမှာ မီတာ ၁၀ဝ အကွာလောက်မှာရှိတဲ့ လိုဏ်ဂူဝတစ်ခုကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပေမဲ့ ချန်ယွီအာကို ကျေးဇူးတင်ကြောင်း ပြောလိုက်၏။
ဟန်ကျွယ်နှင့် ချွန်ယွီအာသည် တစ်ဦးကို တစ်ဦး နှုတ်ဆက်လိုက်ကြပါတယ်။
လိုဏ်ဂူထဲကို ဟန်ကျွယ် ဝင်လိုက်တဲ့အခါမှာ လိုဏ်ဂူနံရံပေါ်မှာ လက်ကိုင်ဘုတုံးတစ်ခုကို တွေ့လိုက်ရတဲ့အတွက် ကောက်လှည့်ကြည့်လိုက်တဲ့အခါမှာ လိုဏ်ဂူဝရှိ ကျောက်တုံးတံခါးဟာ ပိတ်သွားပြီး ချက်ချင်းဆိုသလိုပဲ လိုဏ်ဂူဟာ ထိန်လင်းသွားပါတယ်။
ဟန်ကျွယ်ဟာ ဥမင်းလမ်းရဲ့ အဆုံးကို လျှောက်သွားရာ စတုရန်းမီတာ ၁၀၀ ကျော် ကျယ်ဝန်းတဲ့ ဂူထဲကို ရောက်ရှိသွားပြီး အိပ်ရာ၊ စားပွဲ၊ သစ်သားဗီရိုတို့ကို တွေ့လိုက်ရပါတယ်၊ ဟန်ကျွယ်ဟာ အိပ်ရာပေါ်မှာ ကောက်ထိုင်လိုက်ပြီး အသစ်ရထားတဲ့ အာကာသအိတ်ကို ထုတ်ယူလိုက်ပါတယ်။
အတွင်းဂိုဏ်းသားတွေကို ပေးတဲ့ ဒီအာကာသအိတ်ဟာ အပြင်ဂိုဏ်းသားတွေရဲ့ အာကာသအိတ်ထက် ဆယ်ဆမက ပို့ကျယ်ပြန့်ပါတယ်၊ ဒီအိတ်ထဲမှာရှိတဲ့ အာကာသရဲ့ အရွယ်အစားက အလျား အနံ အမြင့် မီတာ ၁၀၀ စီ ရှိပါတယ်။
ဟန်ကျွယ်ဟာ ကျောက်အေးတောင်ထိပ်ရဲ့ ဝတ်စုံတစ်စုံ၊ ဓါးပျံတစ်ချောင်း၊ ဓါးပျံပညာရပ် ရေးသားထားတဲ့ စာအုပ်တစ်အုပ်၊ ကျောက်အေးတောင်ထိပ်ရဲ တိုကင်တစ်ခု၊ အလတ်တန်း စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၊ ချီခဲဆေးလုံး တစ်ပုလင်းကို ရရှိလိုက်ပါတယ်။
ချန်ယွီအာဆီက သိရသလောက် ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးဟာ အလတ်တန်း စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ နဲ့ ညီမျှပါတယ်၊ အလတ်တန်း စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးဟာ အငယ်တန်း စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ နဲ့ ညီမျှပါတယ်၊ နောက်ပြီး စိတ်ဝိညာဉ်ကျောက်တုံးတွေကို ကျင့်ကြံခြင်းအတွက်သာမက ငွေကြေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်းပင် စနစ်ထဲကနေ အဆင့်မြင့်စိတ်ဝိညာဉ် ကျောက်တုံးတစ်ထောင်ကို ထုတ်ယူကာ သူ့အာကာသအိတ်ထဲ ထည့်လိုက်ပါတယ်၊ ဒီစိတ်ဝိညာဉ် ကျောက်တုံး ပမာဏက ဟန်ကျွယ်ကို ကြွယ်ဝအောင် လုပ်ပေးနိုင်လောက်တဲ့ တန်ဖိုးရှိပါတယ်။
အမတဧကရာဇ် ဆက်ခံသူအတွက် ထောက်ပံ့ပေးတဲ့အရာတွေက တကယ့်ကို အံမခန်းပါပဲ၊ စစချင်းကို အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်တောင် ပေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ သူ့ကိုယ်ရေးအကျဉ်းကို ဖွင့်လိုက်ပြီး လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။
[ ချန်ယွီအာ: ဒုတိယတန်း အခြေခံအဆင့်၊ သူက သင့်ကို မောင်လေးတစ်ဦးကဲ့သို့ ဆက်ဆံ၏၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်]
[ နတ်မိမယ်ရှီရွှမ်: ကနဦးဝိညာဉ် တတိယအဆင့်၊ သင့်ဆရာသခင်က သင်၏ စိတ်နေသဘောထားကို သဘောကျ၏၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်]
ငါ့ကို မောင်လေးလို ဆက်ဆံတာလား? ဟန်ကျွယ်ဟာ ပြောစရာစကား မရှိတော့ပါဘူး၊ မျက်နှာပေးမှုက သူထင်သလို ချစ်ရေးကြိုက်ရေးတွေကိုချည်းပဲ ဆိုလိုတာ မဟုတ်လေတော့ ဟန်ကျွယ်က သူ့ကိုယ်သူ အထင်ကြီးလွန်းသွားပြီလို သိလိုက်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ရဲ့ ကျင့်ကြံမှုကြောင့် အလွန်တရာမှာ အံအားသင့်သွားပါတယ်၊ သူမက ကနဦးဝိညာဉ်အဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ပါ! အပြင်ဂိုဏ်းရဲ့ ပထမအကြီးအကဲတောင် အခြေခံအဆင့်မှာပဲ ရှိပါတယ်။
ဟန်ကျွယ် သိတဲ့ ကျင့်ကြံခြင်း အဆင့်တွေက ချီသန့်စင်ခြင်း၊ အခြေခံအဆင်၊ ရွှေဓာတ်လုံးနဲ ကနဦးဝိညာဉ်အဆင့်တွေပဲ ဖြစ်ပါတယ်၊ ဒါကြောင့် တစ်နည်းအားဖြင့် ပြောရရင် နတ်မိမယ်ရှီရွှမ်က ဟန်ကျွယ် တွေ့ကြုံဖူးတဲ့ ကျင့်ကြံသူတွေထဲမှာ အသန်မာဆုံး ကျင့်ကြံသူပါပဲ ‘မဆိုးဘူး… မဆိုးဘူး’ လို့ ဟန်ကျွယ်က ပျော်ရွှင်စွာ တွေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ သူ့ပစ္စည်းတွေကို သိမ်းဆည်းလိုက်ပြီး ဓါးပျံပညာရပ် စာအုပ်ကို စဖတ်လိုက်ပါတယ်၊ သူ့အနေဲ့ ဒီဓါးပျံပညာရပ်ကို တတ်မြောက်ဖို့ လိုအပ်ပါတယ်၊ မဟုတ်ရင် တောင်အောက် ဆင်းမယ်ဆိုတိုင်း သူ့စီနီယာအစ်မရဲ့ ပါးလျကျစ်လျစ်တဲ့ခါးကို ဖက်ရမှာပါ။
ဟန်ကျွယ်ဟာ ဓါးသိုင်းပညာရပ်မှာ ထိပ်တန်းပါရမီရှိတာမို့ ဒီဓါးပျံပညာရပ်ကို တစ်နာရီတည်းနဲ့ တက်မြောက်သွားပါတယ်၊ ဟန်ကျွယ်ဟာ သူ့သွေးကို ဓါးပျံပေါ်ချလိုက်ပြီး သူ့ကိုသခင်အဖြစ် အသိအမှတ်ပြုအောင် လုပ်လိုက်ပါတယ်၊ သွေးချပြီး သခင်အဖြစ် အသိအမှတ်ပြုခိုင်းတဲ့ ဒီနည်းလမ်းကို ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်ထဲကနေ ဟန်ကျွယ် ရထားတာပါ၊ အားလုံးပြီးစီးသွားပြီးနောက် ဟန်ကျွယ်ဟာ လိုဏ်ဂူထဲကနေ ထွက်လိုက်ပြီး သူ့ဓါးပျံပေါ်တက်ကာ ကျောက်အေးတောင်ထိပ်ကို ပတ်ပျံသန်းရင်း ဓါးပျံပညာရပ်နဲ့ အကျွမ်းတဝင်ရှိအောင် လေ့ကျင့်ပါတော့တယ်။
ကျောက်အေးတောင်ထိပ်ရဲ့ ခန်းမမှာ ထိုင်နေတဲ့ နတ်မိမယ်ရှီရွှမ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး “ဒီကောင်လေးက ဓါးပျံပညာရပ်ကို တကယ်ပဲ ပထမဆုံးအကြိမ် လေ့ကျင့်တာလား” လို့ ရေရွတ်လိုက်ပါတယ်၊ သူမဟာ ဟန်ကျွယ်နဲ့ ချန်ယွီအာတို့ စကားပြောတာကို ခိုးနားထောင်ခဲ့ပါတယ်။
‘သူလိမ်နေတာလား? သူက လိမ်နေတာဆိုရင် ဘာလို့ ရုတ်တရက်ကြီး ဓါးပျံပညာကို သုံးပြီး လျှောက်ပျံနေရတာလဲ?’ နတ်မိမယ်ရှီရွှမ်ဟာ အကြောင်းအရင်း အမှန်ကို မခန့်မှန်းနိုင်တဲ့အတွက် အချိန်ကြာကြာ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ် အကြိမ်ဒါဇင်လောက် ပျံသန်းပြီးတဲ့အခါမှာတော့ သူ့လိုဏ်ဂူဆီ ပြန်ပြီး တင်ပလ္လင်ခွေထိုင်ကာ သူရဲ့ မီးစိတ်ဝိညာဉ် စွမ်းအားကို စတင်လေ့ကျင့်လိုက်ပါတယ်။
[ သင်က ယွီဂျင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်တစ်ယောက် ဖြစ်သွားပြီး ဂိုဏ်းထဲဝင်ရောက်ပြီးနောက် ပထမဆုံး ကျင့်ကြံမှုကို စတင်ရတော့မည်၊ အောက်ပါလမ်းစဉ်များထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်]
[ ၁။ နာမည်ကျော်ကြားအောင် လုပ်ပြီး ကျောက်အေးတောင်ထိပ်ကို အသန်မာဆုံး တောင်ထိပ်ဖြစ်အောင် ဦးဆောင်မည်၊ ပြိုင်ဘက်ကင်း ရတနာတစ်ခုကို ရရှိမည် ဖြစ်သော်လည်း နတ်မိမယ်ရှီရွှမ်ကို အပြစ်ပြုမိမည်]
[ ၂။ လူသိမခံဘဲ ကျင့်ကြံအားထုတ်မည်၊ နတ်မိမယ်ရှီရွှမ်၏ အသိအမှတ်ပြုခြင်းကို ခံရလျှင် ရွေ့လျားခြင်း သိုင်းပညာရပ်တစ်ရပ်ကို ရရှိမည်]
ဟန်ကျွယ်ဟာ သူ့မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့် အုပ်ပြီး တွေးတောလိုက်၏ ‘ဘာတွေလဲဟ? ကျောက်အေးတောင်ထိပ်ကို အသန်မာဆုံးတောင်ထိပ် ဖြစ်အောင် ဦးဆောင်မယ်ဆိုရင် နတ်မိမယ်ရှီရွှမ်ကို အပြစ်ပြုမိမယ်? ငါ့ဆရာက မိစ္ဆာဂိုဏ်းရဲ့ သူလျှိုလား?’
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး အသာပြုံးကာ ဒုတိယကို ရွေးချယ်လိုက်ပါတယ်၊ သူက ပြိုင်ဘက်ကင်း ရတနာကို စိတ်မဝင်စားပါဘူး၊ သူဖြစ်ချင်တာက အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ဖို့ပါပဲ။
…
မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးနှစ်ဆိုတဲ့အချိန်ဟာ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာလည်း သူ့ရဲ့ မီးကျင့်ကြံခြင်းစွမ်းရည်ကို ချီသန့်စင်ခြင်း နဝမအဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်သွားပါတယ်၊ သူ အခု ကျင့်ကြံဖို့ ကျန်နေတာက မိုးကြိုးစွမ်းရည်ပါ၊ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီကျောက်အေးတောင်ထိပ်ကနေ မိုးကြိုးစိတ်ဝိညာဉ်ချီကို ဘယ်လိုမှ အာရုံခံစားလို့ မရပါဘူး။
အဲဒါကြောင့် ဟန်ကျွယ်ဟာ သူ့ဆရာဆီ တစ်ခေါက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ ဆုံးဖြတ်ပြီးတာနဲ့ ချက်ချင်းဆိုသလို သူနေထိုင်ရာ လိုဏ်ဂူထဲကနေ အပြင်ကို ထွက်လိုက်ပါတယ်၊ ဟန်ကျွယ်ဟာ ဓါးပျံပညာကို အသုံးပြုပြီး ကျောက်အေးတောင်ထိပ်ရဲ့ ခန်းမဝဆီ မြန်ဆန်စွာ ပျံသန်းသွားကာ တံခါးဝမှာ ဒူးထောက်လိုက်ပါတယ် “ဆရာသခင်… ကျွန်တော့်မှာ မေးစရာရှိလို့ပါ” ဟန်ကျွယ်ဟာ ပုံမှန်အတိုင်းပဲ ပြောလိုက်တာ ဖြစ်ပါတယ်၊ ဒါပေမဲ့ နတ်မိမယ်ရှီရွှမ် ကြားမယ်ဆိုတာကို သူ ကျိန်းသေသိပါတယ်။
မကြာမီမှာပဲ တံခါးပွင့်သွားတဲ့အတွက် ဟန်ကျွယ်ဟာ ဒူးထောက်နေရာမှ ထပြီးတော့ ခန်းမထဲကို လမ်းလျှောက် ဝင်လိုက်ပါတယ်၊ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ဆီ လျှောက်သွားပြီး ဒူးထောက်ကာ “ဆရာသခင်… ကျွန်တော်ရဲ့ လေနဲ့မီး စွမ်းရည်တွေကို ချီသန့်စင်ခြင်း နဝမအဆင့်ထိ ရောက်အောင် ကျင့်ကြံပြီးပါပြီ၊ အခြေခံအဆင့်ကို တက်လှမ်းနိုင်ဖို့ မိုးကြိုးစွမ်းရည်ပဲ လိုပါတော့တယ်၊ မိုးကြိုးစိတ်ဝိညာဉ်ချီကို ဘယ်မှာရှာရပါမလဲ” လို့ မေးလိုက်ပါတယ်။
နတ်မိမယ်ရှီရွှမ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ “မင်းက မင်းရဲ့စွမ်းရည် သုံးမျိုးလုံးကို လေ့ကျင့်ချင်တာလား?” လို့ မေးလိုက်ရာ ဟန်ကျွယ်က “ဟုတ်ပါတယ်… ဆရာသခင်” လို့ တရိုတသေ ပြန်ဖြေလိုက်ပါတယ်၊ အမှန်တော့ ဟန်ကျွယ်က စွမ်းရည်ခြောက်မျိုးကို လေ့ကျင့်နေတာပါ။
“ဒီလမ်းက မလွယ်ဘူး၊ မင်းရင်ဆိုင်ရမဲ့ ကောင်ကင်ဒုက္ခက သူများတွေထက် အများကြီး ပိုအားကောင်းမှာ၊ မင်းအရင်ဆုံး စိတ်ဝိညာဉ်ချီတစ်မျိုးပဲ လေ့ကျင့်ပါလား၊ ရွှေဓာတ်လုံးအဆင့် ရောက်မှ တစ်ခြားစိတ်ဝိညာဉ်ချီတွေကို လေ့ကျင့်လည်း နောက်မကျပါဘူး”