အခြေခံအဆင် တတိယတန်း၊ မော့ဖူချို
Vol. 1 Ch. 9
အခန်း (၉) အခြေခံအဆင် တတိယတန်း၊ မော့ဖူချို
“ကျွန်တော်က ဒီအတိုင်းပဲ ဆက်သွားချင်ပါတယ်၊ ဒါက ခက်ခဲတယ်ဆိုပေမဲ့ ကျွန်တော် လုပ်နိုင်မယ်လို့ ယုံကြည်တယ်၊ ကျွန်တော့် အချိန်တွေ အကုန်လုံးကို ကျင့်ကြံခြင်းမှာပဲ ကုန်ဆုံးဖို့ ဆန္ဒရှိပါတယ်” ဟန်ကျွယ်က နတ်မိမယ်ရှီရွှမ်ကို ပြန်ပြောလိုက်ပါတယ်၊ နတ်မိမယ်ရှီရွှမ်က သူ့ကို တစ်ခါတည်း မငြင်းတဲ့အတွက် သူ့မှာ အခွင့်အရေးရှိပါသေးတယ်။
နတ်မိမယ် ရှီရွမ်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ်။
“အတွင်းဂိုဏ်းမှာ မိုးကြိုးစိတ်ဝိညာဉ်အိုင်ဆီ သွားလို့ရတဲ့ ပေါ်တယ်လ်ဖော်မေးရှင်း ရှိတယ်၊ ဒါပေမဲ့ မိုးကြိုးစိတ်ဝိညာဉ်အိုင်မှာ တစ်ရက်နေဖို့အတွက် လူတစ်ယောက်ကို အလတ်တန်း စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံး ပေးရလိမ့်မယ်” ဒီတန်ဖိုးက သာမန်ကာလျှံကာ ကြည့်မယ်ဆိုရင် စျေးချိုတယ်လို့ ထင်ရပေမဲ့ သေချာတွေးကြည့်မယ်ဆိုရင် ဒီလိုမဟုတ်ပါဘူး၊ ကျင့်ကြံသူတွေက တစ်ခါ တံခါးပိတ်ကျင့်ကြံရင် လချီနှစ်ချီ ကြာညောင်းတာမို့ ဒီမိုးကြိုးအိုင်မှာ ကျင့်ကြံမဲ့ ကျင့်ကြံသူဟာ အလွန်များပြားတဲ့ စိတ်ဝိညာဉ်ကျောက်တုံး ပမာဏကို ပေးရမှာ ဖြစ်ပါတယ်။
“ဆရာသခင်ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အဲဒီကို အခုပဲ သွားပါတော့တယ်”
ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ နေရာကထပြီး ထွက်ခွာသွားပါတယ်၊ နတ်မိမယ်ရွှီရွှမ်ဟာ တစ်ချက်ပြုံးလိုက်ပြီးနောက် မျက်လုံးမှိတ်ကာ ဆက်လက်ကျင့်ကြံပါတယ်။
ဟန်ကျွယ်ဟာ အတွင်းဂိုဏ်းမြို့ကို ရောက်ရှိသွားပြီးနောက် အမျိုးသမီးတပည့်တစ်ဦးကို တားကာ “စီနီယာ… နှောင့်ယှက်ရတာအတွက် တောင်းပန်ပါတယ်၊ မိုးကြိုးစိတ်ဝိညာဉ်အိုင်က ဘယ်နေရာမှာလဲ မသိလိုပါ၊ စီနီယာ ပြောပြပေးနိုင်မလား?” လို့ မေးလိုက်ပါတယ်။
“ဒီလမ်းရဲ့ အဆုံးမှာ၊ မီးပုံးမှာ ‘မိုးကြိုး’ လို့ ရေးထားတဲ့ နေရာက မိုးကြိုးစိတ်ဝိညာဉ်အိုင်ပဲ”
“ကျေဇူးပါပဲ”
“ဂျူနီယာ…”
ဟန်ကျွယ်ဟာ သူမကို စကားပြောခွင့် တစ်စက်ကလေးမျှတောင် မပေးဘဲ ခပ်သုတ်သုတ် ထွက်ခွာလာခဲ့ပါတယ်။
လူတွေ ရှိတဲ့ နေရာတိုင်းမှာ ပြဿနာ ရှိပါတယ်၊ သူငယ်ချင်း နည်းလေ၊ သူ့မှာ ပြဿနာ နည်းလေပါပဲ၊ သူငယ်ချင်းဆိုတာ ဘာလဲ? တစ်ဦးနဲ့တစ်ဦး ကူညီလို့ သူငယ်ချင်းလို့ ခေါ်တာပါ၊ မင်းက ငါ့ဆီက အကူအညီလိုရင် အဲဒီမှာ ပြဿနာရှိပြီပဲ!
ဆယ်မိနစ်ခန့် ကြာပြီးနောက်မှာ ဟန်ကျွယ်ဟာ မိုးကြိုးစိတ်ဝိညာဉ်အိုင်ကို ရှာတွေ့သွားပါတယ်၊ အဆောင်ထဲကို ဝင်လိုက်တဲ့အခါမှာတော့ အတွင်းဝင်းခြံမှာ ရှိနေတဲ့ ပေါ်တယ်လ် ဖော်မေးရှင်းကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာကို ထုတ်လိုက်ပါတယ်၊ သူက မိုးကြိုးစိတ်ဝိညာဉ်အိုင်မှာ သုံးနှစ်နေဖို့ ဆုံးဖြတ်ထားပါတယ်၊ သူ စောပြီး ထွက်လာရင်လည်း ကျန်တဲ့အချိန်အတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ပြန်အမ်းလို့ရပါတယ်။ ယွီဂျင်ဂိုဏ်းက ကိုယ့်တည့်တွေဆီကတော့ ဘယ်တော့မှ ပြန်မခိုးပါဘူး။
ဒီနေရာမှာ အလုပ်လုပ်ကြတဲ့ လူတွေက သန့်ရှင်းရေး တာဝန်ယူထားတဲ့ တပည့်တွေပါ၊ ဒီမိုးကြိုးစိတ်ဝိညာဉ်အိုင်ရဲ့ ပိုင်ရှင်က အကြီးအကဲဆိုတော့ ဘယ်သူမှ ဒီနေရာမှာ ပြဿနာ မရှာရဲပါဘူး၊ ဒီနေရာမှာ အလုပ်လုပ်နေတဲ့ တပည့်တွေဟာ ဟန်ကျွယ်ရဲ့ ရက်ရောမှုကြောင့် အတော်လေး အံဩသွားပါတယ်၊ ဒါပေမဲ့ သူတို့တွေက ဘာမှ မပြောပါဘူး။
မိုးကြိုစွမ်းရည်ရှိတဲ့ ကျင့်ကြံသူက ရှားပါးတယ်ဆိုပေမဲ့ ယွီဂျင်ဂိုဏ်းမှာ မိုးကြိုးစွမ်းရည်ရှိတဲ့ တပည့်က တစ်ယောက်မကပါဘူး။
ဟန်ကျွယ်ဟာ သူ့မျက်လုံးကို ပြန်ဖွင့်လိုက်တဲ့အခါ ပူအိုက်နေတဲ့ အိုင်တစ်ခုဆီ ရောက်နေတာကို တွေ့လိုက်ရပါတယ်၊ ဒီနေရာမှာ မြင်နိုင်စွမ်းက တော်တော်လေး နိမ့်ကျပါတယ်၊ မိုးကြိုးတိမ်တိုက်တွေဟာ အလွန်တရာ နိမ့်ဆင်းနေပြီး လက်နဲ့တောင် လှမ်းထိလို့ ရတယ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ သူ့အပြင် နောက်ထပ် ကျင့်ကြံသူတစ်ဦးက အနီးအနားမှာ ကျင့်ကြံနေတကိုလည်း တွေ့လိုက်ရပါတယ်။
“မိုးကြိုးစိတ်ဝိညာဉ်အိုင်မှာ လျှောက်မသွားနဲ့၊ မင်း ဒီအိုင်မှာပဲ လေ့ကျင့်လို့ရတယ်၊ ဒါကို နားမထောင်ဘဲ လျှောက်သွားလို့ မိုးကြိုးထိပြီး အသတ်ခံရရင် မင်းထိုက်နဲ့ မင်းကံပဲ” အေးစက်သော အသံတစ်သံဟာ နောက်ကျော်ဘက်ကနေ ထွက်ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ အသံလာရာကို ချက်ချင်း လှည့်ကြည့်လိုက်တဲ့အခါ ကြီးမားတဲ့ သစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရပြီး သစ်ပင်ကြီးရဲ့ ပင်စည်မှာ ထေ့ငေ့ါနေတဲ့ လူသားတစ်ယောက်ရဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရပါတယ်။
သစ်ပင်စိတ်ဝိညာဉ်!
မိုးကြိုးစိတ်ဝိညဉ်အိုင်ဟာ လျင်မြန်စွာပင် တိတ်ဆိတ်သွားပြီး မိုးခြိမ်းသံများကိုသာ ကြားရပါတော့တယ်။
ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ချီ အမြောက်အများကို ခံစားမိလိုက်တဲ့အတွက် အတော်လေး ကျေနပ်အားရသွားပါတယ်၊ ဒီနေရာမှာ ရှိနေတဲ့ မိုးကြိုးစိတ်ဝိညာဉ်ချီတွေက အလွန်များပြားတဲ့အတွက် ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းက တစ်ခြားစွမ်းရည်တွေကို ကျင့်ကြံတုန်းကထက် ပိုမြန်သွားပါတယ်။ ဟန်ကျွယ်ဟာ အရမ်း အရမ်းကြီးကို စိတ်လှုပ်ရှားသွားပါတယ်။
…
တစ်နှစ်အတွင်းမှာပဲ ဟန်ကျွယ်ဟာ သူ့ရဲ့ မိုးကြိုးစွမ်းရည်ကို ချီသန့်စင်ခြင်း နဝမအဆင့်ထိရောက်အောင် အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပါတယ်။ ဟန်ကျွယ်ဟာ ထွက်မသွားဘဲ အခြေခံအဆင့်ကို တက်ရောက်ဖို့ ပြင်ဆင်ပါတယ်။
ဟန်ကျွယ်ဟာ အရင်တုန်းက ကျန်တဲ့စွမ်းရည်တွေကို အများဆုံးထိရောက်အောင် ကျင့်ကြံခဲ့ပြီးပါပြီ၊ အခုတော့ မိုးကြိုးစွမ်းရည်လည်း အများဆုံးထိ ရောက်သွားပါပြီ၊ ဟန်ကျွယ်ဟာ စွမ်းရည်ခြောက်ခုလုံး အများဆုံးထိ ရောက်ရှိသွားတဲ့အတွက် အခြေခံအဆင့်ကို ချက်ချင်း တက်ရောက်လို့ ရသွားပါပြီ။
အခြေခံအဆင့် တက်ရောက်ဖို့ လိုအပ်တဲ့ အခြေခံအဆင့်ဆေးလုံးက မော်တယ်တွေအတွက်ပါ၊ ဟန်ကျွယ်လို ထိပ်တန်း ကျင့်ကြံခြင်း စွမ်းရည်ရှိသူ အတွက်ကတော့ ဘာဆေးလုံးမှ မလိုအပ်ပါဘူး။
ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်ရဲ့ ပထအဆင့်မှာ ကောင်းကင်ဒုက္ခကို ဘယ်လို ရှောင်ရှားရမလဲဆိုတဲ့ နည်းလမ်းတစ်ခုကို ဖော်ပြထားပါတယ်၊ အဲဒီနည်းလမ်းက ကောင်းကင်ဒုက္ခကို စုပ်ယူတာပါ၊ ပြန်လည်မွေးဖွာရာ လမ်းခြောက်သွယ် ကျင့်စဉ်က ကောင်းကင်ဒုက္ခ လျှပ်စီးကို စုပ်ယူပြီး မိုးကြိုးစိတ်ဝိညာဉ်ချီအဖြစ် ပြောင်းလဲလိုက်တဲ့အတွက် ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေမှာပါ။
တစ်လကြာပြီးနောက် ဟန်ကျွယ်ဟာ အခြေခံအဆင့်ကို စတင် ထိုးဖောက်ပါတော့တယ်။ မိုးကြိုးစိတ်ဝိညာဉ်အိုင်မှာ ကျင့်ကြံသူ တစ်ယောက်စ နှစ်ယောက်စသာ ရှိတဲ့အတွက် အခြေခံအဆင့်ကို သူအောင်မြင်စွာ ထိုးဖောက်နိုင်သွားရင်တော့ သိပ်ပြီး အာရုံစိုက်ခံရမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်ကို လေ့ကျင့်လိုက်တဲ့အခါမှာ စိတ်ဝိညာဉ်ချီ ခြောက်မျိုးဟာ သူ့ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်သွားပြီး တန်းထျန်ထဲမှာ ဝဲကတော့ ခြောက်ခု ဖြစ်ပေါ်လာပါတယ်။
သစ်ပင်စိတ်ဝိညာဉ်ဟာ ရုတ်တရက် မျက်လုံးဖွင့်ပြီး ဟန်ကျွယ်ကို တအံတဩ ကြည့်လိုက်သလို အနီးအနားမှာရှိတဲ့ ကျင့်ကြံသူကလည်း မျက်လုံး ဖွင့်လိုက်ပါတယ်၊ မိုးကြိုးစိတ်ဝိညာဉ်အိုင်မှာ ရှိတဲ့ လျှပ်စီးတွေက ဟန်ကျွယ်ဆီမှာ စတင်စုစည်းနေပါတယ်။
“သူက အခြေခံအဆင့်ကို တက်ရောက်ဖို့ ကြိုးစားနေတာလား?” ကျင့်ကြံသူရဲ့ မျက်နှာဟာ ရှုံ့မဲ့သွားပြီး ကောင်းကင်ဒုက္ခ စက်ကွင်းမိမှာစိုးတဲ့အတွက် ဟန်ကျွယ်နဲ့ အဝေးကို ရွှေ့လိုက်ပါတယ်။
တစ်နာရီကြာတဲ့ အခါမှာတော့ ဟန်ကျွယ် ခေါင်းပေါ်မှာ လျှပ်စီးတွေတန်းဟာ ရောယှက်ပြီး နဂါခေါင်းတွေလိုလို မြွေခေါင်တွေလိုလို ဖြစ်လာပါတယ်၊ ထူးဆန်းတာက ဒီလျှပ်စီးတွေဟာ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ကို ထိတာနဲ့ ပျောက်ကွယ်သွားပြီး ဟန်ကျွယ်ကို ဘာဒုက္ခမှ မပေးနိုင်ပါဘူး။
သစ်ပင်စိတ်ဝိညာည်နဲ့ ကျင့်ကြံသူဟာ မျက်မှောင်ကြုတ်လိုက်ပြီး ‘သူက ဘာကျင့်စဉ်ကို ကျင့်နေလို့ ကောင်းကင်ဒုက္ခကို ဒီလိုတုံ့ပြန်နိုင်ရတာလဲ” လို့ တွေးလိုက်ကြပါတယ်၊ သူတို့ဟာ အံအားသင့်သွားကြပေမဲ့ ဟန်ကျွယ်ကို မနှောင့်ယှက်ပါဘူး။
ကျင့်ကြံသူတစ်ဦး ကောင်းကင်ဒုက္ခကို ကျော်ဖြတ်နေတုန်း နှောင့်ယှက်တာက ကျင့်ကြံခြင်း လောကမှာ လုံးဝတားမြစ်ထားတဲ့ အရာပါ၊ ဒါကို ချိုးဖောက်တဲ့သူက ဒုစရိုက်သမားပါပဲ။
ဟန်ကျွယ်ဟာ သူ့ရဲ ထိပ်တန်း ကျင့်ကြံခြင်းစွမ်းရည်၊ ပြိုင်ဘက်ကင်း ကျင့်စဉ်ကို အမှီပြုပြီး အခြေခံအဆင့်ကို အလွန် ချောမွေ့စွာ ထိုးဖောက်နိုင်သွားပါတယ်၊ ဒီလိုထိုးဖောက်တဲ့ နေရာမှာ ဘာပြဿနာမှ မရှိသလို ဘာအန္တရယ်မှလည်း မကြုံတွေ့ မခံစားလိုက်ရပါဘူး။
သုံးရက်အကြာမှာတော့ ဟန်ကျွယ်ဟာ အခြေခံအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်သွားပြီး အခြေခံအဆင့် ပထမတန်းကို ရောက်ရှိသွားပါတယ်။
[ အခြေခံအဆင့်ကို ရောက်ရှိမှုအတွက် ဝမ်းမြောက်ကြောင်း ပြောပါရစေ၊ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်]
[၁] ယွီဂျင်ဂိုဏ်းတွင် ကျော်ကြားလာပြီး မိုးကြိုးကိုးပါပညာရပ်ကို ရရှိမည်၊ ထို့အပြင် နတ်မိမယ်ရှီရွှမ်ကို အပြစ်ပြုမိမည်။
[၂] လူသိမခံဘဲ ရွှေဓာတ်လုံးအဆင့်ကို အမြန်ဆုံး ရောက်အောင် ဆက်လက် ကျင့်ကြံပါ၊ ပြိုင်ဘက်ကင်း မှော်ပညာဓါးကို ရရှိပါမည်။
ဟန်ကျွယ်ဟာ တစ်စက္ကန့်မျှပင် တုံ့ဆိုင်းခြင်း မရှိဘဲ ဒုတိယကို ရွေးချယ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ အဆင့်တက်ပြီးနောက် ချက်ချင်း ထွက်မသွားဘဲ အချိန်ပြည့်တဲ့အထိ သူ့ရဲ့ မိုးကြိုးစိတ်ဝိညာဉ်ချီကို ဆက်လက် ကျင့်ကြံပါတယ်၊ ဒီအချိန်မှာ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်ရဲ့ ဒုတိယအဆင့်ကိုလည်း အမွအမွေဆက်ခံရရှိလိုက်ပါတယ်။
“ဒီလူက စရိုက်ကောင်း ရှိတယ်၊ အောင်မြင်စွာ အဆင့်တက်နိုင်တာတောင် အပြင်ထွက်ပြီး အောင်ပွဲမခံဘူး၊ အဲဒီအစား သူက ဆက်ကျင့်ကြံနေတယ်” ကျင့်ကြံသူတစ်ဦးက တိတ်တဆိတ် တွေးနေခြင်း ဖြစ်ပါတယ်။
ဒီအချိန် ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[ မော့ဖူချိုသည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိသည်၊ လတ်တလော မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်]
ဟန်ကျွယ် မျက်လုံး ဖွင့်ကြည့်လိုက်တဲ့အခါမှာ ကျင့်ကြံသူတစ်ဦးက သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရပါတယ်၊ ဟန်ကျွယ်ဟာာ ယဉ်ယဉ်ကျေးကျေးပဲ ခေါင်းညိတ်ပြလိုက်ပါတယ်၊ မော့ဖူချန်ကလည်း ပြန်ခေါင်းညိတ်ပြပါတယ်၊ အဲဒီနောက် သူတို့နှစ်ယောက်စလုံးဟာ ထပ်ပြီး ဆက်သွယ်ခြင်း မရှိဘဲ မျက်လုံးမှိတ်ကာ ဆက်လက်ကျင့်ကြံပါတယ်။
…
ဟန်ကျွယ်ဟာ မိုးကြိုးစိတ်ဝိညာဉ်အိုင်ထဲကနေ ထွက်လိုက်ပြီး သူ့ရဲ့ ကိုယ်ရေးအကျဉ်းကို ဖွင့်လိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၂၇ / ၁၈၇]
[ မျိုးနွယ်စု: မော်တယ်]
[ ကျင့်ကြံခြင်းအဆင့်: အခြေခံအဆင့် တတိယတန်း]
[ ကျင့်စဉ်: ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် (အမွေဆက်ခံ၍ ရသည်)]
[ မှော်ပညာပညာ: ပြိုင်ဘက်ဓါးလက်ညိုးသိုင်း]
[ ဆန်းကြယ်စွမ်းအား: မရှိ]
[ အသုံးအဆောင်: မရှိ]
[ကျင့်ကြံခြင်းစွမ်းရည်: စိတ်ဝိဉာဉ်ခြောက်သွယ် ခန္ဓာကိုယ်၊ ထိပ်တန်း မီး, ရေ, လေ, မြေ, သစ်သား, မိုးကြိုး ကျင့်ကြံခြင်းစွမ်းရည်၊ ကံတရားကို အနည်းငယ် ကောင်းစေသည်]
[ကံတရားများမှာ အောက်ပါအတိုင်း ဖြစ်သည်]
[ပြိုင်ဘက်ကင်း စစ်သည်တော်: အင်မော်တယ်ရုပ်ရည်၊ ထိပ်တန်းဆွဲဆောင်မှု]
[ကံကြမ္မာဓါးရူး: ထိပ်တန်း ဓါးပညာပါရမီ၊ ထိပ်တန်း ဓါးပညာနားလည်မှု]
[ကိုယ်ဖော့သိုင်း: ထိပ်တန်း ကိုယ်ဖော့သိုင်းပါရမီ]
[အမတဧကရာဇ် မျိုးဆက်: ဂိမ်းကို စတင်ပြီး၍ ပြိုင်ဘက်ကင်းကျင့်စဉ်နှင့် အဆင့်မြင့် စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင် ရရှိပြီး ဖြစ်သည်။]
[လူမှုဆက်ဆံရေးကို စစ်ဆေးမည်]
အခြေခံအဆင့် တတိယတန်း! ဒါက ဟန်ကျွယ် မိုးကြိုးစွမ်းရည်ရဲ့ ကျင့်ကြံခြင်းအဆင့်ပါ၊ ကျင့်ကြံခြင်းအဆင့်ကိုလည်း အဆင့်ကိုးခုခွဲထားပါတယ်၊ ဟန်ကျွယ်ဟာ အချိန်တိုလေး အတွင်းမှာ တတိယတန်းကို ရောက်သွားတာဆိုတော့ အလွန်မြန်တယ်လို့ ပြောလို့ရပါတယ်။ ပိုပြီး အရေးကြီးတာက သူသက်တမ်းဟာ ၁၈၇ နှစ်ထိ တိုးသွားတာပါပဲ! ဟန်ကျွယ်ဟာ သူ့ကြိုးစားအားထုတ်မှုကို အတော်လေး အားရသွားပါတယ်။
“ရောင်းရင်း… ရောင်းရင်းရဲ့ နာမည်ကို သိလို့ရမလား? ကျုပ်က ကောင်းကင်မိုးကြိုး တောင်ထိပ်က ဖော့ဖူချိုပါ!” အသံတစ်သံကို နောက်ကျောဘက်ကနေ ကြားလိုက်ရတဲ့အတွက် ဟန်ကျွယ်ဟာ လှည့်ပြီး ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ သူ့လက်သီးကို ဆုပ်ကိုင်ပြီး “ကျုပ်နာမည်က ဟန်ကျွယ်ပါ၊ ကျောက်အေးတောင်ထိပ်ကပါ” လို့ အပြုံးနဲ့ ဖြေလိုက်ပါတယ်။
“ကျောက်အေး တောင်ထိပ်လား? ကျုပ် ခင်ဗျာကို မမြင်ဖူးတာ မအံဩတော့ပါဘူး၊ ခင်ဗျာလို အရည်အချင်းရှိတဲ့ လူတစ်ယောက်… ကျောက်အေးတောင်ထိပ်မှာ နေတာက နှမြောဖို့ ကောင်းတယ်၊ ကျုပ်တို့ မိုးကြိုးတောင်ထိပ်ကို လာပါလား? ကျုပ်ဆရာသခင်ကလည်း မိုးကြိုးကျင့်ကြံသူပဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်
“ကျုပ်က နတ်မိမယ်ရှီရွှမ်ကို ဆရာသခင်အဖြစ် လက်ခံပြီးပြီ၊ သူက ကျုပ်တစ်သက်တာအတွက် ဆရာသခင်ပဲ၊ ကျုပ် သူ့ကို ဒီလိုနည်းနဲ့ သစ္စာမဖောက်နိုင်ဘူး၊ ဒါပေမဲ့ ရောင်းရင်းမော့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”
“ခင်ဗျာ ကျင့်စဉ်က အရမ်း အထင်ကြီးစရာ ကောင်းတယ်၊ နှစ်နှစ်တည်းနဲ့ အခြေအဆင့် တတိယတန်းကို ရောက်သွားတယ်၊ ဒီအတွင်းဂိုဏ်း တစ်ခုလုံးမှာ ခင်ဗျာက အတော်ဆုံးလို့ ပြောလို့ရတယ်” မော့ဖူချိုက အပြုံးမျက်နှာနဲ့ ပြောလိုက်ခြင်း ဖြစ်ပါတယ်။
“ရောင်းရင်မော့က ကျုပ်ကို မြှောက်လွန်းနေပါပြီ၊ ကျုပ်က တစ်ခြား အတွင်းစည်းတပည့်တွေနဲ့ နှိုင်းယှဉ်ဖို့ စိတ်ကူး မရှိပါဘူး”
“ဟား. ဟား..ဟား…”
သူတို့နှစ်ဦဟာ အချိန်အတော်ကြာ စကားပြောပြီးမှ လမ်းခွဲလိုက်ကြပါတယ်။
ကျောက်အေားတောင်ထိပ်ကို ပြန်ရောက်သွားတဲ့ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ကို သွားနှုတ်ဆက်ရင် ကောင်းမလား မနှုတ်ဆက်ဘဲ ဒီအတိုင်းနေလိုက်ရင် ကောင်းမလား ဝေခွဲမရ ဖြစ်သွားပါတယ် ‘ထားလိုက်ပါတော့၊ ဆရာသခင်က ခြိုးခြံသူပဲ၊ သူ့ကို မနှောင့်ယှက်တာပဲ ကောင်းပါတယ်’
ဟန်ကျွယ်ဟာ သူ့လိုဏ်ဂူကို တိတ်တဆိတ် ပြန်သွားပါတယ်၊ ဟန်ကျွယ်ဟာ အိပ်ရာပေါ်မှာ ခဏနားလိုက်ပြီး သူ့ရဲ့ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်၊ ဟန်ကျွယ်ဟာ ညာဘက်ထောင့်မှာ အနီရောင်တောက်နေတဲ့ စာအိတ်အမှတ်အသားကို တွေ့လိုက်ရတာကြောင့် သိချင်စိတ် ပြင်းပြသွားပြီး အနီရောင် စာအိတ် အမှတ်အသားကို နှိပ်လိုက်ပါတယ်။