ပြန်လည်ရှင်သန်ခြင်း၏ ကန့်သတ်ချက်များ
Vol. 69 Ch. 720
ခရစ်စတယ် ခေါင်းတလား
ဤအရာနှင့် ပတ်သက်လျှင် ထန်ထျန်းက အထူးတလည် ပြောနေစရာပင် မလိုအောင် ရင်းနှီးပြီးသား ဖြစ်သည်။
သူ ဝူရှန့်ကျိကျွင်း စဖြစ် ခဲ့စဉ်က ကုရှောင်းရွှယ်၏ အခြေအနေကို စမ်းသပ်စစ်ဆေးရင်း သူမ၏ ပတ်ဝန်းကျင်တွင် ရှိနေသည့် မမြင်နိုင်သော ခရစ်စတယ် ခေါင်းတလား တစ်လုံးကို မြင်တွေ့ခဲ့ရသည်။
ထိုခေါင်းတလားမှာ ကုရှောင်းရွှယ်၏ ကျင့်ကြံမှုကို ချိပ်ပိတ်ထားသည့် အရာပင် ဖြစ်သည်။
ယခုအခါ ကုရှောင်းရွှယ်က ဝိညာဉ်ရေကန် အောက်ခြေတွင် ၎င်းကို ထပ်မံ မြင်တွေ့ခဲ့ရပြန်ပြီ၊ ၎င်းမှာလည်း အပြင်လောကတွင် တကယ်တမ်း တည်ရှိနေခြင်း ဖြစ်သည်။
ထန်ထျန်းက ၎င်းတို့နှစ်ခုကို ချက်ချင်းပင် ဆက်စပ်တွေးတောလိုက်မိ၏။ ဖြစ်နိုင်သည်မှာ ၎င်းတို့နှစ်ခုက တစ်ခုတည်းသော အရာပင် ဖြစ်နေနိုင်ပေသည်။
ထိုအချိန်တွင် ကုရှောင်းရွှယ်၏ အသံ ထပ်မံ ထွက်ပေါ်လာသည်။
“ထန်ထျန်း... ကျွန်မ ခေါင်းတလား ဘေးကို ရောက်နေပြီ”
“စောစောက ကျွန်မ ပြောခဲ့တဲ့ လှမ်းခေါ်နေတဲ့ ခံစားချက်က ဒီခေါင်းတလားထဲကနေ လာတာပဲ”
“ဒီခံစားချက်က ပိုပြီး ပြင်းထန်လာတယ်၊ အဲဒါက ကျွန်မကို... အထဲဝင်စေချင်နေသလိုပဲ”
ထန်ထျန်း ချက်ချင်း သတိကပ်သွားပြီး ကျယ်လောင်စွာ ဟန့်တားလိုက်၏။ “ရပ်လိုက်တော့”
“အဲဒီကနေ ဝေးဝေးနေ၊ အထဲကို မဝင်နဲ့၊ မင်းရဲ့ စိတ်အာရုံကို အဲဒီအရာက နှောင့်ယှက်တာမျိုး ခွင့်မပြု နဲ့”
ဒါက အလွန် အန္တရာယ်ကြီးတဲ့ အချက်ပြမှုတစ်ခုပင်။
အကယ်၍ ကုရှောင်းရွှယ်သာ လက်တွေ့လောကထဲက အဲဒီခေါင်းတလားထဲကို တကယ် ဝင်သွားခဲ့ရင် ဘယ်လို မမျှော်လင့်ထားတဲ့ အခြေအနေတွေ ဖြစ်လာမလဲ မသိနိုင်သလို နောက်တစ်ခါ ပြန်ထွက်လာနိုင်ပါဦးမလား ဆိုတာလည်း မသေချာပေ။
သို့သော် ကုရှောင်းရွှယ်က “ဘာမှမဖြစ်ပါဘူး၊ အဲဒါက ကျွန်မကို လှမ်းခေါ်ရုံသက်သက်ပါပဲ၊ ကျွန်မရဲ့ စိတ်အာရုံကို နှောင့်ယှက်တာမျိုး မရှိဘူး”
“ကျွန်မ အခုထိ ကိုယ့်ကိုယ်ကိုယ် လုံးဝ ထိန်းချုပ်နိုင်ပါသေးတယ်”
“အဲဒီအရာရဲ့ အခြေအနေကို သေသေချာချာ သွားကြည့်ချင်လို့ပါ”
ထန်ထျန်း မျက်မှောင်ကြုတ်ကာ “အဲဒါက အန္တရာယ်များတယ်၊ အရင် ပြန်ဆုတ်လာခဲ့တာ ပိုကောင်းမယ်”
ဟိုဘက်မှ ကုရှောင်းရွှယ် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တိုးညှင်းသော လေသံဖြင့် ပြော၏ ။ “ထန်ထျန်း... ကျွန်မက အမြဲတမ်း ရှင့်အတွက် တတ်နိုင်သလောက် တစ်ခုခု လုပ်ပေးချင်ခဲ့တာ၊ အသုံးဝင်တဲ့သူ တစ်ယောက် ဖြစ်ချင်ခဲ့တာပါ”
“ဒါက ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ၊ ကျွန်မကို သွားကြည့်ခွင့်ပေးပါနော်၊ ဟုတ်ပြီလား”
“ကျွန်မ ဘာအန္တရာယ်မှ မခံစားရပါဘူး၊ တကယ်ပါ”
ထန်ထျန်း ဆွံ့အသွားရသည်။
သူက ကုရှောင်းရွှယ်ကို အန္တရာယ် မပြုစေလိုသော်လည်း သူမ၏ ခံစားချက် ကိုလည်း သူ ဘယ်လိုလုပ်ပြီး နားမလည်ဘဲ နေပါ့မည်နည်း။
နောက်ဆုံးတွင် သူက ကုရှောင်းရွှယ်၏ ကမ္မကြိုး ကို ထပ်မံ စစ်ဆေးလိုက်သည်။ သဘာဝမျိုးစေ့နှင့် ဆက်နွှယ်မှုကို သူ အချိန်မရွေး ဖြတ်တောက်ပြီး သူမကို ပြန်ဆွဲထုတ်နိုင်ကြောင်း သေချာစေပြီးမှသာ လေးနက်စွာ ပြောလိုက်၏။ “ဂရုစိုက်ပါ”
“အကယ်၍ တစ်ခုခု မှားနေတယ်လို့ ခံစားရတာနဲ့ ချက်ချင်း ပြန်ဆုတ်လာခဲ့”
“ငါ မင်းကို ဘာမှ မဖြစ်စေချင်ဘူး ဆိုတာ မင်းလည်း သိမှာပါ”
ကုရှောင်းရွှယ်က အင်း ဟု တိုးတိုးလေး ပြန်ဖြေ ကာ စူးစမ်းမှုကို ဆက် လုပ်တော့သည်။
သိပ်မကြာမီမှာပင် သူမ၏ အကြောင်းပြန်ချက် ထပ်မံ ရောက်လာသည်။
“ထန်ထျန်း... ကျွန်မ ခေါင်းတလားကို ထိလိုက်ပြီ”
“အဲဒါက အရမ်း နွေးထွေးတာပဲ၊ ကျွန်မကို စိတ်အေးချမ်းပြီး သက်သောင့်သက်သာ ဖြစ်စေတဲ့ ခံစားချက်မျိုး ပေးတယ်၊ အဲဒါက... ကျွန်မနဲ့ အဲဒီအရာက မူလကတည်းက တစ်သားတည်း ဖြစ်နေရမယ့် တည်ရှိမှုမျိုးလိုပဲ”
“နောက်ပြီး ကျွန်မ အဲဒါကို ရွှေ့လို့ရနေသလိုပဲ၊ အဲဒီအရာကို ဒီစိမ်းနုရောင် ကမ္ဘာထဲကနေ ထွက်သွားအောင် လုပ်လို့ ရနေတယ်”
ထန်ထျန်း ရင်တထိတ်ထိတ် ဖြစ်သွားရသည်။ ဒီကောင်မလေးက တကယ်ပဲ ရဲတင်းလွန်းလှ၏၊ ကိုယ်တိုင် သွားထိဖို့တောင် ဝံ့ရဲနေသည်။
သို့သော် သူမ ပေးပို့လာသော သဲလွန်စများမှာ ဤအရာ၏ လုပ်ဆောင်ပုံ ကို ခွဲခြမ်းစိတ်ဖြာရန် မလုံလောက်သေးပေ။
ဖြစ်နိုင်သည်မှာ ၎င်းကို ဝိညာဉ်ရေကန်ထဲမှ ထွက်ခွာစေပြီးမှသာ ပိုမိုသေချာအောင် အတည်ပြုနိုင်လိမ့်မည်။
“ကောင်းပြီ၊ ဒါဆို မင်း စမ်းကြည့်လိုက်”
“ဒါပေမဲ့ မလောနဲ့နော်၊ သတိထားပြီး လုပ်ပါ”
ထန်ထျန်းက ပြောလိုက်သည်။
ကုရှောင်းရွှယ်က အင်း ဟု ပြန်ဖြေ ၏။
ခဏအကြာတွင် ထူးဆန်းသော စွမ်းအားလှိုင်း တစ်ခုမှာ ဝိညာဉ်ရေကန်၏ အနက်ရှိုင်းဆုံးမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ထန်ထျန်း၏ စိတ်က တုန်လှုပ် သွားပြီး ကုရှောင်းရွှယ် စတင်လိုက်ပြီဖြစ်ကြောင်း သိလိုက်သည်။
ဤစွမ်းအားလှိုင်းမှာ လျှို့ဝှက်မနေပေ။ သူ့နောက်တွင် ရပ်နေသော ရှို့ကျွင်းကျိကျွင်းသည်လည်း ၎င်းကို သတိပြုမိသွားကာ ရေကန်ဘေးတွင် ရပ်နေသော ထန်ထျန်းကို ကြည့်ရင်း သူမ၏ မျက်လုံးထဲတွင် အံ့သြရိပ်များ ပိုမိုသိသာလာသည်။
အချိန်ကြာလာသည်နှင့်အမျှ ဝိညာဉ်ရေကန်ထဲမှ ထွက်ပေါ်လာသော ထိုထူးဆန်းသည့် စွမ်းအားလှိုင်းမှာ ပိုမို ပြင်းထန်လာခဲ့သည်။
နောက်ဆုံးတွင် ထန်ထျန်းက ဝိညာဉ်ရေကန် အောက်ခြေမှ အလွန် ထူးခြားသော အရာတစ်ခု ဖြည်းဖြည်းချင်း တက်လာနေသည်ကိုပင် ခံစားနေရသည်။
ခဏအကြာတွင် ဝိညာဉ်ရေကန်၏ မျက်နှာပြင် တစ်ခုလုံးမှ အလွန် တောက်ပသော အလင်းတန်းများ ရုတ်တရက် ပွင့်ထွက်လာသည်။ ထိုအလင်းတန်းမှာ ဝူရှန့်ကျိကျွင်း ဖြစ်သည့် ထန်ထျန်းကိုပင် ခေတ္တမျှ အမြင်အာရုံ ပျောက်ကွယ်သွားစေသည်။
တစ်ချိန်တည်းမှာပင် ကုရှောင်းရွှယ်၏ အသံမှာ ထန်ထျန်း၏ နားထဲသို့ ထပ်မံ ထွက်ပေါ်လာသည်။
“ကျွန်မ အဲဒါကို အပြင်ရောက်အောင် တွန်းထုတ်လိုက်ပြီ”
“ဒုက္ခပဲ ထန်ထျန်း... အဲဒီအရာက ကျွန်မကိုပါ အပြင်ကို ဆွဲထုတ်သွားဖို့ လုပ်နေတယ်”
ကုရှောင်းရွှယ်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
ထန်ထျန်းသည်လည်း ကုရှောင်းရွှယ်၏ ကမ္မကြိုးမှာ ရုတ်တရက် လျင်မြန်စွာ အားကောင်းလာသည်ကို ခံစားလိုက်ရသဖြင့် သူက ၎င်းကို ချက်ချင်း အတင်းအကျပ် ဖြတ်တောက်လိုက်သည်။ ထို့နောက် ကမ္ဘာအသစ်နှင့် ဂျင်ဂိုပင်၏ အခြားကမ္ဘာ စွမ်းအားကို အသုံးပြုကာ သဘာဝမျိုးစေ့၏ အော်ရာကို ဖြတ်တောက် ပိတ်ဆို့ထားလိုက်သည်။
ချက်ချင်းပင် သူက ကုရှောင်းရွှယ်၏ စိတ်အာရုံကို ဝိညာဉ်ရေကန်ထဲမှ ဆွဲထုတ်လိုက်ပြီး ကမ္ဘာအသစ်အတွင်းသို့ ပြန်လည် ရောက်ရှိစေလိုက်သည်။
ဤဖြစ်စဉ်အတွင်း အခြားသော မတော်တဆမှုများ ဖြစ်မလာခဲ့ပေ။
ဂျင်ဂိုပင်အောက်ရှိ ကုရှောင်းရွှယ် ပြန်လည် နိုးထလာသည်ကို မြင်မှသာ ထန်ထျန်း သက်ပြင်းအသာ ချနိုင်တော့သည်။
“ထန်ထျန်း... ကျွန်မ ပြန်ရောက်ပြီ”
“ဘယ်လိုလဲ၊ ကျွန်မရဲ့ တာဝန် ပြီးမြောက်သွားပြီလား”
ကုရှောင်းရွှယ်က အလောတကြီး မေးလိုက်သည်။
ထန်ထျန်းက ပြုံးပြီး “မင်း တကယ် တော်တယ်၊ အရမ်း တော်တာပဲ”
“ငါ ဒီဘက်က ကိစ္စတွေ ပြီးတာနဲ့ မင်းအတွက် လက်ဆောင် ကောင်းကောင်းတစ်ခု သေချာ ပြင်ဆင်ပေးမယ်”
ထန်ထျန်း၏ စကားကို ကြားသောအခါ ကုရှောင်းရွှယ် စိတ်အေးသွားပြီး ရယ်မောကာ ပြော၏။ “ပြီးမြောက်သွားရင် ရပါပြီ၊ လက်ဆောင်တွေ ဘာတွေ မလိုပါဘူး”
“ကျွန်မက ရှင့်ဆီမှာ အလကား စားပြီး အလကား နေနေတာပဲ၊ တစ်ခုခုတော့ ပြန်လုပ်ပေးရမှာပေါ့”
ထန်ထျန်းက ပြုံး ကာ ခေါင်းခါလိုက်ပြီး “မင်း ခဏလောက် ကမ္ဘာအသစ်ထဲမှာပဲ နေဦး၊ ငါ ဒီဘက်မှာ အားလုံး ရှင်းလင်းပြီးမှ ပြန်လာခဲ့မယ်”
“မှတ်ထားနော်၊ နဂါးကိုးကောင် ဝန်းရံထားတဲ့ ဂျင်ဂိုပင်အောက်က မြက်ခင်းပြင်ကနေ လုံးဝ မထွက်နဲ့”
ကုရှောင်းရွှယ်က နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။
ကုရှောင်းရွှယ် ဘာမှ မဖြစ်ကြောင်း သေချာစေပြီးမှသာ ထန်ထျန်း၏ အကြည့်မှာ ဝိညာဉ်ရေကန် အထက်သို့ ပြန်လည် ရောက်ရှိသွားသည်။
ယခုအခါ ရုတ်တရက် ပေါက်ကွဲထွက်လာသော တောက်ပသည့် အလင်းတန်းများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ ဖြစ်ပြီး မီးခိုးရောင် လေးထောင့်ပုံသဏ္ဍာန် အရာဝတ္ထုတစ်ခုမှာ ဝိညာဉ်ရေကန်၏ အလယ်ဗဟို အထက်တွင် ငြိမ်သက်စွာ မျောလွင့်နေသည်။
မှန်ပေသည်၊ ၎င်းမှာ ထိုခရစ်စတယ် ခေါင်းတလားကြီးပင် ဖြစ်သည်။
ခေါင်းတလားကို မြင်လိုက်ရချိန်တွင် ထန်ထျန်းမှာ အရာအားလုံးကို နားလည်သွားခဲ့သည်။
ခေါင်းတလား တစ်ခုလုံးမှာ တစ်သားတည်း ဖြစ်နေပြီး အပြင်ဘက်တွင် မည်သည့် အစအနမျှ ရှာမတွေ့ပေ၊ သဘာဝအတိုင်း ဖြစ်တည်နေသကဲ့သို့ပင်။
၎င်းကို ပြုလုပ်ထားသည့် ပစ္စည်းမှာမူ သဘာဝ အကြွင်းအကျန်များဖြင့် လုံးဝ တည်ဆောက်ထားခြင်း ဖြစ်သည်။
သို့သော် ၎င်းက အခြားသော သဘာဝ အကြွင်းအကျန်များနှင့် အခြေခံအားဖြင့် ကွဲပြားသည်။
ကျင့်ကြံခြင်း အရင်းအမြစ် ရှုထောင့်မှ ကြည့်လျှင် ၎င်း၏ အရည်အသွေးမှာ ပိုမို မြင့်မားလှသည်။ ထန်ထျန်း စောစောက ဝိညာဉ်ရေကန် ဘေးတွင် ကောက်ခဲ့သည့် သဘာဝ အကြွင်းအကျန်များထက်ပင် အဆင့်ပေါင်းများစွာ သာလွန်နေသည်။
အကယ်၍ အခြားသော ကျိကျွင်းများသာ မြင်ခဲ့လျှင် သွားရည်ကျလောက်ပေသည်။
သက်ရှိ သတ္တဝါ တစ်ဦး၏ ရှုထောင့်မှ ကြည့်မည်ဆိုပါက ဤအရာမှာ ထိုသတ္တဝါ၏ အရေးကြီးဆုံးနှင့် အချက်အချာ အကျဆုံး အစိတ်အပိုင်းနှင့် တူပေသည်။
နှလုံးသား ပင်
၎င်းမှာ သဘာဝမိခင် ကျဆုံးပြီးနောက် သူမ၏ နှလုံးသားမှ ပြောင်းလဲသွားသည့် အရာဖြစ်သည်။
တစ်နည်းအားဖြင့် သဘာဝနှလုံးသား ပင် ဖြစ်သည်။
စောစောက ကုရှောင်းရွှယ်က ခရစ်စတယ် ခေါင်းတလားကို ဝိညာဉ်ရေကန်ထဲမှ တွန်းထုတ်လိုက်သည့် ခဏတွင် သူမနှင့် ခေါင်းတလားကြားရှိ ကမ္မကြိုးမှာ လုံးဝ ပေါ်လွင်လာခဲ့သည်။
ထိုအချိန်တွင် ခေါင်းတလားက ကုရှောင်းရွှယ်၏ စိတ်အာရုံကို စုပ်ယူရန် ကြိုးစားခဲ့သော်လည်း ထန်ထျန်းက အချိန်မီ ဖြတ်တောက်နိုင်ခဲ့သည်။
ထိုသို့ ဖြတ်တောက်လိုက်ခြင်းကြောင့်ပင် ထန်ထျန်းက သဘာဝမိခင် အသစ်တစ်ဦး ပေါ်ထွက်လာရန် လိုအပ်သည့် ကန့်သတ်ချက်များကို သိရှိသွားခဲ့သည်။
ပထမဦးစွာ သဘာဝမျိုးစေ့ ပြန်လည် ရောက်ရှိလာခြင်း
ဒုတိယအနေဖြင့် ဤကမ္ဘာ၏ မူလအကျဆုံးသော စွမ်းအားငါးမျိုးကို ထည့်သွင်းပေးရန် လိုအပ်ခြင်း ဖြစ်သည်။
၎င်းမှာ မူလဝိညာဉ်ငါးမျိုး၏ မူလစွမ်းအားများပင် ဖြစ်သည်။
ကမ္ဘာ့မူလစွမ်းအား၊ ကောင်းကင်တာအို မူလစွမ်းအား၊ နေမင်းမူလစွမ်းအား၊ လမင်းမူလစွမ်းအား နှင့် ကြယ်တာရာ မူလစွမ်းအား တို့ပင် ဖြစ်သည်။
ဤအချက်အားလုံး ပြည့်စုံသွားသည့် အခါတွင်မှ...
သဘာဝမိခင် အသစ်က ခေါင်းတလားကို အတွင်းမှ ဖွင့်ကာ ပြန်လည် ရှင်သန်လာမည် ဖြစ်ပေတော့သည်။