← Chapters

မဟာကောင်းကင်အရှင်၏ ရည်ရွယ်ချက်

Vol. 69 Ch. 729

မဟာကောင်းကင်အရှင်၏ ရည်ရွယ်ချက်

Vol. 69 Ch. 729

ဝိညာဉ်ရေကန်ဟင်းလင်းပြင်အတွင်း၌ မရေမတွက်နိုင်သော ပြာမှုန်များမှာ ကောင်းကင်ယံတွင် လွင့်မျော နေပြီး လေထုတစ်ခုလုံး၌ အသက်ရှူရခက်စေသော အနံ့အသက်များ ဖုံးလွှမ်းနေသည်။

၎င်းတို့မှာ နေနတ်ဘုရား၏ မီးလျှံကြောင့် လောင်ကျွမ်းသွားသော မြေကမ္ဘာအမြစ်များ၏ ပြာများပင် ဖြစ်သည်။

နေနတ်ဘုရားက ကောင်းကင်ယံတွင် ဒေါသတကြီးဖြင့် မြေကမ္ဘာအမြစ်များကို တစ်ခုပြီးတစ်ခု မီးရှို့ဖျက်ဆီးနေသော်လည်း ဘာမှထူးမလာပေ။

အောက်တွင် ရပ်နေကြသော ထန်ထျန်းနှင့် အခြားသူများမှာမူ တိတ်ဆိတ်နေလိုက်ကြသည်။

မဟာကောင်းကင်အရှင်က သူတို့ထက် ခြေတစ်လှမ်းစောပြီး အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

"ပုစဉ်းရင်ကွဲကို ဖမ်းတဲ့ ပုစဉ်းကောင်၊ သူ့နောက်မှာတော့ ငှက်စိမ်းက စောင့်နေတယ်"

ဘယ်သူက ပုစဉ်းကောင်ဖြစ်ပြီး ဘယ်သူက ငှက်စိမ်းဖြစ်သွားလဲ။

သူတို့က မဟာကောင်းကင်အရှင်ကို အကွက်ဆင်လိုက်ပြီဟု ထင်မှတ်ခဲ့သော်လည်း နောက်ဆုံးရလဒ်မှာမူ မဟာကောင်းကင်အရှင်၏ ပြန်လည်အကွက်ဆင်ခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်သည်။

သူက သဘာဝနှလုံးသားအတွက် လာခဲ့ခြင်း လုံးဝမဟုတ်ပေ။

သူ၏ ရည်ရွယ်ချက်မှာ နေနတ်ဘုရားနှင့် အစွမ်းအထက်ဆုံး ဝူရှန့်ကျိကျွင်းများကို ဤနေရာတွင် ပိတ်လှောင်ထားရန်သာ ဖြစ်သည်။

မဟာကောင်းကင်အရှင်က ဘာကြောင့် ဒီလိုလုပ်ရတာလဲ။

ထန်ထျန်းက သူ၏ စစ်မှန်သော ရည်ရွယ်ချက်ကို လျင်မြန်စွာ ခန့်မှန်းမိလိုက်သည်။

မဟာကောင်းကင်အရှင် ပထမဆုံး ပြန်လည်မွေးဖွားလာချိန်မှစ၍ ယခုဆိုလျှင် သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဤသုံးနှစ်တာအတွင်း သူက လူအများရှေ့တွင် တစ်ခါမျှ ပေါ်မလာခဲ့သလို ထွက်ပေါ်လာသော သတင်းအချို့မှာလည်း မသေချာမရေရာသော ကောလာဟလများသာ ဖြစ်ပြီး ၎င်းမှာလည်း သူကိုယ်တိုင် လွှင့်ခဲ့ခြင်း ဟုတ်မဟုတ် မသိနိုင်ပေ။

သူ၏ ဝိညာဉ်အစိတ်အပိုင်းများ ချိပ်ပိတ်ခံထားရသော အခြားကမ္ဘာများမှာလည်း မည်သည့်တိုက်ခိုက်မှုမျှ မခံရသလို ထူးခြားသော အခြေအနေမျိုးလည်း မရှိခဲ့ပေ။

ကြည့်ရသည်မှာ မဟာကောင်းကင်အရှင်သည် ဤသုံးနှစ်အတွင်း ဘာမှမလုပ်ခဲ့သလိုပင်။

သို့သော် သူက ဘာမှမလုပ်ဘဲ နေပါ့မလား။

တိမ်တိုက်ထျန်းဖူ ကမ္ဘာ ပြဿနာဖြစ်ပြီးနောက် နေနတ်ဘုရားနှင့် ဝူရှန့်ကျိကျွင်းများမှာ အခြားအောက်လောကများကို စောင့်ကြည့်မှု ပိုမိုတင်းကြပ်ထားကြမည်ဖြစ်ပြီး မဟာကောင်းကင်အရှင်ကို သူ၏ဝိညာဉ်အစိတ်အပိုင်းများ ပြန်လည်ရှာဖွေခွင့် ပေးမည်မဟုတ်ပေ။

ဝိညာဉ်အစိတ်အပိုင်း အနည်းငယ်သာရှိသော မဟာကောင်းကင်အရှင်မှာ တကယ်တမ်း၌ ထိုမျှလောက် မကြောက်စရာသေးဘဲ ကိုင်တွယ်ရလွယ်ကူနေဆဲ ဖြစ်သည်။

ဥပမာအားဖြင့် ယနေ့တွင် လူတိုင်းစုပေါင်းပြီး မဟာကောင်းကင်အရှင်ကို အနိုင်ယူနိုင်ခဲ့ကြသည်၊ စုစုပေါင်း ဝူရှန့်ကျိကျွင်း ခြောက်ဦးသာ ရှိသေးသည်။

အကယ်၍ မဟာကောင်းကင်အရှင်သာ ပေါ့ပေါ့ဆဆ ပေါ်လာခဲ့လျှင် ပြင်းထန်လှသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရမည်ဖြစ်ပြီး သူ တကယ်ပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း နေနတ်ဘုရားမရှိဘဲ ဤသန်မာလှသော ဝူရှန့်ကျိကျွင်းများမရှိဘဲဆိုလျှင်မူ မဟာကောင်းကင်အရှင်၌ ထိုစိုးရိမ်မှုများ ရှိတော့မည်မဟုတ်ပေ။

ပတ်ပတ်လည်ရှိ ထူထပ်လှသော မြေကမ္ဘာအမြစ်များကို ကြည့်ရင်း ထန်ထျန်းက ပြင်ပလောကတွင် စစ်မီးများ တောက်လောင်နေပြီဖြစ်ကြောင်း မြင်ယောင်နေမိသည်။

မှောင်မိုက်သော စွမ်းအားများက မဟာကောင်းကင်အရှင်၏ ဝိညာဉ်အစိတ်အပိုင်းများ ချိပ်ပိတ်ထားရာ ကမ္ဘာများဆီသို့ ပျံ့နှံ့သွားပြီ ဖြစ်လိမ့်မည်။

ကောင်းကင်နှင့်မြေကြီး ကပ်ဘေးကြီး၏ နိဒါန်းမှာ တရားဝင် စတင်ခဲ့ပြီဖြစ်သည်။

မည်သည့် သက်ရှိသတ္တဝါမျှ၊ သာမန် ပုရွက်ဆိတ်တစ်ကောင်ပင်လျှင် ဤတစ်ကမ္ဘာလုံးကို လွှမ်းမိုးမည့် ကပ်ဘေးကြီးအတွင်းမှ ကင်းလွတ်ခွင့်ရလိမ့်မည် မဟုတ်ပေ။

အခြားသူများလည်း ဤအချက်ကို ခန့်မှန်းမိပုံရပြီး အသီးသီး ဆိတ်ဆိတ်နေကြကာ သူတို့၏ စိတ်ထဲတွင် ဘာတွေတွေးနေကြသလဲဆိုသည်ကို မသိနိုင်ပေ။

ကောင်းကင်ယံရှိ နေနတ်ဘုရားမှာလည်း သူ၏ ဒေါသများကို အတန်ကြာ ဖောက်ခွဲ ပြီးနောက် အောက်သို့ ပြန်လည်ဆင်းသက်လာသည်။

“လာတုန်းက မြေကမ္ဘာအမြစ်တွေရဲ့ ထူးခြားမှုကို ဘယ်သူမှ သတိမထားမိကြဘူးလား”

သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

လုံကျိုကျိုးက ဘာမှမပြောဘဲ နေသလို ဆံပင်ဖြူအဖိုးအိုနှင့် အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးမှာလည်း နှုတ်ဆိတ်နေကြသည်။

ထန်ထျန်းမှာမူ လက်ပိုက်လျက် ကိုယ့်နှာခေါင်းကိုယ်ကြည့်ကာ ငြိမ်နေလိုက်သည်။

သူက လင်းယွင်တောင်တန်းသို့ ရောက်မှသာ မြေကမ္ဘာအမြစ် ဆိုသည်ကို သိခဲ့ရခြင်းဖြစ်ရာ ၎င်းမှာ ပုံမှန် ဟုတ်မဟုတ် ဆိုသည်ကို သူ မည်သို့ ဆုံးဖြတ်နိုင်ပါမည်နည်း။

နေဦး... ရှိုကျွင်းကတော့ မြေကမ္ဘာအမြစ်တွေက ဒီတစ်ခေါက် ထူးထူးခြားခြား ကြီးထွား နေတယ်လို့ တစ်ခွန်းပြောဖူးသည်။

သို့သော် ထိုအချိန်တုန်းက သူက မဟာကောင်းကင်အရှင်အထိ ဘယ်လိုလုပ် တွေးမိပါ့မည်နည်း။

၎င်းအပြင် နေနတ်ဘုရား၏ အစီအစဉ်တွင် သူက ငါးစာမျှသာ ဖြစ်ပြီး ဤရှုံးနိမ့်မှုမှာ သူနှင့် ဘာမှမဆိုင်ပေ။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဓားကျိုးကို ကိုင်ထားသော ဖရိုဖရဲအဖိုးအိုက စကားစလိုက်သည်။ “ငါတို့ လင်းယွင်တောင်တန်းရဲ့ အခြေအနေကို စစ်ဆေးခဲ့ကြတယ်၊ ဘာမှ ထူးခြားတာ မရှိခဲ့ဘူး”

“မြေကမ္ဘာအမြစ်တွေမှာလည်း ဘာမှ ထူးခြားတာ မရှိခဲ့ဘူး”

နေနတ်ဘုရားက မျက်ခုံးများ ထောင်တက်သွားပြီး “ဒါဆို ဘာလို့ အားလုံးက ဒီမှာ တစ်ပြိုင်နက်တည်း ပေါ်လာရတာလဲ”

“ပြီးတော့ ကျွင်းချန်ချင်းရဲ့ အသုံးချတာကိုတောင် ခံလိုက်ရသေးတယ်”

“ငါတို့ သူ့ကို ဒီမှာ သတ်ရမှာလေ”

ဖရိုဖရဲအဖိုးအိုက “နေနတ်ဘုရား၊ စိတ်အေးအေးထားပါ”

“ကျွင်းချန်ချင်းရဲ့ အရည်အချင်းကို မင်း မသိတာ မဟုတ်ဘူး၊ သူက သူ့ရဲ့ နည်းလမ်းတွေကို ဖုံးကွယ်ထားချင်ရင် ဘယ်သူမှ ရှာတွေ့မှာ မဟုတ်ဘူး”

“ဒါ့အပြင် သူက ကြိုတင်ပြင်ဆင်ထားတာ သိသာတယ်၊ ငါတို့ ဒီလှောင်အိမ်ထဲကို ခုန်ဝင်လာမှာကို စောင့်နေတာပဲ”

“ငါတို့ရဲ့ အစီအစဉ် ပေါက်ကြားသွားပြီ”

နေနတ်ဘုရား၏ မျက်လုံးများမှ မီးများ ထွက်ပေါ်လာပြီး “မင်း ဆိုလိုတာက ငါတို့ထဲမှာ သစ္စာဖောက်တစ်ယောက် ရှိနေတယ်လို့ ပြောချင်တာလား”

“ဒီအစီအစဉ်ကို သိတာ ငါတို့အနည်းငယ်ပဲ ရှိတာ၊ ဘယ်သူက ငါတို့ကို သစ္စာဖောက်တာလဲ”

“မင်းလား”

“ဒါမှမဟုတ် မင်းတို့လား”

သူက မျက်လုံးပြူးကာ ဘေးပတ်ပတ်လည်ရှိ လူများကို လှည့်ကြည့်နေသည်။

ဒေါသတကြီးဖြစ်နေသော စိတ်ခံစားချက်ကြောင့် ဟင်းလင်းပြင်အတွင်းရှိ အပူချိန်မှာလည်း လျင်မြန်စွာ မြင့်တက်လာသည်။

သူက ထန်ထျန်းကိုပင် တစ်ချက် စိုက်ကြည့်လိုက်သေးသည်။

ထန်ထျန်းမှာမူ စိတ်ထဲတွင် ပြောစရာမရှိတော့ပေ၊ သူ့မှာ ဘာအပြစ်ရှိလို့လဲ။

မဟာကောင်းကင်အရှင် ပြောတာ တကယ်မမှားပါပေ ၊ ဒီလူက တကယ်ကို ဒေါသကြီးလွန်းသည်။

လက်ရှိ ခေါင်းဆောင်တစ်ဦးအနေဖြင့် ရှုံးနိမ့်ပြီးနောက် အရင်ဆုံး ပြန်လည်သုံးသပ်ရမည့်အစား ဘေးနားကလူတွေကို လိုက်ပြီး သံသယဝင်နေသည်။

ကံကောင်းထောက်မစွာဖြင့် ရောက်နေသူများမှာ လူကြီးလူကောင်းများဖြစ်ကြပြီး တည်ငြိမ်ကြသဖြင့် ဤကိစ္စကို အလေးမထားကြပေ၊ မဟုတ်လျှင် ဤအဖွဲ့မှာ ခဏချင်းအတွင်း ပြိုကွဲသွားလောက်ပြီ ဖြစ်သည်။

အမှန်တကယ်တော့ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ နေနတ်ဘုရား၏ ခွန်အားမှာ သူတို့ဘက်တွင် လက်ရှိ၌ အသန်မာဆုံး ဖြစ်နေ၍ပင်။

နေနတ်ဘုရားက ဒေါသ မပြေနိုင်ဖြစ်နေသည်ကို ကြည့်ပြီး အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးက မတတ်သာဘဲ ဝင်ပြောလိုက်သည်။ “ဖြစ်ပြီးတာတွေ ဖြစ်ကုန်ပြီ၊ နေနတ်ဘုရား”

“ငါတို့ အခု စဉ်းစားရမှာက ကျွင်းချန်ချင်းရဲ့ ပြန်လည်တိုက်ခိုက်မှုကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတာပဲ”

“သူက ကျန်တဲ့ ဝိညာဉ်အစိတ်အပိုင်းတွေကို နိုးထစေနေမှာ သေချာတယ်၊ အပြင်ထွက်ရင် ငါတို့ ရင်ဆိုင်ရမှာက ဒီနေ့ထက် အဆပေါင်း ရာနဲ့ချီ သန်မာတဲ့ ကျွင်းချန်ချင်း ဖြစ်လိမ့်မယ်”

“ခြေလှမ်းတိုင်းကို သတိထားမှ ရမယ်”

သူမ၏ အသံမှာ အေးစက်သော်လည်း နားထောင်ရသည်မှာ ထူးထူးခြားခြား သက်သောင့်သက်သာ ရှိလှသည်။

ထို့ပြင် လူတစ်ယောက်၏ စိတ်ခံစားချက်ကို အလိုအလျောက် တည်ငြိမ်သွားစေနိုင်သော မှော်စွမ်းအားတစ်ခု ရှိနေသကဲ့သို့ပင်။

နေနတ်ဘုရားလည်း ထို့အတူပင်။

ဒေါသများကို ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် သူက ပတ်လည်ရှိ မြေကမ္ဘာအမြစ်များကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“သူ ဒီလှောင်အိမ်ကို အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး၊ နောက်ထပ် နာရီဝက် လောက်ဆိုရင် ဖောက်ထွက်လို့ ရပြီ”

“နာရီဝက်...”

“သောက် ... အဲဒီအချိန်က အဲဒီကောင်အတွက် လောကပေါင်းစုံကို အခေါက်ခေါက်အခါခါ ပတ်ဖို့ လုံလောက်တယ်”

“ချိပ်ပိတ်ထားတဲ့ ဝိညာဉ်အစိတ်အပိုင်း အားလုံးကို သူ ပြန်ယူသွားနိုင်တယ်”

နေနတ်ဘုရားမှာ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။

ထိုအချိန်တွင် တစ်ချိန်လုံး စကားမပြောဘဲ နေခဲ့သော ဆံပင်ဖြူအဖိုးအိုက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒါဆိုရင် သူက ခွန်အားအားလုံး ပြန်ရတော့မှာပေါ့”

“ငါ အမှန်အတိုင်း ပြောရရင်တော့၊ အထွတ်အထိပ် အခြေအနေက ကျွင်းချန်ချင်းကို ကမ္ဘာ့အရှင်ကလွဲရင် ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး”

“တကယ်လို့ အဲဒီလို ဖြစ်လာမယ်ဆိုရင် ငါတို့ နောက်ဆုံးကိစ္စတွေအတွက်ပဲ ကြိုတွေးထားကြတာ ပိုကောင်းလိမ့်မယ်”

ကြည့်ရသည်မှာ သူက အတော်လေး အဆိုးမြင်နေပုံရသည်။

နေနတ်ဘုရားက သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “ဝိညာဉ်အစိတ်အပိုင်းတွေ အကုန်ရရုံပဲ ရှိသေးတာ၊ ခွန်အား တိုးလာမှာကတော့ မှန်ပေမဲ့ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်ဖို့ကတော့ အဝေးကြီး လိုပါသေးတယ်”

“ခွန်အားတွေ အကုန်ပြန်ရရင်တောင် ငါတို့က သူ့ကို မတားနိုင်လို့ဆိုပြီး တစ်ကမ္ဘာလုံး ပျက်စီးမယ့်အရေးကို လက်လျှော့လိုက်ရမှာလား”

အားလုံး တိတ်ဆိတ်သွားကြသည်။

သူတို့မှာ ဝူရှန့်ကျိကျွင်းများ ဖြစ်ကြသည်၊ တစ်နည်းအားဖြင့် ကမ္ဘာကြီး ပျက်စီးသွားလျှင်ပင် သူတို့အပေါ် သက်ရောက်မှုက ထိုမျှလောက် မကြီးမားလှပေ။

နေနတ်ဘုရားလည်း ထိုအချက်ကို တွေးမိပုံရပြီး သူ၏ လေသံကို လျှော့ကာ ဆက်ပြောလိုက်သည်။ “စိတ်ချပါ၊ သူ အကုန်ပြန်ရဖို့က မလွယ်ပါဘူး၊ အလွန် တင်းကြပ်တဲ့ အခြေအနေတွေ လိုအပ်တယ်”

“ငါလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးသားပါ”

“ဒီနှစ်ပေါင်း တစ်သန်းအတွင်းမှာ ငါက အမြဲတမ်း အိပ်နေခဲ့တာ မဟုတ်ဘူး”

ဆံပင်ဖြူအဖိုးအိုက မေးသည်။ “ဝိညာဉ်အပြင် နောက်ထပ် ဘာအခြေအနေတွေ လိုအပ်သေးတာလဲ”

နေနတ်ဘုရား ခေတ္တရပ်သွားပြီး “ဒါကိုတော့ ငါ မင်းတို့ကို ခဏလောက် လျှို့ဝှက်ထားဦးမယ်”

“ဘာပဲဖြစ်ဖြစ်၊ အဲဒီမတိုင်ခင်အထိ ငါတို့မှာ သူ့ကို တားဆီးဖို့၊ ဒါမှမဟုတ် သတ်ပစ်ဖို့ အခွင့်အရေး ရှိနေတုန်းပဲ”

“ငါ ဒီလိုကိစ္စမျိုးမှာ လိမ်မှာ မဟုတ်ဘူး”

အားလုံး ထပ်မံ ငြိမ်သက်သွားကြသည်။

အခုအချိန်မှာတော့ နေနတ်ဘုရား ပြောတာကိုပဲ ယုံကြည်လိုက်ရတော့မည်။

ခဏအကြာတွင် နေနတ်ဘုရားက တစ်ချိန်လုံး ဘေးကြည့်ကြည့်နေသော ထန်ထျန်းထံသို့ အကြည့် လွှဲလိုက်သည်။

“သဘာဝနှလုံးသားကို ငါ့ကို ပေး”

သူက အေးဆေးစွာ ပြောလိုက်သည်။

ထန်ထျန်း ချက်ချင်း မှင်တက်သွားသည်။

“အာ”

All Chapters