အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အခန်း (၈၁)
ဒုက္ခသည်များ ချုပ်လုပ်သော အဝတ်အထည်များ
လုမင်လီ ပြုံးလျက် ပြောလိုက်သည်။
“မင်းက အရာရာကို ဒီလောက် ထူးထူးခြားခြား ကိုင်တွယ်နိုင်တာ မဆန်းပါဘူး။ ကပ်ရောဂါဖြစ်ပွားတဲ့ဒေသ စီမံခန့်ခွဲမှုပဲဖြစ်ဖြစ်၊ သဘာဝဘေးအန္တရာယ်အပြီး ပြန်လည်ထူထောင်ရေးပဲဖြစ်ဖြစ်၊ နေရပ်စွန့်ခွာသူတွေကို ကူညီတာပဲဖြစ်ဖြစ်ပေါ့”
ဟွာကျွင်း နှိမ့်ချစွာ လက်ခါပြလိုက်၏။
“ကျွန်မနဲ့ မဆိုင်ပါဘူး၊ ဒါ မုန့်ဆိုင်ကြောင့်ပါ”
လုမင်လီ သူ့အစီအစဉ်ကို ဆက်ပြောလိုက်သည်။
“အစားအသောက်အကြောင်း ပြောရရင်တော့ ကိုယ်တို့ မြင်းလှည်းရပ်ထားတဲ့ ဒီနားက စားသောက်ဆိုင်က တော်တော်လေးနာမည်ကြီးတယ်၊ ခဏနေရင် သွားမြည်းကြည့်ကြတာပေါ့။ နောက်ထပ် လမ်းနှစ်လမ်းကျော်ရင် ကိုယ့်အိမ်ရှိတယ်။ မင်း လာကြည့်လို့လည်း ရပါတယ်...”
ဟွာကျွင်း ရုတ်တရက် မေးလိုက်၏။
“အခု ဘယ်နှနာရီ ရှိပြီလဲဟင်”
“ဘယ်နှနာရီက ဘာကို ဆိုလိုတာလဲ”
“ကျွန်မ ဆိုလိုတာက အချိန် ဘယ်လောက်ရှိပြီလဲလို့ပါ။ ရှင့်ရဲ့ အိတ်ဆောင်နာရီကော”
လုမင်လီ နားလည်သွားပြီး သူ့ရင်ဘတ်ထဲမှ အိတ်ဆောင်နာရီကို ထုတ်ကာ အဖုံးဖွင့်ကြည့်လိုက်သည်။
“ဟိုင်ရှီ အလယ်လောက် ရောက်နေပြီ”
ဟွာကျွင်း အနားသို့ တိုးကြည့်လိုက်၏။
“ဪ... (၁၀) နာရီခွဲပြီပဲ၊ ကျွန်မမှာ အချိန် သိပ်မရှိတော့ဘူး။ ည (၁၂) မတိုင်ခင် မုန့်ဆိုင်ကို အမြန်ပြန်ရောက်ဖို့ လိုတယ်”
သူမ စကားပြောပြီးသည်နှင့် တစ်ခုခုကို သတိရသွားကာ တဟားဟား ရယ်မောတော့၏။
လုမင်လီ နားမလည်ဘဲ မေးလိုက်၏။
“ဘာဖြစ်လို့လဲ”
“စင်ဒရဲလား ပုံပြင်ကို သတိရသွားလို့ပါ။”
“စင်ဒရဲလားဆိုတာ ဘယ်သူလဲ”
ဟွာကျွင်း စင်ဒရဲလားပုံပြင်ကို အကျဉ်းချုပ် ပြောပြပြီးနောက် မေးလိုက်သည်။
“တွေ့လား... ကျွန်မလည်း (၁၂) နာရီမတိုင်ခင် ဆိုင်ကို ပြန်ရောက်ရမယ်ဆိုတော့ တော်တော်လေး ဆင်တူနေတယ် မဟုတ်လား”
“တကယ်ပါပဲ။ ဒါ မင်းတို့ဆီက ပုံပြင် လား”
“ဟုတ်တယ်၊ ကျွန်မတို့ဆီက မိန်းကလေးတိုင်း ငယ်ငယ်တုန်းက ဒီပုံပြင်ကို ဖတ်ဖူးကြတယ်။ မိန်းကလေး အများစုရဲ့ အိပ်မက်က တစ်နေ့မှာ စင်ဒရဲလားလိုမျိုး ဖူးစာရှင်နဲ့ ဆုံဖို့လေ”
သူ ပြောလိုက်သည်။
“မင်းသားတစ်ပါးက ကပွဲတစ်ခုတည်းနဲ့တင် အမျိုးသမီးတစ်ယောက်ကို ချစ်မိသွားမှာ မဟုတ်ပါဘူး။ အဟွတ်အဟွတ်... မင်းသားက သူလေးရဲ့ ကြင်နာတတ်တဲ့ စိတ်ထားကို တွေ့ခဲ့လို့ ဖြစ်မှာပါ။ သူ့မှာ ခမ်းနားတဲ့ အဝတ်အစားတွေ မရှိရင်တောင် ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက် ဖြစ်နေမှာပါပဲ”
သူသည် ဟွာကျွင်းကို ကြယ်ပွင့်များအလား တောက်ပနေသည့် မျက်ဝန်းများဖြင့် ကြည့်နေတော့၏။
“မင်းလိုပေါ့... မုန့်ဆိုင် မရှိရင်တောင် မင်းက ကြင်နာတတ်ပြီး ထက်မြက်တဲ့ လူတစ်ယောက်ပါပဲ”
ဟွာကျွင်း စကားမပြောနိုင်တော့ဘဲ လုမင်လီ၏ အကြည့်များထဲတွင် နစ်မြုပ်နေမိသည်။ ထိုစဉ် အနီးရှိ သကြားရုပ်လုပ်သူ၏ အသံ ထွက်ပေါ်လာသည်။
“ဖောက်သည်လေး... မင်းရဲ့ သကြားရုပ်လေး ရပြီနော်”
ဟွာကျွင်း သတိပြန်ဝင်လာပြီး သကြားရုပ်ကို လှမ်းယူလိုက်သည်။ သူမ သေသေချာချာ ကြည့်ရှုလိုက်ပြီး အံအားသင့်စွာ ပြောလိုက်၏။
“ဝါး... ဒီသကြားရုပ်လေးက တကယ် လက်ရာမြောက်တာပဲ”
သကြားရုပ်မှာ အလွန်ပင် အသက်ဝင်လှပြီး စကတ်၏ ခေါက်ချိုးရာများနှင့် ဦးခေါင်းမှ ဆံပင်အမျှင်လေးများအထိ အနုစိတ်လှပေသည်။
ဈေးသည်က ရယ်မောလိုက်၏။
“ဒါက မျိုးရိုးစဉ်ဆက် လက်မှုပညာလေးပါ၊ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး”
ဟွာကျွင်း မေးလိုက်သည်။
“အရမ်း နှိမ့်ချနေတာပဲ။ ဘယ်လောက် ကျသင့်လဲဟင်”
“တစ်ရုပ်ကို ကြေးပြားငါးပြားပါ၊ နှစ်ရုပ်ဆိုတော့ ဆယ်ပြား ကျပါတယ်”
ရှေးခေတ်က လုပ်အားခမှာ တကယ်ပင် ဈေးပေါလှပေသည်။ ဟွာကျွင်း ငွေပေးချေလိုက်ပြီးနောက် လုမင်လီနှင့်အတူ ဟွာရှန့် တို့ ရှိရာသို့ ပြန်လာခဲ့ကြ၏။
မင်ယွဲ့ စားသောက်ဆိုင်သည် မီးရောင်များဖြင့် လင်းထိန်နေပြီး လူစည်ကားလျက် ရှိ၏။ လင်းချိုက်ယီ ပြတင်းပေါက်နားရှိ စားပွဲတစ်ခုတွင် ပျင်းရိစွာ ထိုင်နေရင်း ခန်းမထဲတွင် လူများ ဝင်ထွက်သွားလာနေသည်ကို ကြည့်နေသည်။
သူမ အစ်ကိုဖြစ်သူ လင်းမော့ရှူ ရုတ်တရက် ပြောလိုက်သည်။
“ဟော... ဟိုမှာ စုဝမ် မဟုတ်လား။ ဒီနေ့ သူ ဝတ်ထားတာ တော်တော် ထူးခြားတယ်”
လင်းချိုက်ယီ ပျင်းရိပျင်းတွဲဖြင့် ပြန်ပြောလိုက်သည်။
“ဘယ်လောက်တောင် ထူးခြားနေလို့လဲ။ ရာသီဥတုက ဒီလောက်အေးတာ၊ ဘယ်သူမဆို အထဲကော အပြင်ကော သုံးထပ်လောက် ဝတ်ထားကြတာပဲ မဟုတ်လား”
အစ်ကိုဖြစ်သူထံမှ စကားသံ ထပ်မထွက်လာသဖြင့် လှည့်ကြည့်လိုက်ရာ လင်းမော့ရှူမှာ ဘေးဘက်သို့ စိုက်ကြည့်နေဆဲ ဖြစ်သည်ကို တွေ့ရ၏။
သူမလည်း လှည့်ကြည့်လိုက်သည့်အခါ စုဝမ် ခန်းမထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။ စုဝမ်သည် သူငယ်ချင်းအချို့နှင့် နှုတ်ဆက်နေ၏။
သူမသည် တကယ်ပင် ထူးခြားစွာ ဝတ်ဆင်ထားသည်။ အနီရောင် စကတ်အထူနှင့် ရွှေရောင် အပေါ်ဝတ်ရုံကို ကြည့်ရသည်မှာ အလွန်ပင် ကျက်သရေရှိလှ၏။
ဝတ်စုံ၏ ကော်လာနေရာတွင် အဖြူရောင် သားမွေးများဖြင့် ဝန်းရံထားပြီး လက်ထိပ်များတွင်လည်း မေပယ်ရွက် ပန်းထိုးလက်ရာများနှင့် သားမွေးများ ပါရှိသည်။
ခါးတွင် ပုလဲလုံးလေးများ စီခြယ်ထားပြီး စကတ်ပေါ်တွင်လည်း ပန်းထိုးလက်ရာများစွာ ရှိနေ၏။ အထည်မှာ ထူထဲပြီး တောက်ပနေသဖြင့် နွေးထွေးမည့် ပုံပေါ်နေ၏။
တစ်ခဏ စောင့်ကြည့်ပြီးနောက် လင်းချိုက်ယီသည် ကိုယ်ကို မတ်မတ်ထိုင်လိုက်ကာ စုဝမ်ကို အသေအချာ စိုက်ကြည့်နေမိတော့၏။
“ဒါ ဘယ်ဆိုင်က ထွက်တဲ့ ပုံစံအသစ်လဲ။ ငါတောင် မသိပါလား”
လင်းချိုက်ယီ တွေးတောနေမိသည်။
သူမသည် သူမအစ်ကိုကို တွန်းကာ မေးလိုက်၏။
“အစ်ကို... နင် အပြင်မှာ အမြဲ သွားနေတာပဲ၊ ဒါ ဘယ်သူ့ရဲ့ လက်ရာလဲဆိုတာ မြင်ဖူးလား”
လင်းမော့ရှူက ကိုယ်ကို စောင်းလိုက်ကာ ပြန်ဖြေလိုက်သည်။
“ငါက ဘယ်လိုလုပ် သိမှာလဲ”
စုဝမ်သည် သူငယ်ချင်းများနှင့် စကားပြောရင်း အတွင်းဘက်သို့ လျှောက်သွားရာ လူအများထံမှ အာရုံစိုက်မှုကို ရရှိနေတော့၏။
ထိုအဝတ်အစားမှာ ထူသော်လည်း ဖောင်းကားမနေဘဲ လက်အရှည်မှာလည်း အနေတော် ဖြစ်သဖြင့် လက်ကို ချထားသည့်အခါ လက်ကောက်ဝတ်လေးသာ အနည်းငယ် ပေါ်နေပြီး သပ်သပ်ရပ်ရပ် ရှိလှ၏။
လက်ကောက်ဝတ်မှ အဖြူရောင် သားမွေးများကြောင့် သူမ၏ လက်များမှာ ပိုမို ဖြူဝင်းနုနယ်ပုံ ပေါ်နေသည်။
စကတ်အရှည်မှာလည်း သာမန် စကတ်များကဲ့သို့ မြေကြီးပေါ်တွင် တရွတ်တိုက် ပါမနေဘဲ လှပသော ဖိနပ်လေးများကို မြင်နေရ၏။
စကတ်ဒီဇိုင်းမှာလည်း ယခင်က တစ်ခါမှ မမြင်ဖူးသည့် ပုံစံမျိုး ဖြစ်သည်။
စုဝမ် အတွင်းဘက်သို့ လျှောက်သွားလေ လူအများက သူမကို ပို၍ စိုက်ကြည့်လေ ဖြစ်၏။ အမျိုးသမီး တစ်ဦးက လှမ်းမေးလိုက်သည်။
“စုဝမ်... ဒီလို ဝတ်ထားတာ မအေးဘူးလား”
ထိုနေရာရှိ အမျိုးသမီးတိုင်းမှာ အဝတ်အစားများ ဖောင်းကားနေအောင် ဝတ်ထားကြသော်လည်း စုဝမ် တစ်ဦးတည်းသာလျှင် ကျော့ရှင်းသပ်ရပ်နေခြင်း ဖြစ်၏။
စုဝမ်က ပါးစပ်ကို လက်ဖြင့်အုပ်ကာ ပြုံးပြလိုက်သည်။
“မအေးပါဘူး၊ ကျွန်မရဲ့ အင်္ကျီနဲ့ စကတ် နှစ်ခုလုံးရဲ့ အတွင်းသားမှာ အမွေးနုလေးတွေ ပါတယ်လေ”
ထို့နောက် သူမ ထိုအမျိုးသမီးကို သူမလက်အား ကမ်းပေးလိုက်၏။
“စမ်းကြည့်လို့ ရပါတယ်”
“တကယ် ထူပြီး နူးညံ့နေတာပဲ”
အခြားတစ်ယောက်ကလည်း မေးပြန်သည်။
“စုဝမ်... ဒါ ဘယ်ဆိုင်ကလဲ။ ဘယ်လိုလုပ် ဒါမျိုး ရှာတွေ့တာလဲ”
လင်းချိုက်ယီက နားကို စွင့်ကာ သေသေချာချာ နားထောင်နေမိ၏။
“ဒါက ဟွာကျွင်း ပန်းထိုးအလုပ်ရုံ ကလေ။ အဲဒီမှာ ပုံစံအမျိုးမျိုး ရှိသေးတယ်”
ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားတော့သည်။
‘ဟွာကျွင်း ပန်းထိုးအလုပ်ရုံ ဟုတ်လား။ တစ်ခါမှ မကြားဖူးပါလား။ လိပ်စာလေးတော့ ပြောသွားသင့်တာပေါ့’
ကံမကောင်းစွာ စုဝမ်သည် သူငယ်ချင်းများနှင့်အတူ အခန်းထဲသို့ ဝင်သွားတော့သည်။
“အဲဒါ ဘယ်မှာလဲဟင်”
မိန်းကလေးတစ်ဦးမှ စုဝမ်ကို မေးခဲ့သူကို လှမ်းမေးသော်လည်း ထိုသူကလည်း ခေါင်းခါပြရုံသာ တတ်နိုင်၏။
“အဲဒါ ဘယ်မှာလဲဆိုတာ ကျွန်မ သိသလိုပဲ”
အခြားမိန်းကလေး တစ်ဦးက ဆိုလိုက်သည်။
မိန်းကလေး အများစုသည် စုဝမ်ကျောပြင် ပျောက်ကွယ်သွားသည်အထိ စိုက်ကြည့်နေကြပြီးနောက် ထိုသိသည်ဆိုသော မိန်းကလေးထံသို့ အကြည့်များ ပြောင်းသွားကြ၏။
“မြို့အပြင်ဘက်မှာ ဟွာကျွင်း မုန့်ဆိုင် ဆိုတာ ရှိတယ်။ အဲဒီက ဆိုင်ရှင် ဟွာကျွင်းက ဒုက္ခသည် အများကြီးကို လက်ခံထားပြီး ဟွာကျွင်း ပန်းထိုးအလုပ်ရုံဆိုတာကို ဖွင့်ထားတာ ထင်တယ်”
“မုန့်ဆိုင်ရှင်က အဝတ်အစားတွေလည်း ချုပ်တာလား”
ထိုမိန်းကလေး မျက်မှောင်ကြုတ်လျက် မေးသည်။
“ကျွန်မလည်း သေချာမသိဘူး။ အဲဒီမှာ တစ်ခါတလေ သွားစားတယ်။ မနေ့က သွားစားမလို့ လုပ်တော့ ဆိုင်ပိတ်ထားတယ်၊ ဘေးနားမှာ ပန်းထိုးအလုပ်ရုံ တစ်ခု ရှိနေတာကို တွေ့လိုက်တာပဲ”
ထိုမိန်းကလေး ပြောပြီးသည့်နောက် စိတ်မကောင်းသလို ဖြစ်သွား၏။ မုန့်ဆိုင်တွင် ပစ္စည်းဝယ်ရန် တန်းစီရသည်မှာ အလွန် ခက်ခဲလှပြီး ယခု ပန်းထိုးအလုပ်ရုံပါ နာမည်ကြီးသွားလျှင် နောက်ပိုင်းတွင် ပို၍ပင် တန်းစီရတော့ပေမည်။
ထိုအချိန်တွင် လူအုပ်ကြား၌ ဆွေးနွေးသံများ ပိုမိုကျယ်လောင်လာလေသည်။
“ဒုက္ခသည်တွေဆိုတာ အဆင့်မရှိတော့တဲ့ လူတွေလေ၊ သူတို့ချုပ်တဲ့ အင်္ကျီကို ငါတို့က ဘယ်လိုလုပ် ဝတ်နိုင်မှာလဲ”
“ဟုတ်ပ၊ သူတို့ချုပ်တာ ဝတ်ရင် အရှက်ကွဲမှာပေါ့”
“မြို့ထဲမှာ အင်္ကျီဆိုင်တွေ အများကြီး ရှိတာပဲ၊ သူတို့လည်း ဒါမျိုး ချုပ်နိုင်မှာပါ။ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ကြတာပေါ့”
“မှန်တယ်၊ မှန်တယ်၊ မနက်ဖြန်ကျရင် ဒီလိုပုံစံမျိုးတွေ ထွက်လာမှာပါ”
လင်းချိုက်ယီသည် ထိုသို့ မထင်ပေ။ တစ်မြို့လုံးတွင် ဤကဲ့သို့ နွေးထွေးသော အထည်မျိုး ရနိုင်သည့် ဒုတိယနေရာ မရှိသလို၊ ချုပ်လုပ်မှုမှာလည်း တကယ့်ကို ကျွမ်းကျင်လှ၏။ အတုလုပ်ရင်တောင် အရည်အသွေးမမှီသည့် အတုများသာ ဖြစ်ပေလိမ့်မည်။
သူမ သူမအစ်ကိုကို စားပွဲအောက်မှ ကန်လိုက်၏။
“မနက်ဖြန် သွားကြည့်ကြမလား”
လင်းမော့ရှူသည်လည်း အတော်ပင် စူးစမ်းချင်နေသည်။ ဒုက္ခသည်များကို လက်ခံရဲသော အမျိုးသမီးမှာ တကယ့်ကို ထူးခြားသူ ဖြစ်ရပေလိမ့်မည်။ သူသည်လည်း အမျိုးသား ဝတ်စုံတစ်စုံ လိုချင်နေမိ၏။ သူတို့နှစ်ဦးမှာ ချက်ချင်းပင် သဘောတူညီချက်ရရှိသွားသည်။
သန်းခေါင်ယံ အချိန်သို့ နီးကပ်လာသည့်အခါ လုမင်လီတို့ မြင်းလှည်းဖြင့် မြို့အပြင်ဘက်သို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ပြန်လာခဲ့ကြ၏။
ဟွာကျွင်းသည် မြင်းလှည်း ပြတင်းပေါက်ဘောင်ကို မြဲမြဲဆုပ်ကိုင်ထားရင်း ရယ်မောနေသည်။
“ဒါက တကယ်ကို စင်ဒရဲလား ပုံပြင်အတိုင်းပဲ၊ ဟားဟားဟား...”
ဖရုံသီး မြင်းလှည်းနေရာတွင် သာမန်မြင်းလှည်း ဖြစ်နေခြင်းသာ ကွာခြားလေသည်။
ဟွာကျွင်းသည် ဖန်ဖိနပ်ကလေးကို ချန်မထားခဲ့သော်လည်း မနက်ဖြန်ညကျမှ ဆုံကြမယ် ဟူသော စကားကိုသာ ထားရစ်ခဲ့ပြီး ဆိုင်ထဲသို့ ဝင်ကာ ပျောက်ကွယ်သွားတော့သည်။
အခန်း (၈၂)
ထင်ရှားပေါ်လွင်သော ဧည့်သည်များ
နောက်တစ်နေ့ နံနက်စောစောတွင် လင်း မိသားစု မောင်နှမနှစ်ဦးသည် မြင်းလှည်းဖြင့် မြို့ပြင်သို့ ရောက်ရှိလာကြ၏။
သူတို့သည် လမ်းရှာရန် သို့မဟုတ် လမ်းမေးရန် မလိုပေ။ လမ်းမမှားနိုင်ကြောင်း သူတို့ သိထားကြ၏။
အကြောင်းမှာ မြေပြင်ပေါ်ရှိ လှည်းဘီးရာအားလုံးမှာ လမ်းကြောင်းတစ်ခုတည်းသို့သာ ဦးတည်နေသောကြောင့် ဖြစ်သည်။
သူတို့ လျှောက်လှမ်းလာစဉ် အစိမ်းရောင် အိမ်ကြီးအချို့ကို စတင်မြင်တွေ့ရပြီး အနားသို့ တိုးကပ်သွားသည့်အခါမှ ထိုအိမ်များမှာ အဝတ်စများဖြင့် ပြုလုပ်ထားသော တဲအိမ်များဖြစ်ကြောင်း သိလိုက်ရ၏။
အစိမ်းရောင်တဲ တစ်ခုရှေ့တွင် သစ်သားစင်အချို့ ရှိနေပြီး ဆေးဖက်ဝင်အပင်များကို အခြောက်လှန်းထားသဖြင့် ဆေးနံ့များမှာ လေထဲတွင် ပျံ့လွင့်နေသည်။
အခြားတဲတစ်ခုရှေ့တွင်မူ အဝတ်စအမျိုးမျိုး ရှိနေပြီး "ဟွာကျွင်း ပန်းထိုးအလုပ်ရုံ" ဟူသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထား၏။
အလယ်တွင်မူ သာမန်အိမ်တစ်လုံး ရှိနေပြီး တံခါးမကြီး အထက်တွင် "ဟွာကျွင်း မုန့်ဆိုင်" ဟု ရေးသားထား၏။
ဆိုင်တံခါးမှာ တင်းကျပ်စွာ ပိတ်ထားပြီး အဝင်ဝတွင်လည်း လူတစ်ဦးမှ မရှိပေ။ သူတို့ ပန်းထိုးအလုပ်ရုံ အဝင်ဝသို့ လျှောက်သွားကြပြီးနောက် လင်းမော့ရှူ ကန့်လန့်ကာကို မလျက် မေးမြန်းလိုက်သည်။
“ခွင့်ပြုပါဦး၊ ဒီမှာ ဆောင်းတွင်းဝတ်စုံတွေ ချုပ်ပေးလားဗျ”
အတွင်းဘက်တွင် အမျိုးသမီး ဆယ်ယောက်ကျော်ခန့်မှာ အလုပ်ရှုပ်နေကြ၏။ တဲအတွင်းမှာ တိတ်ဆိတ်နေသဖြင့် ရုတ်တရက် ထွက်ပေါ်လာသော အမျိုးသားအသံကြောင့် လူတိုင်းမှာ လန့်ဖျပ်သွားကြသည်။
အမျိုးသမီးကြီးတစ်ဦး မေးလိုက်၏။
“ရှင်... ဆောင်းတွင်းဝတ်စုံ လိုချင်လို့လား”
သူမ နားကြားမှားခြင်း မဟုတ်ပေ။ ပန်းထိုးအလုပ်ရုံ ဖွင့်ထားသည်မှာ အတန်ကြာပြီ ဖြစ်သော်လည်း ယခုအချိန်အထိ ဖောက်သည်တစ်ဦးမျှ မတွေ့ရသေးပေ။
လင်းမော့ရှူက ခေါင်းညိတ်ပြလိုက်သည်။ လင်းချိုက်ယီ ပတ်ပတ်လည်ကို ကြည့်ကာ တွေးတောနေမိ၏။
“တော်တော်လေး သန့်ရှင်းသားပဲ၊ ငါ ထင်ထားတဲ့ ဒုက္ခသည်စခန်းနဲ့ မတူဘူး”
လင်းချိုက်ယီ တိုက်ရိုက်ပင်ပြောလိုက်သည်။
“စုဝမ် ဝတ်ထားတဲ့ ဝတ်စုံမျိုး လိုချင်ပါတယ်”
“စုဝမ်လား”
အမျိုးသမီးကြီးမှာ နားမလည်သော်လည်း ပြုံးကာ ပြော၏။
“ခဏလောက် စောင့်ပေးပါဦး၊ ကျွန်မတို့ မန်နေဂျာ အခုပဲ ရောက်လာပါလိမ့်မယ်။ အရင်ဆုံး ထိုင်ပြီး မုန့်လေးတွေ မြည်းကြည့်ပါဦး”
အမျိုးသမီးကြီးသည် ထိုင်ခုံနှစ်လုံးကို ထုတ်ပေး၏။ ထိုင်ခုံများမှာ အလွန်သန့်ရှင်းသော်လည်း ဂုဏ်သရေရှိ ဧည့်သည်များ မနှစ်သက်မည်ကို စိုးရိမ်သဖြင့် ဘေးရှိ အဝတ်စဖြင့် သေချာစွာ ထပ်မံသုတ်ပေးပြီးမှ ထိုင်ရန် ညွှန်ပြလိုက်သည်။
ထို့နောက် သူမ ဟွာကျွင်း ၏ ဂျယ်လီနှင့် ဘီစကစ်များကို ပန်းကန်ထဲထည့်၊ လက်ဖက်ရည် ငှဲ့ကာ တည်ခင်းပေးလိုက်၏။
ထိုသို့ ပြုလုပ်ပြီးနောက် သူမ အဝတ်ချုပ်ရန် နေရာသို့ ပြန်သွားလေသည်။
ပန်းထိုးအလုပ်ရုံမှာ အလွန်ပင် တိတ်ဆိတ်လှသဖြင့် အပ်ကျသံပင် ကြားနိုင်လောက်၏။ လူတိုင်းမှာ ကြိုးကြိုးစားစား အလုပ်လုပ်နေကြပြီး ငယ်ရွယ်သော ပန်းထိုးသူလေး နှစ်ဦးသာလျှင် သူတို့ကို ခိုးကြည့်နေကြသည်။
သူတို့မှာ ပထမဆုံး ဖောက်သည်များ ဖြစ်သလို ဝတ်စားဆင်ယင်မှုမှာလည်း အလွန်ပင် ခန့်ညားလှပေသည်။
လင်းမိသားစု မောင်နှမနှစ်ဦးမှာ ထိုင်ခုံပေါ်တွင် ထိုင်နေကြသော်လည်း စားပွဲပေါ်ရှိ မုန့်များကို မထိရဲကြပေ။
ဒုက္ခသည်များထံမှ အရာကို မည်သူက စားချင်မည်နည်း။
သို့သော်လည်း မုန့်အနံ့များမှာ တဖြည်းဖြည်း လွင့်ပျံ့လာပြီး သူတို့ နှာခေါင်းထဲသို့ တိုးဝင်လာ၏။
သေသေချာချာ ကြည့်လိုက်သည့်အခါ လိမ္မော်ရနံ့မှာ အသိသာဆုံး ဖြစ်နေ၏။ လင်းမော့ရှူ တိတ်တဆိတ် တွေးတောနေမိသည်။
“စားပွဲပေါ်မှာ လိမ္မော်သီးလည်း မရှိဘဲ ဘာလို့ အနံ့က ဒီလောက် ပြင်းနေတာလဲ”
သူ့မျက်လုံးများမှာ စားပွဲပေါ်ရှိ မုန့်များကို ကြည့်နေမိရာ လိမ္မော်ရောင် တောက်ပနေသော အချိုပွဲလေးမှာ အလွန်ပင် စားချင်စဖွယ် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
အနားသို့ တိုးကြည့်သည့်အခါ ထိုအချိုပွဲလေးထဲတွင် လိမ္မော်သီး အမြွှာလေးပင် ပါရှိနေသေးသည်။
ဘေးဘီကို ကြည့်လိုက်ရာ မည်သူမျှ သတိမထားမိသည်ကို တွေ့သဖြင့် တွေးတောမိလိုက်၏။
“ဒါလေးက အရမ်းလှတာပဲ၊ တစ်ခုလောက် မြည်းကြည့်ရင် ဘာမှမဖြစ်ပါဘူး”
ထိုအမျိုးသမီးကြီးကလည်း စားရန် ပြောသွားသေးသည်။ အနံ့မှာ အလွန်မွှေးလွန်းလှသဖြင့် သူ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။
လင်းမော့ရှူ ဘေးရှိ ခက်ရင်းလေးကို ယူကာ အချိုပွဲကို ထိုးယူရန် ပြင်လိုက်သော်လည်း အားပိုစိုက်မိသဖြင့် ဂျယ်လီကို ဖြတ်ကျော်ကာ ပန်းကန်နှင့် ခက်ရင်း ရိုက်မိသံ ထွက်ပေါ်လာသည်။
မုန့်မှာ ဤမျှလောက် နူးညံ့လိမ့်မည်ဟု သူ မထင်ထားပေ။ လင်းမော့ရှူ အနည်းငယ် ရှက်သွား၏။ လင်းချိုက်ယီ လှည့်ကြည့်ကာ သူမအစ်ကို ဘာလုပ်မည်ကို သိသဖြင့် မျက်မှောင်ကြုတ်ကာ တားဆီးရန် ပြင်လိုက်သည်။
သို့သော် လင်းမော့ရှူသည် ပို၍ပင် မြန်ဆန်လှပြီး ဂျယ်လီတစ်ခုလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်တော့၏။
၎င်းမှာ အေးမြပြီး နူးညံ့ကာ ချောမွေ့လှပေသည်။ ပါးစပ်ထဲသို့ ရောက်ပြီး တစ်ကိုက်ကိုက် ကြည့်သည့်အခါ ချိုချိုချဉ်ချဉ် လိမ္မော်ရည်များ ပါးစပ်ထဲတွင် ပြည့်လျှံသွား၏။
လိမ္မော်သီးထက်ပင် အဆပေါင်းများစွာ ပို၍ အရသာရှိလှ၏။
ဒုက္ခသည်များမှာ မြို့ထဲရှိ လူများထက် ပို၍ ကောင်းမွန်စွာ စားသောက်နေကြလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
လင်းချိုက်ယီ သူ့ကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ ခေါင်းခါပြလိုက်၏။
“ဒုက္ခသည်တွေဆီက အရာတွေကို ဘယ်လိုလုပ် စားနိုင်ရတာလဲ”
လင်းမော့ရှူ မျက်လုံးမှိတ်ကာ သူမကို အားရပါးရ ခေါင်းညိတ်ပြလိုက်သည်။
လင်းချိုက်ယီ မျက်လုံးလှန်ပြကာ သူ့ကို ဂရုမစိုက်တော့ပေ။ လင်းမော့ရှူသည် ခက်ရင်းဖြင့် ဘေးရှိ လိုက်ချီး အရသာ ဂျယ်လီကို ယူ၍ အနံ့ခံကြည့်ရာ တစ်ခါမှ မရဖူးသော ရနံ့မျိုး ဖြစ်နေသည်။
သူ စိတ်ကောင်းဝင်ပြီး သူ့ညီမဖြစ်သူကို ကမ်းပေးလိုက်၏။ လင်းချိုက်ယီ မှင်တက်သွားကာ တိုးတိုးလေး ဆိုလိုက်သည်။
“နင် ရူးနေလား။ ဘာမှန်းမသိတာတွေ ငါ့ကို ကျွေးနေတာလား”
လင်းမော့ရှူ ပန်းထိုးသူများကို ကြည့်လိုက်ရာ မည်သူမျှ သတိမထားမိသည်ကို တွေ့သဖြင့် သူမ စကားပြောနေစဉ်မှာပင် ပါးစပ်ထဲသို့ အတင်းထည့်လိုက်၏။
လင်းချိုက်ယီ စိတ်ထဲမှ ကျိန်ဆဲနေမိ၏။ ပထမဆုံး တုံ့ပြန်မှုမှာ ပြန်ထွေးထုတ်ရန် ဖြစ်သော်လည်း လက်ကို ပါးစပ်နားသို့ ရွှေ့လိုက်သည့်အခါမှ ရပ်တန့်သွားတော့၏။
‘အရသာက ဘယ်လိုလေးလဲဟ’
ထူးခြားသော သစ်သီးရနံ့မှာ သူမပါးစပ်ထဲတွင် ပျံ့နှံ့နေသည်။ အချိုပွဲတစ်ခုလုံး နူးညံ့ပြီး ကိုက်လိုက်သည့်အခါ အတွင်း၌ နူးညံ့ပျော်အိသွားသော မုန့်လေးများ ပါရှိနေသေး၏။
သူမသည် အစ်ကိုဖြစ်သူကို အံ့ဩတကြီး ကြည့်လိုက်ရာ လင်းမော့ရှူ ခေါင်းညိတ်ပြနေလေသည်။
သူတို့အမူအရာများကို ဘာသာပြန်ရမည်ဆိုလျှင် အောက်ပါအတိုင်းသာ ဖြစ်၏။
လင်းချိုက်ယီ “ဒါက ဘာလဲ။ အရမ်း အရသာရှိတာပဲ”
လင်းမော့ရှူ “ဟုတ်တယ်မလားလို့ ငါ နင့်ကို မလိမ်ပါဘူး”
သူတို့နှစ်ဦးစလုံး၏ အကြည့်မှာ စားပွဲပေါ်ရှိ ကျန်ရှိနေသည့် တစ်ခုတည်းသော အစိမ်းရောင် မုန့်ဆီသို့ ရောက်သွားကြသည်။
သူတို့ ဝေခွဲမရ ဖြစ်နေစဉ်မှာပင် ပန်းထိုးအလုပ်ရုံ၏ ကန့်လန့်ကာမှာ ပွင့်သွားပြီး လှပကျော့ရှင်းသော အမျိုးသမီးတစ်ဦး ဝင်လာ၏။
“စောင့်ခိုင်းမိတာ တကယ်ပဲ စိတ်မကောင်းပါဘူးရှင်”
လင်းမော့ရှူ မတ်တပ်ရပ်ကာ မေးလိုက်၏။
“ခင်ဗျားက သူဌေးမဟွာလား”
လီနျန် ခေါင်းခါလျက် ပြောလိုက်သည်။
“ကျွန်မက ပန်းထိုးအလုပ်ရုံရဲ့ မန်နေဂျာ လီနျန်ပါ။ သူဌေးမဟွာကို တွေ့ချင်တယ်ဆိုရင်တော့ ရက်အနည်းငယ် စောင့်ရပါလိမ့်မယ်”
လင်းချိုက်ယီ ပြောလိုက်၏။
“ကိစ္စမရှိပါဘူး၊ ရှင် ဆုံးဖြတ်နိုင်ရင် ရပါပြီ။ စုဝမ် ဝတ်တဲ့ ဝတ်စုံနဲ့ စကတ်ကို ဒီမှာ ချုပ်တာလားလို့ သိချင်လို့ပါ”
“အတွင်းသား အမွေးနုပါတဲ့ ဆောင်းတွင်းဝတ်စုံကို ပြောတာလားရှင်”
“ဟုတ်ကဲ့၊ အဲဒီ ဝတ်စုံပါပဲ၊ အနီနဲ့ အဝါရောင်၊ မေပယ်ရွက် ပန်းထိုးလေးတွေနဲ့လေ”
လီနျန် ဦးညွှတ်ကာ ပြောလိုက်သည်။
“ဟုတ်ပါတယ်၊ ကျွန်မတို့ အလုပ်ရုံက ချုပ်တာပါ”
လင်းချိုက်ယီ ဝမ်းသာအားရဖြင့် ပြောလိုက်၏။
“ဒါဆိုရင် ကောင်းတာပေါ့။ ကျွန်မအတွက်လည်း တစ်စုံလောက် ချုပ်ပေးပါဦး လီနျန်”
“ကျွန်မတို့ဆီမှာ တခြား ဒီဇိုင်းတွေလည်း ရှိပါသေးတယ်။ ဖောက်သည်အနေနဲ့ ထပ်ပြီး ရွေးချင်ပါသေးလား”
လင်းချိုက်ယီ အံ့ဩတကြီး မေးလိုက်သည်။
“တခြား ဒီဇိုင်းတွေလည်း ရှိသေးတာလား။ မြန်မြန် ပြပေးပါဦး”
လီနျန် အရောင်အသွေးစုံလင်သော ပစ္စည်းစာရင်းကို ထုတ်ပေးကာ လင်းချိုက်ယီကို အေးအေးဆေးဆေး ရွေးချယ်ခိုင်း၏။
လင်းမော့ရှူ မေးလိုက်သည်။
“အမျိုးသားဝတ်စုံကော ရှိလား။ ဒီလို အသားမျိုးနဲ့ပဲ ကျွန်တော့်အတွက်လည်း တစ်စုံလောက် လိုချင်လို့ပါ”
“စိတ်မကောင်းပါဘူးရှင်၊ ကျွန်မတို့ ဆိုင်မှာ အမျိုးသားဝတ်စုံတွေ အခုထိ မရှိသေးပါဘူး”
နှမြောစရာပင်။ လင်းမော့ရှူ ခေါင်းခါလျက် အလွန်ပင် နှမြောတသ ဖြစ်နေမိသည်။
ပစ္စည်းစာရင်းသည် စားသောက်ဆိုင်မှ မီနူးကဲ့သို့ပင် အရောင်ဖြင့် ပုံနှိပ်ထားခြင်း ဖြစ်၏။ လင်းချိုက်ယီ ၎င်းကို အလွန်သဘောကျသွားတော့သည်။ အထည်စများကို အင်္ကျီအဖြစ် ချုပ်လုပ်ပြီးပါက မည်ကဲ့သို့ ရှိမည်ကို ရှင်းလင်းစွာ မြင်နေရ၏။
သူမ သေချာစွာ ရွေးချယ်ပြီးနောက် နောက်ဆုံးတွင် နှစ်စုံကို ရွေးလိုက်၏။
သူမ ကိုယ်တိုင်း တိုင်းနေစဉ်မှာပင် တဲအပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။
“ဟေး... နင်တို့က ဒုက္ခသည်တွေကို အထင်သေးနေကြတာ မဟုတ်ဘူးလား။ အခုကျမှ ဘာလို့ အသည်းအသန် လာနေကြတာလဲ”
“ငါက နင့်အကြောင်း ဘာမှ မပြောရသေးဘူးနော်။ နင်ပဲ မနေ့က ညည်းညူနေပြီးတော့ အခုကျတော့ ရောက်နေပြန်ပြီလား”
“ငါကတော့ မတူဘူးလေ။ လာကြည့်တာပဲ ရှိသေးတာ။ တကယ်လို့ ညစ်ပတ်နေမယ်ဆိုရင်တော့ ငါ ဒီမှာ အင်္ကျီမချုပ်ပါဘူး”
“ကျွန်မတို့ အချင်းချင်း လှောင်မနေကြနဲ့တော့။ အတူတူပဲ ဝင်ကြည့်ကြရအောင်”
ကန့်လန့်ကာ ပွင့်သွားသည်နှင့် အမျိုးသမီးငယ် ခုနစ်ဦး၊ ရှစ်ဦးခန့် တစ်ဦးပြီးတစ်ဦး ဝင်လာကြသည်။
သေးငယ်လှသော တဲအတွင်းမှာ လူများဖြင့် ပြည့်သွားတော့၏။
“ဆိုင်ရှင်... ကျွန်မတို့ ဆောင်းတွင်းဝတ်စုံတွေ ချုပ်လို့ ရမလားရှင်”
လီနျန် ပစ္စည်းစာရင်းကို ယူကာ ပြန်ပြောလိုက်သည်။
“ဒီဘက်မှာ ပုံစံတွေ ရွေးလို့ ရပါတယ်ရှင်”
ပန်းထိုးသူ အချို့ အလျင်အမြန် ထရပ်ကာ ဧည့်သည်များကို ထိုင်ခုံများ ပေးလိုက်ကြ၏။
“ဒီ ဒီဇိုင်းတွေက တကယ်ကို လက်ရာမြောက်တာပဲ”
ပထမဆုံး ပစ္စည်းစာရင်းကို ယူကြည့်သူမှာ ပုံစံကို သေသေချာချာ မရွေးရသေးမီမှာပင် လှပသော ဓာတ်ပုံများကြောင့် စိတ်လှုပ်ရှားသွားတော့၏။
အခြားအမျိုးသမီးများကလည်း ထိုစကားကို ကြားကာ ထရပ်ကြည့်ကြသည်။
ပစ္စည်းစာရင်းပင် လက်ရာမြောက်နေသည့်အတွက် ဤနေရာသည် ဒုက္ခသည်စခန်းဖြစ်ကြောင်း ယုံချင်စရာ မကောင်းတော့ပေ။