← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃)

ထူးခြားဆန်းပြားသော အစားအသောက် လေလံပွဲ

ပစ္စည်းစာရင်းသည် ချောမွေ့ခိုင်ခံ့ပြီး ပုံဆွဲလက်ရာများမှာ အလွန်အသက်ဝင်လှရာ ဝတ်ဆင်၍ပင် ရနိုင်တော့မယောင် ထင်ရသည်။

ယခုအခါ မည်သူမျှ ဒုက္ခသည်များအကြောင်း မပြောကြတော့ဘဲ အားလုံးက ပုံစံနှင့် အရောင်များ ရွေးချယ်ရန်သာ အလုပ်ရှုပ်နေကြတော့၏။

အဆက်မပြတ်ထွက်ပေါ်နေသော စကားသံများကြောင့် ခေါင်းနားပန်းကြီးလာသော လင်းချိုက်ယီသည် ပစ္စည်းမှာယူလွှာ ကို ယူကာ လင်းမော့ရှူကို ဆွဲ၍ ထွက်ခွာရန် ပြင်လိုက်သည်။

လင်းမော့ရှူ ပြောလိုက်၏။

“နေဦး၊ နေဦး၊ ခဏလေး...”

သူသည် ကျန်ရှိနေသော ဂျယ်လီဖတ်ကို ပါးစပ်ထဲ အတင်းထည့်လိုက်ပြီးနောက် သူတို့ကို ဧည့်ခံခဲ့သော အမျိုးသမီးကြီးထံ သွား၍ မေးမြန်းလိုက်သည်။

“အဘွား... ခုနက ကျွန်တော်တို့ကို ကျွေးတဲ့ဟာလေးက ဘာလဲ”

အဘွားကြီးမှ စားပွဲကို တစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်၏။

“ဪ၊ အဲဒါလား။ အဲဒါက ကလေးတွေကို ကျွေးဖို့ သူဌေးမဟွာ ပေးထားတဲ့ မုန့်လေးတွေပါ”

ထိုအခြေအနေကို မြင်သော လီနျန် ပြုံးကာ ပြန်ပြောလိုက်သည်။

“သခင်လေးလင်း သဘောကျတယ်ဆိုရင် နောက်ထပ် ယူသွားပါဦးလား”

ထိုစကားကို ကြားသည်နှင့် အမျိုးသမီးကြီးသည် လင်းမော့ရှူအတွက် ဂျယ်လီအဆုပ်လိုက်ကို ချက်ချင်းပင် ယူပေးလိုက်သည်။

ထိုအခါမှသာ သူ ကျေနပ်အားရစွာဖြင့် သူ့ညီမနှင့်အတူ ထွက်ခွာသွားတော့၏။

သူတို့ ထွက်သွားသည်နှင့် ပန်းထိုးအလုပ်ရုံ အတွင်းရှိ အမျိုးသမီးငယ်များမှာ စုရုံးကာ အတင်းပြောကြသည်။

“အဲဒါ ရုနန်မင်းသားရဲ့ ဒုတိယသားနဲ့ မင်းသမီး မဟုတ်လား။ သူတို့လည်း ဒီကို အင်္ကျီလာဝယ်ကြတာပဲနော်”

“သူတို့လို ဧကရာဇ်မင်းမြတ်ရဲ့ ဆွေမျိုးနီးစပ်တွေက ငါတို့ဆီက အခွင့်အရေး လာယူကြတာနေမှာပါ”

ဟွာကျွင်း ပန်းထိုးအလုပ်ရုံသည် ထိုနေ့တွင် အော်ဒါ ပေါင်း (၃၀) ကျော် လက်ခံရရှိသည်။ လီနျန် ၎င်းတို့ကို သေသေချာချာ မှတ်တမ်းတင်ထားပြီး ညနေစောင်းမှ ဟွာကျွင်း ထံသို့ အော်ဒါစာရင်းများ ပေးအပ်လိုက်၏။

ဟွာကျွင်းသည် စာရင်းများကို ကြည့်ကာ ဝမ်းသာအားရ ပြောလိုက်သည်။

“ကောင်းတယ်၊ ကျွန်မဘက်မှာလည်း အလုပ်ပါးနေချိန်ဆိုတော့ အားလုံးက ဒီဆောင်းတွင်းဝတ်စုံတွေ ချုပ်တဲ့နေရာမှာပဲ အာရုံစိုက်လို့ ရတာပေါ့”

“ဘယ်လောက် အထည်စလိုမလဲဆိုတာ မှတ်ထားပြီး မနက်ဖြန် မနက်ကျရင် အရင်ဆုံး အော်ဒါတင်လိုက်မယ်”

လီနျန်တွင် မကြာသေးမီက အကြံတစ်ခု ရရှိထားရာ သူမသည် ဟွာကျွင်းကို တိုက်ရိုက်ပင် ပြောပြလိုက်၏။

“ပန်းထိုးအလုပ်ရုံမှာ ပန်းထိုးသူ သိပ်မရှိသေးဘူး။ ကျွန်မကတော့ လက်သွက်ပြီး ငယ်ရွယ်တဲ့ မိန်းကလေးတချို့ကို ရွေးပြီး ပန်းထိုးပညာ သင်ပေးချင်တယ်”

“ဒီမှာ မိန်းကလေးငယ်လေးတွေ သိပ်မရှိဘူး။ ဒီနဲ့ မဝေးလှတဲ့ ကျန်းတူ မြို့မှာ ဒုက္ခသည်တွေ ကိုယ့်ကိုယ်ကိုယ် ပြန်ရောင်းနေကြတယ်လို့ ကြားတယ်။ အဲဒီဆီသွားပြီး သင့်တော်တဲ့ မိန်းကလေးတချို့ကို ဝယ်ယူဖို့ ကြည့်ချင်ပါတယ်”

အိမ်ရာကို စွန့်ပစ်ပြီး ထွက်ပြေးလာသူတိုင်းမှာ ဟွာကျွင်းကဲ့သို့ စိတ်ကောင်းရှိသူနှင့် မဆုံနိုင်ကြပေ။

ဟွာကျွင်း သက်ပြင်းချကာ ခေါင်းညိတ်လိုက်ပြီး ကောင်တာနောက်ဘက်မှ ငွေတေး (၅၀) ကို လီနျန်အတွက် ထုတ်ပေးလိုက်၏။

“ဒါကိုတော့ လီနျန် စိတ်ကြိုက်သာ စီစဉ်ပါ။ မိန်းကလေးတွေချည်းပဲ မဟုတ်ဘဲ တခြားသူတွေလည်း ဖြစ်နိုင်ပါတယ်၊ လီနျန်ပဲ ဆုံးဖြတ်လိုက်ပါ”

လီနျန် ညင်သာစွာ ခေါင်းညိတ်လိုက်၏။

မုန့်ဆိုင်မှာ အနားယူရန် ပိတ်ထားဆဲ ဖြစ်သဖြင့် ဟွာကျွင်းသည် ဤအခွင့်အရေးကို အသုံးချကာ ဂိုဒေါင်အတွင်းရှိ ကုန်ပစ္စည်းများကို သယ်ယူရန် စီစဉ်လိုက်သည်။

သူမ တံခါးဝသို့ လျှောက်သွားကာ အပြင်သို့ အော်ခေါ်လိုက်သည့်အခါ လူငယ်အချို့ ပြေးလာကြ၏။

“သူဌေးမဟွာ... ဘာများ ခိုင်းစရာ ရှိလို့လဲခင်ဗျာ”

သူမ သူတို့အား ဆိုင်အတွင်းရှိ ဂွမ်းထည်များ၊ စောင်များ၊ ဆန်နှင့် ဂျုံမှုန့်များကို တဲများအတွင်းသို့ ရွှေ့ခိုင်းလိုက်၏။ ထိုအချိန်တွင် မော့ချွမ်း ရောက်ရှိလာသည်။

သူ ဟွာကျွင်းအား သတင်းပေးရန် လာခြင်း ဖြစ်၏။

“လေလံပွဲက အဆင်သင့် ဖြစ်သလောက် ရှိနေပြီ၊ မနက်ဖြန်ညကျရင် မင်ယွဲ့ စားသောက်ဆိုင် မှာ ကျင်းပမှာပါ”

“ကောင်းပြီ၊ ကျွန်မ အဆင်သင့် ပြင်ထားလိုက်မယ်။ မနက်ဖြန် ဆိုင်ဖွင့်တာနဲ့ ရှင် လာယူလို့ ရတယ်”

မော့ချွမ်း ဆက်၍ပြောလိုက်သည်။

“စစ်သူကြီးလုကတော့ ပစ္စည်းတစ်ခုက ရှားမှ တန်ဖိုးတက်မှာမို့လို့ ဈေးကောင်းရဖို့အတွက် အမျိုးအစား တစ်ခုတည်းကို အများကြီး မပြင်ဖို့ ပြောလိုက်တယ်”

နောက်တစ်နေ့တွင် ဟွာကျွင်းသည် မြို့ထဲသို့ ကားမောင်းဝင်လာသည်။ သူမ ယနေ့ရည်ရွယ်ချက်မှာ ရိုးရှင်းလှပေ၏။ ရှေးခေတ်တွင် မရှိသော၊ ကြည့်လိုက်လျှင်လည်း ခန့်ညားထည်ဝါသော အစားအသောက်များကို ဝယ်ယူရန်ပင် ဖြစ်သည်။

သူမ စူပါမားကတ်သို့ တိုက်ရိုက်သွားကာ အကြီးဆုံးနှင့် အသန်မာဆုံး ဘုရင့်အဆင့်ကဏန်း တစ်ကောင်ကို ရွေးချယ်လိုက်ပြီး ဘေးနားရှိ ကန်ထဲမှ ဘော်စတွန် ပုစွန်ထုပ် နှစ်ကောင်ကိုလည်း ထပ်မံရွေးချယ်လိုက်၏။

ထို့နောက် သစ်သီးတန်းသို့ သွားကာ လိမ္မော်ဂျယ်လီ တစ်ဘူးနှင့် မွန်ထောင်း ဒူးရင်းသီး သုံးလုံးကို ယူလိုက်၏။

မုန့်တန်းကို ဖြတ်သွားသည့်အခါ ဟွာကျွင်းသည် လှပသော ကိတ်မုန့်များကြောင့် စိတ်ဝင်စားသွားသည်။ မုန့်ဆိုင်ဖွင့်ထားသည်မှာ ကြာပြီဖြစ်သဖြင့် ယခုအခါ ကိတ်မုန့်များကို အလွန်ပင် အကဲခတ်တတ်နေပြီ ဖြစ်၏။

သူမသည် အလတ်ဆတ်ဆုံး စတော်ဘယ်ရီ ကိတ်မုန့်နှစ်လုံးကို ယူလိုက်သည်။ ကိတ်မုန့် တစ်လုံးစီ ပေါ်တွင် စတော်ဘယ်ရီ (၂၅) လုံးပါဝင်ကာ အသီးများမှာလည်း လတ်ဆတ်ပြီး နီရဲနေသည်။

အရာအားလုံး အဆင်သင့် ဖြစ်သွားပြီ ဖြစ်၏။ ညနေစောင်း ဆိုင်ဖွင့်သည်နှင့် မော့ချွမ်းမှာ ချိန်းထားသည့်အတိုင်း တံခါးဝ၌ စောင့်နေသည်။ ဟွာကျွင်းသည် ထုပ်ပိုးထားသော ပစ္စည်းများကို ပေးလိုက်ရာ သူသည် မြင်းလှည်းပေါ်တင်၍ မြို့ထဲရှိ မင်ယွဲ့ စားသောက်ဆိုင်သို့ ချက်ချင်းပင် မောင်းထွက်သွားတော့၏။

ထိုအချိန်တွင် မင်ယွဲ့ စားသောက်ဆိုင်မှာ အလွန်စည်ကားနေသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် ယနေ့ ထူးခြားဆန်းပြားသော အစားအသောက် လေလံပွဲ ကျင်းပမည်ဟု ကြေညာထားသဖြင့် လူအများအပြားမှာ အဝင်ဝတွင် စောင့်ဆိုင်းနေကြ၏။

ဖိတ်စာရှိသူများသာ လေလံပွဲသို့ တက်ရောက်ခွင့် ရှိသည်။ လုမင်လီသည် မြို့ထဲရှိ ဂုဏ်သရေရှိသူများကို ရွေးချယ်ကာ ဖိတ်စာများ ပေးပို့ထားခြင်း ဖြစ်၏။

မော့ချွမ်း၏ မြင်းလှည်းမှာ မင်ယွဲ့ စားသောက်ဆိုင် နောက်တံခါးတွင် ရပ်တန့်သွားပြီး အလုပ်သမားများက ပစ္စည်းများကို အတွင်းသို့ ဂရုတစိုက် သယ်ယူပေးကြသည်။

ဟွာကျွင်း ဆိုင်ထဲတွင် ပျင်းနေသဖြင့် ဟွာရှန့် နှင့်အတူ မာကျောက် ကစားနေသည်။ ထိုစဉ် လုမင်လီ ဝင်လာပြီး မေးမြန်းလိုက်၏။

“လေလံပွဲ သွားကြည့်ချင်လား။ ည (၁၂) နာရီမှာ ကိုယ် ပြန်ပို့ပေးမယ်”

ဟွာကျွင်းက ထိုင်ခုံပေါ်မှ ချက်ချင်းပင် ထခုန်လိုက်သည်။

“သွားမယ်”

သူမ အဝတ်အစားများ အမြန်လဲလှယ်ကာ ဟွာရှန့်နှင့်အတူ မြင်းလှည်းပေါ်သို့ တက်လိုက်သည်။

သူတို့ မင်ယွဲ့ စားသောက်ဆိုင်သို့ ရောက်သည့်အခါ လေလံပွဲမှာ စတင်နေပြီ ဖြစ်၏။ လုမင်လီ သူမတို့ကို ဒုတိယထပ်ရှိ သီးသန့်အခန်းတစ်ခုသို့ တိုက်ရိုက်ခေါ်ဆောင်သွားသည်။

ထိုနေရာမှာ စင်မြင့်ကို တိုက်ရိုက်မြင်ရသဖြင့် အလွန်ပင် ကောင်းသော နေရာတစ်ခု ဖြစ်၏။

လေလံတင်သူမှာ မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမသည် လှပသော ပိုးဝတ်ရုံကို ဆင်မြန်းကာ စင်ပေါ်သို့ ကျော့ရှင်းစွာ တက်လာပြီး ကြေညာလိုက်၏။

“ကြိုဆိုပါတယ် ဂုဏ်သရေရှိ ဧည့်သည်တော်များရှင်။ ဒီနေ့ မင်ယွဲ့ စားသောက်ဆိုင်ကနေ အထူးလေလံပွဲ တစ်ခုဖြစ်တဲ့ ထူးခြားဆန်းပြား အစားအသောက် လေလံပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်”

သူမ လက်ကို အသာအယာ တီးလိုက်ရာ အလုပ်သမားနှစ်ဦးက အနီရောင်အဝတ် ဖုံးအုပ်ထားသော ပန်းကန်တစ်ခုကို သယ်ဆောင်လာကြသည်။

“ဒီပထမဆုံး လေလံပစ္စည်းက ဘာဖြစ်မလဲဆိုတာ အားလုံးပဲ စိတ်ဝင်စားနေကြမယ် ထင်ပါတယ်”

ထိုမိန်းကလေးက ပြုံးလျက် အနီရောင်အဝတ်ကို ဖယ်ရှားလိုက်ရာ အောက်မှ ပရိသတ်များမှာ အံ့အားသင့်သွားကြ၏။

စားပွဲပေါ်တွင် ငွေရောင်ဗန်းတစ်ခု ရှိနေပြီး ထိုအပေါ်တွင် ထူးဆန်းသော ပစ္စည်းတစ်ခု တည်ရှိနေ၏။

“ဒါကတော့ ဝေးလံလှတဲ့ မလက္ကာ က လာတဲ့ ဒူးရင်းသီးပဲ ဖြစ်ပါတယ်။ အရသာက အလွန်ချိုမြိန်ရုံတင်မကဘဲ ထူးခြားတဲ့ အာနိသင်တွေလည်း ရှိပါတယ်။ စားသုံးရင် ကျောက်ကပ်ကို အားဖြစ်စေပြီး အသက်ရှည်စေတယ်လို့ သိရပါတယ်။ အခြေခံလေလံဈေးကတော့ ငွေတေး (၁၀၀) ပါ”

ဧည့်သည်များက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ၎င်းကို ကြည့်ရသည်မှာ ချိုမည့်ပုံ မပေါ်ပေ။

ထိုမိန်းကလေးက ဆက်၍ ရှင်းပြသည်။

“ဒီအသီးမှာ ထူထဲတဲ့ အခွံပါရှိပါတယ်။ အခွံနွှာပြီးတဲ့အခါ အထဲက အသားမှာ ထူးခြားတဲ့ အနံ့ အရသာရှိပါတယ်”

တစ်စုံတစ်ယောက်ကသူ့ပေါင်ကို ချက်ချင်းပင် ရိုက်လိုက်၏။

“ဒူးရင်းသီး။ ငါ ဟွာကျွင်း မုန့်ဆိုင်မှာ ဒူးရင်းသီးကိတ် စားဖူးတယ်၊ တကယ် အရသာရှိတာ။ ငါ တေး (၁၂၀) ပေးတယ်”

ထိုစကားအဆုံးတွင် အနီးနားရှိ လူများမှာ တစ်ဦးပြီးတစ်ဦး ဈေးပြိုင်ပေးကြတော့၏။

“တေး (၁၃၀)”

“တေး (၁၄၀)”

“တေး (၁၅၀)”

ဈေးနှုန်းမှာ အရှိန်အဟုန်ဖြင့် တက်လာပြီး နောက်ဆုံးတွင် ငွေတေး (၃၀၀) ဖြင့် ရောင်းထွက်သွားသည်။

ဟွာကျွင်းမှာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိ၏။ အစားအသောက်များကို ဤမျှအထိ လိုချင်ကြလိမ့်မည်ဟု သူမ မထင်ထားပေ။

ပစ္စည်းတစ်ခုပြီးတစ်ခု လေလံတင်ရာတွင် ဈေးကောင်းများ ရရှိနေလေသည်။

ထို့နောက် မိန်းကလေးက ဆက်၍ ကြေညာလိုက်၏။

“နောက်ထပ် ပြပေးမှာကတော့ ဒီနေ့လေလံပွဲရဲ့ အထူးခြားဆုံးပစ္စည်း... ဘုရင်အဆင့်ကဏန်း ပဲ ဖြစ်ပါတယ်”

သူမ၏ အသံမှာ ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းလာ၏။

“ဒီကဏန်းကတော့ မြောက်ဝင်ရိုးစွန်း ရဲ့ နက်ရှိုင်းတဲ့ ပင်လယ်ပြင်က လာတာပါ။ အရွယ်အစား အလွန်ကြီးမားပြီး အသားကလည်း အရသာရှိလှပါတယ်။ ဒါတင်မကဘဲ အာဟာရဓာတ်လည်း မြင့်မားတာကြောင့် ခန္ဓာကိုယ်အတွက် အကောင်းဆုံး အားဆေးတစ်ခွက်လည်း ဖြစ်ပါတယ်။ အခြေခံလေလံဈေးကတော့ ငွေတေး (၁၀၀၀) ပါ”

ရောက်ရှိနေသော ဧည့်သည်များမှာ မှင်တက်သွားကြ၏။ ငွေတေး (၁၀၀၀) ဆိုသည်မှာ မနည်းလှပေ။ သို့သော်လည်း ဘုရင်အဆင့်ကဏန်းကို သယ်ဆောင်လာပြီး အနီရောင်အဝတ်ကို ဖယ်လိုက်သည့်အခါတွင် ပိုက်ဆံကိစ္စမှာ ဒုတိယ ဖြစ်သွားတော့၏။

၎င်းမှာ အလွန်ကြီးမားသည်ဟု ကြားဖူးသော်လည်း ဤမျှအထိ ကြီးမားလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။

ကိုယ်ထည်မှာ လူတစ်ဦး၏ ဦးခေါင်းထက်ပင် ကြီးမားနေပြီး ခြေတံရှစ်ချောင်းကို ဖြန့်လိုက်သည့်အခါ စားပွဲတစ်ခုလုံး ပြည့်သွားလေသည်။ ထို့ပြင် ၎င်းမှာ အသက်ရှင်နေဆဲ ဖြစ်၏။

လက်မများမှာ ဖြည်းညင်းစွာ လှုပ်ရှားနေသဖြင့် လေလံတင်သည့် မိန်းကလေးပင် အနောက်သို့ အနည်းငယ် ဆုတ်လိုက်ရသည်။

အောက်မှ ပရိသတ်များမှာ ဆူညံစွာ ဆွေးနွေးကြတော့၏။

“ဒါက ကဏန်းမိစ္ဆာကြီးပဲ ဖြစ်ရမယ်။ အရမ်းကြီးလွန်းတယ်”

“ကဏန်းမိစ္ဆာ ဖြစ်ဖြစ် ဘာဖြစ်ဖြစ်၊ စားပွဲပေါ်ရောက်ရင်တော့ လူကပဲ အသာစီးရမှာပါ။ ဒါကို စားလိုက်ရင် ခန္ဓာကိုယ်အတွက် အားဖြစ်စေမှာ အမှန်ပဲ”

အခန်း (၈၄)

ဈေးကြီးပေးရသော ဘုရင့်အဆင့်ကဏန်းများ

ချမ်းသာကြွယ်ဝသူများအတွက် သာမန်အစားအသောက်များက သူတို့ကို မတင်းတိမ်စေနိုင်တော့ဘဲ ဘုရင့်အဆင့်ကဏန်း ကသာ သူတို့၏ စူးစမ်းလိုစိတ်ကို ဖြည့်ဆည်းပေးနိုင်ပေသည်။

ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အော်ဟစ်လိုက်လေသည်။

“ငွေတေး (၁၅၀၀)”

“ငွေတေး (၂၀၀၀)”

အခြားတစ်ဦးကလည်း အရှုံးမပေးဘဲ ပြိုင်ဆိုင်လိုက်၏။

“ငွေတေး (၃၀၀၀)”

အသံမှာ လူငယ်တစ်ဦးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဈေးနှုန်းမှာ ဆက်တိုက်မြင့်တက်နေပြီး လေထုမှာလည်း တင်းမာသော်လည်း သက်ဝင်လှုပ်ရှားနေ၏။ နောက်ဆုံးတွင် ထိုဘုရင်အဆင့်ကဏန်းကို ငွေတေး (၈၀၀၀) ဟူသော အလွန်မြင့်မားသည့် ဈေးနှုန်းဖြင့် ရောင်းချလိုက်ရသည်။

ဟွာကျွင်း လုမင်လီ ကို အံ့ဩတကြီး ကြည့်ကာ မေးမြန်းလိုက်၏။

“ဒီဈေးနှုန်းကို ရှင်ပဲ သတ်မှတ်ထားတာလား”

လုမင်လီ ခေါင်းညိတ်ပြလျက် ပြန်ပြောလိုက်သည်။

“ဘုရင့်ကဏန်းက နှိုင်းယှဉ်လို့မရအောင် အဖိုးတန်ပြီး ပိုက်ဆံရှိတိုင်းလည်း ဝယ်လို့မရဘူးလေ။ ငွေတေး (၈၀၀၀) ဆိုတာ သူတို့အတွက်တော့ သုံးရကျိုးနပ်တဲ့ ပမာဏပါပဲ”

ဤလေလံပွဲမှာ ဟွာကျွင်း၏ အမြင်ကို တကယ်ပင် ပြောင်းလဲစေခဲ့၏။ မြို့ထဲတွင် ဤမျှလောက် ချမ်းသာသောသူများ များပြားလိမ့်မည်ဟု သူမ မထင်ထားပေ။

သေလုမျောပါး ဖြစ်နေကြသော ဒုက္ခသည်များစွာကို တွေးမိသည့်အခါမှ နားလည်သွားတော့သည်။

“နန်းတော်ထဲတွင် အရက်နှင့် အသားများ ပေါများနေသော်လည်း လမ်းမပေါ်တွင်မူ လူများ အေးခဲသေဆုံးနေကြသည်”

“ကျွန်မတို့ဆီမှာဆိုရင် ဘုရင်အဆင့်ကဏန်းက ယွမ်တစ်ထောင်ပဲ ပေးရတာ၊ ဒါပေမဲ့ ဒီမှာကျတော့ ငွေတေး (၈၀၀၀) တောင် ရတာပဲနော်”

“ယွမ်တစ်ထောင်လား။ အဲဒါက ငွေဘယ်နှတေးလောက် ရှိတာလဲ”

“ပေါက်စီ အလုံးနှစ်ထောင်လောက်နဲ့ ညီမျှတယ်”

“ဒါဆိုရင် အဆပေါင်းများစွာ တိုးသွားတာပဲ”

ဟွာကျွင်း မခံချင်စိတ်ဖြင့် ပြောလိုက်၏။

“ကျွန်မသာ တတ်နိုင်ရင် သူတို့ကို နေ့တိုင်း ဘုရင်အဆင့်ကဏန်းတွေ ရောင်းပြီး သူတို့ဆီက ပိုက်ဆံတွေကို ဘေးသင့်သူတွေအတွက် အကုန်ယူပစ်ချင်တာ”

“နေ့တိုင်းရောင်းနေရင်တော့ တန်ဖိုးရှိတော့မှာ မဟုတ်ဘူး။ အလွန်ဆုံး တစ်လတစ်ကြိမ်လောက်ပဲ ရောင်းသင့်တယ်”

ဟွာကျွင်းလည်း ဤသဘောတရားကို နားလည်လေသည်။ သူမ နှုတ်ခမ်းဆူကာ တွေးလိုက်၏။

“ကိစ္စမရှိပါဘူး၊ တခြား ကောင်းတဲ့အရာတွေ အများကြီး ရှိသေးတာပဲ၊ နောက်ပိုင်းမှ ဖြည်းဖြည်းချင်း ရောင်းတာပေါ့”

လေလံပစ္စည်းများမှာ လက်ရာမြောက်သော်လည်း အရေအတွက်မှာ မများလှသဖြင့် လျင်မြန်စွာပင် ကုန်သွားသည်။ ထိုစဉ် မင်ယွဲ့စားသောက်ဆိုင် ၏ ပိုင်ရှင် ဝင်လာ၏။ သူ့နောက်တွင် သစ်သားသေတ္တာကြီးတစ်လုံးကို သယ်ဆောင်လာသော လူလေးဦးပါလာသည်။ သူ သေတ္တာအဖုံးကို ဖွင့်လိုက်ရာ အတွင်း၌ စီစီရီရီ ရှိနေသော ငွေတုံးများကို တွေ့ရ၏။

“စစ်သူကြီးလု... ဒါက ဒီနေ့ လေလံပွဲကရတဲ့ ငွေတွေပါ။ မင်ယွဲ့ စားသောက်ဆိုင်ရဲ့ ဝန်ဆောင်ခကို နုတ်ပြီးရင် ငွေတေး (၁၁၀၀၀) ကျန်ပါတယ်”

လုမင်လီက ခေါင်းညိတ်ကာ အေးဆေးစွာ ပြောလိုက်သည်။

“သိပြီ”

ထိုအခါ ဆိုင်ရှင်သည် သူ့တပည့်များနှင့်အတူ အရိုအသေပေးပြီး ပြန်လည်ထွက်ခွာသွားတော့၏။

လုမင်လီ ဟွာကျွင်းအား ပြောလိုက်သည်။

“မင်ယွဲ့ စားသောက်ဆိုင်က လေလံပွဲတွေ ခဏခဏ ကျင်းပလေ့ရှိတာမို့ သူတို့က အတွေ့အကြုံရှိပြီး အလုပ်လည်း သေသေချာချာ လုပ်ကြပါတယ်။ မင်း စိတ်ချလို့ ရပါတယ်”

ဟွာကျွင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

“ရှင်က ဒီဆိုင်နဲ့ ဘယ်လိုလုပ် ဒီလောက် ရင်းနှီးနေရတာလဲ။ သူတို့က ရှင့်ကို အရမ်း ရိုသေကြတာပဲနော်”

လုမင်လီ ကိုယ်ကို အနည်းငယ် မတ်လိုက်သည်။

“ဪ... မင်ယွဲ့ စားသောက်ဆိုင်ဆိုတာ ကိုယ့်အမေရဲ့ ခန်းဝင်ပစ္စည်းထဲက တစ်ခုလေ”

ထိုသို့ဖြစ်နေသည်လော။ စိတ်ဝင်စားစရာပင်။ လု မိသားစုမှာ မျိုးဆက်အလိုက် စားသောက်ဆိုင် ဖွင့်သည့် အစဉ်အလာ ရှိပုံရ၏။

ဟွာကျွင်းသည် မသိမသာ ရယ်မိသွားရာ ရယ်သံကို ဖုံးကွယ်ရန် လက်ဖက်ရည်ကို အလျင်အမြန် သောက်လိုက်သည်။

လုမင်လီ အနည်းငယ် တိုးကပ်လာကာ မေးလိုက်၏။

“ဘာတွေ တွေးနေလို့လဲ။ ဘာက အဲဒီလောက် ရယ်စရာကောင်းနေလို့လဲ”

“လုကျောက် ဆိုတဲ့လူကို မှတ်မိသေးလား။ သူလည်း ‘တောက်လဲ့ကျူ’ဆိုတဲ့ စားသောက်ဆိုင် ဖွင့်ထားတာပဲ။ ရှင့်တို့ လူမိသားစုက စားသောက်ဆိုင် ဖွင့်ရတာကို ဝါသနာပါကြတာလား”

လုမင်လီလည်း ရယ်မောလိုက်သည်။

“တကယ်ပဲ အဲဒီလို ဖြစ်နေပုံရတယ်။ တောက်လဲ့ကျူ... အဲဒီနာမည်က ကောင်းသားပဲ၊ မင်ယွဲ့ စားသောက်ဆိုင်ထက်တောင် ပိုသာသေးတယ်”

ဟွာကျွင်း မှင်တက်သွား၏။

‘ဆိုင်နာမည်ကိုတော့ သွားမပြောင်းပါနဲ့ဦး’

သမိုင်း၏ အလှည့်အပြောင်းက သူမထံသို့ ပြန်လည်သက်ရောက်လာမည်ကို စိုးရိမ်သဖြင့် ဟွာကျွင်း နှုတ်ဆိတ်နေလိုက်ပြီး ထိုကိစ္စများကို ဆက်မပြောတော့ပေ။

ရရှိလာသော ငွေတေး (၁၁၀၀၀) ထဲမှ ဟွာကျွင်းက ငွေတေး (၁၀၀၀) ကို သိမ်းထားပြီး ကျန်ငွေများကိုမူ ဒုက္ခသည်များအတွက် အသုံးပြုရန် လုမင်လီမှတစ်ဆင့် မြို့တော်ဝန်ကျောက် ထံသို့ ပေးအပ်လိုက်၏။

မုန့်ဆိုင် ပတ်ပတ်လည်ရှိ ဒုက္ခသည်များမှာ ရုံတော်မှ ထောက်ပံ့မှုကို မလိုအပ်တော့သော်လည်း အခြားမြို့တံခါးများ၏ အပြင်ဘက်တွင် ဆန်ပြုတ်ဖြင့်သာ အသက်ဆက်နေရသော ဒုက္ခသည်များစွာ ကျန်ရှိနေသေးသည်။

လီနျန် သည် အလုပ် အလွန်တွင်ကျယ်လှပေ၏။ နောက်တစ်နေ့တွင် ဟွာကျွင်း ဆိုင်ဖွင့်သည်နှင့် သူမ ကလေး (၁၅) ဦးနှင့်အတူ ဆိုင်ရှေ့တွင် စောင့်နေသည်။ သူမ ထိုကလေး (၁၅) ဦးစလုံးကို ဟွာကျွင်းအား တညီတည်း ဒူးထောက်ခိုင်းလိုက်ရာ ဟွာကျွင်းက အလျင်အမြန်ပင် တားဆီးလိုက်၏။

“မလုပ်ပါနဲ့၊ ငါ့ကို ဒီလို ဒူးထောက်စရာ မလိုပါဘူး”

ထိုကလေးများမှာ အားနည်းပိန်ချုံးနေကြပြီး အရပ်အမောင်း အမျိုးမျိုး ဖြစ်သဖြင့် ယောင်္ကျားလေးလား၊ မိန်းကလေးလား ခွဲခြားရန်ပင် ခက်ခဲလှပေသည်။ သူတို့၏ လက်ချောင်းလေးများမှာလည်း အေးခဲပြီး နီရဲနေကြကာ ဟွာကျွင်းကို ကြည့်ရင်း သူတို့ဘောင်းဘီစများကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားကြ၏။

ဟွာကျွင်းသည် စိတ်မကောင်း ဖြစ်သွားမိ၏။ သူမ လီနျန်ကို မေးလိုက်သည်။

“သူတို့ အားလုံး ထမင်းစားပြီးကြပြီလား”

“ဟုတ်ကဲ့ သူဌေးဟွာ၊ အားလုံး စားပြီးကြပါပြီ။ သူတို့အတွက် အဝတ်အစားတွေကိုလည်း အမြန်ချုပ်ပေးနေတာမို့ မကြာခင် လဲနိုင်တော့မှာပါ”

ဟွာကျွင်းက ကလေးများကို ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့အားလုံး လီနျန်ရဲ့နောက်ကို လိုက်ပြီး ကြိုးကြိုးစားစား သင်ယူကြပါ။ ဒါဆိုရင် နောက်ပိုင်းကျရင် မင်းတို့ကိုယ်မင်းတို့ ထောက်ပံ့နိုင်ကြလိမ့်မယ်”

ထို့နောက် သူမက လီနျန်ကို ညွှန်ကြားလိုက်၏။

“မိန်းကလေးတွေကို လီနျန် ခေါ်သွားပါ၊ ယောင်္ကျားလေးတွေကိုတော့ မိုက်တုန်း က တာဝန်ယူလိမ့်မယ်”

ကလေးအသစ်များစွာ ရောက်ရှိလာခြင်းကြောင့် ဟွာကျွင်းသည် ဂိုဒေါင်ထဲမှ တဲကြီးနှစ်လုံး၊ မွေ့ရာ (၁၅) ခုနှင့် ဂွမ်းစောင်များကို ထုတ်ပေးကာ သူတို့ကို နေရာချပေးလိုက်၏။ ဒုက္ခသည်များထဲတွင် စာပေတတ်မြောက်သော်လည်း ကိုယ်လက်လှုပ်ရှားကာ အလုပ်မလုပ်နိုင်သော ပညာတတ်တစ်ဦး ပါဝင်နေသဖြင့် ဟွာကျွင်း သူ့အား ကလေးများကို စာသင်ပေးရန် တာဝန်ပေးလိုက်သည်။

ဤသို့ဖြင့် “ဟွာကျွင်း မူလတန်းကျောင်း” ကို တရားဝင် တည်ထောင်လိုက်တော့၏။

နောက်ရက်များတွင် နံနက်ပိုင်း၌ စာသင်ကြပြီး ညနေပိုင်းတွင် မိန်းကလေးများက လီနျန်ထံမှ ပန်းထိုးပညာကို သင်ယူကြကာ ယောင်္ကျားလေးများက မိုက်တုန်းထံမှ ဆေးဖက်ဝင်အပင်များအကြောင်း လေ့လာကြသည်။

ဤကလေးများမှာ ရေလွှမ်းမိုးခြင်း၊ ထွက်ပြေးတိမ်းရှောင်ခြင်းနှင့် မိမိကိုယ်ကို ရောင်းချခြင်းစသည့် ခက်ခဲကြမ်းတမ်းသော ဘဝများကို ဖြတ်သန်းလာကြသူများ ဖြစ်သဖြင့် ယခုရရှိထားသော ဘဝသစ်ကို အလွန်ပင် တန်ဖိုးထားကြ၏။

ဆောင်းတွင်းဝတ်စုံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်နှင့် ဟွာကျွင်း ပန်းထိုးအလုပ်ရုံသည် မြို့ထဲတွင် ဈေးကွက်ရလာသည်။ အထူးသဖြင့် မီးပုံးပွဲတော် ညတွင် မျိုးရိုးမြင့်အမျိုးသမီးများမှာ ဒီဇိုင်းအသစ်ဖြင့် ချုပ်လုပ်ထားသော ဆောင်းတွင်းဝတ်စုံများကို ဝတ်ဆင်လာကြသဖြင့် အားလုံးကို အံ့အားသင့်စေခဲ့၏။

ပန်းထိုးအလုပ်ရုံ၏ ရောင်းချမှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာသော်လည်း အလုပ်သမားအင်အား မလုံလောက်သဖြင့် လီနျန်မှာ အချို့ကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်ရ၏။

မြို့ထဲရှိ အခြားအဝတ်အထည်ဆိုင်များမှာလည်း ဟွာကျွင်း ပန်းထိုးအလုပ်ရုံ၏ စီးပွားရေး ကောင်းမွန်နေသည်ကို တွေ့သည့်အခါ သူတို့၏ ဒီဇိုင်းများကို အတုယူကာ ဆောင်းတွင်းဝတ်စုံများကို စတင်ချုပ်လုပ်ကြသည့်အတွက် အတော်ပင် ရောင်းကောင်းလာသည်။

ဟွာရှန့် ဟွာကျွင်းကို မကျေမနပ်ဖြင့် တိုင်လေသည်။

“အစ်မရဲ့ ခွင့်ပြုချက်မရှိဘဲ သူတို့က ဘယ်လိုလုပ် ဒါမျိုးတွေ ချုပ်နိုင်ရတာလဲ။ ဒါက ခိုးချတာပဲ”

ဟွာကျွင်းက ပြုံးလျက် ဆို၏။

“ဒါက ငါတို့ အလုပ်ရုံရဲ့ သီးသန့်လျှို့ဝှက်ချက်မှ မဟုတ်တာ။ သူတို့မှာ စွမ်းရည်ရှိရင် ချုပ်ပါစေပေါ့၊ ငါတို့က ဘယ်လိုလုပ် တားနိုင်မှာလဲ”

သို့သော်လည်း အပြင်ပန်းကြည့်လျှင် တူညီနေသော်လည်း ထိုအတုများမှာ ပန်းထိုးအလုပ်ရုံ၏ နွေးထွေးမှုနှင့် နုနယ်လှပသော ပန်းထိုးလက်ရာများကိုမူ မမီကြပေ။ ဖောက်သည်များမှာလည်း ထိုကွာခြားချက်ကို လျင်မြန်စွာ သိရှိသွားကြပြီး အတုများမှာ ဝတ်ရသည်မှာ သက်သောင့်သက်သာ မရှိသလို မနွေးထွေးကြောင်း ညည်းညူကြသည်။

နောက်ဆုံးတွင် ကျားပုံဆွဲသည့်အခါ ကျားအရေခွံကို ဆွဲနိုင်သော်လည်း ကျား၏ အရိုးကိုမူ ဆွဲ၍မရခြင်းပင် ဖြစ်၏။

ထို့ကြောင့် ထိုဆိုင်ရှင်များသည် အခြားနည်းလမ်းများကို ကြံစည်ကြပြီး လီနျန်အား စည်းရုံးလာသည်။ ပထမဆုံးအနေဖြင့် တစ်စုံတစ်ယောက်က လီနျန်ကို ဈေးကြီးပေးကာ လာရောက်စည်းရုံးခိုင်းလိုက်၏။

“ဟွာကျွင်းပန်းထိုးအလုပ်ရုံမှာ ရှင့်ကို မန်နေဂျာလို့ ခေါ်ပေမဲ့ တစ်ရက်ကို ကြေးပြား (၃၀) ပဲ ရတယ်လို့ ကြားတယ်။ တစ်လလုံးမှ ကြေးပြား (၉၀၀) ပဲ ရတာပေါ့။ ကျွန်မတို့ရဲ့ ကျင်းရှို့ ပန်းထိုးအလုပ်ရုံက ရှင့်ကို တစ်လကို ငွေ (၅) တေး ပေးပြီး မန်နေဂျာအဖြစ် ခန့်ချင်ပါတယ်”

ဟွာကျွင်းအပေါ် ထားရှိသော လီနျန်၏ သံယောဇဉ်ကို ဖယ်ထားလျှင်ပင် သူမသည် ငွေ (၅) တေးကို ဂရုစိုက်မည် မဟုတ်ပေ။ နေ့စဉ်လုပ်အားခ ကြေးပြား (၃၀) အပြင် ဟွာကျွင်းသည် အဝတ်တစ်စုံ ရောင်းရတိုင်း မုန့်ဖိုးပေးသည့်အပြင် နှစ်ကုန်ဆုကြေးလည်း ပေးသေး၏။

ထို့ပြင် နေ့တိုင်း ဆန်ကောင်းကောင်း စားနေရသည်။ ငွေ (၅) တေးအတွက်နှင့် အလုပ်ပြောင်းမည့်သူမှာ လူမိုက်သာ ဖြစ်ပေလိမ့်မည်။

လီနျန် ပြတ်သားစွာပင် ငြင်းပယ်လိုက်၏။

“စိတ်မကောင်းပါဘူး သူဌေးကျူ ၊ သူဌေးမဟွာက ကျွန်မအပေါ် ကျေးဇူးရှိခဲ့သူမို့ ကျွန်မ ဟွာကျွင်း ပန်းထိုးအလုပ်ရုံကနေ ဘယ်တော့မှ ထွက်မှာ မဟုတ်ပါဘူး”

ကျင်းရှို့ ပန်းထိုးအလုပ်ရုံမှ သူဌေးကျူမှာ အလွန်ပင် ဇဝေဇဝါ ဖြစ်သွား၏။

“ရှင်က ဒုက္ခသည်ဘဝမှာ သူဌေးမဟွာရဲ့ အကူအညီ ရခဲ့တာကို ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျေးဇူးတရားအတွက်နဲ့ ပိုက်ဆံကိုတော့ လျစ်လျူမရှုသင့်ဘူးလေ။ ကျွန်မ ပြောတာ မဟုတ်ပေမဲ့ ဒီသူဌေးမဟွာက စီးပွားရေးအမြင် လုံးဝမရှိတာပဲ။ ဒီဆောင်းတွင်းဝတ်စုံတွေက ဒီလောက်ကောင်းနေတာကို ပိုပြီး မချုပ်ဘဲ ဖောက်သည်တွေကို ငြင်းလွှတ်နေတာလေ”

လီနျန်က ဟွာကျွင်းဘက်မှ ကာကွယ်ပြောဆိုလိုက်၏။

“ကျွန်မတို့ အလုပ်ရုံက ထွက်တဲ့ အဝတ်တိုင်းကို အထူးဂရုစိုက်ပြီး ချုပ်တာမို့ အချိန်ယူရတာ သဘာဝပါပဲ။ အော်ဒါတွေ အများကြီး လက်ခံပြီး အချိန်မီ မပေးနိုင်ရင် ကျွန်မတို့ရဲ့ ယုံကြည်မှုကို ထိခိုက်မှာပေါ့”

သူဌေးကျူ နှမြောသလိုဖြင့် ဆို၏။

“အဲဒီလောက်အထိ အနုစိတ်နေစရာ မလိုပါဘူး။ အဓိကက နွေးဖို့ပဲလေ၊ ပန်းထိုးတာ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဘယ်သူက ဂရုစိုက်မှာလဲ။ ကျွန်မတို့ ကျင်းရှို့ ပန်းထိုးအလုပ်ရုံမှာဆိုရင် အခုထက် အမြတ်နှစ်ဆတောင် ရနိုင်မှာ”

လီနျန်သည် စကားဆက်ပြောရန် အဓိပ္ပာယ်မရှိတော့ဟု ခံစားရသဖြင့် မတ်တပ်ရပ်ကာ ဆိုလိုက်လေသည်။

“စိတ်မကောင်းပါဘူး သူဌေးကျူ၊ ကျွန်မမှာ တခြား လုပ်စရာတွေ ရှိသေးလို့ ခွင့်ပြုပါဦးရှင်”

သူဌေးကျူသည် လက်လျှော့သွားလိမ့်မည်ဟု သူမ ထင်ထားသော်လည်း သူက လက်မလျှော့ခဲ့ပေ။

All Chapters