← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅)

ကင်းလှည့်အဖွဲ့ ဖွဲ့စည်းခြင်း

သူဌေးကျူ လီနျန် ကို စည်းရုံး၍မရသည့်အခါ အခြားသော ပန်းထိုးသူများကို ပစ်မှတ်ထားတာ့၏။ သူသည် ပန်းထိုးအလုပ်ရုံ ၏ အဝင်ဝတွင် ခိုးကြောင်ခိုးဝှက် ချောင်းမြောင်းနေပြီး အပြင်သို့ ထွက်လာသမျှ လူတိုင်းကို အကဲခတ်နေသည်။

လူအသွားအလာ များပြားလှသော်လည်း သူဌေးကျူ၏ ဝတုတ်သော ကိုယ်လုံးမှာ အလွန်ပေါ်လွင်နေသဖြင့် သူသည် ထောင့်တစ်နေရာတွင် ကိုယ်ကို ကိုင်းညွှတ်ကာ ပုန်းကွယ်နေရ၏။

ထိုစဉ် သူ သင့်တော်သော လူတစ်ဦးကို တွေ့လိုက်ရသည်။ ၎င်းမှာ အဒေါ်ကြီးလျို ဖြစ်ပြီး သူမသည် ပန်းထိုးဘောင်ကို ကိုင်လျက် အလုပ်ရုံထဲမှ ထွက်လာကာ လမ်းလျှောက်ရင်း ပန်းထိုးသူလေးများကို တစ်ခုခု ညွှန်ကြားနေ၏။

သူမသည် ပန်းထိုးအလုပ်ရုံ၏ စီမံခန့်ခွဲမှုပိုင်းတွင် ပါဝင်သူဖြစ်ကြောင်း ထင်ရှားလှပေ၏။

သူဌေးကျူသည် အဒေါ်ကြီးလျို တဲအနောက်ဘက်သို့ လျှောက်သွားသည်ကို ကြည့်ကာ မျက်လုံးများ အရောင်တောက်သွားပြီး အခြားတစ်ဖက်မှ ပတ်၍ လိုက်သွားတော့သည်။

တဲအနောက်ဘက်တွင် အထည်စအမျိုးမျိုးကို အလွှာလိုက် ပုံကာ အခြောက်လှန်းထားသည်။ အဒေါ်ကြီးလျိုသည် ထိုအထည်များကြားမှ ဖြတ်လျှောက်သွားစဉ် အနောက်မှ ချောက်ချားဖွယ် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

“အဒေါ်ကြီး... ခဏလောက် ရပ်ပါဦး...”

အဒေါ်ကြီးလျိုမှာ လန့်ဖျပ်သွားကာ နေ့ခင်းကြောင်တောင် သရဲခြောက်သည်ဟု ထင်မှတ်ပြီး လက်ထဲမှ ပန်းထိုးဘောင်ဖြင့် အနောက်ဘက်သို့ အရှိန်ဖြင့် လွှဲရိုက်လိုက်သည်။

“အား...” ဟူသော အော်သံနှင့်အတူ သူဌေးကျူမှာ အရှိန်ပြင်းပြင်း အရိုက်ခံလိုက်ရသဖြင့် အော်ဟစ်တော့၏။

သူဌေးကျူမှာ အဝတ်စများကြားတွင် ဖုံးကွယ်နေသဖြင့် အဒေါ်ကြီးလျိုမှာ အမျိုးသားတစ်ဦး၏ ပုံရိပ်ကိုသာ ဝေဝါးစွာ မြင်ရသည်။

၎င်းမှာ သရဲမဟုတ်ဘဲ လူဖြစ်နေသည်ကို သိသည့်အခါ သူမက ပို၍ပင် ပြင်းပြင်းထန်ထန် ရိုက်တော့၏။

“ဒီခွေးကောင်၊ ငါ့နောက်ကို ဘယ်လိုတောင် လိုက်ရဲရတာလဲ။ နင့်ကို သေအောင် ရိုက်ပစ်မယ်”

အဒေါ်ကြီးလျို ချက်ချင်းပင် ဒေါသချောင်းချောင်းထွက်သွားကာ ပန်းထိုးဘောင်ကို ထပ်မံ လွှဲရိုက်ပြန်၏။ သူဌေးကျူမှာ ရှောင်တိမ်းရင်း အသနားခံတော့သည်။

“အဒေါ်ကြီး... တောင်းပန်ပါတယ်။ ကျွန်တော်က အဒေါ်ကြီးနဲ့ စီးပွားရေးကိစ္စ တစ်ခုလောက် ဆွေးနွေးချင်လို့ပါ...”

“စီးပွားရေး ဆွေးနွေးမယ်”

အဒေါ်ကြီးလျို လက်တန့်သွား၏။

“ငါနဲ့ ဆွေးနွေးစရာ ဘာစီးပွားရေး ရှိလို့လဲ။ စီးပွားရေးက်စ္စ ဆွေးနွေးချင်ရင် ငါတို့ သူဌေးမဆီကို သွားလေ”

“မဟုတ်ပါဘူး၊ ကျွန်တော်က အဒေါ်ကြီးနဲ့ ပူးပေါင်းချင်တာပါ။ ကြည့်ရတာ အဒေါ်ကြီးရဲ့ လက်ရာက တော်တော်ကောင်းပုံရတယ်။ ကျွန်တော်တို့ ကျင်းရှို့ ပန်းထိုးအလုပ်ရုံကို လာမယ်ဆိုရင် ငွေတွေ အများကြီး ရမှာသေချာတယ်”

အဒေါ်ကြီးလျို ဝေခွဲမရသည့်ဟန်ဖြင့် မေးလိုက်၏။

“ငါ့ကိုလား ငါ့ကို ကျင်းရှို့ ပန်းထိုးအလုပ်ရုံကို လာဖို့ စည်းရုံးနေတာလား”

သူဌေးကျူ အဝတ်အစားများကို ခါလိုက်၏။

“ဟုတ်ပါတယ် ကြည့်လေ... အဒေါ်ကြီးတို့ သူဌေးမ ဟွာကျွင်း ဆိုတာ ကလေးမလေးပဲ ရှိသေးတာ။ သူက အဝတ်ချုပ်တဲ့ အကြောင်းကော၊ စီးပွားရေးအကြောင်းကော ဘာသိမှာလဲ။ သူ့နောက်လိုက်နေလို့ ဘယ်လိုလုပ် ငွေရမှာလဲ။ ကျွန်တော်တို့ ကျင်းရှို့ ပန်းထိုးအလုပ်ရုံကတော့ မတူဘူးနော်၊ တစ်နေ့ကို ဆောင်းတွင်းဝတ်စုံ ခုနစ်စုံ၊ ရှစ်စုံ ရောင်းရတာ အေးဆေးပဲ။ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါလား။ တစ်လကို ငွေ (၂) တေး ပေးမယ်။”

သူဌေးကျူသည် လက်နှစ်ချောင်း ထောင်ပြကာ အလွန်ပင် ဂုဏ်ယူနေသော အမူအရာဖြင့် ပြောလိုက်သည်။

“ဒါဆိုရင် ကျွန်မ အခုပဲ ရှင့်နောက်ကို လိုက်ခဲ့ရမှာလား”

သူဌေးကျူက အသံကို နှိမ့်ကာ ဆို၏။

“အခု မဟုတ်သေးဘူး။ ဒီဆောင်းတွင်းဝတ်စုံ ချုပ်တဲ့ အထည်လိပ်တချို့နဲ့ ဒီဇိုင်းစာအုပ် နှစ်အုပ်လောက်ပဲ ယူခဲ့ပေးပါ။ ညကျရင် အဒေါ့် ကို လာခေါ်ဖို့ လူလွှတ်လိုက်မယ်”

အဒေါ်ကြီးလျို နှာခေါင်းရှုံ့လျက် ပြောဆိုလိုက်သည်။

“တောက်။ ရှင့်မှာ မကောင်းတဲ့ အကြံတွေ ရှိနေမယ်ဆိုတာ သိသားပဲ၊ ကျွန်မတို့ အလုပ်ရုံက ပစ္စည်းတွေကို ခိုးခိုင်းတာပေါ့လေ”

ထိုသို့ပြောရင်း သူမ ပန်းထိုးဘောင်ကို ထပ်မံ ရိုက်တော့မည့်အဟန်ဖြင့် မြှောက်လိုက်၏။

“ရှင် မှတ်ထားလိုက်၊ ကျွန်မတို့ အလုပ်ရုံကို လာပြီး အကွက်ဆင်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့။ ကျွန်မ လျိုချုံကျစ် ရှိနေသရွေ့ ဟွာကျွင်းပန်းထိုးအလုပ်ရုံကို ဘယ်သူမှ လာထိလို့ မရစေရဘူး”

ထိုအခြေအနေကို မြင်သည့်အခါ သူဌေးကျူမှာ အလွန်လန့်သွားကာ အလျင်အမြန်ပင် ပြေးထွက်သွားတော့၏။

လီနျန်သည် လူအချို့နှင့် စကားပြောနေစဉ် တဲအနောက်ဘက်မှ ဆူညံသံများ ကြားသဖြင့် လျှောက်လာရာ ဝတုတ်တုတ် ကိုယ်လုံးကြီးတစ်ခုမှာ ထိတ်လန့်တကြား ပြေးထွက်သွားသည်ကို တွေ့လိုက်ရသည်။

သူမ အဒေါ်ကြီးလျိုကို မေးလိုက်၏။

“အဒေါ်လျို... အဲဒါ သူဌေးကျူ မဟုတ်လား။ သူ ဘာလို့ ဒီရောက်နေတာလဲ”

“လီနျန်လည်း သူ့ကို သိတာလား”

သူမတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် လီနျန် ဆို၏။

“သူ လက်မလျှော့သေးဘူး ထင်တယ်”

“သူ ဒီက လက်ရာတွေကို မျက်စိကျနေတာ၊ သူ့မှာ နောက်ထပ် မကောင်းတဲ့အကြံတွေ ရှိဦးမှာ စိုးရိမ်မိတယ်”

လီနျန် ခေါင်းညိတ်လိုက်၏။

“ဒါကို သူဌေးမဟွာကို ပြောပြရမယ်။ ပြီးတော့ ဒီည ကင်းလှည့်ဖို့ လူပိုထည့်ရမယ်”

ညရောက်သည့်အခါ ဟွာကျွင်း ထုံးစံအတိုင်း ဆိုင်ဖွင့်လိုက်သည်။ လီနျန်နှင့် အဒေါ်လျိုတို့က နေ့ခင်းတွင် ဖြစ်ပျက်ခဲ့သမျှကို သူမအား အကုန်ပြောပြကြ၏။

ဟွာကျွင်း စုပေါင်းအစည်းအဝေးတစ်ခု ကျင်းပရန် အချိန်ရောက်ပြီဟု ခံစားလိုက်ရသည်။ ဟွာရှန့် နှင့် မော့ချွမ်း တို့မှာ မုန့်ဆိုင် တွင် ကူညီပေးနေကြသဖြင့် စိတ်အေးလက်အေး ထွက်လာခဲ့၏။

လီနျန် ဆေးဖက်ဝင်အပင် အလုပ်ရုံနှင့် ပန်းထိုးအလုပ်ရုံမှ လူများကို ခေါ်လိုက်သည်။ လူတိုင်း တဲတစ်လုံးထဲတွင် ပြည့်နှက်နေကြပြီး ထိုင်ခုံမရသူများမှာ မြေပြင်ပေါ်တွင် ထိုင်နေကြ၏။

လီနျန်သည် ဟွာကျွင်းကို ရှေ့ဆုံးရှိ ထိုင်ခုံသို့ ခေါ်ဆောင်သွားသည်။ ဟွာကျွင်း ထိုင်လိုက်သည့်အခါ လီနျန်က လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်၏။

အောက်မှ လူများမှာ တိတ်ဆိတ်စွာဖြင့် ဟွာကျွင်း၏ စကားကို စောင့်နေကြသည်။ ဟွာကျွင်းမှာ အနည်းငယ် အနေရခက်သွား၏။ အကြောင်းမှာ သူမကိုယ်သူမ ကုမ္ပဏီကြီးတစ်ခု၏ အမှုဆောင်အရာရှိချုပ်တစ်ဦး ဖြစ်သွားသလို ခံစားနေရသည်။

ဟွာကျွင်း ချောင်းတစ်ချက် ဟန့်ပြီး အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်ရာ လူတိုင်းမှာ ဆူညံသွားကြတော့၏။

“ဘာ၊ ဒီလိုမျိုးလား။ဘယ်လောက်တောင် အရှက်မရှိတာလဲ”

“နေ့ခင်းက ပန်းထိုးအလုပ်ရုံနားမှာ တစ်ယောက်ယောက် ချောင်းနေတာကို ငါ တွေ့သားပဲ။ သူက လူတွေကို စည်းရုံးချင်ရုံတင်မကဘူး၊ ခိုးဖို့ပါ ကြံစည်နေတာပေါ့လေ”

“ငါလည်း သူ့ကို မြင်လိုက်တယ်၊ ဒါမှန်း သိရင် အဲဒီတုန်းကတည်းက ရိုက်လွှတ်လိုက်ပါတယ်”

အဒေါ်ကြီးလျိုက သူမ၏ ဟိန်းထွက်သောအသံဖြင့် ပြောလိုက်၏။

“တိတ်ကြစမ်း၊ သူဌေးမဟွာကို ဆက်ပြောခွင့်ပေးလိုက်ဦး”

ထိုအခါ တဲအတွင်းမှာ ပြန်လည် တိတ်ဆိတ်သွားသည်။

ဟွာကျွင်း ခေါင်းညိတ်ပြလျက် ဆက်ပြော၏။

“လူဆိုတာ တစ်ဖက်လူကို အမြဲ သတိထားရတယ်။ အရင်ကတော့ ငါတို့ လူတွေချည်းပဲမို့လို့ သတိထားစရာ မလိုခဲ့ဘူး။ ဒါပေမဲ့ အခု ပန်းထိုးအလုပ်ရုံရဲ့ နာမည်က ပျံ့နေပြီဆိုတော့ လောဘကြီးပြီး မနာလိုတဲ့ လူတွေ တစ်ဖြည်းဖြည်း ပေါ်လာလိမ့်မယ်။ ဒီနေ့တော့ သူဌေးကျူရဲ့ အကြံက ပေါ်သွားပေမဲ့ နောက်ပိုင်းမှာ သူဌေးရန် တို့၊ သူဌေးဟို တို့ ပေါ်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ”

လူတိုင်းက ခေါင်းညိတ် ထောက်ခံကြ၏။ သန်မာသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက မတ်တပ်ရပ်ကာ ဆိုသည်။

“ကျွန်တော် ညဘက် ကင်းလှည့်ပေးပါ့မယ်၊ အခုက ရာသီဥတု အေးနေလို့ ဆေးပင်တွေလည်း သိပ်မရှိတော့ဘူးဆိုတော့ အလကား ထိုင်စားမနေချင်တော့ဘူး”

ထို့နောက် လူများစွာက တစ်ဦးပြီးတစ်ဦး ကင်းလှည့်ရန် စာရင်းပေးကြတော့၏။

“အလုပ်ရုံအတွက် အားလုံးရဲ့ ကူညီမှုတွေကို ကျေးဇူးတင်ပါတယ်။ ဆွန်းရှို့ချိုက် ... ကျေးဇူးပြုပြီး နာမည်တွေ မှတ်ထားပေးပြီး ကင်းလှည့်ဖို့ သုံးဖွဲ့ ခွဲပေးပါဦး”

ဆွန်းရှို့ချိုက်မှ “ဟုတ်ကဲ့ပါ” ဟု ပြန်ထူးကာ အမည်များကို မှတ်တမ်းတင်တော့၏။

ဟွာကျွင်း ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ကင်းလှည့်ရုံနဲ့တင် မလုံလောက်သေးဘူး။ ကျွန်မတို့က (၂၄) နာရီပတ်လုံး မအိပ်ဘဲ မနေနိုင်ဘူးလေ”

သူမ တည်ငြိမ်စွာ ဆက်ပြောသည်။

“ဒါ့အပြင် မကြာခင်မှာ နွေဦးရောက်တော့မယ်၊ ရာသီဥတုကလည်း နွေးလာလိမ့်မယ်။ တဲတွေထဲမှာပဲ အမြဲ နေနေလို့ မရဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြို့ဝန်မင်းက လူလွှတ်ပြီး ရှင်တို့အတွက် မြေကွက်တွေ ခွဲပေးတော့မယ်လို့ ပြောလာတယ်။ အဲဒါကြောင့် အိမ်တွေ ဆောက်ဖို့ အချိန်တန်ပြီ”

ထိုစကားကို ကြားသည့်အခါ လူတိုင်းမှာ စိတ်လှုပ်ရှားစွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ တဲထဲတွင် နေထိုင်ရသည်မှာ နွေးထွေးသော်လည်း ကိုယ်ပိုင်အိမ် မဟုတ်ပေ။ကိုယ်ပိုင်အိမ် ရှိမှသာလျှင် သူတို့စိတ်များ အမှန်တကယ် အခြေကျပေလိမ့်မည်။

လူတိုင်းက သဘောတူကြသဖြင့် ဟွာကျွင်းက ဆက်၍ မေး၏။

“ကျွန်မက အိမ်ဆောက်တဲ့အကြောင်း သိပ်မသိတော့ အားလုံးရဲ့ အကူအညီ လိုအပ်တယ်။ အိမ်ဆောက်တတ်တဲ့သူ၊ ဘာပစ္စည်းတွေ လိုမလဲဆိုတာ သိတဲ့သူ ဒါမှမဟုတ် လက်သမားတွေ ငှားဖို့ လိုမလားဆိုတာ သိတဲ့သူ ရှိလား”

ခုနက စကားပြောခဲ့သော သန်မာသည့် အမျိုးသားကထပ်မံဖြည့်စွက်ပြောသည်။

“သူဌေးမဟွာ... စိတ်မပူပါနဲ့၊ အရင်တုန်းကလည်း ကျွန်တော်တို့ အိမ်တွေကို ကိုယ်တိုင်ပဲ ဆောက်ခဲ့ကြတာပါ။ အချင်းချင်း ကူညီကြရင်းနဲ့ပဲ အိမ်တွေ ပြီးသွားတာပဲ”

“အိမ်ဆောက်ဖို့က အဓိက သစ်နဲ့ မြေပဲ လိုတာပါ။ အနောက်ဘက် တောင်ပေါ်မှာ သစ်တွေ အများကြီး ရှိသလို မြေကြီးကလည်း ဘယ်နေရာမှာမဆို တူးလို့ ရပါတယ်။ ပရိဘောဂတွေအတွက်ကတော့ ကျွန်တော်တို့ ရွာက လက်သမားအိုကြီး ဦးလေးကျန့် ရှိတယ်။ သူ့မိသားစုလည်း ထွက်ပြေးရင်းနဲ့ ဒီကို ရောက်လာတာမို့လို့ တဲအမှတ် (၇) မှာ နေနေကြတယ်”

စီမံခန့်ခွဲရ လွယ်ကူစေရန် ဟွာကျွင်းသည် တဲများကို နံပါတ်စဉ် တပ်ပေးထားခြင်း ဖြစ်၏။ ဟွာကျွင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒါဆိုရင် အိမ်ဆောက်ဖို့ အားလုံး စုပေါင်းလုပ်ဆောင်ကြတာပေါ့။ ဘေးအန္တရာယ် ကင်းရှင်းရေးကိုလည်း အထူးဂရုစိုက်ပါ။ အိမ်ဆောက်နေတဲ့ ကာလအတွင်းမှာလည်း အားလုံးရဲ့ အစားအသောက်တွေကို မုန့်ဆိုင်ကပဲ တာဝန်ယူပေးပါ့မယ်”

ထိုစကားကို ကြားသည့်အခါ လူတိုင်းမှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။ တူးစရာ ဆေးပင်များမှာ ကုန်သလောက် ရှိနေပြီ ဖြစ်သဖြင့် သူတို့မှာ အလုပ်မလုပ်ရသည်မှာ ကြာပြီ ဖြစ်၏။ သူတို့ ကြုံရာကျပန်း အလုပ်များနှင့် ပန်းထိုးအလုပ်ရုံမှ ဝင်ငွေဖြင့်သာ ရပ်တည်နေကြရခြင်း ဖြစ်သည်။

ယခုအခါ ကိုယ်ပိုင်အိမ် ဆောက်နေစဉ်မှာပင် သူဌေးမဟွာ၏ ထမင်းကို စားရဦးမည် ဆိုသဖြင့် သူတို့မှာ ကျေးဇူးတင်မဆုံး ဖြစ်နေကြတော့၏။

“သူဌေးမဟွာ... စိတ်ချပါ၊ ကျွန်တော်တို့ အိမ်တွေကို အကောင်းဆုံး ဆောက်ပါ့မယ်။ သူဌေးမရဲ့ ကျေးဇူးကိုလည်း နှလုံးသားထဲမှာ အမြဲ မှတ်ထားပါ့မယ်”

ထိုစဉ် ဟွာရှန့်သည် အလောတကြီး ပြေးလာကာ အော်ဟစ်လိုက်သည်။

“အစ်မ၊ မကောင်းတော့ဘူး။ တစ်ယောက်ယောက်… တစ်ယောက်ယောက်က ကဏန်းအကြီးကြီး ကြီးတစ်ကောင်ကို သယ်လာပြီး အစ်မကို ရှာနေတယ်”

အခန်း (၈၆)

သီးသန့်စားပွဲတော်

ဟွာကျွင်း ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွား၏။ ပစ္စည်းပြန်လာအပ်တာတော့ မဟုတ်တန်ရာ။ သူမ ပိုက်ဆံများကို လှူဒါန်းပြီးပြီ ဖြစ်ရာ ပြန်ပေးရန် လုံးဝမဖြစ်နိုင်ပေ။

သူမ ဟွာရှန့် နောက်မှ မုန့်ဆိုင် သို့ လိုက်သွားလေသည်။ တဲအတွင်းရှိ တစ်စုံတစ်ယောက်က ပြောလာ၏။

“သူဌေးမဟွာ တစ်ခုခု ဒုက္ခရောက်နေတာလားမသိဘူး”

“သွားရအောင်၊ သူတို့နောက် လိုက်ကြည့်ကြမယ်”

ထို့ကြောင့် ဟွာကျွင်း အရှေ့မှ ပြေးသွားပြီးနောက် ဆယ်ဂဏန်းခန့်ရှိသော လူအုပ်ကြီးသည် သူမနောက်မှ ဝိုင်းအုံ၍ လိုက်ပါလာကြသည်။

မုန့်ဆိုင်အတွင်းသို့ ဝင်လိုက်သည်နှင့် သင်းပျံ့သော ရနံ့တစ်ခုက လေထဲတွင် ပြည့်နှက်နေ၏။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိနေပြီး သူ၏ ဝတ်စားဆင်ယင်မှုမှာ “ခမ်းနားထည်ဝါသည်” ဟုသာ ဆိုရပေလိမ့်မည်။ လက်နှစ်ဖက်စလုံးက လက်ချောင်းများတွင်လည်း ကျောက်မျက်ရတနာများ စီခြယ်ထားသော လက်စွပ်အမျိုးမျိုးကို ဝတ်ဆင်ထားသည်။

သူသည် ဟွာရှန့်နောက်မှ လိုက်လာသော ဟွာကျွင်းနှင့် သူမနောက်ပါ လူအုပ်ကြီးကို ကြည့်ကာ မေးမြန်းလိုက်၏။

“ဒါက သူဌေးမဟွာလား”

ဟွာကျွင်းက ခေါင်းညိတ်ပြလိုက်သည်။ မုန့်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ထိုသူ ဘေးနားရှိ အလုပ်သမားနှစ်ဦး သယ်ဆောင်ထားသော ဘုရင့်ကဏန်း ကို သူမ မြင်လိုက်ရ၏။

ထိုကဏန်းမှာ အသက်ရှင်နေဆဲ ဖြစ်ပုံရပြီး ယခုအခါ တင်းကျပ်စွာ ချည်နှောင်ထားခြင်း ခံထားရသည်။

ထိုအချိန်တွင် ဆိုင်အတွင်းရှိ ဖောက်သည်များအားလုံး ထိတ်လန့်နေကြပြီး ဘေးတစ်ဖက်တစ်ချက်ရှိ နံရံများကို ကပ်၍ ရပ်နေကြ၏။ ကဏန်းကြီးက ရုတ်တရက် ခုန်တက်ကာ တစ်ဦးဦးကို ကိုက်လိုက်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

တစ်ဖက်တွင် မော့ချွမ်း မှာ လမ်းလယ်တွင် မတ်တပ်ရပ်လျက် ဓားမကြီးတစ်စောင်းကို ကိုင်ကာ သတိအပြည့်ဖြင့် စောင့်ကြည့်နေသည်။

ဟွာကျွင်းက ထိုသူအား ရှင်းပြလိုက်၏။

“ဝယ်ယူသွားတဲ့ ပစ္စည်းတွေမှာ အရည်အသွေးပိုင်း ပြဿနာမရှိဘဲ စိတ်တိုင်းမကျရုံသက်သက်ဆိုရင်တော့ ကျွန်မတို့ ပစ္စည်းပြန်လက်မခံပါဘူးရှင်”

လူလတ်ပိုင်း အမျိုးသားက ကျောက်မျက်ရတနာလက်စွပ်များ ဝတ်ထားသော လက်ဖြင့် မုတ်ဆိတ်မွှေးကို သပ်လျက် ဆို၏။

“ဟေး၊ သူဌေးမဟွာ... ဘာတွေ ပြောနေတာလဲ။ ကျွန်တော်က ပစ္စည်းပြန်အပ်ဖို့ လာတာမဟုတ်ပါဘူး။ ဒီတစ်ခါ လာတာက သူဌေးမကို အကူအညီ တောင်းစရာ ရှိလို့ပါ”

ဟွာကျွင်း၏ ရင်ထဲက အပူလုံးကြီးမှာ ကျသွားတော့၏။ ပစ္စည်းပြန်အပ်ခြင်း မဟုတ်သရွေ့ အရာအားလုံးက အဆင်ပြေနိုင်ပေသည်။

“ပွင့်ပွင့်လင်းလင်းပဲ ပြောပါရှင်”

ထိုသူက သက်ပြင်းချလျက် ပြော၏။

“ကျွန်တော်က မြို့ထဲက ဟင်းခတ်အမွှေးအကြိုင်ဆိုင် ‘ဖင်းရှန့်’ ရဲ့ ပိုင်ရှင် ရှန့်ကွမ်း ပါ။ မနေ့က ဒီကဏန်းကို လတ်လတ်ဆတ်ဆတ် စားချင်လို့ ဝယ်ခဲ့တာ၊ ဒါပေမဲ့ ကျွန်တော့်အိမ်က စားဖိုမှူး ငါးယောက်စလုံးက ဒါက ကဏန်းမိစ္ဆာကြီးဆိုပြီး တစ်ယောက်မှ မကိုင်ရဲကြဘူး”

“သူတို့တွေ ဒီကောင်းတဲ့ပစ္စည်းကို ဖျက်ဆီးမိမှာကိုလည်း ကျွန်တော် စိုးရိမ်တယ်။ အဲဒါနဲ့ စုံစမ်းကြည့်လိုက်တော့ ဒီကဏန်းက ဟွာကျွင်း မုန့်ဆိုင်က လာတယ်ဆိုတာ သိရတာနဲ့ သူဌေးမဟွာကိုယ်တိုင် ချက်ပြုတ်ပေးဖို့ မျှော်လင့်ပြီး ဒီကို သယ်လာခဲ့တာပါ”

“ချက်ခအတွက်ကတော့ သူဌေးမ စိတ်ကြိုက်သာ ပြောပါ၊ ဈေးနှုန်းက ပြဿနာ မဟုတ်ပါဘူး”

“ဪ... အဲဒီလိုကိုး။ ချက်ပေးလို့တော့ ရပါတယ်၊ ဒါပေမဲ့ အခြေအနေတစ်ခုတော့ ရှိတယ်၊ အဲဒါက ဒီမုန့်ဆိုင်မှာပဲ ချက်ရမှာ ဖြစ်ပါတယ်”

“ဒါပေါ့။ သူဌေးမဟွာ စိတ်ကြိုက်ပါပဲ။ မနက်ဖြန် ညနေကျရင် ဒီမုန့်ဆိုင် တစ်ဆိုင်လုံးကို ကျွန်တော် ဘိုကင် လုပ်ချင်ပါတယ်။ ကျွန်တော့် မိသားစုအတွက် စားတော်ပွဲတစ်ခု ပြင်ဆင်ပေးဖို့ သူဌေးမကို တောင်းဆိုချင်ပါတယ်”

“မုန့်ဆိုင် တစ်ဆိုင်လုံးကို ဘိုကင် လုပ်ချင်တာလား”

“မှန်ပါတယ်။ တစ်ညတာအတွက် ငွေတေး (၁၀၀) ပေးပါ့မယ်။ သူဌေးမဟွာအနေနဲ့ ခွင့်ပြုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ငွေတေး (၁၀၀) တောင်။ မျှော်လင့်ထားသည့်အတိုင်း ချမ်းသာသောသူများမှာ ရက်ရောလှပေသည်။

“အဆင်ပြေပါတယ်ရှင်၊ အဆင်ပြေတာမှ လုံးဝကို အဆင်ပြေပါတယ်”

ဟွာကျွင်းက ဆက်၍ မေးမြန်းလိုက်၏။

“ရှင့်မိသားစုဝင်တွေထဲမှာ မစားတဲ့ အစားအစာတွေ ဒါမှမဟုတ် အထူးနှစ်သက်တာတွေ ရှိလားဆိုတာ သိပါရစေ”

စားပွဲတော်ဖြစ်သောကြောင့် ဘုရင့်ကဏန်း တစ်ကောင်တည်းနှင့် မလုံလောက်ပေ။ ဟင်းပွဲများစွာကို သူမ ပြင်ဆင်ရမည်။

“အထွေအထူး ရှောင်တာမျိုးတော့ မရှိပါဘူး။ သူဌေးမဟွာပဲ ဆုံးဖြတ်လိုက်ပါ။ ဒါပေမဲ့ ကျွန်တော့် အဖေအိုကြီးက ငယ်ငယ်တုန်းက ကျန်းနန်ဘက်မှာ စီးပွားရေး လုပ်ခဲ့ဖူးတော့ အဲဒီဒေသက ဟင်းပွဲ တစ်ပွဲ၊ နှစ်ပွဲလောက် ပါရင်တော့ ပိုကောင်းတာပေါ့”

ပြဿနာမရှိပေ။ ဟွာကျွင်း ဝယ်လို့မရသော အရာဟူ၍ မရှိပေ။ ကျန်းနန် ဟင်းလျာများ မဆိုထားနှင့် အိန္ဒိယ ဟင်းလျာများပင် ဖြစ်စေ သူမအတွက် အလွန်ပင် လွယ်ကူလှပေသည်။

သူမသည် မော့ချွမ်းကို ဘုရင့်အဆင့်ကဏန်းအား မီးဖိုချောင်ထဲသို့ သယ်သွားခိုင်းလိုက်၏။ ဟွာကျွင်းနှင့် ရှန့်ကွမ်းတို့ အချိန်သတ်မှတ်ပြီးနောက် သူမက သူ့အား ပြန်လည်ပို့ဆောင်လိုက်သည်။

တံခါးအပြင်ဘက်တွင် ရပ်ကြည့်နေသော လူအုပ်ကြီးမှာ ဟွာကျွင်းနှင့် ရှန့်ကွမ်းတို့ ရယ်မောကာ စကားပြောနေကြသည်ကို တွေ့ရသဖြင့် စိတ်အေးသွားကြပြီး တဲများဆီသို့ ပြန်သွားကြတော့၏။

ဆိုင်အတွင်းရှိ စားသောက်နေသူများမှာလည်း နံရံကပ်နေရာမှ ခွာလာကြပြီး ထိုင်ခုံများတွင် ပြန်ထိုင်ကာ ဆက်လက် စားသောက်ကြသည်။

သူတို့သည် စားရင်းနှင့်လည်း အတင်းပြောနေကြ၏။

“အဲဒါ ဘယ်သူလဲ။ အရှိန်အဝါက တကယ့်ကို ကြီးမားတာပဲ”

“သူ ပြောတာ မကြားလိုက်ဘူးလား။ ဖင်းရှန့် ဆိုင်ရဲ့ သူဌေးကြီးလေ”

“ဖင်းရှန့် ဆိုင် ဟုတ်လား။ ဟင်းခတ်အမွှေးအကြိုင်ဆိုင်က ဒီလောက်အထိ ချမ်းသာတာလား”

“အဲဒါက နန်းတွင်းက မှူးမတ်တွေဆီ ဟင်းခတ်အမွှေးအကြိုင်တွေ ပေးသွင်းရတဲ့ တော်ဝင်ကုန်သည်လေ။ ချမ်းသာမှာပေါ့”

ဟွာကျွင်း အထဲဝင်လာသည်ကို မြင်သည့်အခါ သူတို့က ထပ်မံ မေးမြန်းကြပြန်၏။

“သူဌေးမဟွာ... အဲဒီ ကဏန်းမိစ္ဆာကြီးကို တကယ်ပဲ ချက်မှာလား။ အန္တရာယ် အရမ်းများတယ်နော်”

“ဟုတ်တယ်၊ ဟုတ်တယ်။ ဒီလောက်ကြီးတဲ့ ကဏန်းမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ တကယ့်ကို မိစ္ဆာကြီးတစ်ကောင် ကျနေတာပဲ”

“သူဌေးမဟွာ ဂရုစိုက်ဦးနော်။ ချက်နေတုန်း သူ့ရဲ့ မိစ္ဆာစွမ်းအားတွေကို သုံးလိုက်ရင် ဘယ်လိုလုပ်မလဲ”

ဟွာကျွင်းက ပြုံးလျက် ရှင်းပြ၏။

“အဲဒါ ကဏန်းမိစ္ဆာ မဟုတ်ပါဘူးရှင်။ နက်ရှိုင်းလွန်းတဲ့ ပင်လယ်ထဲမှာ နေထိုင်တဲ့ ကဏန်းအမျိုးအစား တစ်မျိုးပါပဲ။ သူ့မှာ ဘာမိစ္ဆာစွမ်းအားမှ မရှိတာမို့လို့ စိုးရိမ်စရာ မလိုပါဘူး”

မီးဖိုချောင်သို့ ပြန်ရောက်သည့်အခါ ဟွာကျွင်းသည် ဟွာရှန့်၊ မော့ချွမ်းတို့ဖြင့် အတိုချုံး အစည်းအဝေး လုပ်ကြသည်။

“ဟွာရှန့်... နင်က အချိုပွဲတွေနဲ့ ဖျော်ရည်တွေ အားလုံးကို ပြင်ဆင်ရမယ်”

“ဟုတ်ကဲ့”

“မော့ချွမ်း... ဒီည မပြန်ခင် စားပွဲတွေနဲ့ ထိုင်ခုံတွေကို အသစ်ပြန်စီထားလိုက်”

“ဟုတ်ကဲ့”

“ဟွာရှန့်... မနက်ဖြန်ကျရင် ငါပေးတဲ့ စာရင်းအတိုင်း ပစ္စည်းတွေကို မှာလိုက်ပါ”

“ဟုတ်ကဲ့”

“မော့ချွမ်း... မနက်ဖြန် ကဏန်းကို သတ်ဖို့ စောစောလာခဲ့”

“ဟုတ်ကဲ့... နေဦး၊ ငါက ကဏန်းသတ်ရမှာလား။ ငါကလေ”

မော့ချွမ်း သူ့နှာခေါင်းကို လက်ညှိုးထိုးပြလျက် မယုံနိုင်သလိုဖြင့် ပြောလိုက်သည်။

“ကျုပ် မလုပ်ရဲဘူး”

ဟွာကျွင်း ပြောလိုက်၏။

“ဘုရင့်ကဏန်းကို သတ်ရမှာတင် မဟုတ်ဘူး၊ ရှင့်ရဲ့ ဓားကိုင်လက်က ကောင်းတာမို့လို့ ‘မန်ဒရင် ငါး’ ပြင်ဆင်တဲ့ နေရာမှာလည်း ကူညီပေးရဦးမယ်”

ကျန်းနန် ဟင်းလျာများအတွက် ဟွာကျွင်း စဉ်းစားမိသော ဟင်းပွဲမှာ “ရှဉ့်ပုံစံ မန်ဒရင်ငါး” ပင် ဖြစ်သည်။

မော့ချွမ်းမှာ အနည်းငယ် စိတ်ပျက်သွားကာ ဆို၏။

“မန်ဒရင်ငါး အဲ့ဒါက ဘာလဲ။ မလုပ်တတ်ဘူး”

ဟွာကျွင်း ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ ကျွန်မမှာ သင်ခန်းစာ ဗီဒီယိုတွေ ရှိပါတယ်။ ရှင် သေချာပေါက် တတ်မှာပါ”

ထို့နောက် သူမ တက်ဘလက် ကို ယူကာ ဘုရင်အဆင့်ကဏန်း ပြင်ဆင်ပုံ ဗီဒီယိုကို အရင်ဆုံး ဖွင့်ပြလိုက်၏။

“ကျွန်မဘေးမှာ သေသေချာချာ ကြည့်ပြီး သင်ယူထား”

ထိုစဉ် မုန့်ဆိုင်အတွင်းရှိ လူတိုင်းမှာ ထိတ်လန့်တကြား အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။

“ဘာ၊ ဒါက ဘာလဲဟ။ ဒီဘုတ်ပြားထဲမှာ လူတစ်ယောက် ပါနေတယ်”

“တိတ်စမ်း၊ မအော်နဲ့၊ သေသေချာချာပဲ ကြည့်”

မော့ချွမ်းသည် ထိုဗီဒီယိုကို ထိတ်လန့်တကြားဖြင့် ထပ်ခါတလဲလဲ ကြည့်နေမိ၏။ ငါးကြိမ်မြောက်ရောက်မှသာ သူ့ စိတ်ကို တည်ငြိမ်အောင် ထားနိုင်ပြီး အဆင့်တစ်ခုချင်းစီကို အာရုံစိုက်နိုင်တော့သည်။

နောက်ထပ် နှစ်ကြိမ်ခန့် ကြည့်ပြီး လုပ်ငန်းစဉ်တစ်ခုလုံးကို မှတ်မိသွားပြီဟု သေချာသည့်အခါမှ တက်ဘလက်ကို ဟွာကျွင်းထံ ပြန်ပေးလိုက်သည်။

ဟွာကျွင်းက မန်ဒရင်ငါး ပြင်ဆင်ပုံ သင်ခန်းစာကို ထပ်မံ ရှာဖွေကာ မော့ချွမ်းအား ပေးလိုက်ပြန်၏။

“ဒါလေးလည်း ပါသေးတယ်၊ သင်ထားဦး”

မော့ချွမ်းသည် တက်ဘလက်ကို တိတ်ဆိတ်စွာ ပြန်ယူလိုက်ရာ ဘုတ်ပြားပေါ်ရှိ လူမှာ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

တကယ်ကို မှော်ဆန်လှပေ၏။ လူတစ်ယောက်၏ ဝိညာဉ်နှင့် သူတို့ အသက်ရှင်စဉ်က လုပ်ခဲ့သမျှကို ဤအတွင်း၌ မှတ်တမ်းတင်ထားနိုင်သည်။

မော့ချွမ်းသည် အသက်ကို ပြင်းပြင်းရှူကာ ခေါင်းငုံ့၍ စတင်ကြည့်ရှုတော့၏။

မန်ဒရင်ငါးကို ပြင်ဆင်ရသည်မှာ အနည်းငယ် ခက်ခဲပြီး အလွန်ကျွမ်းကျင်သော ဓားကိုင်သူဖြစ်ရန် လိုအပ်သည်။ ပထမဆုံး အနေဖြင့် ငါး၏ အမြီးကို မပြတ်စေဘဲ ကျောရိုးတစ်လျှောက် အသားလွှာရမည် ဖြစ်၏။ ထို့နောက် အရိုးများနှင့် ဆူးများကို ဖယ်ရှားပြီး ဆီကြော်ပြီးသည့်အခါ ရှဉ့်ပုံစံ ထွက်ပေါ်လာစေရန် ဓားဖြင့် အကွက်ဖော်ရခြင်း ဖြစ်၏။

မော့ချွမ်း တစ်ဖက်မှ တက်ဘလက်ကို ကိုင်ကာ အခြားတစ်ဖက်မှ ဓားဖြင့် လေ့ကျင့်လျက် အလွန်ပင် အလေးအနက် သင်ယူနေသည်။ သူ မျက်မှောင်ကြုတ်ကာ ဟွာကျွင်းကို ပြော၏။

“ဒါက အတော်လေး ခက်တာပဲ။ ကျုပ် အောင်မြင်အောင် လုပ်နိုင်ပါ့မလား မသိဘူး”

ဟွာကျွင်း ခဏမျှ စဉ်းစားပြီးနောက် အားပေးလိုက်သည်။

“ရပါတယ်၊ မနက်ဖြန်ကျရင် မန်ဒရင်ငါး နှစ်ကောင် ဝယ်ပေးမယ်။ ရှင် တစ်ကောင်ကို အရင် စမ်းကြည့်ပေါ့”

တကယ်လို့ နှစ်ကောင်လုံး ပျက်စီးသွားလျှင်လည်း ကိစ္စမရှိပေ။ သူမ အပြင်မှ မှာယူလိုက်ရုံသာ ရှိတော့သည်။

သို့သော် မော့ချွမ်းက ထိုသို့ မတွေးပေ။ ဤသည်မှာ ဟွာကျွင်း သူ့အား ပထမဆုံး ပေးအပ်သော တာဝန်ဖြစ်ရာ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ရပေမည်။

နောက်တစ်နေ့တွင် ဟွာကျွင်း ပြတင်းပေါက်နားတွင် မှီလျက်၊ ကလောင်တံကို ပါးစပ်၌ ခဲကာ ညနေပိုင်းအတွက် မီနူး ကို သေသေချာချာ စဉ်းစားနေသည်။

ပထမဆုံး အနေဖြင့် ဘုရင့်ကဏန်းဖြင့် ဟင်းပွဲ လေးမျိုး ပြင်ဆင်ရန် ဆုံးဖြတ်လိုက်၏။

ထို့နောက် ရှဉ့်ပုံစံ မန်ဒရင်ငါးနှင့် ဆီးသီးချဉ်ဖြင့် ချက်ထားသော ဝက်နံရိုး တို့ကို ပြင်ဆင်မည်ဖြစ်ရာ ၎င်းတို့နှစ်မျိုးစလုံးမှာ ကျန်းနန် ဟင်းလျာများ ဖြစ်ကြသည်။

အစပ်အရသာအတွက် မာဖို တို့ဟူးက ကောင်းမွန်မည်ဖြစ်ပြီး ၎င်းအတွက် အမွှေးအကြိုင်များကို သူမ ဝယ်ယူလိုက်ရုံသာ ဖြစ်၏။

ရေခဲသေတ္တာထဲတွင် ဝမ်ယု အမဲသား လည်း ရှိနေသဖြင့် ငရုတ်ကောင်းအမည်းနှင့် မှိုတို့ဖြင့် ရောချက်ထားသော အမဲသားတုံးလေးများ ပြင်ဆင်နိုင်ပေလိမ့်မည်။

ထို့အပြင် ဆီးသီးနီနှင့် ဆေးဖက်ဝင်အပင်များ ပါဝင်သော ကြက်မည်းစွပ်ပြုတ် လည်း ပါဝင်မည်။

ကိတ်မုန့်အတွက်မူ အလွန်အရသာရှိသော ကြက်ဥပူတင်းများကို ပြင်ဆင်မည်ဖြစ်ပြီး အချိုပွဲမှာ သင်္ဘောသီးနို့ ငှက်သိုက် ပင် ဖြစ်သည်။

သစ်သီးအတွက်မူ ယခုက ချယ်ရီသီးရာသီ ဖြစ်သဖြင့် ဟွာကျွင်း ဘူးအချို့ ဝယ်ယူရန် စီစဉ်လိုက်၏။ ပိုလျှံသည်များကိုလည်း အားလုံးနှင့် ဝေမျှစားသုံးနိုင်ပေလိမ့်မည်။

အစီအစဉ် ချပြီးသည်နှင့် ဟွာကျွင်းတို့ ညီအစ်မနှစ်ဦးမှာ ဈေးဝယ်ခြင်းကို စတင်ကြတော့၏။

All Chapters