← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇)

ကဏန်းတစ်ကောင်၊ စားနည်းလေးမျိုး

ပါဝင်ပစ္စည်းများ လတ်ဆတ်နေစေရန် ဟွာကျွင်းသည် ဟွာရှန့် ကို ခေါ်ကာ မြို့ထဲသို့ ကားမောင်းသွားပြီး ဝယ်ယူခဲ့သည်။

သူမတို့နှစ်ဦး အတူတူလုပ်ဆောင်ကြရာ တစ်ဦးက အသားလတ်လတ်ဆတ်ဆတ်နှင့် ပင်လယ်စာများအတွက် တာဝန်ယူပြီး အခြားတစ်ဦးက သစ်သီးဝလံများနှင့် မုန့်များအတွက် တာဝန်ယူ၏။

ငွေတေး (၁၀၀) တန်ဖိုးရှိသော မိသားစုစားသောက်ပွဲ ဖြစ်သဖြင့် ပါဝင်ပစ္စည်းအားလုံးမှာ အကောင်းဆုံး ဖြစ်ရပေမည်။ တစ်ကီလိုလျှင် ယွမ် (၂၀) ကျော် တန်ဖိုးရှိသော မွှေးရနံ့သင်းသည့် ဆန်ကို တောင်ကျစမ်းရေဖြင့် အရင်ဆုံး စိမ်ထားလိုက်၏။

ယွမ်ငါးထောင်တန် ထမင်းအိုး မှာ ထမင်းချက်ရန်အတွက် အသင့်တော်ဆုံး ဖြစ်ပြီး အဆင့်မြင့်နည်းပညာကို အသုံးပြုကာ ဆန်၏ မွှေးရနံ့ကို အပြည့်အဝ ထွက်ပေါ်လာစေနိုင်သည်။

မော့ချွမ်း ရေခဲသေတ္တာ၏ အခဲခံသည့် အကန့်ထဲမှ ဘုရင့်အဆင့်ကဏန်း ကို ထုတ်ယူကာ ဓားကိုင်လျက် စတင်ပြင်ဆင်တော့၏။ သူ မနေ့ညက မအိပ်ခင် ဤလုပ်ငန်းစဉ်ကို စိတ်ထဲတွင် အကြိမ်ကြိမ် အခါခါ လေ့ကျင့်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အနည်းငယ် ကြောက်ရွံ့နေဆဲ ဖြစ်ရာ ဟွာကျွင်းကို နောက်ဆုံးအကြိမ် ထပ်မံ မေးမြန်း အတည်ပြုလိုက်၏။

“သူက အဆိပ်တွေ ဘာတွေ မှုတ်ထုတ်မှာ မဟုတ်ဘူးမလား၊ ဒါမှမဟုတ် ရုတ်တရက် ထလာပြီး သူ့လက်မတွေနဲ့ ကျုပ်လက်ကောက်ဝတ်ကို ညှပ်လိုက်မှာမျိုးရော မရှိနိုင်ဘူးလား”

“မရှိပါဘူး၊ စစ်သူကြီးလု တောင် တစ်ကောင်သတ်ဖူးတာပဲ၊ အဲဒီတုန်းက ရှင်လည်း စားခဲ့တာ မဟုတ်လား”

မော့ချွမ်း ခေါင်းညိတ်လိုက်ပြီး ဗီဒီယိုအတိုင်း ကဏန်းခြေထောက်အားလုံးကို အရင်းမှ ဖြတ်ကာ တစ်ဝက်စီ ပိုင်းလိုက်သည်။

ထို့နောက် ဓားဖြင့် ကဏန်းအခွံကို အလယ်မှ ခွာကာ ကဏန်းဥ များကို ပန်းကန်လုံးထဲသို့ ထည့်လိုက်၏။ မစားနိုင်သော အစိတ်အပိုင်းများကို ဖယ်ရှားပြီး ကဏန်းကိုယ်ထည်ကို အပိုင်းပိုင်းဖြတ်ကာ ပန်းကန်ထဲတွင် စီလိုက်သည်။

ဟွာကျွင်း သက်ပြင်းချလျက် ပြော၏။

“နောက်ဆုံးတော့ ပရမ်းပတာ ခုတ်ထစ်ခံထားရတဲ့ ဘုရင့်အဆင့်ကဏန်းမျိုး မဟုတ်တော့ဘူးပေါ့”

သူမ တက်ဘလက်ကို ဖွင့်ပြီး မြူးကြွသော သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်သည့်အခါ မီးဖိုချောင်တစ်ခုလုံး၏ လေထုမှာ တက်ကြွသွားတော့၏။

နောက်တစ်ဆင့်မှာ ဟွာကျွင်း၏ အလုပ်ဖြစ်သည်။

သူမ ကဏန်းကိုယ်ထည်ပေါ်တွင် ကြက်သွန်ဖြူအနှစ်များကို အနှံ့သုတ်လိမ်းကာ ပေါင်းအိုးထဲသို့ ထည့်လိုက်၏။ ဤသည်မှာ “ကြက်သွန်ဖြူ ကဏန်းပေါင်း” ဖြစ်သည်။

နောက်တစ်ပွဲမှာ “ကဏန်းဥ ကြက်ဥပေါင်း” ဖြစ်၏။ ခေါက်ထားသော ကြက်ဥနှစ်လုံးကို ကဏန်းဥများပေါ်သို့ လောင်းထည့်ကာ သမအောင် မွှေပြီးနောက် ကဏန်းအခွံထဲသို့ ပြန်ထည့်လိုက်သည်။ ပေါင်းအိုးထဲတွင် ရှစ်မိနစ်ခန့် ပေါင်းပြီးသည့်အခါ နောက်ထပ် ကြက်ဥရည်အနည်းငယ် ထပ်လောင်းကာ သုံးမိနစ်ခန့် ထပ်ပေါင်းလိုက်ပြီးနောက် ပဲငပိရည် အနည်းငယ် ဆမ်းလိုက်၏။

ကဏန်းခြေထောက် များအတွက်မူ အခွံတစ်ဝက်ကို ဖယ်ရှားကာ ချိစ် များ ဖြူးလိုက်ပြီး မီးပူ ထဲတွင် ထည့်ဖုတ်လိုက်သည်။ ဤသို့ဖြင့် ရိုးရှင်းသော “ချိစ် ကဏန်းခြေထောက်ဖုတ်” တစ်ပွဲ အဆင်သင့် ဖြစ်သွားတော့၏။

ကျန်ရှိနေသော ကဏန်းခြေထောက်များကိုမူ ဆားဖုတ် လုပ်လိုက်သည်။ ၎င်းတို့ကို လင်ဗန်းပေါ်တွင် တင်ကာ ဆားကြမ်းများ၊ နာနတ်ပွင့် ၊ သစ်ဂျပိုး စသည်တို့ ဖြူးလိုက်ပြီးနောက် ဒန်စက္ကူ ဖြင့် ထုပ်ကာ မီးပူ ထဲသို့ ထည့်လိုက်ပြီး (၁၅) မိနစ်အကြာတွင် ထုတ်ယူလ်ိုက်၏။

ဟွာကျွင်း ၎င်းတို့ကို ပြင်ဆင်ပြီးသည့်အခါ မော့ချွမ်းဘက်သို့ လှည့်ကြည့်လိုက်ရာ သူ မန်ဒရင်ငါးကို အသားလွှာပြီးနေသည်အား တွေ့လိုက်ရ၏။

မျှော်လင့်ထားသည်ထက်ပင် ပိုမိုချောမွေ့လှပေသည်။ မော့ချွမ်း၏ သွက်လက်မှုနှင့် ဓားထက်ထက်တို့ ပေါင်းစပ်လိုက်သည့်အခါ ပထမဆုံး ငါးမှာ အောင်မြင်စွာ ပြီးမြောက်သွားသည်။

မော့ချွမ်း ကျေနပ်စွာ ပြောလိုက်သည်။

“ဟွာကျွင်း... ကြည့်စမ်း၊ ကျုပ်က တော်ဝင်စားဖိုမှူးတွေရဲ့ မျိုးဆက်များလားလို့တောင် ထင်ရတယ်”

“မဆိုးဘူး၊ မဆိုးဘူး။ ဒါဆို ကျန်တဲ့ မန်ဒရင်ငါးကိုလည်း ထပ်ပြီး အသားလွှာလိုက်ပါဦး၊ အဲဒါက ဒီည ကျွန်မတို့ စားဖို့”

“ကောင်းပါပြီ”

စားရမည်ဟူသော စကားကြောင့် မော့ချွမ်း အားအင်များ ပြည့်လာကာ သီချင်းသံစဉ်နှင့်အတူ တစ်ချက်ချင်း အသားလွှာတော့၏။

ဟွာကျွင်းသည် သူ၏ ရယ်စရာကောင်းသော လှုပ်ရှားမှုများကြောင့် ပြုံးမိသွားကာ ခေါင်းခါလျက် “ရှဉ့်ပုံစံ မန်ဒရင်ငါး” ကို စတင်ချက်ပြုတ်တော့၏။ ဆီ (၆၀) ရာခိုင်နှုန်းခန့် ပူလာသည့်အခါ ဟွာကျွင်းသည် နယ်ထားသော ငါးတစ်ကောင်လုံးကို ဒယ်အိုးထဲသို့ လျှောချထည့်လိုက်သည်။ ငါးမှာ အပူရှိန်ကြောင့် အပေါ်သို့ ကွေးတက်သွားပြီး တဖြည်းဖြည်း ရွှေအိုရောင်သို့ ပြောင်းလဲသွား၏။

ဘေးနားတွင် သစ်သီးများ ပြင်ဆင်နေသော ဟွာရှန့်ပင် စိတ်ဝင်တစား ရေရွတ်လိုက်သည်။

“ဝါးး တကယ်ပဲ ရှဉ့်နဲ့ တူတာပဲ၊ အဲဒါကြောင့် ရှဉ့်ပုံစံ မန်ဒရင်ငါးလို့ ခေါ်တာကိုး”

နောက်ဆုံးအဆင့်တစ်ခုသာ ကျန်တော့၏။ ၎င်းမှာ ဆော့စ် ပြင်ဆင်ခြင်း ဖြစ်သည်။ ရှဉ့်ပုံစံ မန်ဒရင်ငါးအတွက် ဆော့စ်ကို ခရမ်းချဉ်သီးဆော့စ်၊ သကြားနှင့် ရှာလကာရည် တို့ကို ရောစပ်၍ ပြုလုပ်ရခြင်း ဖြစ်၏။ ဟွာကျွင်းသည် နည်းလမ်းအမျိုးမျိုးဖြင့် စမ်းသပ်ကြည့်ပြီး ဟွာရှန့်နှင့် မော့ချွမ်းတို့ကို တစ်ခုချင်းစီ မြည်းစမ်းခိုင်းကာ အကောင်းဆုံးတစ်ခုကို ရွေးချယ်၍ အသစ်တစ်ဖန် ပြန်ချက်လိုက်သည်။ ပူနွေးနေသော ဆော့စ်ကို ငါးပေါ်သို့ လောင်းချလိုက်သည့်အခါ မွှေးကြိုင်သော ရနံ့မှာ ပျံ့လွင့်သွားပြီး လူတိုင်းကို ဆွဲဆောင်နေတော့၏။

ကျန်ရှိနေသော ဟင်းပွဲများမှာမူ ပို၍ ရိုးရှင်းလှပေသည်။ အရည်အသွေးမြင့် ပါဝင်ပစ္စည်းများကို နာမည်ကြီး အမွှေးအကြိုင်များနှင့် ပေါင်းစပ်လိုက်သည့်အခါ ဟင်းပွဲအားလုံးမှာ အရသာသစ်များကို ပေးစွမ်းနိုင်သည်။

မုန့်ဆိုင်အပြင်ဘက်မှ စကားသံများ ကြားရသဖြင့် ဧည့်သည်များ ရောက်လာပြီ ဖြစ်ကြောင်း သိလိုက်ရ၏။ ဟွာရှန့် တံခါးဖွင့်ကြည့်လိုက်သည့်အခါ ရွှေ၊ ငွေလက်ဝတ်ရတနာများ ဆင်မြန်းထားပြီး အလွန်ချမ်းသာပုံရသော လူအုပ်ကြီးကို တွေ့လိုက်ရသည်။ ရှန့်ကွမ်း ရယ်မောလျက် ပြောလိုက်၏။

“သူဌေးမဟွာ... အပြင်ကနေတင် ဟင်းနံ့တွေကို ရနေပြီ။ လာရကျိုး တကယ်နပ်တာပဲ”

ဟွာကျွင်း ပြုံးလျက် ပြန်ပြောလိုက်၏။

“အချိန်ကိုက် ရောက်လာတာပဲရှင်၊ ဟင်းတွေက အခုတင် ချက်ပြီးတာပါ။ ထိုင်ကြပါဦး၊ မကြာခင် ဟင်းတွေ ချပေးပါ့မယ်”

မုန့်ဆိုင်အတွင်းရှိ စားပွဲနှင့် ထိုင်ခုံများကို ဖယ်ရှားထားပြီး အလယ်တွင် အနံမွှေးသစ်သား ဖြင့် ပြုလုပ်ထားသော ဝိုင်းကြီးတစ်ဝိုင်းကိုသာ ချထားသည်။ စားပွဲပေါ်တွင် ပန်းပုလက်ရာများ ပါရှိပြီး အပေါ်၌ လှည့်၍ရသော အဝိုင်းတစ်ခု ပါဝင်၏။ ရှန့်ကွမ်း မိသားစုမှ လူရှစ်ဦး ရောက်လာကြ၏။ ရှန့်ကွမ်းနှင့် သူ့ဇနီး၊ ကိုယ်လုပ်တော် နှစ်ဦးနှင့် သမီးများ ဖြစ်ဟန်တူသော မိန်းကလေးငယ် နှစ်ဦးတို့ ပါဝင်သည်။

သို့သော် ရှေ့ဆုံးမှ လျှောက်လာသူမှာ အသက် (၆၀) ခန့်ရှိသော၊ မုတ်ဆိတ်ဖြူနှင့် ဆံပင်ဖြူများရှိသည့် လူကြီးတစ်ဦး ဖြစ်သည်။ သူ့မျက်နှာတွင် အရေးအကြောင်းများ ပြည့်နေသော်လည်း နီမြန်းကာ တက်ကြွသော အသွင်ရှိ၏။

ထိုသူမှာ ရှန့်ကွမ်း၏ ဖခင် ဖြစ်ရပေမည်။ အားလုံးက ထိုလူကြီး တံခါးနှင့် မျက်နှာချင်းဆိုင်နေရာတွင် အတည်တကျ ထိုင်သည်အထိ စောင့်ဆိုင်းပြီးမှသာ လိုက်ထိုင်ကြသည်။

ဟွာကျွင်းနှင့် အခြားနှစ်ဦးမှာ စားသောက်ခန်းနှင့် မီးဖိုချောင်အကြား ဟင်းပွဲများကို တစ်ပွဲပြီးတစ်ပွဲ ချပေးရင်း အလုပ်ရှုပ်သွားကြသည်။ ဟင်းပွဲများ နွေးထွေးနေစေရန် ပန်းကန်တစ်ခုချင်းစီကို ငွေရောင် စတီးအဖုံး များဖြင့် ဖုံးအုပ်ထား၏။ ရှန့်ကွမ်း၏ ဇနီး ပြောလိုက်သည်။

“ဒီလို မုန့်ဆိုင်လေးမှာ ဒီလောက် လှပတဲ့ ဟင်းဖုံးတွေ ရှိလိမ့်မယ်လို့ မထင်ထားဘူး၊ ကျွန်မ မျက်နှာတောင် ပြန်ပေါ်တယ်”

ကိုယ်လုပ်တော်တစ်ဦးလည်း အံ့ဩတကြီးဖြင့် ပြောလိုက်၏။

“ဟုတ်တယ်၊ အိမ်က ကြေးမှန်တွေထက်တောင် ပိုပြီး ကြည်လင်သေးတယ်”

စားပွဲရှိ ဧည့်သည်အများစုမှာ အမျိုးသမီးများ ဖြစ်ကြရာ သူတို့သည် ဟင်းဖုံးများပေါ်တွင် မိမိကိုယ်ကို တိတ်တဆိတ် ကြည့်နေကြသည်။

ဟင်းပွဲများမှာ စားပွဲပေါ်တွင် ပြည့်သွားချိန်တွင် ဟွာကျွင်းသည် စတီးအဖုံးများကို ဖြည်းညင်းစွာ ဖွင့်လျက် ဟင်းတစ်ပွဲချင်းစီကို မိတ်ဆက်ပေးသည်။ ရှန့်ကွမ်းကလည်း သူ၏ ဖခင် မကြားရမည် စိုးသဖြင့် ထပ်မံ ရှင်းပြနေ၏။

“ဒါက အဲဒီနေ့က သားဝယ်လာတဲ့ ကဏန်းကြီးကို ဟင်းလေးမျိုး လုပ်ထားတာပါ အဖေ”

လူကြီးက စကားမပြောဘဲ ခေါင်းညိတ်ပြလိုက်ပြီး ဆားဖုတ် ကဏန်းခြေထောက်များကို စိုက်ကြည့်နေသဖြင့် ဘေးနားရှိ အစေခံမလေးက ချက်ချင်းပင် တစ်ခု ယူပေးလိုက်သည်။ ထိုလူကြီးသည် ကဏန်းကို တူဖြင့် ညှပ်ယူကာ ပါးစပ်ထဲသို့ ဖြည်းဖြည်းချင်း ထည့်လိုက်ပြီး မျက်လုံးမှိတ်ကာ အရသာခံနေ၏။ အားလုံးက သူ့ကို ကြည့်နေကြသဖြင့် ဆိုင်အတွင်းမှာ အလွန်တိတ်ဆိတ်သွားသည်။

“အင်း... ကဏန်းက အချိုနဲ့ အငန် အချိုးကျတယ်၊ နူးညံ့ပြီး အရသာရှိတယ်။ မဆိုးဘူး”

ထိုအခါမှသာ အစေခံမလေးသည် ကျန်ရှိနေသော ကဏန်းခြေထောက်များကို အခြားသူများအား ပေးတော့၏။

“ကဏန်းက တော်တော်ကြီးတာပဲ။ ခြေထောက်တစ်ချောင်း စားရတာ အရင်က ကဏန်းတစ်ကောင်လုံး စားရတာထက် ပိုများသေးတယ်”

“မေမေ... ဘာလို့ ဒီကဏန်းခြေထောက်တွေက သေးနေရတာလဲ။ အဲဒီနေ့က မြင်ခဲ့တဲ့ အရှင်တွေထက် အများကြီး သေးသွားသလိုပဲ”

ဟွာကျွင်း ပြန်ရှင်းပြလိုက်သည်။

“ဒါက တစ်ပိုင်းပါရှင်၊ ကျန်တဲ့တစ်ဝက်ကို ချိစ် ကဏန်းခြေထောက် လုပ်ထားပါတယ်”

ထို့နောက် ဘေးနားရှိ ပန်းကန်ကို ညွှန်ပြလိုက်၏။

ရှန့်ကွမ်းသည် သူ့ဖခင်ကို ကြည့်လိုက်ရာ ဖခင်ဖြစ်သူ ခေါင်းညိတ်သည်ကို တွေ့မှ အစေခံမလေးကို အချက်ပြလိုက်သည်။ ထိုအခါ အစေခံမလေးသည် ချိစ် ကဏန်းခြေထောက် တစ်ခုကို ယူ၍ လူကြီး၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။ လူကြီးသည် အသားကို ထုတ်ယူကာ တစ်ဝက်ကို ကိုက်စားလိုက်သည်။ နို့ရနံ့မှာ ကဏန်းနှင့်အတူ ရောယှက်သွားပြီး ထူးခြားသော အရသာကို ပေးစွမ်းနေ၏။

“ငါ ဒီလောက်နှစ်တွေအထိ မြောက်ဘက်ကော တောင်ဘက်ကော သွားခဲ့ဖူးတာ၊ နို့နဲ့လုပ်တဲ့ ဟင်းမျိုးကို ပထမဆုံး စားဖူးတာပဲ။ ဆားနဲ့ဖုတ်တာထက်တောင် ပိုကောင်းသေးတယ်”

ဤစကားကြောင့် လူတိုင်းမှာ စိတ်ဝင်စားသွားကြ၏။

“နို့နဲ့လုပ်တဲ့ ကဏန်းလား”

“တကယ့်ကို ထူးဆန်းတဲ့ ချက်နည်းပဲ”

အားလုံးက အစေခံမလေး ဟင်းခပ်ပေးသည်ကို မျှော်လင့်တကြီး ကြည့်နေကြတော့၏။

မိန်းကလေးငယ် တစ်ဦးက ကဏန်းခြေထောက်ကို စားပြီးနောက် ဟွာကျွင်းအား မေးလိုက်သည်။

“ခွင့်ပြုပါ... သူဌေးမ၊ ဒီနို့က ကဏန်းခြေထောက် ချက်တာအပြင် တခြားဟင်းတွေရော လုပ်လို့ ရသေးလားဟင်။ အရမ်းမွှေးတာပဲ”

ဟွာကျွင်းက ပြုံးလျက် ပြန်ဖြေလိုက်၏။

“ရတာပေါ့၊ ဒါကို ချိစ်လို့ ခေါ်ပါတယ်။ ကဏန်းခြေထောက်အပြင် အချိုပွဲတွေ၊ အာလူးထောင်း၊ ဖရုံသီးနဲ့ တခြားအရာတွေ အများကြီး လုပ်လို့ ရပါတယ်။ နို့လက်ဖက်ရည်တောင် လုပ်လို့ ရသေးတယ်”

“ဝါး၊ ဒါဆိုရင် သမီး အချိုပွဲ စားချင်တယ်။”

ဟွာကျွင်းသည် ရေခဲသေတ္တာထဲတွင် “ချိစ်ကိတ်” ရှိနေသေးသည်ကို သတိရသွားကာ အလွယ်တကူပင် သဘောတူလိုက်၏။

“ရတာပေါ့၊ ခဏနေရင် ယူလာပေးမယ်”

ထိုအခါ ရှန့်ကွမ်းက မေးလိုက်သည်။

“သူဌေးမဟွာ... ကျွန်တော် မနေ့က အဖေ့အကြောင်း ပြောခဲ့တာ...”

ဟွာကျွင်း နားလည်လိုက်၏။ သူမသည် ရှဉ့်ပုံစံ မန်ဒရင်ငါးကို ညွှန်ပြလျက် ပြောလိုက်သည်။

“ဒီရှဉ့်ပုံစံ မန်ဒရင်ငါးက ကျန်းနန် ဟင်းလျာ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး မြည်းစမ်းကြည့်ပါဦး”

ထိုအခါမှသာ ရှန့်ကွမ်းသည် အနီရောင်ဟင်းပွဲမှာ ငါးဖြစ်နေသည်ကို သတိပြုမိသွားကာ တစ်ခဏ တုံ့ခနဲ ဖြစ်သွားသည်။

“ကျွန်တော် ပြောဖို့ မေ့သွားတယ်၊ အဖေက ငါး လုံးဝမစားဘူးဗျ။ ဒါကို ပြန်ယူသွားပေးပါ”

သူ့ဖခင်က ငါးမစားရုံတင်မကဘဲ သူတို့မိသားစု စားပွဲပေါ်တွင် ဤဟင်းမျိုး တစ်ခါမှ မပါခဲ့ဖူးပေ။ ဟွာကျွင်းသည် ဤဟင်းပွဲက ဧည့်သည်၏ ရှောင်ကြဉ်မှုကို ထိခိုက်မိသွားမည်ဟု မမျှော်လင့်ထားသဖြင့် အလျင်အမြန်ပင် ပြန်ယူရန် ရှေ့သို့ တိုးလိုက်သည်။

သို့သော် မထင်မှတ်ဘဲ ထိုလူကြီးက သူမကို တားလိုက်၏။ သူ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။

“မင်း ပြောတာ... ဒါက ဘာဟင်းလဲ”

“ဒါကို ရှဉ့်ပုံစံ မန်ဒရင်ငါးလို့ ခေါ်ပါတယ်”

“ချထားလိုက်”

ထို့နောက် သူသည် အစေခံမလေးကို ဖယ်ခိုင်းလိုက်ကာ သူ ကိုယ်တိုင် တူဖြင့် ငါးတစ်ဖဲ့ကို ညွှန်ယူလိုက်၏။

ရွှေရောင်ငါးအရေခွံအောက်တွင် နူးညံ့သော ငါးသားများ ရှိနေပြီး ခရမ်းချဉ်သီးအရောင် ဆော့စ်မှာ အချိုနှင့် အချဉ် အချိုးကျလှပေသည်။ သူသည် တစ်လုပ်မျှသာ စားရသေးသော်လည်း မထင်မှတ်ဘဲ မျက်ရည်များ ကျလာတော့၏။

အခန်း (၈၈)

လူအိုကြီး၏ အတိတ် (၁)

လူအိုကြီး ၏ စိတ်ထဲမှ အနက်ရှိုင်းဆုံး မှတ်ဉာဏ်များသည် ဒီရေလှိုင်းကဲ့သို့ တိုးဝှေ့လာသဖြင့် သူ မျက်လုံးများကို မှိတ်ထားလိုက်စဉ် အတိတ်က မြင်ကွင်းများသည် မှောင်မိုက်နေသော အမှောင်ထုထဲတွင် ရောင်စုံမှန်ပြောင်းတစ်ခုကဲ့သို့ တဖျတ်ဖျတ် လက်လာသည်။

သူ မှတ်မိသွား၏။ ဤဟင်းပွဲကို သူ ယခင်က စားဖူးခဲ့၏။

သူ ဆယ်ကျော်သက်အရွယ်တုန်းက သူ့မိသားစုမှာ ဆင်းရဲလှသဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အလှကုန်ပစ္စည်းများ ရောင်းချသော လှည့်လည်ကုန်သည်တစ်ဦး ဖြစ်လာခဲ့ရသည်။ သူသည် ထက်မြက်ပြီး သန်မာသူဖြစ်ရာ ကုန်ပစ္စည်းများကို ဟစ်အော်ရောင်းချရန် ဝေးလံသော နေရာများသို့ မကြာခဏ သွားရောက်လေ့ရှိ၏။

တစ်ကြိမ်တွင်မူ တိုင်ရေကန်အနားရှိ ငါးဖမ်းလှေတန်းတစ်ခု ဘေးမှ သူ့ကုန်ပစ္စည်းများကို သယ်ဆောင်လာရင်း ထုံးစံအတိုင်း အော်ဟစ်ကာ လျှောက်လာခဲ့သည်။

“နှုတ်ခမ်းနီနဲ့ အလှကုန်တွေ လာပြီဗျို့။ မြောက်ဘက်ကလာတဲ့ နှုတ်ခမ်းနီနဲ့ အလှကုန်တွေ ရပါမယ်”

မိန်းကလေးငယ်တစ်ဦးက လှေခန်းထဲမှ ခေါင်းပြူထွက်လာပြီး သူ့ကို လှမ်းခေါ်လိုက်၏။

“ဟေး... ကုန်သည်လေး၊ ရှင့်ဆီက ပစ္စည်းတွေကို ကျွန်မကို ကြည့်ခွင့်ပေးပါဦး”

သူ လှည့်ကြည့်လိုက်ရာ နေဝင်ရိုးရီ၏ ရွှေရောင်အလင်းတန်းများသည် ထိုမိန်းကလေး ဆံပင်ပေါ်သို့ တိုက်ရိုက်ကျရောက်နေသဖြင့် တဖျတ်ဖျတ် လက်နေသည်။ မိန်းကလေးက သူ့ကို ကြည့်ကာ ပြုံးပြနေပြီး မျက်လုံးလေးများမှာ လခြမ်းကွေးလေးများကဲ့သို့ ဖြစ်နေ၏။

သူ့မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားကာ နားရွက်များပါ ပူထူလာတော့၏။ ကံကောင်းသည်မှာ သူ့အသားအရည်က ညိုမှောင်နေသဖြင့် သိသာမသွားခြင်းပင်။

သူ ပစ္စည်းတောင်းကို ငါးဖမ်းလှေဘေးတွင် ချလိုက်စဉ် မိန်းကလေးက လျှောက်လာပြီး ဆောင့်ကြောင့်ထိုင်လျက် မေးလိုက်၏။

“ကုန်သည်လေး... ရှင် ဘာတွေ ရောင်းတာလဲ”

သူ ရှက်ကိုးရှက်ကန်းဖြင့် ဖြေလိုက်သည်။

“နှုတ်ခမ်းနီ... နှုတ်ခမ်းဆိုးဆေးနဲ့... ပြီးတော့... အမွှေးပေါင်ဒါတွေ ပါပါတယ်”

“ရှင့်ဆီမှာ အမွှေးပေါင်ဒါ ရှိတာလား” မိန်းကလေး၏ အသံမှာ တက်ကြွကြည်လင်နေ၏။

“ရှိတယ်၊ ရှိတယ်”

သူသည် ပစ္စည်းတောင်းထဲတွင် အလောတကြီး ရှာဖွေလိုက်ရာ အလွန်တုန်လှုပ်နေသဖြင့် တောင်းကိုပင် မှောက်လုနီးပါး ဖြစ်သွားသည်။

“ဟေး၊ ဟေး၊ ဟေး”

မိန်းကလေးက အလျင်အမြန် လက်လှမ်းကာ တောင်းကို ထိန်းပေးလိုက်ပြီး တခိခိ ရယ်မောလိုက်၏။

“အဲဒီလောက် မလောပါနဲ့၊ ကျွန်မက ရှင့်ကို အတင်းမခိုင်းပါဘူး”

သူသည် အနေရခက်မှုကို ပြေပျောက်စေရန် “ဟဲဟဲ” ရယ်လိုက်ပြီးမှ အမွှေးပေါင်ဒါကို ရှာတွေ့သွားသည်။

“ဒါ... ဒါက ပင်လုံးကြိုင် ရနံ့ပဲ၊ အ... အရမ်းမွှေးတယ်”

ပုံမှန်ဆိုလျှင် စကားပြောကောင်းသော ကုန်သည်လေးမှာ ယနေ့တွင်မူ စကားများ ထစ်နေပြီး ပြောစရာစကားကို ရှာမတွေ့ ဖြစ်နေသည်။ ကံကောင်းသည်မှာ မိန်းကလေးက ထိုအချက်ကို ဂရုမစိုက်ပေ။ သူမက ပေါင်ဒါကို နမ်းကြည့်လိုက်ပြီး မေး၏။

“တကယ် မွှေးတာပဲ၊ ဘယ်လောက်လဲ”

“ကြေးပြား... ငါးပြားပါ”

“ဈေးကြီးလိုက်တာ”

မိန်းကလေးက နှမြောတသစွာ ဆိုရင်း အမွှေးပေါင်ဒါကို တောင်းထဲသို့ ပြန်ထည့်လိုက်သည်။ သူမက လက်ကို ခါလိုက်ပြီး မတ်တပ်ရပ်ကာ မေးလိုက်၏။

“ကုန်သည်လေး... ရှင် ဘယ်တော့ ပြန်လာဦးမလဲ။ ကျွန်မ ပိုက်ဆံစုမိရင် အဲဒါကို ဝယ်မယ်လေ”

ကုန်သည်လေးက လိမ်ညာပြောလိုက်သည်။

“ကျွန်တော်... နေ့တိုင်း... ဒီကို လာပါတယ်...”

မိန်းကလေးက တောက်ပသော မျက်လုံးများဖြင့် သူ့ကို ကြည့်ကာ မေး၏။

“ဒါဆိုရင် အဲဒါကို ကျွန်မအတွက် သိမ်းထားပေးမလား”

ကုန်သည်လေး ခေါင်းညိတ်ပြလျက် ပြန်ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ ကျွန်တော်... ခင်ဗျားအတွက် သိမ်းထားပေးပါ့မယ်”

ထိုနေ့မှစ၍ ကုန်သည်လေးသည် အဝေးသို့ ခရီးမလှည့်တော့ပေ။ နေ့တိုင်း နေဝင်ရိုးရီအချိန် ရောက်လျှင် ငါးဖမ်းလှေရှိရာသို့ ပြန်လာပြီး ကုန်ပစ္စည်းများ ရောင်းရန် ဟစ်အော်ဟန် ဆောင်လေ့ရှိ၏။ မိန်းကလေးသည်လည်း သူ့အသံကို ကြားသည်နှင့် လှေခန်းထဲမှ အမြဲထွက်လာပြီး သူ့ကို ပြုံးလျက် နှုတ်ဆက်တတ်သည်။

သူသည်လည်း တောင်းထဲမှ ပင်လုံးကြိုင် ရနံ့ ပေါင်ဒါဗူးကို အမြဲထုတ်ပြကာ သူမအတွက် သိမ်းထားဆဲဖြစ်ကြောင်း လက်ယပ်ပြတတ်၏။ မိန်းကလေးက ခေါင်းခါပြလျက် နှုတ်ခမ်းလှုပ်ရှားမှုဖြင့် အချက်ပြ၏။

“နောက်ထပ် ခဏလောက် စောင့်ပေးဦး”

ကုန်သည်လေးသည် စဉ်းစားပြီးနောက် နောက်ဆုံး တစ်နေ့တွင် မိန်းကလေး၏ လှေခန်းရှေ့၌ ရပ်ကာ အမွှေးပေါင်ဒါကို သူမ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ဒါ... ဒါက ရောင်းမထွက်လို့ ခင်ဗျားကို ပေးလိုက်တာပါ”

မိန်းကလေးမှာ အံ့ဩသလို ဝမ်းလည်းသာသွားကာ ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်”

ထို့နောက် သူမက ခဏမျှ စဉ်းစားကာ လှေခန်းထဲသို့ ပြေးဝင်သွားပြီး မကြာခင်မှာပင် ငါးတစ်ကောင်ကို သယ်လျက် ထွက်လာ၏။

“ဒါကို ယူသွားပြီး စားလိုက်ပါ”

ကုန်သည်လေးက အလျင်အမြန် လက်ခါလျက် ငြင်းဆန်လိုက်သည်။

“ဒါက အရမ်း ဈေးကြီးတယ်၊ မယူပါရစေနဲ့”

“ဒီငါးက သေသွားလို့ ရောင်းလို့မရတော့ဘူး၊ ဒါပေမဲ့ ဒီနေ့မှ သေတာပါ”

ကုန်သည်လေး ထပ်မံ ငြင်းဆန်ပြန်သည်။

“ကျွန်တော် မချက်တတ်ဘူး”

သူသည် ပျက်စီးနေသော ဘုရားကျောင်းများတွင် အိပ်စက်ပြီး ပေါက်စီများဖြင့်သာ အသက်ဆက်နေရသော ကြမ်းတမ်းသည့် ဘဝကို ဖြတ်သန်းနေရသူ ဖြစ်ရာ ဟင်းချက်မည့်အချိန်ထက် ရွာများစွာသို့ သွားရောက်ရန်သာ ပိုအလိုရှိ၏။ ထို့အပြင် ငါးချက်နည်းကိုလည်း သူ မသိပေ။

မိန်းကလေးက ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်၏။

“ရှင် ညဘက်ဆိုရင် ဘယ်မှာ အိပ်တာလဲ”

“ဟို... အနောက်ဘက်က ပျက်စီးနေတဲ့ နဂါးမင်းဘုရားကျောင်း မှာပါ”

သူ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

မိန်းကလေးသည် ထိုအချက်ကို လုံးဝဂရုမစိုက်ပေ။ သူမ အသံမှာ တက်ကြွနေ၏။

“ဒါဆိုရင် ဒီည ကျွန်မကို စောင့်နေပါ၊ ကျွန်မ အဲဒီငါးကို ရှင့်အတွက် လာချက်ပေးမယ်”

ကုန်သည်လေးမှာ သူမထက်ပင် ပို၍ ဝမ်းသာသွားပြီး သူ့ခြေလှမ်းများမှာ ယခင်ကထက် ပို၍ ပေါ့ပါးနေသည်။ သူသည် ပျက်စီးနေသော ဘုရားကျောင်းကိုပင် သန့်ရှင်းရေး လုပ်လိုက်သေး၏။ ကြမ်းပြင်ကို တံမြက်စည်းလှည်းကာ ဘုရားစင်ပေါ်မှ ဖုန်များကို သုတ်လိုက်သည်။

နေဝင်ချိန်မှ ညရောက်ရန်မှာ တစ်နာရီခန့်သာ ကြာမြင့်ပြီး မိန်းကလေးသည် သေဆုံးနေသော ငါးကို သယ်လျက် ဘုရားကျောင်းသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ ငါးမှာ ပြင်ဆင်ပြီးသား ဖြစ်သော်လည်း ကိုယ်ထည်ပေါ်တွင် ထူးဆန်းသော အကွက်များကို လှီးဖြတ်ထားသည်။ သူမသည် မီးကို ကျွမ်းကျင်စွာ မွှေးလိုက်ပြီး ငါးကို စတင်ကင်တော့၏။

“ဒီငါးပေါ်က အလှလှီးထားတဲ့ အကွက်တွေကို မြင်လား”

ကုန်သည်လေး ခေါင်းညိတ်ပြသည်။

“ကျွန်မ အဖေကို ကူပြီး စားသောက်ဆိုင်တွေကို ငါးသွားပို့တဲ့အခါ နောက်ဖေးမီးဖိုချောင်က စားဖိုမှူးတွေက ငါးကို ဒီလိုမျိုး လှီးတာ တွေ့ခဲ့တာ။ ပြီးတော့ ဆီပူထဲမှာ ကြော်လိုက်ရင် ငါးသားတွေက ပန်းပွင့်သလိုမျိုး ပွင့်ထွက်လာတာ၊ အရမ်း လှတာပဲ”

“ကျွန်မဆီမှာတော့ အဲဒီလောက် ဆီအများကြီး မရှိဘူး၊ ကင်လိုက်တဲ့အခါမှာလည်း အဲဒီလို ပွင့်ထွက်လာဖို့ မျှော်လင့်ရတာပဲ”

သူမသည် ငါးကို အာရုံစိုက်ကြည့်ရင်း တခိခိ ရယ်မောလိုက်၏။

ကုန်သည်လေးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ဒါက ဘာဟင်းလဲ”

“သူတို့ ပြောကြတာတော့ ‘ရှဉ့်ပုံစံ မန်ဒရင်ငါး’ တဲ့။ ကျွန်မ ကင်ပြီးသွားရင် ရှင့်ကို ပြမယ်၊ ငါးက ရှဉ့်တစ်ကောင်နဲ့ တူနေမှာ”

လှီးဖြတ်ပုံ မမှန်၍လော သို့မဟုတ် ကင်ရုံနှင့် မရ၍လော မသိသော်လည်း နောက်ဆုံးတွင် သူမ၏ ကြိုးစားမှုမှာ မအောင်မြင်ခဲ့ပေ။ ငါးသားများမှာ ပန်းပွင့်သလို ပွင့်မထွက်လာခဲ့ပေ။ သို့သော် မိန်းကလေးမှာ စိတ်မပျက်ဘဲ ကုန်သည်လေးကို ဆို၏။

“နောက်တစ်ခါ ငါးသွားပို့ရင် ကျွန်မ သေသေချာချာ ထပ်ကြည့်ဦးမယ်၊ ပြီးရင် ရှင့်ကို ထပ်လုပ်ပေးမယ်”

ကုန်သည်လေးမှာ ရှဉ့်နှင့်တူသော ငါးအကြောင်း ဘာမှမသိပေ။ သူသည် ဤကင်ထားသော ငါး၏ မွှေးရနံ့ကပင် လုံလောက်နေပြီဟု ထင်မိ၏။ သူက တံတွေးကို မျိုချလျက် မေးလိုက်သည်။

“အခု စားလို့ ရပြီလား”

မိန်းကလေး တစ်ခဏ စဉ်းစားပြီးနောက် ဆို၏။

“အဲဒီ ရှဉ့်ပုံစံ မန်ဒရင်ငါးက အချဉ်နဲ့ အချို အရသာ ရှိတယ်လို့ ကျွန်မ ကြားဖူးတယ်၊ ကျွန်မကို ခဏစောင့်ဦး”

သူမသည် ငါးကင်ထားသော သစ်ကိုင်းကို ကုန်သည်လေးထံ ပေးအပ်ကာ ပြေးထွက်သွားတော့၏။

ကုန်သည်လေးသည် ငါးကို ကိုင်ထားရင်း ဝမ်းထဲမှ တဂူးဂူး မြည်နေသည်။ သူသည် အောင့်အီးကာ စောင့်ဆိုင်းနေပြီး နောက်ဆုံးတွင် မိန်းကလေး ပြန်ရောက်လာသည်။ မိန်းကလေးသည် လှေခန်းထဲမှ ရှာလကာရည် နှင့် သကြားထုပ်လေး တစ်ထုပ်ကို ယူလာခဲ့ခြင်း ဖြစ်၏။

“ရှဉ့်ပုံစံ မန်ဒရင်ငါး အရသာ ရဖို့ဆိုရင် ဒီအရာ နှစ်မျိုးကို ထပ်ထည့်ရဦးမယ်”

ထို့နောက် သူမသည် သကြားနှင့် ရှာလကာရည် အားလုံးကို ငါးပေါ်သို့ လောင်းချလိုက်ပြီး ကုန်သည်လေးကို ပြောလိုက်သည်။

“စားတော့”

သူမသည် သူ့ကို မျှော်လင့်တကြီး ကြည့်နေ၏။

ရှာလကာရည်၏ စူးရှသော အနံ့ကြောင့် ကုန်သည်လေးမှာ နှာချေလုနီးပါး ဖြစ်သွားသော်လည်း သူသည် တစ်လုပ် မြည်းကြည့်လိုက်ရာ အလွန်ပင် ချဉ်လှပေသည်။

သူသည် မျက်နှာအမူအရာကို အစွမ်းကုန် ထိန်းချုပ်လိုက်ပြီးနောက် မိန်းကလေးကို ပြုံးပြကာ ဆိုလိုက်၏။

“အရသာရှိတယ်”

မိန်းကလေးသည်လည်း ဝမ်းသာသွားကာ ပြောလိုက်သည်။

“ဒါဆိုရင် မြန်မြန်စား၊ အကုန်စားလိုက်နော်”

ကုန်သည်လေးသည် ထိုငါးတစ်ကောင်လုံးကို အလိုက်သင့် စားလိုက်၏။ သူ့ဗိုက်ထဲတွင် အနည်းငယ် နေမထိထိုင်မသာ ဖြစ်သွားသော်လည်း သူ့ နှလုံးသားမှာမူ အလွန်ပင် တင်းတိမ်ကျေနပ်နေ၏။ သူ ငါးအရိုးများကို ချလိုက်ပြီးနောက် ပြုံးလိုက်၏။

“တကယ်ကို အရသာရှိတယ်၊ ဒီလောက် အရသာရှိတဲ့ ငါးမျိုး တစ်ခါမှ မစားဖူးဘူး”

မိန်းကလေးသည်လည်း ပြုံးလိုက်ပြီးနောက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

“ဟင်... ရှင်က အရင်က စကားထစ်တယ်မဟုတ်ဘူးလား”

ကုန်သည်လေးမှာ ပါးစပ်အဝိုင်းသား ဖြစ်သွားကာ အံ့ဩသွား၏။

“ဗျာ”

မိန်းကလေးက ရယ်မောလိုက်သည်။

“ဘာမှ မဟုတ်ပါဘူး”

နောက်တစ်နေ့ ညနေခင်းတွင် ကုန်သည်လေးသည် မိန်းကလေး၏ လှေအပြင်ဘက်မှ ထပ်မံ အော်ဟစ်ခဲ့သော်လည်း မိန်းကလေးမှာ ထွက်မလာခဲ့ပေ။ သူသယ အပြင်ဘက်မှ ရပ်ကြည့်ရာ မှောင်မည်းနေသဖြင့် ဘာမှ သဲသဲကွဲကွဲ မမြင်ရပေ။ ရွေးချယ်စရာ မရှိသဖြင့် ကန်ဘောင်တစ်လျှောက် အော်ဟစ်ရင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး နောက်ဆုံးတွင်မှ မိန်းကလေးကို တွေ့လိုက်ရသည်။

ထိုစဉ် သူမသည် လှေခန်းဝတွင် ရပ်ကာ ကုန်သည်လေးကို ပြုံးပြနေ၏။ ကုန်သည်လေးသည် သူမ၏ ပါးပြင်ပေါ်ရှိ နီမြန်းရောင်ရမ်းနေသော အရာများကို မြင်လိုက်ရသဖြင့် စိုးရိမ်တကြီးဖြင့် လှေအနားသို့ သွားကာ မေးလိုက်သည်။

“ဘာဖြစ်တာလဲ”

မိန်းကလေး၏ နှုတ်ခမ်းပေါ်တွင် ပြုံးရိပ်တစ်ခု ရှိနေဆဲ ဖြစ်၏။

“ဘာမှ မဟုတ်ပါဘူး၊ ကျွန်မ သကြားခိုးတာကို အဖေ သိသွားလို့ပါ”

ထိုစကားကို ကြားသည့်အခါ ကုန်သည်လေးမှာ ပို၍ပင် စိုးရိမ်သွားကာ ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားကို သကြားတွေ ပြန်ပေးပါ့မယ်”

မိန်းကလေးက လက်ခါပြလျက် ပြောလိုက်၏။

“မလိုပါဘူး၊ ကျွန်မ သကြားကို ယူလိုက်ရင် အဲဒီ အရိုက်ခံရတာက အလကား ဖြစ်သွားမှာပေါ့”

ကုန်သည်လေးမှာ မှင်တက်သွား၏။ ထိုသို့သော ဆင်ခြေကို သူ နားမလည်ပေ။ ထို့နောက် မိန်းကလေးသည် သူ့ကို နှစ်သိမ့်လိုက်သည်။

“ဘာမှ မဟုတ်ပါဘူး၊ ရှင်ပဲ သွားပြီး အလုပ်လုပ်ပါတော့”

ကုန်သည်လေး ပြန်ရောက်သွားသည့်အခါ သူ စုဆောင်းထားသမျှကို အကုန်ရှာဖွေလိုက်ပြီး ကြီးမားသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ၎င်းမှာ မိန်းကလေး၏ အဖေထံသို့ သွားရောက်ကာ ထိုမိန်းကလေးကို သူနှင့် လက်ထပ်ခွင့်ပေးရန် တောင်းဆိုလိုက်ခြင်းပင်။

All Chapters