အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း (၈၉)
လူအိုကြီး၏ အတိတ် (၂)
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူ တစ်ကိုယ်တည်း နေထိုင်ခဲ့ပြီး အသုံးစရိတ်လည်း နည်းပါးလှသဖြင့် ရှာသမျှ ငွေကြေးများကို သေသေချာချာ စုဆောင်းထားခဲ့သည်။ သူ ကြေးပြားအားလုံးကို ထုတ်ယူပြီး ရေတွက်ကြည့်ရာ ငွေနှစ်တေး နီးပါး ရှိနေသည်ကို တွေ့လိုက်ရ၏။
သူသည် ငွေများကို သိမ်းဆည်းလိုက်ပြီးနောက် အထုပ်ထဲမှ အကောင်းဆုံး အဝတ်အစားတစ်စုံကို ထုတ်ယူကာ လဲလှယ်ဝတ်ဆင်လိုက်သည်။
ထို့နောက် မိန်းကလေး၏ လှေရှိရာသို့ လျှောက်သွားတော့၏။
ဤသည်ကား သူ ထိုလှေကို အနီးကပ် မြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
လှေမှာ အလွန်ဟောင်းနွမ်းနေပြီး လှေခန်းမှာလည်း သေးငယ်လှသော်လည်း အရာအားလုံးကို သေသေသပ်သပ် စီစဉ်ထား၏။
မိန်းကလေးမှာ ထိုနေရာတွင် မရှိပေ။ သူမအဖေမှာ ဝိုင် သောက်နေ၏။
သူသည် ငါးမဖမ်းသည့် အချိန်ဆိုလျှင် ဝိုင်အနည်းငယ် သောက်ရသည်ကို နှစ်သက်သူ ဖြစ်သည်။
ကုန်သည်လေးက လာရင်းရည်ရွယ်ချက်ကို ပြောပြလိုက်သည်နှင့် ဝိုင်အရှိန်မှာ ထိုလူကြီး၏ ဦးခေါင်းသို့ ချက်ချင်းပင် တက်သွားတော့၏။
“မင်းက ဘယ်သူမို့လို့ ငါ့သမီးကို လိုချင်ရတာလဲ။ မင်းလို အဆင့်အတန်းနိမ့်တဲ့ ကုန်သည်ကောင်... ငါ့လှေပေါ်က အခုချက်ချင်း ထွက်သွားစမ်း”
ပညာရှိ၊ လယ်သမား၊ လက်မှုပညာရှင်နှင့် ကုန်သည် ဟူသော အဆင့်အတန်းများအကြားတွင် ကုန်သည်မှာ အဆင့်အတန်း အနိမ့်ဆုံးဖြစ်ရာ ကုန်သည်လေးမှာ ကိုယ်ပိုင်အိမ်တောင် မရှိသူဖြစ်သဖြင့် မိန်းကလေး၏ အဖေက သူ့ကို အလွန် အထင်သေးနေခြင်းပင် ဖြစ်သည်။
ကုန်သည်လေး ဘာပြောပြော သူက နားမထောင်ဘဲ မောင်းထုတ်ရန်သာ ကြိုးစားနေတော့၏။
“သူ့ကို ကျွန်တော့်ဆီ လက်ထပ်ပေးဖို့ ဘာလိုအပ်လဲ။ ကျွန်တော် သူ့ကို မနှိပ်စက်ပါဘူး”
ကုန်သည်လေးက ထိုသို့ အော်လိုက်သည်။
အနည်းဆုံးတော့ သကြားတစ်ထုပ်ကြောင့်နှင့် သူမကို ရိုက်မည် မဟုတ်ပေ။
ထိုအခါ အဘိုးအိုက ဒေါသတကြီးဖြင့် အော်လိုက်၏။
“ပါးစပ်ပိတ်စမ်း၊ ငါ့သမီးက မင်းလို ဆင်းရဲတဲ့ ကုန်သည်နဲ့ ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး”
“ကျွန်တော့်ကို အထင်မသေးပါနဲ့၊ ကျွန်တော် ငွေတွေ အများကြီး ရှာနိုင်ပါတယ်”
“ငွေ ဟုတ်လား ငွေရှာတာက ဘာထူးမှာလဲ။ မင်းက အောက်ခြေလူတန်းစား ကုန်သည်လေးပဲ မဟုတ်ဘူးလား”
ကုန်သည်လေး အံကြိတ်ပြီး ပြန်ပြောလိုက်သည်။
“စောင့်ကြည့်နေလိုက်၊ တစ်နေ့ကျရင် ခင်ဗျားကိုယ်တိုင် လိုလိုလားလားနဲ့ သူ့ကို ကျွန်တော့်ဆီ လက်ထပ်ပေးစေရမယ်”
သူသည် ပစ္စည်းများကို ထုပ်ပိုးကာ ညနေပိုင်းတွင် ကန်ဘောင်သို့ နောက်ဆုံးတစ်ကြိမ် သွားခဲ့၏။
ယခုတစ်ခါတွင်မူ သူ အော်မခေါ်တော့ပေ။ မိန်းကလေးမှာ ထိုနေရာ၌ စောင့်ဆိုင်းနေပြီးသား ဖြစ်သည်။
“ကျွန်တော် ပြန်လာမဲ့ အချိန်အထိ စောင့်နေပါ”
မိန်းကလေးက ပြုံးလျက် ခေါင်းညိတ်ပြ၏။ သူမ အနောက်ဘက်တွင် နေဝင်ရိုးရီ အလင်းတန်းများကြောင့် ကန်ရေပြင်မှာ တဖျတ်ဖျတ် လက်နေပြီး ဆံပင်များမှာ လေထဲတွင် လွင့်နေကာ သူမက သူ့ကို ပြုံးလျက် ကြည့်နေ၏။
သူသည် ထိုမြင်ကွင်းကို နှလုံးသားထဲတွင် ထာဝရ ကပ်ငြိနေစေရန် အကြာကြီး စိုက်ကြည့်နေမိသည်။ ထို့နောက် သူ လှည့်ထွက်သွားတော့၏။
နောက်ထပ် နှစ်နှစ်အတွင်း သူ အတော်လေး ကံကောင်းခဲ့ပြီး ဟင်းခတ်အမွှေးအကြိုင်များ ရောင်းဝယ်ရာမှ ငွေများစွာ ရရှိခဲ့သည်။ သူ ဝေးလံသော နေရာများသို့ ခရီးလှည့်ရင်း ငွေများ ပို၍ ရှာနိုင်ခဲ့သော်လည်း ထိုငါးဖမ်းရွာလေးသို့ ပြန်သွားရန် အမြဲလိုလို ဆန္ဒရှိနေခဲ့၏။
ထိုငါးဖမ်းလှေတန်းများပေါ်တွင် နေဝင်ရိုးရီကို ကျောပေးကာ သူ့ကို ပြုံးလျက် နှုတ်ဆက်မည့် မိန်းကလေးငယ်တစ်ဦး အမြဲရှိနေလိမ့်မည်။
မကြာခင်မှာပင် သူ ထိုဒေသတွင် အချမ်းသာဆုံးသူ ဖြစ်လာခဲ့ပြီး ငါးဖမ်းရွာလေးသို့ ပြန်လာကာ အရာရှိရာထူးတစ်ခုကို ဝယ်ယူခဲ့သည်။ ၎င်းမှာ ငါးဖမ်းလုပ်ငန်း အခွန်များကို စီမံခန့်ခွဲရသော ရာထူးဖြစ်၏။
ထို့နောက် သူ ထိုဟောင်းနွမ်းနေသော ငါးဖမ်းလှေကို ရှာဖွေတွေ့ရှိသွားပြီး လက်အောက်ငယ်သားများကို လှေအား ရိုက်ချိုးဖျက်ဆီးရန် အမိန့်ပေးလိုက်သည်။
မိန်းကလေး၏ အဖေမှာ ကမ်းပေါ်တွင် ဘာလုပ်ရမည်မသိ ဖြစ်နေရာမှ ဒူးထောက်ကာ အော်ဟစ်ငိုယိုတော့၏။
ထိုစဉ် အသစ်စက်စက် လှေတစ်စင်းမှာ တဖြည်းဖြည်းနှင့် ဆိုက်ကပ်လာသည်။
“အခုရော ခင်ဗျား လက်ခံပြီလား။ ငွေက တကယ်ပဲ အရာရာကို လုပ်နိုင်တယ်ဆိုတာကိုလေ”
အဘိုးအိုကြီးမှာ ခဏမျှ မှင်တက်သွားပြီးမှ ကုန်သည်လေးကို မှတ်မိသွားကာ ချက်ချင်းပင် ရှိုက်ကြီးတငင် ငိုကြွေးတော့၏။
“မင်း လာတာ နောက်ကျသွားပြီ၊ သူ နှစ်သစ်မကူးခင်မှာပဲ ဆုံးသွားရှာပြီ”
“ဆုံးသွားပြီ၊ သူဘယ်ကို ဆုံးတာလဲ”
“သူ သေသွားပြီ၊ ကလေးမွေးရင်းနဲ့ သေသွားတာ”
မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရသဖြင့် ကုန်သည်လေးမှာ မတ်တပ်ပင် မရပ်နိုင်တော့ပေ။ အဘ်ိုးအိုမှာ သူ့အား ကူတွဲပေးလိုက်ရ၏။ ထို့နောက် မိန်းကလေး၏ အုတ်ဂူကို ရှာတွေ့သွာသည်။ ထိုအချိန်တွင်မှ သူမ အမည်ကို သိခဲ့ရခြင်း ဖြစ်၏။
“ယွီနျန်... ငါ လာတာ နောက်ကျသွားတယ်”
သူသည် ရိုးရှင်းသော ဂူဗိမာန်ရှေ့တွင် ဒူးထောက်ကာ သည်းထန်စွာ ငိုကြွေးတော့၏။
ခဏမျှ ငိုပြီးသည့်နောက် သူ လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။
အရာအားလုံးကို ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ခြေတစ်လှမ်း နောက်ကျခဲ့ရပြန်သည်။
သူသည် အရာရှိရာထူးမှ နုတ်ထွက်ကာ သူ ကျွမ်းကျင်သော စီးပွားရေးလုပ်ငန်းကိုသာ ဆက်လက်လုပ်ကိုင်ခဲ့၏။ စီးပွားရေးမှာ ပို၍ ကြီးမားလာခဲ့သော်လည်း ကျန်းနန်သို့ ဘယ်တော့မှ ပြန်မသွားခဲ့တော့ပေ။
သို့သော် နှစ်စဉ် ယွီနျန်၏ ကွယ်လွန်ခြင်း အထိမ်းအမှတ်နေ့ ရောက်တိုင်း သူသည် သူမ အနှစ်သက်ဆုံးဖြစ်သော ပင်လုံးကြိုင် ရနံ့ ပေါင်ဒါဗူးတစ်ဗူးကို လူလွှတ်၍ ပို့ပေးလေ့ရှိသည်။
ဤအကြောင်းများကို ပြန်လည်အမှတ်ရပြီးနောက် လူအိုကြီး သက်ပြင်းချလိုက်၏။ ဤသည်မှာ ရှဉ့်ပုံစံ မန်ဒရင်ငါး၏ အရသာပင် ဖြစ်သည်။
ယွီနျန် တစ်ယောက် ဤအရသာကို မမြည်းစမ်းနိုင်တော့သည်မှာ နှမြောစရာ ကောင်းလှပေသည်။
ဆီပူထဲတွင် ကြော်ပြီးသည့်နောက် ငါးသားများမှာ ကြွတက်နေပြီး ငါးခေါင်းနှင့် အမြီးမှာ ကွေးတက်နေသဖြင့် ရှဉ့်တစ်ကောင်နှင့် တူနေသည်။ ငါးမှာ ရွှေအိုရောင် တောက်နေပြီး အလွန်ပင် ကြွပ်ဆတ်လှကာ အချိုအချဉ် အရသာ မျှတသော ဆော့စ်နှင့် ပေါင်းစပ်လိုက်သည့်အခါ သရေယိုစရာ ကောင်းလှပေသည်။
လူအိုကြီး ပြုံးကာ ခေါင်းခါလိုက်၏။
“သူဌေးမဟွာ... ခင်ဗျား ချက်တဲ့ ရှဉ့်ပုံစံ မန်ဒရင်ငါးက ကျုပ် မှတ်မိနေတဲ့ အရသာနဲ့ လုံးဝ မတူဘူး။ ငါးသားက အရမ်းနူးညံ့သလို ဆော့စ်ကလည်း အရမ်းမွှေးတယ်၊ ရှာလကာရည် ရဲ့ စူးရှတဲ့ အနံ့လည်း မရှိဘူး။ ဒါက ကျွန်တော် စားဖူးသမျှ ရှဉ့်ပုံစံ မန်ဒရင်ငါးတွေထက် အများကြီး ပိုကောင်းပါတယ်”
ထိုအခါ ဟွာကျွင်း မေးလိုက်၏။
“အရသာခြင်း မတူပေမဲ့လည်း အတိတ်က အဖြစ်အပျက်တွေကို ပြန်သတိရသွားစေတာပဲ မဟုတ်လားရှင်”
လူအိုကြီး သက်ပြင်းချလျက် ပြန်ပြောလိုက်သည်။
“ဟုတ်ပါတယ်၊ မေ့လုနီးပါး ဖြစ်နေတဲ့ အတိတ်က အဖြစ်အပျက်တွေကို ပြန်သတိရစေပါတယ်။ ကျေးဇူးတင်ပါတယ်”
ဟွာကျွင်း ခေါင်းညိတ်ပြလျက် ပြောလိုက်၏။
“အရသာရှိရှိ စားသုံးပါရှင်”
လူအိုကြီးသည် ရှဉ့်ပုံစံ မန်ဒရင်ငါးကို တစ်လုပ်ချင်း စားနေပြီး အခြားဟင်းပွဲများကို လုံးဝမထိတော့ပေ။ မိသားစုဝင်များကလည်း ထိုအခြေအနေကို သိသဖြင့် ငါးကို လုံးဝမထိကြပေ။
သူ သတိပြန်ဝင်လာချိန်တွင် ငါးတစ်ကောင်လုံးမှာ အရိုးများသာ ကျန်တော့သည်။
လူအိုကြီး သည် တူကို ချလိုက်ကာ နှုတ်ခမ်းထောင့်များကို သုတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်၏။
“ငါးမစားဖြစ်တာ ကြာပြီ၊ အခုတော့ ငါးတစ်ကောင်လုံး ကုန်သွားတယ်”
ရှန့်ကွမ်း ပြောလိုက်၏။
“အဖေ ကြိုက်တာ တွေ့ရတာ ဝမ်းသာပါတယ်”
ဟွာကျွင်း မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားသည့်အခါ မော့ချွမ်းနှင့် ဟွာရှန့်တို့က အလွန် စပ်စုနေကြ၏။
“ရှဉ့်ပုံစံ မန်ဒရင်ငါးက တကယ်ပဲ အဲဒီလောက် အရသာရှိတာလား။ အဲဒီ အဘိုးကြီးက တစ်ယောက်တည်းနဲ့ တစ်ကောင်လုံး ကုန်အောင် စားသွားတယ်နော်”
“ခဏစောင့်ကြဦး၊ ခဏနေရင် နင်တို့ မြည်းကြည့်ဖို့ နောက်တစ်ကောင် ထပ်ချက်ပေးမယ်”
သူမသည် ချိစ်ကိတ် နှင့်အတူ အပြင်သို့ ပြန်ထွက်လာသည့်အခါ စားပွဲပေါ်ရှိ ပန်းကန်များအားလုံးမှာ အားလုံးကုန်နေပြီ ဖြစ်သဖြင့် အစေခံမလေးများက ပန်းကန်များကို သိမ်းဆည်းပေးနေကြသည်။
ဟွာရှန့်နှင့် မော့ချွမ်းတို့က ပန်းကန်များကို ယူသွားပြီးနောက် စားပွဲကို သုတ်ပေးကြရာ ဟွာကျွင်းက ကိတ်မုန့်နှင့် အချိုပွဲများကို ပြင်ဆင်လိုက်၏။
နို့နှစ်ရောင် ချိစ့်ကိတ်ကို တြိဂံပုံစံ လှီးဖြတ်ထားပြီး ကြည့်လိုက်ရုံနှင့်ပင် ရိုးရာမုန့်များနှင့် မတူကြောင်း သိနိုင်သည်။
ချိစ့်၏ ပြင်းရှသော ရနံ့နှင့် နူးညံ့စိုပြေသော ကိတ်သားတို့ ပေါင်းစပ်ထားပြီး ခက်ရင်းဖြင့် အနည်းငယ် ဖိလိုက်ရုံနှင့် အလွယ်တကူ ပြတ်ထွက်သွားကာ ချိုမြိန်သော အရသာမှာ စွဲလမ်းစရာ ကောင်းလှပေသည်။
အထူးသဖြင့် မိန်းကလေး သုံးဦးမှာ ထိုကိတ်မုန့်ကြောင့် လုံးဝ စိတ်ဝင်တစား ဖြစ်နေကြပြီး မျက်နှာများမှာ အံ့ဩဝမ်းသာရိပ်များဖြင့် ပြည့်နှက်နေ၏။
ရှန့်ကွမ်းသည် စားတော်ပွဲ အတွက် အလွန်ကျေနပ်ကြောင်း ပြောကြားကာ သဘောတူထားသည့်အတိုင်း ငွေများကို ပေးချေပြီး နှုတ်ဆက်လိုက်သည်။ သို့သော် သူ့ဖခင်မှာ ရပ်တန့်သွား၏။ လူအိုကြီးသည် အင်္ကျီလက်ထဲမှ သစ်သားသေတ္တာငယ်လေး တစ်ခုကို ထုတ်ယူကာ ဟွာကျွင်းထံ ပေးအပ်လိုက်သည်။
ဟွာကျွင်းမှာ ဝေခွဲမရဖြစ်သွားကာ ပြော၏။
“အဘိုး... ကျွန်မ ဟင်းချက်ခကို လက်ခံထားပြီးပါပြီ”
“ဒါက ခင်ဗျားအတွက် ကျုပ်ရဲ့ ကျေးဇူးတင်လက်ဆောင်ပါ။ ဒီလောက် အရသာရှိတဲ့ အစားအစာတွေကို မြည်းစမ်းခွင့် ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်”
“ဒါက ငါးကြီးအန်ဖတ် ပါ။ ကျုပ် တော်ဝင်ကုန်သည် ဖြစ်လာခဲ့တာလည်း ဒီအရာကြောင့်ပါပဲ။ အခုတော့ ကျုပ်တို့ ရေစက်ရှိနေပြီမို့လို့ ဒီအစလေးကို အမှတ်တရအနေနဲ့ ပေးချင်ပါတယ်”
ဟွာကျွင်းက ငြင်းဆန်သော်လည်း လူအိုကြီးက ဆုံးဖြတ်ပြီးသား ဖြစ်သဖြင့် ငြင်းမရတော့ဘဲ လက်ခံလိုက်ရသည်။
ဧည့်သည်များ ထွက်သွားပြီးနောက် ဟွာရှန့်နှင့် မော့ချွမ်းတို့ ပျော်ရွှင်စွာ အော်ဟစ်ကြပြီး ညစာ ပြင်ဆင်ကြတော့၏။ သူတို့ ထမင်းအိုးကို ဆေးကြောကာ ထမင်းထပ်တည်လိုက်ကြပြီး ဟွာကျွင်းက ကျန်ရှိနေသော မန်ဒရင်ငါးကို ကြော်ကာ ဆော့စ်ဖြင့် ပြင်ဆင်လိုက်သည်။
ဟင်းသီးဟင်းရွက်ကြော် တစ်ပွဲနှင့် ငရုတ်ကောင်း အမဲသားကြော် တစ်ပွဲကိုလည်း ချက်ပြုတ်လိုက်ပြီး သူတို့ သုံးဦးမှာ စားပွဲငယ်လေးတွင် ထိုင်ကာ စတင်စားသောက်ကြတော့၏။
တစ်နေကုန် အလုပ်ရှုပ်ပြီးနောက် ဤဟင်းလျာများမှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်။ သူတို့ သုံးဦးစလုံးမှာ တိုင်ပင်မထားဘဲ ရှဉ့်ပုံစံ မန်ဒရင်ငါးဆီသို့ တူများ ရောက်သွားကြ၏။
မော့ချွမ်းက ချက်ချင်းပင် မှတ်ချက်ပေးလိုက်သည်။
“အင်း၊ တကယ်ကို အရသာရှိတာပဲ။ ချိုချဉ်အရသာလေးနဲ့ ငါးညှီနံ့လည်း လုံးဝမရှိဘူး”
“အရသာရှိလိုက်တာ၊ အချဉ်နဲ့ အချို ရောနေတဲ့ ဟင်းမျိုး တစ်ခါမှ မစားဖူးဘူး”
ဟွာရှန့်ကလည်း ခေါင်းညိတ် ထောက်ခံ၏။
ဟွာကျွင်းသည် ရှဉ့်ပုံစံ မန်ဒရင်ငါးကို တစ်ခါမှ မစားဖူးသော်လည်း အင်တာနက်ပေါ်တွင် မြင်ဖူးခဲ့ခြင်း ဖြစ်သည်။ ဤဟင်းပွဲမှာ အိမ်များတွင် ချက်လေ့ချက်ထ မရှိဘဲ စားသောက်ဆိုင်ကြီးများတွင်သာ တွေ့ရလေ့ရှိ၏။
ဧည့်သည်စားနေသည်ကို ကြည့်ပြီး သူမကိုယ်တိုင်လည်း စားချင်စိတ် ပေါက်နေခဲ့ရာ ယခု တစ်လုပ် မြည်းကြည့်လိုက်သည့်အခါ သူမကိုယ်တိုင်ပင် အံ့အားသင့်သွားတော့၏။
“တကယ် ကောင်းတာပဲ၊ ဆီတွေ အများကြီးနဲ့ ပဲငပိရည် မပါဘဲ ချက်ထားတဲ့ ငါးက ဒီလောက် ထူးခြားတဲ့ အရသာ ရှိလိမ့်မယ်လို့ မထင်ထားဘူး”
ဟွာရှန့် ရုတ်တရက် တစ်ခုခုကို သတိရသွားကာ ဟွာကျွင်းကို မေးလိုက်၏။
“အစ်မ... စောစောက အဲဒီ လူကြီးက ဘာလို့ ငိုနေတာလဲဟင်။ သမီးလည်း ဒီဟင်းကို အရမ်းကြိုက်ပေမဲ့ စားရင်းနဲ့တော့ မငိုချင်ပါဘူး”
“တစ်ခါတလေကျရင် ဟင်းပွဲတစ်ပွဲက အမှတ်တရတွေကို သယ်ဆောင်လာတတ်တယ်လေ။ သူက ရှဉ့်ပုံစံ မန်ဒရင်ငါးကို စားလိုက်တဲ့အခါ အတိတ်က ကိစ္စတွေကို သတိရသွားလို့ ငိုတာပါ”
“သမီး နားလည်ပြီ။ သမီးလည်း အစ်မ ပထမဆုံး ပေးသောက်တဲ့ နို့လက်ဖက်ရည်ကို ခဏခဏ သတိရတယ်၊ အဲဒါကို စဉ်းစားမိတိုင်း အရမ်း သောက်ချင်လာတာပဲ”
ဟွာကျွင်း ရယ်မောလျှက် ပြောလိုက်၏။
“နင်က နို့လက်ဖက်ရည်ကို သောက်ချင်ရုံ သက်သက်ပါအေ”
အခန်း (၉၀)
အကြီးစား မုန့်မှာယူမှု
စားသောက်ပြီးသည့်နောက် သူတို့ သုံးဦးစလုံး အလွန်ပင် ကျေနပ်သွားကြသဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ မော့ချွမ်းသည် စားပွဲပေါ်တွင် လဲလျောင်းနေပြီး ဟွာကျွင်း ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားကာ ဟွာရှန့် မှာ ထိုင်ခုံကို မှီလျက် ဗိုက်ကို ပွတ်နေသည်။
မော့ချွမ်း ရုတ်တရက် ပြော၏။
“ဟွာကျွင်း... စောစောက အဘိုးကြီး ပေးခဲ့တာ ဘာလဲ။ ကျုပ်ကို ပြပါဦး”
ဟွာကျွင်း သူ့ခေါင်းကို ခေါက်လိုက်သည်။
“ရှင်ကတော့ လုံးဝကို အလိုက်အထိုက် မရှိတာပဲ”
ထိုသို့ဆိုကာ အိတ်ကပ်ထဲမှ သစ်သားသေတ္တာငယ်လေးကို ထုတ်ပေး၏။
“ဒါကို ငါးကြီးအန်ဖတ် လို့ ခေါ်တယ် ထင်တယ်”
မော့ချွမ်း ခေါင်းငုံ့ကာ သေတ္တာကို ဖွင့်လိုက်၏။ အတွင်း၌ နို့နှစ်ရောင်ရှိသော သစ်သားစလေးနှင့် တူသည့် အရာတစ်ခု ရှိနေသည်။ အနီးကပ် နမ်းကြည့်ရန်ပင် မလိုဘဲ မွှေးကြိုင်သော ရနံ့မှာ ချက်ချင်းပင် ပျံ့လွင့်လာတော့၏။ ၎င်းမှာ သစ်သားနံ့နှင့် တူသလို ရေညှိ နံ့လည်း ရပြီး မိုးရွာပြီးစ စိုစွတ်နေသော မြေကြီးနံ့လေးလည်း သင်းနေသည်။
“ငါးကြီးအန်ဖတ် ဆိုတာ ဘာလဲ။ ကောင်းကင်က နဂါးရဲ့ တံတွေးလား”
“ငါးကြီးအန်ဖတ် ဆိုတာ ဘာလဲဆိုတာ ကျွန်တော် သိတယ်”
ထူးဆန်းသော အသံတစ်သံ တံခါးဝမှ ထွက်ပေါ်လာသည်။
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မုန့်ဆိုင် အတွင်းသို့ ဝင်လာကြ၏။
မော့ချွမ်း မတ်တပ်ရပ်ကာ ပြောလိုက်သည်။
“စိတ်မရှိပါနဲ့၊ ဒီနေ့ ဆိုင်မဖွင့်ပါဘူး။ တံခါးမှာလည်း ဆိုင်းဘုတ် ချိတ်ထားတယ်လေ”
ထိုအမျိုးသားက သူ့ကို ဂရုမစိုက်ဘဲ ဆက်၍ ပြောနေ၏။
“အရင်တုန်းကဆိုရင် တံငါသည်တွေက ပင်လယ်ထဲမှာ ဒါကို ရှာတွေ့တတ်ကြတာ။ အစပိုင်းမှာတော့ အနံ့က အရမ်းဆိုးပေမဲ့ ခြောက်သွေ့သွားတဲ့အခါမှာတော့ အရမ်းကို မွှေးသွားတာပဲ။ ပြီးတော့ အစလေး နည်းနည်းနဲ့တင် အခန်းတစ်ခန်းလုံးကို ရက်ပေါင်းများစွာ အနံ့မပြယ်ဘဲ မွှေးနေစေနိုင်တယ်”
ဟွာကျွင်း အံ့ဩတကြီး ရေရွတ်လိုက်သည်။
“တကယ်ကို အဖိုးတန်တဲ့ အမွှေးအကြိုင်ပဲကိုး”
ဤသည်မှာ ခေတ်သစ် ရေမွှေးတွေထက်ပင် အနံ့ ပိုခံ၏။
ထိုအမျိုးသားသည် ဆိုင်အတွင်းသို့ လျှောက်လာပြီး ဟွာကျွင်း ရှေ့တွင် ရပ်ကာ သေတ္တာထဲမှ ငါးကြီးအန်ဖတ် ကို ကြည့်လျက် ပြော၏။
“နောက်ပိုင်းမှာတော့ ဒါကို ဧကရာဇ်မင်းမြတ်ထံ ဆက်သတဲ့ အမွှေးနံ့သာ ဖြစ်လာခဲ့တယ်။ ဧကရာဇ်မင်းမြတ်က အုပ်ချုပ်ရေးကိစ္စတွေ စစ်ဆေးတဲ့အခါ စိတ်ကြည်လင်လန်းဆန်းစေဖို့ ဒါကို အနည်းငယ် ထွန်းညှိထားတတ်တယ်လို့ ကြားဖူးတယ်။ သူဌေးမကျေးဇူးကြောင့် ဒီနေ့ ဒါကို အနီးကပ် မြင်ခွင့်ရတာပဲ”
ဟွာကျွင်း ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။
“ဒါကြောင့်မို့လို့ ဈေးကွက်ထဲမှာ မရောင်းတာကိုး”
မော့ချွမ်း မကျေမနပ်ဖြင့် ပြော၏။
“ဟေး၊ ခင်ဗျားတို့က ဘယ်သူလဲ။ လူစကား နားမလည်ဘူးလား။ ဆိုင်မဖွင့်ဘူးလို့ ပြောနေတယ်လေ။”
ထိုအမျိုးသားက စိတ်မဆိုးဘဲ ပြုံးလျက် မိတ်ဆက်၏။
“ကျွန်တော်က လင်းမော့ရှူ ပါ၊ ဒါက ကျွန်တော့်ညီမ လင်းချိုက်ယီ ပါ။ ကျွန်တော်တို့က တောင်ဘက်ပိုင်းက လာတာပါ”
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဟွာကျွင်း ပန်းထိုးလုပ်ငန်း မှာ ဆောင်းတွင်းအဝတ်အစားတွေ မှာခဲ့ပါတယ်။ အဲဒီက အဘွားအိုတစ်ယောက်က ကျွန်တော်တို့ကို အစားအစာတချို့ ကျွေးခဲ့တာ၊ အဲဒါကို စားကြည့်တော့ တကယ်ကို နတ်သုဒ္ဓါလိုပဲ အရသာ ရှိလှတယ်။ အဲဒါ သူဌေးမဟွာက ပန်းထိုးလုပ်ငန်းက ကလေးတွေကို ပေးထားတဲ့ မုန့်တွေလို့ သိရတာနဲ့ ဖြစ်နိုင်ရင် ကျွန်တော်တို့လည်း ဝယ်သွားပြီး မိသားစုထဲက ကလေးတွေကို မြည်းစမ်းကြည့်ခိုင်းချင်လို့ပါ”
“ရတာပေါ့၊ အဲဒါက ဘာမုန့်လဲဆိုတာ မှတ်မိလား”
ဟွာကျွင်း အလွယ်တကူပင် သဘောတူလိုက်၏။
လင်းမော့ရှူနှင့် လင်းချိုက်ယီတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ဟွာကျွင်းကို ပြောသည်။
“နာမည်မေးဖို့ မေ့သွားတယ်ဗျ။ လိမ္မော်သီးအရသာ ရှိပြီးတော့ ကြည်လင်နေတဲ့ အရာလေးပါ”
“ဂျယ်လီ လား”
“ဂျယ်လီ ဟုတ်လား နာမည်က ကောင်းသားပဲ၊ အရမ်းလည်း လိုက်ဖက်တယ်။ ရေခဲတုံးထဲမှာ သစ်သီးတွေ အေးခဲနေတာနဲ့ တူတယ်”
ဟွာကျွင်း မီးဖိုချောင်ထဲတွင် ခဏမျှ ရှာဖွေကြည့်ပြီး ခြောက်ခုသာ ကျန်တော့သည်ကို တွေ့လိုက်ရ၏။
“စိတ်မရှိပါနဲ့ရှင်၊ ဒီနေ့တော့ ခြောက်ခုပဲ ကျန်တော့တယ်။ ဘယ်တော့လောက် လိုချင်လဲ၊ ဘယ်နှစ်ခု လိုချင်လဲဆိုတာ ပြောခဲ့ရင် ကျွန်မ ပြင်ဆင်ထားပေးပါ့မယ်”
လင်းမော့ရှူ ဂျယ်လီကို မြင်လိုက်ရသည်နှင့် သူ့မျက်နှာပေါ်က အပြုံးကို မဖုံးကွယ်နိုင်တော့ပေ။ သူ စောစောက ငါးကြီးအန်ဖတ် အကြောင်း ရှင်းပြနေသည့် တည်ကြည်သောသူနှင့် လုံးဝ မတူတော့ပေ။
သူ အိတ်တစ်လုံးကို ထုတ်ပြီး ဖွင့်ပေးလိုက်ရာ ဟွာကျွင်းက ဂျယ်လီများကို ထည့်ပေးလိုက်ပြီးနောက် သူ ပျော်ရွှင်စွာဖြင့် အိတ်ကို ချည်နှောင်လိုက်သည်။
ဂျယ်လီကို သူ မည်မျှကြိုက်သည်ကို ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။ ထိုအရည်ရွှမ်းပြီး ချိုမြိန်သော အရသာမှာ စွဲလမ်းစရာ ကောင်းလှပေသည်။
“သေချာတာပေါ့၊ ရှိသလောက် အကုန်လိုချင်ပါတယ်”
သူ ပြုံးရွှင်စွာဖြင့် ပြန်ဖြေလိုက်၏။
ဟွာကျွင်းက ရယ်မောလျက် မေး၏။
“ရှင်ကတော့ အတော်လေး အစားကြီးတာပဲ။ အရင်ဆုံး ပြောပါဦး၊ ရှင့်မိသားစုထဲမှာ ကလေး ဘယ်နှစ်ယောက် ရှိလဲ”
လင်းချိုက်ယီက ပြောသည်။
“သူဌေးမဟွာ... ကျွန်မအစ်ကို ပြောတဲ့ အဓိပ္ပာယ်မရှိတာတွေကို နားမယောင်ပါနဲ့။ ကျွန်မတို့ မိသားစုထဲမှာ ကလေး ငါးဆယ်လောက် ရှိပါတယ်”
ဟွာကျွင်းမှာ တစ်ဖန် မှင်တက်သွားကာ စိတ်ထဲမှ တွေးလိုက်မိသည်။
“ရှင်က ရှင့်အစ်ကိုထက်တောင် ပိုပြီး ချဲ့ကားနေသလိုပဲ”
လင်းချိုက်ယီက ထပ်ရှင်းပြ၏။
“ကျွန်မတို့က မိသားစုကြီးဆိုတော့ လူဦးရေက အတော်များတာပေါ့”
“ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်မ ဂျယ်လီ အခု (၃၀၀) ပြင်ဆင်ပေးမယ်လေ”
ကလေးတစ်ယောက်ကို ခြောက်ခုစီဆိုလျှင် လုံလောက်ပေလိမ့်မည်။
“မဟုတ်ဘူး”
လင်းမော့ရှူ အလျင်အမြန် ကန့်ကွက်လိုက်သည်။ နောက်တာ မဟုတ်ပေ။ သူကိုယ်တိုင်ပင် တစ်လုပ်တည်းနှင့် သုံးခု စားနိုင်ပြီး တစ်ညတည်းနှင့် အခု (၃၀) လောက် စားသော်လည်း မရိုးအီနိုင်သူ ဖြစ်၏။
“အခု သုံးထောင် ယူမယ်”
ဟွာကျွင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကာ မေးလိုက်သည်။
“ဂျယ်လီ အခု သုံးထောင်တောင်၊ ဂျယ်လီ တစ်မျိုးတည်းလား”
လင်းမော့ရှူ ဝေခွဲမရဖြစ်သွားကာ မေး၏။
“ဆိုင်မှာ တခြား ဘာတွေ ရှိသေးလဲ”
ဟွာကျွင်း စိတ်ထဲတွင် ပြောစရာစကားမရှိ ဖြစ်သွားတော့၏။ ဘာမှ မသိဘဲ ပစ္စည်းလာဝယ်သည့်သူမျိုးကို သူမ ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
“တခြား... သကြားလုံးတွေ၊ ကွတ်ကီးတွေ၊ အစပ်ချောင်း တွေ၊ အာလူးကြော်တွေ၊ ပီကေ တွေ ရှိပါတယ်”
ကလေးများအတွက် ဖြစ်သောကြောင့် အမျိုးအမည် စုံစုံလင်လင်ရှိလျှင် ပို၍ ပျော်ကြမည် ဖြစ်သဖြင့် သူမ ကလေးများ ကြိုက်တတ်သော မုန့်များကို လင်းမော့ရှူအား အသေးစိတ် ပြောပြလိုက်၏။
“ကောင်းပြီ”
လင်းမော့ရှူမှာ သူမ ပြောသည်ကို သေသေချာချာပင် မကြားလိုက်သော်လည်း ဟွာကျွင်း မုန့်ဆိုင်က ပစ္စည်းဖြစ်သဖြင့် ဘယ်လိုလုပ်ပြီး အရသာမရှိဘဲ နေပါမည်နည်း။
“တစ်ခုချင်းစီကို အခု သုံးထောင်စီ ပေးပါ”
“တစ်ခုချင်းကို သုံးထောင်လား၊ ဒါမှမဟုတ် စုစုပေါင်း သုံးထောင်လား”
ဟွာကျွင်းမှာ သေသေချာချာ သိစေရန် မေးရ၏။
“တစ်ခုချင်းစီကို သုံးထောင်”
လင်းမော့ရှူသည် ဟွာကျွင်း မကြားလိုက်မည် စိုးသဖြင့် စကားလုံး တစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်သည်။
ဟွာကျွင်းသည် လင်းမော့ရှူ ဘေးတွင် တည်ငြိမ်စွာ ရပ်နေပြီး သူမ အစ်ကိုကို မတားဆီးသည့် လင်းချိုက်ယီကို ကြည့်လိုက်၏။
“ကောင်းပါပြီ၊ ဘယ်တော့လောက် လိုချင်လဲ”
“ဒီနေ့ကနေ နောက်ထပ် သုံးရက်အကြာပေါ့”
ပစ္စည်းပေးပို့မည့် အချိန်ကို သဘောတူပြီးနောက် ဟွာကျွင်းသည် ဝယ်ယူရမည့် ပစ္စည်းများကို မှတ်စုစာအုပ်လေးတွင် ရေးမှတ်လိုက်ပြီး မနက်ဖြန် နေ့ဘက်တွင် သွားရောက် ဝယ်ယူမည်။
လင်းမောင်နှမကို ပြန်ပို့ပြီးနောက် မော့ချွမ်းက ပြော၏။
“ဒီလင်းဆိုတဲ့ လူက အတော် ထူးဆန်းတာပဲ။ တခြား ဘာမှမလိုချင်ဘူး၊ မုန့်ပဲ လိုချင်နေတယ်”
လင်းချိုက်ယီမှာလည်း ဘာမှ မတတ်နိုင်ဘဲ ပြောလိုက်သည်။
“အစ်ကို ကိုယ့်ကိုယ်ကိုယ် ထိန်းဦးလေ။ ဂျယ်လီ မြင်တာနဲ့ လမ်းတောင် မလျှောက်နိုင်တော့ဘူး”
လင်းမော့ရှူ ဆင်ခြေပေးကာ သဘာဝကျကျ ပြန်ပြော၏။
“ငါ ဘာလုပ်နိုင်မှာလဲ။ ငါက အချိုကြိုက်တာကိုး၊ ပြီးတော့ နင်ကလည်း ငါ့ကို အမြဲ ထိန်းချုပ်နေတာပဲ”
လင်းချိုက်ယီ စိတ်ဆိုးစွာ ပြန်ပြောလိုက်၏။
“အစ်ကို့ကို ကြည့်ပါဦး။ အစ်ကိုကြီး တစ်ယောက်နဲ့လည်း မတူဘူး။ ကျွန်မကိုတောင် လိမ်ခိုင်းသေးတယ်။ ကျွန်မတို့ မိသားစုထဲမှာ ကလေး ဆယ်ဂဏန်းလောက်ပဲ ရှိတာကို ငါးဆယ်လို့ ဘာလို့ ပြောရတာလဲ”
“ငါ့ကိုယ်ငါ လူနှစ်ဆယ်စာလို့ သတ်မှတ်ထားတာလေ။ မကြားလိုက်ဘူးလား၊ မုန့်ဆိုင်မှာ ပစ္စည်းတွေက ကန့်သတ်ချက် ရှိတယ်လေ။ ငါက အဲဒီလို မပြောရင် ဒီလောက် အများကြီး ဘယ်လို ဝယ်လို့ရမှာလဲ”
လင်းချိုက်ယီမှာ ပြောစရာ စကားပျောက်ဆုံးသွားတော့၏။ သူမသည် မြင်းကို ခပ်မြန်မြန် ပြေးစေရန် နှင်လိုက်ပြီး သူမအစ်ကိုနှင့် အဝေးဆုံးသို့ ရောက်သွားချင်နေတော့၏။ လင်းမော့ရှူမှာ ဖုန်တထောင်းထောင်းကို မျိုချလိုက်ရသည်။
“အဟွတ် ဟွတ် ဟွတ်၊ ဟေးး ငါ့ကို စောင့်ဦးလေ”
ထိုသို့အော်လျှက် မြင်းကို နှင်ကာ အမှီလိုက်ရ၏။
မုန့်ဆိုင်အတွင်း၌ မော့ချွမ်းမှာ အချိန်အတော်ကြာ ဝေခွဲမရ ဖြစ်နေသည်။ နောက်ဆုံးတွင် သူ ဆုံးဖြတ်ချက်ချလိုက်ပြီး ဟွာကျွင်းကို ပြော၏။
“ဟွာကျွင်း... ပြီးခဲ့တဲ့ တစ်ခါက ပြောခဲ့သလိုပဲ ဟွာရှန့်လိုပဲ မုန့်ဆိုင်မှာ ဆက်နေချင်တယ်... ကျုပ် သေသေချာချာ စဉ်းစားပြီးပါပြီ၊ စိတ်မပြောင်းပါဘူး”
“ရှင်က အခုလည်း မုန့်ဆိုင်မှာ ရှိနေတာပဲ မဟုတ်လား”
“ကျုပ် ပြောတာ အဲဒီသဘော မဟုတ်ဘူးဆိုတာ ခင်ဗျားသိပါတယ်။ ကျုပ်မှာ မိဘတွေ မရှိဘူး၊ အစ်ကိုနဲ့ မရီးကပဲ ကျွေးမွေး စောင့်ရှောက်လာခဲ့တာ။ အခု သူတို့က ထုတ်မပြောပေမဲ့ ကျုပ် အိမ်ထောင်မပြုသေးဘဲ သူတို့ကို မှီခိုနေတာကို သူတို့ မနှစ်သက်ကြဘူး...”
“မုန့်ဆိုင်က ကျုပ် နေခဲ့ဖူးသမျှ နေရာတွေထဲမှာ အနွေးထွေးဆုံး နေရာပဲ။ မုန့်ဆိုင်ကနေ မထွက်သွားချင်ဘူး။ လစာ မလိုချင်ပါဘူး၊ တစ်နေ့ သုံးနပ် ကျွေးရင် ရပါပြီ။ တကယ်လို့ အစားများတယ်လို့ ထင်ရင် မနက်ဖြန်ကစပြီး လျှော့စားပါ့မယ်”
“ရှင်ကတော့ တကယ့်ကို အူကြောင်ကြောင်နိုင်တာပဲ။ ရှင့်ကို ကျွေးဖို့ အစားအစာတွေ ကျွန်မဆီမှာ မရှိဘူး ထင်နေတာလား”
“ဒါဆို ကျုပ်ကို လက်ခံပေးနိုင်မလား။ အခုထိ အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိသေးပါဘူး။ ကိုယ်နှစ်သက်တာကိုပဲ လုပ်ချင်တယ်၊ ဒီနေ့လို ငါးအသားလွှာတာတို့ ကဏန်းသတ်တာတို့လိုမျိုးပေါ့။ နောက်ပိုင်းကျရင် ဟင်းချက်တာတွေနဲ့ မီးဖိုချောင်ထဲက ငွေရောင်သေတ္တာ (လျှပ်စစ်ပစ္စည်းများ) တွေကို ဘယ်လိုသုံးရမလဲဆိုတာ သင်ချင်ပါတယ်”
ဟွာကျွင်းမှာ တစ်ခဏ တိတ်ဆိတ်သွား၏။ သူမသည် မော့ချွမ်းကို အခြေအနေများကို ရှင်းပြပြီး သူ့စိတ်ကူးကို ဖျောက်ဖျက်နိုင်ရန် ကြိုးစားရမည်ဟု ခံစားလိုက်ရတော့၏။