← Chapters

ငြိမ်းချမ်းနေချိန်၌ အပြောင်းအလဲ

Vol. 10 Ch. 131

ငြိမ်းချမ်းနေချိန်၌ အပြောင်းအလဲ

Vol. 10 Ch. 131

ကင်းခြေများသည် အနီရောင်မြက်ခင်းပြင် ပေါ်တွင် သေဆုံးသွားပြီးသည့်နောက် ချက်ချင်း အရည်ပျော်သွားသည်ကို သူတွေ့လိုက်ရသည်။ မကြာမီပင် အသေကောင်သည် မြက်ခင်းပြင်မှ စုပ်ယူခြင်းခံလိုက်ရသကဲ့သို့ စုမင်၏ မျက်မှောက်မှာပင် ပျောက်ကွယ်သွားခဲ့၏။

ထိုအခြင်းအရာကို မြင်သောအခါ စုမင် ထိတ်လန့်သွားရသော်လည်း အန္တရာယ်ရှိသည်ဟုတော့ မခံစားခဲ့ရပေ။ ထိုအစား နွေးထွေး၍ သက်သောင့်သက်သာ ရှိသော ခံစားချက်သာ ဖြစ်ပေါ်လာခဲ့သည်။ ဤ ပေ ၁၀၀ပတ်လည် အကျယ်အဝန်းလေးသည် မိမိတစ်ဦးတည်းနှင့်သာ သက်ဆိုင်သော နေရာလေးဟု ခံစားရသည်။

ထိုခံစားချက်သည် ထင်ရှားမှုမရှိသော်လည်း စုမင်ကို အလွန်လုံခြုံမှုရှိသည်ဟု ခံစားရစေ၏။ သူ တိတ်ဆိတ်စွာ တင်ပျဉ်ချိတ်ထိုင်လိုက်သည်။ သူ့အကြည့်တို့မှာ သတိလစ်နေသော ဟယ်ဖုန်းအပေါ် ကျရောက်သွားခဲ့သည်။ ၎င်းသည်လည်း အနီရောင်မြက်ခင်းပြင် ပေါ်တွင် လဲလျောင်းနေသော်ငြား အရည်ပျော်သွားခြင်း မရှိချေ။

"အသေကောင်တွေကိုမှ အရည်ပျော်စေတာလား"

စုမင် မေးစေ့ကို ပွတ်သပ်လိုက်ရင်း ခေါင်းထဲတွင် မျက်နှာဖုံးနှင့် လူအား မြင်ယောင်လာမိသည်။

သူ ဝတ်ဆင်ထားသော မျက်နှာဖုံးသည် ဟယ်ဖုန်းအိတ်ထဲရှိ မျက်နှာဖုံးနှင့် အတူတူပင် ဖြစ်သည်။ သို့သော်လည်း ကွဲပြားမှု တစ်ခုခုတော့ ရှိနေသေးသည်ဟု ခံစားရသည်။ ဟန်တောင်တန်းမျိူးနွယ်စု၏ ဘိုးဘေးသည် မာန်မျိူးနွယ်စုမှ မဟုတ်ကြောင်း ဟယ်ဖုန်း ယခင်က ပြောပြခဲ့ဖူး၏။ သူ၏ မူလဇစ်မြစ်သည် လျှိူ့ဝှက်နက်နဲသော အရာဖြစ်သည်။ ဖြစ်နိုင်သည်မှာ မျက်နှာဖုံးနှင့်လူသည် ဟယ်ဖုန်း၏ ဘိုးဘေးအရင်းအချာများ ဖြစ်နေလိမ့်မည်လား။

သူစဉ်းစားနေခဲ့သော်လည်း ဘာသဲလွန်စမှ မရှိသောကြောင့် တဖြည်းဖြည်းနှင့် စဉ်းစားနေခြင်းကို

ရပ်တန့်လိုက်သည်။ ဂူထဲတွင် အေးဆေးတည်ငြိမ်စွာ ထိုင်ကာ တောင်တန်းဝိညာဉ်များကို ထုတ်၍ မျိူချလိုက်ပြီး ချီစွမ်းအားကို တိတ်တဆိတ် တိုးပွားစေခဲ့သည်။

မျက်စိတစ်မှိတ်မှာပင် သုံးလကုန်လွန်သွားခဲ့သည်။ ဤသုံးလတာ ကာလအတွင်း အပြင်ဘက်ရှိ ကမ္ဘာမြေပြင်သည် လေးကြိမ်တိုင် တုန်ခါခဲ့သည်မှာ ရွှမ်းလွမ်သည် ဤနေရာကို သံသယဝင်နေဆဲ ဖြစ်ပြီး မိုးသစ်တောများကို ရှာဖွေ စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိသာစေသော လက္ခဏာဖြစ်သည်။ သို့သော် ထိုလေးကြိမ်သော တုန်ခါခြင်းအားလုံးမှာ ပထမနှစ်လအတွင်းသာ ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး ယခင်လအတွင်းတွင်မူ ပြင်ပကမ္ဘာမှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့လေသည်။

ရွှမ်းလွမ် ယူဆောင်လာသော အန္တရာယ်နှင့်လည်း ဆက်စပ်မှု ရှိကောင်းရှိနိုင်သည်။ သို့သော် ဤသုံးလအတွင်း စုမင်၏လေ့ကျင့်နှုန်းမှာလည်း အနည်းငယ် တိုးတက်လာခဲ့သည်။ ယခု သူ့ခန္ဓာကိုယ်၌ သွေးကြော ၂၉၁ကြော ရှိနေချေပြီ။ သွေးကြောကျောက်သား အဆင့်၈အတွက် လိုအပ်ချက်မှာ သွေးကြော ၃၉၉ကြော ဖြစ်သည်။ သူသည် အဆင့် ၈သို့ ရောက်ရှိရန် သွေးကြော ၁၀၀ခန့်ကိုသာ တိုးပွားအောင် ဆောင်ရွက်ရန် လိုတော့သည်။

ဤအချိန်အတောအတွင်း စုမင်သည် တောင်တန်းဝိညာဉ်၏ အားနည်းချက်ကို သတိပြုမိခဲ့သည်။ သူသည် ထိုဆေးများကို အချိန်ကြာမြင့်စွာ သောက်သုံးခဲ့သဖြင့် ဆေး၏သက်ရောက်မှုသည် တဖြည်းဖြည်း အားနည်းလာခဲ့သည်။ မကြာမီ ၎င်းသည် ၎င်း၏ အကျိူးသက်ရောက်မှုများကို လုံးဝ ဆုံးရှုံးသွားနိုင်သည်။

စုမင်မှာ ဤကိစ္စနှင့် ပက်သက်၍ မည်သည့်အရာမှ မလုပ်နိုင်သော်လည်း အဘယ်ကြောင့် ဖြစ်ရသည်ကိုတော့ သူနားလည်ခဲ့သည်။ အကယ်၍ ၎င်းသက်ရောက်မှုများ မလျော့နည်းပါက ၎င်းဆေးများကို ဆက်သောက်နေလျှင် သူသည် အချိန်ပေးလျှင် ပေးသလောက် သွေးကြောများကို တိုးပွားရရှိနိုင်ပေလိမ့်မည်။

"တောင်တန်းဝိညာဉ် အားနည်းလာတာနဲ့အမျှ ဒီဆေးလုံးက ငါသွေးကြောကျောက်သား အဆင့်၈ ရောက်တာနဲ့ ဆေးလုံးရဲ့ အကျိူးအာနိသင် သက်ရောက်မှုကို လုံးလုံး ဆုံးရှုံးသွားရတော့မယ်"

စုမင် အနီရောင်မြက်ခင်းပြင်ပေါ်၌ ထိုင်လျင် သူ့သွေးကြောများအတွင်း သွေးလည်ပတ်နေမှုကို ခံစားနေရင်း ရေရွတ်မိသည်။

"တောင်အရပ်ခွဲခွာရဲ့ အကျိူးသက်ရောက်မှုက ဆက်ရှိနေသေးတော့ ငါ့ဒဏ်ရာကုဖို့ သုံးနိုင်သေးတာမို့ တော်သေးတယ်။ ဖြစ်ပါတယ်လေ၊ တောင်တန်းဝိညာဉ်မရှိတာနဲ့ပဲ ဆက်လေ့ကျင့်လို့် မဖြစ်နိုင်တာမျိူးမှ မဟုတ်တာ"

စုမင်မျက်နှာထက်တွင် ပြတ်သားမှုများ ထင်ဟပ်လာသည်။

"ငါ့မှာ မာန်စွမ်းအားရှင် သွေးနှစ်စက်လည်း ကျန်သေးတယ်။ ပြီးတော့ သွေးလောင်ကျွမ်းခြင်းလည်း လုပ်လို့ရတာပဲ"

သွေးလောင်ကျွမ်းခြင်းအား စဉ်းစားမိသော် စုမင် အသက်ကိုပင် ပြင်းပြင်းရှူရှိုက်လိုက်မိသည်။ ထိုပညာရပ်သည် မယုံနိုင်လောက်အောင် ခက်ခဲပြီး အလွန်အမင်း နာကျင်ရသည်။ လူတစ်ဦးအနေနှင့် ခံနိုင်ရည်ရှိရန်ပင် ခက်ခဲလှချေ၏။

"အဲဒီနှစ်မှာ စတုတ္ထအကြိမ်မြောက် သွေးလောင်ကျွမ်းတုန်းက လရဲ့အတောင်ပံတွေကို ပေါ်ထွက်စေခဲ့တယ်။ ဒါပေမယ့် ငါ့သွေးကြောတွေတော့ တိုးမလာခဲ့ဘူး။ အကာ်၍ ငါ ငါးကြိမ်မြောက် လောင်ကျွမ်းချင်တယ် ဆိုရင် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေမှာ ရှိနေတာမို့ အတော် သတိထားဖို့ လိုတယ်။ ဒီဝန်းကျင်မှာ အစွမ်းထက် မာန်စွမ်းအားရှင်တွေ ရှိနေတာမို့ ငါ့ကိုရှာတွေ့သွားရင် ဒုက္ခများလိမ့်မယ်"

စုမင် ခေါင်းမော့၍ ဝင်ပေါက်အား လှမ်းကြည့်မိသည်။ သူ့မျက်နှာမှာ တည်ငြိမ်လို့နေ၏။

"ရွှမ်းလွမ်၊ မင်း ဒီနေရာကနေ ထွက်သွားပြီးလား၊ ဒါမှမဟုတ် မိုးသစ်တောအပြင်မှာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေတုန်းလားဆိုတာ ငါမသိဘူး။ မင်း ဒီမှာ ရှိရှိ၊ မရှိရှိ ငါဂရုမစိုက်ဘူး။ ငါကတော့ ဒီမှာ ဆက်နေဦးမှာပဲ"

စုမင် ထရပ်ကာ ဟယ်ဖုန်းဘက်သို့ လျှောက်သွားလိုက်သည်။ ဤသုံးလတာ ကာလအတွင်း ဟယ်ဖုန်းမှာ သတိလစ်နေဆဲ ဖြစ်သည်။ သူ နိုးလာတော့မည့် လက္ခဏာများ ပြလာခဲ့လျှင်တောင် စုမင်သည် သူ၏ချီဓာတ်များကို ရက်အနည်းငယ်ကြာတိုင်း တစ်ကြိမ် အနှောင့်အယှက်ပေးသည်၊ ၎င်းကိုယ်ထဲသို့ အနံ့ဆိုးများ ဝင်ရောက်စေရန် လမ်းညွှန်ပေးကာ စဉ်ဆက်မပြတ် စုပ်ယူစေသည်။ ထိုသို့ ပြုလုပ်သောကြောင့် ဟယ်ဖုန်း၏ ဒဏ်ရာများမှာ မည်သည့်အခါမျှ ပြန်လည် သက်သာနိုင်မည်မဟုတ်ပေ။ စုမင်က သူ့ကို ကောင်းစွာ ကုသပေးထားသောကြောင့်လည်း သူမသေနိုင်ပေ။

သူ၏ ခန္ဓာကိုယ်၌ သွေးသံရဲရဲ ဒဏ်ရာအနာတရများ မရှိတော့ချေ။ သူ့ကိုယ်ပေါ်တွင် စုမင်စိုက်ခဲ့သော ဆေးပင်များသည် သူ၏ အသားနှင့်သွေးမှ အာဟာရဓာတ်များ ရရှိသည်။ သူ၏ ခန္ဓာကိုယ်အတွင်း အမြစ်တွယ်လျက် ကျန်းမာစွာကြီးထွားနေကြသည်။

ဟယ်ဖုန်းဘေးရှိ အနက်နှင့် အဖြူရောင် အရိုးများမှလည်း အညွန့်နှစ်ခု ထွက်လာချေပြီ။ အရိုးဖြူသည် ဆေးပင်အတွက် သင့်တော်ကြောင်း လက္ခဏာဖြစ်၏။

"ငါ့မှာ အခုထိ ဆေးပင်ဆေးမြစ်တွေနဲ့ အရိုးတွေ လိုအပ်နေတုန်းပဲ။ ဒါပေမယ့် ငါ အခုအချိန် အပြင်ထွက်လို့ မရတာကတော့ နှမြောစရာပဲ။ ဒါပေမယ့် ဖန်းမုရဲ့ ဉာဏ်ရည်နဲ့ဆိုရင်တော့ သူအလွယ်တကူ လက်လျှော့မယ် မထင်ဘူး"

စုမင်သည် သူ၏ ဆေးဒယ်အိုးကြီးအား ဂရုတစိုက် ကြည့်ရှုပြီးနောက် တင်ပျဉ်ချိတ်ထိုင်ချလိုက်သည်။ ထူးဆန်းသော လက်ဟန်ပြုလုပ်၍ အရှေ့သို့ အကြိမ်အနည်းငယ်ခန့် တွန်းထုတ်လိုက်သော်လည်း စိတ်ပျက်ခြင်းများသာ တွေ့ကြုံလိုက်ရ၏။

'ငါ ဟယ်ဖုန်းကို နှိုးပြီးတော့ပဲ ဆးတံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို ဘယ်လိုကျင့်ရမလဲလို့ မေးလိုက်ရမလား'

စုမင် ဤသုံးလတာ ကာလအတွင်း ထိုပညာရပ်ကို လေ့ကျင့်နေခဲ့ပြီး ပညာရပ်အကြောင်း နားလည်ထားပြီးဖြစ်သော်လည်း ၎င်းကို အသုံးမပြုနိုင်သေးပေ။ ထိုပညာရပ်ကိုသုံးရန် ချီစွမ်းအင် မလိုအပ်သည့်အတွက် အခြားစွမ်းအားတစ်မျိူး ထပ်မံလိုအပ်သေးသည်ဟု ထင်ရသော်လည်း ဘာလိုအပ်မှန်း စုမင် မသိခဲ့ချေ။ အကြောင်းအရင်းကို ရှာဖွေရန် ကြိုးစားရာတွင် ဟယ်ဖုန်း၏ ချီအား လေ့လာခဲ့ဖူးသော်လည်း ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ပေ။ ဟယ်ဖုန်းသည်လည်း သူနှင့်အတူတူပင် ခန္ဓာကိုယ်ထဲ၌ ချီစွမ်းအင်သာ ရှိနေခဲ့၏။

"တစ်ကယ်ပဲ ဒါကို ဘယ်လိုသုံးရတာလဲ"

စုမင် အချိန်အတော်ကြာ စဉ်းစားခဲ့ဖူးသော်လည်း သဲလွန်စတော့ ရှာမတွေ့ခဲ့ပေ။ သူ ထိုပြဿနာကို ဘေးဖယ်ထား၍ တောင်တန်းဝိညာဉ်ကိုသာ အာရုံစိုက်လိုက်တော့သည်။ မိုးရာသီ ကုန်ဆုံးသွားချေပြီ။ အပူဓာတ်သည် ဆက်လက်တည်ရှိနေဆဲပင် ဖြစ်သော်လည်း အများအပြားတော့ လျော့ကျသွားခဲ့ချေပြီ။ မိုးသစ်တောရှိ သစ်ရွက်ကြီးများသည် ရာသီအား မလွန်ဆန်နိုင်ပဲ ကြွေကျရကုန်၏။

နောက်ထပ်သုံးလမှာ မသိလိုက်မသိဘာသာ ကုန်လွန်သွားခဲ့သည်။

စုမင်သည် မိုးသစ်တောအတွင်း နှစ်ဝက်ခန့် ထပ်မံနေထိုင်ခဲ့သည်။ ဤနှစ်ဝက်အတွင်း သူသည် ချီဓာတ်များအား အမြဲတစေလှည့်ပတ်ထားခြင်းဖြင့် အနံ့ဆိုးများ ကျူးကျော်ဝင်ရောက်ခြင်းမှ ကာကွယ်ထားနိုင်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်း၏ အကျိူးကျေးဇူးကိုလည်း သူသတိပြုမိခဲ့သည်။ မိမိချီဓာတ်များမှာ ပြင်ပတွင်ရှိခဲ့သည့် အခါကထက် လျင်မြန်စွာ တိုးပွားလာခဲ့သည်။

ဤအချိန်အတောအတွင်း အရိုးနက်နှင့် အရိုးဖြူပေါ်ရှိ အညွန့်လေးများသည်ပင် ချူံငယ်လေးများ ဖြစ်လာခဲ့ကြချေပြီ။ ၎င်းတို့မှာ အစိမ်းရောင်ဖျော့ဖျော့လေးပင် တောက်ပနေခဲ့ကြသည်။ ၎င်းတို့ ဆက်၍ ကြီးထွားလာသည်နှင့်အမျှ အရိုးနှစ်ခု၏ အရောင်က တဖြည်းဖြည်း မှေးမှိန်လာသည်။ သူတို့၏ အဆီအနှစ်များကို အရိုးနှစ်ခုက စုပ်ယူနေသကဲ့သို့ပင် ဖြစ်သည်။

ဟယ်ဖုန်းကတော့ ဆေးဒယ်အိုးအဖြစ်သို့ လုံးလုံးရောက်ရှိနေခဲ့ချေပြီ။ သူ့ခန္ဓာကိုယ်ပေါ်တွင် ဆေးဖက်ဝင်အပင်များ ပေါက်ရောက်နေခဲ့ကာ မြေပြင်ပေါ် အညှောင့်ထွက်သကဲ့သို့ သူ၏ အရေပြားကိုပင် ဖောက်ထွက်၍ အပင်များမှာ ကျန်းကျန်းမာမာနှင့် ကြီးထွားလာခဲ့ကြသည်။

ဟယ်ဖုန်း၏ ခန္ဓာကိုယ်သည် မူလကပင် ညှိုးရော်ခြောက်ကပ်နေခဲ့ရာ လက်ရှိတွင် ပိုဆိုးလာခဲ့၏။ သူသည် နှစ်ဝက် သတိလစ်နေခဲ့ ခြင်းပင်။ သတိပြန်ရလာလျှင်ပင် သူ့စိတ်မှာ ရှုပ်ထွေးသောအခြေအနေ၌ ရှိနေပေလိမ့်မည်။ ထို့အပြင် စုမင်ကလည်း သူ့ကို နိုးထခွင့် မပေးခဲ့ပေ။ ရက်အနည်းငယ်တွင် တစ်ကြိမ် အနံ့ဆိုးများ ဝင်ရောက်စေခြင်းနှင့် ပြန်လည် ကုသပေးခြင်း ဖြစ်စဉ်တို့ လည်ပတ်နေရာ သူ့အား အသက်ရှင်လျက် သေဆုံးနေသူ တစ်ဦး ဖြစ်လာစေခဲ့သည်။

စုမင် အပြစ်ရှိသကဲ့သို့ ခံစားခဲ့ရ၏။ သို့သော် ဟယ်ဖုန်း၏ ဆိုးယုတ်သော အကြံအစည်များနှင့် လွန်ခဲ့သော နှစ်ဝက်ခန့်က ဖြစ်ပျက်ခဲ့သည့် အရာများအကြောင်း စဉ်းစားမိသောအခါ သူသာ ကျောက်တုံးနက်ဖြင့် အခြား ကမ္ဘာတစ်ခုထဲသို့ ဝင်ရောက်နေခြင်း မပြုခဲ့ပါက သေလျှင်သေ၊ မသေလျှင်တောင် အခြေအနေ တော်တော် ဆိုးရွားနေလောက်ပြီ ဖြစ်၏။

စုမင် သူ့စိတ်ကိုသူ တဖြည်းဖြည်း မာကျောလာစေခဲ့သည်။ သူ၏အမြင်တွင် ဟယ်ဖုန်းသည် လူတစ်ဦး မဟုတ်တော့ပဲ ဆေးဒယ်အိုးတစ်လုံးသာ ဖြစ်တော့သည်။ ပို၍အရေးကြီးသည်မှာ စုမင်သည် ဆေးလုံးများကို မပြင်ဆင်ထားပဲ နောက်ထပ်တံခါးတစ်ခုအတွင်း ဝင်ရောက်ရန် ကြိုးစားပါက တွန်းကန်တုန့်ပြန်အား တစ်ခုနှင့် ကြုံတွေ့ရမည်ကို ဖြည်းဖြည်းချင်း သဘောပေါက်ခဲ့ရသည်။ ထိုနည်းလမ်းဖြင့် အန္တရာယ်ရှောင်ရှားရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း တစ်ကြိမ်သာ အောင်မြင်ခဲ့သည်။ ထိုတွန်းအားသည် မယုံနိုင်လောက်အောင် ပြင်းထန်၍ သူ၏ခန္ဓာကိုယ်ရှိ သွေးကြောများ ပိုမိုတိုးပွားလာသည်နှင့်အမျှ ပို၍ ခက်ခဲလာခဲ့သည်။

ဤသုံးလတာ ကာလအတွင်း သူ၏ ခန္ဓာကိုယ်ရှိ သွေးကြောများသည် ၃၃၇အထိ တိုးများလာခဲ့သည်။ တောင်တန်းဝိညာဉ်၏ အကျိူးသက်ရောက်မှုသည်လည်း များစွာအားနည်းလာခဲ့၏။ တစ်ခါတစ်ရံတွင် သူသည် ဆေးတစ်လုံး၏ အာနိသင်ရရန် ဆေးလုံးအများအပြားပင် သောက်သုံးခဲ့ရသည်။

ကံကောင်းထောက်မစွာပင် စုမင်၌ ဆေးပင် လုံလုံလောက်လောက် ရှိနေခဲ့ပြီး ဆေးဖော်စပ်ရန် မိမိခန္ဓာကိုယ်အတွင်းရှိ မီးတောက်ကို အသုံးပြုသည့်အတွက် တစ်ခါမှ ဆေးမပြတ်လပ်ခဲ့ပေ။ တစ်ခါတစ်ရံတွင် စူမင်သည် အင်းဆက်ပိုးမွှားများနှင့် သတ္တဝါများကို ဆွဲဆောင်၍ အနီရောင်မြက်ခင်းပြင်၌ သတ်ဖြတ်ကာ ၎င်းမှ အသေကောင်များကို စုပ်ယူနိုင်စေရန် ကြိုးပမ်းခဲ့သည်။

မြက်ခင်းသည် ၎င်းအတိုင်းအတာ တစ်ခုသို့ ရောက်သောအခါ အသေကောင်များကို မစုပ်ယူနိုင်တော့လျှင် ဘာဖြစ်မည်ကို သိလိုသည့်အပြင် စုမင်၌ အခြားအကြောင်းအရင်းလည်း ရှိနေသေးသည်။ လအနည်းငယ်တိုင်း တစ်ကြိမ် ပေ ၁၀၀မြက်ခင်း ဧရိယာသည် ယုတ်လျော့သွားပြီး အရောင်မှိုင်းလာတတ်သည်။ အသေကောင်များကို စုပ်ယူမှသာ အရောင်ပြန်တက်လာချေသည်။

တစ်ခါတစ်ရံ အင်းဆက်များနှင့် သတ္တဝါများသည် ဂူထဲသို့ ဘာသာဝင်ရောက်လာတတ်သည်။ ဂူအား စုမင် သိမ်းပိုက်ထားပြီးဖြစ်ကြောင်း မသိသောအခါ ယခင်က ဤနေရာတွင် အနားယူခဲ့သည့် အလေ့အထများအပေါ် အခြေခံ၍ ဂူသို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ထိုအရာများအပြင် စုမင်သည် ကျန်အချိန်များ၌ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို လေ့ကျင့်ခဲ့သည်။ နှစ်ဝက်ကြာအောင် လေ့ကျင့်သည့်တိုင် ထူးခြားမှုမရှိသောအခါ နည်းလမ်းတစ်ခုအား စဉ်းစားမိသည်။

ဟယ်ဖုန်း၏ အိတ်ထဲရှိ ကျောက်ဒင်္ဂါးများနှင့် ရုပ်နယ်လွန်ရာတွင် ပေါင်းစည်းရန်သုံးမည့် သစ်ရွက်တို့ကို သတိရသွားသည်။ ကျောက်ဒင်္ဂါးများကို ရောင်းဝယ်ခြင်းထက် အခြားရည်ရွယ်ချက်များ အတွက် အသုံးပြ၍ ရသည်ဟု ခန့်မှန်းမိခဲ့သည်အား သတိရမိသည်နှင့် ခေါင်းထဲတွင် အတွေးတစ်စ ပေါ်လာခဲ့သည်။

"ဟယ်ဖုန်းရဲ့ ပညာရပ်က တခြား ပြင်ပပစ္စည်း လိုအပ်တာများ ဖြစ်နေမလား"

စုမင် ခရမ်းရောင်အိတ်ကို ထုတ်၍ ကျောက်ဒင်္ဂါးတစ်ပြား ထုတ်ယူလိုက်သည်။ ဒင်္ဂါးပြားအား လက်ထဲတွင် ကိုင်ထားသောအခါ ၎င်းထံမှ နွေးထွေးမှု အနည်းငယ် ထွက်ပေါ်လာသည်။ ထိုအရာနှင့်ပက်သက်၍ စုမင် တစ်ခါမျှ အာရုံမစိုက်ဖူးသော်လည်း ယခုတွင်မူ ဤဒင်္ဂါးပြားနှင့် အခြားသော ဒင်္ဂါးပြားများကြားမှ ကွာခြားချက်အား သတိပြုမိလိုက်သည်။

"မာန်မျိူးနွယ်တွေက ဒီဒင်္ဂါးမျိူးတွေပဲ သုံးကြတယ်ဆိုပေမယ့် အတုဆိုပြီး မှတ်တမ်းတင်ထားတာမျိူးတော့ မရှိခဲ့ဘူး။ အဲဒါ လျှိူ့ဝှက်ချက်တော့ ရှိရမယ်လို့ ထင်ခဲ့တယ်။ ငါ ဒါကို အမြဲသိချင်နေခဲ့တာပဲ"

စုမင် မျက်လုံးများ တဖျတ်ဖျတ်လင်းလက်လာသည်။ ကျောက်ဒင်္ဂါးကို ကိုင်ကာ လေ့ကျင့်ရည်ပြည့်ဝနေသော လှုပ်ရှားမှုဖြင့် ယခင်က ရာချီလုပ်ဆောင်ခဲ့သည့်အတိုင်း ထူးဆန်းသည့်လက်ဟန်ကို ပြုလုပ်လိုက်သည်။

လက်ချောင်းများကို ရှေ့သို့ တွန်းလိုက်သည်နှင့် တစ်ပြိုင်နက် စုမင်စိတ်ထဲတွင် ပြောင်းလဲမှုတစ်ခု ဖြစ်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် အဖြူရောင်ဒင်္ဂါးပြားထံမှ စိမ်းသက်သည့် အာရုံခံစားမှုတစ်ခုအား စုပ်ယူနေသည်ကို သိလိုက်ရသည်။ ထိုခံစားချက်မှာ သူ၏ခန္ဓာကိုယ်အတွင်း ချီဓာတ်လည်ပတ်သော လမ်းကြောင်းနှင့် လုံးဝမတူသည့်ဘက်မှ သူ့ကိုယ်ထဲသို့ ဝင်ရောက်ဖြစ်တည်လာ၏။ ညာလက်အား တစ်ပတ်ပြည့်အောင် လှည့်ပတ်ပြီးသည်နှင့် စုမင် ဘာမျှ မလုပ်နိုင်ခင်မှာပင် သူ၏ခေါင်းသို့ ထူးဆန်းသောခံစားချက်က ပြင်းထန်စွာ လာရောက်ရိုက်ခတ်သည်။

သူ၏ အမြင်အာရုံသည် ခဏတာ မှုန်ဝါးသွားပြီးနောက် လုံးဝ ကွဲပြားခြားနားသော ကမ္ဘာတစ်ခုကို တွေ့မြင်လိုက်ရသည်။

ပေ ၁၀၀၀ ပတ်လည်တွင် တည်ရှိသမျှ အရာအားလုံး သူ့စိတ်ထဲ၌ ပေါ်လာခဲ့သည်။ ပေ ၉၀၀ အကွာရှိ ရွှံ့ထဲတွင် ကူးခပ်နေသည့် ကင်းခြေများတစ်ကောင်ကို တွေ့ရသည်။

ပေ ၅၀၀ အကွာအဝေးရှိ သစ်ရွက်ကြီးအောက်တွင် ပျံသန်းနိုင်သော အင်းဆက်တစ်ကောင်သည် သူ၏သွားများကို အသင့်ပြင်ကာ သားကောင်ငယ်လေးများကို ဖမ်းဆီးစားသုံးရန် အသင့်ပြင်နေသည်။

သတိလစ်နေသော ဟယ်ဖုန်း၏ ဦးခေါင်းမှ ပေါ်ထွက်နေသော အလင်းရောင်ဖျော့ဖျော့သည် သူ့ခန္ဓာကိုယ်တွင် စိုက်ထားသော အပင်များမှ ဆေးဝါးများကို စုပ်ယူကာ ဆေးပင်များမှ အစွမ်းအား သူ၏ကိုယ်ပိုင်အစွမ်းဖြစ်အောင် လုပ်ယူနေသကဲ့သို့ ဖြစ်စဉ်အားလည်း စုမင် မြင်တွေ့ခဲ့ရသည်။ ၎င်း၏ မျက်ခုံးနှစ်ဖက် အလယ်ဗဟိုမှနေ၍ ဂူအပြင်သို့ ထွက်လျက်ရှိသော ချည်မျှင်တစ်ကြိုး ကိုလည်း မြင်တွေ့လိုက်ရတော့သည်။

စုမင်မြင်သည်နှင့် ထိုအလင်းဖျော့မှာ တုန်ယင်သွားပြီး အော်သံတစ်ခုကိုလည်း ကြားလိုက်ရချေ၏။

"ဟင်"

စုမင်မျက်လုံးတို့ ကျဉ်းမြောင်းသွားသည်။ ထိုအချိန်မှာပင် သူ့မျက်နှာလည်း ပျက်ယွင်းသွားပြီး အန္တရာယ်ရှိသည် ဟူသောခံစားမှုက သူ့တစ်ကိုယ်လုံးကို လွှမ်းမိုးသွားသည်။ ထိုအန္တရာယ်သည် ဟယ်ဖုန်းထံမှ မဟုတ်ပဲ သူအာရုံခံနိုင်သည့် ပေ ၁၀၀၀ ဧရိယာနယ်နိမိတ်ထဲမှ လာခြင်းဖြစ်သည်။ ထိုအန္တရာယ်သည် မိုးသစ်တောအတွင်း လမ်းလျှောက်လာနေသော အမျိူးသမီးတစ်ဦးထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူမသည် အဖြူရောင်ဝတ်ဆင်ထားကာ မျက်နှာကို ပုဝါဖြူဖြင့် ဖုံးအုပ်ထားသော ဟန်ဖေးကျစ်ပင် ဖြစ်၏။

*****

All Chapters