အခန်း (၆၄၆-၆၄၈)
Vol. 44 Ch. 646-648
အခန်း (၆၄၆) ဓားသွားဝိညာဉ်နယ်ပယ်။ ဘိုးဘေးတို့၏ တောက်ပမှုကို တုန်လှုပ်စေသော သံဖြတ်ဓားသိုင်း။ (၅)
အခြားသော မူလနယ်ပယ်သိုင်းပညာရှင်များ၏ အရှိန်အဟုန်အရဆိုလျှင် ဗဟိုပြည်နယ်မှသည် မဟာမီးလျှံအင်ပါယာ၏ နယ်နိမိတ်ပြင်ပရှိ ရွှယ်အန်းတောင်သို့ ခရီးနှင်ရန် တစ်လနီးပါး ကြာမြင့်မည်ဖြစ်သည်။ သို့သော်လည်း "ကြိုးကြုာဖြူလွတ်လပ်စွာ ပျံသန်းခြင်း" အတတ်ကို ကျွမ်းကျင်ပိုင်နိုင်ထားသည့် စူးချန်ခုန်းအတွက်မူ ဤမျှကျယ်ပြောလှသော ခရီးအကွာအဝေးကို ဖြတ်ကျော်ရန် တစ်ရက်ကျော်လောက်သာ ကြာမြင့်ခဲ့သည်။
ရွှယ်အန်းတောင်သည် မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့်အင်ပါယာ၏ နယ်နိမိတ်အတွင်း၌မျှ တည်ရှိနေခြင်းမဟုတ်ဘဲ ဓားပြများနှင့် လူဆိုးဂိုဏ်းများ လှည့်လည်သွားလာနေသည့် အလွန်အမင်း ရုန်းရင်းဆန်ခတ်ဖြစ်သော ဒေသတစ်ခုတွင် တည်ရှိသည်။ သို့သော်လည်း ခရီးသွားများဖြစ်စေ အရက်စက်ဆုံးသော လူကြမ်းများဖြစ်စေ ရွှယ်အန်းတောင်သည် သူတို့ခြေမချဝံ့သည့် နေရာတစ်ခုဖြစ်နေဆဲပင်။ ၎င်းမှာ တောင်ပေါ်ရှိ ရွှယ်အန်းဂိုဏ်းမှ တပည့်များသည် သူတို့ထက်ပင် ပိုမိုယုတ်မာရက်စက်ပြီး ကြောက်မက်ဖွယ်ကောင်းသောကြောင့်ဖြစ်သည်။ သူတို့လက်ထဲသို့ ကျရောက်သွားပါက အသက်ရှင်ရသည်လည်း မဟုတ် သေရသည်လည်း မဟုတ်ဘဲ ဝေဒနာခံစားရပေလိမ့်မည်။
ရွှယ်အန်းဂိုဏ်း၏ တင်းကျပ်စွာ စောင့်ကြပ်ထားသော ခန်းမဆောင်တစ်ခုအတွင်း၌ လူတစ်ယောက်ကို သစ်သားတိုင်တစ်ခုတွင် ချည်နှောင်ထားသည်။ သူသည် တစ်ကိုယ်လုံး သွေးချင်းနီနေသော်လည်း သူ၏မျက်လုံးများမှာ ဒေါသကြောင့် နီမြန်းနေပြီး "မင်းတို့လို တိရစ္ဆာန်တွေ နတ်ဘုရားရဲ့ အပြစ်ပေးမှုကို ခံရလိမ့်မယ်" ဟု အော်ဟစ်ပြောဆိုနေသည်။
ထိုလူ၏ ရှေ့တွင် အနက်ရောင်ဝတ်စုံဝတ်ထားသော လူငယ်နှစ်ဦး ရပ်နေသည်။ သူ၏စကားကို ကြားသောအခါ သူတို့နှစ်ဦး အကြည့်ချင်းဖလှယ်ပြီး တခိခိ ရယ်မောလိုက်ကြသည်။ ဘယ်ဘက်မှ မိန်းကလေးဆန်သော အသွင်အပြင်ရှိသည့်သူက ကျယ်လောင်စွာ ရယ်မောရင်း "လင်ကျန့်ဟောင်... မင်းက ရွှယ်အန်းဂိုဏ်းကို ဆန့်ကျင်ရဲတာလေ။ ရွှယ်အန်းဂိုဏ်းက မင်းကို ရှာမတွေ့နိုင်ဘူးလို့ တကယ် ထင်နေတာလား။ မင်း နှစ်ပေါင်းခြောက်ဆယ်ကြာအောင် ပင်ပင်ပန်းပန်း ကျင့်ကြံလာခဲ့တဲ့ ကျင့်စဉ်စွမ်းအားတွေက အခုတော့ ဒီသခင်လေးရဲ့အပိုင် ဖြစ်သွားပြီ" ဟု ပြောလိုက်သည်။
သူ စကားပြောပြီးသည်နှင့် ထိုမိန်းကလေးဆန်သော လူငယ်လေးသည် သူ၏လက်ကို လင်ကျန့်ဟောင်၏ စွမ်းအင်ဗဟိုချက် တည်ရှိရာနေရာတွင် တင်လိုက်ရာ စုပ်ယူမှုအားတစ်ခု ပေါ်ထွက်လာသည်။
"ခိခိခိခိ"
ချက်ချင်းပင် လင်ကျန့်ဟောင်၏ ခန္ဓာကိုယ်သည် လျှပ်စီးအန္တရာယ် ခံရသကဲ့သို့ တုန်ရင်သွားသည်။ သူ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော ချီစွမ်းအင်များသည် ရေကာတာကျိုးသကဲ့သို့ အထိန်းအကွပ်မရှိ ထွက်ပေါ်လာပြီး ထိုလူငယ်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ သူသည် ခုခံချင်သော်လည်း သူ၏ခန္ဓာကိုယ်မှာ အဆိပ်မိနေပြီး ကြွက်သားများ အားနည်းနေသဖြင့် သူ ခက်ခက်ခဲခဲ ကျင့်ကြံထားသော စွမ်းအင်များ ယိုစီးသွားသည်ကိုသာ မတတ်သာဘဲ ကြည့်နေရတော့သည်။ ထိုလူသည် သွားကို တင်းတင်းစေ့ကာ တိတ်တိတ်ဆိတ်ဆိတ်သာ နေလိုက်သည်။ ရွှယ်အန်းဂိုဏ်း၏ လက်ထဲသို့ ကျရောက်ပြီးနောက် သက်ညှာပေးရန် တောင်းပန်ခြင်းမှာ အပိုပင်ဖြစ်ရာ သိက္ခာရှိရှိ သေဆုံးခြင်းကသာ ပိုကောင်းပေလိမ့်မည်။
ခဏအကြာတွင် ထိုလူငယ်သည် သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ခေါင်းကို အနည်းငယ်ငြိမ့်ကာ "လင်ကျန့်ဟောင် ကျင့်ကြံထားတဲ့ အတွင်းအားက စစ်မှန်တဲ့ ရွှယ်မင်ကျင့်စဉ်နေ လာတာပဲ။ တော်တော်လေးကို နက်ရှိုင်းတယ်။ ငါ စုပ်ယူထားတာတွေကို အရင်ခြေဖျက်ပြီးမှ ဆက်လုပ်မယ်" ဟု ဆိုသည်။
ရွှယ်အန်းဂိုဏ်း၏ ကျင့်စဉ်ဖြစ်သော ရွှယ်မင်လျှို့ဝှက်ကျမ်းစာသည် အခြားသူများ၏ စွမ်းအားကို စုပ်ယူပြီး မိမိကိုယ်ပိုင်အဖြစ် အသုံးပြုခွင့်ပေးထားသည်။ သူတို့၏ တပည့်များသည် အမဲလိုက်ရန်အတွက် မကြာခဏ အပြင်ထွက်လေ့ရှိပြီး အဓိကအားဖြင့် အားနည်းသော ဂိုဏ်းများကို ပစ်မှတ်ထားလေ့ရှိသည်။ ၎င်းမှာ အန္တရာယ်အကင်းဆုံး နည်းလမ်းဖြစ်သောကြောင့်ပင်။
လင်ကျန့်ဟောင်၏ ခန္ဓာကိုယ်မှ ချွေးများ တစိမ့်စိမ့်ထွက်လာပြီး အရိုးမရှိသကဲ့သို့ ပျော့ခွေသွားကာ စကားပင် မပြောနိုင်တော့ပေ။ ညာဘက်တွင်ရှိသော လူငယ်က နှာခေါင်းရှုံ့ရင်း "နတ်ဘုရားရဲ့ အပြစ်ပေးမှုတဲ့လား။ ဒီလောကမှာ ဘာကံကြမ္မာ အကျိုးပေးရှိလို့လဲ။ အင်အားကြီးသူကသာ အရာရာပဲ။ အင်အားကြီးတဲ့သူတွေက ကောင်းကင်ဘုံလိုပဲ။ မင်းတို့လို အားနည်းတဲ့သူတွေက ငါတို့အတွက် အာဟာရဖြစ်လာတာက သဘာဝတရားပဲလေ။ အခု ငါ့အလှည့်ပဲ" ဟု ဆိုကာ သူ၏လက်ဖဝါးကို လင်ကျန့်ဟောင်၏ စွမ်းအင်ဗဟိုချက်ပေါ်သို့ တင်လိုက်ပြီး အတွင်းအားများကို အာဟာရအဖြစ် သဘောထားကာ စုပ်ယူတော့သည်။
ရွှယ်အန်းဂိုဏ်းမှ တပည့်နှစ်ဦးမှာ အလွန်ပင် ဂုဏ်ယူနေကြသည်။ သူတို့ဂိုဏ်းသည် နက်ရှိုင်းသော အခြေခံနှင့် ခိုင်မာသော အင်အားရှိသည်။ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော မြင့်မြတ်သည့် မိသားစုများ သို့မဟုတ် ထိပ်တန်းဂိုဏ်းကြီးများကို သွားရောက် မနှောင့်ယှက်သရွေ့ မည်သူမျှ သူတို့နှင့် ရင်ဆိုင်ရန် အန္တရာယ်မပြုဝံ့ကြပေ။
"ဒါရွှယ်အန်းဂိုဏ်းလား"
ညမှောင်လာချိန်တွင် ရွှယ်အန်းတောင်တန်း၏ အထက် တစ်ကီလိုမီတာခန့်ရှိသော တိမ်တိုက်များကြားတွင် စူးချန်ခုန်းသည် ကြိုးကြာဖြူအရိပ်၏ ကျောပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း အောက်ဘက်သို့ ငုံ့ကြည့်နေသည်။ မီးခိုးရောင် အဆောက်အဦးမြင့်များနှင့် ကင်းလှည့်နေသော အနက်ရောင်ဝတ်စုံနှင့် ရွှယ်အန်းဂိုဏ်း တပည့်များကို သူ မြင်တွေ့နေရသည်။ စူးချန်ခုန်း၏ အကဲခတ်မှုအရ ဤတပည့်များထဲတွင် အားနည်းသူ တစ်ယောက်မျှ မရှိပေ။ တစ်ဦးချင်းစီမှာ သဘာဝတရား၏ ဝိညာဉ်စွမ်းအင်များ ဝန်းရံလျက်ရှိရာ သူတို့၏ အားကောင်းသော အင်အားကို ပြသနေသည်။ ရွှယ်အန်းဂိုဏ်းတွင် တပည့်ပေါင်း အနည်းငယ်သာ ရှိသော်လည်း မူလနယ်ပယ်သိုင်းပညာရှင် အရေအတွက်မှာ တစ်ရာထက်မနည်း ရှိနေသည်။
အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ မိစ္ဆာဂိုဏ်းများတွင် သေဆုံးသွားသော မူလနယ်ပယ်သိုင်းပညာရှင်များ၏ အလောင်းများမှ မူလချီစွမ်းအင်ကို ထုတ်ယူနိုင်သည့် နည်းလမ်းများ ရှိသောကြောင့်ဖြစ်သည်။ သူတို့၏ ကိုယ်ပိုင်ဝိညာဉ်ကြောများမှ မူလချီစွမ်းအင် ထွက်ပေါ်လာသည်ကို စောင့်ဆိုင်းနေရုံသာမက အခြားသော မူလနယ်ပယ်သိုင်းပညာရှင်များရှိသည့် ဂိုဏ်းငယ်များကို တိုက်ခိုက်ခြင်းဖြင့် သူတို့၏ အင်အားကို ထိန်းသိမ်းထားနိုင်ကြသည်။
"စလိုက်ရအောင်။ တတ်နိုင်သမျှ များများသတ်မယ်"
စူးချန်ခုန်းသည် ကြိုးကြာဖြူ၏ကျောပေါ်မှ မတ်တပ်ရပ်လိုက်ပြီး သူ၏မျက်လုံးများမှ အေးစက်သော အလင်းတန်းများ လက်ကနဲ။ စူးချန်ခုန်းသည် ဤကဲ့သို့သော မိစ္ဆာဂိုဏ်းသားများအပေါ် မည်သည့်အခါမျှ မသက်ညှာခဲ့ပေ။ သူတို့ကို အကုန်အစင် သုတ်သင်ရန်မှာ မဖြစ်နိုင်သော်လည်း သူ တတ်နိုင်သမျှ များများ သတ်ဖြတ်သွားမည်ဖြစ်သည်။
စူးချန်ခုန်းသည် လက်ကို လှုပ်ရှားလိုက်ကာ သူ၏ခါးရှိ အိတ်အတွင်းမှ ကြယ်တာရာပုံစံ ရွှေရောင်လေးနှင့် မြှားကျည်တောက်ကို ထုတ်ယူလိုက်သည်။ သူ၏ စိတ်အာရုံမှာ အလွန်စူးရှနေပြီး အောက်ဘက်ရှိ လူတစ်ဦးချင်းစီကို အဆောက်အဦးအတွင်း၌ ရှိနေသည့်တိုင် ရှင်းလင်းစွာ မြင်တွေ့နေရသည်။ စူးချန်ခုန်းသည် အဆောက်အဦးတစ်ခုအတွင်းရှိ သိုင်းပညာရှင်တစ်ဦးကို ပစ်မှတ်ထားလိုက်သည်။ ဝိညာဉ်စွမ်းအင် စီးဆင်းမှုအပေါ် အခြေခံ၍ ထိုသူမှာ ရွှယ်အန်းဂိုဏ်း၏ မူလနယ်ပယ် တပည့်တစ်ဦးဖြစ်ကြောင်း သူ သိလိုက်သည်။
"ဝှူး"
လေးကြိုးကို အလွယ်တကူ ဆွဲလိုက်ပြီး စူးချန်ခုန်းသည် မြှားတစ်စင်းကို လွှတ်လိုက်ရာ ထိုမြှားသည် လေထုကို ဖောက်ခွဲကာ တောက်ပသော သက်တံအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ညကောင်းကင်ယံတွင် ကြွေလွင့်လာသော ကြယ်တံခွန်ကဲ့သို့ အောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
"ဒီအတိုင်းဆိုရင် ငါကျင့်နေတဲ့ ရွှယ်အန်းလျှို့ဝှက်ကျမ်းစာက မကြာခင် ပဉ္စမအဆင့်ကို ရောက်တော့မယ်။ အဲဒီအခါကျရင် ဂိုဏ်းချုပ်က နောက်ထပ် သုံးဆင့်ကို ငါ့ကို သင်ပေးလိမ့်မယ်" အေးစက်သော လူငယ်က သူ၏ အဖော်ဖြစ်သူ စွမ်းအင်စုပ်ယူနေသည်ကို ကြည့်ရင်း ပြုံးလျက် ပြောလိုက်သည်။
"ဟင်... သတိထား"
သို့သော် ရုတ်တရက် ထိုလူငယ်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ အန္တရာယ်တစ်ခုကို သူ ခံစားလိုက်ရသည်။
"ဝှူး"
သက်တံအလင်းတန်းတစ်ခု ကျဆင်းလာပြီး ထူထဲသော နံရံများကို ဖောက်ထွက်ကာ စွမ်းအင်စုပ်ယူနေသော လူငယ်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်လာသည်။
"ဝုန်း"
ရွှယ်အန်းဂိုဏ်းမှ ထိုလူငယ်သည် ခေါင်းကို လှည့်ကြည့်ရန်ပင် အချိန်မရလိုက်ဘဲ သက်တံအလင်းတန်းအတွင်းရှိ မြှားသည် သူ၏ဦးခေါင်းခွံကို ဖောက်ထွက်သွားကာ သွေးများနှင့် ဦးနှောက်များ ပန်းထွက်ကုန်တော့သည်။
"အာ့တိ(ဒုတိယညီလေး)"
အေးတိအေးစက်လူငယ်လေးသည် လဲကျသွားသော အလောင်းကို ကြည့်ရင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။ သေခြင်းတရားမှာ ရုတ်ချည်းဆန်လွန်းလှပြီး ၎င်းမှာ ရွှယ်အန်းဂိုဏ်း၏ နယ်မြေအတွင်း၌ ဖြစ်ပျက်ခဲ့သည်ပင်။ ဤမြှားသည် မည်သည့်နေရာမှ ရောက်လာသနည်း။
အခန်း (၆၄၇) ဓားသွားဝိညာဉ်နယ်ပယ်။ ဘိုးဘေးတို့၏ တောက်ပမှုကို တုန်လှုပ်စေသော သံဖြတ်ဓားသိုင်း။ (၆)
"ရွှမ်းယူ လက်ဝါး"
ထိုလူငယ်က ထပ်စဉ်းစားရန် အချိန်မရတော့ဘဲ မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်ပြီးနောက် ရုတ်တရက် လှည့်၍ သူ၏ညာဘက်လက်ဝါးဖြင့် အောက်ဘက်သို့ ရိုက်ချလိုက်သည်။ အင်အားကြီးမားသော လက်ဝါးစွမ်းအားများသည် မည်းမှောင်သော တိမ်တိုက်များကဲ့သို့ လိပ်တက်လာပြီး သူ၏နုပျိုသော အသွင်အပြင်နှင့် လုံးဝမလိုက်ဖက်သည့် နက်ရှိုင်းလှသော အတွင်းအားများကို ဖော်ပြနေသည်။ ထိုကျင့်ကြံမှုအဆင့်မှာ သာမန်လူများ နှစ်ပေါင်းတစ်ရာကြာအောင် ပင်ပင်ပန်းပန်း လေ့ကျင့်သော်လည်း မရရှိနိုင်သော အဆင့်မျိုးဖြစ်သည်။
"ဝှူး"
နောက်တစ်စက္ကန့်တွင် သက်တံအလင်းတန်းများ ဝန်းရံထားပြီး မည်သည့်အရာကိုမဆို ဖောက်ထွက်နိုင်စွမ်းရှိသော မြှားတစ်စင်းသည် လေထုနှင့် မိုးကြိုးသံများ ပေါက်ကွဲထွက်ပေါ်လာလျက် ထိုသူထံသို့ တဝီဝီမြည်ကာ ပြေးဝင်လာသည်။
"ဖြောင်း"
ထူထဲလှသော လက်ဝါးစွမ်းအားများမှာ ပြင်းထန်စွာ အဖောက်ခံလိုက်ရပြီး ထိုအေးစက်စက် လူငယ်သည် ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်လာပြီးနောက် မိုးကြိုးများ ပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏လက်မောင်းတစ်ဖက်မှာ တစ်လက်မချင်းစီ ပေါက်ကွဲသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခြမ်းမှာလည်း သွေးမှုန်များအဖြစ် ပြောင်းလဲသွားတော့သည်။ ခန္ဓာကိုယ်တစ်ခုလုံး လွင့်ထွက်သွားပြီး စုတ်ပြဲနေသော အိတ်တစ်လုံးကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။ မျက်လုံးများမှာ ပြူးကျယ်နေလျက် ပါးစပ်မှ သွေးများ စီးကျလာကာ အသက်ဝိညာဉ်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
သံတိုင်တွင် ချည်နှောင်ခံထားရသော လူအပေါ်သို့ ပူလောင်သော သွေးများ စင်ဟပ်သွားသည်။ သူသည် ထိုမြင်ကွင်းကို ကြည့်ရင်း မှင်တက်နေမိသည်။ မကြာသေးမီကပင် သူ့ကို သတ်ဖြတ်တော့မည့် သိုးသူငယ်တစ်ကောင်ကဲ့သို့ သဘောထားကာ မြင့်မြတ်လှသည်ဟု ဟန်ဆောင်နေသော သိုင်းပညာရှင်နှစ်ဦးသည် သူ၏မျက်စေ့ရှေ့တွင်ပင် ဤမျှရက်စက်စွာ သေဆုံးသွားလိမ့်မည်ဟု သူ မထင်မှတ်ထားပေ။
"ဟားဟားဟား။ သတ်တာ ကောင်းတယ်။ တကယ်ကို ပြောင်မြောက်အောင် သတ်လိုက်တာပဲ"
မကြာမီ ထိုလူက အားရပါးရ ရယ်မောတော့သည်။ ရွှယ်အန်းဂိုဏ်းအတွင်း၌ ဤလူနှစ်ဦးကို ဘယ်သူက သတ်လိုက်သည်ကို သူ မသိသော်လည်း ယခုအချိန်တွင် သူ၏ရန်သူများ သေဆုံးသွားသည်ကို မြင်တွေ့ရခြင်းက အလွန်ပင် ကျေနပ်စရာကောင်းလှသည်။ အခုချက်ချင်း သူ သေရမည်ဆိုလျှင်ပင် မည်သည့်နောင်တမျှ ရှိတော့မည်မဟုတ်ပေ။
"တတိယတစ်ယောက်"
လူနှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် စူးချန်ခုန်းသည် ကြိုးကြာဖြူပုံရိပ်၏ ကျောပေါ်တွင် မတ်တပ်ရပ်နေသည်။ သူ၏မျက်လုံးများမှာ သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှနေပြီး သူတွေ့ရှိထားသည့် တတိယမြောက် မူလနယ်ပယ်သိုင်းပညာရှင်ရှိရာသို့ ဦးတည်ချက်ပြောင်းကာ ပစ်မှတ်ထားလိုက်သည်။ မြှားတစ်စင်းကို လွှတ်လိုက်ရာ ၎င်းသည် သက်တံရှည်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေနှင့် မိုးကြိုးများကို လှုပ်ခတ်သွားစေသည်။
"ဒေါင် ဒေါင် ဒေါင်"
"ရန်သူ ကျူးကျော်လာပြီ။ ရန်သူ ကျူးကျော်လာပြီ"
စူးချန်ခုန်းက သူ၏ရန်သူများကို တရစပ် သတ်ဖြတ်နေသဖြင့် သူဖန်တီးလိုက်သော ဆူညံသံများက ရွှယ်အန်းဂိုဏ်းမှ သိုင်းပညာရှင်များကို ချက်ချင်း သတိပြုမိစေခဲ့သည်။ သတိပေးခေါင်းလောင်းသံသည် ဂိုဏ်းသားများ၏ အော်ဟစ်သံများနှင့်အတူ ရွှယ်အန်းတောင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။
"ရန်သူ... ရန်သူက ကောင်းကင်ပေါ်မှာလား"
"တစ်ယောက်ယောက်က ပျံသန်းနိုင်တဲ့ တိရစ္ဆာန်ကို စီးထားတယ်"
ချက်ချင်းပင် မြှားများ ရောက်ရှိလာရာ လမ်းကြောင်းမှတစ်ဆင့် လူများသည် မြင့်မားသော ကောင်းကင်ယံ၌ ကြိုးကြာဖြူပုံရိပ်၏ ကျောပေါ်တွင် ရပ်နေသော စူးချန်ခုန်းကို မြင်တွေ့လိုက်ကြသည်။
"ဝှူး ဝှူး ဝှူး"
စူးချန်ခုန်း၏ လက်များမှာ တစ်ပြိုင်နက်တည်း လှုပ်ရှားနေပြီး လေးကို ဘယ်ညာ ဆွဲနေသည်။ မြှားများသည် ကောင်းကင်ယံမှ ကြယ်မိုးများရွာသကဲ့သို့ တဖွဲဖွဲ ကျဆင်းလာပြီး တစ်စင်းချင်းစီမှာ ကောင်းကင်ယံတွင် အကွေးလိုက် ပျံသန်းကာ သူတို့၏ ပစ်မှတ်များကို တိကျသေချာစွာ ဖောက်ထွက်သွားသည်။
"တောက်.. ဒီနတ်ဘုရားလို လက်ဖြောင့်သမားက ဘယ်သူလဲဟ။ ပျံသန်းနိုင်တဲ့ တိရစ္ဆာန်ကိုတောင် ယဉ်ပါးအောင် လုပ်ထားနိုင်တာလား"
ရွှယ်အန်းဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် ဂိုဏ်းအတွင်းသို့ မြှားများ တရစပ် ပစ်သွင်းနေသော စူးချန်ခုန်းကို အထိတ်တလန့်နှင့် ဒေါသထွက်ကာ မော့ကြည့်နေသည်။ အကယ်၍ ရန်သူသည် မြေပြင်ပေါ်တွင် ရှိနေပါက သူတို့ ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးရှိသော်လည်း မီတာတစ်ထောင်ကျော် အမြင့်မှ မြှားများ ပစ်နေသဖြင့် သူတို့မှာ ဘာမှမတတ်နိုင်ဘဲ အားကိုးရာမဲ့စွာ ကြည့်နေရုံသာ ရှိတော့သည်။
"ဘယ်မိတ်ဆွေကများ ကျွန်တော်တို့ဆီကို ရောက်လာတာလဲခင်ဗျ။ ကျေးဇူးပြုပြီး အောက်ဆင်းလာပြီး စကားပြောကြရအောင်ပါ။"
ထိုအချိန်တွင် ရွှယ်အန်းတောင်ထိပ်ပေါ်မှ နက်ရှိုင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံမှာ ကျယ်လောင်လှသည် မဟုတ်သော်လည်း တောင်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။ ကောင်းကင်တွင် ပျံသန်းနေသော ငှက်များသည် ပြန့်ကားလာသော အသံလှိုင်းများကြောင့် နှာခေါင်းနှင့် ပါးစပ်မှ သွေးများထွက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။ ၎င်းမှာ စကားပြောသူ၏ နက်ရှိုင်းလှသော အတွင်းအားကို ဖော်ပြနေခြင်းပင်။
သူသည် ဖြူဖွေးသော နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများရှိသည့် အဖိုးအိုတစ်ဦးဖြစ်ပြီး မသေမျိုးတစ်ဦး၏ အသွင်အပြင်မျိုး ရှိသည်။
"ဒါ ဒုဂိုဏ်းချုပ် ဖန်ကောင်းပဲ"
လူတိုင်း၏ မျက်လုံးများ လက်ကနဲဖြစ်သွားလေ၏။ သူတို့၏ အားကိုးရာကို ရှာတွေ့သွားပြီဖြစ်သည်။ မသေမျိုးကဲ့သို့ အသွင်ရှိသော ဤအဖိုးအိုမှာ ရွှယ်အန်းဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ် ဖြစ်သည်။ သူ၏အင်အားမှာ ခန့်မှန်းရခက်ပြီး ဂိုဏ်းအတွင်းတွင် ဂိုဏ်းချုပ်တစ်ဦးတည်းသာ သူ၏အထက်တွင် ရှိသည်။
ဒုဂိုဏ်းချုပ် ဖန်ကောင်း၏ စိတ်ထဲတွင်လည်း ထိတ်လန့်မှုနှင့် ဒေါသများ ပြည့်နှက်နေသည်။ တစ်စုံတစ်ဦးက ပျံသန်းနိုင်သော တိရစ္ဆာန်ကို စီးနင်းကာ ကောင်းကင်မှ တိုက်ခိုက်နေပြီး အချိန်တိုအတွင်းမှာပင် အနည်းဆုံး ဂိုဏ်းသား နှစ်ဆယ်ခန့်မှာ ဤလေးသမား၏ မြှားချက်ဖြင့် သေဆုံးသွားခဲ့ရသည်။
စူးချန်ခုန်းသည် ဒုဂိုဏ်းချုပ် ဖန်ကောင်းကို မြင်သော်လည်း သူသည် ရွှယ်အန်းဂိုဏ်း၏ မူလချီစွမ်းအင်နှင့် ဝိညာဉ်ကြောကိုသာ ရယူရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်းဖြစ်သည်။ ညှိနှိုင်းဆွေးနွေးရန်မှာ မဖြစ်နိုင်ပေ။ သူ၏ ရည်မှန်းချက်မှာ သူ၏လမ်းကို ပိတ်ဆို့ရဲသူ မည်သူ့ကိုမဆို ဖယ်ရှားရန်သာ ဖြစ်သည်။
"ဝုန်း ဝုန်း ဝုန်း"
စူးချန်ခုန်းသည် သူ၏ အနှစ်သာရ စွမ်းအင်များကို စုစည်းလိုက်ပြီး နောက်ထပ် မြှားတစ်စင်းကို လွှတ်လိုက်သည်။ ထိုမြှားသည် ပျံသန်းသွားစဉ် သဘာဝ၏ ဝိညာဉ်စွမ်းအင်များကို ဆွဲယူလိုက်ပြီး သုံးစင်း ကွဲထွက်သွားသည်။ အလယ်မြှား၏ ဘေးတစ်ဖက်တစ်ချက်တွင် လေနှင့် မိုးကြိုးများဖြင့် ပြုလုပ်ထားသော မြှားနှစ်စင်း ပါရှိပြီး မိုးခြိမ်းသံများနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်ရာ အလွန်ပင် ခန့်ညားထည်ဝါသော မြင်ကွင်းဖြစ်လာသည်။
"သောက်ရူးကောင်"
စူးချန်ခုန်းသည် စကားတစ်လုံးမျှ မပြောဘဲ မြှားများကို လွှတ်လိုက်သဖြင့် ဖန်ကောင်း၏ ဒေါသများ ပေါက်ကွဲသွားလေ၏။ ရောက်ရှိလာသော မြှားသုံးစင်းကို ရင်ဆိုင်ရန် သူသည် လက်နှစ်ဖက်ဖြင့် ရိုက်ချလိုက်ရာ သူ၏ဘယ်ဘက်လက်ဝါးမှ လေထုကိုပင် ခဲသွားစေနိုင်သော နှင်းခဲများ ထွက်ပေါ်လာပြီး ညာဘက်လက်ဝါးမှမူ ပတ်ဝန်းကျင်ရှိ အပင်များကို လောင်ကျွမ်းစေနိုင်သော ပြင်းထန်သည့် မီးတောက်များ ထွက်ပေါ်လာသည်။
"ဝုန်း ဝုန်း ဝုန်း"
ဆက်တိုက် ပေါက်ကွဲသံများနှင့်အတူ တောင်ငယ်လေးမှာ တုန်ခါသွားပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေသော မိုးကြိုးမုန်တိုင်းများကြားတွင် ကျောက်ခဲများ လွင့်စင်သွားသည်။ ကျိုးပဲ့နေသော မြှားတစ်စင်းသည် လေထဲသို့ လွင့်ထွက်သွားပြီး ဖန်ကောင်းမှာမူ သူ၏လက်ဗလာဖြင့် စူးချန်ခုန်း၏ လေနှင့် မိုးကြိုးစွမ်းအင်ပါသော မြှားကို အတင်းအဓမ္မ ခုခံလိုက်နိုင်သဖြင့် မတုန်မလှုပ် ရပ်နေဆဲပင်။
"အထင်ကြီးစရာကောင်းတဲ့ ခွန်အားပဲ... အထူးသဖြင့် သူ့ရဲ့ နက်ရှိုင်းတဲ့ အတွင်းအားက ထွမ်မုထောင်ထက် မနိမ့်ကျဘူး။ လေးအတတ်နဲ့တင် သူ့ကို သတ်ဖို့က တော်တော်ခက်လိမ့်မယ်။ ငါ အရင်ဆုံး တခြားလူတွေကို ရှင်းပစ်ရမယ်"
စူးချန်ခုန်းက အနည်းငယ် အံ့သြသွားပြီး ဤဆံပင်ဖြူ အဖိုးအို ဖန်ကောင်းသည် ရွှယ်အန်းဂိုဏ်း၏ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်နိုင်ကြောင်း သိလိုက်သည်။ သူ့ကို အဝေးမှ မြှားများဖြင့် သတ်ရန်မှာ အလွန်ပင် စိန်ခေါ်မှု ရှိနေသဖြင့် စူးချန်ခုန်းသည် သူ့အပေါ်တွင် အချိန်မဖြုန်းတော့ဘဲ ဂိုဏ်း၏ အခြားသော မူလနယ်ပယ်သိုင်းပညာရှင်များထံသို့ မြှားဦးလှည့်လိုက်သည်။
ဖန်ကောင်းက ခုခံနိုင်သော်လည်း ဂိုဏ်း၏ အခြားသော သိုင်းပညာရှင်များ၊ မူလနယ်ပယ် သိုင်းပညာရှင်များပင်လျှင် စူးချန်ခုန်း၏ မြှားချက်များကို ခံနိုင်ရည်မရှိကြပေ။
"ဖောက် ဖောက် ဖောက်"
သက်တံအလင်းရောင်ရှိသော မြှားများသည် ကောင်းကင်ယံမှ တစ်စင်းပြီးတစ်စင်း ကျဆင်းလာကာ အောက်ဘက်ရှိ အဆောက်အဦးများကို ဖျက်ဆီးပစ်ပြီး အတွင်း၌ ပုန်းအောင်းနေသော သိုင်းပညာရှင်များမှာလည်း မြှားတစ်ချက်တည်းဖြင့် သေဆုံးကုန်ကြသည်။ သို့သော်လည်း စူးချန်ခုန်းသည် ပျံသန်းနိုင်သော တိရစ္ဆာန်ကို စီးနင်းထားသဖြင့် သူတို့ မည်မျှပင် ဒေါသထွက်နေပါစေ စူးချန်ခုန်းကို မထိနိုင်ကြပေ။
၎င်းမှာ လေးအတတ် ကျွမ်းကျင်မှုနှင့် ပေါင်းစပ်ထားသော ပျံသန်းနိုင်ခြင်း၏ အားသာချက်ပင် ဖြစ်သည်။ ၎င်းမှာ ကျားတစ်ကောင်အား အတောင်ပံတပ်ပေးလိုက်သကဲ့သို့ ဖြစ်နေပြီး အခြားသော နယ်ပယ်တစ်ခုမှနေ၍ တိုက်ခိုက်နေသည့် ဗုံးကြဲလေယာဉ်တစ်စင်းနှင့် တူနေသည်။ မပျံသန်းနိုင်သော ထိုသိုင်းပညာရှင်များမှာ စူးချန်ခုန်းအတွက် ပစ်မှတ်အရှင်များသာ ဖြစ်နေတော့သည်။
အခန်း (၆၄၈) ဓားသွားဝိညာဉ်နယ်ပယ်။ ဘိုးဘေးတို့၏ တောက်ပမှုကို တုန်လှုပ်စေသော သံဖြတ်ဓားသိုင်း။ (၇)
ဖန်ကောင်း၏ မုတ်ဆိတ်မွှေးများမှာ ဒေါသကြောင့် တဆတ်ဆတ်တုန်ခါနေပြီး သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "ဆုတ်ကြ... ရွှယ်အန်းတောင်ကနေ အမြန်ဆုတ်ခွာကြ"
ဖန်ကောင်း၏ ကျင့်ကြံမှုမှာ နက်ရှိုင်းပြီး အင်အားကြီးမားလှသော်လည်း ယခုအချိန်တွင် သူ၌ အခြားရွေးချယ်စရာ မရှိတော့ပေ။ ရွှယ်အန်းဂိုဏ်းမှ တပည့်များကို အရပ်မျက်နှာအနှံ့သို့ ဦးစွာ ထွက်ပြေးတိမ်းရှောင်ခိုင်းကာ ရွှယ်အန်းတောင်မှ လွတ်မြောက်အောင် လုပ်ဆောင်ရတော့မည်ဖြစ်သည်။ ဒါက တကယ်ကို အရှက်ကြီးကြီး ကွဲတာပင်။ မိမိတို့၏ ကိုယ်ပိုင်နယ်မြေအတွင်း၌ တိုက်ခိုက်ခံရပြီး ထွက်ပြေးရုံသာ တတ်နိုင်ခြင်းမှာ ရွှယ်အန်းဂိုဏ်းအနေဖြင့် နှစ်ပေါင်းတစ်ရာကျော်အတွင်း တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသော အရှက်တကွဲ ဖြစ်ရပ်ပင် ဖြစ်သည်။
"ပြေးကြ... မြန်မြန်ပြေးကြ"
ရွှယ်အန်းဂိုဏ်းမှ တပည့်အများအပြားမှာ အရပ်မျက်နှာအနှံ့သို့ ကစဉ့်ကလျား ထွက်ပြေးကြတော့သည်။ ကောင်းကင်ယံကို စိုးမိုးထားပြီး နတ်ဘုရား၏ အပြစ်ပေးမှုကို ဆောင်ကြဉ်းလာသကဲ့သို့ရှိသော စူးချန်ခုန်း၏ မြင်ကွင်းကို ရင်ဆိုင်ရချိန်တွင် သူတို့၌ ထွက်ပြေးခြင်းမှတစ်ပါး အခြားလမ်းမရှိပေ။ မဟုတ်ပါက သေခြင်းတရားနှင့်သာ ရင်ဆိုင်ရမည်ဖြစ်သည်။
တစ်ချိန်က စည်ကားခဲ့သော ရွှယ်အန်းဂိုဏ်းမှာ အချိန်တိုအတွင်းမှာပင် ဆိတ်သုဉ်းတိတ်ဆိတ်သွားတော့သည်။
"သွားကြစို့"
ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ စူးချန်ခုန်းသည် ထွက်ပြေးသွားသော ထောင်ပေါင်းများစွာသော ဂိုဏ်းသားများနောက်သို့ လိုက်မနေတော့ပေ။ သူ၏ အဓိက ရည်မှန်းချက်မှာ ရွှယ်အန်းဂိုဏ်း၏ ဝိညာဉ်ကြောသာ ဖြစ်သည်။
"ဝှူး"
ကြိုးကြာဖြူပုံရိပ်၏ ကျောပေါ်တွင် စီးနင်းလျက် စူးချန်ခုန်းသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး ရွှယ်အန်းဂိုဏ်း၏ အနောက်ဘက်တောင်ကုန်းပေါ်သို့ ရောက်ရှိလာသည်။ စူးချန်ခုန်း၏ ဝိညာဉ်စွမ်းအင် အာရုံခံစားမှုအရ ဤနေရာသည် ဝိညာဉ်စွမ်းအင် အထူထပ်ဆုံးနေရာဖြစ်ပြီး ရွှယ်အန်းဂိုဏ်း၏ ဝိညာဉ်ကြော တည်ရှိရာနေရာလည်း ဖြစ်သည်။
"မူလချီစွမ်းအင်ကို စတင်စုစည်းမယ်"
စူးချန်ခုန်းသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏စိတ်ကို စုစည်းကာ တောက်ယင်ကျင့်စဉ်ကို အသုံးပြု၍ ရွှယ်အန်းတောင်၏ ဝိညာဉ်ကြောကို ဆွဲယူလိုက်သည်။ ထူထဲလှသော သဘာဝ၏ ဝိညာဉ်စွမ်းအင်များကို ထုတ်ယူကာ မူလချီစွမ်းအင်အဖြစ် ပြောင်းလဲစုစည်းတော့သည်။
"ဒီရွှယ်အန်းဂိုဏ်းရဲ့ ဝိညာဉ်ကြောက ဝိညာဉ်လမ်းစဉ်ဂိုဏ်းထက် အဆပေါင်းများစွာ ပိုအားကောင်းနိုင်တယ်။ အနည်းဆုံးတော့ မူလချီစွမ်းအင် အမျှင် ၁၀၀ ကျော် ထွက်လာလောက်တယ်"
စူးချန်ခုန်း၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။ ယခင်က ဝိညာဉ်လမ်းစဉ်ဂိုဏ်းကဲ့သို့သော ဒုတိယတန်းစားဂိုဏ်း၏ ဝိညာဉ်ကြောငယ်လေးမှ မူလချီစွမ်းအင် အမျှင်ပေါင်း ၃၀ ကို ပေါင်းစည်းနိုင်ခဲ့သည်ကို သူ သတိရမိသည်။ သို့သော် ရွှယ်အန်းဂိုဏ်း၏ ဝိညာဉ်ကြောမှာ အဆင့်မြင့်ပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကြောဟု သတ်မှတ်နိုင်ရာ မူလချီစွမ်းအင် တစ်ရာ သို့မဟုတ် နှစ်ရာခန့်အထိ စုစည်းနိုင်ဖွယ် ရှိသည်။ ၎င်းမှာ ကြီးမားသော ရလဒ်တစ်ခုပင် ဖြစ်လိမ့်မည်။
ဝိညာဉ်ကြောမှ သဘာဝ၏ ဝိညာဉ်စွမ်းအင်များကို တိုက်ရိုက်ဆွဲထုတ်ကာ မူလချီစွမ်းအင်အဖြစ် ပြောင်းလဲခြင်းမှာ ဝိညာဉ်ကြောကို အားနည်းသွားစေပြီး နောက်ဆုံးတွင် ဝိညာဉ်စွမ်းအင်များ ထပ်မံမထုတ်လုပ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားစေမည်ဖြစ်သည်။
တစ်မျှင်၊ နှစ်မျှင်... များပြားလှသော သဘာဝဝိညာဉ်စွမ်းအင်များကို စူးချန်ခုန်းက ဝိညာဉ်ကြောအတွင်းမှ ဆွဲထုတ်ကာ မူလချီစွမ်းအင် အမျှင်တန်းများအဖြစ် တစ်ခုပြီးတစ်ခု ပေါင်းစည်းနေတော့သည်။
"အဲဒီလူ လိုက်မလာဘူးလား" ရွှယ်အန်းတောင်၏ အောက်ခြေတွင် ရှိနေကြသော ဂိုဏ်းသားများသည် စူးချန်ခုန်းက သူတို့နောက်သို့ လိုက်မလာသည်ကို တွေ့တော့မှ သက်ပြင်းချနိုင်ကြတော့သည်။
ဒုဂိုဏ်းချုပ် ဖန်ကောင်းသည် မှုန်မှိုင်းသော မျက်နှာထားဖြင့် ဂိုဏ်း၏ အကြီးအကဲတစ်ဦးကို ပြောလိုက်သည်။ "အကြီးအကဲခုနစ်... ယို့တောင်တန်းကို အမြန်ဆုံးသွားပြီး ဂိုဏ်းချုပ်ကို ပြန်လာဖို့ အကူအညီတောင်းခဲ့။ ဖြစ်ပျက်သမျှကို သူ့ကို အကုန်ပြောပြလိုက်"
ရွှယ်အန်းဂိုဏ်း၏ ဂိုဏ်းချုပ်မှာ ဂိုဏ်းထဲတွင် မရှိဘဲ ပိုမိုမြင့်မားသော ကျင့်စဉ်နယ်ပယ်တစ်ခုသို့ ရောက်ရှိရန် ကျင့်ကြံခြင်းအတွက် အပြင်သို့ ထွက်ခွာနေခြင်း ဖြစ်သည်။ ယခုအခါ ဂိုဏ်းတွင် ဤမျှကြီးမားသော ဘေးဒုက္ခနှင့် ကြုံတွေ့နေရသဖြင့် ဂိုဏ်းချုပ်ကိုယ်တိုင် ပြန်လာ၍ အခြေအနေကို ထိန်းချုပ်ရန် လိုအပ်နေပြီဖြစ်သည်။
"ဟုတ်ကဲ့ပါ" ရွှယ်အန်းဂိုဏ်း၏ အကြီးအကဲခုနစ်က အခြေအနေ၏ အရေးကြီးပုံကို သိသဖြင့် မနှောင့်နှေးဝံ့ဘဲ ဂိုဏ်းအတွင်း ဖြစ်ပျက်သမျှကို တင်ပြရန် ယို့တောင်တန်းသို့ ချက်ချင်းပင် ထွက်ခွာသွားတော့သည်။
"ဂိုဏ်းချုပ်က ယို့တောင်တန်းမှာ နှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့တာ။ သဘာဝတရားရဲ့ နိယာမတွေကို ပြုပြင်ပြောင်းလဲနေတာဆိုတော့ တိုးတက်မှုတွေ အများကြီး ရှိနေလောက်ပြီ။ အဲဒီလူမှာ ပျံသန်းနိုင်တဲ့ တိရစ္ဆာန် ရှိနေရင်တောင် ဂိုဏ်းချုပ်ရဲ့ ခွန်အားနဲ့ဆိုရင် သူ့ကို နှိမ်နင်းနိုင်မှာပဲ"
ဖန်ကောင်းသည် သူ၏စိတ်ထဲတွင် တွေးနေမိသည်။ ရွှယ်အန်းဂိုဏ်း၏ ဂိုဏ်းချုပ်မှာ "မူလဓာတ်ငါးပါး သိုင်းပညာရှင်" များပင် စိတ်ကူးမယဉ်နိုင်လောက်သော ခွန်အားမျိုး ရှိထားသောကြောင့်ဖြစ်သည်။
ယခု ဖန်ကောင်း လုပ်ဖို့ လိုတာက စောင့်ဆိုင်းနေရန်သာ ဖြစ်သည်။ ရွှယ်အန်းတောင်၏ အထက် ကောင်းကင်ယံကို စောင့်ကြည့်ရင်း ထိုလူ ပြန်ထွက်သွားမည်လားဆိုသည်ကို အကဲခတ်နေရမည်။ သူတို့အနေဖြင့် ရန်သူကို ထိတ်လန့်တကြားဖြစ်ပြီး ထွက်ပြေးသွားအောင် မလုပ်မိရန် သတိထားရမည်ဖြစ်ပြီး ဂိုဏ်းချုပ် ပြန်လာသည်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။ ထိုလူသည် မည်သူပင်ဖြစ်စေ၊ မည်သည့်ရည်ရွယ်ချက်ရှိစေကာမူ သေခြင်းတရားနှင့်သာ ရင်ဆိုင်ရမည်သာ။
အချိန်များမှာ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားပြီး နောက်တစ်နေ့ မနက်စောစောသို့ ရောက်ရှိလာသည်။
"ဘာတွေ ဖြစ်နေတာလဲ။ ရွှယ်အန်းတောင်တန်းရဲ့ ဝိညာဉ်စွမ်းအင်တွေက အရမ်းကို မြန်မြန်ဆန်ဆန် လျော့နည်းသွားနေပါလား။ သူရဲ့ ရည်ရွယ်ချက်က... ရွှယ်အန်းတောင်ရဲ့ ဝိညာဉ်ကြောပဲ"
ဖန်ကောင်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ အကြောင်းမှာ သူ၏ အာရုံခံစားမှုအရ တစ်ညတာအတွင်းမှာပင် တောင်၏ ဝိညာဉ်စွမ်းအင်များမှာ ရေကာတာကျိုးသကဲ့သို့ အလွန်လျင်မြန်စွာ လျော့နည်းသွားသောကြောင့်ဖြစ်သည်။
"ဘယ်လောက်တောင် ယုတ်မာတဲ့ နည်းဗျူဟာလဲ" ဖန်ကောင်းမှာ ထိတ်လန့်မှုရော ဒေါသပါ ဖြစ်နေတော့သည်။ ဤလူ၏ နည်းလမ်းများမှာ ရက်စက်လွန်းလှပြီး မိစ္ဆာလမ်းစဉ်ထက်ပင် ပိုဆိုးဝါးနေသည်။ ထိုလူသည် ရွှယ်အန်းဂိုဏ်း၏ ဝိညာဉ်ကြောကို အမြစ်ပြတ်အောင် လုပ်ဆောင်ရန် ရည်ရွယ်နေခြင်းပင် ဖြစ်သည်။