ဟန်ဖေးကျစ်
Vol. 10 Ch. 132
"ဟယ်ဖုန်း၊ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် မသိကြဘူး။ တစ်ယောက်နဲ့ တစ်ယောက်ကြား ရန်ငြိုးလည်း မရှိဘူး။ မင်းရဲ့ ကိုယ်ပိုင် အကျိူးအမြတ် အတွက် ငါ့ကို ပထမဦးဆုံး ရန်စခဲ့တယ်။ မင်းက ငါ့ကို အသုံးချပြီးတာနဲ့ သတ်ချင်တယ်၊ ဒါပေမယ့် ငါကတော့ မင်းကို ချက်ချင်း မသတ်ခဲ့ပါဘူး။ မင်းအတွက် လက်စားချေပေးမယ်လို့တောင် ငါကတိပေးခဲ့သေးတယ်"
စုမင် မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တို့ ပေါ်ထွက်လာသည်။ ဟယ်ဖုန်းထံမှ လူ့စိတ်နှလုံး၏ ယုတ်ညံ့သော သဘောသဘာဝကို နားလည်လိုက်ရုံသာမက ထိုအချိန်တွင် သူ့အရည်အချင်း မည်မျှလိုအပ်နေသည်ကိုလည်း နားလည်သွားခဲ့ရသည်။ ဟန်ဖေးကျစ်မှာ ဖြတ်သွားဖြတ်လာ လုပ်ရုံလေးပါဟု မည်သူက ယုံပါမည်နည်း။
ဟယ်ဖုန်းသည် ဤအရာများအားလုံးကို လျှိူ့ဝှက်စွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ တံဆိပ်ခတ်ခြင်း ပညာရပ်ကြောင့်သာ ဟယ်ဖုန်းထံမှ အလင်းရောင်ကို မြင်တွေ့ခဲ့ရပြီး အော်သံကိုလည်း ကြားခဲ့ရ၏။ ထိုသို့ သူမြင်ခဲ့ပြီးသည့် နောက်တွင်မှ အရာအားလုံးကို နားမလည်သေးလျှင် သူသည် စုမင်မဟုတ်တော့ပေ။
အကယ်၍ သူသာ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို အသုံးမပြုနိုင်ခဲ့လျှင် အလင်းရောင်ကို မြင်ခဲ့ရမည် မဟုတ်သလို ဟန်ဖေးကျစ် ရောက်လာသည်အထိလည်း အရူးလုပ်ခံနေရဦးမှာ ဖြစ်သည်။ သူ့ကို ဟန်ဖေးကျစ် ဘယ်လိုရှာတွေ့သွားမှန်းတောင် သိလိုက်မည်မဟုတ်ပေ။
စုမင် ချွေးစေးများ စီးကျလာရသည်။
စုမင် တွေဝေမနေပေ။ သူ၏ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ် ထိရောက်သော ပေ ၁၀၀၀ ဝန်းကျင်အား သူ့ဘေးနားပတ်လည်ရှိ ပေ၅၀သို့ ချူံ့လိုက်သည်။ ထိုအဝန်းအဝိုင်းအတွင်း ဟယ်ဖုန်းအား လွှမ်းခြုံလိုက်ပြီး သူ၏ နံဖူးအလယ်ဗဟိုအား ပြင်းပြင်းထန်ထန် ထိုးစိုက်လိုက်သည်။ ဒဏ်ရာအပြင်းအထန် ရစေလိုက်သောကြောင့် အလင်းရောင်မှာ မှုန်မှိုင်းသွားခဲ့သည်။ ကြိုးမျှင်မှာ မပြတ်တောက်သွားသော်ငြား မျက်ခုံးအလယ်၌ မှုန်ရီဝေသွားသည်။ စုမင် ကြိုးမျှင်ကို ဖြတ်လိုက်ချင်သော်လည်း ရပ်တန့်လိုက်မိသည်။ သူ့မျက်လုံးများမှာ တောက်ပသွားပြီး ခေါင်းထဲတွင် အတွေးများ တရစပ်ဖြစ်ပေါ်သွားသည်။
"ဟန်ဖေးကျစ်က ပေ ၁၀၀၀ အကွာမှာ ရောက်နေပြီးသား။ ဟယ်ဖုန်းနဲ့ ပြင်ပကမ္ဘာအကြား ဆက်သွယ်မှုကို ချိူးဖျက်ရင်တောင် အခုအချိန်မှာတော့ ဒါကအချည်းနှီးပဲ။ သူမကို ကြိုတင်ပြင်ဆင်ချိန်ရအောင် သတိပေးလိုက်မိသလိုတောင် ဖြစ်သွားလိမ့်မယ်"
"ဟယ်ဖုန်းက ဒဏ်ရာအပြင်းအထန် ရထားတယ်။ သူက ဒီနည်းနဲ့ ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်နိုင်ရင်တောင် ဒီနေရာအရောက် သူမကို လမ်းပြနိုင်ဖို့ အဆက်အသွယ်ရှိတဲ့ အခွင့်အလမ်းက ၁၀ပုံ ၆ပုံရှိတယ်"
"ဒီနေရာနဲ့ ပက်သက်လို့ ပြောပြထားနိုင်ချေကတော့ ၁၀ပုံ ၄ပုံရှိတယ်။ သူ ဒဏ်ရာအပြင်းအထန် ရထားတာရယ်၊ သူ့လုပ်ရပ်တွေကို ငါ သတိထားမိမှာ စိုးတာရယ်ကြောင့် ဟန်ဖေးကျစ် ဒီနေရာအကြောင်း မသိဘူးဆိုတာက ၁၀ပုံ ၄ပုံ သေချာတယ်"
"ဟန်ဖေးကျစ်က ငါဒီမှာ ရှိနေတာကို လုံးဝမသိတာတောင် ဖြစ်နိုင်တယ်"
ဟယ်ဖုန်းသည် ဤနေရာ၏ အသေးစိတ် အချက်အလက်များအား ပြောပြခြင်းလည်း မဟုတ်နိုင်ပေ။ အကယ်၍ ထိုအတိုင်းသာ ဆိုလျှင် ဟန်ဖေးကျစ်အတွက် ဟယ်ဖုန်းသည်သာ ဤနေရာတွင် ရှိနေသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ဟယ်ဖုန်းမှာ ဒဏ်ရာအပြင်းအထန် ရရှိထားကာ ရွှမ်းလွမ်ထံမှ ပုန်းအောင်းနေရသောကြောင့် ဤနေရာမှ မထွက်နိုင်ပဲ ဟန်ဖေးကျစ်အား သူ့ဒဏ်ရာများ ကုသပေးနိုင်ရန် ဤနည်းလမ်း အသုံးပြု၍ ခေါ်ယူခြင်း ဖြစ်သည်ဟု တွေးထင်စရာပင်။
"တစ်ကယ်လို့ ဒီအတိုင်းသာဆို ဟန်ဖေးကျစ်ကလည်း ဒီအကြောင်း ဘယ်သူ့ကိုမှ ပြောပြမှာမဟုတ်ဘူး။ သူတစ်ယောက်တည်း ရောက်လာနိုင်ချေများတယ်။ သူ့အပြုအမူတွေအရ ကြည့်ရရင် ဒီနေရာနဲ့အနီး ပေ ၁၀၀၀ ထဲကို ဝင်လာချိန်မှာ သတိကြီးကြီး ထားမနေဘူး။ ဒီလိုသာဆိုရင် ငါဒီမှာရှိနေတာ သိဖို့က ၁၀ပုံ ၁ပုံ လျော့သွားပြန်ပြီ။ ဒါဆို ငါ့ခန့်မှန်းချက် မှန်ကန်ဖို့က ၁၀ပုံ ၈ပုံ သေချာနေပြီ"
"၁၀ပုံ ၈ပုံ... ဒီလောက်ဆို လုံလောက်ပါတယ်"
စုမင်သည် အခြေအနေ အရပ်ရပ်မှ အတင်းအဓမ္မ ဖိအားပေးခံနေရသည်။ ဝင်သက်အနည်းငယ်အတွင်း လက်ရှိအခြေအနေ အားလုံးကို တွက်ချက် အကဲဖြတ်ခံနေရသဖြင့် ခေါင်းပင် ကိုက်လာခဲ့သော်လည်း ထိုအရာကို ဂရုစိုက်နေရန် အချိန်မရှိခဲ့ပေ။
ချက်ချင်းပင် ဟယ်ဖုန်းအား ထူမကာ ခြေထောက်များကို တင်ပျဉ်ချိတ်ထိုင်နေဟန် လုပ်ပေးလိုက်သည်။ ထို့နောက် ဟယ်ဖုန်းအနောက်တွင် ဝင်ရောက် ပုန်းအောင်းနေလိုက်၏။ စုမင်သည် ယခင်တည်းကပင် သာမန်မာန်မျိူးနွယ်ဝင် တစ်ယောက်ထက် သေးကွေးသည်ဖြစ်ရာ အရှေ့မှကြည့်လျှင် မည်သူမျှ သူ့ကို မမြင်နိုင်တော့ချေ။
တစ်ချိန်တည်းမှာပင် သူ၏ခြေထောက်အောက်ရှိ အနီရောင် မြက်ခင်းပြင်ကို လျင်မြန်စွာ ကျူံ့ဝင်သွားစေရန် စုမင် စိတ်ဖြင့် အမိန့်ပေးလိုက်သည်။ ချက်ချင်းဆိုသလိုပင် ၎င်းသည် စုမင်ခြေထောက်၌သာ တည်ရှိတော့ရာ ဟယ်ဖုန်းသည်ပင်လျှင် မြက်ခင်းအပြင် ရောက်ရှိသွားခဲ့သည်။
ထို့နောက် စုမင်သည် တံဆိပ်ခတ်နှိပ်နိုင်သော နယ်ပယ်အားလည်း ကျူံ့သွားစေခဲ့သည့်အပြင် သူ့ခန္ဓာကိုယ်ကိုသာ လွှမ်းခြုံထားသည် မဟုတ်ပဲ ဟယ်ဖုန်းကိုပါ လွှမ်းမိုးရိပ်အောက် ရောက်နေစေလိုက်သည်။ ထိုသည်မှာ ဟယ်ဖုန်းမှ ဟန်ဖေးကျစ်အား သတိပေးမည့်အရေးမှ တားဆီးရန် ဖြစ်သည်။ အကယ်၍ ဟယ်ဖုန်းက ဟန်ဖေးကျစ်အား သတိပေးရန် ကြိုးစားခဲ့ပါက စုမင် သူ့ကို တံဆိပ်ခတ်နှိပ်ခြင်းဖြင့် ချက်ချင်း ရပ်တန့်ပစ်နိုင်ပေ၏။ ထိုသို့ ပြုလုပ်ပြီးသည်နှင့် တစ်ပြိုင်နက် စုမင် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ့မျက်လုံးများက အေးစက်တင်းမာလာခဲ့ပြီး ချီစွမ်းအင်များကိုလည်း အထွတ်အထိပ်ရောက်အောင် လှည့်ပတ်ထားလိုက်သည်။ လ၏အတောင်ပံများသည် သူ၏ စိတ်ဝိညာဉ်အတွင်းမှ ဖြန့်ကျက်ထွက်ပေါ်လာပြီး သူ့အရေပြားပေါ်တွင် ကပ်နေကြသည်။ ဤတစ်ကြိမ်တွင် လ၏အတောင်ပံ ဝိညာဉ်များအားလုံးကို သူအသုံးပြုထားလိုက်ချေသည်။
ညာဘက်လက်အား ပင့်မြှောက်၍ အရေးအကြီးဆုံးအချိန်တွင် အသုံးပြုရန် နတ်ဆိုးသုံးဖော် ကွပ်မျက် တည်ရှိရာအရပ်ကို အာရုံခံနေခဲ့သည်။ ပါးစပ်အတွင်း၌ သွေးတစ်ငုံ ငုံထားလိုက်ပြီး မှောင်မိုက်သွေးမှုန်အား အသုံးပြရန်လည်း အသင့်ပြင်ထားလိုက်သည်။
"သူက ရုပ်နယ်လွန်သေးတာတောင် မဟုတ်ဘူး။ ငါသူ့ကို တိုက်နိုင်ပါတယ်"
တိတ်ဆိတ်ငြိမ်သက်နေရင်း စုမင်နှလုံးခုန်နှုန်းသည်လည်း ပုံမှန်အတိုင်း တဖြည်းဖြည်းနှေးသွားသည်။ ဝတ်ရုံဖြူဝတ်၍ မျက်နှာပေါ်တွင် ဇာပုဝါဖြူ လွှားထားသော ဟန်ဖေးကျစ်သည် လှိုဏ်ဂူမှ ပေ၇၀၀ အကွာတွင် ရှိနေလေသည်။ သူမပုံစံမှာ တည်ငြိမ်နေပြီး သူမ လှုပ်ရှားမှုများသည်လည်း တင့်တယ်လှပနေခဲ့သည်။ မိုးသစ်တောအတွင်း အနံ့ဆိုးများနှင့် ပြည့်နှက်၍ စိုထိုင်းဆများပြီး ရွှံ့ဗွက်နွံများဖြင့် စက်ဆုပ်ရွံရှာဖွယ် ကောင်းနေလျှင်ပင် ဟန်ဖေးကျစ်သည် ဤနေရာနှင့် မကိုက်ညီသော စွဲမက်ဖွယ် မြင်ကွင်းတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ ဤနေရာရှိ မည်သည့်အရာကမှ သူမခန္ဓာကိုယ်လေးကို မစွန်းထင်းနိုင်ပေ။
ဟန်ဖေးကျစ်၏ မျက်လုံးများသည် လူတို့ိကို မျက်စိမခွာနိုင်အောင် ဆွဲဆောင်နေသည့် ကြယ်စင်လေးများကဲ့သို့ပင်။ သူမ၏ မျက်နှာပေါ်တွင် ဇာပုဝါရှိနေသော်လည်း သူမကို မြင်လိုက်ရသူတိုင်းသည် သူတို့ အိပ်မက်ထဲမှ လှပသောအမျိူးသမီးကို တွေ့မြင်လိုက်ရသကဲ့သို့ အံ့သြတုန်လှုပ် သွားကြရပေလိမ့်မည်။
သူမသည် ပေါ့ပါးစွာ ရှေ့ဆက် လျှောက်လာသည်။ သူမ၏ လှပသော မျက်လုံးများမှ ရှေ့တွင်ရှိနေသည့် တောင်ပေါ်အက်ကြောင်းတစ်ခုကို လှမ်းမြင်လိုက်ရသည်။ ဟယ်ဖုန်း၏ ဆက်သွယ်မှုမှာ ထိုနေရာမှလာသည်ဟု သူမ ခံစားမိ၏။
သူမအတွက်တော့ ဟယ်ဖုန်းသည် ရတနာပစ္စည်း ကူညီရှာဖွေပေးနေသော ဖြစ်တည်မှုထက် အများကြီး ပို၍အသုံးဝင်ပေသည်။ သည်လို ထူးဆန်းသည့် ဆက်သွယ်လာမှုသည်ပင် သူများထက် သာလွန်ထူးခြားနေခဲ့ချေပြီ။ ထို့အပြင် သူသည် ထောင်ခြောက်ဆင်တတ်သူ တစ်ယောက်လည်း ဖြစ်နေသေးသည်။ သူ၏ ထူးခြားသော ပညာရပ်များကိုလည်း အခြားသူများအား မမျှဝေပေ။ ထိုအရာသည် ဟန်ဖေးကျစ် သူ့အား လေးစားရသော အမူအကျင့်ဖြစ်သည်။
သို့သော်လည်း ထိုသည်မှာ သန့်စင်သော လေးစားခြင်းသာ ဖြစ်သည်။ ဤလူ တန်ဖိုး မရှိတော့သည်နှင့် သူမ၏ အတောင်ပံအောက် ခေါ်ထိန်းသိမ်းလိုက်မှာပင်။ သူမ အေးခဲကောင်းကင် ကလန်သို့ ဝင်ရောက်မည့်အချိန်တွင်လည်း သူက သူမအတွက် အသုံးဝင်နိုင်ပေသည်။
ထိုရှေ့သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် သူမ မျက်မှောင်ကြုတ်၍ လက်ကိုမြှောက်လိုက်သည်။ သူမ၏လက်ချောင်းတွင် အနက်ရောင် လက်စွပ်တစ်ခုရှိပြီး ထိုလက်စွပ်မှာ သာမန်လက်စွပ်တစ်ကွင်းနှင့် တူ၏။ သို့သော် သူမရှေ့ရှိ အက်ကြောင်းဆီသို့ ဆန့်ထွက်နေသော လက်စွပ်နှင့် အက်ကြောင်းကို အတူတကွ ချိတ်ဆက်နေသည့် ကြိုးမျှင်တစ်ချောင်း ရှိနေသည်။
ထိုအချိန်တွင် ချည်မျှင်သည် ရုတ်တရက် တုန်ခါမှေးမှိန်သွားသည်။ ထိုအချိန် အခိုက်အတန့်သည် ဟယ်ဖုန်း၏ နံဖူးအလယ်ဗဟိုအား စုမင်ထိုးစိုက်လိုက်ချိန် ဖြစ်သည်။ ဟန်ဖေးကျစ် ရပ်တန့်လိုက်ပြီး သူမရှေ့မှ အက်ကြောင်းကို တည်ငြိမ်စွာကြည့်ရင်း အတွေးထဲသို့ နစ်မြုပ်သွားသည်။ ခဏကြာပြီးနောက် အက်ကြောင်းဆီသို့ ပျံသန်းသွားလိုက်ပြီး ပေ ၁၀၀ အကွာတွင် ရပ်တန့်လိုက်သည်။
"အစ်ကိုဟဲ၊ ကျွန်မ ယန်ဖေးပါ။ ကျေးဇူးပြုပြီး ထွက်ခဲ့ပါ"
ဟန်ဖေးကျစ်အသံမှာ ရေခဲကဲ့သို့ အေးစက်နေသည်။ သို့သော် ကြားရသူများကို ဂနာမငြိမ် ဖြစ်စေနိုင်သည့် ထူးဆန်းသော ဆွဲဆောင်မှုတစ်မျိူး ရှိနေခဲ့သည်။
ဂူမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ အတွင်းမှ အသံတစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိပေ။ ဟန်ဖေးကျစ်၏ မျက်လုံးများ စူးရဲသွားသည်။ ခဏတာ တွန့်ဆုတ်နေပြီးနောက် သူမလက်ကို မြှောက်လိုက်ရာ လက်ထဲတွင် အလင်းရောင်တစ်ဖြာ ထွက်ပေါ်လာသည်။ လက်ဝါးသာသာ တိမ်စိုင်ငယ်လေးတစ်ခု ထွက်ပေါ်လာပြီး အရှေ့သို့ပြေးထွက်သွားကာ အက်ကြောင်းမှတစ်ဆင့် ဂူထဲသို့ ဝင်ရောက်သွားသည်။
စုမင်သည် ဟယ်ဖုန်းအနောက်တွင် ပုန်းကွယ်နေရင်း ဂူထဲသို့ ဝင်လာသော တိမ်စိုင်ကို မမြင်သကဲ့သို့ ငြိမ်သက်နေလိုက်သည်။ တိမ်စိုင်ဖြူမှာ လေထဲတွင် လွင့်မျောနေသည်။ ဂူပတ်လည်သို့ လျှောက်သွားနေပြီးသည်နှင့် အပြင် ပျံထွက်သွားကာ ဟန်ဖေးကျစ်၏ လက်ပေါ်တွင် နားခိုသည်။
ဟန်ဖေးကျစ်သည် တိမ်စိုင်လေး ကွဲထွက်သွားချိန်အထိ နူးညံ့စွာကိုင်ထားခဲ့သည်။ တိမ်စိုင်ဖြူလေး မြင်ခဲ့သည့်မြင်ကွင်းက သူမရှေ့တွင် ထွက်ပေါ်လာသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အတွင်းသို့ ဝင်လာခဲ့သည်။ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ကြိုတင်ကာကွယ်ရန် အလို့ငှါ သူမတစ်ကိုယ်လုံးအား တိမ်စိုင်များဖြင့် ဝန်းရံစေလိုက်သည်။
ခြေသံများ နီးကပ်လာစဉ်တွင်လည်း စုမင်သည် မလှုပ်မရှားပင် ရှိနေဆဲ ဖြစ်၏။ သို့သော်လည်း သူ့မျက်လုံးများမှ အေးစက်မှုက ပို၍ အားကောင်းလာခဲ့သည်။
ဟန်ဖေးကျစ်သည် အက်ကွဲကြောင်းထဲတွင် ပေါ်လာပြီး မြေပြင်ပေါ်တွင် တင်ပျဉ်ချိတ်ထိုင်နေသည့် ဟယ်ဖုန်းအား မြင်လိုက်ရသည်။ ဟယ်ဖုန်းကိုယ်ပေါ်ရှိ ဆေးပင်များကိုလည်း မြင်လိုက်ရသည်ဖြစ်ရာ သူမ မျက်မှောင်ကြုတ်သွားမိရသည်။
သူမ နေရာတွင်သာ ရပ်လျက် ရှေ့ဆက်မတိုးမိချေ။ အသက်ရှူကြိမ်အနည်းငယ်ခန့် ကြာပြီးနောက် သူမ ဘေးပတ်လည်မှ တိမ်စိုင်ဖြူများသည် ဂူတစ်ခုလုံးအပြည့် ရုတ်တရက် ပျံ့နှံ့ထွက်သွားသည်။ ထိုအချင်းအရာသည် ဟန်ဖေးကျစ် နောက်ဆုတ်လိုက်ခြင်းကို ဖြစ်ပေါ်စေပြီး သူမ၏ပုံစံမှာ တစ်စုံတစ်ရာအား သတိပြုမိ၍ ဂူထဲမှ ထွက်ခွာသွားတော့မည့်ဟန်ပင်။
သူမ နောက်ဆုတ်လိုက်ချိန်တွင် စုမင်သည် အလိုလို တိုက်ခိုက်မိတော့မလို ဖြစ်သွားခဲ့သည်။ ဟန်ဖေးကျစ် ဂူထဲဝင်လာချိန်တွင် သူ ဟန်ဖေးကျစ်အား အာရုံစိုက်ထားခဲ့သည်။ ထိုနေရာတွင် သူမ ရပ်တန့်နေခဲ့သော်ငြား သူမ ရပ်နေသောနေရာက စုမင် တိုက်ခိုက်ဖို့ရန် အကောင်းဆုံး အနေအထား ဖြစ်မနေပေ။ သူမ ရှေ့တိုးလာလျှင်တော့ သူ့တွင် အခွင့်အလမ်း ပိုများသွားနိုင်ပေသည်။
သူမ၏ ရုတ်တရက်ဆုတ်ခွာမှုသည် စုမင်အား အလိုလို တုန့်ပြန်မှုဖြင့် တိုက်ခိုက်မိတော့မလို ဖြစ်သွားခဲ့သော်လည်း စုမင် သူ၏ စိတ်လိုက်မာန်ပါမှုကို ထိန်းသိမ်းထားလိုက်နိုင်သည်။ သူ့နံဖူးပေါ်တွင် ချွေးသီးလုံးများ စို့လာခဲ့၏။
"ဟန်ဖေးကျစ်ကလည်း ဟယ်ဖုန်းလိုပဲ။ နှစ်ယောက်လုံးက ထောင်ချောက်ဆင်တတ်တဲ့ သူတွေ။ တိမ်စိုင်ဖြူသုံးပြီး ဂူကို ကြိုတင်လေ့လာထားတယ်။ ဟယ်ဖုန်းမှာ ဆေးပင်တွေနဲ့ပြည့်နေတာကို သူ သတိမထားမိစရာ အကြောင်းမရှိဘူး။ ဂူထဲ ဝင်လာတာနဲ့တော့ အံ့သြသွားစရာ အကြောင်းကိုမရှိတာ"
"သူ နောက်ဆုတ်သွားတာက စမ်းသပ်ချက်ပဲ။ အဲဒီ နေရာမှာရပ်နေတဲ့ သူ့အပြုအမူက တစ်ကယ့်ကို ဉာဏ်ကောင်းတယ်" အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် လူတို့အား သူမ၏လှုပ်ရှားမှုများပေါ်တွင် အာရုံအပြည့်အဝ စိုက်လာစေရန် ရည်ရွယ်ခဲ့သည်။ ထိုသို့ အာရုံစိုက်သည်နှင့် သူမက ရုတ်တရက် နောက်သို့ဆုတ်ကာ ထိုလူအား အလိုလို တိုက်ခိုက်လာစေရန် လုပ်လိုက်ခြင်းပင်။
"ဒီလိုမျိူး စမ်းသပ်လို့ ရတယ်ပေါ့။ သင်ခန်းစာ ရပါပေတယ်"
စုမင်တစ်ယောက် ထောင်ချောက်ထဲသို့ မကျရောက်ခဲ့သည်မှာ နက်မှောင်တောင်တွင် ကြုံခဲ့ရသည့် အတွေ့အကြုံများစွာ ရထားသောကြောင့် ဖြစ်သည်။ သူ မတိုက်ခိုက်ခင် အဓိက အရေးကြီးဆုံး အချိန်မရောက်မချင်း စောင့်ဆိုင်းနေရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ထိုအစီအစဉ်အား ပြောင်းလဲမည်မဟုတ်ချေ။ ထို့ကြောင့် စိတ်လိုက်မာန်ပါ လုပ်ခြင်းအား ထိန်းသိမ်းလိုက်နိုင်သော်လည်း သူမ၏ အစီအစဉ်နှင့် ပက်သက်၍ တစ်စုံတစ်ရာ သိရှိသွားခြင်းတော့ မဟုတ်ပေ။
ဟန်ဖေးကျစ်သည် ခြေလှမ်းအနည်းငယ် ဆုတ်ပြီးနောက် မျက်လုံးများ လင်းလက်သွားသည်။ ဘာမှ မဖြစ်သည်ကို မြင်မှ စိတ်အေးသွားကာ ထပ်မံရှေ့တိုးလာခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သူမနှင့် ဟယ်ဖုန်းတို့မှာ ပိုမိုနီးကပ်လာခဲ့ချေပြီ။
"ဟယ်ဖုန်းကို ကြည့်ရတာ ရွှမ်းလွမ်ရဲ့ အမည်မသိ မာန်ပညာရပ်တစ်မျိူးနဲ့ တိုက်ခိုက်ခံထားရတာပဲ။ ခက်ခက်ခဲခဲ လွတ်မြောက်ခဲ့ပြီး ဒီနေရာမှာ လာပုန်းနေတာ ဖြစ်လောက်တယ်။ သူ သတိလစ်မသွားခင် သူ့ကို ကယ်ရအောင် ငါ့ကို ဆက်သွယ်ခဲ့တာပဲ"
ဟန်ဖေးကျစ်သည် ဟယ်ဖုန်းအားကြည့်၍ စဉ်းစားနေခဲ့သည်။ ခပ်နီးနီး သေချာမြင်ချင်သဖြင့် အရှေ့သို့ နီးကပ်အောင် ထပ်မံကပ်သွားမိသည်။
သူမမျက်လုံးထဲတွင်တော့ ဟယ်ဖုန်းနောက်မှ နေရာသည် နေရာလွတ်ဖြစ်သည်။ ရှေ့ဆက်တိုးသွားရင်း ဟယ်ဖုန်းနှင့် ၁၀ပေခန့်သာ ကွာဝေးတော့ချိန်တွင် အတွေးတစ်ခု ပေါ်ထွက်လာကာ မျက်လုံးများပြူးကျယ်၍ ရုတ်တရက် နောက်ဆုတ်လိုက်မိချေသည်။
"မဟုတ်သေးဘူး၊ ဒီအက်ကွဲကြောင်းက မိုးသစ်တောရဲ့ နက်တဲ့ အပိုင်းထဲမှာ ရှိနေတာ။ ဒီနေရာက အနံ့ဆိုးတွေလည်း တော်တော်ဝင်နေရမယ်။ ဟယ်ဖုန်းက သိသိသာသာကြီး သတိမေ့နေပြီး အနံ့ဆိုးတွေကို ပယ်သတ်နိုင်စွမ်းလည်း မရှိပေမယ့် ဒီနေရာက အနံ့ဆိုး သိပ်မရှိဘူး ဖြစ်နေတယ်"
"မိုးသစ်တောထဲမှာရှိတဲ့ အက်ကွဲကြောင်းတွေက သာမန်ဆိုရင် အင်းဆက်တွေ၊ သားရဲတွေ အနားယူတဲ့ နေရာတွေပဲ။ ဒါပေမယ့် ဒီမှာ ဘာမှမရှိဘူး။ ဟယ်ဖုန်းက သတိမေ့နေတာ၊ ဒီအင်းဆက် သားရဲတွေ ရှေ့ဆက်မတိုးရဲပဲ နေပါ့မလား"
"ဒီနေရာက ထောင်ချောက်ပဲ"
ဟန်ဖေးကျစ် နှလုံးသားတို့ တုန်ယင်သွားကာ အခြေအနေမကောင်းကြောင်း သိသွားခဲ့သည်။ သူမ ထွက်ခွာသွားတော့မည့် အချိန်မှာပင် ဟယ်ဖုန်းနောက်၌ ပုန်းကွယ်နေသော စုမင်မျက်လုံးများက တောက်ပသွားသည်။ ဟန်ဖေးကျစ် နောက်ဆုတ်သွားလျှင် ချက်ချင်းပင် အနီရောင်မြက်ခင်းပြင်အား ဖြန့်ကျက်လိုက်သည်။
"တိုက်ခိုက်"
*****