လူလိမ်အတတ်
Vol. 10 Ch. 133
တစ်ချိန်တည်းတွင် ကိစ္စနှစ်ခု ဖြစ်ပွားသွားခဲ့သည်။ ဟန်ဖေးကျစ် နောက်ဆုတ်သွားချိန်တွင် စုမင် ခြေဖဝါးအောက်ရှိ အနီရောင်မြက်ခင်းပြင်မှာ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်း ဟန်ဖေးကျစ်အား ကျော်လွန်ကာ သူမနောက်ဘက်ရှိ မြေပြင်၊ ဂူအတွင်း ပေ ၁၀၀ ပတ်လည်အား လွှမ်းခြုံသွားခဲ့သည်။ ဟန်ဖေးကျစ်မှာ ထိုပေ ၁၀၀အတွင်း ရှိနေခဲ့၏။
ထိူအခိုက်တွင် သူမ၏ အမြင်အာရုံမှာ ဝေဝါးသွားပြီး သူမရှေ့မှ အရာအားလုံး ပြောင်းလဲသွားသည်။ သူမ ဘာမြင်နေရလဲ ဆိုသည်ကိုတော့ စုမင် မသိပေ၊ သို့သော် မျက်လုံးများထဲရှိ ထိတ်လန့်မှု အနေအထားကြောင့် သူမ ထိတ်လန့်သွားမှန်းတော့ လွယ်ကူစွာ ခန့်မှန်းမိလိုက်သည်။
စုမင်သည် မတိုက်ခိုက်ပဲ ငြိမ်သက်နေနိုင်သော်လည်း သူ လှုပ်ရှားလိုက်သည်နှင့် မိုးကြိုးသွား တစ်စင်းကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
စုမင်အနေဖြင့် ဟန်ဖေးကျစ် အပေါ် ရန်ငြိုးရန်စ မရှိပေ။ သို့သော် စုမင်သာ အန္တရာယ်ကို ကြိုတင်မသိခဲ့လျှင် သူမ ဂူထဲဝင်လာပြီး သူနှင့် တည့်တည့်တိုးချိန်တွင် သေချာပေါက် အငိုက်မိကာ အသတ်ခံရမှာဖြစ်သည်။ ဤကိစ္စသည် ပဋိပက္ခဖြစ်ပွားခြင်းနှင့် မသက်ဆိုင်တော့ပဲ ရယူလိုမှုများအပေါ် အရင်ခံသွားချေပြီ။ ဟယ်ဖုန်းကိုယ်၌ကပင် ဧရာမ ရယူချင်စရာကြီး ဖြစ်နေသည်။ ရတနာပစ္စည်းများကို ထည့်မတွက်လျှင်တောင် သူ့အိတ်ထဲရှိ ပစ္စည်းများမှ ယူဆောင်လာသော အကျိူးအမြတ်ကပင် လူများစွာအား လောဘဖြင့် ရူးသွပ်သွားစေနိုင်ပေသည်။
ဟန်ဖေးကျစ်အား အနီရောင် မြက်ခင်းပြင် လွှမ်းမိုးသွားသည်နှင့် တစ်ပြိုင်နက် စုမင် ဘယ်လက်ကိုမြှောက်လိုက်သည်။ သူသည် အစောကတည်းကပင် နတ်ဆိုးသုံးဖော်၏ တည်နေရာကို တွေ့ရှိထားပြီးဖြစ်ရာ အနောက်မြောက်ဘက်သို့ ခုတ်ပိုင်းချလိုက်သည်။ ထိုသို့ ပြုလုပ်လိုက်သည်နှင့် စုမင်၏ သွေးကြောများသည် သွေးကြောထုံးကြီး တစ်ခုအဖြစ် စုဖွဲ့လျက် သူ့ခန္ဓာကိုယ်မှ ချက်ချင်းထွက်ခွာသွားပြီး အနောက်မြောက်အရပ်သို့ တိုးဝင်ပျောက်ကွယ်သွားသည်။
ထိုသို့ သူ့လက် ခုတ်ပိုင်းချလိုက်သည့် အခိုက်အတန့်မှာပင် ဟန်ဖေးကျစ်၏ မျက်လုံးများထဲတွင်လည်း သတ်ဖြတ်လိုခြင်းတို့ ပေါ်ထွက်လာသည်။ သူမသည် လက်ကိုမြှောက်လိုက်ရာ တစ်ကိုယ်လုံးတွင် တိမ်စိုင်များ ဖုံးလွှမ်းသွားသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာပင် ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်လာပြီး တိမ်စိုင်များမှာ ကျယ်လောင်စွာ မြည်ဟည်းလျက် အလယ်၌ အက်ကွဲကြောင်း ဖြစ်ပေါ်လာခဲ့သည်။ ဟန်ဖေးကျစ်အား ထိုအက်ကွဲရာမှတစ်ဆင့် တွေ့မြင်နေရလေသည်။
သူမ မျက်နှာအား ဇာပုဝါဖြူဖြင့် ဖုံးအုပ်ထားသော်လည်း ပို၍ ဖြူဖျော့လာပြီး မျက်လုံးများထဲမှ ထိတ်လန့်မှုကိုလည်း တွေ့မြင်နိုင်လေသည်။ သူမ သိထားသည်မှာ တိမ်စိုင်ဖြူဖြူ အခိုးအငွေ့များအား ခွဲထုတ်ရန် ခက်ခဲလှပြီး သူမတို့မျိူးနွယ်စုမှ စီနီယာများပင် အစွမ်းထက်မာန်ပညာရပ်ကို အသုံးမပြုမချင်း ခွဲထုတ်နိုင်ရန် ခက်ခဲလှသည်။
သို့သော်လည်း မမြင်ရသော ရန်သူမှာ ထိုအရာကို တတ်နိုင်ခဲ့သည်။ ထိုသူ့အား သူမ အထင်မသေးရဲတော့ပေ။ တိမ်စိုင်များ ကွဲထွက်၍ အန္တရာယ်အငွေ့အသက်များ တိုးဝင်လာသည်ကို အရှိန်အဟုန်ပြင်းပြင်း ခံစားလိုက်ရရာ ကိုယ်ပျောက် ရန်ငြိုးရန်စက သူမအား ဝါးမြိုလိုက်သကဲ့သို့ ဖြစ်နေသောကြောင့် ပို၍ပင် ထိတ်လန့်လာခဲ့သည်။
ဟန်ဖေးကျစ်တစ်ယောက် မည်သည့်အစွမ်းထက် မာန်ပညာရပ်မှ ထုတ်သုံးချိန်မရလိုက်ပေ။ နှလုံးခုန်သံ တစ်ချက်စာလေးအတွင်း အရာအားလုံး ဖြစ်ပျက်သွားခဲ့ခြင်းပင်။ အန္တရာယ်တို့၏ အလယ်၌ လျှာအားကိုက်၍ ပါးစပ်အပြည့် သွေးအန်လိုက်ရာ ထိူသွေးများမှာ သူမ ရှေ့တွင်ပင် သွေးနီရောင် မာန်နတ်ဘုရားရုပ်တုအဖြစ် ပြောင်းလဲသွားသည်။
ပိုမို၍ တိတိကျကျ ပြောရလျှင် ရုပ်တုမှာ အမျိူးသမီးပုံစံ ဖြစ်၏။ မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော်လည်း ၎င်းပေါ်ထွက်လာချိန်၌ သူမ ခန္ဓာကိုယ်မှ စူးရှသည့်အလင်းရောင် ဖြာထွက်လာသည်။ စုမင်၏ နတ်ဆိုးသုံးဖော် ကွပ်မျက်နှင့် တွေ့ဆုံသွားသော် လေထဲ၌ ကြီးမားသည့် တိုက်ခိုက်မှုကြီး ဖြစ်ပွားသွားသည်။
တစ်ချိန်တည်းမှာပင် ဟန်ဖေးကျစ်သည် ညာလက်ကိုမြှောက်၍ သူမ၏ မျက်ခုံးများအလယ်ဗဟိုသို့ ထိကပ်လိုက်သည်။ သူမ မျက်ခုံးများကြားမှ ရွှေရောင်အလင်းတစ်ဖြာ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းရောင် ဖြာထွက်လာကာ သူမခန္ဓာကိုယ်မှာ ရွှေရောင်အတိ ဖြစ်သွားပြီး အလင်းရောင် ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် သူမက နောက်ဆုတ်သွားခဲ့သည်။ လေပေါ်တွင် ခြေတစ်လှမ်းခတ်ကာ စုမင် ဖြန့်ကျက်ထားသည့် အနီရောင်မြက်ခင်းပြင် ဧရိယာ အကျယ်အဝန်း ပေ ၁၀၀ထဲမှ ထွက်ခွာသွားသည်။
သို့သော် ထိုသို့ ထွက်ခွာသွားရန် ရွှေရောင်အလင်းကို အသုံးပြုခြင်းကလည်း ဟန်ဖေးကျစ်အပေါ် ကြီးစွာသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်မှာ ထင်ရှားလို့နေသည်။ သူမ ထွက်ခွာလိုက်ချိန်မှာပင် နှုတ်ခမ်းထောင့်မှ သွေးစများ စီးကျလာခဲ့သည်။ သို့ရာတွင် သူမ မရပ်လိုက်ပဲ ဂူအတွင်းမှ အမြန်ထွက်ခွာလိုက်သည်။
သူမ ဆုံးဖြတ်ချက် ချပြီးလေပြီ။ ဂူထဲရှိ ရန်သူ၏ ထောင်ချောက်မှ ရုန်းထွက်နိုင်ပြီး အပြင်ဘက်တွင် အသက်ရှူနိုင်သွားသည်နှင့် သူမအား ချူံခို တိုက်ခိုက်ဝံ့သော ထိူလူကို စုတ်ဖြဲပစ်မှာ ဖြစ်သည်။
သို့သော် စုမင်အနေနှင့်လည်း သူမအား လွယ်လွယ်နှင့် လွှတ်ပေးနိုင်စရာ အကြောင်းမရှိပေ။ အနီရောင် မြက်ခင်းပြင်က သူမအားချူပ်မထားနိုင်၊ နတ်ဆိုးသုံးဖော် ကွပ်မျက်ကလည်း အမျိူးသမီး မာန်နတ်ဘုရားရုပ်တုကြောင့် ပြိုကွဲသွားသော်လည်း စုမင်ကတော့ ဆက်လက်တိုက်ခိုက်နေဆဲပင်။
ဟန်ဖေးကျစ် ဂူဝသို့ ရောက်ရှိရန် ပေဒါဇင်မျှသာ ခြားတော့ချိန်၊ အမြန်ထွက်ခွာလုဆဲဆဲတွင် စုမင်သည် ခြေတစ်လှမ်းတက်၍ မယုံနိုင်ဖွယ် အမြန်နှုန်းဖြင့် သူမအနီးသို့ တိုးကပ်သွားခဲ့သည်။ သူ့မျက်လုံးများက အေးစက်တင်းမာလျက် ရှေ့သို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ဟန်ဖေးကျစ်အား ညာဘက်လက် လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။
ထိုသို့ ပြုလုပ်လိုက်ချိန်တွင် စုမင်အား ဝန်းရံနေသော လ၏အတောင်ပံများသည် သာမန်လူများ မကြားနိုင်သည့် ကြုံးဝါးသံများအား ကျယ်လောင်စွာ အော်မြည်လျက် ပြေးထွက်သွားကြသည်။ အတူတကွ စုပေါင်း၍ ဧရာမလက်သီးကြီးတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။
ထိုလက်သီးကို မမြင်ရသော်လည်း ဟန်ဖေးကျစ်မှာမူ ရှင်းရှင်းလင်းလင်း ခံစားသိရှိလိုက်၏။ သူမမျက်လုံးများ တောက်ပသွားပြီး သူမရှေ့တည့်တည့်တွင် ညာလက်ဖြင့် စက်ဝိုင်းပုံစံတစ်ခု ရေးဆွဲလိုက်သည်။ ချက်ချင်းပင် တိမ်စိုင်မြူခိုးများ ပေါ်ထွက်လာကာ စက်ဝိုင်းတစ်ခုပုံစံ စုဖွဲ့တည်ရှိ၍ လ၏အတောင်ပံများမှ ဖြစ်ပေါ်လာသော လက်သီးကြီးနှင့် ထိပ်တိုက်တွေ့ဆုံမိကြတော့သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် စုမင် နှုတ်ခမ်းထောင့်၌ မဲ့ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ တဟုန်ထိုး ပြေးထွက်သွားပြီး တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကိုလည်း အပြင်ဘက်သို့ ဖြန့်ကျက်လိုက်သည်။ ပေ ၁၀၀၀ ဧရိယာကို သူ့စိတ်ထဲတွင် မြင်လာစဉ် နှစ်ဦးကြား အကွာအဝေးကို ဟန်ဖေးကျစ်ရှိရာအထိ နေရာအထိ ချူံ့ပစ်လိုက်သည်။
မည်သို့သော အကျိူးသက်ရောက်မှု ဖြစ်ပေါ်မည်ကို မသိသော်လည်း တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်တွင် မှတ်တမ်းထင်ထားသည့် တစ်ခုတည်းသော တိုက်ကွက်ဖြစ်သည်။ ပထမဆုံးအကြိမ်အသုံးပြုခြင်း ဖြစ်သော်လည်း ဤအချိန်တွင် အသုံးပြုရန်မှတပါး အခြားရွေးချယ်စရာ မရှိပေ။
ပေ ၁၀၀၀ခန့် ဧရိယာ အကျယ်အဝန်းအား ဆွဲချူံ့၍ တံဆိပ်နှိပ်ပစ်လိုက်သည့် နှုန်းမှာ မြန်ဆန်လွန်းရာ မျက်စိတစ်မှိတ်စာပင် ကြာခဲ့သည်။ ထိုပညာရပ်က ဟန်ဖေးကျစ်အပေါ် လွှမ်းခြုံမိသွားကာ သူမ တုန်ယင်သွားခဲ့သည်။ သူမမျက်နှာထက်တွင် နာကျင်သွားသည့် မျက်နှာထားမျိူး ထွက်ပေါ်လာခဲ့သည်။
သူမ ဦးခေါင်းအား အပ်ပေါင်းများစွာ ထိုးစိုက်ဝင်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုသို့ ရုတ်ခြည်းနာကျင်မှုကြောင့် သူမရှေ့ရှိ တိမ်စိုင်ရပ်ဝန်းမှာ ပျောက်ကွယ်သွားတော့မည့်ဟန် ပြလာခဲ့သည်။ သူမ တည်ငြိမ်အောင် ပြန်မထိန်းချူပ်နိုင်ခင်မှာပင် လ၏အတောင်ပံ သတ္တဝါများ၏ ဝိညာဉ်များ၏ ဖြစ်ပေါ်လာခဲ့သော လက်သီးကြီးက ထိုစက်ဝန်းအား ဝင်တိုက်တော့သည်။
လေထဲတွင် ကျယ်လောင်သော အသံများ ဆူညံသွားကာ
စက်ဝိုင်းပုံ တိမ်စိုင်ရပ်ဝန်းမှာ တစ်စစီ ပြိုကွဲသွား၏။ လ၏အတောင်ပံ လက်သီးကြီးက ၎င်းအား ထိုးဖောက်ကာ ဟန်ဖေးကျစ်၏ ရင်ဘတ်သို့ တိုးဝင်သွားသည်။
ဟန်ဖေးကျစ် ကိုယ်ပေါ်၌ ရွှေရောင်အလင်း ထွက်ပေါ်လာပြန်သည်။ သူမနှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသော်လည်း သူမ၏ အေးစက်တင်းမာသည့် အကြည့်က ပိုမိုစူးရှလာခဲ့သည်။ သူမသည် ဒယိမ်းဒယိုင်နှင့် နောက်ဆုတ်သွားကာ ထိုစွမ်းအင်အား အသုံးပြု၍ ဂူထဲမှ လွတ်မြောက်ရန် ကြိုးပမ်းသည်။
သူမ ထိုသို့ ကြိုးပမ်းနေစဉ် စုမင်ကလည်း သူမနှင့်အတူ အလျင်အမြန် လိုက်ပါသွားသည်။ ဟန်ဖေးကျစ်၏ မျက်လုံးထဲတွင် စုမင်၏ ပုံရိပ်က ခပ်ဝါးဝါးမျှသာ ဖြစ်၏။ ထိုအရာက စုမင်၏ လျင်မြန်လှသော အရှိန်နှုန်းနှင့် ဆယ်နွှယ်နေသည် ဆိုသော်ငြားလည်း ယခု ထိုသို့ ဖြစ်နေရသည့် အကြောင်းအရင်းမှာတော့ စုမင်က တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ဖြင့် ဟန်ဖေးကျစ်၏ ခန္ဓာကိုယ်ပေါ်တွင် အာရုံစူးစိုက်ထားသောကြောင့် ဖြစ်သည်။
ဤပညာရပ်၏ တစ်ခုတည်းသော တိုက်ကွက်မှာ စွမ်းအား ပြင်းလွန်းလှ၏။ သူမ၏ ဦးခေါင်းအား အဆက်မပြတ် ထိုးနှက်နေလျက် သူမ၏ အမြင်အာရုံကို ဝေဝါးထွေပြားနေစေသည်။ သူမ မျက်နှာမှာ အလွန်အမင်း နာကျင်မှုကြောင့် ရှုံ့မဲ့လို့နေ၏။
အက်ကွဲကြောင်းထဲမှ လူနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ထွက်လာသော်လည်း စုမင်အရှိန်က ပို၍ လျင်မြန်နေခဲ့သည်။ သူမအား မီသွားသည်နှင့် စုမင် စကားတစ်ခွန်းမျှ မဆိုပဲ ပါးစပ်ထဲတွင် ငုံထားသော သွေးများကို အသာအယာ ထွေးထုတ်လိုက်သည်။
ထိုသွေးတစ်ငုံမှာ စုမင်၏ မာန်ပညာရပ်ဖြစ်သော မှောင်မိုက်သွေးမှုန်ပင်။ ထွေးထုတ်လိုက်သော အခိုက်အတန့်တွင် သွေးများမှာ ကြီးမားကျယ်ပြန့်သော ခြုံလွှာတစ်ထည်သဖွယ် စုမင်ရှေ့ရှိ ဧရိယာပြင် တစ်ခုလုံးကို အနီရောင်မြူခိုးတို့ဖြင့် ဖုံးလွှမ်းသွားစေသည်။
ထိတ်လန့်ဖွယ် အော်မြည်သံ၊ သန်မာသော အင်အားဖြင့် မြူခိုးများမှာ ဟန်ဖေးကျစ်ထံ တိုးဝင်သွားကြသည်။
ဟန်ဖေးကျစ် မျက်နှာပျက်သွားရသည်။ သူမ ဂူထဲမှ ထွက်ခွာလာနိုင်ပြီး တစ်ကြိမ်နှစ်ကြိမ်မျှသာ အသက်ရှူနိုင်ရုံ ရှိသေး၏။ ရန်သူ၏ မျက်နှာပင် မမြင်ရသေးပဲ အကြိမ်ပေါင်းများစွာ ဒဏ်ရာရရှိနေပြီး ဖြစ်သည်။ ဤကိစ္စရပ်မျိူးက သူမ၏ မာနတရားအတွက် လက်သင့်မခံနိုင်စရာပင် ဖြစ်သည်။
စုမင်၏ သွေးတစ်ငုံက သူမထံ တဟုန်ထိုး တိုးဝင်လာနေသည်။ ဟန်ဖေးကျစ် နောက်ဆုတ်လိုက်ရင်း သူမ ညာလက်ကို ဆန့်ထုတ်လိုက်သည်။ ဤအရာကို ခေတ္တမျှ တားဆီးထားနိုင်ရုံနှင့် တိုက်ပွဲ အတက်အကျအား ပြောင်းပြန်လှန်ပစ်လိုက်နိုင်ပြီး ကျန်ရှိနေသည့် တိုက်ပွဲအချိန်တွင် ခံစစ်အစား ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိလာပေလိမ့်မည်။ ထိုသို့ ပြုလုပ်လိုက်နိုင်သည်နှင့် သူမ ပြန်လည်၍ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်လာပေမည်။
မည်သို့ပင် ဆိုစေကာမူ ကနဦးကတည်းက ထိုသို့ အသာစီးတိုက်ခိုက်နိုင်မည့် အခွင့်အရေးကို သူမ မရခဲ့ပေ။ သူမ ရန်သူ၏ တိုက်ကွက်များက မုန်တိုင်းအသွင်၊ အားနည်းမာန်လျှော့သွားမည့်ဟန် မပြပဲ ပို၍ ပို၍ အင်အား ကြီးမားလာခဲ့သည်။
"အခွင့်အရေး တစ်ခုလောက်လေးသာ ရလိုက်ရင်"
ဟန်ဖေးကျစ်သည် ညာလက်အား အရှေ့သို့ လွှဲယမ်းလိုက်ရာ အရောင်ငါးရောင်ပါသော မြူခိုးများ ရုတ်ခြည်း ထွက်ပေါ်လာသည်။ ထိုအရာနှင့် သွေးမှုန်တို့ ထိပ်တိုက် တွေ့ဆုံမိကြချိန်တွင် နောက်မှ ပေါ်လာသည့် မြူခိုးတို့မှာ တဖျိူးဖျိူး တဖျစ်ဖျစ် အသံများ ထွက်ပေါ်၍ ရုတ်တရက် ပျောက်ကွယ်သွားပါတော့သည်။
ဟန်ဖေးကျစ်မှာ ထိပ်တိုက် ပြန်လည် တိုက်ခိုက်တော့မည့် ဆဲဆဲ ဖြစ်သော်လည်း စုမင်မှာ ဤတိုက်ပွဲမြေပြင်အတွက် အများကြီး အားစိုက်ထုတ်ထားသည် ဖြစ်ရာ လုံးဝ အသာစီးရနေခဲ့သည်။ သူမအား အခွင့်အရေး တစ်စက်လေးမျှပင် မပေးခဲ့ချေ။
စုမင်သည် သွေးမှုန်များ အန်ထုတ်လိုက်စဉ်က သူ၏ လက်များအား ဖြန့်ကား၍ လ၏အတောက်ပံများအား သူ့ဘေးနားပတ်လည်တွင် စုစည်းစေပြီး သူ့အား လွှမ်းခြုံစေလိုက်သည်။
စုမင်မှာ တစ်ယောက်တည်းဖြစ်နေသည်ဟု ထင်ရသော်လည်း ကောင်းကင်ပေါ်သို့ မြင့်တက်သွားပုံက လေထုအား နင်းနှိမ်ထားသကဲ့သို့ပင်။ ထို့နောက် အသံတစ်ချက် မပြုပဲ မှောင်မိုက်သွေးမှုန်များ နောက်မှနေ၍ ဟန်ဖေးကျစ်အား လက်သီးဖြင့် ထိုးချလိုက်သည်။
ထိုလက်သီးချက်တွင် စုမင်၏ ချီစွမ်းအင်အားလုံး ပါဝင်နေသည်သာ မက ဧရာမလက်သီးကြီးအသွင် ပြောင်းလဲသွားခဲ့သော ဒြပ်မဲ့ လ၏အတောင်ပံ ဝိညာဉ်များအားလုံးလည်း လိုက်ပါလာခဲ့သည်။ ထိုလက်သီးချက်မှာ ဟန်ဖေးကျစ်၏ ပြန်လည်ရင်ဆိုင် တိုက်ခိုက်နိုင်မည့် အခွင့်အရေးအား ဖျက်ဆီးလိုက်နိုင်ရုံမျှမက သူမအား ခံစစ် တစ်ဖန်ပြန်ဖြစ်သွားစေပြန်သည်။ တိမ်စိုင်တ့ိုဖြင့် ဝန်းရံထားသော သူမခန္ဓာကိုယ်အား စုမင်လက်သီးချက်ဖြင့် အပြင်းအထန် ဝင်ဆောင့်မိသည်။ ကျယ်လောင်သော အသံကျယ်ကြီးများ လေထုထဲသို့ ပဲ့တင်ထပ်သွားပြန်သည်။
စုမင်၏ခန္ဓာကိုယ်မှာ ကောင်းကင်၌ မသဲမကွဲဖြစ်နေဆဲပင်။ ခံစစ်နှင့်ချည်း တိုက်နေရသော ဟန်ဖေးကျစ်ထံ ဝင်ရောက်သွားသော လက်သီးချက်များမှာ ယခင် လက်သီးချက်ထက် ထပ်တိုးပို၍ မြန်ဆန်လာသည်။ တစ်ချက်ချင်း ခုခံနေရသည်နှင့်အမျှ သူမ တရစပ် နောက်ဆုတ်ပေးခဲ့ရသည်။ သူမမျက်လုံးထဲတွင် ကောင်းကင်ကိုပင် အေးခဲသွားစေနိုင်တော့မည့် အေးစက်တင်းမာမှုများ အပြည့်ရှိနေသော်လည်း သူမသာ နောက်ဆုတ်ပေးနေရလေသည်။
ရန်သူ့ထံမှ ထိုးသွင်းလာသော လက်သီးချက်တိုင်းတွင် အင်အားနှစ်ရပ် ပါဝင်နေသည်ကို ဟန်ဖေးကျစ် ခံစားမိသည်။ တစ်ခုမှာ ချီစွမ်းအင်ဖြစ်၍ နောက်တစ်ခုမှာ ထူးဆန်းပြီး ထိတ်လန့်ဖွယ်ဖြစ်၏။
ထိုစွမ်းအားမှာ သူမ၏ ခန္ဓာကိုယ်ကိုသာမက စိတ်ဝိညာဉ်ကိုပါ တိုက်ခိုက်နေခြင်း ဖြစ်သည်။ ထိုအရာက တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကြောင့် တရစပ် နာကျင်နေရသည့် ဟန်ဖေးကျစ်၏ စိတ်ဝိညာဉ်အား ပြိုကွဲသွားတော့မတတ် ခံစားနေရစေသည်။
ထိုအခိုက်အတန့်တွင် စုမင်သည် လက်သီးဆုပ်အား ထိုးသွင်းလိုက်ရာ သူ့ကိုယ်တွင်းရှိ လ၏အတောင်ပံများမှာ အတူရှေ့ထွက်သွားကြပြီး ဟန်ဖေးကျစ်အား နောက်ထပ် ပေဒါဇင်ကျော်အထိ နောက်ဆုတ်သွားရစေပြန်သည်။ ထိုအချိန်မှာပင် ပထမဆုံး စကားစပြောလာသည့် စုမင်အသံမှာ ကြောက်မက်ဖွယ် ခြောက်သွေ့ အက်ကွဲနေပြီး အနီးအနားသို့ ပဲ့တင်သံ ပျံ့နှံ့သွားသည်။
"ဟယ်ဖုန်း မင်းက သူ့ကို ဒီမျှားခေါ်လာခဲ့တဲ့ လူလေ။ အဲဒါကို အခုထိ ဝင်မတိုက်သေးဘူးလား။ ဘာကို စောင့်နေတာတုန်း"
အကယ်၍ ဟယ်ဖုန်းသာ စုမင်စကားများကို ကြားပါက စက်ဆုပ်ဖွယ်ကောင်းသောလူဟု ခေါ်ဆိုလိမ့်မှာပင်။ သို့သော် ယခုတော့ သူမကြားနိုင်သေးပေ။ ဟန်ဖေးကျစ်သည် ထိုစကားများကို ကြားသောအခါ ထိတ်လန့်သွားပြီး သူမမျက်နှာပေါ်တွင် ဒေါသတို့ ပေါ်ပေါက်လာသည်။ သူမသည် အစကနဦးတည်းကပင် သံသယဝင်နေခဲ့သည် ဖြစ်ရာ ယခုအချိန်တွင်တော့ တွေဝေတွန့်ဆုတ်နေခြင်း မရှိပဲ အလိုအလျောက် နောက်ဆုတ်မိသွားသည်။ ထို့နောက် ရွှေရောင်အလင်းတန်းအဖြစ် အသွင်ပြောင်းကာ တဟုန်ထိုး ထွက်ပြေးသွားတော့သည်။
သူမသည် အဆင့်အတန်းမြင့် အလွှာထဲက ဖြစ်သည်မို့ အန္တရာယ်ရှိသည့် စွန့်စားမှုများ မလုပ်လိုပေ။ ရုပ်နယ်လွန်အဆင့်ရှိ ထူးခြားဆန်းကြယ်သော ရန်သူသည်လည်း သူမအပေါ် လက်ဦးမှု ရယူထားပြီး သူမအား ခံစစ်မှ တိုက်ခိုက်နေရစေသည်။ အကယ်၍ ဟယ်ဖုန်းသာ ပါဝင်တိုက်ခိုက်လာပါလျှင် သူမ၏ ရုပ်နယ်လွန်အဆင့်ရောက်ရန် သွေးကြော အလုံအလောက် ရရှိနေခြင်းအား စွန့်လွှတ်လိုက်ခြင်း မပြုပါက အနိုင်ယူနိုင်ရန် အလွန်ခက်ခဲသွားလိမ့်မှာ ဖြစ်သည်။
စုမင် သူမနောက် ဆက်မလိုက်ခဲ့ပေ။ သူ့မျက်နှာမှာ ဖြူဖျော့လျက် ပါးစပ်ထဲမှ သွေးများစီးကျနေသည်။ တိုက်ပွဲတွင် လက်ဦးမှု ရယူနိုင်ခဲ့သည် ဆိုသော်လည်း သူ၏ တိုက်ကွက်များ ဟန်ဖေးကျစ်ကိုယ်ပေါ်သို့ ကျရောက်ချိန်တိုင်းတွင် ရွှေရောင်အလင်းက စုပ်ယူသွားကာ ထူးဆန်းသော အင်အားရပ်အား တန်ပြန်ထုတ်လွှတ်နေခဲ့သောကြောင့် စုမင်အား အဆက်မပြတ် ဒဏ်ရာရစေခဲ့သည်။
"အဲဒီ အမျိူးသမီးက တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကြောင့် တရစပ် နာကျင်နေခဲ့တယ်။ ပြီးတော့ လရဲ့အတောင်ပံ ဝိညာဉ်တွေကြောင့်လည်း သူတုန်လှုပ်သွားခဲ့တယ်။ ထောင်ချောက်ဆင်ရတာနဲ့ ခံစစ်ကပဲ တိုက်ရအောင် ဖိအားပေးခံရတဲ့ အခြေအနေတွေ ထပ်ပေါင်းထည့်လိုက်တော့ သူ ဖရိုဖရဲတွေ ဖြစ်သွားတာပေါ့။ ငါ ဟယ်ဖုန်းနဲ့ပက်သက်လို့ ပြောတဲ့စကားကြားပြီး လန့်သွားလို့ နောက်ဆုတ်ပြေးသွားတာပဲ။ ဒါပေမယ့် ဒီအမျိူးသမီးက သာမန်မဟုတ်ဘူး။ ဒါက လိမ်ညာမှုတစ်ခုဆိုတာ သူမကြာခင် သဘောပေါက်သွားလိမ့်မယ်"
စုမင်သည် ဂူသို့ပြန်ကာ အရိုးနှစ်ခုအား အိတ်ထဲသို့ထည့်၍ ဟယ်ဖုန်းအားဆွဲလျက် တဟုန်ထိုးပြေးထွက်လာခဲ့သည်။
မိုးသစ်တော၏ ပိုမိုနက်ရှိုင်းသော အပိုင်းသို့ ဝင်ရောက်သွားလိုက်သည်။
အမွှေးတိုင်တစ်တိုင်စာမျှ ကုန်လွန်သွားချိန်တွင် တိမ်စိုင်တစ်ခုမှာ ကောင်းကင်၌ ရွှီခနဲ ဖြတ်သန်းသွားခဲ့၏။ ထိုတိမ်စိုင်ပေါ်ရှိ ဟန်ဖေးကျစ်၏မျက်နှာမှာ အေးစက်နေခဲ့သည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာပေါ်တွင် ခြေချလိုက်ပြီး မိုးသစ်တော၏ အနက်ပိုင်းသို့ စူးစိုက်ကြည့်နေလိုက်သည်။
သူမမျက်လုံးထဲတွင် ပြင်းထန်သော ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူမ ငယ်စဉ်ကတည်းက ဤသို့ ရှုံးနိမ့်မှုမျိူး မခံစားခဲ့ဖူးပေ။ ဤတစ်ကြိမ်သည် သူမ ဖိအားပေးခံရ၍ ဆုတ်ခွာခဲ့ရသည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ ရန်သူ၏ မျက်နှာကိုပင် မမြင်လိုက်ရချေ။ ထိုအခြင်းအရာသည် သူမ၏ မာနအတွက် လက်မခံနိုင်စရာပင် ဖြစ်၏။
"ဒီလူ့ရဲ့ စွမ်းအားက သိပ်မကောင်းဘူး။ ဒါပေမယ့် သူ့တိုက်ခိုက်မှုတွေက အရမ်းထူးဆန်းတယ်။ သူ့တိုက်ကွက်တွေက ရုပ်နယ်လွန်အဆင့်နဲ့တောင် ယှဉ်လို့ရတယ်။ အရမ်းလည်း ဉာဏ်ကောင်းတယ်။ ဒါပေမယ့် နင် ဘယ်သူပဲ ဖြစ်ဖြစ် ဟန်တောင်တန်းမြို့တော် တစ်ဝိုက်မှာ ရှိနေသေးသရွေ့ ငါနင့်ကို တွေ့အောင်ရှာပြမယ်"
ဟန်ဖေးကျစ်သည် တဖြည်းဖြည်း တည်ငြိမ်သွားသော်လည်း စုမင်အပေါ်တွင် ထားရှိသော ဒေါသမှာမူ သူမမျက်လုံးထဲတွင် ကျန်ရှိနေဆဲဖြစ်၍ အချိန်ကြာမြင့်သည်အထိ ပျောက်ပျက်မသွားခဲ့ပေ။
*****