အခန်း (၁၄၁-၁၄၂)
Vol. 15 Ch. 141-142
အခန်းး ၁၄၁ - ကြည့်ပါဦး ဒီဟာက ကုသပေးဖို့ လုံလောက်ရဲ့လား။
“ကင်ဆာဆဲလ်တွေ...ရှင်းထုတ်ဖို့ ခက်တယ်...”
လုပေါင် သည် ထိုစကားစုနှစ်ခုကို စိတ်ထဲတွင် ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။ ရုတ်တရက်ပင် စနစ် က သူ့ကို အရင်က ဆုလာဘ်အဖြစ် ပေးထားခဲ့သော အဆင့်မြှင့်တင်ထားသော မျိုးရိုးဗီဇဆေးဖော်မြူလာ ကို သတိရမိသွားသည်။
ထိုမျိုးရိုးဗီဇဆေးသည် လူ့ခန္ဓာကိုယ်ကို အကျိုးယုတ်စေသော ဆဲလ်များကို ဖယ်ရှားရန် ထုတ်ထားခြင်း မဟုတ်ပါလား။
“ကျွန်တော့်မှာ နည်းလမ်းရှိတယ်။”
လုပေါင်သည် လက်ရှိတွင် Live လွှင့်နေသည်ကိုပင် မေ့သွားပြီး အလိုအလျောက် အော်ဟစ်လိုက်မိသည်။
“ရတနာနတ်ဘုရားမင်းမှာ နည်းလမ်းရှိတယ် ဟုတ်လား ဘယ်လိုနည်းလမ်းလဲ။”
“ဟာ... ရတနာနတ်ဘုရားက တကယ်ပဲ ဆေးကုတတ်တာလား။”
“လျှောက်မလုပ်ပါနဲ့ ရတနာနတ်ဘုရားရယ်။ ဒါက ဦးနှောက်အကျိတ်ဗျ အရေပြားပေါ်မှာပေါက်တဲ့အဖု မဟုတ်ဘူး။ နောက်နေတာတွေရပ်လိုက်ပါတော့။”
“ရတနာနတ်ဘုရားက ကျွန်တော်တို့ကို ဟသဖောက်နေတာ မဟုတ်ဘူးမလာ ညီအစ်ကိုတွေက အတည်မှတ်နေကြဦးမယ်။”
“ကဲပါ... ရတနာနတ်ဘုရားက တောတွင်းစွန့်စားခန်းတွေမှာ တော်တာကိုတော့ ငါဝန်ခံပါတယ်။ဒါပေမဲ့ ဒါက လူ့အသက်နဲ့ ဆိုင်တာလေ စနစ်တကျရှိဖို့ လိုတယ်။ လျှောက်လုပ်လို့ မဖြစ်ဘူး။”
သံသယဖြစ်နေသော Comment များ ရှိနေသော်လည်း Live ထဲမှ ပရိတ်သက် အများစုမှာတော့ လုပေါင်ကို မျက်စိမှိတ် ယုံကြည်နေကြဆဲပင်။အကြောင်းမှာ လုပေါင်သည် သူတို့အတွက် မဖြစ်နိုင်သောအရာများနှင့် အံ့ဩစရာများကို အကြိမ်ကြိမ် ယူဆောင်လာပေးခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ဤ Live ကို Ocean Live Streaming Platform ရှိ လုပေါင်၏ Fan များသာ ကြည့်နေကြခြင်း မဟုတ်ပေ။လွန်ခဲ့သော သုံးနှစ်က လေယာဉ်ပျက်ကျမှုနှင့် သက်ဆိုင်နေသဖြင့် ၁၃ စက္ကန့်အတွင်းမှာပင် ဤ Live သည် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။ထိုလေယာဉ်ပျက်ကျမှုကို သိရှိကြသော ဘေးလူအများအပြား Live ထဲသို့ တိုးဝှေ့ဝင်ရောက်လာကြသည်။
ဤသည်မှာ Ocean Platform အတွက် အလွန်ကြီးမားသော နာမည်ကျော်ကြားမှုနှင့် လူကြည့်နှုန်းကို ယူဆောင်လာပေးသော်လည်း တစ်ဖက်တွင်လည်း ပြင်းထန်သော ဝေဖန်ကန့်ကွက်မှုများပါ ပါလာခဲ့သည်။သတင်းကြားပြီး ပြေးဝင်လာသော ဘေးလူများသည် လုပေါင်ကဲ့သို့ Internet Streamer တစ်ဦးက ဦးနှောက်အကျိတ်ကို ကုနိုင်သည်ဟု အရှက်မရှိ ပြောဆိုနေသည်ကို ကြားလိုက်ရသောအခါ။
“အင်တာနက် Live တွေကို စည်းကမ်းတကျ ကြပ်မတ်သင့်နေပြီ။လူကြည့်များဖို့အတွက် ဘာမဆို လုပ်နေကြတာပဲ ဒီလိုစကားတွေကို ဘယ်လိုများ ပေါ့ပေါ့ဆဆ ပြောရဲတာလဲ။”
“ဦးနှောက်အကျိတ်ကို Internet Streamer တစ်ယောက်က ကုနိုင်တယ်ဆိုရင် ဆရာဝန်တွေ ဘာလုပ်ဖို့ လိုတော့မှာလဲ။”
“Internet Streamer ဆိုတာ ဘယ်လိုလူတန်းစားလဲဆိုတာ ပြောနေဖို့ မလိုတော့ဘူးမလား။ သူတို့အားလုံးက ဟာသလုပ်တဲ့လူတွေပဲလေ။”
“Ocean Platform က ကျောက်မင်နဲ့ လေယာဉ်မယ်ပုံစံတူတဲ့ သရုပ်ဆောင်နှစ်ယောက်ကို ငှားပြီး ဟန်ဆောင်ခိုင်းထားတာများလား လူစိတ်ဝင်စားအောင် လိမ်နေတာပဲ။”
လောကကြီးတွင် Live လောကမှာ အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။လုပေါင်၏ ပရိတ်သက် များသည် ဘေးလူများက ရောက်ရောက်ချင်း လုပေါင်ကို လှောင်ပြောင်ဝေဖန်နေကြသည်ကို မြင်သောအခါ။
“စောင့်ကြည့်နေလိုက်ကြ ရတနာနတ်ဘုရားက မင်းတို့ကို ပါးစပ်ပိတ်သွားအောင် လုပ်ပြလိမ့်မယ် ရတနာနတ်ဘုရားကို သာမန် Streamer လို့ မင်းတို့ ထင်နေတာလား။”
လုပေါင်သည် သူ၏ စိတ်မထိန်းနိုင်ဘဲ ပြောလိုက်သော စကားတစ်ခွန်းက ဤမျှအထိ ပြဿနာတက်သွားလိမ့်မည်ဟု မထင်ထားသဖြင့် အနည်းငယ် အားကိုးရာမဲ့သွားသည်။
“အခုတော့ စနစ်ကပေးတဲ့ မျိုးရိုးဗီဇဆေးက တကယ် အစွမ်းထက်ဖို့ပဲ မျှော်လင့်ရတော့မယ်။မဟုတ်ရင်တော့ ငါ ဒီတစ်ခါ တကယ်လူကြားထဲမှာ အရှက်ကွဲတော့မှာပဲ။”
မျက်နှာပြင်၏ အခြားတစ်ဖက်တွင် ဥက္ကဋ္ဌ လုလင်းဟွာသည်လည်း မှင်သက်နေမိသည်။ အစပိုင်းတွင် လူကြည့်နှုန်းတက်ရန်သာ စဉ်းစားခဲ့သော်လည်း ယခုတော့ လူကြည့်နှုန်းမရခင် ဝေဖန်သံတွေက အရင်ရောက်လာပြီဖြစ်၏။
“ရတနာနတ်ဘုရားရေ... အားလုံးက မင်းအပေါ်မှာပဲ မူတည်နေပြီနော်။မဟုတ်ရင်တော့ ငါ့ရဲ့ Ocean Platform ရဲ့ နာမည်ပျက်တော့မှာ။"
လျှို့ဝှက်ကျွန်းပေါ်တွင်...
ဘေးတွင်ရှိသော ကျောက်မင်သည် လုပေါင်၏ စကားကို ကြားသောအခါ အသိတရားတို့ ပျောက်ဆုံးနေပြီး လုပေါင်ကို လှမ်းဆွဲလိုက်သည်။
“ကျေးဇူးပြုပြီး... မမရွှယ်ချီကို ကယ်ပေးပါဦး။”
ဗီဒီယိုကောမှ အဖိုးအို ကျောက်ပိုင်းရန် ကတော့ ဘေးလူများကဲ့သို့ လုပေါင်ကို ဝေဖန်ခြင်းမပြုဘဲ ပြောလိုက်သည်။
“လူငယ်လေး... မင်းမှာ တကယ်ပဲ နည်းလမ်းရှိတယ်ဆိုရင် အဲ့ဒါက အမှန်ဖြစ်ပါစေလို့ အဘိုး မျှော်လင့်ပါတယ်။အဲ့ဒီလိုသာဆိုရင် ဒါက ငါတို့ တရုတ်ပြည်ရဲ့ ဆေးပညာလောကအတွက် ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်လာမှာပဲ။”
အဖိုးအို၏ စကားကို ကြားရသောအခါ လုပေါင် စိတ်ထဲမှ ချီးကျူးမိသွားသည်။
“ဒါမှ လက်စွမ်းထက်တဲ့ ပညာရှိကြီးပဲ သူ့ရဲ့ စိတ်ထားက တကယ့်ကို ပြည့်ဝလိုက်တာအင်တာနက်ပေါ်က ဆရာကြီးလုပ်နေတဲ့သူတွေနဲ့ ယှဉ်လို့တောင် မရဘူး။”
“ဒါပေမဲ့ မင်း မြန်မြန်လုပ်ရမယ်။ဒီမိန်းကလေးရဲ့ အခြေအနေက အချိန်ဆွဲလို့ မရဘူး။သူမခေါင်းထဲက အကျိတ်က အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံးလိုပဲ။”
“နှမြောစရာပဲ။သူမကို အဘိုးဆီ အချိန်မီ ပို့နိုင်ရင်တော့ ဆေးပြင်းတွေသုံးပြီး အခြေအနေကို အရင် တည်ငြိမ်အောင် လုပ်ပေးနိုင်ဦးမယ်။ဒါဆိုရင်အချိန်အနည်းငယ် ပိုရနိုင်တာပေါ့။”
ထိုစကားကို ကြားသောအခါ လုပေါင် ချက်ချင်းပင် မေးလိုက်သည်။
“အဘိုး... ဆေးတွေနဲ့ အရင် တည်ငြိမ်အောင် လုပ်လို့ရတယ် ဟုတ်လား။”
ကျောက်ပိုင်းရန်က စိတ်ရှည်စွာ ရှင်းပြသည်။
“အခြေအနေကို တည်ငြိမ်အောင် လုပ်တာထက် သူမရဲ့ ခန္ဓာကိုယ် ခုခံအားကို မြှင့်တင်ပေးဖို့ ပြောတာပါ။ဒီမိန်းကလေးက ကျွန်းပေါ်မှာ သုံးနှစ်တောင် နေခဲ့တာဆိုတော့ သူမရဲ့ ခန္ဓာကိုယ်က အတော်လေး အားနည်းနေပြီ။ ဦးနှောက်အကျိတ် မဖောက်ပြန်ခင်မှာပဲ သူမရဲ့ ခန္ဓာကိုယ်က အရင် လဲကျသွားလိမ့်မယ်။ အရင်ဆုံး အားဖြည့်ဆေးတွေနဲ့ သူမရဲ့ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ပေးဖို့ လိုအပ်တယ်။”
လုပေါင် ခေါင်းညိတ်လိုက်သည်။ အဖိုးအိုက တကယ့် ပညာရှင်ပီပီ ရှင်းပြတာ လွယ်ကူလှသည်။ဆေးပညာမသိသော လုပေါင်ပင် နားလည်သွားသည်။ထို့နောက် လုပေါင်သည် သူ့နောက်ဘက်မှ မုန်လာဥဖြူကြီးနှင့် တူသောအရာတစ်ခုကို ထုတ်ယူလိုက်ပြီး အဖိုးအိုကို ပြလိုက်သည်။
“အဘိုး... ဒါကို ကြည့်ပေးပါဦး။ ဒီအရာက အားဖြည့်ပေးဖို့ လုံလောက်ရဲ့လား။”
ကင်မရာရှေ့တွင် ကျောက်ပိုင်းရန်သည် လုပေါင်လက်ထဲမှ အရာကို မြင်လိုက်ရသည်နှင့် မျက်လုံးများ ပြူးကျယ်သွားကာ စိတ်လှုပ်ရှားလွန်းသဖြင့် မုတ်ဆိတ်မွှေးများပင် တုန်ခါလာတော့သည်။
“ဒါက... အနှစ်တစ်ထောင် ဂျင်ဆင်းမဟုတ်လား။"
လုပေါင် ထုတ်လိုက်သည့် အရာမှာ မီးနီပုရွက်ဆိတ်စစ်တပ်နှင့် ကြွက်စစ်တပ်တို့ ရှာပေးခဲ့သော အနှစ်တစ်ထောင် ဂျင်ဆင်း ပင် ဖြစ်တော့သည်။
အခန်းး ၁၄၂ - အကယ်၍ ကောင်းကင်ဘုံက မင်းလို အလိမ်ဖော်ဘုရင်ကို မမွေးဖွားခဲ့ရင် ကီးဘုတ်လောကကြီးဟာ ထာဝရ အမှောင်ထုလို ဖြစ်နေလိမ့်မယ်။
သို့သော်လည်း ဤအရာမှာ သက်တမ်းအလွန်ရင့်နေသဖြင့် သာမန်ညှိုးခြောက်နေသော ဂျင်ဆင်းနှင့် မတူဘဲ ကိုယ်ထည်မှာ ဖွံ့ဖြိုးမှုရှိသော မုန်လာဥတစ်လုံးနှင့် တူနေသည်။
‘အနှစ်တစ်ထောင် ဂျင်ဆင်းဆိုရင် လုံလောက်မှာ မဟုတ်လား။’
လုပေါင်အတွက်တော့ ဤအရာမှာ မုန်လာဥတစ်လုံးနှင့် ဘာမှမခြားနားပေ။ဤကျွန်းပေါ်တွင်လည်း အများကြီး ရှိနေဦးမည်ပင်။
“ဒီအနှစ်တစ်ထောင် ဂျင်ဆင်းကို ဘယ်ကနေ ရှာတွေ့တာလဲ အဘိုးမှာ ဒီလို ရှားပါးတဲ့ ဆေးဘက်ဝင် ပစ္စည်းမျိုး လိုအပ်နေတဲ့ ဆေးနည်းတွေ ရှိနေတာ ရှာရတာ မလွယ်ဘူး ဖြစ်နေလို့သာ။”
“အဘိုးက ဒါတွေ လိုနေတာလား။ပြဿနာမရှိပါဘူး။ကျွန်တော် ပြန်ရောက်ရင် ရှစ်ခု။ဆယ်ခုလောက် ယူလာပေးပါ့မယ်။နောက်ပြီး နှစ်သုံးရာသက်တမ်းရှိတဲ့ ဟွမ်လျန် နဲ့ အနှစ်နှစ်ရာသက်တမ်းရှိတဲ့ ကုဖန် တွေရော လိုသေးလား ထားလိုက်ပါတော့... အချိန်တန်ရင် အကုန်လုံး ထုပ်ပိုးပြီး အဘိုးဆီ ပို့ပေးလိုက်ပါ့မယ်။”
လုပေါင်သည် ဤတရုတ်တိုင်းရင်းဆေး ပညာရှိကြီးအပေါ် အထင်ကြီးလေးစားမိသွားသည်။ထို့နောက် သူသည် ပုရွက်ဆိတ်နီလေးနှင့် ကျောက်တုံးဘုရင် တို့ရှာပေးထားသော ဆေးဘက်ဝင် အပင်များစွာကို ထုတ်ပြလိုက်သည်။
ဗီဒီယိုကောထဲမှ ကျောက်ပိုင်းရန်မှာ ဆေးပင်တစ်ပင် မြင်လိုက်ရတိုင်း သူ၏ မုတ်ဆိတ်ဖြူကြီးကို ဆွဲဆွဲပြီး အံ့ဩနေမိသည်။အသက် ၇၀ ၈၀ အရွယ် အဖိုးအိုတစ်ဦးမှာ ကလေးလေးတစ်ယောက်လို ဝမ်းသာအားရ ဖြစ်နေရှာသည်။
“ကောင်းတယ် ကောင်းတယ်... အဘိုး ဒီဆေးပင်တွေကို စောင့်နေပါ့မယ်။ဒါက အဘိုးအတွက် တကယ့်ကို အထောက်အကူ ဖြစ်စေမှာပါ။ဒါပေမဲ့ ဒီဆေးတွေက သက်တမ်းအရမ်းရင့်နေတော့ ဆေးအာနိသင်က အရမ်းပြင်းလိမ့်မယ်။ဒီမိန်းကလေးရဲ့ ခန္ဓာကိုယ်က တောင့်ခံနိုင်ပါ့မလားလို့ အဘိုး စိုးရိမ်မိတယ်။”
“အဘိုး မင်းကို ဆေးနည်းတစ်ခု သင်ပေးမယ်။ဆေးပင်တွေကို ပေါင်းစပ်လိုက်ရင် အာနိသင်က ပိုပြီး နူးညံ့သွားလိမ့်မယ်။”
ထို့နောက် အဖိုးအိုကျောက်က လုပေါင်ကို ဆေးဖော်စပ်နည်း တစ်ခုကို ချက်ချင်း သင်ပေးလိုက်သည်။လုပေါင်က သေချာမှတ်သားနေသလို Live ထဲက Fan များမှာလည်း စိတ်လှုပ်ရှားနေကြသည်။
“ညီအစ်ကိုတို့ရေ... ဒီနေ့ Live ကြည့်ရတာ တန်လိုက်တာ။ ဒါက တကယ့် လက်စွမ်းထက်တဲ့ ဆရာဝန်ကြီးရဲ့ ဆေးနည်းဗျ။”
“ကျွန်တော်တော့ မှတ်ထားလိုက်ပြီ။နောက်မှ ဒီဆေးနည်းအတိုင်း ဝယ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် အားဖြည့်ဦးမှပဲ။”
“အပေါ်က ညီအစ်ကို... မင်းကတော့ မင်းရဲ့ အားနည်းချက်ကို ဖော်ပြလိုက်တာပဲ ဟားဟား။”
လုပေါင်ဘက်တွင် ကံကောင်းထောက်မစွာဖြင့် ဆေးနည်းထဲမှ ဆေးပင်အားလုံး ရှိနေသဖြင့် ဂူထဲတွင်ပင် အဖိုးအို သင်ပေးသည့်အတိုင်း စတင်ဖော်စပ်တော့သည်။ထို့နောက် မြေအိုးနှင့် ထည့်ပြီး ကျိုလိုက်ရာ မကြာမီ ဆေးနံ့လေးများ ဂူထဲတွင် သင်းပျံ့လာသည်။
ဆေးတိုက်သည့် အလုပ်ကိုတော့ ကျောက်မင်ထံ အပ်နှံလိုက်သည်။လုပေါင်သည် မျိုးရိုးဗီဇဆေးအတွက် လိုအပ်သော ဆေးပင်များကို သွားရောက်ရှာဖွေရန် Live ကို ခေတ္တပိတ်ရန် ပြင်လိုက်သည်။ အပြင်တွင်လည်း မှောင်စပြုနေပြီ ဖြစ်သည်။
“ညီအစ်ကိုတို့... ကျွန်တော် ပစ္စည်းကိရိယာတွေ ခဏစစ်ဆေးလိုက်ဦးမယ်။မနက်ဖြန်ကျမှ ဆေးရှာပုံကို Live ပြန်လွှင့်ပေးမယ် စောင့်ကြည့်နေကြဦးနော်။ ဦးနှောက်အကျိတ်ဆိုတာ ဘာမှမဟုတ်ပါဘူး ကျွန်တော် ဘယ်လိုကုမလဲဆိုတာ စောင့်ကြည့်လိုက်ပါ။”
Live ပိတ်သွားပြီးနောက် လုပေါင်သည် ကျောက်မင်နှင့် ကျန်းရွှယ်ချီတို့၏ ဘေးကင်းလုံခြုံရေးအတွက် ဒါပေါင်နှင့် ဟေးမီကို ဂူထဲတွင် ထားခဲ့သည်။သူက ချီလင်လေးကို ချီပြီး ချပ်ဝတ်နဂါးပေါ် တက်ကာ အနီးနားရှိ တောင်တန်းများဆီသို့ ဦးတည်လိုက်သည်။
ညအချိန်ကို အခွင့်ကောင်းယူပြီး ဆေးပင်အချို့ကို အရင်စုဆောင်းထားမှ ဖြစ်မည်။ မဟုတ်ပါက မနက်ဖြန် Live လွှင့်သည့်အခါ သူ၏ ဆေးနည်းလမ်းများအားလုံး လူသိကုန်ပေလိမ့်မည်။
ချပ်ဝတ်နဂါးကိုစီးနင်းရင်း လုပေါင်သည် နေဝင်ဆည်းဆာ အလှကို ခံစားကာ တောင်တန်းများထဲသို့ လှည့်လည်သွားလာနေသည်။စနစ်က ပေးထားသော ဆေးဖော်မြူလာအတိုင်း ပုရွက်ဆိတ်နီနှင့် ကျောက်တုံးဘုရင်တို့ကို တာဝန်ပေးကာ လိုအပ်သော ဆေးပင်များကို အာရုံစိုက်ရှာခိုင်းလိုက်သည်။
သူကိုယ်တိုင်ကမူ သူ၏ လူမှုကွန်ရက် အကောင့်ကို ဖွင့်ကြည့်လိုက်ရာ Private Messageများမှာ လျှံထွက်နေပြီဖြစ်သည်။ လုပေါင် ခေါင်းခါလိုက်မိသည်။Message အများစုမှာ သူ့ကို ဆဲဆိုတိုက်ခိုက်ထားခြင်းများပင်။
အင်တာနက်ပေါ်က ဆရာကြီး များမှာ တကယ်ကို ကြမ်းတမ်းလွန်းလှသည်။လုပေါင်ကတော့ ထိုစကားများကို စိတ်ထဲမထားပေ။ အင်တာနက်ပေါ်တွင် ထိုသို့သော ကီးဘုတ်နတ်ဘုရား များစွာ ရှိနေသည်ကို သူ သိသည်။
၎င်းတို့ထဲတွင် နာမည်အကြီးဆုံးမှာ အလိမ်ဖော်ဘုရင် ဆိုသည့် အကောင့်တစ်ခုပင်။ သူက လုပေါင်၏ Live ကို ဝေဖန်တိုက်ခိုက်သည့် ဗီဒီယိုတစ်ခုကိုပင် သီးသန့်တင်ထားသည်။၁၀ မိနစ်စာ ဗီဒီယိုထဲတွင် တစ်စက္ကန့်မှမလပ် လုပေါင်ကို ပုတ်ခတ်ထားခြင်း ဖြစ်သည်။
ထိုအကောင့်သည် အလိမ်ဖော်သည့် ဗီဒီယိုများဖြင့် ပရိတ်သက် အများအပြား ရထားသူဖြစ်သဖြင့် နမည်ကြီးလှသည်။လုပေါင်ကို လူကြားထဲမှာ အရှက်ခွဲရန် လူကြည့်နှုန်းရရန် အောက်တန်းကျသော နည်းလမ်းများ သုံးနေသည်ဟု သူက စွပ်စွဲထားသည်။ အရေးကြီးဆုံးမှာ ထိုဗီဒီယို တင်ပြီးပြီးချင်းမှာပင် ကြည့်ရှုသူ တစ်သန်း ကျော်သွားခြင်းပင်။
Ocean Live Streaming Platform မှ လုလင်းဟွာသည်လည်း ဤအခြေအနေကို သတိပြုမိသည်။ဤဗီဒီယိုကြောင့်လုပေါင်သာမက သူတို့၏ Platform ပါ အတိုက်ခိုက်ခံနေရသည်။
“ဒီ အလိမ်ဖော်ဘုရင် က ဘာလဲ။”
“ဥက္ကဋ္ဌလု... ကျွန်တော်တို့ စုံစမ်းကြည့်ပြီးပါပြီ။ဒီအကောင့်က Water Army ကုမ္ပဏီတစ်ခုက ထိန်းချုပ်ထားတာပါ။သူတို့က အမြဲတမ်း ပြဿနာရှာပြီး လူကြည့်နှုန်းရအောင် လုပ်နေကြတာ။အခုလည်း ရတနာနတ်ဘုရားကို ပစ်မှတ်ထားနေတာပါ။”
“ဒီသတင်းကို အမြန်ဆုံး နှိမ်ထားလိုက်ကြ။”
“ဥက္ကဋ္ဌလု... ဒါက ကိုင်တွယ်ရ ခက်လိမ့်မယ်။ရတနာနတ်ဘုရားက အဲ့ဒီဗီဒီယိုအောက်မှာ Comment သွားရေးလိုက်ပြီ။”
လုလင်းဟွာ ဖုန်းကို လှမ်းယူကြည့်လိုက်သည်။အလိမ်ဖော်ဘုရင်၏ ဗီဒီယိုအောက်တွင် အထင်ရှားဆုံး ဖြစ်နေသော Comment မှာ
“အကယ်၍ ကောင်းကင်ဘုံက မင်းလို အလိမ်ဖော်ဘုရင်ကို မမွေးဖွားခဲ့ရင် ကီးဘုတ်လောကကြီးဟာ ထာဝရ အမှောင်ထုလို ဖြစ်နေလိမ့်မယ်။”
ဤ Comment ကို တင်လိုက်သူမှာ လုပေါင်၏ အစစ်အမှန် အကောင့်ပင် ဖြစ်သည်။ထိုအခါ လုပေါင်၏ ပရိတ်သက် များမှာ ချက်ချင်းပင် အကြောင်းကြားချက် ရရှိသွားကြပြီး စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းဝန်းအားပေးကြတော့သည်။
“ရတနာနတ်ဘုရားကတော့ ကြမ်းပြီဗျာကိုယ်တိုင် ဆင်းတိုက်ပြီ။ဒီအလိမ်ဖော်ဘုရင်ကတော့ ကောင်းတဲ့လူ မဟုတ်တာ သေချာတယ်။”
“ကျွန်တော်တို့ရဲ့ ရတနာနတ်ဘုရားကိုမှ လာပြီး ပြဿနာရှာရဲတယ်ပေါ့။”
“ဟားဟား... ဒီနေ့ အလိမ်ဖော်ဘုရင်တစ်ယောက် ကီးဘုတ်နတ်ဘုရားအဆင့်ကို ရောက်သွားပြန်ပြီ။ကီးဘုတ်... လာစမ်း လို့ အော်နေသလိုပဲ။”