← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း ၁၄၉ - ငါနဲ့ ဒီရွှေဖားကြီးကြားမှာ အဆင်ပြေတဲ့စကားပြောဆိုမှု ရှိသင့်တယ်။

“ပေါင်ပေါင်ရေ... ကြည့်ရတာ ရွှေဖားကြီးက မင်းကို ကြံစည်နေတာ မဟုတ်ဘဲ မင်းကသာ သူ့ကို ကြံစည်နေတာပါလား။သူ အလုပ်ကိစ္စ လုပ်နေတာတောင် မင်းက မျက်တောင်မခတ်တမ်း ကြည့်နေတာပဲ။”

“နေပါဦး... ဒီရွှေဖား အီးပါတာက ဘာတွေလဲ ဘာလို့ ဒီလောက် ရွှေရောင်တောက်ပြီး ပြောင်လက်နေရတာလဲ။”

“ဘုရားရေ ဒါတွေက ရွှေတွေလား တကယ့်ကို မျက်စိပွင့်သွားတာပဲ။”

“ရတနာနတ်ဘုရား... ဒါက ချမ်းသာပြီ မဟုတ်လား။ဒီဖားပြုပ် စွန့်ထုတ်လိုက်တဲ့ အီးတွေက ရွှေတွေဖြစ်နေတာပဲ။”

“ဒီနေရာမှာ မေးစရာရှိတာက ရွှေနဲ့လုပ်ထားတဲ့ အီးလား အီးကနေဖြစ်လာတဲ့ ရွှေလား... ဘယ်ဟာကို ပိုလက်ခံနိုင်မလဲ။”

“အပေါ်ကလူရဲ့ IQ က ဘယ်ရောက်သွားတာလဲ သိသာတာပေါ့... ငါ နှစ်ခုလုံး လိုချင်တာ။”

“ရွှေအီးပါတဲ့ ရွှေဖားလား ကျွန်တော်တို့ ညီအစ်ကိုတွေ တစ်ယောက်တစ်ကောင်စီ လောက် ပို့ပေးလို့ ရမလား။”

“ရတနာနတ်ဘုရားရေ... တောင်းပန်ပါတယ်၊ နေရာလေးသာ ပေးလိုက်ပါ။ကျွန်တော်က ဖားပြုပ်မျိုးရိုးက ဆင်းသက်လာတာမို့လို့ ဒီရွှေဖားကြီးနဲ့ ငါနဲ့ကြားမှာ အဆင်ပြေတဲ့ စကားပြောဆိုမှု ရှိမှာပါ။”

Live ထဲက ရွှေဖားကြီး၏ အောက်ပိုင်းမှ ထွက်ကျလာသော ရွှေများကို ကြည့်ပြီး ပရိတ်သက် များမှာ ဆွံ့အကုန်ကြသည်။ရွှေဖားကြီးပါလိုက်သည်မှာ ရွှေအစစ်ဖြစ်ကြောင်း အတည်ပြုပြီးနောက် လုပေါင် ၏ ရွှေဖားကြီးအပေါ် ကြည့်သည့် အကြည့်များမှာ စူးရှတောက်ပလာတော့သည်။

ဒီကောင်လေးကိုသာ ငါ့ဘေးမှာ ထားရင် ဒါက ATM စက်အစစ်ပဲ မဟုတ်လား။

လုပေါင်သည် မျက်လုံးတစ်ချက် ဝှေ့ယမ်းလိုက်ပြီး နှင်းလုံးလေး ကို ခေါ်ကာ လျှို့ဝှက် ညွှန်ကြားချက်အချို့ ပေးလိုက်သည်။မကြာမီမှာပင် နှင်းလုံးလေးသည် လိမ္မော်ရောင် အသီးများ ပါရှိသော အပင်တစ်ကိုင်းကို ချီပြီး ပြန်ရောက်လာသည်။၎င်းမှာ နှင်းလုံးလေး ဝမ်းလျှောအောင် စားခဲ့သော အသီးများပင် ဖြစ်သည်။

“ရွှေဖားလေးရေ ငါတို့ ပထမဆုံး တွေ့တာဆိုတော့ ပေးစရာ သိပ်မရှိလို့ အားနာလိုက်တာ။ ဒီအသီးလေးတွေက အရသာရှိပုံရလို့ မင်းအတွက် မြည်းကြည့်ဖို့ ယူလာပေးတာပါ။”

လုပေါင်အပေါ် ခင်မင်မှု ရှိပြီးသားဖြစ်သော ရွှေဖားကြီးမှာ မဆိုင်းမတွပင် ထိုအသီးများကို မျိုချလိုက်တော့သည်။

“ဂလု... ဂလု...”

မကြာမီမှာပင် ရွှေဖားကြီး၏ ဗိုက်ထဲမှ အသံများ ထွက်ပေါ်လာသည်။ထိုအသံကို ကြားလိုက်ရသော နှင်းလုံးလေး၏ မျက်နှာမှာ မေ့ပစ်ချင်စရာကောင်းသော အတိတ်ကို သတိရသွားသလိုမျိုး ထူးထူးဆန်းဆန်း ဖြစ်သွားသည်။လုပေါင်ကတော့ အပြစ်မကင်းသလို ခံစားရသဖြင့် ခေါင်းငုံ့ထားလိုက်သည်။

“ဗြစ်... ဗြစ်... ဗြစ်”

ရွှေလုံးလေးများမှာ တစ်လုံးပြီးတစ်လုံး မရပ်မနား ထွက်ကျလာတော့သည်။ခဏအတွင်းမှာပင် ရွှေလုံးအရေအတွက်မှာ တစ်ရာကျော်သွားသဖြင့် လုပေါင်၏ မျက်လုံးများ ပြူးထွက်သွားသည်။ရွှေတစ်လုံးလျှင် အနည်းဆုံး ဂရမ် ၅၀ ခန့် ရှိမည်ဆိုလျှင် စုစုပေါင်း တန်ဖိုးမှာ သိန်းပေါင်းများစွာ ရှိနေပြီဖြစ်သည်။

တစ်ခါပါလိုက်ရုံနဲ့ သိန်းပေါင်းများစွာ တန်ဖိုးရှိတာလား။

လုပေါင်၏ အစီအစဉ်ကို မြင်သောအခါ ပရိတ်သက် များမှာလည်း အလုအယက် Comment ပေးကြသည်။

“ဘုရားရေ... ပေါင်ပေါင်ရဲ့ ဉာဏ်ကတော့ တော်တော်စူးတာပဲ။သူ ရွှေပါမှန်း သိတာနဲ့ ဝမ်းနှုတ်ဆေး ချက်ချင်း ကျွေးလိုက်တာလား။”

“ပိုက်ဆံရိုက်စက်တောင် သူ့ကို ဆရာတင်ရမယ်။ဒါက ပိုက်ဆံရိုက်တာထက်တောင် ပိုမြန်နေသေးတယ်။”

“ထိတ်လန့်ဖွယ်!ယ Live တစ်ခုကြောင့် ကမ္ဘာ့ရွှေစျေးနှုန်းများ ကျဆင်းသွားမလား။”

နောက်ဆုံး ရွှေလုံးလေး ကျလာပြီးနောက် ဝမ်းနှုတ်ဆေး အာနိသင်မှာ ခေတ္တ ရပ်တန့်သွားသည်။ရွှေဖားကြီး၏ မျက်နှာမှာ ဖြူဖျော့နေသည်ကို မြင်သောအခါ လုပေါင်က အားနာနာဖြင့် ပြောလိုက်သည်။

“ရွှေဖားလေးရေ... မင်းရဲ့ အစာခြေစနစ်က တကယ်ကို မကောင်းဘူးပဲ။နောက်ဆို လျှောက်မစားနဲ့တော့။ဒီနေ့ကစပြီး ငါ့နောက်လိုက်ခဲ့ငါက တိုင်းရင်းဆေးဆရာဟောင်း တစ်ယောက်မို့လို့ မင်းရဲ့ အစာအိမ်ရောဂါ ပျောက်အောင် ကုပေးမယ်။”

ရွှေဖားကြီးကလည်း လုပေါင်၏ စကားကို သဘောတူသည့်အလား အသံပြုလိုက်သည်။Live ထဲက ပရိတ်သက် များမှာတော့ ဗျောင်းသက်ကုန်ကြသည်။

ထိုအချိန်တွင် လုပေါင်သည် တစ်ခု သတိရသွားသည်။

‘ဒီရွှေဖားကြီးကရွှေအီးပါတာဆိုရင် အရင်ကလည်း သူ ပါထားတာတွေ ရှိမှာပေါ့။’

“ညီအစ်ကိုတို့ရေ ဒီနေ့တော့ ကျွန်တော် အီးကောက်တဲ့အရာရှိအဖြစ် အသွင်ပြောင်းပြီး မင်းတို့ကို အီးလိုက်ကောက်ပြမယ်။”

လုပေါင်သည် ချိုင့်ဝှမ်းအတွင်း လိုက်ရှာသော်လည်း ပန်းခင်းထဲတွင် ရွှေကို မတွေ့ရပေ။နောက်ဆုံးတွင် ရွှေဖားကြီးက လုပေါင်၏ ထူးဆန်းသော အပြုအမူကို သတိပြုမိသွားပြီး ချိုင့်ဝှမ်း၏ အစွန်းတစ်နေရာသို့ ခုန်သွားကာ အချက်ပြလိုက်သည်။လုပေါင် ချက်ချင်း လိုက်သွားရာ အပင်များဖြင့် ဖုံးကွယ်ထားသော ကျင်းကြီးတစ်ခုကို တွေ့လိုက်ရသည်။

ထိုကျင်းထဲတွင် ရွှေလုံးလေးများမှာ တောင်ပုံရာပုံ ရှိနေပြီး အနည်းဆုံး ထောင်ဂဏန်းမက ရှိမည်ဖြစ်သည်။ဒါကရွှေဖားကြီး ကိုယ်တိုင် ပြင်ဆင်ထားသော အိမ်သာပင် ဖြစ်ရမည်။

ရွှေဖားကြီး၏ စုဆောင်းထားသော အီးများမှာ ထောင်ဂဏန်းသာ ရှိသော်လည်း သူက အခုလေးတင် တစ်ရာကျော်လောက် ပါခိုင်းလိုက်သဖြင့် လုပေါင် အနည်းငယ် အပြစ်မကင်း ဖြစ်သွားသည်။

“ဒီလောက်အများကြီး ရှိမှန်း သိရင် ငါ ဒီလို ယုတ်မာတဲ့ အလုပ်မျိုး မလုပ်ပါဘူး။”

“ဂွား... ဂွား”

ရွှေဖားကြီးသည် လုပေါင်က သူ၏ အီးပုံကို သေချာစိုက်ကြည့်နေသဖြင့် ဝေခွဲမရ ဖြစ်နေသည်။

“အင်း... ရွှေဖားလေးမင်းရဲ့ အီးတွေကို တစ်နေရာတည်းမှာ စုထားတဲ့ အလေ့အကျင့်က အရမ်းကောင်းပြီး သန့်ရှင်းတယ်ချီးကျူးထိုက်တယ်။ဒါပေမဲ့ မင်းရဲ့ အစာခြေစနစ်မှာ ပြဿနာကြီးကြီးမားမား ရှိနေတာ ငါတွေ့တယ်။ ကြည့်စမ်း... ဒီအီးလေးတွေက လုံးနေတာပဲ ဒါကို ငါတို့ ပညာရပ်အရ သိုးချေး လို့ ခေါ်တယ်။ ဒါက ဝမ်းချုပ်နေတာ သေချာတယ်။”

“ဒါကြောင့် ငါက မင်းကို ချောဆီ နည်းနည်း ကျွေးလိုက်တာလေ။တွေ့လား... ချက်ချင်းပဲ ဝမ်းသွားရတာ ချောမွေ့သွားပြီ မဟုတ်လား။”

“ဒါပေမဲ့ မင်းရဲ့ ရောဂါက မပျောက်သေးဘူး။ဒါကြောင့် ဒီအီးတွေကို ငါ သိမ်းသွားပြီး သေချာ လေ့လာရမယ် ဒါမှ မင်းရဲ့ အူလမ်းကြောင်းကို ဘယ်လိုကုရမလဲ သိမှာ။”

လုပေါင်သည် အတည်ပေါက်ဖြင့် လူလိမ် စကားများ ပြောလိုက်တော့သည်။ Live ထဲက ပရိတ်သက် များမှာတော့ မှင်သက်ကုန်ကြသည်။

“ဘာလဲ သိုးချေးဟုတ်လား အကောင်းကြီးရှိတဲ့ ရွှေဖားကြီးကို ဝမ်းချုပ်နေတယ်လို့ ပြောလိုက်တာလား။ရတနာနတ်ဘုရားသာ Live မလွှင့်တော့ရင် လူလိမ်လုပ်ပြီးတောင် အေးအေးဆေးဆေး စားသောက်နေနိုင်တယ်။”

“ဒီ Live ကတော့ တစ်လောကလုံးမှာ အလိမ်ဆုံး Live ပဲလို့ ငါ ကြေညာတယ်။”

“ဘုရားရေ... ရွှေတွေ အများကြီးပဲ ရတနာနတ်ဘုရား... ကျွန်တော်တို့ ညီအစ်ကိုတွေအတွက် တစ်ခုလောက် လက်ဆောင်ပေးပါဦး။”

“ဒီလောက် ရွှေတွေအများကြီးဆိုရင် သိန်းပေါင်း သောင်းချီတန်မှာပဲ။အခုတော့ ကမ္ဘာ့ရွှေစျေးနှုန်း တကယ် ကျတော့မှာပဲ။”

ဤ Comment များကို မြင်သောအခါ လုပေါင်က ချက်ချင်း ပြောလိုက်သည်။

“အဟမ်း... ဟို Platform က တာဝန်ရှိသူ ငါ့ Live ရဲ့ Filter ကို ခဏလောက် ပိတ်ပေးပါဦး။ ဘာတွေ ဖြစ်နေတာလဲ ကြည့်ကြပါဦး။”

“ဒီရွှေဖားရဲ့ အီးတွေကို ရွှေတွေလို့ ဘယ်သူက မှားနေတာလဲ။ရွှေက ဘယ်မှာလဲ။ရွှေက ဘယ်က ထွက်လာမှာလဲ။”

“ဒီ Filter က အရမ်းများနေလို့ အမြင်တွေ လွဲကုန်တာပါ။ငါ ဘယ်လိုလုပ် Live ဆက်လွှင့်ရမလဲ။ ငါ့ကို သတ်ချင်နေတာလား။”

Ocean Live Streaming Platform မှ နည်းပညာရှင်မှာတော့ လုပေါင်၏ စကားကြောင့် ဆွံ့အပြီး ဘာပြောရမှန်း မသိတော့ပေ။

အခန်း ၁၅၀ - “ငါ့ရွှေလုံးလေးတွေ ပြန်ပေး” ဆိုသည့် ကြွေးကြော်သံ။

လုပေါင်က ထိုသို့ပြောလိုက်သည်နှင့် Live ထဲက Fan များမှာ ရယ်လို့ မရပ်နိုင်တော့ပေ။

“ဟုတ်တယ်... ဟုတ်တယ်... အားလုံးက Filter ကြောင့်ပဲ။”

“ဘုရားရေ... ပေါင်နတ်ဘုရားကတော့ ပိုပိုပြီး လည်လာပြီပဲ။သူက ဂုဏ်ထူးဆောင်လက်မှတ်တို့ အလံတို့နဲ့တင် အားမရတော့ဘူး။”

“ဒါပေါ့... ဒါက အမှန်ပါပဲကျွန်တော်တို့ ညီအစ်ကိုတွေ ရွှေကို မမြင်ပါဘူး ရွှေဖားရဲ့ အီးတွေကိုပဲ မြင်တာပါ။ရွှေဖားအီးတွေကိုတော့ နိုင်ငံတော်ကို အပ်စရာ မလိုဘူးမလား။”

“ဟီးဟီး... ပေါင်နတ်ဘုရားရေ လူထုရဲ့ မျက်လုံးတွေက စူးရှတယ်နော်။ကံစမ်းမဲလေး တစ်ခုလောက် လုပ်ပေးပါဦး။မဟုတ်ရင်တော့ ညီအစ်ကိုတွေက သူတို့မြင်လိုက်တာ ဘာလဲဆိုတာ သေချာသိမှာ မဟုတ်ဘူး။”

ဤ Comment ကို မြင်သောအခါ လုပေါင်က ချက်ချင်း တုံ့ပြန်လိုက်သည်။

“ဒီနေ့ အသီးအနှံတွေ အများကြီး ရထားတယ်ဆိုတော့ ညီအစ်ကိုတွေအတွက် ကံစမ်းမဲ ဖောက်ပေးမယ်။ကံမကောင်းတဲ့ လူ ၁၀ ယောက်အတွက် ရွှေဖားအီး ၁၀ လုံးပေါ့။ မှတ်ထားနော်... ဆုက ရွှေဖားအီးပဲ၊ တခြား ဘာမှမဟုတ်ဘူး။”

နှုတ်ပိတ်ခ ကတော့ လိုအပ်သည် မဟုတ်ပါလား။

ရွှေလုံးတစ်လုံး၏ တန်ဖိုးမှာ အနည်းဆုံး ယွမ်တစ်သောင်းကျော် ခန့် ရှိမည်ဟု ခန့်မှန်းရသဖြင့် ပရိတ်သက် များစွာ၏ အသက်ရှူသံများ မြန်ဆန်လာတော့သည်။Live ထဲက Comment အရေအတွက်မှာလည်း ဒုံးပျံလို ထိုးတက်သွားသည်။

“ပေါင်နတ်ဘုရားကတော့ ရက်ရောလိုက်တာ ကျွန်တော့်ကို ရွေးပေးပါ။”

“ခြေသုံးချောင်းဖားရေ... ဒါက ရွှေလုံး မဟုတ်ဘူး ဒါက ရွှေဖားအီးပဲ။ကျေးဇူးပြုပြီး ကျွန်တော့်ကို ကံထူးရှင် ဖြစ်ခွင့်ပေးပါ။”

“ဘုရားရေ... အီးတစ်ပုံကို လူတစ်သောင်းလောက် ဝိုင်းလုနေကြတာလား။”

ပရိတ်သက် များ ကံစမ်းမဲအတွက် စိတ်လှုပ်ရှားနေစဉ်မှာပင် လုပေါင်သည် Live Screen တစ်ခုလုံး ဝေဝါးသွားသည်ကို သတိပြုမိလိုက်သည်။Comment များမှာ Screen တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးနောက် နောက်ဆုံးတွင် Live မှာ အမှောင်ကျသွားတော့သည်။

“ဟာ... Server ပြန်ကျသွားတာလား။”

လုပေါင် သူ့နှာခေါင်းကို အနည်းငယ် ရှက်ကိုးရှက်ကန်း ပွတ်လိုက်မိသည်။ ကံစမ်းမဲ ဖောက်ပေးတာလေးက Server ကို ပြိုကျသွားစေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ပရိတ်သက် တွေက တကယ်ကို စိတ်အားထက်သန်လွန်းသည်။

Ocean Live Stream Platform မှ နည်းပညာရှင်များမှာလည်း ဆွံ့အကုန်ကြသည်။ လုပေါင်၏ Live အတွက် သီးသန့် Server ထားရှိသော်လည်း ရုတ်တရက် တက်လာသော Comment အလုံးအရင်းကို မခံနိုင်ဘဲ Server ပျက်ကျသွားခြင်း ဖြစ်သည်။

အမှောင်ကျသွားသော Screen ကို ကြည့်ပြီး ပရိတ်သက် များမှာလည်း ပြောစရာ စကားမရှိတော့ပေ။

“ဘာဖြစ်တာလဲ ပေါင်ပေါင်ရေ... မဲမဖောက်ပေးချင်ရင်လည်း Live ပိတ်စရာ မလိုပါဘူး။”

“ငါတို့ ပေါင်နတ်ဘုရားက အဲ့လို လူမျိုးလား။Server ကျသွားတာ နေမှာပါ။”

“တောက်... အဲ့ဒီ လုလင်းဟွာ ကို သွားရှာကြစမ်း ပရိတ်သက် သိန်းနဲ့ချီတာကို Screen အမည်းကြီး ကြည့်ခိုင်းထားတာလား။”

ဒေါသထွက်နေသော ပရိတ်သက် များမှာ ချက်ချင်းပင် Platform CEO လုလင်းဟွာ ဆီသို့ ဦးတည်သွားကြတော့သည်။ရွှေလုံးလေးတွေက လက်ထဲရောက်ခါနီးမှ Live ပြတ်သွားခြင်းမှာ လူတွေရဲ့ စီးပွားလမ်းကို ပိတ်လိုက်သလို ဖြစ်နေသည် မဟုတ်ပါလား။

ထို့ကြောင့် ပရိတ်သက် တစ်ဦးက လုလင်းဟွာ... ငါ့ရွှေလုံးလေးတွေ ပြန်ပေး ဆိုသည့် ကြွေးကြော်သံကို စတင်လိုက်ရာ လူပေါင်းများစွာက ဝိုင်းဝန်း ထောက်ခံကြတော့သည်။ Platform ၏ လူမှုကွန်ရက် အကောင့်များသာမက CEO လုလင်းဟွာ၏ ပုဂ္ဂိုလ်ရေး အကောင့်များပါ ဒေါသထွက်နေသော ပရိတ်သက် များ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။App Store ထဲက Platform ၏ Rating များမှာလည်း ဆိုးဝါးသော Review များဖြင့် ပြည့်နှက်သွားတော့သည်။

“အမှိုက် Platform… ပေါင်နတ်ဘုရားရဲ့ Live ကို ပြန်ဖွင့်ပေး။”

“လုလင်းဟွာ... မင်း ဒီညတော့ သေဖို့သာ ပြင်ထားတော့။”

CEO လုလင်းဟွာ တစ်ယောက် သူ့ရုံးခန်းထဲတွင် ဒေါသတကြီး အော်ဟစ်နေသည်။

“မြန်မြန်... Ansk က လူတွေကို ဆက်သွယ်စမ်း သူတို့ အလုပ်လုပ်တတ်သေးရဲ့လားလို့ မေးလိုက် ငါ စိတ်ကြိုက် Server အတွက် ပိုက်ဆံတွေ ဒီလောက် အများကြီး ပေးထားတာကို ခဏလေး သုံးရသေးတယ် ပြိုကျသွားရတာလား။”

အွန်လိုင်းပေါ်က ပရိတ်သက် များ၏ ကြောက်စရာကောင်းသော မျက်နှာများကို တွေးမိရင်း လုလင်းဟွာ တုန်လှုပ်သွားသည်။သူသည် Ansk ကုမ္ပဏီမှ ဟက်ဒလေ ထံသို့ တိုက်ရိုက် ဖုန်းဆက်လိုက်သည်

“မစ္စတာ ဟက်ဒလေ... ကျွန်တော် ခိုင်လုံတဲ့ ရှင်းပြချက် လိုချင်တယ်။ Server ပြန်ကျသွားပြန်ပြီ။ ဒီပြဿနာကို အခုချက်ချင်း ဖြေရှင်းပေးပါ။”

ဟက်ဒလေကလည်း အံ့ဩသွားသည်။

“မစ္စတာလု... အရင် စိတ်အေးအေး ထားပါဦး။”

“စိတ်အေးရမယ် ဟုတ်လား။အွန်လိုင်းပေါ်မှာ ငါ့အမေကို လူတွေက အခါတစ်ရာ့ရှစ်ဆယ်လောက် ကျိန်ဆဲပြီး သတ်နေကြပြီ။”

“အိုး... ခင်ဗျားအမေအတွက် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အဲ့ဒါက Server နဲ့ ဘာဆိုင်လို့လဲ။”

“ဘာဆိုင်လဲ ဟုတ်လား Server သာ ပြန်ကောင်းရင် ငါ့အမေကို ကယ်နိုင်ဦးမယ်။ Server သာ မပြင်နိုင်ရင် ငါ့အမေတင်မကဘူး ငါ့ရဲ့ ဆယ့်ရှစ်ဆက်မြောက် ဘိုးဘွားတွေပါ ပြန်အဆွဲထုတ်ခံရပြီး အသတ်ခံရလိမ့်မယ်။”

လုလင်းဟွာမှာ ယဉ်ကျေးမှုကို ဂရုမစိုက်နိုင်တော့ဘဲ သူ့ဒေါသများကို အကုန် ပေါက်ကွဲပစ်လိုက်သည်။ဟက်ဒလေ အခြေအနေကို နားလည်သွားသောအခါ အံ့အားသင့်သွားသည်။

‘အဲ့ဒီတရုတ် Streamer က Server ကို နောက်တစ်ကြိမ် ထပ်ပြီး ပြိုကျအောင် လုပ်လိုက်ပြန်ပြီလား။’

ဟက်ဒလေက Server ကို အခမဲ့ အဆင့်မြှင့်ပေးမည်ဟု ကတိပေးလိုက်သည်။ဖုန်းချလိုက်ပြီးနောက် သူသည် ဇဝေဇဝါ ဖြစ်နေမိသည်။

“မစ္စတာလုရဲ့ အမေက ဘယ်လို မျိုးစိတ်မို့လို့လဲ တစ်ခါသေလိုက် တစ်ခါ ကယ်လို့ရလိုက်နဲ့... ငါများ မှားကြားတာလား။”

တစ်ဖက်တွင်တော့ လုလင်းဟွာသည် Server ကိစ္စ စီစဉ်ပြီးနောက် လုပေါင်ကို ချက်ချင်း ဆက်သွယ်ရန် ကြိုးစားသည်။ လိုင်းမကောင်းသဖြင့် ဖုန်းခေါ်၍ မရဘဲ Platform ၏ သီးသန့် Message မှသာ ဆက်သွယ်၍ ရတော့သည်။

လုပေါင်မှာမူ Live ပြန်လွှင့်ရန် ကြိုးစားနေဆဲ ဖြစ်သော်လည်း Message မှတစ်ဆင့် ဆက်သွယ်မှုကတော့ အဆင်ပြေနေဆဲပင် ဖြစ်သည်။

All Chapters