သိုလှောင်အိတ်
Vol. 10 Ch. 134
စုမင်သည် ဟယ်ဖုန်းအား သယ်ဆောင်ကာ မိုးသစ်တောအားဖြတ်၍ အရှိန်အဟုန်အပြည့်ဖြင့် ပြေးလွှားခဲ့သည်။ ပြေးလွှားနေရင်းမှလည်း တောင်အရပ်ခွဲခွာအား သောက်သုံး၍ ဒဏ်ရာများကိုကုသကာ တစ်နေကုန် အဆက်မပြတ် လှုပ်ရှားနေခဲ့ပြီးမှ အရှိန်ကိုလျှော့ချလိုက်သည်။
မိုးသစ်တော အနက်ပိုင်းသို့ ပိုရောက်လေလေ၊ အန္တရာယ်များမှာ ပိုများလာလေလေ ဖြစ်သည်။ ထိုသို့ ရောက်ရှိလာသည်နှင့်အမျှ မြောက်များလှသော အပင်များနှင့် ထိတ်လန့်ချောက်ချားဖွယ် သားရဲရိုင်းများကို တွေ့မြင်ရသည်။ ကံကောင်းထောက်မစွာပင် သူက အလွန်လျင်မြန်လှသောကြောင့် အဝေးမှ ရှောင်ရှားသွားနိုင်ခဲ့သည်။
အဆုံးအစမဲ့ မိုးသစ်တောအတွင်း၌ စုမင် တောင်ငယ်လေးများကို ရှာဖွေမနေတော့ပေ။ အနားယူရန် ဥမင်လှိုဏ်ဂူ များစွာ တွေ့သော်လည်း သစ်ငုတ်တိုများ အလွန်ထူထပ်စွာ တည်ရှိနေခဲ့သည်ဖြစ်ရာ အချိူ့သော သစ်ငုတ်တိုများမှာ တုတ်ခိုင်လွန်းလှသဖြင့် ပင်စည်အား ပြည့်ပြည့်ဝဝ ဖက်တွယ်နိုင်ရန် လူ၁၀ယောက်ခန့် လက်မောင်းများ ဆန့်တန်းဖို့ လိုအပ်ချေသည်။
စုမင်မှာ ထိုကဲ့သို့ သစ်ပင်ကြီးအား ရှာဖွေခဲ့ပြီး သစ်ခေါင်းအတွင်း၌ ရှင်းလင်းကာ ခေတ္တနေထိုင်မည့်နေရာ ဖြစ်စေခဲ့သည်။ မိမိကိုယ်ကို ကာကွယ်ရန် မြက်ခင်းနီအား ဖြန့်ကျက်ပြီးသည်နှင့် ဟယ်ဖုန်းအား ဘေးတွင်ထားကာ မိမိဒဏ်ရာများအား ကုသရန် မျက်လုံးများမှိတ်၍ တင်ပျဉ်ချိတ်ထိုင်နေခဲ့သည်။
ဒဏ်ရာများအား ပကတိပျောက်ကင်းအောင် မကုသနိုင်သေးခင် လက်ထဲ၌လည်း ကျောက်ဒင်္ဂါးပြားကို ကိုင်ကာ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ဖြင့် သူ့ဘေးနားပတ်လည် ပေ၁၀၀၀ ဧရိယာအား စောင့်ကြည့်၍ စဉ်ဆက်မပြတ် သတိထားနေလိုက်သည်။
ကောင်းကင်ကြီး မည်းမှောင်သွားကာ အပြင်ဘက် ကမ္ဘာမြေအား အမှောင်ထုမှ လွှမ်းခြုံသွားချိန်တွင် စုမင် မျက်လုံးများ ပြန်ဖွင့်၍ သတိလစ်နေသော ဟယ်ဖုန်းအား စူးရှရင့်သီးစွာ စိုက်ကြည့်လိုက်သည်။
ထိုလူမှာ တစ်ကိုယ်လုံး ဆေးပင်များဖြင့် ဖုံးလွှမ်းနေသည်။ သူ့ကိုသာ မိုးသစ်တောထဲ သွားထားလိုက်မည်ဆိုပါက သစ်ပင်တစ်ပင်နှင့် တူနေပေလိမ့်မည်။ ဖြတ်သွားဖြတ်လာလူကပင် ၎င်းအား ရှင်လျက် သေနေသူမှန်း မှတ်မိသိရှိရန် ခဲယဉ်းပေလိမ့်မည်။
စုမင် ဟယ်ဖုန်းအား စိုက်ကြည့်နေကာ ၎င်း၏ မျက်ခုံးအလယ်ဗဟိုသို့ လက်ချောင်းဖြင့် ထိုးစိုက်လိုက်သည်။ တံဆိပ်ခတ်နှိပ်ခြင်းပညာရပ် မရှိစဉ်က အလင်းဖျော့ဖျော့အား စုမင် မမြင်နိုင်ခဲ့ပေ။
သို့သော် ယခုတော့ စုမင်မျက်စိရှေ့တွင်ပင် ထိုအလင်းဖျော့ထဲ၌ လူသေးသေးလေးတစ်ယောက်အား မြင်နေရလေသည်။ ထိုလူသေးလေးမှာ ဟယ်ဖုန်းဖြစ်သည်။ သို့သော်လည်း သူ့မျက်နှာမှာ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေ၏။ စုမင် ရှေ့တွင် ပြားပြားဝပ်ကာ အဆက်မပြတ် တုန်ယင်နေသည်မှာ သူ့အား စာနာသနားပေးပါရန် တောင်းဆိုနေမှုကို နေ့အချိန်ကဲ့သို့ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရစေသည်။
"ပထမတော့ ငါက မင်းကို နာကျင်မှု မခံစားရပါစေနဲ့လေလို့ ရည်ရွယ်ထားတာ။ ငါ ဒီဆေးလုံးတွေ လုပ်ပြီးတာနဲ့ မင်းကို သေသွားစေရမယ်။ မင်းအတွက် လက်တုန့်ပြန်ပေးမလို့တောင် လုပ်ခဲ့ပေမယ့် အခုတော့ ငါစိတ်ပြောင်းသွားပြီ"
စုမင်က ဖြည်းညင်းစွာပြောသည်။
လူသေးလေးမှာ ပို၍ပင် တုန်ယင်လာ၏။ ကြောက်လန့်နေသော အမူအယာဖြင့် ပါးစပ်များကို ဖွင့်ဟလိုက်ရာ စုမင်၏ခေါင်းထဲ၌ ဟယ်ဖုန်း၏ အားနည်းသောအသံက ထွက်ပေါ်လာခဲ့သည်။
"အစ်ကိုကြီးရွှီ၊ ချမ်းသာပေးပါ။ ကျူပ်မှားပါတယ်။ ဒီတစ်ကြိမ် ကျူပ်မှားသွားပါတယ်။ အစ်ကိုကြီးရွှီ... အခွင့်အရေးတစ်ခုလောက် ပေးပါ"
ဟယ်ဖုန်းအသံမှာ အားနည်းလှသော်လည်း တောင်းပန်တိုးလျှိူးသည့် လေသံကတော့ အားကောင်းလှ၏။
"မင်းကို မသတ်ရမယ့် အကြောင်းအရင်းတစ်ခုလောက် ငါ့ကိုပေးကြည့်စမ်းပါ"
စုမင် ညာလက်ကိုမြှောက်၍ သူ့လက်ညှိုးပေါ်တွင် တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်၏ ချည်မျှင်တန်းအား စုစည်းလိုက်သည်။ ဟယ်ဖုန်းသည် စုမင်၏ အပြုအမူကို မြင်သောအခါ ချက်ချင်းပင် စူးရှစွာအော်ဟစ်လိုက်၏။ စုမင်နှင့် ဆက်ဆံရသော အကြိမ်တိုင်းတွင် သူ့ဘက်က ကြီးစွာသောဆုံးရှုံးမှုကြီး ဖြစ်ပေါ်နေကျပင်။ ယခု သူသည် စုမင်အား အကြောက်ကြီး ကြောက်ရွံ့လျက်ရှိကာ စုမင်၏ မည်းမှောင်သောအကြည့်ကို မြင်သည်နှင့် အလွန်ကြီးမားသည့် အန္တရာယ်အငွေ့အသက်က သူ့အား လွှမ်းခြုံသွားသည်။
"အစ်ကိုကြီးရွှီ... ခင်ဗျား ကျူပ်ကိုသတ်ရင် ရတနာပစ္စည်းကို မရနိုင်တော့ဘူးနော်။ ကျူပ် ခင်ဗျားကို ပေးထားတဲ့ အချက်အလက်တွေက အမှားတွေ"
စုမင်သည် ဟယ်ဖုန်းအား အေးစက်စွာကြည့်၍ သူ့ညာဘက်လက်ညှိုးကို အရှေ့ဘက်သို့ ဆန့်ထုတ်လိုက်သည်။ အတိအကျပြောရလျှင် သူ၏လှုပ်ရှားမှုမှာ နှေးကွေးလှသောကြောင့် ဟယ်ဖုန်းအား ကြီးစွာသော စိတ်ဖိအားများ ဖြစ်ပေါ်လာစေသည်။ ထိုကဲ့သို့ သေခြင်း၊ ရှင်ခြင်းနှင့် ဆက်နွှယ်နေသော ဖိအားမှာ ဟယ်ဖုန်း၏ ထင်မြင်ယူဆချက်များကို တုန်လှုပ်သွားစေနိုင်ပေသည်။ သူ့အရှေ့မှ လူငယ်သည် စတင်တွေ့ဆုံခဲ့ချိန်ကနှင့် မတူတော့ပဲ ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း သူခံစားမိသည်။ ကိစ္စအားလုံး တွေ့ကြုံပြီးနောက်၌ ရင့်ကျက်သွားသည့် အတိုင်းပင်။
"ကျူပ်ကို မသတ်ပါနဲ့။ ရတနာပစ္စည်း ပေးပါ့မယ်။ မင်းကို ကျူပ်ပေးပါ့မယ်။ ဟန်တောင်တန်းဘိုးဘေး ကွယ်လွန်တဲ့နေရာနဲ့ ပက်သက်ပြီးတော့လည်း လျှိူ့ဝှက်ချက်တစ်ချိူ့ကို ငါသိထားပါတယ်။ မျိူးနွယ်စုသုံးခုတောင် အဲဒါတွေကို သေချာနားလည်မယ်လို့ ငါမထင်ဘူး"
ဟယ်ဖုန်းက အမြန်ပြောချလိုက်သော်လည်း စုမင်အပြုအမူများကတော့ ရပ်တန့်မသွားခဲ့ပေ။ သူ့လက်ညှိုးသည်လည်း ယခုအချိန်တွင် ဟယ်ဖုန်းနှင့် ခုနစ်လက်မပင် မဝေးတော့ချေ။ ထိုဒြပ်မဲ့ဖိအားသည် ဟယ်ဖုန်းအား အလဲလဲအပြိုပြိုဖြစ်စေပြီး နောက်တစ်ဖန် စကားစလာပြန်သည်။
"မြက်ခင်းနီကို ဘယ်လိုနည်းမှန်လမ်းမှန်နဲ့ အသုံးပြုရမလဲဆိုတာကိုလည်း ကျူပ်သိပါတယ်။ မျက်နှာဖုံးရဲ့ လျှိူ့ဝှက်ချက်ကိုလည်း သိတယ်။ ကျူပ်က မင်းအတွက် အသုံးဝင်မှာပါ။ ဟန်တောင်တန်းမြို့တော်ထဲက မျိူးနွယ်စုသုံးခု အကြား ပက်သက်မှုကိုလည်း ကောင်းကောင်းကြီးသိပြီး မျိူးနွယ်တစ်ခုချင်းစီက အရေးကြီးပုဂ္ဂိုလ်တွေကိုလည်း ကောင်းကောင်းကြီး သိထားတယ်"
"ဟန်တောင်တန်းမြို့တော်မှာ ကျူပ်အိမ်ရှိတယ်။ ပြီးတော့ ဒီဝန်းကျင်မှာလည်း နေလို့ရတဲ့ ဂူကြီးရှိတယ်။ လျှိူ့လျှိူ့ဝှက်ဝှက် ရှိနေတာမို့ ဘယ်သူမှ ရှာလို့တွေ့မှာ မဟုတ်ဘူး။ ကျူပ် မင်းကို ပေးဦးမှာက..."
"ကျူပ်..."
ဟယ်ဖုန်းမှာ ပြောစရာစကားများပင် ပျောက်ရှကုန်လေပြီ။ တုန်ယင်နေရင်းမှပင် သူ့အနားသို့ စုမင်လက်ချောင်းများ နီးကပ်လာနေသည်ကို မြင်နေရသည်။ ၎င်းတို့နှစ်ခုအကြား သုံးလက်မမျှသာ ကွာဝေးတော့၏။
"ကျူပ်က မင်းထက် အတွေ့အကြုံများတယ်။ ကျူပ်မင်းကို ကူညီနိုင်တယ်။ ဒီနေရာတစ်ဝိုက်ကို ကျူပ် ကောင်းကောင်းကြီးကျွမ်းတယ်။ ကျူပ်အကူအညီနဲ့ ဆိုရင် မင်းက ရေထဲကငါး..."
ဟယ်ဖုန်းသည် အဆုံးတွင် မျက်လုံးစုံမှိတ်ကာ သွေးပျက်ချောက်ခြားစွာ အော်ဟစ်လိုက်၏။
စုမင် လက်ချောင်းများမှာ ဟယ်ဖုန်းနှင့် တစ်လက်မခန့် အလိုတွင်မှ ရပ်တန့်သွားခဲ့သည်။
"ငါ မင်းကို မယုံဘူး"
စုမင်က ပြတ်သားစွာပြောသည်။ ဟယ်ဖုန်း၏ ပြန်ပွင့်လာသော မျက်လုံးများထဲတွင် အသက်ရှင်လိုသော စိတ်ဆန္ဒများ ထင်ရှားနေခဲ့သည်။ စုမင်၏ စကားသည် မသေခင်ဆွဲဆုပ်ကိုင်စရာ ကောက်ရိုးလေးတစ်မျှင် ဖြစ်ခဲ့ပုံပင်။ သူထိုအရာကို လက်မလွှတ်လိုက်နိုင်ပါချေ။
"မင်း ကျူပ်ကိုယုံပါ။ မင်းကို ကျူပ်သခင်အဖြစ် အသိအမှတ်ပြုပါ့မယ်။ ဒါက သိပ်ကိုလွယ်တယ်။ မင်းရဲ့... တံဆိပ်ခတ်နှိပ်ခြင်း ပညာတွေကို အမှတ်တစ်ခုထဲမှာ ပေါင်းစည်းပြီး ကျူပ်ကိုယ်ပေါ်မှာ ရိုက်နှိပ်လိုက်ပါ။ ကျူပ်နဲ့ ပေါင်းစည်းမိသွားတာနဲ့ ကျူပ်က မင်းရဲ့ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်နဲ့ တစ်သားတည်း ဖြစ်သွားလိမ့်မယ်။ ကျူပ်ကို သတ်ဖို့ တစ်ချက်ကလေး တွေးလိုက်ရုံနဲ့တင် ကျူပ် ပြန်ခုခံနိုင်မှာတောင် မဟုတ်ပါဘူး"
"ဒါ့အပြင် ကျူပ်က ရုပ်နယ်လွန်နယ်ပယ် ရောက်လုနီးပါး ဖြစ်နေပြီ။ ကျူပ်က မင်းအတွက် အထောက်အကူကောင်း တစ်ခုဖြစ်မှာပါ။ ကျူပ်တို့အတူ ရွှမ်းလွမ်ကိုသတ်ပြီး သူ့ခန္ဓာကိုယ်ကို ရုပ်သေးအဖြစ် သုံးကြမယ်လေ၊ ကျူပ်..."
ဟယ်ဖုန်း စကားပြော၍ မဆုံးသေးခင်မှာပင် စုမင်သည် သူ့လက်ချောင်းအား မှိန်ဖျော့ဖျော့အလင်းရောင်ထဲမှ လူသေးသေးလေး၏ မျက်ခုံးနှစ်ခုကြား အလယ်ဗဟိုသို့ ဖိချလိုက်သည်။ ဟယ်ဖုန်းသည် စူးရှနာကျင်စွာ အော်ဟစ်ရင်း စုမင်မျက်စိရှေ့မှာပင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်း အလင်းရောင်မှာ လုံးဝပျောက်ကွယ်သွားတော့ပေမည်။ ထိုသို့ ပျောက်ကွယ်သွားသည်နှင့် ဟယ်ဖုန်းသည်လည်း အမှန်တစ်ကယ် သေဆုံးသွားပေလိမ့်မည်။ အကယ်၍ ဒြပ်ရှိ ခန္ဓာကိုယ်ကြီးပါ အသက်မဲ့သွားသည့် လက္ခဏာပြသွားလျှင်တော့ ဤကမ္ဘာတွင် ဟယ်ဖုန်းဟုခေါ်သူ မရှိနိုင်တော့ပေ။
"အခုချိန်ထိကို မင်းက ငါ့ကို အန္တရာယ်ပေးချင်နေတုန်း ဟုတ်လား" စုမင် ကြုံးဝါးလိုက်သည်။
"မပေးချင်ပါဘူး။ တစ်ကယ် အန္တရာယ် မပေးချင်ပါဘူး"
ဟယ်ဖုန်းအသံမှာ အော်ဟစ်နေရင်း တစ်ဖြည်းဖြည်း အားပျော့လာသည်။ အလင်းဖျော့မှာ တစ်ဝက်လောက် ပျောက်ကွယ်သွားခဲ့ချေပြီ။ သူ့မျက်နှာထက်တွင် ခါးသီးမှုတို့ ထင်ဟပ်လာပြီး မျက်လုံးများကို ပိတ်ချလိုက်သည်။
အလင်းဖျော့အတွင်းရှိ လူသေးသေးလေး လုံးဝ ပျောက်ကွယ်သွားလု အချိန်မှာပင် စုမင်မျက်လုံးများ တောက်ပသွားကာ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ဖြင့် အမှတ်တစ်ခု ဖြစ်ပေါ်စေပြီး အလင်းဖျော့နှင့် ပေါင်းစပ်စေလိုက်သည်။
ဟယ်ဖုန်းသည် ပျောက်ကွယ်သွားရတော့မည့် အခြေအနေမှ သူ့ကိုယ်သူ ထိန်းနိုင်သွားခဲ့သည်။ သူ့မျက်နှာပေါ်တွင် နာကျင်မှုများ ရှိနေဆဲဖြစ်သော်လည်း ဖွင့်လာသော မျက်လုံးများထဲတွင်မူ ပျော်ရွှင်မှုနှင့် အသက်ရှင်သန်လိုမှု စိတ်ဆန္ဒများက ထင်ရှားလှသည်။ ရုန်းကန်ခြင်းမပြုပဲ အလင်းရောင်အား သူ့ကိုယ်နှင့် တစ်ပေါင်းတစ်စည်းတည်း အဖြစ်ခံလိုက်သည်။ အမွှေးတိုင်တစ်တိုင် ထွန်းစာမျှ အကြာတွင် သူ၏ ခန္ဓာကိုယ်သေးသေးလေးသည် ပျောက်ကွယ်သွားလု အခြေအနေအား ကျော်လွန်နိုင်ခဲ့ပြီး လေးစားမှုအပြည့်ဖြင့် စုမင်ရှေ့၌ ဒူးထောက်လိုက်သည်။
တစ်ချိန်တည်းမှာပင် စုမင်စိတ်ထဲ၌ အတွေးသစ်များ စီတန်းပေါ်ပေါက်လာသည်။ စိတ်ကူးလေး တစ်ချက်မျှဖြင့် သူ့အား စုမင် လုံးဝဥဿုံ ဖျက်စီးပစ်လိုက်နိုင်သည်။
"မင်း ဒီအချိန်ထိ လက်မလျှော့ချင်သေးဘူးဆိုတာ ငါသိတယ်"
စုမင်သည် ဟယ်ဖုန်းသေးသေးလေးအား ကြည့်ကာ ပြောလိုက်သည်။
"ကျူပ် မလုပ်ရဲပါဘူး..."
ဟယ်ဖုန်းသည် ခပ်ယဲ့ယဲ့ပြုံးကာ စုမင်ကိုကြည့်၍ တစ်ဖန် ဦးညွှတ်လိုက်ပြန်၏။
"ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ အကယ်၍ မင်းသာ ငါ့လက်ထောက်အနေနဲ့ ရိုးရိုးသားသား ကူညီပေးမယ်ဆိုရင် နှစ် ၁၀၀ ကြာပြီးတဲ့နောက် မင်းကို လွတ်လပ်ခွင့် ပြန်ပေးမယ်"
စုမင် ဟယ်ဖုန်းအားကြည့်၍ အေးစက် တင်းမာစွာ ပြောလိုက်သည်။ ထိုစကားများအား ဟယ်ဖုန်းကြားသော အခါ ခေါင်းကို ချက်ချင်းမော့၍ စုမင်အား လှမ်းကြည့်လာခဲ့သည်။
"တစ်ကယ် ပြောတာပါလား"
"ငါတို့ကြားမှာ ရန်ငြိုးကြီးကြီးမားမား မရှိဘူးလေ။ မင်းကသာ ငါ့ကို တောက်လျှောက် ထောင်ချောက်ဆင်ခဲ့တာကို ငါက ပြန်ခုခံရုံလေး ခုခံခဲ့တာ။ ငါက မင်းကို ဘာလို့ညာရမှာလဲ"
ဟယ်ဖုန်း တိတ်ကျသွားသည်။ သူ့ရင်ထဲတွင် ခါးသက်နေသော်လည်း တစ်ခဏကြာပြီးတွင် မျက်လုံးများထဲ၌ ဆုံးဖြတ်ချက် ပြတ်သားသည့် အရိပ်အယောင် ပေါ်ထွက်လာသည်။
"သခင်... ခင်ဗျား ကျူပ်အိတ်ထဲက မျက်နှာဖုံးကို ယူလိုက်လို့ရပါတယ်။ အဲဒီမျက်နှာဖုံးက ဘိုးဘေးပိုင်ပစ္စည်းကို ပုံတူပွားထားတာပါ။ အစစ်နဲ့တော့ ယှဉ်လို့မရပေမယ့် အဲဒီမျက်နှာဖုံးကို ဝတ်လိုက်ရင် တံဆိပ်ခတ်နှိပ် ပညာရပ်သုံးတဲ့အခါ ဝိညာဉ်ကျောက်တုံးတွေ သုံးစရာမလိုတော့ဘူး"
"သိုလှောင်အိတ်... ဝိညာဉ်ကျောက်တုံး" စုမင် ခေတ္တမျှ မင်သက်သွားမိသည်။
"ခင်ဗျား ဒါတွေကိုမသိတာ မထူးဆန်းပါဘူး။ ဒီအိတ်အကြောင်း သိတဲ့လူ အရမ်းနည်းတယ်။ ကျူပ်တောင် ကျူပ်တို့မျိူးနွယ်စုက ရှေးဟောင်းမှတ်တမ်းတွေ ဖတ်လို့သိခဲ့ရတာ။ အဲဒါက ဘိုးဘေးချန်ခဲ့တဲ့ ပစ္စည်းပါ။ သိုလှောင်အိတ်လို့ ခေါ်ပါတယ်"
"ဝိညာဉ်ကျောက်တုံးကတော့ ကျူပ်တို့ မျိူးနွယ်စုမှာသုံးတဲ့ ကျောက်ဒင်္ဂါးပြားကို ပြောတာပါ"
ဟယ်ဖုန်းက ဘေးမှရှင်းပြသည်။ စုမင် ဟယ်ဖုန်းအား တစ်ချက်ငဲ့ကြည့်ကာရင်ဘတ်ထဲမှ ခရမ်းရောင်အိတ်ကို ထုတ်၍ အထဲမှ မျက်နှာဖုံးကို ထုတ်ယူလိုက်သည်။
"ဆရာ ခင်ဗျားက တစ်ကယ့်ကို သတိကြီးတဲ့သူပဲဗျာ။ ခင်ဗျားသာ ဒါကိုတပ်ကြည့်ခဲ့ရင်..."
ဟယ်ဖုန်းက ခါးသက်သက်ရယ်မော၍ ရိုးသားစွာပြောလာသည်။ သူ ပြောမပြီးသေးခင်မှာပင် စုမင် နားလည်လိုက်ချေပြီ။ ဟယ်ဖုန်းသည် မျက်နှာဖုံးအား ထိကြည့်ရန် သူ့ညာလက်အား ခက်ခက်ခဲခဲ မြှောက်လိုက်သည်ကို စုမင် မြင်နေရသည်။
ရုတ်တရက် မျက်နှာဖုံး၏ နံဖူးအလယ်ဗဟိုမှလည်း အလင်းရောင် ဖျော့ဖျော့ ထွက်ပေါ်လာသည်။ ဟယ်ဖုန်း ခန္ဓာကိုယ်တွင်းသို့ ထိုအလင်းရောင်လေး စုပ်ယူခံလိုက်ရချိန်တွင် သူ၏ မှိန်ဖျော့နေသော ခန္ဓာကိုယ်အား တလက်လက်တောက်ပသွားစေသည်။
"သခင် သိုလှောင်အိတ်ထဲက ဝိညာဉ်ကျောက်တုံး တစ်တုံးယူလိုက်ပါ"
ဟယ်ဖုန်းက တိုးညှင်းစွာပြောသည်။
"မင်းရဲ့ အခုလက်ရှိပုံစံကရော ဘာလဲ"
စုမင်က ချက်ချင်း မထုတ်သေးပေ။ ထိုအစား ဟယ်ဖုန်းအားကြည့်ကာ ဖြည်းဖြည်းချင်းမေးလိုက်သည်။
"ကျူပ်ဘာသာ ကျူပ်လည်း ရှင်းရှင်းလင်းလင်း နားမလည်ဘူး။ ဒါက တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို အကြာကြီး အသုံးပြုပြီး ဖြစ်လာခဲ့တာပဲ။ ဒီအခြေအနေအကြောင်း ပြောထားတဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိပါရဲ့။ ဒါက ဝိညာဉ်ခန္ဓာကိုယ်တဲ့။ အားနည်းရင်သာ အားနည်းမယ်၊ ဒါမျိူးက တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို ကျင့်ပြီး ရုပ်နယ်လွန်နယ်ပယ်ကို ရောက်တဲ့သူတွေပဲ တွေ့ကြုံရတဲ့အရာပဲ"
"ရိုးရေစတေးနယ်ပယ်ကို ရောက်သွားရင် ဒီတံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို ကျင့်ကြံသူတွေမှာရှိတဲ့ ဝိညာဉ်ကို ဝိညာဉ်ပေါက်စလေးလို့ ခေါ်တယ်။ အကယ်၍ မာန်စွမ်းအားရှင်က စွမ်းအား ကြီးသထက်ကြီးလာပြီး မာန်ဝိညာဉ်နယ်ပယ်ကို ရောက်သွားရင်တော့ ကနဦးဝိညာဉ်လို့ အမည်ရသွားပါတယ်"
"စာလိပ် အတော်များများကို မျိူးနွယ်စုသုံးစုက သိမ်းပိုက်သွားတာတော့ နှမြောစရာပဲ။ ကျန်ခဲ့တဲ့ တစ်ခုကိုလည်း ရွှမ်းလွမ် ခိုးသွားတယ်။ မဟုတ်ရင် အခုကြည့်နေရလောက်ပြီ"
ဟယ်ဖုန်းက ခပ်တိုးတိုးဆိုသည်။
"ဘာလို့ ကျောက်ဒင်္ဂါးနီ တောင်းတာလဲ" စုမင် စဉ်းစားတွေးတောရင်း ခေတ္တမျှ တိတ်ဆိတ်သွားပြီး သူ့မျက်လုံးများမှာလည်း အေးစက်တင်းမာလာသည်။
"သခင် စိတ်မပူပါနဲ့။ ကျူပ် ခင်ဗျားကို သခင်အဖြစ် အသိအမှတ်ပြုပြီး နှစ် ၁၀၀ ကတိလည်း လုပ်ထားပြီးပါပြီ။ ကျူပ် သခင့်ကို သစ္စာမဖောက်ပါဘူး။ ကျောက်ဒင်္ဂါးနီကို သုံးချင်တာကလည်း ကျူပ်ရဲ့ ဝိညာဉ်ကိုယ်ထဲကို ပေါင်းထည့်ချင်လို့ပါ။ ပြီးတော့ မျက်နှာဖုံးထဲကို ပေါင်းထည့်ဖို့ အဲဒီစွမ်းအားတွေကို သုံးမှာပါ။ ဒါဆိုရင် နောက်တစ်ခါ သခင် မျက်နှာဖုံးသုံးတဲ့အခါ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို သုံးနေစရာ မလိုတော့ပါဘူး။ ကျောက်ဒင်္ဂါးနီ အစိတ်စိတ် ကျေပျက်သွားတာနဲ့ ဝိညာဉ်ကျောက်တစ်တုံးနဲ့ အစားထိုးလို့ရပါတယ်"
"မျက်နှာဖုံးမှာ လူရဲ့ အသွင်သဏ္ဍာန်ကို ပြောင်းလဲစေနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။ ကျူပ်နှစ်ခါ အသုံးပြုဖူးပြီး ကျူပ်သုံးတာ မြင်ဖူးတဲ့လူတွေလည်း အသတ်ခံရပြီးပါပြီ။ သခင် တပ်ရင်တောင် ကျူပ်နဲ့ သခင့်ကြားမှာ ဆက်နွှယ်မှု တစ်ခုခုရှိနေတာကို လူတွေသိသွားမှာ စိုးရိမ်စရာမလိုပါဘူး"
"ကျူပ်လည်း မျက်နှာဖုံးမှာ တွယ်ကပ်နေပြီး ကျူပ်ရဲ့ အတွေ့အကြုံတွေနဲ့ သခင့်ကို ကူညီပေးနိုင်ပါတယ်"
ဟယ်ဖုန်းက သူ့ကိစ္စရေးရာများကို ယုတ္တိရှိရှိ တင်ပြသွားသည်။ ထိတ်လန့်ကြောက်ရွံ့မှုများ မရှိတော့ပဲ လေးနက်စွာတွေးတောတတ်သော ဟယ်ဖုန်းအဖြစ် ပြန်လည်ပြောင်းလဲသွားသည်မှာ သိသာနေ၏။
စုမင်မျက်လုံးများ တောက်ပသွားပြီး ဟယ်ဖုန်းကို စိုက်ကြည့်လိုက်သည်။ အတန်ငယ်ကြာပြီးနောက်မှ စုမင် ရုတ်တရက်ထပြောလိုက်သည်။
"မလိုဘူး။ ကျောက်ဒင်္ဂါးတွေ သုံးရတာကို ငါအကျင့်ဖြစ်နေပြီ။ မျက်နှာဖုံးကို သုံးစရာ နေရာတွေရှိသေးတယ်။ မင်းရဲ့ နေထိုင်ရာနဲ့ ပက်သက်လို့ကတော့..."
စုမင်က ညာလက်ကို ဝှေ့ယမ်းလိုက်ရာ လ၏အတောင်ပံ ဝိညာဉ်တို့ အများအပြား ပေါ်ထွက်လာခဲ့သည်။ အပြင်လူ မည်သူမျှ မြင်တွေ့နိုင်ခြင်းမရှိခဲ့ရာ ထိုအရာများအား မြင်တွေ့ရသည်နှင့် ဟယ်ဖုန်းမျက်နှာပျက်သွားခဲ့သည်။
သို့သော် သူမခုခံရဲချေ။ ကြောက်မက်ဖွယ်မျက်နှာများဖြင့် လ၏အတောင်ပံတို့အား သူ့ထံ တဟုန်ထိုးပြေးဝင်ခွင့် ပြုထားခဲ့သည်။ ၎င်းတို့က ဟယ်ဖုန်းကို ရစ်ပတ်လိုက်ကာ တင်းကျပ်သော ချိပ်ပိတ်စည်းတစ်ခု ဖြစ်ပေါ်စေလျက် စုမင်ကိုယ်ထဲသို့ ဆွဲခေါ်သွားခဲ့သည်။
ထိုသို့ များပြားလှသော လ၏အတောင်ပံ ဝိညာဉ်များကြောင့် စုမင်မှာ ဟယ်ဖုန်း ပြဿနာရှာမည်ကို မကြောက်တော့ပေ။ ထို့အပြင် ဝိညာဉ်များ၏ ချိပ်ပိတ်စည်းကြောင့် ဟယ်ဖုန်းနှင့် ပြင်ပကမ္ဘာတို့ ဆက်သွယ်ရေးလမ်းကြောင်းကိုလည်း အပြည့်အဝ ဖြတ်ချလိုက်နိုင်ပြီး သူ၏ လျှိူ့ဝှက်ချက်များကိုလည်း ထိုလူမသိနိုင်တော့ချေ။
အားလုံး ပြီးသွားသည်နှင့် စုမင်၏မျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်မှုတို့ ပေါ်ထွက်လာခဲ့၏။ ပြီးခဲ့သည့် လများအတွင်း ဟယ်ဖုန်းနှင့် ဖြစ်ပျက်ခဲ့သည်များက စုမင်အား ပင်ပန်းစေခဲ့သည်။ သူ၏ ခန္ဓာကိုယ် သက်သက်မျှသာ မဟုတ်ပဲ နှလုံးသားသည်လည်း ခြေကုန်လက်ပမ်း ကျနေတော့လေသည်။
*****