← Chapters

သွေးကြောကျောက်သား အဆင့်၈

Vol. 10 Ch. 135

သွေးကြောကျောက်သား အဆင့်၈

Vol. 10 Ch. 135

"ဒီနေရာက လုံခြုံလောက်ပါရဲ့"

စုမင် ခပ်တိုးတိုးရေရွတ်၍ မျက်နှာဖုံးနက်အား နေရာတွင် ပြန်ချထားလိုက်သည်။ ထို့နောက် မျက်လုံးများကိုမှိတ်ကာ တရားရှုမှတ်ခြင်းတွင် စိတ်နှစ်ထားလိုက်၏။

ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့ချေပြီ။ တောင်အရပ်ခွဲခွာ အများအပြား၏ အကူအညီဖြင့် စုမင်ခန္ဓာကိုယ်မှ ဒဏ်ရာများမှာလည်း ကုသပျောက်ကင်း သွားခဲ့ချေပြီ။

နေ့တစ်ဝက်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်စွာ တွေးတောစဉ်းစားပြီးနောက်တွင် ဤနေရာအား ထားခဲ့၍ ထွက်ခွာရန် အစီအစဉ်ကို စွန့်လွှတ်လိုက်သည်။ ထိုအစား သစ်ခေါင်းထဲတွင်သာ ဆက်နေရန် ရွေးချယ်လိုက်၏။ အနီရောင်မြက်ခင်းပြင်က သူ့ဘေးပတ်လည် ပေ၁၀၀အား ဖြန့်ကျက်လျက်ရှိသည်။ ထိုနေရာအား လုံးဝလွှမ်းခြုံထားပြီးသည်နှင့် စုမင်လည်း ပုန်းအောင်းနေတော့သည်။

အချိန်ကား တစ်ဖြည်းဖြည်း ကုန်လွန်နေခဲ့သည်။ တစ်လ... နှစ်လ... သုံးလ... လေးလပင် ကုန်လွန်သွားခဲ့ချေပြီ။ စုမင်သည် မိမိနေထိုင်ရာနေရာမှ ခပ်ဝေးဝေးသို့ ထွက်ခွာခြင်းမပြုခဲ့ပေ။ သစ်ခေါင်းထဲတွင် နေထိုင်ရင်း တောင်တန်းဝိညာဉ်များ သောက်သုံးခြင်းဖြင့် မိမိစွမ်းအားကို တိုးပွားစေခဲ့သည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဟယ်ဖုန်းနှင့် စကားစမြည် ပြောဆိုခြင်းဖြင့် အများအပြား သင်ယူရရှိခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဟယ်ဖုန်းပြုလုပ်ခဲ့သည့် သူ့ကိုယ်သူ ဂုဏ်ယူနေသော ကိစ္စရပ်များကိုလည်း ကြားသိခဲ့ရသည်။

မြက်ခင်းနီကား ပေ ၁၀၀ကို လွှမ်းခြုံထားနိုင်ဆဲ ဖြစ်သည်။ လတ်ဆတ်သော သွေးအလုံအလောက် စုပ်ယူရရှိနိုင်ပါက ၎င်း၏ဧရိယာလည်း တိုးပွားလာမည်ဖြစ်ကြောင်း ဟယ်ဖုန်းက ပြောပြခဲ့သည်။ ထိန်းချူပ်သူ၏ ချီဓာတ်များ

ပျံ့နှံ့လာသည်နှင့်အမျှ လျင်မြန်စွာ စုပ်ယူတတ်ကြောင်းလည်း ပြောပြခဲ့သည်။ ကြောက်လန့်ဖွယ် စုပ်ယူမှုနှုန်းမှာ သာမန်လူတစ်ဦးအတွက် သည်းခံနိုင်ရန် ခဲယဉ်းလှသည်ဖြစ်၍ ဧရိယာ ကြီးမားလေလေ၊ စုပ်ယူနှုန်းမှာ အံ့မခန်းမြင့်မားလေလေ ဖြစ်သည်။ ဟယ်ဖုန်းမှာ ထိုအရာကို တောင့်မခံနိုင်သဖြင့် ၎င်းကို အသုံးပြုခဲပေသည်။

ထိုမြက်ခင်းပြင်သည် မူလက ၁၀လီအကျယ်ရှိသော သားရဲသားရေထည်မှ အသွင်ပြောင်းလာခြင်း ဖြစ်ကြောင်းလည်း ဟယ်ဖုန်းက စုမင်ကို ဖောက်သည်ချခဲ့သေးသည်။ ဟန်တောင်တန်းရှိ အကြီးအကဲနှင့် အချိူ့လူအနည်းငယ်မှ လွဲ၍ ချီဓာတ်စုပ်ယူခံလိုက်ရသူများမှာ ချက်ချင်း သေဆုံးသွားခဲ့ကြသည်။

အကြီးအကဲနှင့် အချိူ့ အခြားသူများပင်လျှင် အချိန်အကြာကြီး မသုံးနိုင်ကြပေ။ အချိန်များ ကုန်လွန်လာသည်နှင့် အမျှ သားရဲအရေထည်မှ ဖြစ်ပေါ်လာသော မြက်ခင်းနီမှာ တစ်ဖြည်းဖြည်း ညှိုးရော်ခြောက်သွေ့လာရင်း ဟန်တောင်တန်း မျိူးနွယ်ဝင်များနှင့်လည်း ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ သို့သော် ထိုအရာမှာလည်း အကာအကွယ် တစ်ခုအနေနှင့်သာ အသုံးဝင်တော့ပြီး အခြားကိစ္စရပ်များ၌ အသုံးပြု၍ မရတော့ပေ။

မေးခွန်း အများအပြား မေးခဲ့သော်လည်း သူလုံးဝ နားမလည်နိုင်သော အရာတစ်ခုကိုလည်း စုမင်ရှာတွေ့ခဲ့သည်။ မြက်ခင်းပြင်အား စတင်ဖြန့်ကျက်ခဲ့ချိန်က သူ့ခေါင်းထဲတွင် ပေါ်ပေါက်ခဲ့သော ပုံရိပ်ယောင်မျိူးအား ဟယ်ဖုန်းသာမက ထိုမြက်ခင်းနီအား အသုံးပြုဖူးသော မည်သူတစ်ဦးတစ်ယောက်မျှလည်း မတွေ့ကြုံဖူးပါချေ။

ဟန်တောင်တန်းမျိူးနွယ် အစဉ်အဆက်လည်း အလားတူပင်ဖြစ်သည်။ သူတို့အားလုံးသည်လည်း ဟယ်ဖုန်းကဲ့သို့ ဖြစ်ကြခြင်းကြောင့်သာ မဟုတ်လျှင် သဲလွန်စလုံးလုံး မရှိသည်မှာ မဖြစ်နိုင်ပေ။

"ဟယ်ဖုန်းက ဖုံးကွယ်ထားတာ ဟုတ်ရင်ဟုတ်၊ မဟုတ်ရင်တော့ ဒီမြက်ခင်းနီနဲ့ ငါ့ကြားမှာ တစ်စုံတစ်ရာ ဆက်နွှယ်နေတာကတော့ သေချာတယ်"

စုမင်မှာ အကြောင်းရင်းအား နားမလည်သော်လည်း ထိုသို့ဖြစ်ရသည့် အကြောင်းရင်းနှစ်ချက်ကိုတော့ တွေးတောမိလေသည်။ သို့သော် သူသည် သတိကြီးကြီးထားမြဲ ဖြစ်၏။ မြက်ခင်းနီ၏ ဧရိယာအား ချဲ့ထွင်ရန် သတ္တဝါတစ်ကောင်ကောင်အား ရှာမတွေ့သေးသော်လည်း ဟန်တောင်တန်းမြို့တော်၏ သေဆုံးခဲ့ပြီးဖြစ်သော ဘိုးဘေးအပေါ် ထားရှိသည့် စိတ်ဝင်စားမှုတို့ကတော့ ပို၍မြင့်တက်လာခဲ့သည်။

ဤလများအတွင်း စုမင်ကိုယ်ပေါ်ရှိ သွေးကြောတို့မှာ အများအပြား တိုးပွားလာခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ အပြင်ဘက်တွင် လူးလာခေါက်တုံ့ သွားလာနေသော အန္တရာယ်ကြောင့်သာမက မိုးသစ်တောအနက်ပိုင်းအတွင်း ပို၍ဟောင်စပ်လာသည့် အနံ့ဆိုးတို့ကလည်း စုမင်၏ ချီလည်ပတ်မှုအား သက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။

အဆက်မပြတ် လှည့်ပတ်နေရမှုကြောင့် သူ၏ကိုယ်တွင်းမှ သွေးကြောများမှာ ၃၇၀အထိ တိုးပွားလာခဲ့သည်။ သွေးကြောကျောက်သား အဆင့်၈အတွက် လိုအပ်သော သွေးကြော ၃၉၉ခုသို့ နီးကပ်လာခဲ့ချေပြီ။

မည်သို့ပင်ဆိုစေကာမူ တောင်တန်းဝိညာဉ်၏ အကျိူးသက်ရောက်မှုတို့ကမူ အလွန်နည်းပါးနေချေပြီ။ စုမင်၏ လေ့လာဆန်းစစ်ချက် အရဆိုလျှင် ဆေးအာနိသင် လုံးဝပျယ်မသွားခင်အထိ သွေးကြော၂၀ခန့်တော့ တိုးပွားအောင် ဆောင်ရွက်ပေးနိုင်ဦးမှာ ဖြစ်သည်။

ဟယ်ဖုန်း ခန္ဓာကိုယ်ကြီးမှ ဖြစ်ပေါ်လာသော ဆေးဒယ်အိုးကြီးထဲရှိ ဆေးမြစ်ဆေးပင်တို့မှာ ကောင်းကောင်းမွန်မွန် ပွင့်လန်းကြလျက် မကြာခင်တွင် စုမင်အနေဖြင့် ၎င်းတို့အား နိုင်စီးငြိမ်းသတ်ခြင်း ပြုလုပ်နိုင်ရန် လိုအပ်ချက်များ ပြည့်စုံပေတော့မည်။ သားရဲအရိုးတစ်ချောင်းနှင့် အခြားဆေးပင်သုံးမျိူး မရှိခြင်းကြောင့်သာ မဟုတ်လျှင် ဆေးလုံးများ စတင်ပြုလုပ်ရန် သေဆုံးခြင်းအငွေ့အသက်များအား စတင်ရှာဖွေနေပြီး ဖြစ်ပါလိမ့်မည်။

မိုးသစ်တောနက်အတွင်းရှိ စုမင်၏ ဘဝမှာ တိတ်ဆိတ်ငြိမ်သက်လှသည်။ တောင်ပိုင်းအရုဏ်ဦး ကုန်းမြေသို့ စရောက်လာကာစ အချိန်တည်းကပင် အချိန်အတော်များများကို တစ်ကိုယ်တည်း ကုန်ဆုံးခဲ့သည်ဖြစ်ရာ အထီးကျန်ဆန်သည့် ခံစားချက်အား နေသားကျနေခဲ့ချေပြီ။

သစ်ခေါင်းထဲတွင် တိတ်ဆိတ်စွာ ကျင့်ကြံရင်း အခြားသုံးလ ထပ်မံကုန်ဆုံးသွားပြန်သည်။ ထိုနေ့တွင် စုမင်၏ သွေးကြောများမှာ ၃၉၈အထိ တိုးပွားရောက်ရှိခဲ့သည်။ မျက်လုံးများကို မှိတ်ထားစဉ် သူ့ခန္ဓာကိုယ်မှာ သွေးနီရောင်အလင်း တောက်ပနေခဲ့သည်။ အလင်းရောင်မှာ လင်းထိန်လွန်းသဖြင့် သစ်ခေါင်းအား ထိုးဖောက်ထွက်ပေါ်တော့ မတတ်ပင်။ သူ့အား ဖုံးကွယ်ပေးထားသော မြက်ခင်းပြင်ကြောင့်သာ မဟုတ်လျှင် ထိုအလင်းအား ပြင်ပကမ္ဘာမှ ရှင်းရှင်းလင်းလင်း မြင်တွေ့ရမည်မှာ မလွဲဧကန်ပင်။

ကိုယ်ပေါ်တွင် ၃၉၉ခုမြောက် သွေးကြော ထွက်ပေါ်လာသည်မှာ သိပ်မကြာလိုက်ချေ။ ထိုသွေးကြော ပေါ်ထွက်လာသည်နှင့် အားကောင်းသော အရှိန်အဝါတစ်ရပ်က စုမင်ကိုယ်မှ ရုတ်ခြည်းဆိုသလို ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ထိုအရှိန်အဝါ ပေါ်ထွက်လာချိန်တွင် စုမင်မျက်လုံးများကို ဖွင့်လိုက်ရာ သူ့မျက်နှာပေါ်တွင် တည်ငြိမ်မှုတို့သာ ရှိနေ၏။ စုမင် သွေးကြောကျောက်သား အဆင့်၈သို့ ရောက်ရှိခဲ့လေပြီ။

"လေးနှစ်..." စုမင် တီးတိုးရေရွတ်လိုက်သည်။

တောင်ပိုင်းအရုဏ်ဦး ကုန်းမြေ၌ သူစတင်နိုးထလာချိန်မှ စ၍ လေးနှစ်တာ ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။ သွေးကြောကျောက်သား အဆင့်၇မှ အဆင့်၈သို့ တက်လှမ်းရန် လေးနှစ်တာမျှ အချိန်ကုန်ဆုံးခဲ့ရသည်။ ထိုအရှိန်နှုန်းမှာ မမြန်ဆန်လှသော်လည်း အချိန်အတော်များများကို သူ့ဒဏ်ရာများကုသရန် ကုန်ဆုံးခဲ့ရခြင်းပင်။

"၃၉၇ခုမြောက် သွေးကြောထွက်ကတည်းက တောင်တန်းဝိညာဉ်က သက်ရောက်မှုမရှိတော့တာ။ ဒီလထဲမှာ ငါက တောင်တန်းဝိညာဉ်ကို မမှီခိုပဲ သွေးကြောနှစ်ခုကို အရှိန်နှေးနှေးနဲ့ တိုးပွားစေခဲ့ပြီးမှ သွေးကြောကျောက်သား အဆင့်၈ကို ရောက်ရှိခဲ့တယ်"

"ဒီလို တစ်ကိုယ်တော်ကျင့်ကြံခြင်းက အရမ်းခက်ခဲတာပဲ"

သူ့ကိုယ်တွင်းမှ ချီစွမ်းအင်များကို အာရုံခံမိသည်နှင့် စုမင်မျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်ဟန် အမူအယာမျိူး ပေါ်လာခဲ့၏။

"ဘယ်လိုပဲဖြစ်ဖြစ်၊ ဆေးလုံးတွေပေးနိုင်တဲ့ အစွမ်းအာနိသင်မှာလည်း အတိုင်းအတာရှိတယ်။ သူတို့ အကူအညီသက်သက်နဲ့တော့ အထွတ်အထိပ်ကို ရောက်နိုင်မှာ မဟုတ်ဘူး။ တောင်တန်းဝိညာဉ် ဆေးစွမ်းပြယ်သွားတာလည်း ကောင်းပါတယ်လေ။ အခုချိန်ကစပြီး သူတို့အပေါ်မှာ အရမ်းမှီခိုနေမိတာကို ဖျောက်ပစ်လိုက်လို့ရပြီပေါ့"

"အဲဒါအပြင် ငါ့မှာ မာန်စွမ်းအားရှင် သွေးနှစ်စက်လည်း ရှိသေးတယ်။ အဲဒီသွေးနှစ်စက်က ငါ့ကိုသွေးကြောတွေ အများကြီး ထပ်တိုးစေနိုင်မှာပဲ။ အဲဒါပြီးရင်တော့ သွေးလောင်ကျွမ်းခြင်းလုပ်ဖို့ နေရာရှာရမယ်"

"စတုတ္ထမြောက် သွေးလောင်ကျွမ်းခြင်း လုပ်ပြီးရဝ် သွေးကြောတွေ ဘယ်လောက်များများ တိုးပွားလာလိမ့်မလဲ သိချင်လိုက်တာ"

စုမင်တွင် သွေးလောင်ကျွမ်းခြင်း လုပ်ဆောင်ခြင်း၏ အကျိူးအပြစ်များအား သည်းခံနိုင်သည့် အတွေ့အကြုံ ရှိထားပြီးဖြစ်သည်။ ယခင်အခေါက်များတွင် သူ၏သွေးကြောများမှာ အဆပေါင်းများစွာ တိုးပွားခဲ့သော်လည်း ခက်ခဲမှုအဆင့်နှင့် လက်တွေ့ အကောင်အထည်ဖော်ခြင်း၏ အန္တရာယ်ရှိနိုင်ချေက အံ့မခန်း မြင့်မားခဲ့သည်။

စုမင် တိတ်ဆိတ်စွာ စဉ်းစားဆင်ခြင်နေပြီးမှ သိုလှောင်အိတ်ထဲမှ ပုလင်းလေးကို ထုတ်ယူလိုက်သည်။ ပုလင်းလေးအား ကြည့်မိချိန်တွင် အေးစက်သော မျက်ဝန်းများမှာ အရည်ပျော်သွားပြီး နူးညံ့မှုနှင့် အတိတ်အား ပြန်ပြောင်းသတိရမှုတို့ အဖြစ် ပြောင်းလဲသွားသည်။ ဤအရာက အကြီးအကဲ ကိုယ်တိုင်ကိုယ်ကျ ပေးခဲ့သည့် ပုလင်းလေးဖြစ်သည်။ ထိုအထဲတွင် လေပြေစီးကြောင်း မျိူးနွယ်စု အကြီးအကဲ ကျင်းနန်၏ မာန်သွေးနှစ်စက် ပါဝင်နေသည်။

စုမင် ပုလင်းလေးအား ဆုပ်ကိုင်လျက် မျက်လုံးများကို မှိတ်ချလိုက်သည်။ လွန်ခဲ့သော နှစ်ကာလများဆီက အကြီးအကဲ၊ မျိူးနွယ်စု၊ လေ့ချန်၊ ရှောင်ဟုန်နှင့် သူ၏လက်ကလေးအား လာဆွဲ၍ ပြုံးပြခဲ့သော ဆီးနှင်းဖုံးမြေမှ ကောင်မလေး သေးသေးလေးတို့အား သတိရသွားမိသည်။

"စုမင်... ငါတို့နှင်းတွေထဲမှာ ဒီလိုမျိူးလေး ဆက်လျှောက်သွားမယ်ဆိုရင် ငါတို့ ဆံပင်တွေ ဖြူသွားတဲ့အထိ လျှောက်လှမ်းသွားနိုင်ကြမှာလားဟင်..."

စုမင် တုန်ယင်သွားသည်။ သူ့မျက်နှာပေါ်ရှိ အမာရွတ်သည် သွေးများစိုစွတ်၍ ပိုမိုထင်ရှားလာခဲ့သည်။ ထိုအမာရွတ်သည် အချိန်အကြာကြီးအထိ တည်ရှိနေဆဲ ဖြစ်၏။

သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်မိသည်။ သို့သော်လည်း မျက်လုံးများမှာ ရှင်သန် သက်ဝင်မှု ကင်းမဲ့နေလေသည်။ နူးညံ့မှုများလည်း မရှိတော့ပဲ အေးဆေးတည်ငြိမ်မှုများကသာ အစားထိုး ဝင်ရောက်လာခဲ့သည်။ ထိုသို့ တည်ငြိမ်သော အကြည့်၏ နောက်ကွယ်တွင် မည်သူမှ သတိမပြုမိနိုင်မည့် နာကျင်မှုတို့ ပုန်းကွယ်တည်ရှိနေခဲ့သည်။

"ပြီးသွားပြီ"

စုမင် ခေါင်းငုံ့၍ လက်ထဲမှ ပုလင်းအဖုံးကိုဖွင့်ကာ ပါးစပ်ထဲသို့ စောင်းငဲ့ချလိုက်သည်။ မာန်သွေးတစ်စက်သာ ကျရောက်လာပြီး သူ့ခံတွင်းထဲတွင် အရည်ပျော်သွားခဲ့၏။ နောက်တစ်ဖန်ထပ်၍ သွေးများအားလုံးကို စိတ်လိုက်မာန်ပါဖြင့် တစ်ခါတည်း သောက်သုံးလိုက်မည်ကို ကာကွယ်ပေးထားခဲ့သည့် အကြီးအကဲကို ခံစားလိုက်မိသည်။ ထို့ကြောင့် မာန်သွေးစက်အား တစ်ကြိမ်တွင် တစ်စက်မျှသာ သူသောက်သုံးနိုင်ခြင်းလည်း ဖြစ်သည်။

"အကြီးအကဲ... ကျွန်တော်က ငယ်ငယ်ကလို မဆင်မခြင် ပြုမူတတ်တဲ့ ကောင်ငယ်လေးတစ်ယောက် မဟုတ်တော့ပါဘူး"

စုမင် ရေရွတ်လိုက်သည်။ သွေးကြောများ ထပ်မံတိုးပွားလာစေရန် မာန်သွေးစက်၏ အစွမ်းခွန်အားများကို စုပ်ယူရန်အတွက် သူ၏ချီများကို လှည့်ပတ်လိုက်သည်။ ရက်များစွာ ကုန်လွန်သွားခဲ့၏။ တစ်လ... နှစ်လ... မကြာခင်မှာပင် သုံးလတာမျှ ကုန်ဆုံးသွားပြန်သည်။

သုံးလတာကြာပြီးနောက် တစ်ခုသော နံနက်ခင်း၌ စုမင်တစ်ယောက် သူ့ခြေဖဝါးအောက်မှ မြက်ခင်းနီအား သိမ်းဆည်းကာ ဆေးပင်များအတွက် ဆေးဒယ်အိုးကြီးနှင့်အတူ ဓာတ်မြေသြဇာသဖွယ် တာဝန်ထမ်းဆောင်နေသော အရိုးနှစ်ခုအား နေရာတွင် ပြန်လည်ထားရှိလိုက်သည်။ အားလုံး လုပ်ဆောင်ပြီးသည်နှင့် သစ်ခေါင်းထံမှ ထွက်လာခဲ့သည်။

ခပ်ဝေးဝေးအထိ လျှောက်လှမ်းလာနေရင်း အနောက်ကို တစ်ချက်မျှ ပြန်လှည့်မကြည့်ခဲ့ပေ။ မြေပေါ်သို့ စုမင် ခြေတစ်ခါချတိုင်း ရွှံ့များ အက်ကွဲသွားရသည်မှာ ရွှံ့ထဲမှ ပိုးမွှားသတ္တဝါများ သူနှင့်ဝေးရာသို့ ထွက်ပြေးသွားစေသည့် ဖိအားတစ်ရပ်က စုမင်ကိုယ်မှ ထွက်ပေါ်နေသည့်အလားပင်။

တစ်နှစ်နှင့် ခြောက်လကုန်လွန်သွားခဲ့ချေပြီ။ စုမင်ပုံစံမှာ အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ပင်။ ဤနေရာသို့ ထွက်ပြေးရအောင် ဖိအားပေးခံရချိန်တွင် သူ့ကိုယ်ပေါ်၌ သွေးကြော ၂၀၀ကျော်သာ ရှိခဲ့သည်။ သို့သော် တောင်တန်းဝိညာဉ်၏ အကူအညီဖြင့် သူ၏သွေးကြောများမှာ ၃၉၉အထိ တိုးပွားလာနိုင်ခဲ့သည်။

တောင်တန်းဝိညာဉ် ဆေးလုံး၏ အာနိသင် ပျက်ပြယ်သွားချိန်တွင် လွန်ခဲ့သည့်သုံးလအတွင်း မာန်သွေးနှစ်စက်အား အလုံးစုံ စုပ်ယူခဲ့သည်။ ယခုအချိန်တွင် သူ့သွေးကြောများက...

"ဟယ်ဖုန်း မင်း ရတနာပစ္စည်း ဝှက်ခဲ့တဲ့နေရာက ဘယ်မှာလဲ"

မိုးသစ်တောအတွင်း စုမင်လှမ်းသော ခြေလှမ်းတိုင်းမှာ ဒါဇင်ချီ၍ ကျယ်ပြောပေသည်။ အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူလမ်းလျှောက်လိုက်တိုင်း မြေပေါ်ရှိ ထူးဆန်းသည့်ပိုးမွှားများက ရှောင်ဖယ်သွားကြသည်။ သူထုတ်လွှတ်ထားသော ဖိအားကြောင့်လည်း အချိူ့သော ထူးခြားဆန်းကြယ်သည့် အပင်များနှင့် သတ္တဝါများမှာ စုမင်အနား မကပ်ရဲကြပေ။

"သခင်... ဒီဦးတည်ရာအတိုင်း ဆက်သွားခဲ့ရင် လဝက်အတွင်းမှာ ကျူပ်နေတဲ့ဂူကို ရောက်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီနေရာက ကောင်းကောင်းကွယ်ဝှက်ထားတဲ့ နေရာမှာရှိနေလို့ ရှာဖို့တော့ ခက်ပါတယ်"

ဟယ်ဖုန်း၏ လေးစားမှုအပြည့်ဖြင့် အသံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေ၏။ လေးစားမှုအပြင် စုမင်၏ စွမ်းအား ပြောင်းလဲသွားမှုတို့ကြောင့် ဖြစ်ပေါ်လာဟန်တူသော ထိတ်လန့်မှုနှင့် စိတ်ရှုပ်ထွေးမှုများလည်း ရောယှက်လို့နေ၏။

စုမင်၏ အမူအယာကတော့ ထူးမခြားနားပင်။ စကားတစ်ခွန်းမျှ ထပ်မံမဆိုပဲ မိုးသစ်တောနက်အတွင်းမှ ထွက်ရှိနိုင်သည်အထိ ရက်အနည်းငယ်ခန့် တိတ်ဆိတ်စွာ လျှောက်လှမ်းနေခဲ့သည်။ တောထဲမှ ထွက်ခွာလာလေလေ၊ အနံ့ဆိုးတို့ တဖြည်းဖြည်း လျော့ပါးလာလေလေ ဖြစ်ပြီး အဆုံးတွင် လုံးဝပျောက်ကွယ်သွားတော့သည်။

လွန်ခဲ့သည့် နှစ်များအတွင်း ဒဏ်ရာကုသရန် အခြေချခဲ့သည့် လှိုဏ်ဂူရှိရာ တောင်ထွတ်ကြီးအား မြင်တွေ့လိုက်ရသည်။ ရွှမ်းလွမ် ရှိမနေသလို ဟန်ဖေးကျစ်လည်း ရှိမနေပေ။ မိုးသစ်တောက လွန်စွာကြီးမား၍ တောထဲမှထွက်ခွာရန် လမ်းကြောင်းများစွာ အသုံးပြု၍ ရသည်။ တောကျွမ်းကျင်သူက အနည်းငယ်မျှသာ ရှိပေသည်။ ပို၍ အရေးကြီးသည်က စုမင်သည် ရွှမ်းလွမ်နှင့် ဟန်ဖေးကျစ်အပေါ်တွင် ရိုက်နှိပ်ခဲ့သည့် တံဆိပ်အမှတ်အသားများကို ခံစားကြည့်၍ ရရှိနိုင်ခြင်းပင်။ သူတို့နှစ်ယောက်သာ စုမင်နှင့် နီးကပ်လာပါလျှင် စုမင် ကြိုသိနိုင်မည်ဖြစ်၏။

အကယ်၍ ဟယ်ဖုန်းသာ ဟန်ဖေးကျစ်၏ စကားကို နားမထောင်ပဲ ရုပ်နယ်လွန်နယ်ပယ်သို့ ကူးပြောင်းရန်အတွက် အန္တရာယ်ရှိသည့် အကွက်သုံးရန် လက်ထောက်ချမခံရပါလျှင် သူလည်း ရွှမ်းလွမ်၏ လိုက်လံဖမ်းဆီးခြင်းကို မခံရနိုင်ပဲ ဒီအခြေအနေအထိ ဖြစ်သွားစရာ အကြောင်းမရှိပေ။

စုမင်သည် မိုးသစ်တောအတွင်းမှ ထွက်ခွာခါနီး၊ ဟယ်ဖုန်းဝှက်ထားသည့် ရတနာပစ္စည်းရှိရာသို့ ဦးတည်သွားလာခါနီးတွင် သူ၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ခေတ္တမျှ စဉ်းစားကြည့်လိုက်ပြီး သစ်ပင်ကြီးတစ်ပင်ပေါ်သို့ တက်ရောက်ကာ သစ်ကိုင်းပေါ်တွင် တင်ပျဉ်ချိတ်ထိုင်လိုက်သည်။ မျက်လုံးများကိုမှိတ်၍ တံဆိပ်ခတ်နှိပ်သည့်နေရာ အကျယ်အဝန်းအား တိုးချဲ့ဖြန့်ကျက်၍ စတင် တရားရှုမှတ်တော့သည်။

ဟယ်ဖုန်းသည် စုမင်၏ လုပ်ရပ်များကို မြင်နေရသော်လည်း နားမလည်နိုင်ပေ။ သို့သော်ငြား သူ့အတွက်လည်း အနှောင့်အယှက် မဖြစ်သလို နှစ်ဝက်လုံးလုံး သတိကြီးကြီး ထားခဲ့သော်လည်း စုမင်စိတ်ထဲတွင် ရှိနေသည့် အရာများကို မှန်းဆခြင်းငှါ မတတ်နိုင်သေးချေ။

နေမြင့်တက်လာခဲ့ပြီး ရက်ပေါင်းများစွာ ကုန်လွန်သွားသည်။ စုမင်သည် တစ်စုံတစ်ရာအား စောင့်ဆိုင်းနေသည့်အလား မလှုပ်မယှက်ဖြင့် တင်ပျဉ်ချိတ်ထိုင်နေဆဲပင်။ ဟယ်ဖုန်းလည်း ပိုမိုသိချင်လာပြီး အမှန်တစ်ကယ် မေးမြန်းကြည့်ရန် တစ်ကြိမ်နှစ်ကြိမ် ကြိုးစားခဲ့သော်ငြား နှစ်ဝက်အတွင်း စုမင်၏သုန်မှုန်သော စိတ်သဘောထားကို သိလိုက်ရသောအခါ မေးခွန်းများကို ချူပ်တည်းထားလိုက်မိသည်။

လဝက်ကြာသောအခါ မိုးသစ်တောအဝေး တစ်နေရာမှ အသံတစ်သံ ပျံ့လွင့်လာခဲ့သည်။ စုမင်သည် မျက်လုံးများကို ဖွင့်လိုက်ရင်း သူ့နှုတ်ခမ်းထောင့်တွင်လည်း အပြုံးတစ်စ ထွက်ပေါ်လာခဲ့လေသည်။

"နောင်ကြီး နောင်ကြီး"

*****

All Chapters