အခန်း (၃၄၃-၃၄၄)
Vol. 35 Ch. 343-344
အခန်း။ ၃၄၃
အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်း ဂမ္ဘီရတစ်သောင်းတောင်ထိပ်။
“ညီလေး... မင်းက ဘယ်လိုမျိုး ဝိညာဉ်လက်နက်ကို အလိုရှိတာလဲ” ဟု မေးလိုက်သူမှာ အသားညိုညိုနှင့် လူငယ်တစ်ဦးဖြစ်သည်။
သူသည် အပြာရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ပခုံးကျယ်ကာ ခါးတုတ်တုတ်နှင့် သန်သန်မာမာ ရှိလှရာ သာမန် ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် လုံးဝမတူချေ။
“ဝိညာဉ်လက်နက် မဟုတ်ပါဘူး။ ပုဆိန်လိုမျိုး သာမန်လက်နက်တစ်ခုကိုပဲ လိုချင်တာပါ။ အဲဒီပေါ်မှာ အစီအရင်မန္တန်တွေ ထွင်းထားတာ။ မထွင်းထားတာက အရေးမကြီးပါဘူး။ ဒါပေမဲ့ သာမန် ဝိညာဉ်လက်နက်တွေနဲ့ ရိုက်မိရင်တောင် မကျိုးသွားဖို့တော့ လိုတယ်” ဟု ပြန်လည်ဖြေကြားလိုက်သူမှာ အသက် ၂၀ ခန့်ရှိပြီး သူရဲကောင်းဆန်သော ရုပ်ရည်ရှိသည့် မီးခိုးရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးဖြစ်သည်။
သူ၏ ဘေးတွင်မူ ဆန့်ကျင်ဘက် အလှတရားကိုယ်စီရှိကြသော အမျိုးသမီးငယ် နှစ်ဦး ရပ်နေသည်။ တစ်ဦးမှာ အေးစက်သော အမူအရာရှိပြီး အခြားတစ်ဦးမှာမူ ချွဲနွဲ့စွာ ပြုံးနေသည်။
“ဒါဆိုရင်တော့ မခက်ခဲပါဘူး”
အသားညိုညိုနှင့်လူငယ်က ခေါင်းငြိမ့်ကာ “နောက်တစ်လလောက်နေရင် လာယူလို့ရပြီ” ဟု ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
နောက်ဆုံးတွင် လက်နက်ကိစ္စ အဆင်ပြေသွားသဖြင့် လုံယီမှာ များစွာ ဝမ်းသာသွားတော့သည်။ ပိယောင်ယောင်၏ အဆက်အသွယ်ကြောင့် သူသည် လူတန်းစီတာကိုကျော်ကာ အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းတွင် လက်နက်ပြုလုပ်ရာ၌ အလွန်နာမည်ကြီးသော ကျန်းချောင်းနှင့် ချိတ်ဆက်နိုင်ခဲ့ခြင်းပင်။ ထိုသူမှာ ထိပ်တန်း ဝိညာဉ်လက်နက်များကိုပင် ပြုလုပ်နိုင်စွမ်းရှိရာ လုံယီအတွက် သာမန်လက်နက်တစ်ခု လုပ်ပေးရခြင်းမှာ သူ၏ အရည်အချင်းပင် နှမြောစရာပင် ကောင်းလှသည်။
သို့သော် လက်နက်အတွက် ပေးရသော အကျိုးပြုမှတ်မှာ မနည်းလှပေ။ ပိယောင်ယောင်နှင့် ယို့ချင်းယီတို့ကပင် သူ့အတွက် စုပေါင်းစိုက်ထုတ်ပေးရန် အတင်းအကျပ် ပြောဆိုခဲ့ကြခြင်းပင်။
“ဟူး... ဒီဘက်ခေတ်မှာတော့ အားကိုးရာရှိမှပဲ ဘဝက အဆင်ပြေတော့မှာပဲ”
လုံယီက မချင့်မရဲ ရေရွတ်လိုက်မိသည်။
လုံယီ မသိလိုက်သည်မှာ သူ ထွက်သွားပြီးနောက် ပိယောင်ယောင်သည် ကျန်းချောင်းထံသို့ လရောင်ကဲ့သို့ ဖြူဝင်းသော သတ္တုစတစ်ခုကို ကမ်းပေးလိုက်ရာ ကျန်းချောင်းက ထိုက်ယီဂန်းရွှေလားဟု အံ့ဩတကြီး အော်ဟစ်လိုက်ခြင်းပင်။
...
ပုဆိန်ရရန် တစ်လခန့် စောင့်ရမည်ဖြစ်သဖြင့် လုံယီသည် စိတ်အေးလက်အေးဖြင့် ကျင့်ကြံခြင်းကိုသာ ဆက်လက်လုပ်ဆောင်နေတော့သည်။ အသက်ရှူခြင်းအတတ်နှင့် အရေပြားသန့်စင်ခြင်းအတတ်တို့မှာ ရှေ့ဆက်ရမည့် လမ်းစကို အသေအချာ မမြင်ရသေးသော်လည်း တဖြည်းဖြည်းနှင့် တိုးတက်မှု ရှိနေသည်။ ကျင့်စဉ်သစ်တစ်ခုကို ရှာမတွေ့မချင်း လက်ရှိ စုဆောင်းထားသမျှ အရာအားလုံးမှာ နောင်တွင် အဆင့်တက်လှမ်းရန်အတွက် အထောက်အပံ့များ ဖြစ်လာပေလိမ့်မည်။
ထူးကဲယင်ကျင့်စဉ်မှာလည်း သူ၏ အဓိက အာရုံစိုက်ရာ ဖြစ်နေသည်။ လုံယီသည် ထိုကျင့်စဉ်ကို အဆင့်မြှင့်တင်ရန် လိုအပ်သော လရောင်နှင်းစက်ကို အမြဲတမ်း ရှာဖွေနေပြီး ယင်ဓာတ်ရှိသော သတ္တဝါများနှင့် ပတ်သက်သည့် တာဝန်များကိုလည်း ရှာဖွေရန် မေ့လျော့မထားပေ။ အကယ်၍ သူ၏ ဝိညာဉ်ဓာတ်ခံကို အဆင့်မြင့်သို့ မြှင့်တင်နိုင်မည်ဆိုပါက သူ၏ ကျင့်ကြံမှုအရှိန်မှာ ဂိုဏ်းအတွင်းရှိ ပါရမီရှင်များကိုပင် ယှဉ်နိုင်မည်ဖြစ်သည်။
ကိုယ်ခံပညာနှင့် ကျင့်ကြံခြင်းလမ်းစဉ်အပြင် သူ၏ တတိယမြောက် အားကိုးရာဖြစ်သော ပင်ကိုယ်စွမ်းရည်များအတွက်လည်း သက်ဆိုင်ရာ ရတနာများကို အမြဲရှာဖွေနေသည်။ အချို့ကိုမူ ကျင့်ကြံခြင်းအဆင့် မြင့်မားလာမှသာ ဂိုဏ်းအတွင်း၌ လဲလှယ်ရန် စောင့်ဆိုင်းနေပြီး ဂိုဏ်းအတွင်း ရှာမရသော အရာများကိုမူ ပင်လယ်လေးသွယ်အဖွဲ့သို့ အပ်နှံ၍ ရှာဖွေခိုင်းထားသည်။
အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။
ထိုအချိန်တွင် အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းနှင့် မိုင်ပေါင်းများစွာ ဝေးကွာသော တစ်နေရာရှိ အလုံပိတ် နယ်မြေတစ်ခုအတွင်း၌...
ကောင်းကင်တစ်ခုလုံးမှာ မီးလျှံများပမာ နီရဲနေပြီး တိမ်လည်းမရှိသလို နေလည်းမရှိချေ။ ထိုနေရာမှာ အလွန်ပင် ခြောက်သွေ့လှပြီး မြေပြင်မှာလည်း နီညိုရောင် သဲကျောက်များဖြင့် အဆုံးမရှိ ကျယ်ပြောလှသည်။ မြင့်မားသော တောင်တန်းများ၊ အဆုံးမရှိသော ချောက်ကမ္ဘားများနှင့် ထူးဆန်းသော ကျောက်တုံးတောကြီးများဖြင့် ပြည့်နှက်နေသည်။
လက်ဖဝါးအရွယ်အစားခန့်ရှိသော လိမ္မော်ရောင် အဆောင်စက္ကူအချို့မှာ မြေပြင်မှ သုံးပေခန့်အကွာ လေထဲတွင် ဖြည်းညှင်းစွာ ပျံသန်းနေပြီး တစ်စုံတစ်ခုကို ရှာဖွေနေပုံပင်။ အဆောင်စက္ကူများ၏ နောက်တွင်မူ အပြာရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးစီ လိုက်ပါလာကြပြီး သူတို့၏ ခြေလှမ်းများမှာ လေးလံကာ မျက်နှာပေါ်တွင်လည်း ချွေးများ စီးကျနေသည်။
“တောက်... ဒီလို အသုံးမကျတဲ့ လျှို့ဝှက်နယ်မြေက ဘာဖြစ်နေတာလဲ။ ဆွဲအားကလည်း ပြင်းလှချေလား။ ပြီးတော့ ဖိုထဲရောက်နေသလိုပဲ အရမ်းပူတယ်”
“ဝိညာဉ်စွမ်းအားကို ချွေတာနေရလို့ပေါ့။ မဟုတ်ရင်တော့ ငါ ရေခဲတွေလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အေးအောင် လုပ်မိမှာပဲ”
“ငါတို့ ရှာနေတာ ဆယ်ရက်ကျော်ပြီ။ ဘာမှလည်း မတွေ့သေးဘူး။ ကျင့်ကြံဖို့ပဲ ပြန်သွားတာ ကောင်းမယ် ထင်တယ်”
“ဟေး... ဟိုမှာ ကြည့်ကြစမ်း”
အော်ဟစ်သံနှင့်အတူ အားလုံး လှည့်ကြည့်လိုက်ရာ သူတို့၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားတော့သည်။ လိမ္မော်ရောင် အဆောင်စက္ကူတစ်ခုမှာ တစ်နေရာ၌ ရပ်တန့်သွားပြီး မီးသီးတစ်လုံးအလား တောက်ပသော အလင်းတန်းများ ထွက်ပေါ်နေခြင်းပင်။
“ဝိညာဉ်ကြောသစ်တစ်ခုကို တွေ့ပြီဟေ့ အဆောင်စက္ကူရဲ့ တုံ့ပြန်မှုအရဆိုရင် ဒီအဆင့်က မနိမ့်ဘူးပဲ အစ်မကြီးလီတို့ဆီကို အမြန် အကြောင်းကြားကြစမ်း”
အားလုံး၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာမှုများဖြင့် တောက်ပသွားကြလေတော့သည်။
ထို့နောက် တစ်ဦးက သူ၏ရင်ဘတ်ထဲမှ ခေါက်ထားသော စက္ကူကြိုးကြာရုပ်လေးတစ်ရုပ်ကို ထုတ်ယူလိုက်သည်။
သူသည် ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်ကာ ဂါထာမန္တန်များကို ရွတ်ဆိုရင်း လက်ချောင်းများဖြင့် ရှုပ်ထွေးသော အမှတ်အသားများကို ဖော်ဆောင်လိုက်သည်။ စက္ကူကြိုးကြာရုပ်လေးမှာ ပူဖောင်းတစ်ခုကဲ့သို့ လျင်မြန်စွာ ဖောင်းကားလာပြီးနောက် လေထဲတွင် ယိမ်းထိုးပျံသန်းကာ ဝူးဟူသော အသံနှင့်အတူ လမ်းကြောင်းတစ်ခုသို့ အရှိန်အဟုန်ဖြင့် ပျံထွက်သွားတော့သည်။
မကြာမီမှာပင် အပြာရင့်ရောင် ဝတ်စုံဝတ် တပည့်တစ်ဖွဲ့မှာ ထိုကုန်းမြင့်လေး၏ ပတ်ဝန်းကျင်သို့ ရောက်ရှိလာကြသည်။ သုတို့ထဲမှ အချို့မှာ မျက်နှာများ အလွန်အမင်း ဖြူလျော့နေကြပြီး သူတို့၏ဘေးတွင်မူ ဆံပင်၊ မုတ်ဆိတ်နှင့် မျက်ခုံးမရှိသော ထူးဆန်းသည့် အရပ်ရှည်ရှည် လူသန်ကြီးများက ကိုယ်ရံတော်များအလား အနီးကပ် စောင့်ရှောက်နေကြသည်။
ဦးဆောင်လာသော တပည့်များမှာ ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်နေကြပြီး အားလုံးမှာ ဝိညာဉ်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်တွင် ရှိနေကြကာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည့် သူများဖြစ်သည်။
“ဒီနေရာလား... ငါ တူးကြည့်လိုက်မယ်”
အမျိုးသမီးတပည့်တစ်ဦးက အော်ပြောလိုက်သည်။
သူမမှာ နုနယ်သော ရုပ်ရည်ရှိသော်လည်း ထူးဆန်းစွာပင် ခေါင်းအလယ်တွင် ဆံပင်တိုတိုလေးသာ ထားရှိပြီး နားထင်နှင့် ဦးခေါင်းနောက်ဘက်တို့တွင်မူ ရှုပ်ထွေးလှသော ကျစ်ဆံမြီးဆံပင်များစွာ ကျစ်ထားရာ တစ်မျိုးတစ်ဘာသာ ဆန်းသစ်လှပနေသည်။
သူမ၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်နှင့်အမျှ လက်ကို မြှောက်လိုက်ရာ ရှုပ်ထွေးသော အစင်းကြောင်းများ ထွင်းထုထားသည့် ပေါင်လုံးခန့်ရှိသော မွဲပြာရောင် ယင်စွမ်းအင်မြှားများမှာ မြေပြင်သို့ တရစပ် ပစ်ခတ်သွားတော့သည်။ ပြင်းထန်သော ပေါက်ကွဲသံများနှင့်အတူ ကုန်းမြင့်ပေါ်တွင် နက်ရှိုင်းသော ကျင်းကြီးများ ဖြစ်ပေါ်လာသည်။
သို့သော် ထိုအမျိုးသမီးမှာ စိတ်ကျေနပ်ပုံမရဘဲ မျက်မှောင်ကြုတ်လိုက်ကာ “ရှေးဟောင်းကျင့်ကြံသူတွေရဲ့ လျှို့ဝှက်နယ်မြေက ဖိနှိပ်မှုက တကယ်ကို ပြင်းတာပဲ။ ငါ့ရဲ့ မန္တန်က အပြင်လောကထက် ၆၀ ရာခိုင်နှုန်းလောက်ပဲ စွမ်းအားထွက်နိုင်တော့တယ်” ဟု ရေရွတ်လိုက်သည်။
“နတ်သမီးလေးလီ... အားလုံးက ဒီလိုပါပဲ။ ကျင့်ကြံခြင်းအဆင့် မြင့်လေလေ ဖိနှိပ်မှုက ပိုပြင်းလေလေပဲ။ အတွင်းစည်းတပည့်တွေ ဝင်လာရင်တောင် သူတို့ရဲ့ စွမ်းရည် ၇၀၊ ၈၀ ရာခိုင်နှုန်းလောက်ပဲ ထုတ်နိုင်မှာပါ”
သူမ၏ဘေးမှ အမျိုးသားတပည့်တစ်ဦးက ရယ်မောရင်း ပြောလိုက်သည်။ သူနှင့် လီမျိုးနွယ် အမျိုးသမီးမှာ အဆင့်တူ ကျင့်ကြံသူများ ဖြစ်ကြသည်။
“အစ်ကိုကြီးကျိုး ပြောတာ မှန်ပါတယ်”
လီမျိုးနွယ် အမျိုးသမီးမှာ အခြားသူများကို အမိန့်ပေးလိုက်သည်။
“အားလုံး စတူးကြစမ်း"
အားလုံးမှာ သူမ၏နောက်မှ လိုက်ပါ၍ ယင်စွမ်းအင်မြှားများကို အသုံးပြုကာ ကုန်းမြင့်ကို ဗုံးကြဲသကဲ့သို့ တိုက်ခိုက်ကြတော့သည်။ လုံလောက်စွာ ဗုံးကြဲပြီးသောအခါ သူမသည် ကိုယ်ရံတော် အလောင်းကောင်များကို အထူးပြုလုပ်ထားသော ဂေါ်ပြားများဖြင့် အနက်ရှိုင်းဆုံး တူးခိုင်းလိုက်သည်။
ရောက်ရှိနေသူ အများစုမှာ အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်း၏ တပည့်ရင်းများ ဖြစ်ကြရာ သူတို့၏ ပင်ကိုယ်အလောင်းများမှာ အနည်းဆုံး သံအလောင်းအဆင့်တွင် ရှိကြပြီး ပေါင်ချိန် သောင်းနှင့်ချီသော ခွန်အားများကို ပိုင်ဆိုင်ကြသည်။ ထို့ကြောင့် သူတို့၏ တူးဖော်မှုအရှိန်မှာ အံ့မခန်း မြန်ဆန်လှပြီး နက်ရှိုင်းသော ကျင်းကြီးများ ချက်ချင်း ဖြစ်ပေါ်လာသည်။
တစ်ခိုက်တွင်မူ ကျင်းတစ်ခုမှာ ဝုန်းခနဲ ပေါက်ကွဲထွက်သွားပြီး ဖြူလွလွ လေစီးကြောင်းတစ်ခု ထွက်ပေါ်လာရာ အနီးရှိ ကြေးနီအလောင်းတစ်ခုမှာ လေထဲသို့ လွင့်စင်သွားတော့သည်။ ထိုဖြူလွလွ လေစီးကြောင်းများ ပျံ့လွင့်သွားသောအခါ လူတိုင်းမှာ လန်းဆန်းတက်ကြွမှုကို ခံစားလိုက်ရသည်။ အချို့မှာမူ သူတို့ ကျော်ဖြတ်ရန် ခဲယဉ်းနေသော အဆင့်အတားအဆီးများမှာပင် လျော့ရဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
“တကယ်ပဲ ဝိညာဉ်ကြောရှိတာပဲ ပြီးတော့ အဆင့်မြင့်ပုံပဲ”
တစ်ဦးက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
လီမျိုးနွယ် အမျိုးသမီးမှာ ထိုနေရာတွင် အာဏာအရှိဆုံးသူ ဖြစ်သဖြင့် သူမသည် စနစ်တကျ အမိန့်များ ထုတ်ပြန်လိုက်တော့သည်။
“လီကျွေ့ယွမ်၊ လင်းရှုယို့... မင်းတို့ အကြီးအကဲပေးထားတဲ့ အစီအရင်ပြားတွေကို ချပြီး မန္တန်စတင် ခင်းကြစမ်း”
“ရွှယ်လျန်၊ ကျောက်ယီ... မင်းတို့ ပတ်ဝန်းကျင်ကို ကင်းလှည့်ကြ။ ထူးခြားတဲ့သူတွေတွေ့ရင် မတိုက်ခိုက်နဲ့။ အကြောင်းပြန်ဖို့ပဲ ကြိုးစား"
“ကျိုးရှောက်ရန်၊ ကျူးဟိုင်... မင်းတို့တွေကတော့ ဒီမှာပဲ နားနေပြီး ဘယ်အချိန်မဆို တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားမယ်။ ဒါက အရေးကြီးတဲ့ အခိုက်အတန့်ပဲ ငါတို့ သုံးရက်တိုင်တိုင် စောင့်ကြပ်ရမယ်”
“ဟုတ်ကဲ့ပါ”
အားလုံးက တစ်ညီတစ်ညွတ်တည်း အော်ဟစ်လိုက်ကြသည်။
အမည်းရောင် အစင်းကြောင်းများပါရှိသော ကြေးနီအစီအရင်ပြား ခြောက်ခုကို ကုန်းမြင့်၏ အနားသတ်များတွင် နေရာချလိုက်ကြသည်။ ထိုအပြားများကို ချထားသူများက ဝိညာဉ်
စွမ်းအားများ စဉ်ဆက်မပြတ် ထည့်သွင်းလိုက်သောအခါ အပြားများမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ငွေရောင်အလင်းတန်း ခြောက်ခုမှာ တစ်ခုနှင့်တစ်ခု ဆက်သွယ်သွားကာ ဧရာမ ခြောက်မြှောင့်ကြယ်ပုံစံ ဖြစ်ပေါ်သွားတော့သည်။
ထိုကြယ်ပုံစံ၏ အစွန်းတွင် ဝေဝါးသော အလင်းအကာအကွယ်တစ်ခု စတင်ဖြစ်ပေါ်လာပြီး သိသိသာသာ မြန်ဆန်သော အရှိန်ဖြင့် ကြီးထွားလာသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုအလင်းဒိုင်းမှာ ဝိညာဉ်ကြော တစ်ခုလုံးကို လွှမ်းခြုံသွားမည်ပင်။
ဤရှေးဟောင်းကျင့်ကြံသူများ၏ လျှို့ဝှက်နယ်မြေမှာ ထူးခြားသော နိယာမဥပဒေသများရှိသဖြင့် အရှိန်အဝါ ပြင်းလွန်းသူများ ဝင်ရောက်၍မရဘဲ ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသာ ဝင်ရောက်နိုင်သည်။ သို့သော် ဝိညာဉ်သန့်စင်ခြင်းအဆင့် အစီအရင်မန္တန်တစ်ခုတည်းဖြင့်မူ အခြားဂိုဏ်းများမှ ကျင့်ကြံသူ အမြောက်အမြား၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ထို့ကြောင့် ဂိုဏ်းကြီးများသည် နယ်မြေအတွင်းသို့ အခြေခံတည်ဆောက်ခြင်းအဆင့် အစီအရင်မန္တန်ကို ထည့်သွင်းရန် အထူးအစီအရင်ပြားများကို တီထွင်ထားကြသည်။ သို့သော် ထိုမန္တန်နှင့် နယ်မြေ၏ နိယာမများ ပေါင်းစပ်သွားရန် အနည်းဆုံး သုံးရက်ခန့် အချိန်ယူရလေ့ရှိသည်။
ဝိညာဉ်သန့်စင်ခြင်းအဆင့် တပည့်များသာ ဝင်နိုင်သော နယ်မြေတစ်ခုတွင် အခြေခံတည်ဆောက်ခြင်းအဆင့် အစီအရင်မန္တန်ကို ပထမဆုံး အောင်မြင်စွာ ခင်းကျင်းနိုင်သူသည် ထိုဝိညာဉ်ကြောကို ပိုင်ဆိုင်သွားခြင်းပင်။
ထိုမန္တန်ကို ဖျက်ဆီးရန်အတွက် ဆယ်ဆမကသော အင်အားကို အသုံးမပြုပါက အခြားဂိုဏ်းများအနေဖြင့် လုယူရန် အလွန်ခက်ခဲလှသည်။
ထို့ကြောင့် ဤအလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းမှ တပည့်များ အခုလုပ်ဆောင်ရမည့်အရာမှာ ဤသုံးရက်အတွင်း ခံစစ်ကို မြဲမြံအောင် လုပ်ဆောင်ရန်ပင်။ အကယ်၍ အစီအရင်မန္တန် ခိုင်မြဲသွားပြီး ဝိညာဉ်ကြောကို သိမ်းပိုက်နိုင်ခဲ့ပါက ရောက်ရှိနေသူ အားလုံးမှာ အလွန်များပြားသော ဂိုဏ်းအကျိုးပြုမှတ်များကို ဆုလာဘ်အဖြစ် ရရှိကြမည်ပင်။
အခန်း။ ၃၄၄
စက္ကူကြိုးကြာရုပ်မှတစ်ဆင့် သတင်းရောက်ရှိသွားပြီးနောက် ရှေးဟောင်းကျင့်ကြံသူများ၏ လျှို့ဝှက်နယ်မြေအနီးရှိ အခြားသော အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းဝင်များမှာ ဝိညာဉ်ကြောတည်ရှိရာနေရာသို့ စုရုံးရောက်ရှိလာကြသည်။ သူတို့အားလုံးမှာ စိုးရိမ်စိတ်ရှိနေသော်လည်း စိတ်လှုပ်ရှားမှုကိုမူ ဖုံးဖိမထားနိုင်ကြချေ။
ဂိုဏ်းတစ်ခုအတွက် ဝိညာဉ်ကြော၏ အရေးပါပုံမှာ ငြင်းဆန်ရန်မလိုအောင် ထင်ရှားလှသည်။ ၎င်း၏အောက်တွင် ရှိနေမည့် များပြားလှသော ဝိညာဉ်ကျောက်တုံးများကို ဂိုဏ်း၏အချက်အချာနေရာသို့ သယ်ဆောင်သွားနိုင်ပါက ဂိုဏ်းတည်ရှိရာ တောင်တန်းတစ်ခုလုံး၏ ဝိညာဉ်စွမ်းအားသိပ်သည်းမှုကို မြှင့်တင်ပေးနိုင်မည်ပင်။
ယင်း၏ အကျိုးဆက်အနေဖြင့် ဂိုဏ်းအတွင်းရှိ ကျင့်ကြံသူအားလုံး၏ ကျင့်ကြံမှုအရှိန်မှာ ပိုမိုမြန်ဆန်လာမည်ဖြစ်ပြီး ဝိညာဉ်သန့်စင်ခြင်း အဆင့်မြင့်ပိုင်းနှင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခြေကို ပိုမိုများပြားလာစေကာ ဂိုဏ်း၏ အလုံးစုံအင်အားကို တိုးတက်စေမည်ဖြစ်သည်။
ထို့ပြင် ဝိညာဉ်ကြောအတွင်း၌ မြေကြောဝိညာဉ်ခြင်ဆီနှင့် ကျောက်နို့ရည်ကဲ့သို့သော ရတနာများလည်း ရှိနေနိုင်သည်။
ပထမရက်တွင် အခြားဂိုဏ်းများမှ ကျင့်ကြံသူအချို့ ငါးမိုင်ခန့်အကွာအထိ ရောက်ရှိလာသော်လည်း မကြာမီမှာပင် ပြန်လည်ထွက်ခွာသွားကြသည်။ ဒုတိယရက်တွင်မူ မည်သည့်
ကျင့်ကြံသူမျှ ရောက်မလာချေ။
ဤလျှို့ဝှက်နယ်မြေမှာ အပြင်လောကရှိ မြို့ကြီး နှစ်မြို့၊ သုံးမြို့စာခန့် ကျယ်ဝန်းလှသဖြင့် လူတိုင်း၏ စိတ်ဓာတ်မှာ တက်ကြွနေကြသည်။ နောက်ထပ် တစ်ရက်သာ ခံနိုင်ရည်ရှိပါက အစီအရင်မန္တန်မှာ အောင်မြင်စွာ တည်ဆောက်ပြီးစီးမည်ဖြစ်ပြီး ဤဝိညာဉ်ကြောမှာ အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်း၏ ပိုင်ဆိုင်မှုအဖြစ် ကြေညာနိုင်မည်ဖြစ်သည်။
တတိယရက် မွန်းတည့်ချိန်တွင်မူ...
မီးလျှံပမာ နီရဲသော ဝတ်စုံများကို ဝတ်ဆင်ထားသည့် အမျိုးသား၊ အမျိုးသမီးတစ်စုမှာ ကုန်းမြင့်အနီးသို့ ပေါ်ပေါက်လာကြပြီး သူတို့၏ မျက်ဝန်းများတွင် ရူးသွပ်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
“တကယ်ပဲ ဝိညာဉ်ကြောအသစ်တစ်ခု ရှိနေတာပဲ”
“ကြည့်ရတာ ဒီဝိညာဉ်ကြောရဲ့ အဆင့်က မနိမ့်ဘူးဟေ့”
“အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းက ကလေးတွေရဲ့ မန္တန်က ပြီးတော့မယ်။ သူတို့ကို လုံးဝ အောင်မြင်ခွင့်မပေးနိုင်ဘူး”
နေနီဂိုဏ်းမှ ကျင့်ကြံသူများသည် ဝိညာဉ်ကြောကို တွေ့ရှိသွားပြီးနောက် တပည့်အမြောက်အမြားကို စုစည်းကာ တိုက်ခိုက်ရန် ပြင်ဆင်ကြတော့သည်။ ၎င်းတို့အနက် အရပ်ရှည်ရှည် လူသန်ကြီးတစ်ဦး ရှေ့သို့ထွက်လာကာ ပြုံးလျက် ပြောလိုက်သည်။
“အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းက မိတ်ဆွေတို့... ငါတို့လည်း ဒါကို တွေ့သွားပြီဆိုတော့ မင်းတို့ရဲ့ မန္တန်ကို ဖျက်ပြီး ထွက်သွားလိုက်တာ ကောင်းမယ်။ ဒါဆိုရင် ငါတို့ တိုက်ခိုက်မှာ မဟုတ်ဘူး။ ငါတို့က ဝံပုလွေစိမ်းတောင်တန်းက မိစ္ဆာမျိုးနွယ်တွေကို တိုက်ခိုက်နေတဲ့ မဟာမိတ်တွေဆိုတော့ အခြေအနေကို အရုပ်ဆိုးအောင် မလုပ်ချင်ဘူးလေ”
ထိုစကားကို ကြားသောအခါ လီမျိုးနွယ် အမျိုးသမီးမှာ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ထန်ထျန်းချီ... တိုက်ချင်ရင်လည်း တိုက်ကြတာပေါ့ ငါတို့ အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းက ဘယ်တုန်းက ကြောက်ဖူးလို့လဲ သွေးတစ်စက်မှ မကျဘဲ ဝိညာဉ်ကြောကို လုချင်နေတာလား ငါတို့ကို အရူးအောက်မေ့နေတာလား”
“ဟွန်း... ခေါင်းမာတဲ့ မိန်းမ ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ”
နေနီဂိုဏ်းမှ ခေါင်းဆောင်မှာ ဒေါသထွက်သွားပုံပင်။
“ဒါဆိုရင်လည်း အကုန်လုံးကို သတ်ပစ်ကြစမ်း”
သူ၏ စကားအဆုံးတွင် နှစ်ဖက်စလုံး ချက်ချင်း တုံ့ပြန်ကြတော့သည်။ ရောင်စုံ အဆောင်စက္ကူများမှာ လေထဲသို့ ပျံတက်သွားပြီး မီးလုံးများ၊ လေဓားများ၊ ဝိညာဉ်မြှားများနှင့် အဆိပ်ငွေ့များအဖြစ် ပြောင်းလဲကာ တစ်ဖက်စခန်းသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။
ဝုန်း ဒိုင်း….
ဖြောင်း ဖြောင်း…..
“အား”
“သတ်ကြစမ်း”
တစ်ခဏအတွင်းမှာပင် နေနီဂိုဏ်းနှင့် အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းမှ တပည့်များမှာ အပြင်းအထန် လုံးထွေး၍ တိုက်ခိုက်ကြတော့သည်။ အဆောင်စက္ကူများဖြင့် တရစပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အစောပိုင်းမှာပင် ဒဏ်ရာရသူများစွာ ရှိနေသည်။ ဤသည်မှာ ကျန်ရှိသူများ၏ သတ်ဖြတ်လိုစိတ်ကို ပိုမိုပြင်းထန်စေခဲ့သည်။
“တစ္ဆေပုခုံးပုတ်”
လီမျိုးနွယ် အမျိုးသမီးမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူမသည် လက်ချောင်းများဖြင့် အမှတ်အသားများကို အဆက်မပြတ် ဖော်ဆောင်လိုက်ရာ မည်းမှောင်၍ တစ်ပိုင်းတစ်စ ကြည်လင်နေသော ဧရာမ လက်ဝါးကြီးတစ်ခု လေဟာနယ်အတွင်း၌ ပေါ်ပေါက်လာပြီး အမည်းရောင် မြူခိုးများဖြင့် ဝန်းရံထားသည်။
ထိုလက်ဝါးကြီးမှာ နေနီဂိုဏ်းသားတစ်ဦး၏ မီးလျှံဒိုင်းကို ရိုက်ခွဲကာ ထိုသူ၏ ကိုယ်ပေါ်သို့ ကျရောက်သွားရာ ထိုသူမှာ ချက်ချင်းပင် အမည်းရောင် ပြာပုံတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
“ယင်လေပြင်း”
ကျိုးမျိုးနွယ် အမျိုးသားမှာလည်း သူ၏ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်ရာ မွဲပြာရောင် ယင်လေပြင်းကြီးတစ်ခုမှာ အော်ဟစ်သံနှင့်အတူ ထွက်ပေါ်လာသည်။ လေပြင်းအတွင်း၌ အဖြူရောင် ပူဖောင်းများမှာ တရစပ် လှိမ့်တက်နေပြီး အမည်းရောင် ခြောက်ကပ်နေသော လက်တံများမှာလည်း ရံဖန်ရံခါ ထွက်ပေါ်လာကြသည်။
ထိုယင်လေပြင်းမှာ နေနီဂိုဏ်းသား နှစ်ဦးအပေါ်သို့ တိုက်ခတ်သွားရာ သူတို့၏ မျက်နှာများမှာ မှိုင်ထွေသွားပြီး နောက်တစ်စက္ကန့်တွင်မူ အရိုးစုနှစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အခြားသော ဝိညာဉ်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်ရှိ အမျိုးသားတစ်ဦးမှာမူ သူ၏ ကြေးနီအလောင်းကို အားရှိပါးရှိ တိုက်ခိုက်ခိုင်းလိုက်သည်။ ကြေးနီအလောင်း၏ ပုံရိပ်မှာ လျင်မြန်လွန်းလှသဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်ချေ။ ၎င်းသည် ရန်သူတစ်ဦး၏ ရှေ့၌ ရုတ်တရက် ပေါ်လာပြီး ညာဘက်လက်ဖြင့် ပြိုင်ဘက်၏ ဦးခေါင်းကို ချက်ချင်းပင် ဆွဲဖြုတပစ်လိုက်တော့သည်။
သို့သော်လည်း လီမျိုးနွယ် အမျိုးသမီးနှင့် ကျိုးမျိုးနွယ် အမျိုးသားတို့မှာ ကျင့်ကြံခြင်းအဆင့် မြင့်မားလှပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သော်လည်း တိုက်ပွဲတစ်ခုလုံးတွင် အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းမှာ သိသိသာသာ အခြေအနေမလှ ဖြစ်နေသည်။
အခြားအကြောင်းကြောင့်မဟုတ်ဘဲ ဓာတ်သဘာဝချင်း မူလကတည်းက အနိုင်ရွေးချယ်ထားခြင်းခံရသောကြောင့်ပင်။ ကျင့်ကြံခြင်းအစောပိုင်းအဆင့်များတွင် ယင်ဓာတ်မှာ မီးဓာတ်၏ ဖိနှိပ်ခြင်းကို ပြင်းပြင်းထန်ထန် ခံရလေ့ရှိသည်။
အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းသားတစ်ဦးက ယင်စွမ်းအင်မြှားများစွာကို အရပ်မျက်နှာအနှံ့မှ ပစ်ခတ်တိုက်ခိုက်သော်လည်း ရန်သူက လက်ဝါးကြာပန်းမီးလျှံကို လေထဲသို့ ပစ်လွှတ်လိုက်ရာ မရေမတွက်နိုင်သော မီးတောက်ကြာပွင့်ချပ်များအဖြစ် ပြောင်းလဲသွားပြီး ယင်စွမ်းအင်မြှားများကို တစ်ခုချင်းစီ ခုခံတားဆီးလိုက်သည်။ ကျန်ရှိနေသော ပွင့်ချပ်များစွာက ကျင့်ကြံသူထံသို့ ပြန်လည်တိုးဝင်လာရာ ထိုသူမှာ အသည်းအသန် ရှောင်တိမ်းလိုက်ရသည်။
အခြားတစ်ဦးကလည်း မမြင်နိုင်သော အရိုးစားအပ်များကို ထုတ်လွှတ်လိုက်သော်လည်း မီးလျှံများဖြင့် ဖွဲ့စည်းထားသော နေနီဒိုင်းရှေ့တွင် အရာမထင်ဘဲ ပျက်ပြယ်သွားခဲ့ရသည်။ ထို့နောက် တန်ပြန်တိုက်စစ်အနေဖြင့် မြေကမ္ဘာမီးတိုင်တစ်ခု ပေါက်ကွဲတက်လာရာ ထိုကျင့်ကြံသူမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ကျင့်ကြံသူတစ်ဦးမှာ သူ၏ သံအလောင်းကို အဝေးမှ ထိန်းချုပ်ကာ အနီးကပ် လုပ်ကြံရန် ကြိုးစားသော်လည်း၊ မထင်မှတ်ဘဲ အလွန်မြန်ဆန်လှသော မီးငှက်တစ်ကောင် ပျံသန်းလာကာ သူ၏ ယင်အလင်းဒိုင်းကို အလွယ်တကူ ဖောက်ထွက်သွားပြီးနောက် ထိုကျင့်ကြံသူကို မီးပုံကြီးအဖြစ် ပြောင်းလဲလိုက်ရာ နာကျင်စွာ အော်ဟစ်ရင်း ပြေးလွှားနေရတော့သည်။
အကယ်၍သာ အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းက ကြိုတင်ပြင်ဆင်ထားသော အစီအရင်မန္တန်များ ရှိမနေပါက သူတို့မှာ နေနီဂိုဏ်းသားအချို့ကို ဖမ်းဆီးသတ်ဖြတ်ကာ တိုက်စစ်အရှိန်ကို မဟန့်တားနိုင်ခဲ့လျှင် ယခုအခြေအနေမှာ တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီး ဖြစ်နေလောက်ပြီဖြစ်သည်။
သို့သော်လည်း အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်း တပည့်များမှာ တဖြည်းဖြည်း နောက်ဆုတ်နေရဆဲပင်။ သူတို့၏ မူလအစီအရင်ပြားများမှာလည်း ရန်သူ့ကြောင့် အများစု ပျက်စီးသွားပြီဖြစ်ရာ ဤမန္တန်ခင်းကျင်းမှုမှာ လုံးဝကျရှုံးသွားပြီဟု ကြေညာရတော့မည်ပင်။
“ဟားဟားဟား... အားနည်းလိုက်တာ တကယ်ကို အားနည်းလွန်းတယ်။ ဂိုဏ်းတွေအများကြီးထဲကမှ မင်းတို့ အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းက ငါတို့ နေနီဂိုဏ်းကို ယှဉ်ချင်တာလား”
“ချိုးရှောက်ကျဲ မရှိဘဲနဲ့တော့ မင်းတို့က အသုံးမကျတဲ့ အုပ်စုတစ်စုပဲ”
“ဒီနေရာမှာတင် အကုန်သတ်ပစ်ကြစမ်း။ အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းရဲ့ မျိုးဆက်သစ်တွေကို အမြစ်ပြတ်အောင် လုပ်ပစ်မယ်”
အသာစီးရနေသော နေနီဂိုဏ်းသားများမှာ ရင့်သီးစွာ ရယ်မောနေကြပြီး သူတို့၏ အရှိန်အဝါမှာ ပိုမိုမောက်မာလာသည်။ ဆန့်ကျင်ဘက်အနေဖြင့် အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းမှာမူ အကျအဆုံးများပြားနေပြီး စိတ်ဓာတ်များ ကျဆင်းနေကာ ကျွမ်းကျင်သူ အနည်းငယ်ကသာ အသက်ပေး၍ ခုခံနေရသည်။
ဤအတိုင်းသာဆိုလျှင် အားနည်းသူများ အားလုံး သေဆုံးပြီးနောက် ကျွမ်းကျင်သူများလည်း သေတွင်းသို့ ဆင်းကြရတော့မည်ဖြစ်သည်။
“ငါ မင်းတို့ကို အသေခံ တိုက်မယ်”
ထိုခဏတွင် ဝိညာဉ်သန့်စင်ခြင်း အဆင့် (၇) ရှိသော အသွင်အပြင် ရိုးရိုးရှင်းရှင်းနှင့် အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းသားတစ်ဦး၏ မျက်ဝန်းများတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်လာသည်။ နောက်တစ်စက္ကန့်တွင် သူထိန်းချုပ်ထားသော သံအလောင်းပေါ်ရှိ အမည်းရောင်အစင်းကြောင်းများမှာ လျင်မြန်စွာ စီးဆင်းသွားပြီး အလောင်း၏ ခန္ဓာကိုယ်မှာ နီရဲလာကာ ဖောင်းကားတက်လာသည်။
ဝုန်း….
ထိုအလောင်းမှာ နေနီဂိုဏ်းသားတစ်ဦး၏ ဘေးသို့ ပျံသန်းသွားပြီး ကိုယ့်ကိုကိုယ် ဖောက်ခွဲလိုက်တော့သည်။
“အား”
ထိုနေနီဂိုဏ်းသားမှာ ဝိညာဉ်သန့်စင်ခြင်း အဆင့် ၈ ဖြစ်ပြီး အဆင့်တစ်ဆင့် ပိုမြင့်သည့်အပြင် ဓာတ်သဘာဝချင်းလည်း အနိုင်ရထားသူဖြစ်သည်။ သို့သော် ရန်သူ၏ ပင်ကိုယ်အလောင်းက ဤသို့ အနီးကပ် အသေခံဖောက်ခွဲလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် ခန္ဓာကိုယ် အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားရရှာသည်။
ထိုအလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းသားမှာလည်း သူ၏ ပင်ကိုယ်အလောင်း ပေါက်ကွဲသွားသဖြင့် ခန္ဓာကိုယ်ရှိ အပေါက်ခုနစ်ပေါက်မှ သွေးများထွက်လာကာ အသက်ရှူနှုန်းမှာ အလွန်အားနည်းသွားတော့သည်။ ဘေးမှ ကျရောက်လာသော မီးလျှံတစ်ခုကြောင့် သူသည်လည်း တစ်ခဏချင်းမှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ သူ၏ ပြတ်သားသော အသေခံတိုက်ခိုက်မှုကြောင့် နေနီဂိုဏ်းသားများမှာ ထိတ်လန့်သွားကြပြီး ရှေ့သို့ ဆက်တိုးရန် တွန့်ဆုတ်သွားကြသည်။ ထို့ကြောင့် အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်း တပည့်များမှာ တိုက်ခိုက်ရင်း နောက်ဆုတ်နိုင်ခဲ့ကြပြီး ကြီးမားသော ပေးဆပ်မှုများနှင့်အတူ လူအချို့ လွတ်မြောက်ခဲ့ကြသည်။
ဤတိုက်ပွဲတွင် အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်း၏ တပည့်ရင်း ဆယ်ဂဏန်းကျော် သေဆုံးခဲ့ရသဖြင့် ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ဂိုဏ်း၏ အဆင့်မြင့်ပိုင်း လူကြီးများမှာ တစ်ညလုံး ဆွေးနွေးကြပြီးနောက် လျှို့ဝှက်နယ်မြေ စူးစမ်းရေးအတွက် ပေးအပ်မည့် ဆုလာဘ်များကို အဆမတန် တိုးမြှင့်လိုက်တော့သည်။
[ရှေးဟောင်းကျင့်ကြံသူ လျှို့ဝှက်နယ်မြေ စူးစမ်းခြင်း၊ နေနီဂိုဏ်းနှင့် စစ်မှန်သောသွေးဂိုဏ်းတို့နှင့် ယှဉ်ပြိုင်ရမည်။ ကျင့်ကြံသူများ၏ ဂူကျောင်းများ၊ ဝိညာဉ်ကြောများနှင့် အအေးဓာတ်ရှိသော နေရောင်ခြည်မြက်ပင်များကို ရှာဖွေရမည်..]
[ဤတာဝန်မှာ အလွန်အန္တရာယ်များသဖြင့် ဝိညာဉ်သန့်စင်ခြင်း အဆင့်မြင့်ပိုင်း ကျင့်ကြံသူများသာ ပါဝင်ခွင့်ရှိမည်။ ပါဝင်သူအားလုံးသည် ကနဦးဆုလာဘ်အနေဖြင့် အကျိုးပြုမှတ် ၁၀၀၊ ယင်လေပြင်းအဆောင်စက္ကူ ၅ ခုနှင့် မီးငြှိမ်းသတ်အဆောင်စက္ကူ ၅ ခုစီ ရရှိမည်ဖြစ်သည်]
[ဝိညာဉ်ကြောကို အောင်မြင်စွာ သိမ်းပိုက်နိုင်သော မည်သည့်တပည့်မဆို အကျိုးပြုမှတ် ၁၀၀၀ ချီးမြှင့်ခံရမည့်အပြင် နောင်တွင် အခြေခံတည်ဆောက်ခြင်းဆေးလုံးရရှိရန်အတွက် ဦးစားပေး သတ်မှတ်ခြင်း ခံရမည်...]
ဤတာဝန်အတွက် နာမည်စာရင်း ပေးသွင်းရုံဖြင့် ဆုလာဘ်အချို့ကို ကြိုတင်ရရှိခြင်းမှာ ဂိုဏ်း၏ သမိုင်းတွင် တွေ့ရခဲလှသည်။ ထို့ပြင် ဝိညာဉ်ကြောကို သိမ်းပိုက်နိုင်ပါက အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ဦးစားပေး ရရှိနိုင်ဦးမည်ပင်။
ကြည့်ရသည်မှာ လျှို့ဝှက်နယ်မြေအတွင်းရှိ ကြီးမားသော အကျိုးအမြတ်များကြောင့် ဖြစ်စေ ကာလရှည်ကြာ ဖြစ်ပွားလာခဲ့သော ရန်ငြိုးများကြောင့် ဖြစ်စေ အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းမှာ တစ်ဖက်ဂိုဏ်းများကို ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ပုံပင်။
တာဝန်ကို ကြေညာလိုက်သည်နှင့် ဝိညာဉ်သန့်စင်ခြင်း အဆင့်မြင့်ပိုင်း တပည့်များမှာ စိတ်လှုပ်ရှားသွားကြသည်။ အစပိုင်းတွင် ပါဝင်ရန် ဆန္ဒမရှိသော ကျွမ်းကျင်သူအချို့ပင်လျှင် စတင်လှုပ်ရှားလာကြတော့သည်။
အခြေခံတည်ဆောက်ခြင်းဆေးလုံး၏ ဆွဲဆောင်မှုမှာ အလွန်ပင် ကြီးမားလွန်းသည်။
အတွင်းစည်းတပည့်များမှာလည်း ဤအခြေအနေကို အနီးကပ် စောင့်ကြည့်နေကြသည်။ သို့သော် ဤအရာအားလုံးမှာ ဝိညာဉ်သန့်စင်ခြင်း အဆင့် (၂) သာ ရှိသေးသော လုံယီနှင့်မူ ခေတ္တခဏအားဖြင့် မသက်ဆိုင်သေးပေ။
သူသည် သွေးဖြင့် ဝိညာဉ်အသွင်ပြောင်းလဲခြင်းအတတ်ကို ကျင့်ကြံပြီးမြောက်ရုံသာမက ပုဆိန်အသစ်ကိုလည်း ရရှိထားပြီဖြစ်ရာ ဂိုဏ်း၏ အပြင်ဘက်သို့ထွက်၍ သူ၏ စွမ်းအားကို စမ်းသပ်ရန် ပြင်ဆင်နေတော့သည်။