← Chapters

အခန်း (၃၄၅-၃၄၆)

Vol. 35 Ch. 345-346

အခန်း (၃၄၅-၃၄၆)

Vol. 35 Ch. 345-346

အခန်း။ ၃၄၅

ဂိုဏ်းသို့ ရောက်ရှိခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ရာ အပြင်စည်းတပည့်များအဖို့ ဂိုဏ်းပြင်ပသို့ ထွက်ခွာခြင်းကို ကန့်သတ်မထားတော့ချေ။ သို့သော် အချိန်ကြာမြင့်စွာ သွားရောက်မည်ဆိုပါက ဂိုဏ်းသို့ သတင်းပို့ရန်တော့ လိုအပ်ဆဲပင်။

လုံယီသည် တပည့်တောင်ထိပ်မှ ဆင်းလာပြီးနောက် အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်း၏ တောင်တန်းနယ်မြေမှ ကျော်လွန်သည်နှင့် အရှိန်ကို မြှင့်တင်လိုက်တော့သည်။ သူသည် ကိုယ့်ကိုကိုယ် လေညင်းခြေလှမ်းမန္တန်ဖြင့် အကာအကွယ်ပေးကာ အလျင်အမြန်ပင်ကိုယ်စွမ်းရည်ကို နှိုးဆွလိုက်ပြီး အသက်ရှူခြင်းအတတ်ဖြင့် ကိုယ်ပေါ့ပါးအတတ်ကိုပါ ပေါင်းစပ်၍ အသုံးပြုလိုက်သည်။

သူသည် မီးခိုးရောင် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ဘေးပတ်လည်တွင် ဖြူလွလွ လေစီးကြောင်းများမှာ ဘေးသို့ လွင့်စင်သွားရာ လေထဲတွင် မီးခိုးတန်းရှည်ကြီးတစ်ခု ဖြစ်ပေါ်နေသည့်အလား။ အသက်ရှူအကြိမ် ၁၀၀ ခန့်အတွင်းမှာပင် သူသည် မိုင် ၃၀ ခန့်ဝေးသော လူသူကင်းမဲ့သည့် တောင်ကုန်းတစ်ခုသို့ ရောက်ရှိသွားသည်။

သူသည် အဝါရောင်အစွန်းရောက် အသက်ရှူခြင်းအတတ်ကို လည်ပတ်စေလိုက်ရာ သူ၏မျက်ဝန်းများတွင် နီရဲသော စစ်မှန်သောခွန်အားများ စီးဆင်းလာပြီး ရှေ့မှလောကကြီးမှာ မွဲခြောက်ခြောက် အရောင်အဖြစ် ပြောင်းလဲသွားသည်။

မျက်စိရှိ အရေးပါသော အချက်များကို ဖွင့်လှစ်ထားပြီးဖြစ်ရာ သူ၏အမြင်အာရုံတွင် သက်ရှိများမှာ တောက်ပသော အဝါရောင် သို့မဟုတ် အနီရောင်များအဖြစ် ထင်ထင်ရှားရှား ပေါ်ပေါက်နေသဖြင့် မည်သည့်အရာမျှ ပုန်းကွယ်နေ၍ မရတော့ချေ။

လုံယီသည် စွမ်းရည်ပြစာမျက်နှာရှိ မန္တန်များကဏ္ဍကို ကြည့်လိုက်ရာ သွေးဖြင့် ဝိညာဉ်

အသွင်ပြောင်းလဲခြင်းအတတ်မှာ ကျင့်ကြံမှုမရှိသေးသည့်အဆင့်မှ အနည်းငယ်အောင်မြင်မှုအဆင့်သို့ ပြောင်းလဲသွားသည်ကို တွေ့ရသည်။

သူ၏ စိတ်အာရုံဖြင့် ညွှန်ကြားလိုက်သည်နှင့် လက်ဖဝါးအလယ်တွင် ဒဏ်ရာတစ်ခု ပေါ်လာကာ အသားစများမှာ အလိုအလျောက် ပွင့်ဟသွားပြီး လက်မအနည်းငယ်သာ ရှည်သော ဝေဝါးသည့် သွေးရိပ်တစ်ခု ပျံထွက်လာသည်။

၎င်းသည် ကွင်းပြင်တွင် ငြိမ်သက်စွာ ထိုင်နေသော ဖားပြုတ်တစ်ကောင်ထံသို့ တိုက်ရိုက်ပျံသန်းသွားပြီး တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်တော့သည်။

ဖားပြုတ်ကလေးမှာ အော်ဟစ်ချိန်ပင်မရလိုက်ဘဲ ဝေဝါးသော သွေးကွက်တစ်ခုအဖြစ် အရည်ပျော်သွားပြီး သွေးရိပ်၏ အရွယ်အစားမှာမူ အနည်းငယ် ပိုမိုကြီးထွားလာသည်။ ဖားပြုတ်ပြီးနောက် တောင်ပေါ်ရှိ တောရိုင်းတိရစ္ဆာန်များနှင့် ငှက်များအားလုံးမှာလည်း ဘေးဒုက္ခနှင့် ရင်ဆိုင်ရတော့သည်။ ဝံပုလွေများ၊ ကျားများ၊ ကျားသစ်များမှအစ ငှက်များ၊ ပိုးမွှားများ၊ ငါးများနှင့် တွားသွားသတ္တဝါများအထိ လုံယီ၏ ပစ်မှတ်ဖြစ်သွားပါက သွေးအိုင်များအဖြစ် ပြောင်းလဲကုန်ကြသည်။

သွေးရိပ်မှာ တဖြည်းဖြည်းနှင့် ပိုမိုကြီးထွားလာသည်။ နာရီအနည်းငယ် ကြာပြီးနောက်တွင်မူ သာမန်လူတစ်ရပ်ခန့်အထိ မြင့်မားလာတော့သည်။ သွေးရိပ် မြင့်မားလာလေလေ ၎င်း၏ စွမ်းအားက ပိုကြီးလာလေလေဖြစ်ပြီး ပြင်ပအရာဝတ္ထုများကို အရည်ပျော်စေသည့်အရှိန်မှာလည်း ပိုမြန်လာလေလေဖြစ်သည်။

“အစွမ်းကို စမ်းကြည့်ရအောင်”

လုံယီ၏ စိတ်ညွှန်ကြားချက်နှင့်အတူ ဘယ်ဘက်လက်ဖဝါးမှာ ပွင့်ဟသွားပြီး သွေးရိပ်မှာ ရှူးခနဲ ပြန်လည်စီးဝင်သွားကာ လက်ဖဝါးအတွင်း၌ ပဲစေ့အရွယ်အစားရှိသော သွေးပုတီးစေ့တစ်ခု ဖြစ်ပေါ်သွားသည်။ နောက်တစ်ခဏတွင် မမြင်နိုင်သော မိစ္ဆာဓာတ် သို့မဟုတ် နာကျည်းမှု အရှိန်အဝါများမှာ သွေးပုတီးစေ့မှတစ်ဆင့် လုံယီ၏ ဘယ်ဘက်လက်မောင်း အကြောများအတိုင်း စီးဆင်းကာ သူ၏ဦးနှောက်အတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာတော့သည်။

“အား”

“ဝူး...”

“ကျွိ ကျွိ”

လုံယီ၏ စိတ်ထဲတွင် ထူးဆန်းသော အော်ဟစ်သံများ မြည်ဟည်းနေသည်။ အကယ်၍သာ သာမန်လူတစ်ဦးဆိုပါက အာရုံချောက်ခြားမှုများ ဖြစ်ပေါ်ကာ စိတ်မနှံ့သူ ဖြစ်သွားနိုင်သည်။ သို့သော် လုံယီအတွက်မူ...

“ကွိ”

သူ၏စိတ်ထဲရှိ လင်းယုန်ငှက်ကြီး၏ ဟစ်ကြွေးသံက အာရုံချောက်ခြားမှုအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး လက်ဖဝါးရှိ သွေးပုတီးစေ့မှာလည်း ငြိမ်သက်သွားကာ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ၎င်းအနေဖြင့် နောက်တစ်ကြိမ် လှုပ်ရှားခွင့် ရတော့မည် မဟုတ်ပေ။

“ဝိညာဉ်ဝါးမြိုခြင်း”

လုံယီက အဆင့်မြင့်ကျွမ်းကျင်မှုကို အသုံးပြုလိုက်သည်နှင့် သွေးပုတီးစေ့မှာ နှင်းများ အရည်ပျော်သကဲ့သို့ ပျောက်ကွယ်သွားပြီး ချီစွမ်းအင်လှိုင်းကြီးအဖြစ် သူ၏ရင်ဘတ်အတွင်းသို့ စီးဝင်ကာ အဟုန်ပြင်းစွာ စတင်လောင်ကျွမ်းတော့သည်။ သူ၏ခန္ဓာကိုယ်မှာ သွေးများ တိုးလျှံလာသဖြင့် နီမြန်းလာပြီး ထိုစွမ်းအင်များကို ထုတ်လွှတ်ပစ်လိုသော ပြင်းပြသည့် ဆန္ဒများ ပေါ်ပေါက်လာသည်။

ဝုန်း….

ထိုအရှိန်ကို စီးနင်းလျက် သူသည် ပြင်းထန်သော လက်သီးတစ်ချက်ကို ထိုးလိုက်သည်။ ရှေ့ရှိ လေထုမှာ အကြီးအကျယ် ဖိသိပ်ခံလိုက်ရပြီးနောက် ပေါက်ကွဲထွက်သွားရာ ဖြူလွလွ လေစီးကြောင်းများမှာ ရူးသွပ်စွာ ပျံ့လွင့်သွားပြီး ပတ်ဝန်းကျင်ရှိ ပေ ၁၀၀ ကျော်အတွင်းမှ သစ်တောများကို အစအနမကျန် ပျက်စီးသွားစေတော့သည်။

လုံယီသည် ငြိမ်သက်စွာ ရပ်နေရင်း ယခုလေးတင် ထိုးလိုက်သော လက်သီး၏ ခံစားချက်ကို သေချာစွာ ပြန်လည်မြည်းစမ်းကြည့်လိုက်သည်။

ဒါက ပေါင်ချိန် ခြောက်သောင်း၊ ခုနစ်သောင်းလောက်ရှိတဲ့ အားကို တစ်ဆင့်ချင်း ပေါင်းစပ်

လိုက်တာပဲ။

"အရင်တုန်းက ဝိညာဉ်ဝါးမြိုပြီး စွမ်းအင်သိုလှောင်ခဲ့စဉ်က ဒီအဆင့်အထိ ရောက်ဖို့တောင် တော်တော်ကြိုးစားခဲ့ရတာ။ အခုတော့ ဒီလောက်က တစ်နေခင်းစာ အလုပ်ပဲ ရှိသေးတယ်။ ဒါပေမဲ့ သွေးရိပ်ရဲ့ ကန့်သတ်ချက် ပြည့်ဖို့တော့ အများကြီး လိုသေးတာပဲ။

သွေးရိပ်သာ ပိုကြီးထွားလာရင် ငါ့လက်သီးချက်က ဘယ်လောက်တောင် ပြင်းထန်လာမလဲ တွေးကြည့်ရုံနဲ့တင် ရင်ခုန်စရာပဲ။

ဆယ်ရက်၊ တစ်လ... မဟုတ်ဘူး တစ်နှစ်လောက်သာ သိုလှောင်ထားနိုင်ရင်ရော။ သာမန်သားရဲတွေတင်မကဘဲ ဝိညာဉ်သားရဲနဲ့ မိစ္ဆာသွေးတွေကိုပါ စုပ်ယူနိုင်မယ်ဆိုရင် ခန္ဓာကိုယ်က မခံနိုင်ဘဲ ပေါက်ကွဲသွားနိုင်ပေမဲ့ ငါ့စိတ်ကသာ ခိုင်မြဲနေသရွေ့တော့ စနစ်ရဲ့ အကူအညီနဲ့ ဒါက ဘာမှ ပြဿနာရှိမှာမဟုတ်ဘူး"

လုံယီသည် သွေးဖြင့် ဝိညာဉ်အသွင်ပြောင်းလဲခြင်းအတတ်နှင့် ဝိညာဉ်ဝါးမြိုခြင်းပင်ကိုယ်စွမ်းရည်တို့၏ ပေါင်းစပ်မှုအပေါ် အလွန်ကျေနပ်နေမိသည်။ ဤသည်မှာ သူကိုယ်တိုင် ဖန်တီးထားသော နတ်ဘုရားသတ် ဓားထုတ်ကျင့်စဉ်ပင်။

ဆက်လက်၍ သူသည် လက်နက်အသစ်ကို စမ်းသပ်ရန် ပြင်ဆင်လိုက်သည်။ မွဲပြာရောင်နှင့် အဖြူရောင် ရောယှက်နေသော ပုဆိန်အသစ်မှာ ထိပ်ပိုင်းနှင့် လက်ကိုင်ကို တစ်ဆက်တည်း ပြုလုပ်ထားခြင်းပင်။ ပုဆိန်မှာ ပိဿာ ၄၀ ခန့် လေးသော်လည်း လုံယီအတွက်မူ ဆယ်ဆမက ပိုလေးလျှင်ပင် အရာမဟုတ်ချေ။

ထူးကဲအနှစ်က မွဲခြောက်ခြောက်အရောင် မဟုတ်ဘူးလား။ ဘာလို့ ပုဆိန်က ဒီအရောင် ဖြစ်နေတာလဲ။

သံသယစိတ် အနည်းငယ် ပေါ်လာသော်လည်း လုံယီသည် ပုဆိန်ကို မြှောက်လိုက်သည်။

ဝူး….

သူ ပုဆိန်ကို ဝှေ့ယမ်းလိုက်သည်နှင့် လေထဲတွင် အပြာနုရောင် အလင်းတန်းတစ်ခု ပေါ်လာသည်။ ပုဆိန်မှာ လက်သီးထက် ပိုမိုထက်မြက်ပြီး လေထုဖိအားကို ပိုမိုထုတ်လွှတ်နိုင်သဖြင့် ၎င်း၏ စွမ်းအားမှာ ပိုမိုကြီးမားသည်မှာ သဘာဝကျသည်။

သို့သော် တစ်စုံတစ်ခု လိုအပ်နေသေးသကဲ့သို့ လုံယီ ခံစားနေရသည်။ သူသည် စိတ်အာရုံကို စုစည်းကာ ဝိညာဉ်စွမ်းအားများကို ပုဆိန်အတွင်းသို့ ထည့်သွင်းလိုက်သည်။ နောက်တစ်ခဏတွင် ပုဆိန်သွားတစ်လျှောက်၌ စိမ်းသက်သော အဖြူရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ ထိုအလင်းတန်းမှာ ထက်မြက်ခြင်း၊ ပြင်းထန်ခြင်းနှင့် အေးစက်ခြင်းတို့ဖြင့် ပြည့်နှက်နေရာ သူ၏အရေပြားမှာပင် ကြက်သီးများ ထသွားတော့သည်။

ဒါ... ရွှေသံဓာတ်ငွေ့လား

လုံယီသည် ခန့်မှန်းမိသွားသဖြင့် စိတ်လှုပ်ရှားသွားသည်။

သူတို့ ဂန်းသတ္တုတွေကို အတော်များများ ထည့်လိုက်ပုံပဲ။ ဒီပစ္စည်းက ထူးကဲအနှစ်ထက် အများကြီး ပိုဈေးကြီးတာ။ ဒါပေမဲ့ ဂန်းသတ္တုကနေ ထွက်တဲ့ ရွှေသံဓာတ်ငွေ့က အဖြူရောင် မဟုတ်ဘူး...

ပိယောင်ယောင် ဖြစ်ဖြစ်၊ ယို့ချင်းယီ ဖြစ်ဖြစ် တစ်ယောက်ယောက်တော့ လုပ်လိုက်တာပဲ။ အလှနတ်ဘုရားမတွေရဲ့ ကျေးဇူးကို ဆပ်ဖို့က အခက်ဆုံးပဲ။ နောင်ကျမှ အခွင့်အရေးရှာပြီး ပြန်

ဆပ်ရမယ်။

“အမည်းရောင်အရေပြား”

“ကျောက်သားအသွင်”

“ရွှေချပ်ဝတ်”

“အဝါရောင်အစွန်းရောက်”

ပျံသန်းနိုင်သောဓားများနှင့်အတူ ရှိနေတတ်သည့် ပြင်းထန်လှသော ဂန်းသတ္တုဓာတ်ငွေ့ကို ရင်ဆိုင်ရမည်ဖြစ်ရာ လုံယီမှာ မပေါ့ဆရဲဘဲ သူ၏ အဓိက ခုခံရေးစွမ်းရည် လေးခုစလုံးကို အသုံးပြု၍ စမ်းသပ်လိုက်သည်။ အဖြူရောင် ဂန်းသတ္တုဓာတ်ငွေ့မှာ ခန္ဓာကိုယ်ပြင်ပရှိ စစ်မှန်သောခွန်အား အကာအကွယ်ကို တဖြည်းဖြည်း လှီးဖြတ်သွားပြီး ရွှေချပ်ဝတ်ခုခံမှုကိုပါ ခက်ခဲစွာ ကျော်ဖြတ်သွားသည်။ နောက်ဆုံးတွင် ကျောက်သားအသွင်ပြောင်းထားသော အရေပြားပေါ်၌ ပြင်းထန်သော ပွတ်တိုက်သံများ ထွက်ပေါ်လာပြီး အရေပြားကို ဖောက်ထွက်ခါနီးမှ ပျောက်ကွယ်သွားတော့သည်။

၎င်းသည် လုံယီ၏ ခံစစ်သုံးထပ်ကို ထိရောက်စွာ ထိုးဖောက်နိုင်ခဲ့ခြင်းပင်။ သူ၏ အမည်းရောင်အရေအပြားနှင့် ခံနိုင်ရည်ရှိခြင်းပင်ကိုယ်စွမ်းရည်များ ကျန်ရှိနေသေးသော်လည်း ဤမျှ အစွမ်းထက်နေခြင်းမှာ ကြောက်စရာ ကောင်းလှသည်။

ငါ့ရဲ့ ဝိညာဉ်စွမ်းအားက အားနည်းနေသေးတာလည်း ပါတာပေါ့။ ဒါက ဂန်းသတ္တုဓာတ်ငွေ့ရဲ့ အရည်အသွေးကို သက်ရောက်မှု ရှိနိုင်တယ်။ အခုလေးတင် ခဏလေး စမ်းလိုက်တာတောင် ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေ ကုန်သလောက် ဖြစ်သွားပြီ။

ဒါပေမဲ့ ဒီဂန်းသတ္တုဓာတ်ငွေ့က ငါထင်ထားတာထက် အများကြီး ပိုထက်မြက်တယ်။ အရင်က ဓားကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ဖူးပေမဲ့ ဒီလောက် ပြင်းထန်တာမျိုး မတွေ့ဖူးဘူး။

အရင်က ငါရင်ဆိုင်ခဲ့တဲ့ ဓာတ်ကြီးငါးပါးဂိုဏ်းက အမျိုးသမီး ကျင့်ကြံသူသာ ဒီလို ဂန်းသတ္တုဓာတ်ငွေ့မျိုးကို အသုံးပြုနိုင်ခဲ့ရင် အဲဒီတုန်းက ငါ အသက်ရှင်မှာ မဟုတ်ဘူး။

လုံယီသည် သာမန်ဂန်းသတ္တုနှင့် ထိုက်ယီဂန်းရွှေတို့၏ ကွာခြားချက်ကို မသိသော်လည်း ၎င်းတို့၏ စွမ်းအားမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားကြောင်း သူ မသိရှာပေ။ သို့သော် လောကကြီးမှာ ကျယ်ပြောလှပြီး သူနားမလည်နိုင်သော အရာများစွာ ရှိနေသည်ကိုတော့ သူသတိပြုမိလိုက်သည်။ သူ၏ လက်ရှိခွန်အားမှာ လုံလောက်မှု မရှိသေးဘဲ ရှေ့ဆက်ရန် နည်းလမ်းများကို ရှာဖွေရဦးမည်ဖြစ်သည်။

ယန်နိုင်ငံကို တစ်ခေါက်လောက် သွားဖို့ လိုအပ်နေပြီထင်တယ်လုံယီ တွေးလိုက်မိသည်။

ယန်နိုင်ငံတွင် သွေးပေါင်းစပ်ခြင်းအတတ်များကို ရောင်းချလေ့ရှိရာ သူ သွားရောက်ဝယ်ယူနိုင်သည်။ အကယ်၍ သင့်တော်သောအရာကို ရှာမတွေ့ပါက ရှီချိုင်ဖုန်းထံမှ အကူအညီ တောင်းရပေမည်။ သူသည် ယန်နိုင်ငံ၏ အဓိကဂိုဏ်းကြီးတစ်ခုဖြစ်သော စစ်မှန်သောသွေးဂိုဏ်းသို့ ဝင်ရောက်သွားပြီဖြစ်ရာ ကိုယ်ခံပညာ လျှို့ဝှက်ကျမ်းတစ်စောင် ရှာပေးရန်မှာ သူမအတွက် ခဲယဉ်းမည်မဟုတ်ပေ။

ရှီချိုင်ဖုန်းအကြောင်း တွေးမိသောအခါ လုံယီမှာ သူမကို မမြင်ရသည်မှာ ကြာပြီဖြစ်သဖြင့် အနည်းငယ် လွမ်းဆွတ်သွားမိသည်။ သူမ ဘယ်လိုနေမလဲဆိုတာ သူသိချင်နေမိသည်။

သူသည် ဂိုဏ်းသို့ ပြန်လာခဲ့ပြီး တပည့်တောင်ထိပ်သို့ ရောက်သောအခါ သူ၏ ဂူကျောင်းရှေ့၌ စောင့်နေသော ပင်လယ်လေးသွယ်အဖွဲ့မှ ခန်းမမှူး ကျန်းလီကို တွေ့လိုက်ရသည်။

“ဒီနေ့မနက် ဘာလို့ သိန်းငှက်တွေ အော်နေတာလဲလို့ စဉ်းစားနေတာ။ ခန်းမမှူးကျန်း ရောက်လာလို့ကိုး”

လုံယီက နောက်ပြောင်လိုက်သည်။

“ညီလေးလုံရဲ့ အာရုံခံစားမှုက တကယ်ကို တိကျတာပဲ”

ကျန်းလီက ရယ်မောရင်း ပြောလိုက်ရာ သူ၏ ပြောင်လက်နေသော နဖူးပြင်မှာ အလင်းပြန်နေတော့သည်။

“ငါ မင်းအတွက် ဖုန်းကျိုယွဲ့ရဲ့ သတင်းကို ယူလာတာပါ”

“အို... ဟုတ်လား ခန်းမမှူး... အထဲကို ကြွပြီး အသေးစိတ် ပြောပြပါဦး”

လုံယီက ဝမ်းသာအားရ ပြန်ပြောလိုက်သည်။

အခန်း။ ၃၄၆

"ငါတို့ မူလက ရှာခိုင်းထားတဲ့သူက ခွင့်ယူပြီး အိမ်ပြန်သွားတာနဲ့ တိုးနေလို့ အခုလို ကြန့်ကြာသွားရတာပါ။ ညီလေးအတွက် အနှောင့်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပါဦး"

ကျန်းလီက ဖုန်းကျိုယွဲ့၏ သတင်းအချက်အလက်တွေ ရဖို့ ဘာကြောင့် နောက်ကျသွားရသလဲဆိုတာကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

"ရှာတွေ့သွားတာပဲ ဝမ်းသာလှပါပြီ။ အခုလို ကူညီပေးတဲ့အတွက်လည်း ခန်းမမှူးကျန်းကို ကျေးဇူးအများကြီး တင်ပါတယ်"

လုံယီက သူ၏သိုလှောင်အိတ်ထဲမှ အဖြူရောင် မုန့်သေတ္တာတစ်လုံးကို ထုတ်ယူကာ ဂူအတွင်းရှိ ကျောက်စားပွဲပေါ်တွင် တင်လိုက်ပြီး ကျန်းလီကို မြည်းစမ်းကြည့်ရန် ဖိတ်ခေါ်လိုက်သည်။

"ဒီမုန့်ဖြူလေးက ပါဝင်ပစ္စည်းတွေ တကယ်ကို နူးညံ့တာပဲ။ ပါးစပ်ထဲထည့်လိုက်တာနဲ့ အရည်ပျော်သွားပြီးတော့ ကံ့ကော်ပန်းရနံ့ သင်းသင်းလေးလည်း ပါသေးတယ်။ လူ့လောကမှာတော့ ဒါက တကယ်ကို ရှားပါးတဲ့ အရသာပဲ"

ကျန်းလီက တစ်လုပ်မြည်းကြည့်ပြီး ပြုံးရွှင်စွာ ချီးမွမ်းစကား ပြောလိုက်သည်။

"ခန်းမမှူး ကြိုက်တယ်ဆိုရင် စိတ်ကြိုက် သုံးဆောင်ပါဦး"

လုံယီက ပြောလိုက်သည်။

ထိုမုန့်ဖြူမှာ ပိယောင်ယောင်ထံမှ သူရရှိထားခြင်းပင်။ ယို့ချင်းယီကို ပိုးပန်းနေသော စီနီယာတစ်ဦးက ပေးခဲ့ခြင်းဖြစ်သော်လည်း အစားအသောက်မက်သော ပိယောင်ယောင်က ကြားဖြတ်လုယူခဲ့ပြီးနောက် လုံယီ့လက်ထဲသို့ ရောက်ရှိလာခြင်း ဖြစ်ရာ ယခုတော့ ဧည့်ခံရာတွင် အသုံးဝင်သွားတော့သည်။

"ဖုန်းကျိုယွဲ့ရဲ့ မူလဇာတိက လဲ့မြို့ပါ။ သူက ယုံဟီ ၃ နှစ်မှာ ဂိုဏ်းကို စတင်ဝင်ရောက်ခဲ့ပြီး ယုံဟီ နှစ် ၃၀ မှာတော့ ဂိုဏ်းကနေ ထွက်ခွာပြီး လဲ့မြို့ကို ပြန်သွားခဲ့တယ်။ အဲဒီမှာ ဖုန်းမိသားစု ကုန်သွယ်ရေးကို တည်ထောင်ခဲ့ပြီး ချန်ဖိန် ၈ နှစ်မှာတော့ ကွယ်လွန်သွားခဲ့ပါတယ်။ သားသုံးယောက်နဲ့ သမီးတစ်ယောက် ကျန်ရစ်ခဲ့တယ်... သူ့ရဲ့ မျိုးဆက်တွေကတော့ လဲ့မြို့မှာပဲ ရှိနေဦးမှာပါ။ ဒါပေမဲ့ ပိုပြီး အသေးစိတ်သိချင်ရင်တော့ ဒေသခံအစိုးရရဲ့ မှတ်ပုံတင်ရုံးမှာ စစ်ဆေးဖို့ လိုလိမ့်မယ်"

ကျန်းလီက အချိန်ဆွဲမနေဘဲ သူစုံစမ်းထားသမျှကို လုံယီအား ပြောပြလိုက်သည်။

လုံယီအတွက်မူ မျိုးဆက်များ မည်သည့်နေရာတွင် ရှိသည်ကို သိရုံဖြင့် အရာအားလုံးက ရိုးရှင်းသွားပြီ ဖြစ်သည်။ သို့သော် ကျန်းလီက ထိုသတင်းကို ပေးပြီးနောက် တောင်းဆိုချက်တစ်ခု ပြုလုပ်ခဲ့သည်။

"ဂိုဏ်းသားတစ်ယောက်ရဲ့ မိသားစု နောက်ကြောင်းကို စုံစမ်းတာက ဂိုဏ်းထဲမှာတော့ တားမြစ်ချက်တစ်ခုပဲ။ ညီလေးလုံအနေနဲ့ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတာကို ငါယုံကြည်ပေမဲ့ အဖွဲ့ထဲက တခြားသူတွေကတော့ စိတ်ချချင်မှ ချမှာ... ဒါကြောင့် စိတ်မရှိဘူးဆိုရင် ဒီကတိကဝတ် စာချုပ်လေးမှာ လက်မှတ်ထိုးပေးပါ"

ထိုသို့ပြောရင်း ကျန်းလီက စက္ကူဖြူတစ်ရွက်ကို ကမ်းပေးလိုက်သည်။ လုံယီက ထိုစာချုပ်ကို ဖွင့်ကြည့်လိုက်ရာ အဓိကအားဖြင့် ဖုန်းကျိုယွဲ့၏ မျိုးဆက်များကို ရန်မပြုရန် သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ ထိခိုက်နစ်နာအောင် မလုပ်ရန်နှင့် အခြားသော လိုအပ်သည့် မှတ်ချက်များ ပါဝင်နေသည်။

ပင်လယ်လေးသွယ်အဖွဲ့သည် ဤကိစ္စတွင် အလွန်သတိကြီးလှသည်။ အကြောင်းမှာ ကွယ်လွန်သူ တပည့်များ၏ အကြောင်းကို သီးသန့်စုံစမ်းခြင်းမှာ ဂိုဏ်း၏ စည်းကမ်းကို ချိုးဖောက်ရာ ရောက်နိုင်သောကြောင့်ပင်။ အကယ်၍ လုံယီက ပြဿနာရှာခဲ့ပါက လူများစွာကို ထိခိုက်နစ်နာစေနိုင်သည်။ လုံယီက ပြုံးလိုက်ပြီး ကျန်းလီတို့၏ စိုးရိမ်မှုကို နားလည်ပေးကာ စာချုပ်ကို နှစ်ခေါက်ခန့် စစ်ဆေးပြီးနောက် ပြဿနာမရှိသဖြင့် သူ၏အမည်ကို လက်မှတ်ရေးထိုးလိုက်သည်။

လဲ့မြို့သည် ကျောက်နိုင်ငံ၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းမှ အနည်းဆုံး မိုင်တစ်ထောင်ခန့် ဝေးကွာသည်။ ဤခရီးမှာ အတော်အတန် အားထုတ်ရမည့် ခရီးတစ်ခုပင်။ ဂိုဏ်းစည်းကမ်းအရ လုံယီသည် ခွင့်တောင်းရန်အတွက် သက်ဆိုင်ရာခန်းမသို့ သွားခဲ့သည်။

မထင်မှတ်ဘဲ ခန်းမအထွက်တွင် ပိယောင်ယောင်က သူ့ကို ခပ်နောက်နောက် အပြုံးဖြင့် စောင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"အပြင်ထွက်ပြီး ပြဿနာရှာဖို့ ကြံနေပြန်ပြီလား။ ငါတော့ မိပြီနော်"

ပိယောင်ယောင်၏ တောက်ပသော မျက်ဝန်းများတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေကာ "ဘယ်ကိုသွားမလို့လဲ ဘာကိစ္စလဲ" ဟု မေးလိုက်သည်။

"လျှို့ဝှက်ချက်ပဲ"

လုံယီက မည်သည့်အမူအရာမျှ မပြဘဲ ပြောလိုက်သည်။

"ငါ့ရော လိုက်ခဲ့လို့ မရဘူးလား။ ငါလည်း အခုတလော ကျင့်ကြံမှုမှာ တစ်နေရာမှာတင် တစ်နေလို့ အပြင်ထွက်ပြီး လည်ပတ်ချင်နေတာ"

ပိယောင်ယောင်က မျက်တောင်လေး ခတ်ကာ ချွဲနွဲ့သောလေသံဖြင့် ပြောလိုက်သည်။ သူမ၏ နုနယ်သော မျက်နှာလေးနှင့်ဆိုလျှင် တကယ့်ကို သနားစရာပင်။

"မရဘူး"

"ဟွန့်.."

ထွက်ခွာသွားသော လုံယီ၏ ကျောပြင်ကို ကြည့်ရင်း ပိယောင်ယောင်က ဒေါသတကြီး ခြေဆောင့်လိုက်မိသည်။

"တကယ့် ခေါင်းမာတဲ့ ငတုံးပဲ။ သူ့လျှို့ဝှက်ချက်ကို ငါရှာမတွေ့ဘူးလို့ ထင်နေလား ကြည့်ကြသေးတာပေါ့"

ဤတစ်ကြိမ်တွင် လုံယီသည် သူ၏ ရှေ့ဆက်ရမည့် လမ်းစဉ်အတွက် အလွန်အရေးကြီးသော ကိုယ်ခံပညာ ကျင့်စဉ်သစ်များကို ရှာဖွေရန် သွားခြင်းဖြစ်ရာ စကားများတတ်သော ပိယောင်ယောင်ကို ခေါ်သွားရန် အချိန်မရှိပေ။ လုံယီကဲ့သို့ လက်တွေ့ဆန်သူတစ်ဦးအတွက်မူ အလှပြနည်းပရိယာယ်များက အရာမထင်လှပေ။

အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းမှ ထွက်ခွာလာပြီးနောက် လုံယီသည် လဲ့မြို့သို့ ဦးတည်သော ခရီးစဉ်ကို စတင်ခဲ့သည်။

တစ်ကိုယ်တော် ခရီးနှင်သူဖြစ်သဖြင့် သူသည် လေဝိညာဉ်မြင်းများကို ငှားရမ်းခြင်းမပြုခဲ့ပေ။ ပထမအချက်မှာ ငွေကုန်ကြေးကျ သက်သာစေရန်ဖြစ်ပြီး ဒုတိယအချက်မှာ သူ၏ အပြည့်အဝ ပြေးနှုန်းက ထိုသို့သော တိရစ္ဆာန်များထက် ပိုမိုမြန်ဆန်ကာ ဇွဲလုံ့လမှာလည်း များစွာသာလွန်သောကြောင့်ပင်။ သူ၏ အရှိန်အဟုန်ဖြင့်ဆိုပါက လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်အတွင်းမှာပင် မိုင်ပေါင်းများစွာကို ဖြတ်ကျော်နိုင်သည်။

နေဝင်ရိုးရီ အချိန်သို့ ရောက်သောအခါ သူသည် မိုင်တစ်ထောင်ဝေးသော လဲ့မြို့သို့ ရောက်ရှိသွားတော့သည်။ လမ်းခရီးတစ်လျှောက်တွင် သူသည် သားရဲနှင့် ငှက်အချို့ကို အဆင်ပြေသလို သတ်ဖြတ်ခဲ့ရာ သူ၏ သွေးရိပ်စွမ်းအင်မှာလည်း အနည်းငယ် ပြန်လည်ပြည့်တင်းလာခဲ့သည်။ သူသည် ထိုညအတွက် တည်းခိုခန်းတစ်ခုတွင် အေးအေးလူလူ အနားယူလိုက်ပြီး နောက်တစ်နေ့ နံနက်တွင် လဲ့မြို့၏ မြို့စားမင်းအိမ်တော်ဆီသို့ သွားခဲ့သည်။

“ဘယ်သူလဲ”

မြို့စားမင်းအိမ်တော် အပေါက်ဝရှိ အစောင့်က လုံယီကို သတိကြီးစွာဖြင့် ကြည့်ကာ မေးလိုက်သည်။

ယခုအချိန်တွင် လုံယီသည် အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်း၏ ဝတ်စုံကို ဝတ်ဆင်မထားဘဲ မဝတ်သည်မှာ ကြာပြီဖြစ်သော အမည်းရောင် ထူးကဲဝတ်ရုံကို ပြောင်းလဲဝတ်ဆင်ထားသည်။ သူ၏ ပုံစံမှာ ထက်မြက်တက်ကြွနေပြီး သာမန်လူများနှင့် လုံးဝမတူပေ။

“အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းက တပည့် လုံယီပါ။ မြို့စားမင်းနဲ့ တွေ့ခွင့်ရဖို့ အကြောင်းကြားပေးပါဦး”

လုံယီက သူ၏ တပည့်အမှတ်တံဆိပ်ကို အစောင့်အား ကမ်းပေးလိုက်သည်။

အစောင့်မှာ အမြင်ကျယ်သူဖြစ်သဖြင့် မပေါ့ဆရဲဘဲ အတွင်းသို့ ချက်ချင်း သတင်းပို့ပေးခဲ့သည်။

“ဆရာကြီး... ဘာကိစ္စများ ရှိလို့ပါလဲ”

မကြာမီမှာပင် မြို့စားမင်းလဲ့က ရယ်မောရင်း ထွက်လာသည်။

သူသည် အသက် ၅၀ ကျော် ၆၀ ခန့်ရှိပြီး နားထင်တွင် ဆံပင်ဖြူအနည်းငယ်ရှိကာ သန်မာသော ပုံစံရှိသည်။ သူ၏ စူးရှသော မျက်ဝန်းများနှင့် အားပါသော ခြေလှမ်းများကို ကြည့်ခြင်းအားဖြင့် သူသည် ကိုယ်ခံပညာ ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း သိသာလှသည်။

“မြို့စားမင်း... အားနာစရာကြီးဗျာ။ ကျွန်တော် ဒီကိုလာတာက လူဦးရေမှတ်တမ်းကို စစ်ဆေးပြီး ဂိုဏ်းက စီနီယာတစ်ယောက်ရဲ့ မျိုးဆက်တွေကို ရှာချင်လို့ပါ”

“အို... ဟုတ်လား။ ဘယ်သူများလဲ”

မြို့စားမင်းလဲ့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။

“ဖုန်းကျိုယွဲ့ပါ”

“ဖုန်းမိသားစုရဲ့ မျိုးဆက်တွေလား”

မြို့စားမင်းလဲ့၏ မျက်နှာတွင် အံ့ဩမှုအရိပ်အယောင်များ ပေါ်လာသည်။ သူသည် ထိုမိသားစု၏ ဂုဏ်သတင်းကို ကောင်းစွာ သိရှိပုံပင်။

...

မကြာမီမှာပင် လုံယီသည် ဟောင်းနွမ်းပျက်စီးနေသော အိမ်အိုကြီးတစ်လုံး၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ အစင်းကြောင်းများနှင့် အက်ကွဲကြောင်းများ ပြည့်နေသော သစ်သားတံခါးမှာ တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး အုတ်တံတိုင်းပေါ်မှ ဆေးဖြူများမှာလည်း ဟောင်းနွမ်းကာ ကွာကျနေသည်။ လူသူကင်းမဲ့နေပုံရသော်လည်း လုံယီ၏ စူးရှသော အာရုံကြောင့် အတွင်းဘက် ဝင်းထဲမှ ရေခပ်သံ သဲ့သဲ့ကို ကြားနေရသည်။

သူ၏ ကိုယ်ဟန်မှာ လျှပ်စစ်ပမာ ပျောက်ကွယ်သွားပြီး အိမ်အတွင်းဘက် ခေါင်မိုးပေါ်တွင် ရုတ်တရက် ပေါ်လာသည်။ သူသည် ကိုယ်ယောင်ဖျောက်ခြင်းပင်ကိုယ်စွမ်းရည်ကို အသုံးပြုထားသည်။

ကိုယ်ယောင်ဖျောက်ခြင်းသည် ပုံသေပတ်ဝန်းကျင်တစ်ခုတွင် ကြာရှည်စွာ နေထိုင်လေလေ၊ ထိုပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်ရန် ပိုမိုလွယ်ကူလေလေဖြစ်ကာ မိမိ၏ တည်ရှိမှုကို အနိမ့်ဆုံးအဆင့်သို့ လျှော့ချကာ အခြားသူများ သတိမထားမိအောင် လုပ်ဆောင်ပေးသည်။ လှုပ်ရှားနေသော အခြေအနေများတွင်လည်း သင့်တော်ပြီး ခန္ဓာကိုယ် မျက်နှာပြင်ရှိ ကြွက်သားများကို အနည်းငယ် ပြောင်းလဲပေးနိုင်သည်။

ခေါင်မိုးပေါ်တွင် ရပ်နေရင်း လုံယီသည် အိမ်ဝင်းအတွင်းသို့ ငုံ့ကြည့်လိုက်သည်။ အိမ်ဝင်းမှာ ရှုပ်ပွနေပြီး နေရာအများစုမှာ ထင်းများ၊ သစ်ကိုင်းများနှင့် ကောက်ရိုးများဖြင့် ပြည့်နေသည်။ ထောင့်တစ်နေရာတွင်မူ အသီးအရွက်အချို့ကို လှန်းထားသည်။

အသက် ၈ နှစ် ၉ နှစ်ခန့်ရှိသော မိန်းကလေးငယ်တစ်ဦးမှာ အဝတ်အစားများကို ခက်ခက်ခဲခဲ လျှော်ဖွပ်နေသည်။ သူမ၏ လက်ကလေးများမှာ နီရဲနေပြီး ဖုန်မှုန့်များ ပေကျံနေသော မျက်နှာလေးတွင်မူ အာရုံစူးစိုက်မှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် လူကြီးဝတ်ဟု ထင်ရသော ဟောင်းနွမ်းနေသည့် မီးခိုးရောင် အင်္ကျီအရှည်ကြီးကို ဝတ်ဆင်ထားရာ သူမ၏ ကိုယ်လုံးနှင့် လုံးဝမလိုက်ဖက်ပေ။

ဖုန်းကျိုယွဲ့က ကုန်သွယ်ရေးလုပ်ငန်းတွေ ထူထောင်ဖို့ ပြန်လာခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ သူ့မျိုးဆက်တွေက ဒီလောက် ဆင်းဆင်းရဲရဲ နေနေရတာလဲ

လုံယီ၏ ရင်ထဲတွင် သံသယများ ဖြစ်ပေါ်လာသည်။ ထို့နောက် သူ၏ မျက်ဝန်းများက မိန်းကလေးငယ်၏ ကျောပြင်ပေါ်သို့ စူးစိုက်သွားသည်။ အင်္ကျီအောက်တွင် သိသာခြင်းမရှိသော အဖုနှစ်ခုမှာ အနည်းငယ် ဖောင်းထွက်နေသည်။ ၎င်းမှာ ကျောပြင်တွင် ရင်သားပေါက်နေသည့်အလား ထူးဆန်းသည်။

လုံယီသည် အဝါရောင်အစွန်းရောက် အသက်ရှူခြင်းအတတ်ကို လည်ပတ်စေလိုက်ရာ သူ၏ မျက်ဝန်းများတွင် စစ်မှန်သော ခွန်အားများ စီးဆင်းလာပြီး ရှေ့မှ ကမ္ဘာကြီးမှာ မွဲခြောက်ခြောက် အရောင်အဖြစ် ပြောင်းလဲသွားသည်။

အောက်ဘက်ရှိ မိန်းကလေးငယ်မှာ အဝါနုရောင် အလင်းတန်းများ ဖြာထွက်နေပြီး ၎င်းမှာ သက်ရှိများ၏ ဇီဝစွမ်းအားကို ဖော်ပြနေခြင်းဖြစ်ရာ ပတ်ဝန်းကျင်ရှိ သေနေသောအရာများနှင့် လုံးဝကွဲပြားခြားနားနေသည်။ သူမ၏ ကျောပြင်ပေါ်မှ အဖုနှစ်ခုမှာ ပုံသဏ္ဌာန်အရ အကျိတ်များနှင့် တူညီနေသည်။

သို့သော် ၎င်းတို့၏ အရောင်မှာ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အဝါနုရောင်နှင့် မတူဘဲ တောက်ပသော အနီရောင်အဖြစ် ပေါ်နေသည်။ ၎င်းတို့အတွင်း၌ ရှိနေသော ချီစွမ်းအင်ပမာဏမှာ သာမန်လူများထက် များစွာသာလွန်နေပြီး နှစ်ပေါင်းများစွာ လေ့ကျင့်ထားသော ချီစွမ်းအင်ပတ်လမ်းငယ် ကိုယ်ခံပညာရှင်တစ်ဦး၏ ချီစွမ်းအင်ထက်ပင် ကျော်လွန်နေတော့သည်။

All Chapters