← Chapters

အခန်း (၃၄၉-၃၅၀)

Vol. 35 Ch. 349-350

အခန်း (၃၄၉-၃၅၀)

Vol. 35 Ch. 349-350

အခန်း။ ၃၄၉

“တကယ်ပဲ ဖြစ်နိုင်လို့လား”

ဖုန်းဟယ်ကွမ်းမှာ မယုံကြည်နိုင်ဟန်ဖြင့် ထပ်မေးလိုက်သည်။

ထိုအခါ လုံယီသည် စကားဖြင့် တုံ့ပြန်မနေတော့ဘဲ ကောင်းကင်ယံသို့ ဦးတည်၍ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ဂျိန်း….

မိုးထစ်ချုန်းသံကဲ့သို့ ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး လူတစ်ကိုယ်စာ ပေါင်လုံးခန့်ရှိသော အဖြူရောင် လေထုစွမ်းအင်တန်းကြီးမှာ ကောင်းကင်ယံသို့ ဒေါင်လိုက် ထိုးတက်သွားရာ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးထားသကဲ့သို့ပင်။

ထိုစဉ် ကောင်းကင်မြင့်တွင် ပျံသန်းနေသော တောငန်းတစ်ကောင်သည် ထိုစွမ်းအင်တန်းနှင့် ထိမိကာ သွေးနီရောင် မီးရှူးမီးပန်းတစ်ခုအဖြစ် လေထဲတွင်ပင် ပေါက်ကွဲ၍ ပျက်စီးသွားတော့သည်။

“ငါ့ရဲ့ ဒီလက်သီးတစ်ချက်မှာ ပိဿာပေါင်း ငါးသောင်းကျော်အား ပါဝင်တယ်။ မင်းရဲ့ ဘိုးအေကြီးတောင် ဒီလောက်အထိ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး”

“ပိဿာ ငါးသောင်းကျော်...”

ဖုန်းဟယ်ကွမ်း၏ ရင်ထဲတွင် တုန်လှုပ်ချောက်ချားသွားရသည်။ သူသည် ဖုန်းမိသားစု၏ လက်ရှိအမျိုးသားအမွေခံတစ်ဦး ဖြစ်သည့်အားလျော်စွာ ဤစွမ်းအား၏ အတိမ်အနက်ကို ကောင်းစွာနားလည်သည်။ သာမန်ကိုယ်ခံပညာရှင်တစ်ဦးသည် ပိဿာ ၆,၀၀၀ ကျော်ခွန်အားရရှိရန်ပင် အစွမ်းကုန် ကြိုးစားရပြီး ထိုထက်ပို၍ ကျော်လွန်ရန်မှာ အလွန်ခဲယဉ်းလှသည်။

သူ၏ ဘိုးအေကြီးမှာမူ ပါရမီထူးချွန်ပြီး ထူးခြားသော အတွေ့အကြုံရှိခဲ့သဖြင့် ထိုကန့်သတ်ချက်ကို အတော်အတန် ကျော်လွန်နိုင်ခဲ့သော်လည်း သူ၏ အထွတ်အထိပ်အချိန်မှာပင် ယခုစွမ်းအား၏ တစ်ဝက်ခန့်မျှသာ ရှိခဲ့ခြင်းပင်။ လူသားခန္ဓာကိုယ်၏ ကန့်သတ်ချက်ကို ကျော်လွန်ပြီးနောက် စွမ်းအားအနည်းငယ် တိုးလာရန်အတွက်ပင် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ရစမြဲပင်။

“ကောင်းပါပြီ... ကျွန်တော် ခင်ဗျားကို ပေးပါ့မယ်။ ဒါပေမဲ့ ခင်ဗျားအပေါ်မှာ ဘေးထွက်ဆိုးကျိုးတွေ မသက်ရောက်ပါစေနဲ့လို့ပဲ မျှော်လင့်ရတာပေါ့”

ဖုန်းဟယ်ကွမ်း၏ မျက်နှာတွင် စိုးရိမ်မှုနှင့် ဆုံးဖြတ်ချက်တို့ ရှုပ်ထွေးစွာ ဖြစ်ပေါ်နေပြီးနောက် နောက်ဆုံးတွင် ပြတ်သားစွာ ပြောဆို လိုက်သည်။

သို့သော် သူ၏ ပြောပြချက်အရ ဖုန်းမိသားစု၏ ဘိုးဘွားအမွေအနှစ် ကျင့်စဉ်မှာ သူ၏အိမ်တွင် ရှိနေခြင်းမဟုတ်ဘဲ ဤနေရာမှ မိုင် ၂၀ ခန့် ဝေးကွာသော ကျေးလက်တောရွာရှိ သူ၏ အဒေါ်ဖြစ်သူ၏ အိမ်တွင် သိမ်းဆည်းထားခြင်းပင်။ လုံယီသည် မြို့ထဲတွင် မြင်းရထားတစ်စီး ငှားရမ်းကာ ဖုန်းဟယ်ကွမ်းနှင့် သမီးဖြစ်သူကို ခေါ်ဆောင်၍ ထိုနေရာမှ ထွက်ခွာခဲ့တော့သည်။

“ကျွန်တော့် ဘိုးအေကြီး ငယ်စဉ်တုန်းက ထူးဆန်းတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို ရခဲ့ဖူးတယ်။ အဲဒီပစ္စည်းနဲ့ နီးနီးကပ်ကပ် နေမိရုံနဲ့တင် ခန္ဓာကိုယ်ထဲက အသားနဲ့ သွေးတွေက ထူးထူးခြားခြား ပြောင်းလဲသွားတတ်တယ်ဆိုတာကို သူ ရှာဖွေတွေ့ရှိခဲ့တယ်...”

မြင်းရထားမှာ လမ်းတစ်လျှောက် တလှုပ်လှုပ်နှင့် ခရီးနှင်နေစဉ် မိန်းကလေးငယ်မှာ ဖခင်ဖြစ်သူ၏ ပေါင်ပေါ်တွင် အိပ်မောကျနေရှာသည်။ ဖုန်းဟယ်ကွမ်းက သူ၏ ဘိုးဘေးကျင့်စဉ် သမိုင်းကြောင်းကို လုံယီအား ဖြည်းဖြည်းချင်း ရှင်းပြသည်။

“ပြောင်းလဲသွားတဲ့ အသားစတွေက အကျိတ်တွေလိုမျိုး ပေါ်လာတတ်ပြီး ကိုယ်ပိုင်အသိစိတ် ရှိနေသလိုမျိုး ခံစားရတယ်။ အဲဒီပစ္စည်းက ခန္ဓာကိုယ်ထဲမှာ ကပ်ပါးရပ်ပါး နေထိုင်နေသလိုမျိုးပေါ့။ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ ပေါက်နေတာ ဆိုပေမဲ့ ကိုယ်ပိုင်တာတော့ မဟုတ်ဘူး”

“ဒါပေမဲ့ အဲဒီအရာမှာ ကြောက်စရာကောင်းတဲ့ ခွန်အားတွေ ရှိနေတယ်။ အဲဒီအရာနဲ့သာ ဆက်သွယ်နိုင်မယ်ဆိုရင် သူ့ရဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ရယူနိုင်မှာပါ။ ဒါကို အခြေခံပြီး ကျွန်တော့် ဘိုးအေကြီးက မိစ္ဆာဆင့်ခေါ်ကျမ်းဆိုတဲ့ ကျင့်စဉ်ကို တီထွင်ခဲ့တာပါ...”

“ဒါပေမဲ့ လူတိုင်းက အဲဒီအကျိတ်နဲ့ မဆက်သွယ်နိုင်ကြဘူး။ ဘိုးအေကြီး ကွယ်လွန်ပြီးနောက်မှာ မိစ္ဆာဆင့်ခေါ်ကျမ်းကို ကျင့်ကြံခဲ့တဲ့ မျိုးဆက်နှစ်ဆက်စလုံးက ရူးသွပ်ပြီး သေဆုံးခဲ့ရတယ်။ တစ်ယောက်ဆိုရင် မသေခင်မှာ လူတွေအများကြီးကို သတ်ဖြတ်ခဲ့လို့ တစ်မိသားစုလုံးတောင် မျိုးပြုန်းမတတ် ဖြစ်ခဲ့ရဖူးတယ်...”

ထိုအကြောင်းကို ပြောပြနေစဉ် ဖုန်းဟယ်ကွမ်း၏ မျက်ဝန်းများတွင် နာကျင်မှုများ အရိပ်အယောင် ထင်ဟပ်နေသည်။ ဤအတိတ်သမိုင်းမှာ ဖုန်းမိသားစုအတွက် အလွန်ပင် ခါးသီးသော သင်ခန်းစာတစ်ခုပင်။

“ကျွန်တော့် အဘိုးလက်ထက်ရောက်တော့ မိစ္ဆာဆင့်ခေါ်ကျမ်းကို ကျင့်ကြံဖို့ မိသားစုက အပြတ်အသတ် တားမြစ်ခဲ့တယ်။ အသက်မရှင်နိုင်မှတော့ ကိုယ်ခံပညာ အစွမ်းထက်နေလို့လည်း ဘာလုပ်မှာလဲ။ စိတ်မကောင်းစရာကတော့ အဲဒီအကျိတ်က မျိုးရိုးစဉ်ဆက် ပါလာခဲ့တာပဲ။ ကံကောင်းတာ တစ်ခုကတော့ မျိုးဆက်တစ်ခုပြီးတစ်ခု အကျိတ်က သေးသေးသွားတာပဲ။ ကျွန်တော့် သမီးလေးမှာဆိုရင် သိပ်မသိသာတော့ဘူး။ နောက်မျိုးဆက်ဆိုရင်တော့ လုံးဝ ပျောက်ကွယ်သွားနိုင်ပါတယ်...”

ဖုန်းဟယ်ကွမ်း၏ ပြောပြချက်အရ လုံယီသည် အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားပြီး ဖုန်းဟယ်ကွမ်းအနေဖြင့် ဘာကြောင့် မိသားစုကျင့်စဉ်ကို မကျင့်ကြံချင်ရတာလဲဟူသည်ကိုလည်း နားလည်သွားခဲ့သည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ကိုယ်ခံပညာ မတတ်မြောက်ခြင်းကြောင့် မကောင်းသော ရည်ရွယ်ချက်ရှိသူများ၏ ရန်ပြုခြင်းကို ခံရသည့်အခါ သူ့ကိုယ်သူ ခုခံနိုင်စွမ်း မရှိခဲ့ခြင်းပင်။

“ကျွန်တော့်ဖခင်က ကျွန်တော် ဒီမက်မောစရာကို မအောင်နိုင်မှာစိုးလို့ ဒီမိသားစုအမွေအနှစ်ကို ကျွန်တော့်အဒေါ်ဆီမှာ အပ်ထားခဲ့တာပါ။ ကျွန်တော့်အဒေါ်က တော်တော်လေး ခေါင်းမာတဲ့သူဆိုတော့ လွယ်လွယ်နဲ့တော့ ပေးမှာမဟုတ်ဘူး”

ဖုန်းဟယ်ကွမ်းက မျက်မှောင်ကြုတ်လျက် မသေချာသလို ပြောဆို လိုက်သည်။

မြင်းရထားသည် လူသူဆိတ်ငြိမ်သော ကျေးရွာလေးတစ်ရွာသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ မြေသားလမ်းမှာ ကြမ်းတမ်းပြီး ချိုင့်ခွက်များပြည့်နေကာ လမ်းဘေးဝဲယာတွင် လူတစ်ရပ်ကျော်မြင့်သော သီးနှံပင်များက စီတန်းနေသည်။ ထိုအပင်များသည် ယခင်ခေတ်က ပြောင်းဖူးပင်များနှင့် ဆင်တူပြီး အနီရောင်သန်းနေသော အစိမ်းရောင်ရှိကာ ရင့်မှည့်နေသော အနှံများကြောင့် အပင်တံစိုးများမှာ ကိုင်းညွတ်နေကြသည်။

နိမ့်ပါး၍ ဟောင်းနွမ်းလှသော မြေအိမ်လေးတစ်လုံးရှေ့တွင် မြင်းရထားမှာ ရပ်တန့်သွားသည်။ အိမ်ရှေ့တွင် ကလေးငယ်အချို့မှာ အဝတ်ဗလာဖြင့် ဆော့ကစားနေကြပြီး ဖုန်းဟယ်ကွမ်း ရထားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ မျက်လုံးလေးများ တောက်ပသွားကြသည်။

“ဦးလေးအကျိတ်ကြီး လာပြီဟေ့”

“မမကျင်းကျင်းလည်း ပါတယ်”

သို့သော်လည်း ထူးခြားသော အသွင်အပြင်ရှိသည့် ဝတ်စုံခွေဝတ် လုံယီကို မြင်လိုက်ရသောအခါ ကလေးငယ်များမှာ ကြောက်ရွံ့စွာဖြင့် နောက်သို့ဆုတ်သွားကြပြီး စူးစမ်းလိုစိတ်နှင့် ထိတ်လန့်မှု ရောပြွမ်းနေသော မျက်လုံးလေးများဖြင့်သာ ခိုးကြည့်နေကြတော့သည်။

“ဟယ်ကွမ်း လာပြီလား”

ဖုန်းဟယ်ကွမ်း၏အဒေါ်က ခါးတွင် အေပရွန်စလေး ပတ်လျက် ပြေးထွက်လာသည်။ သူမသည် ဆံပင်တစ်ဝက်ခန့် ဖြူနေသော်လည်း အပြုံးချိုသော ကြင်နာတတ်သည့် အဘွားအိုတစ်ဦးဖြစ်သည်။

“အခုလေးတင် မုန့်တွေ လုပ်ပြီးတာ လာစားကြဦး”

သူမ၏ ကျောက်ကုန်းတွင်လည်း သိသာထင်ရှားသော အဖုကြီးတစ်ခု ပါရှိနေရာ ခါးကုန်းနေသူတစ်ဦးနှင့်ပင် တူနေတော့သည်။

လုံယီသည်လည်း သူတို့နှင့်အတူ မုန့်ခြောက်နှစ်ခုနှင့် အချဉ်အနည်းငယ် ပါဝင်သော ထမင်းဝိုင်းတွင် ဝင်ရောက်စားသောက်လိုက်သည်။ ကျေးလက်တွင် နေထိုင်ရသော်လည်း ဖုန်းဟယ်ကွမ်း၏ အဒေါ်မှာ မြို့နေလူတချို့ထက် ပိုမိုပြည့်စုံပုံပင်။ သို့သော် မိသားစုအမွေအနှစ်ကျင့်စဉ်အကြောင်း စကားစပ်မိသည်နှင့် သူမ၏ မျက်နှာထားမှာ ချက်ချင်းပင် တင်းမာသွားတော့သည်။

“မရဘူး... လုံးဝ မရဘူး”

“ဟယ်ကွမ်း... မင်းအဖေရဲ့ မှာကြားချက်တွေကို မေ့သွားပြီလား။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်အတွင်း ငါတို့ ဖုန်းမိသားစု ရင်ဆိုင်ခဲ့ရတဲ့ ခါးသီးတဲ့ သင်ခန်းစာတွေကို မေ့သွားပြီလား”

“မင်း ဒီအကြောင်းကို ထပ်ပြောဦးမယ်ဆိုရင် အခုချက်ချင်း ပြန်တော့။ ငါ့တူလို့လည်း မမှတ်တော့ဘူး ပြီးတော့ အဲဒီအရာကို ငါ ချောင်းထဲ ပစ်ချလိုက်ပြီ”

“ဗျာ...”

ထိုစကားကို ကြားသောအခါ ဖုန်းဟယ်ကွမ်း၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားပြီး လုံယီ့ကို ကြည့်လိုက်မိသည်။

လုံယီသည် အမူအရာမပျက်ဘဲ သူ၏လက်ယာဘက် လက်ဖဝါးကို ဖြန့်၍ မြှောက်ပြလိုက်သည်။ ဖုန်းဟယ်ကွမ်း၏ အဒေါ်မှာ ထိုဆရာကြီး ဘာလုပ်မလို့လဲဟု အံ့ဩစွာ ကြည့်နေစဉ်မှာပင် သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အသက်ရှူပင် မြန်လာတော့သည်။

လုံယီ၏ လက်ဖဝါးပေါ်တွင် တဖျတ်ဖျတ် တောက်ပနေသော ငွေတုံးကြီးတစ်တုံး ရုတ်ချည်း ပေါ်လာခြင်းပင်။ ၎င်းမှာ ငွေအနည်းငယ်မျှသာ မဟုတ်ဘဲ သာမန်မိသားစုတစ်စု၏ နှစ်ပေါင်းများစွာစာ ဝင်ငွေနှင့် ညီမျှသည်။

“အဒေါ်... ဖုန်းမိသားစုရဲ့ ကျင့်စဉ်ကို ကျွန်တော့်ကို တစ်ချက်လောက် ကြည့်ခွင့်ပေးမယ်ဆိုရင် ဒီငွေတွေက အဒေါ်အပိုင်ပဲ”

“မရဘူး... မဖြစ်နိုင်တာ ဒါက လူတွေကို ဒုက္ခပေးမယ့်အရာ...”

အဒေါ်ဖြစ်သူက စကားဖြတ်ပြောရန် ကြိုးစားသည်။

လုံယီသည် ထိုငွေတုံးကို စားပွဲပေါ်သို့ ဂွပ်ခနဲ အသံမြည်အောင် တင်လိုက်ပြီးနောက် ဒုတိယတစ်တုံး၊ တတိယတစ်တုံး... ပဉ္စမမြောက် ငွေတုံးအထိ တင်လိုက်ပြီးမှ ရပ်တန့်လိုက်သည်။

“အဒေါ်... ကျွန်တော်က အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းက တပည့်တစ်ယောက်ပါ။ ဒီကျင့်စဉ်ကို လေ့လာပြီး အဒေါ်တို့ဆီမှာ ရှိနေတဲ့ အကျိတ်တွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကို ရှာဖွေပေးချင်လို့ပါ။ ဒါမှ တခြားသူတွေရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုကို မခံရတော့မှာ မဟုတ်လား။ စိတ်ချပါ။ ဖုန်းဟယ်ကွမ်းကိုတော့ ဒါတွေ ကျွန်တော် လုံးဝ ကြည့်ခွင့်ပေးမှာ မဟုတ်ဘူး”

“ပြီးတော့ ဒီကလေးလေးတွေကို ကြည့်ပါဦး။ ဝတ်ဖို့ ဘောင်းဘီတောင် မရှိကြရှာဘူး။ နောင်တစ်ချိန်မှာ ကျောင်းတက်ဖို့၊ ပညာသင်ဖို့ဆိုရင် ငွေတွေ အများကြီး လိုအပ်မှာပါ...”

ခံစားချက်ဖြင့်လည်း သိမ်းသွင်းပြီး အကျိုးအမြတ်ဖြင့်လည်း ဆွဲဆောင်လိုက်ရာ လုံယီသည် သူလိုအပ်သော အရာကို လျင်မြန်စွာ ရရှိသွားခဲ့သည်။ ၎င်းမှာ အပြင်ဘက်တွင် နက်နဲသော သံမဏိဖြင့် ပြုလုပ်ထားသော တစ်ပေခန့်ရှည်သည့် သံသေတ္တာလေး ဖြစ်ပြီး အပြင်၌ သံမဏိသော့ခလောက်ငယ်လေး တစ်ခု ခတ်ထားသည်။

သော့မရှိသော်လည်း ၎င်းမှာ လုံယီအတွက် အခက်အခဲ မဟုတ်ပေ။ သူ၏ လက်ချောင်းထိပ်မှ အနီရောင် စစ်မှန်သော ခွန်အားများ စိမ့်ထွက်လာပြီး သော့ခလောက်ပေါ်သို့ အဆက်မပြတ် ဖောက်ထွင်းလိုက်ရာ ခဏအတွင်းမှာပင် သော့မှာ ပွင့်သွားတော့သည်။

သေတ္တာကို ဖွင့်လိုက်သောအခါ အတွင်း၌ ဟောင်းနွမ်းနေသော အပြာရောင် ကျမ်းစာအုပ်တစ်အုပ်နှင့်အတူ မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်းမသိဘဲ ထိတွေ့လိုက်လျှင် ရွှံ့စေးကဲ့သို့ နုညံ့နေသော အဖြူရောင် သေတ္တာငယ်လေး တစ်ခုကို တွေ့လိုက်ရသည်။

ကျမ်းစာအုပ်၏ မျက်နှာဖုံးတွင် လက်ရေးဖြင့် မိစ္ဆာဆင့်ခေါ်ကျမ်းဟု ရေးသားထားသည်မှာ အလွန်ပင် သိသာထင်ရှားလှသည်။

ပထမဆုံး စာမျက်နှာတွင် "ငါ ငယ်ငယ်တုန်းက ထူးဆန်းတဲ့ ရှေးဟောင်းပစ္စည်းတစ်ခု ရခဲ့ဖူးတယ်။ အဲဒီပစ္စည်းနဲ့ နီးနီးကပ်ကပ် နေခဲ့လို့ပဲ ငါ့ခန္ဓာကိုယ်မှာ ဖောက်ပြန်တဲ့ပြောင်းလဲမှုတွေ ဖြစ်ပြီး မကောင်းတဲ့စွမ်းအင်တွေ ပြည့်နေတဲ့ အကျိတ်တွေ ပေါ်လာခဲ့တာပေါ့။ အဲဒီအရာကိုသာ စိတ်နဲ့ ထိန်းချုပ်နိုင်မယ်ဆိုရင် ကိုယ့်ရဲ့ ချီစွမ်းအင်ကို မြှင့်တင်နိုင်မှာ မှန်ပေမဲ့ ဒီနည်းလမ်းက အသက်အန္တရာယ် အရမ်းရှိတယ်။ ဒါကြောင့် ဒီလမ်းကို လျှောက်တော့မယ်ဆိုရင် အရင်ဆုံး စိတ်ဓာတ်ကို ခိုင်မာအောင် ပြင်ဆင်ထားရမယ်... ဖုန်းကျိုယွဲ့"

ဒုတိယစာမျက်နှာတွင်မူ ထိုအကျိတ်နှင့် မည်သို့ဆက်သွယ်ရမည်၊ ခန္ဓာကိုယ်အတွင်းသို့ အားကောင်းသော စွမ်းအင်များ မည်သို့ စီးဆင်းစေရမည်နှင့် ခွန်အားကို မည်သို့ မြှင့်တင်ရမည်တို့ကို အသေးစိတ် ရှင်းပြထားသည်။ ဖုန်းကျိုယွဲ့သည် မိစ္ဆာဆင့်ခေါ်ကျမ်းကျင့်ကြံမှုကို အဆင့်သုံးဆင့် ခွဲခြားထားပြီး ကျင့်ကြံသူများကို သာမန်ကိုယ်ခံပညာရှင်များနှင့် ကွဲပြားစေရန် လူထူးဆန်းဟု အမည်ပေးထားသည်။

အခန်း။ ၃၅၀

ပထမအဆင့်မှာ ထူးဆန်းသောအကျိတ်နှင့် စိတ်ချင်းဆက်သွယ်ပြီး ၎င်း၏စွမ်းအင်များကို ကိုယ့်၏ ချီစွမ်းအင် မြှင့်တင်ရန်အတွက် ထုတ်ယူအသုံးချခြင်းပင်။ ဤအဆင့်သို့ ရောက်ရှိပါက လူထူးဆန်းတို့၏ အစောပိုင်းအဆင့်သို့ တက်လှမ်းနိုင်ပြီဖြစ်သည်။

ကျင့်စဉ်၏ ဂါထာမှာ "မျက်စိမှိတ်ပြီး အာရုံစိုက်ပြီး စိတ်နဲ့ပဲ ထိတွေ့ကြည့်လိုက်။ အဲဒီစွမ်းအင်တွေက ဆူပွက်နေတဲ့ ဟင်းရည်ပူတွေလိုပဲ... ငါတို့က အေးမြတဲ့ စမ်းရေလိုမျိုး သူတို့ကို ညင်သာစွာ လမ်းပြပေးရမယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြတ်ကျော်ပြီး ဒန်တျန်ထဲကို ဆင်းသက်သွားပါစေ။ ကြိုးတစ်ချောင်းတည်းနဲ့ ရုန်းကန်နေတဲ့ မြင်းရိုင်းတစ်ကောင်ကို ဆွဲခေါ်နေရသလိုမျိုး အစစအရာရာ ဂရုတစိုက်နဲ့ ကျင့်ကြံရမယ်..."

တစ်ချိန်တည်းမှာပင် ဖုန်းကျိုယွဲ့က ကျင့်ကြံသူများအနေဖြင့် ထိုထူးဆန်းသော ရှေးဟောင်းပစ္စည်းနှင့် ခဏတာအတွင်း အကြိမ်ကြိမ် ထိတွေ့ခြင်းမပြုရန် သတိပေးထားသည်။ အကယ်၍ အကြိမ်များစွာ ထိတွေ့မိပါက အကျိတ်သည် ထိန်းချုပ်မရဘဲ ပြောင်းလဲသွားနိုင်ပြီး ထိုစွမ်းအင်များကိုလည်း ကိုယ့်အတွက် အသုံးချနိုင်တော့မည် မဟုတ်ပေ။

ဒုတိယအဆင့်မှာမူ အကျိတ်နှင့် တစ်သားတည်း ပေါင်းစပ်သွားခြင်းပင်။ ၎င်းကို လုံးဝဝါးမြိုပစ်ကာ လူထူးဆန်းတို့၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိခြင်းပင်။ သို့သော် ဤအဆင့်မှာ သူကိုယ်တိုင်ပင် မရောက်ရှိခဲ့ဖူးဘဲ ခန့်မှန်းချက်အဖြစ်သာ ရေးသားထားခြင်းပင်။ သူသည် ပထမအဆင့်မှာပင် ပြည့်စုံမှုမရှိသေးဘူးဟု ယုံကြည်ထားသည်။

အလယ်အလတ်အဆင့်သို့ ရောက်ရှိပြီးမှသာ တတိယအဆင့်အတွက် ပြင်ဆင်သည့်အနေဖြင့် ထူးဆန်းသောပစ္စည်းများနှင့် ပိုမိုထိတွေ့ဆက်ဆံရမည်ဖြစ်သည်။ တတိယအဆင့်မှာ အကျိတ်ကို အဆက်မပြတ် ဝါးမြိုခြင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို စုံလင်စွာ ပြောင်းလဲစေကာ လူသားမဟုတ်သော နယ်ပယ်သို့ တက်လှမ်းခြင်းပင်။ ၎င်းမှာ လူထူးဆန်းတို့၏ အဆင့်မြင့်အခြေအနေ ဖြစ်သော်လည်း မည်သို့သော နောက်ဆက်တွဲဆိုးကျိုးများ ရှိလာမည်ကိုမူ သူကိုယ်တိုင်လည်း မသိရှိပေ။

ဤကျမ်းစာကို ဖတ်ပြီးနောက် လုံယီသည် ဖုန်းကျိုယွဲ့အား ကိုယ်ခံပညာ ပါရမီရှင်တစ်ဦး၊ ဂုဏ်ထူးဆောင် ဆရာကြီးတစ်ဦးအဖြစ် အသိအမှတ်ပြုလိုက်မိသည်။ အကြောင်းမှာ ဆရာကြီးတစ်ဦးသာလျှင် ကိုယ်ပိုင်ကျင့်စဉ်သစ်တစ်ခုကို တီထွင်နိုင်စွမ်း ရှိသောကြောင့်ပင်။

သူသည် ဘေးရှိ ဖြူဖတ်ဖြူရော် ရွှံ့စေးသေတ္တာလေးကို ကြည့်လိုက်သည်။ ထိုသေတ္တာထဲတွင် ဖုန်းကျိုယွဲ့ ပြောခဲ့သော ထူးဆန်းသည့် ရှေးဟောင်းပစ္စည်း ရှိနေသည်။ လုံယီသည် လက်ရှိတွင် လူသူကင်းမဲ့သော မြစ်ကမ်းနံဘေးတွင် ရှိနေပြီး ဖုန်းဟယ်ကွမ်းနှင့် သမီးဖြစ်သူမှာမူ လုံယီသည် ထိုပစ္စည်းနှင့် ထိတွေ့တော့မည်ကို သိသဖြင့် အဝေးသို့ ရှောင်သွားကြရာ မည်သူမျှ အနားမကပ်ရဲကြပေ။

ဤထူးဆန်းသော ပစ္စည်းသည် မိစ္ဆာဆင့်ခေါ်ကျမ်းရှိ မိစ္ဆာစွမ်းအားတို့၏ မြစ်ဖျားခံရာ ဖြစ်သည်။ ဤအဓိက ပစ္စည်းမရှိဘဲ မိစ္ဆာဆင့်ခေါ်ကျမ်းသည် မည်မျှပင် ထူးခြားဆန်းပြားစေကာမူ အစွမ်းထက်နိုင်မည် မဟုတ်ပေ။

လုံယီသည် ရွှံ့စေးသေတ္တာကို ဖွင့်လိုက်သောအခါ အတွင်း၌ ငြိမ်သက်စွာ လဲလျောင်းနေသော အမည်းရောင် အကြေးခွံစုတ် နှစ်ခုကို တွေ့လိုက်ရသည်။ တစ်ခုမှာ ကြီးမားပြီး တစ်ခုမှာ သေးငယ်သည်။

ထိုခဏမှာပင် မမြင်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ရောင်ခြည်ဖြာထွက်မှုများသည် ထိုအကြေးခွံနှစ်ခုမှ ထွက်ပေါ်လာတော့သည်။ လုံယီ၏ အာရုံထဲတွင် သံချပ်ကာမြင်းများ တိုက်ခိုက်နေသံ၊ ငရဲသရဲများ ဟိန်းဟောက်သံနှင့် အေးစက်လှသော ယင်လေများ တိုက်ခတ်နေသံများကို မြင်ယောင်လာပြီး နောက်ဆုံးတွင် စိတ်ခံစားချက် ကင်းမဲ့နေသော သွေးနီရောင် မျက်လုံးတစ်စုံအဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ယားယံလာပြီး ပူထူ၍ဖောင်းကြွလာကာ သူ၏ ဘယ်ဘက်ပုခုံးတွင် ထူးဆန်းသော ဝေဒနာကို စတင်ခံစားလိုက်ရသည်။

ဖတ်….

လုံယီသည် ရွှံ့စေးသေတ္တာကို ချက်ချင်း ပြန်ပိတ်လိုက်ရာ ထိုရောင်ခြည်များ အားလုံး ချက်ချင်း ပျောက်ကွယ်သွားသည်။ သို့သော် သူ၏ ခန္ဓာကိုယ်တွင်းမှ ပြောင်းလဲမှုများမှာမူ ရပ်တန့်မသွားဘဲ နောက်ပြန်လှည့်၍ မရတော့သည့်အလား ရှိနေသည်။ သူ၏ ဘယ်ဘက်ပုခုံးပေါ်တွင် လက်သီးဆုပ်ခန့်ရှိသော အနီရောင် အဖုကြီးတစ်ခုက မက်မွန်သီးတစ်လုံးပမာ တဖြည်းဖြည်း ပေါ်ထွက်လာသည်။

ထိုအဖုပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော သွေးကြောများ ယှက်သန်းနေပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော ကြက်သီးဖုများစွာလည်း ပါရှိနေသည်။ ဤအဖုမှာ လုံယီ၏ ခန္ဓာကိုယ်မှ ပေါက်ဖွားလာခြင်း ဖြစ်သော်လည်း သူ၏ ထိန်းချုပ်မှုအောက်တွင် လုံးဝမရှိကြောင်း သူ သိလိုက်သည်။ သူ၏ စစ်မှန်သော ခွန်အားများဖြင့် ထိုးဖောက်ရန် ကြိုးစားသော်လည်း အခြားသော လျှို့ဝှက်စွမ်းအားတစ်ခုက ပိတ်ဆို့ထားသည်။

တုတ်... တုတ်... တုတ်...

သူ၏ စူးရှသော အာရုံကြောင့် ထိုအသားလုံးအတွင်းမှ သဲ့သဲ့ထွက်ပေါ်နေသော နှလုံးခုန်သံကို ကြားနေရပြီး သူ၏ နားထဲတွင် တစ်စုံတစ်ယောက်က တိုးတိုးလေး ကပ်ပြောနေသကဲ့သို့ ရှူး... ရှူး...မြည်သံများကိုလည်း ကြားနေရသည်။ အထဲတွင် တစ်စုံတစ်ရာသည် အပြင်သို့ ထွက်ပေါ်လာရန်အတွက် အချိန်စောင့်နေသကဲ့သို့ပင်။

ဤအရာမျိုးကို ဖုန်းဟယ်ကွမ်း၏ သမီးတွင် သူ မတွေ့ခဲ့ဖူးပေ။

"ဒီသားအဖက သူတို့မိသားစုရဲ့ ကျင့်စဉ်ကို မကျင့်ကြံခဲ့လို့များလား။ ဒါမှမဟုတ် ငါ့ရဲ့ ချီစွမ်းအင်က အရမ်းကို အားကောင်းလွန်းနေလို့ အခုလို ထူးဆန်းတဲ့ ဖောက်ပြန်ပြောင်းလဲမှုတွေ ဖြစ်လာတာလား"

လုံယီသည် သူ၏ မျက်ဝန်းများတွင် စစ်မှန်သော ခွန်အားများကို လည်ပတ်စေ၍ ကြည့်လိုက်ရာ ထိုအကျိတ်မှ အပြာနုရောင် အလင်းတန်းများ ဖြာထွက်နေပြီး ၎င်းအတွင်း၌ ပါဝင်နေသော ကြောက်မက်ဖွယ် စွမ်းအားများသည်လည်း အပြာရောင် ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူ၏ စွမ်းရည်ပြမျက်နှာပြင်ထဲတွင် ကျန်းမာရေးကို ကိုယ်စားပြုသော အစိမ်းရောင်နေရာ၌ အပြာရောင်အစင်းများ ရောယှက်နေသည်ကို သတိပြုမိလိုက်သည်။ ယခင်က အန္တရာယ်ရှိသော အခြေအနေများတွင် အဝါရောင် သို့မဟုတ် အနီရောင်သာ ပေါ်လေ့ရှိသော်လည်း အပြာရောင် ပေါ်လာခြင်းမှာ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ၎င်းမှာ သတိပေးချက်ထက် ခန္ဓာကိုယ်၏ ပြောင်းလဲမှုတစ်ခုကို ဖော်ပြနေခြင်း ဖြစ်ဟန်ရှိသည်။

ထို့နောက်တွင် အပေါင်းလက္ခဏာတစ်ခုလည်း ပေါ်လာသော်လည်း လုံယီသည် ၎င်းကို မနှိပ်ခဲ့ပေ။ အကြောင်းမှာ ထိုသို့ပြုလုပ်ခြင်းက ကျင့်ကြံမှု၏ ရလဒ်များကို ပျက်ပြားစေနိုင်သောကြောင့်ပင်။ အကျိတ်မှာ ဆက်လက်၍ ဖောက်ပြန်ပြောင်းလဲနေပြီး နှလုံးခုန်သံမှာလည်း ပိုမိုမြန်ဆန်လာသည်။

အဆုံးစွန်သော အခြေအနေသို့ ရောက်ရှိချိန်တွင်...

ဘုန်း…

အကျိတ်အတွင်းမှ တစ်စုံတစ်ရာ မွေးဖွားလာခဲ့သည်။ ထိုခဏမှာပင် ခြေသုံးပေခန့်ရှည်သော အမည်းရောင် မြွေတစ်ကောင်၏ ပုံရိပ်ယောင်သည် လုံယီ၏ စိတ်အာရုံထဲတွင် ပေါ်ထွက်လာသည်။ မြွေ၏ ပုံသဏ္ဌာန်မှာ အနည်းငယ် ဝေဝါးနေသော်လည်း စိမ်းမြမြ ကျောက်မျက်ရတနာပမာ တောက်ပနေသော ၎င်း၏ မျက်လုံးနှစ်လုံးမှာမူ မေ့ဖျောက်ပစ်၍ မရနိုင်လောက်အောင် စူးရှလှသည်။

ကျိခနဲ…

အမည်းရောင်မြွေ၏ ကျူးကျော်ဝင်ရောက်လာမှုသည် လုံယီ၏ စိတ်အာရုံကို မူလက စိုးမိုးထားသော အားကောင်းသည့် လင်းယုန်ငှက်ကြီးအား ပြင်းထန်သော တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ငါးပေခန့် မြင့်မားသော လင်းယုန်ငှက်ကြီးသည် အမည်းရောင်မြွေကို ဒေါသတကြီး စူးစိုက်

ကြည့်လိုက်ပြီးနောက် အရှိန်အဟုန်ဖြင့် ထိုးဆင်း၍ တိုက်ခိုက်တော့သည်။

အမည်းရောင်မြွေသည် ဤမျှ အားကောင်းသော တည်ရှိမှုမျိုးနှင့် တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ဘဲ လင်းယုန်ကို အသည်းအသန် ပြန်လည်ခုခံသော်လည်း လင်းယုန်၏ ခြေသည်းများကြားတွင် အလွယ်တကူပင် ဖမ်းဆီးခြင်းခံလိုက်ရကာ သနားစဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

အမည်းရောင်မြွေမှာ ခဏချင်းမှာပင် နှစ်ပိုင်းပြတ်သွားတော့သည်။

တစ်ဝက်မှာ ဘုန်းခနဲ အသံနှင့်အတူ ပေါက်ကွဲသွားပြီး ရေတွက်၍မရနိုင်သော အမည်းရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။ ကျန်တစ်ဝက်မှာမူ အကျိတ်အတွင်းသို့ အလျင်အမြန် ဆုတ်ခွာသွားပြီး အတွင်း၌ တုန်တုန်ရင်ရင်ဖြင့် ပုန်းအောင်းနေလေတော့သည်။

လင်းယုန်ကြီးသည် ၎င်း၏နှုတ်သီးကိုဖွင့်ကာ ကျေနပ်အားရစွာဖြင့် ရှူသွင်းလိုက်ရာ အမည်းရောင်မြူခိုးများအားလုံး ၎င်း၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခြင်းခံလိုက်ရပြီး လင်းယုန်၏အရွယ်အစားမှာလည်း ခြောက်ပေခန့်အထိ သိသိသာသာ ကြီးမားလာခဲ့သည်။

ဒီလိုလည်း ဖြစ်လို့ရတာလား...

ဤမြင်ကွင်းကို စောင့်ကြည့်နေသော လုံယီမှာ မှင်တက်အံ့ဩသွားရသည်။ လင်းယုန်၏ အောင်ပွဲမှာ သူ၏စိတ်စွမ်းအား ပြန်လည်မြင့်တက်လာခြင်းကို ကိုယ်စားပြုသဖြင့် သူ့အတွက် ကောင်းသောလက္ခဏာပင်။

လုံယီသည် မိစ္ဆာဆင့်ခေါ်ကျမ်းကို စတင်၍ လေ့လာတော့သည်။ ဤကိုယ်ခံပညာမှာ ခက်ခဲလှသည်တော့မဟုတ်ပေ။ ကိုယ်ခံပညာသခင်အဆင့်၏ အထွတ်အထိပ်ကို ကျော်လွန်ထားသော လုံယီအတွက် လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်အတွင်းမှာပင် ကျင့်စဉ်၏ အစိတ်အပိုင်းအချို့ကို နားလည်သဘောပေါက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ စွမ်းရည်ပြမျက်နှာပြင်ရှိ ကျင့်ကြံမှုအပိုင်းတွင် အကြောင်းအရာအသစ်

တစ်ခု ပေါ်ထွက်လာသည်။

[မိစ္ဆာဆင့်ခေါ်ကျမ်း (အခြေခံ ၀/၁၀)]

သူသည် စွမ်းအင်ဆယ်မှတ်ကို အသုံးပြု၍ အဆင့်မြှင့်လိုက်ရာ [မိစ္ဆာဆင့်ခေါ်ကျမ်း (အဆင့်ဝင် ၀/၅၀)] ဖြစ်သွားသည်။

တခြား အရေးကြီးတဲ့ ပစ္စည်းတွေ မလိုဘူးလား

လုံယီမှာ အနည်းငယ် အံ့ဩသွားမိသည်။

ခေတ္တစဉ်းစားကြည့်လိုက်သောအခါ နားလည်ရန် မခက်ခဲလှပေ။ အမှန်စင်စစ် ထိုထူးဆန်းသော အကြေးခွံသည်သာ လိုအပ်သော အဓိကပစ္စည်းဖြစ်ပြီး ၎င်းနှင့်လည်း အစောပိုင်းက ထိတွေ့ခဲ့ပြီး ဖြစ်သည်။

[မိစ္ဆာဆင့်ခေါ်ကျမ်း (အဆင့်ဝင် ၀/၅၀) → မိစ္ဆာဆင့်ခေါ်ကျမ်း (ကျွမ်းကျင် ၀/၃၀ဝ) → မိစ္ဆာဆင့်ခေါ်ကျမ်း (နှံ့စပ် ၀/၂၀ဝ၀ + နဂါးတံတွေးမြက် ၁ ပင်)]

မိစ္ဆာဆင့်ခေါ်ကျမ်းသည် နက်နဲသောအဆင့်သို့ ရောက်ရှိသွားသောအခါ အတားအဆီးတစ်ခု ပေါ်လာပြီး နောက်ထပ်အဆင့်သို့ တက်လှမ်းရန်အတွက် နတ်ဘုရားဆေးဖက်ဝင်ပစ္စည်းဖြစ်သော နဂါးတံတွေးမြက်လိုအပ်နေခြင်းပင်။

လုံယီသည် သူ၏ပုခုံးပေါ်ရှိ အကျိတ်နှင့် ဆက်သွယ်ရန် မိစ္ဆာဆင့်ခေါ်ကျမ်းကို လှုံ့ဆော်လိုက်သော်လည်း အကျိတ်မှာ ဖုန်းကျိုယွဲ့၏ မှတ်တမ်းများထဲကကဲ့သို့ တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိပေ။

အေးလေ... မင်းက ငါ့ကို အထင်သေးနေတာပေါ့ ဟုတ်လား

လုံယီ၏ မျက်ဝန်းထဲတွင် ခြိမ်းခြောက်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

နောက်တစ်ခဏတွင် သူ၏ခန္ဓာကိုယ်မှ အနီရောင် စစ်မှန်သော ခွန်အားအစုအဝေးကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုအကျိတ်ကို လုံးဝ လွှမ်းခြုံပစ်လိုက်သည်။

ကျိခနဲ…

လင်းယုန်ကြီး၏ အာဏာစက်ပြင်းထန်သော ဟိန်းဟောက်သံသည် အချိန်ကိုက်ပင် အကျိတ်အတွင်းသို့ ပဲ့တင်ထပ်သွားရာ အကျိတ်မှာ အနည်းငယ် တုန်လှုပ်သွားပြီး အလျှော့ပေးညှိနှိုင်းလိုသော ဆန္ဒကို စတင်ထုတ်ဖော်လာတော့သည်။

၎င်းကို မြင်သောအခါမှ လုံယီသည် စစ်မှန်သော ခွန်အားကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ အကျိတ်သည် မတတ်သာသည့်အဆုံး အပြာရောင် ချီစွမ်းအင်မျှင်လေးတစ်ခုကို လုံယီ၏ ခန္ဓာကိုယ်အတွင်းသို့ ထုတ်လွှတ်ပေးလိုက်သည်။

၎င်းသည် ဘေးမှ အသင့်စောင့်နေသော အနီရောင် ချီစွမ်းအင်နှင့် ပေါင်းစပ်သွားပြီး နောက်ဆုံးတွင် အသစ်စက်စက် ခရမ်းရောင် ချီစွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။ ဤခရမ်းရောင်စွမ်းအားမှာ သာမန်အနီရောင်ထက် များစွာပိုမို သိပ်သည်းလှသည်။

ဤခရမ်းရောင်စွမ်းအားများ ပိုမိုများပြားလာသည်နှင့်အမျှ ကာလရှည်ကြာ ရပ်တန့်နေသော လုံယီ၏ ချီစွမ်းအင်မှာလည်း တဖြည်းဖြည်း မြင့်တက်လာတော့မည်မှာ အသေအချာပင်။ လုံယီသည် စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်ရာ နယ်ပယ်အပိုင်းတွင် စာသားအသစ်များ ပေါ်လာသည်ကို တွေ့ရသည်။

[အမည် - လုံယီ]

[အသက် - ၂၃/၁၆၀]

[နယ်ပယ် - ကိုယ်ခံပညာသခင် အထွတ်အထိပ် (၈၂/)၊ ကိုယ်ခံပညာရှင် အထွတ်အထိပ် (၅၇/)၊ အစောပိုင်းအဆင့် လူထူးဆန်း (၀/၆၀ဝ)၊ ကျိကျင့်စဉ် ဒုတိယအဆင့် (၁၉၀/၆၀ဝ)]

[ကျင့်ကြံမှုကျင့်စဉ် အဝါရောင် အစွန်းရောက် အသက်ရှူကျင့်စဉ် (ဒုတိယအဆင့်၊ ပြည့်စုံ)၊ အရေပြားသန့်စင်ခြင်းကျင့်စဉ် (အောင်မြင်မှုအငယ်စား ၀/၅၀ဝ၀ + သွေးခြင်ဆီကျောက်မျက် ၁ တုံး)၊ နက်နဲသော ယင်ကျင့်စဉ် (ကျွမ်းကျင် ၀/၁၀ဝ၀ + လရောင်နှင်းရည်)၊ မိစ္ဆာဆင့်ခေါ်ကျမ်း (နက်နဲ့သောအဆငြ် ၀/၂၀ဝ၀ + နဂါးတံတွေးမြက် ၁ ပင်)]

[စွမ်းရည် - လုံမိသားစု ပုဆိန်ပညာ...]

[မှော်အတတ် -အလောင်းထိန်းချုပ်ခြင်း အတတ်...]

[ပါရမီ - ကျောက်သားအဖြစ် ပြောင်းလဲခြင်း...]

[စွမ်းအင် - ၂၀၈၆၈]

အစောပိုင်းအဆင့် လူထူးဆန်းအပိုင်းကို ကြည့်လိုက်သောအခါ နက်နဲသောအဆင့်ရှိ မိစ္ဆာဆင့်ခေါ်ကျမ်းသည် တစ်နေ့လျှင် ကျွမ်းကျင်မှုရမှတ် ၃ မှတ်အထိ တိုးမြှင့်ပေးနိုင်ကြောင်း သတိပေးချက်တစ်ခု ပေါ်လာသည်။

နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းဖို့ ရက်ပေါင်းနှစ်ရာတောင် ကြာမှာလား။ လုံယီသည် ၎င်းမှာ အနည်းငယ် နှေးကွေးနေသည်ဟု ခံစားရသည်။ သူသည် ရွှံ့စေးသေတ္တာကိုဖွင့်၍ ထိုထူးဆန်းသော ပစ္စည်းနှင့် ထပ်မံထိတွေ့ရန် ကြိုးစားချင်သော်လည်း ဖုန်းကျိုယွဲ့၏ သတိပေးချက်ကို ပြန်လည်အမှတ်ရကာ ထိုဆန္ဒကို အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။

ထားလိုက်ပါတော့... သတိထားတာ အကောင်းဆုံးပါပဲ။

ပုခုံးပေါ်တွင် ထွက်နေသော အကျိတ်မှာ ကြည့်ရဆိုးလွန်းသဖြင့် လုံယီသည် လင်းယုန်ကြီးအား ၎င်းအတွင်းရှိ အမည်းရောင်မြွေနှင့် ရင်းနှီးစွာဆက်သွယ်ခိုင်းလိုက်သည်။ ထိုအခါ အကျိတ်မှာ ခန္ဓာကိုယ်အတွင်းသို့ ဖြည်းဖြည်းချင်း ပြန်ဝင်သွားပြီး နောက်ဆုံးတွင် သူ၏ ဘယ်ဘက်လက်မောင်း အသားထဲတွင် မြှုပ်နှံထားသော အချောင်းရှည်ပုံစံလေးအဖြစ် ပြောင်းလဲသွားသည်။

အကယ်၍ အကျိတ်မှာ ပြန်မဝင်လိုလျှင်ပင် ရုပ်ဖျက်ပါရမီရှိသော လုံယီအတွက် အသားစများကို အနည်းငယ် ပြန်လည်ပြင်ဆင်ပြီး မည်သည့်ထူးခြားမှုမျှ မရှိစေရန် အတင်းအကျပ် ဖုံးကွယ်ထားနိုင်သည်။

ဟင်

အကျိတ်သည် လက်မောင်းအတွင်းသို့ ပြန်ဝင်သွားသောအခါ သူ၏ ဘယ်ဘက်လက်ဖဝါးအတွင်းပိုင်းရှိ သွေးရိပ်လုံးမှာ သဘာဝရန်သူနှင့် တွေ့လိုက်ရသကဲ့သို့ မကြုံစဖူး ငြိမ်သက်သွားသည်ကို လုံယီ တွေ့ရှိလိုက်ရသည်။

ဒါက တစ်ခုက တစ်ခုကို ပြန်နှိမ်တာလား။

ကိုယ်ခံပညာသစ်ကို ရရှိထားသဖြင့် လုံယီသည် ကြာရှည်စွာ ရပ်တန့်နေခဲ့သော သူ၏ ချီစွမ်းအင်မှာ ဖြည်းဖြည်းချင်းနှင့် မှန်မှန် ပြန်လည်ရုန်းကြွလာသည်ကို ခံစားရသည်။ နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းပြီးနောက် မည်သို့သော ပြောင်းလဲမှုများ ဖြစ်လာဦးမည်ကို သူ စိတ်လှုပ်ရှားစွာ မျှော်လင့်နေမိသည်။

ထူးဆန်းသော ပစ္စည်းကို သိမ်းဆည်းပြီးနောက် လုံယီသည် ဖုန်းဟယ်ကွမ်းထံသို့ သွားလိုက်သည်။

“ဆရာကြီး... ဘယ်လိုနေလဲ”

“ငါ အဲဒါကို ထိန်းချုပ်နိုင်သွားပြီ”

လုံယီက ပြုံးလျက် ပြောလိုက်သည်။

သူသည် အကျိတ်ကို ပုခုံးပေါ်တွင် ပေါ်လာစေလိုက် ပျောက်သွားစေလိုက်ဖြင့် မျက်လှည့်ပြသလိုက်ရာ ဖုန်းဟယ်ကွမ်း၏ မျက်ဝန်းများတွင် အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်သော အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။

“တောင်းပန်ပါတယ် ဆရာကြီး... ကျွန်တော့်ကိုလည်း သင်ပေးပါဦး”

“မင်းအနေနဲ့ အရင်ဆုံး အားကောင်းတဲ့ ကိုယ်ခံပညာတစ်ခုကို သင်ယူရမယ်။ ပြီးတော့ အဲဒီအရာနဲ့ ဆက်သွယ်နိုင်ဖို့ မင်းရဲ့စိတ်ဓာတ်ကို ခိုင်မာအောင် အရင်ဆုံး လေ့ကျင့်ရပါလိမ့်မယ်”

လုံယီက ရှင်းပြလိုက်သည်။

“ကျွန်တော် ဘယ်မှာ သွားသင်ရမလဲခင်ဗျာ”

ဖုန်းဟယ်ကွမ်းက ရိုသေစွာ မေးလိုက်သည်။

“အမှန်အတိုင်း ပြောရရင် ငါက အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းက တပည့်ဖြစ်သလို ဝမ့်ကျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ”

လုံယီက ရယ်မောလျက် ပြောလိုက်သည်။

“မင်း ငါ့ရဲ့ ဝမ့်ကျန်းဂိုဏ်းမှာ တပည့်အဖြစ် ဝင်ချင်လား”

All Chapters