အခန်း (၄၉၉-၅၀၁)
Vol. 34 Ch. 499-501
အခန်း ၄၉၉ - ဝေပေါ်၏အကူအညီတောင်းခံခြင်း၊ ကျွန်းပေါ်တွင် အဆိပ်ငွေ့များထုတ်လွှတ်ခြင်း
လေမျိုးနွယ်စုမှ ယမ်းစိမ်းမိုင်းတွင်းကို ရရှိခဲ့ပြီးနောက် ရှောင်းယီသည် ဝေပေါ်ထံမှ ယမ်းစိမ်းကို မယူခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။
သို့သော် ယခင်က အဆိပ်ငွေ့ဗုံးများနှင့် ဒုံးပျံများ အစုလိုက်ရောင်းချမှုကြောင့် ယမ်းစိမ်းမှာ လုံးဝကုန်လုနီးပြီဖြစ်နေပေပြီ။
ဤနေ့ရက်အနည်းငယ်အတွင်း ရှောင်းယီသည် ဝေပေါ်ထံတွင် ယမ်းစိမ်းမည်မျှစုမိပြီလဲဆိုသည်ကို မေးရန်ပြင်နေစဉ် မျှော်လင့်မထားဘဲ ဝေပေါ်က သူ့ထံသို့ အကူအညီတောင်းလာခဲ့လေသည်။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှတစ်ဆင့် ဝေပေါ်ဆီသို့ စာပို့ကြည့်လိုက်သည်။
“ဝေပေါ် မင်းအခြေအနေဘယ်လိုရှိလဲ။”
“ကောင်းလိုက်တာ ကျွန်းပိုင်ရှင် ခင်ဗျား နောက်ဆုံးတော့ ပေါ်လာပြီပဲ။ ကျုပ်တို့ အခု ဒေသခံတွေနဲ့ အပြင်းအထန်တိုက်ပွဲဖြစ်နေတယ်။ ကျုပ်တို့မှာ လောက်လွှဲတွေ အများကြီးရှိတယ်။ ဒေသခံတွေမှာ သင်္ဘောကြီးသုံးစီးပဲရှိတာ။ သူတို့မှာလည်း ခံစစ်တွေရှိပေမယ့် ကျုပ်တို့ရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေက သူတို့ရဲ့ခံစစ်ကို ဖြတ်ကျော်ဖို့ လုံလောက်တယ်။ အဆိပ်ငွေ့ဗုံးတွေကိုတော့ သူတို့သင်္ဘောပေါ်ပစ်ဖို့ အခွင့်အရေးမရသေးဘူး။ အခု ဒေသခံသင်္ဘောတွေက ကာကွယ်ရေးကိုစွန့်လွှတ်ပြီး ကမ်းစပ်ကိုတိုက်ရိုက်ဦးတည်လာနေပြီ။”
ဝေပေါ်က စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလာခဲ့သည်။
ရှောင်းယီက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ကာကွယ်ရေးကို ပမာဏတစ်ခုအထိယူထား။ ကျွန်းပေါ်မှာ အဆိပ်ငွေ့ဗုံးတွေ ထုတ်လွှတ်လိုက်။ မတွန့်ဆုတ်နဲ့။”
“ဟုတ်ကဲ့။”
ဝေပေါ်က တုံ့ပြန်လိုက်သည်။
ရှောင်းယီသည် အုပ်စုထဲတွက် ဆွေးနွေးခဲ့သော အဆိပ်ငွေ့ဗုံးများအသုံးပြုနည်းကို သူ့အားအသုံးပြုခိုင်းလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ဝေပေါ်သည် ချက်ချင်းပင် သူ၏လက်အောက်ငယ်သားများကိုခေါ်ကာ ပြောလိုက်သည်။
“လူတိုင်းပဲ လေတင်ဘက်ကိုသွားကြ။ အဆိပ်ငွေ့ဗုံးတွေထုတ်လွှတ်ဖို့ ငါအမိန့်ပေးတဲ့အခါကျရင် လူတိုင်း အရင်ဆုံး စိုစွတ်တဲ့ပိတ်စနဲ့ ပါးစပ်နဲ့နှာခေါင်းကိုအုပ်ကြရမယ်။”
“ဟုတ်ကဲ့။”
လူအုပ်ကြီးက တုံ့ပြန်လိုက်ကြသည်။
ဝေပေါ်ကို ရှောင်းယီ၏တိုက်ရိုက်လိုင်းအဖြစ် သတ်မှတ်နိုင်ပေသည်။ ထို့ကြောင့် ၎င်းတို့လက်ထဲရှိ အဆိပ်ငွေ့ဗုံးများသည် တစ်လုံးနှစ်လုံးမကဘဲ စုစုပေါင်းဆယ်လုံးရှိ၏။
သူသည် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နေရာအနီးတွင် ပထမဆုံးတစ်လုံးကို ထုတ်လွှတ်လိုက်ပြီး ထို့နောက် လူအုပ်နှင့်အတူ လေတင်ဘက်သို့ လိုက်သွားလိုက်လေသည်။
ဝေပေါ်သည် ကျွန်းပေါ်တွင်ရှိနေသောကြောင့် ပြိုင်ဘက်များသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တိုက်ရိုက်သိမ်းပိုက်၍မရသော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ချိုးဖျက်နိုင်သေးသည်။ ပြိုင်ဘက်များ၏ဖျက်ဆီးခြင်းမှကာကွယ်ရန် သူသည် ပထမဆုံးအဆိပ်ငွေ့ဗုံးတစ်လုံးကို ထုတ်လွှတ်ရမည်ဖြစ်သည်။
ကျွန်းနားသို့ချဉ်းကပ်နေသော ဒေသခံများသည် ကမ်းစပ်ရှိ ခုခံမှုများ ပျောက်ဆုံးသွားကြောင်း ရှာဖွေတွေ့ရှိခဲ့လေသည်။
“မှော်ဆရာ ကျုပ်တို့ ကျွန်းပေါ်ဆင်းဦးမှာလား။”
သင်္ဘောပေါ်က ဒေသခံတစ်ဦးက မေးလိုက်သည်။
ကမ်းစပ်ရှိ တိုက်ခိုက်မှုများသည် လောက်လွှဲများနှင့် လေးလံသောဒူးလေးကြီးများ၏တိုက်ခိုက်မှုများသာဖြစ်ကြောင်း မြင်တွေ့ခဲ့ရသောကြောင့် မှော်ဆရာက ပြန်ဖြေလိုက်သည်။
“ကုန်းပေါ်မြန်မြန်ဆင်းကြ သူတို့ကို ထွက်ပြေးခွင့်မပေးနိုင်ဘူး။”
မှော်ဆရာ၏အမြင်တွင် သူတို့သည် ကျွန်းကိုစွန့်ခွာပြီး ထွက်ပြေးရန်ပြင်ဆင်နေကြခြင်းပင်။
“ဟုတ်ကဲ့”
တစ်ချိန်တည်းမှာပင် ထိုမှော်ဆရာသည် အခြားသင်္ဘောနှစ်စီးရှိ မှော်ဆရာများနှင့်လည်း ဆက်သွယ်လိုက်ပြီး ကုန်းပေါ်သို့ အလျင်အမြန်ဆင်းသက်ရန် တောင်းဆိုလိုက်လေသည်။
သင်္ဘောသုံးစီးသည် ကမ်းစပ်သို့ လျင်မြန်စွာချဉ်းကပ်လာခဲ့ကြသည်။ ထိုအချိန်တွင် ဝေပေါ်က ချက်ချင်းပင် ပြောလိုက်တော့လေသည်။
“အဆိပ်ငွေ့ဗုံးတွေ ပစ်...”
ထိုလက်အောက်ငယ်သားများသည် ချက်ချင်းပင် အဆိပ်ငွေ့ဗုံးများ၏ စနက်တံကြိုးများကို မီးညှိပြီး ကမ်းစပ်ဘက်သို့ ပစ်လိုက်ကြတော့သည်။
သင်္ဘောပေါ်ရှိ ဒေသခံများသည် ကမ်းပေါ်သို့ခုန်ချပြီးပြီးချင်း ရုတ်တရက် ကျွန်း၏အတွင်းပိုင်းမှ စက်လုံးအချို့ ပျံထွက်လာပြီး ထိုစက်လုံးများတွင် မီးညှိထားသောကြိုးများပါရှိသည်ကို တွေ့လိုက်ရလေသည်။
“ဒါကဘာလဲ။”
ဒေသခံတစ်ဦးကက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“လူတိုင်း အဲ့ဒီဟာကနေ ဝေးဝေးရှောင်ကြ...”
မှော်ဆရာသည် ထိုအရာများက ဘာလဲဆိုသည်ကို မသိသော်လည်း သတိပေးလိုက်၏။
ဒေသခံများသည် ချက်ချင်းပင် အဆိပ်ငွေ့ဗုံးများမှ ဝေးရာသို့ ရွေ့လိုက်ကြလေသည်။
ဒေသခံများသည် စနက်တံကြိုးများကိုမူ မဖြတ်တောက်ခဲ့ကြပေ။ ထို့ကြောင့် အဆိပ်ငွေ့ဗုံးများသည် စနက်ကြိုးများကို အောင်မြင်စွာ လောင်ကျွမ်းစေခဲ့ပြီး ထူထဲသည့်မီးခိုးတိမ်တိုက်ကြီးများ ထွက်လာတော့လေသည်။
ဝေပေါ်၏ လက်အောက်ငယ်သား ၁၀ ယောက်ပါသော ကျွန်းသည် သေးငယ်သည်မဟုတ်သော်လည်း စတုရန်းမီတာ ၈၀၀၊ ၉၀၀ ခန့်သာရှိပြီး အနားအလျား ၃၀ မီတာသာရှိသော စတုရန်းတစ်ခုနှင့်ညီမျှသောကြောင့် အဆိပ်ငွေ့ဗုံးသုံးလုံးသာ ထုတ်လွှတ်ခဲ့သည်။
ဤအဆိပ်ငွေ့ဗုံးသုံးလုံးမှ ထွက်လာသော အဆိပ်ငွေ့များသည် ကျွန်းတစ်ကျွန်းလုံးနီးပါးကို လွှမ်းခြုံနိုင်ပေသည်။
“ဒါကဘာလဲ။”
ဒေသခံအားလုံး နောက်သို့ဆုတ်သွားခဲ့ကြသည်။
ဒေသခံများ အံ့အားသင့်တုန်လှုပ်နေစဉ် အဝေးတစ်နေရာတွင် အဖြူရောင်လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး အပြာရောင်အပျော်စီးရွက်သင်္ဘာတစ်စီး လျင်မြန်ဆန် ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရ လေသည်။
“ဒါက ဘာထပ်လာပြန်တာလဲ။”
အခြားဒေသခံတစ်ဦးက မေးလိုက်သည်။
အပျော်စီးရွက်သင်္ဘာပေါ်တွင် ကျန်းယွင်ထျန်းက အော်ပြောလိုက်၏။
“လူတိုင်း ခါးပတ်ပတ်ထားကြ။ ဝင်တိုက်ဖို့အဆင်သင့်ပြင်...”
“ဟုတ်ကဲ့”
လူအုပ်ကြီးက တုံ့ပြန်လိုက်ကြသည်။
အပျော်စီးရွက်သင်္ဘာတွင် ထိုင်ခုံအကန့်အသတ်ရှိသော်လည်း သူတို့သည် သင်္ဘောကုန်းပတ်ပေါ်တွင် ခါးပတ်အချို့ကို အထူးတပ်ဆင်ထားခဲ့ပေသည်။
စစ်သားများသည် ကာကွယ်ရေးဦးထုပ်များဆောင်းကာ အပျော်စီးရွက်သင်္ဘာ၏ လက်ရန်းများနှင့် သူတို့ကိုယ်ကို ချည်နှောင်ထားလိုက်ကြလေသည်။
လူတိုင်းအဆင်သင့်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းသည် ချက်ချင်းပင် အပျော်စီးရွက်သင်္ဘာကိုမောင်းကာ ဒေသခံသင်္ဘောသုံးစီးဆီသို့ ဦးတည်လိုက်တော့လေသည်။
ကျန်းယွင်ထျန်းသိသည်မှာ ဝေပေါ်သည် ရှောင်းယီ၏မဟာမိတ်အဖွဲ့သို့ မဝင်ရောက်ရသေးသောကြောင့် ဝေပေါ်ကိုတိုက်ခိုက်ရန် ရောက်လာကြသည့် ဒေသခံများမှာ အဆင့်မြင့်မည်မဟုတ်ပေ။
ဝေပေါ်၏ရုပ်ခန္ဓာသည် C-အဆင့်သာဖြစ်သောကြောင့် တိုက်ခိုက်ရန်ရောက်လာသည့် ဒေသခံများသည်လည်း C-အဆင့်မှော်ဆရာသုံးဦးသာ ဖြစ်နိုင်ပေသည်။
ထို့အပြင် ကျန်းယွင်ထျန်းသည် ဒေသခံများ သင်္ဘောများမှခုန်ဆင်းပြီး ကမ်းပေါ်သို့ရောက်နေပြီဖြစ်ကြောင်းကိုလည်း မြင်တွေ့ခဲ့ရ၏။
ထို့ကြောင့် သူသည် အပျော်စီးရွက်သင်္ဘာကို တိုက်ရိုက်မောင်းကာ ဒေသခံများ၏သင်္ဘောများကို ဖျက်ဆီးတိုက်ခိုက်လိုက်တော့လေသည်။
ဝုန်း...
ဒေသခံသင်္ဘောတစ်စီး၏ ပဲ့ပိုင်းသည် အပျော်စီးသင်္ဘာ၏လက်ချက်ဖြင့် ချက်ချင်းပင် ပဲ့ထွက်သွားခဲ့သည်။
ကျန်းယွင်ထျန်း၏ဘေးတွင်ထိုင်နေသော ကျန်းရွှဲ့သည် လုံးဝထိခိုက်ခြင်းမရှိသော အပျော်စီးရွက်သင်္ဘောကိုကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“သူ့ရဲ့ ခိုင်ခံမှုကအရမ်းမြင့်တယ်လို့ နင်ပြောတာကို ငါကြားပဲကြားဖူးခဲ့တာ။ ဒီနေ့တော့ ငါမျှော်လင့်ထားတာထက်တောင် ပိုပြီးအံ့ဩစရာကောင်းနေတာပဲ။”
“ဒါက အခုထိမပြီးသေးဘူး။”
ကျန်းယွင်ထျန်းက ပြုံးကာပြန်ဖြေလိုက်ပြီး သူ၏အပျော်စီးရွက်သင်္ဘာကိုဆက်မောင်းကာ ကျန်သင်္ဘောနှစ်စီးကို အကြီးအကျယ်ပျက်စီးသွားသည်အထိ တိုက်ခိုက်လိုက်လေသည်။
ကမ်းခြေပေါ်ရှိ ဒေသခံများသည် သူတို့၏သင်္ဘောများ ပျက်စီးသွားသည်ကို မြင်တွေ့လိုက်ကြရပြီး အပျော်စီးရွက်သင်္ဘာတွင်မူ မည်သည့်ပြဿနာမျှ ရှိမနေကြောင်း မြင်လိုက်ရသောအခါ အလွန်အမင်း တုန်လှုပ်သွားခဲ့ကြလေသည်။
“ဒီသင်္ဘောက အရမ်းမြန်ပြီး ကြမ်းလွန်းတယ်။ ပင်လယ်ထဲမှာဆက်နေနေရင် ငါတို့အတွက် အခွင့်အရေးမရှိဘူး။ ကျွန်းထဲကိုဝင်ပြီး တိုက်ကြရအောင်။”
မှော်ဆရာတစ်ဦးက ပြောလိုက်သည်။
အခြားမှော်ဆရာနှစ်ဦးကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
မှော်ဆရာသုံးဦး၏အမိန့်ကိုလိုက်နာကာ ဒေသခံများသည် သူတို့ကိုယ်သူတို့ ရဲဆေးတင်ကာ အဖြူရောင်မီးခိုးများထဲသို့ ပြေးဝင်သွားကြတော့သည်။
တကယ်တမ်းတွင် သူတို့ဝင်ရောက်ခြင်းမရှိဘူးဆိုလျှင်ပင် အဖြူရောင်မီးခိုးများသည် တဖြည်းဖြည်း ပျံ့နှံ့လာနေပြီးဖြစ်သည်။
ကျန်းယွင်ထျန်းသည် ဒေသခံများ၏လှုပ်ရှားမှုများကိုကြည့်ကာ အပျော်စီးသင်္ဘာကို ဘေးတစ်ဖက်သို့ မောင်းနှင်သွားပြီး အပိုလှုပ်ရှားမှုများ မပြုလုပ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤစစ်ပွဲ၏ရလဒ်သည် သတ်မှတ်ပြီးသားဖြစ်သောကြောင့်ပင်။
အဖြူရောင်မီးခိုးများထဲသို့ ဝင်ရောက်သွားခဲ့ကြပြီးနောက် ဒေသခံများသည် တစ်ဦးပြီးတစ်ဦး လဲကျသွားကြ၏။ မှော်ဆရာသုံးဦးသည် နောက်ဆုံးတွင် ထိုအဖြူရောင်မီးခိုးများသည် အဆိပ်များဖြစ်ကြောင်း နားလည်သွားတော့လေသည်။
သူတို့သင်္ဘောသို့ ပြန်လည်ဆုတ်ခွာရန် လိုအပ်လာသောအချိန်တွင် သူတို့သည် အဆိပ်ငွေ့အများအပြားကို ရှူရှိုက်မိခဲ့ပြီးဖြစ်ကာ မြေပြင်ပေါ်တွင် သတိလစ်သွားကြတော့လေသည်။
C-အဆင့်မှော်ဆရာများအတွက် ဤ A-အဆင့်အဆိပ်ငွေ့ဗုံး၏စွမ်းအားသည် အလွန်ပြင်းထန်လွန်းနေဆဲပင်။
ကျန်းယွင်ထျန်းသည် ကာကွယ်ရေးအစီအမံများကို ယူဆောင်ပြီး အပျော်စီးရွက်သင်္ဘာပေါ်တွက် လွှင့်တင်ထားသောအလံ၏ လွင့်မျောနေသည့်ဦးတည်ချက်ကိုကြည့်ကာ လေတင်ဘက်မှ ကျွန်းပေါ်သို့ ဆင်းသက်လိုက်လေသည်။
ဝေပေါ်နှင့် သူ၏လူ ၁၀ ယောက်ခန့်သည်လည်း ထိုနေရာတွင်ရှိနေပြီး ကျန်းယွင်ထျန်းရောက်ရှိလာသည်ကို မြင်သောအခါ ချက်ချင်းပင် ကြိုဆိုလိုက်ကြလေသည်။
“သခင်ကြီးကျန်း ခင်ဗျားရောက်လာပြီလား။”
ဝေပေါ်က ပြောလိုက်သည်။
ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြကာ မေးလိုက်သည်။
“ကျွန်းပေါ်မှာ သေကျေပျက်စီးမှုတွေရှိလား။”
“မရှိပါဘူး။”
ဝေပေါ်က ခေါင်းခါပြလိုက်သည်။
“ကောင်းပြီ မင်းကျွန်းပေါ်ကအကျဉ်းသားတွေကိုသင်္ဘောပေါ်တင်လိုက်။ ပြီးရင် မင်းလည်းလိုက်ခဲ့။ ကျွန်းပိုင်ရှင်ရဲ့ကျွန်းကိုပြန်သွားမယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“အဆိပ်ငွေ့တွေ ပျယ်သွားပြီးမှ ပြန်လာကြပေါ့။”
“ဟုတ်ကဲ့။ ဒါပေမယ့် ဒေသခံတွေက ကျုပ်တို့ကျွန်းကို ထပ်ပြီးတိုက်ကြဦးမှာလား။”
ဝေပေါ်က စိုးရိမ်စွာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ငါ ကျွန်းပတ်လည်မှာ ကင်းထောက်အဖွဲ့တစ်ဖွဲ့ စီစဉ်ပေးထားမယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သခင်ကြီးကျန်း။”
ဝေပေါ်က ထိုသို့ပြောလိုက်ပြီးနောက် သူ၏လက်အောက်ငယ်သားများကိုခေါ်ကာ အကျဉ်းသားများကို သင်္ဘောပေါ်သို့ ပစ်တင်ခိုင်းပြီးနောက် သင်္ဘောကို ရှောင်းယီ၏ကျွန်းဆီသို့ ဦးတည်ကာ မောင်းနှင်လိုက်လေသည်။
ကျန်းယွင်ထျန်းဆီမှ ဖြေရှင်းပြီးသည့်သတင်းကို ရပြီးနောက် ရှောင်းယီသည် ဝေပေါ်ဘက်ကို ထပ်ပြီးအာရုံမစိုက်တော့ပေ။
“ဆုဝမ် မင်း ဒီကိုလာမယ့်ခရီးသွားတွေနဲ့ ဆက်သွယ်လိုက်ပါဦး။ စာရင်းအစဉ်အတိုင်း တစ်ယောက်ချင်းစီကို တည်နေရာကူးပြောင်းပေးလိုက်ပါ။”
ရှောင်းယီသည် စွမ်အားပြည့် B-အဆင့် စွမ်းအင်ပြွန်နှင့် မြို့ပြန်ကျောက်တစ်ခုကို ဆုဝမ်ထံသို့ ပေးအပ်လိုက်သည်။
“ဟုတ်ကဲ့!”
ဆုဝမ်က တုံ့ပြန်လိုက်ပြီး စာရင်းအလိုက် ခရီးသွားများနှင့် စတင်ဆက်သွယ်လိုက်လေသည်။
ဆုဝမ်သည် ပထမဆုံးမှတ်ပုံတင်ထားသော ခရီးသွားအား မြို့ပြန်ကျောက်တုံးကို ငှားရမ်းလိုက်သောအခါ ထိုလူသည် သူ့လက်ထဲရှိကျောက်တုံးကို အံ့အားသင့်စွာကြည့်ပြီး အလွန်အမင်း အံ့ဩသွားခဲ့လေသည်။
“ဒါက မြို့ပြန်ကျောက်လား။”
အခန်း ၅၀၀ - ခရီးသွားများ ကျွန်းသို့ရောက်ရှိလာခြင်းနှင့် အသိအကျွမ်းများနှင့် ပြန်လည်တွေ့ဆုံခြင်း
“ကျေးဇူးပြုပြီး စောစောက ကျွန်မသတိပေးခဲ့တဲ့အတိုင်း လုပ်ဆောင်ပေးပါ။ မြို့ပြန်ကျောက်ကို တစ်မိနစ်အတွင်းပြန်ယူပါမယ်။”
ဆုဝမ်က သတိပေးလိုက်သည်။
တစ်ဖက်လူသည် ချက်ချင်းပင် သူ့ဘေးကငါးဖမ်းပိုက်ကိုကောက်ကိုင်ပြီး မြို့ပြန်ကျောက်တုံးကို အသက်သွင်းလိုက်တော့လေသည်။
သွန်းလောင်းချိန် စက္ကန့် ၂၀ ကြာပြီးနောက် ထိုလူသည် နေရာမှ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ သူ့ဘေးတွင်ရှိနေသောလူများသည်လည်း ထိုမြင်ကွင်းကိုကြည့်ကာ စိတ်လှုပ်ရှားနေခဲ့ကြလေသည်။
“ဒီလိုအရာမျိုးက အသက်ကယ်နိုင်တယ်။”
“အမှန်ပဲ ငါတို့ တစ်ခုလောက်တော့ ပြန်ရအောင် လုပ်ရမယ်။”
ထိုလူ၏ကျွန်းတွင် လူသုံးယောက်ရှိပေသည်။ ယီရန်ပင်း၏ကျွန်းသည် သူကြော်ငြာထားသည့်အတိုင်း အမှန်တကယ် ကောင်းမွန်ပါက သူတို့သုံးယောက်သည် အလှည့်ကျပြီးအပန်းဖြေသွားမည်ဟု အရင်ကတည်းက ညှိနှိုင်းထားခဲ့ကြပြီးဖြစ်ပေသည်။
ထိုလူသည် သူ့ရှေ့ရှိမြင်ကွင်းကို ပြန်လည်မြင်နိုင်စွမ်းရလာသောအခါ သူသည် စတုရန်းပုံရင်ပြင်တစ်ခုတွင်ရှိနေကြောင်း တွေ့လိုက်ရလေသည်။
ရင်ပြင်ပတ်လည်တွင် အမှန်တကယ်ပင် ဒေသခံများနှင့်တူသော စစ်သားများစွာရှိနေပြီး ရှေ့နောက်ကင်းလှည့်နေသော အဖွဲ့နှစ်ဖွဲ့လည်း ရှိပေသည်။
“ဒါကဘာအခြေအနေလဲ။ ငါ့ကို ဘာလို့ဒေသခံတွေရဲ့အိမ်ကို ပို့လိုက်တာလဲ။”
ထိုလူက စိုးရိမ်သွားခဲ့သည်။
သူသည် ယီရန်ပင်း၏ကျွန်းကို လာရောက်လည်ပတ်ခြင်းဖြစ်သောကြောင့် လက်နက်များ ယူဆောင်မလာခဲ့ပေ။ ၎င်းသည် ယီရန်ပင်းမှ အုပ်စုထဲတွင် တင်ထားသော စည်းမျဉ်းများတွင်ပါဝင်သော လိုအပ်ချက်တစ်ခုလည်း ဖြစ်ပေသည်။
ထိုအချိန်တွင် ဘေးတစ်ဘက်တွင်ထိုင်နေသော ချူရှန်းသည် တစ်စုံတစ်ဦး တည်နေရာကူးပြောင်းကာ ရောက်လာသည်ကို မြင်လိုက်ရပြီး ချက်ချင်းပင် ချဉ်းကပ်သွားခဲ့လေသည်။
“ဟေ့ ညီကို မင်းကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ။”
ချူရှန်းသည် ထိုလူကိုကြည့်ကာ သူ့ကို တစ်နေရာရာတွင် မြင်ဖူးသလိုခံစားလိုက်ရပြီး ဆက်လက်ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့...။ ဒီစစ်သားတွေအားလုံးက သူဌေးကြီးရဲ့လက်အောက်ကဒေသခံတွေပါ။ ကျုပ်နဲ့လိုက်ခဲ့လေ။”
ထိုလူသည် ချူရှန်းကိုမြင်လိုက်ရသောအခါ အံ့အားသင့်စွာပြောလိုက်မိ၏။
“ခင်ဗျားက ကျူးချန်းကလန်ကလူပဲ။”
“ခင်ဗျားက တကယ်ပဲ ကျုပ်ကိုသိတယ်လား။”
ချူရှန်းက သူ၏ခေါင်းကို နောက်လှည့်ကြည့်ကာ သံသယဖြင့် မေးလိုက်သည်။
“ကျုပ်တို့ အရင်ကခင်ဗျားရဲ့ကျွန်းကို တစ်ယောက်ယောက်ပို့ပေးဖူးလား။”
“ဟုတ်တယ်...ခင်ဗျား အရင်တုန်းက အမျိုးသမီးတစ်ယောက်ကို ပို့ပေးခဲ့ဖူးတယ်။ အဲ့တုန်းက ကျုပ်ကလက်ထဲမှာ ဒူးလေးတစ်လက်ကိုင်ထားခဲ့တယ်။ ကျုပ်ရဲ့ကျွန်းကလည်း မသေးပါဘူး။”
ထိုလူက ပြောလိုက်သည်။
“ကျုပ်နည်းနည်းတော့မှတ်မိပြီ။ အဲ့တုန်းက ခင်ဗျားလက်ထဲကဒူးလေးကိုမြင်တော့ အရမ်းအားကျမိခဲ့သေးတယ်။”
ချူရှန်းက ပြောလိုက်သည်။
ထိုလူက သူ၏လက်ကိုခါယမ်းကာ ပြန်ဖြေ၏။
“အဲ့ဟာရဲ့ တိုက်ပွဲမှာအသုံးဝင်မှုက ကန့်သတ်ချက်ရှိတယ်။ ပြီးတော့ ခင်ဗျားက သူဌေးကြီးနဲ့ ပူးပေါင်းပြီးသွားပြီလား။”
“အေး..ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းက မလွယ်ကူဘူးလေ။”
ချူရှန်းက ပြန်ဖြေလိုက်သည်။
“မင်းနာမည်ကဘယ်လိုခေါ်လဲ။”
“ရှို့ကျိုး”
ထိုလူက ပြန်ဖြေသည်။ ထိုအချိန်တွင် သူသည် နောက်ဆုံး၌ အသိအကျွမ်းတစ်ယောက်ကို တွေ့လိုက်ရပြီဖြစ်၍ အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။
“အင်း သူဌေးကြီးကျွန်းကိုလာပြီးကစားဖို့ ရွေးချယ်လိုက်တာကို မင်းလုံးဝနောင်တရမှာမဟုတ်ဘူး။”
ချူရှန်းက ပြောလိုက်သည်။
“အင်း အခုတောင် ကျုပ်အတွက်တော့ အံ့အားသင့်စရာတွေက အလုံအလောက်နေပြီ။ သူဌေးကြီးကျွန်းမှာ ဒေသခံစစ်သားဘယ်နှစ်ယောက်တောင်ရှိတာလဲ။”
ရှို့ကျိုးက လမ်းလျှောက်နေရင်း သတိထားကာ မေးလိုက်သည်။
“သိပ်မများပါဘူး၊ ထောင်ဂဏန်းလောက်ပါပဲ။”
ချူရှန်းက ပြန်ဖြေလိုက်သည်။
ဒီနံပါတ်ကိုကြားလိုက်ရသောအခါ ရှို့ကျိူးသည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ချူရှန်းကို မယုံကြည်နိုင်သောအမူအရာဖြင့် ကြည့်လိုက်သည်။
“သွားကြရအောင် ကျုပ်တို့နောက်မှာာ တခြားလူတွေရှိနေသေးတယ်။ အချိန်တွေအများကြီးဖြုန်းတီးနေရင် လူတိုင်းကစားရမှာမဟုတ်တော့ဘူး။”
ချူရှန်းက တိုက်တွန်းလိုက်သည်။
ရှို့ကျိုးက ချက်ချင်းပင် နောက်မှလိုက်သွားလိုက်သည်။
အပန်းဖြေစခန်း၏ဝင်ပေါက်သို့ ရောက်လာသောအခါ ချစ်ပ်ထုတ်လုပ်ရေးစက်ရှေ့တွင် ရပ်လိုက်ပြီး ချူရှန်းက ထိုစက်ကိုညွှန်ပြကာ ပြောလိုက်သည်။
“စက်ရဲ့ညွှန်ကြားချက်အတိုင်းလုပ်ဆောင်လိုက်ပါ။ ကျုပ်ကတော့ ခွဲစိတ်ထည့်သွင်းတဲ့ချစ်ပ်ကိုရွေးချယ်ဖို့ အကြံပေးချင်တယ်။ ဒါပေမယ့် ကတ်လုပ်မယ်ဆိုရင်လည်း ရယအဆင်ပြေပါတယ်။ ယာယီကတ်ကိုတော့ မရွေးချယ်သင့်ဘူး။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။”
ရှို့ကျိုးက တုံ့ပြန်လိုက်သည်။
ချူရှန်းသည် ရင်ပြင်အနီးတွင်ပြန်ထိုင်ကာ ဘားမှယူလာသောဖျော်ရည်ကိုသောက်ရင်း ရင်ပြင်ကို ဆက်ကြည့်နေလိုက်သည်။
စက်ပေါ်တွင် အခြေခံအချက်အလက်များဖြည့်သွင်းပြီးနောက် ရှို့ကျိုးသည် တရားဝင်ကတ်အတွက် လျှောက်ထားလိုက်လေသည်။
ချူရှန်းက ခွဲစိတ်ထည့်သွင်းရန် အကြံပေးခဲ့သော်လည်း သူသည် ကတ်ကိုသာ ရွေးချယ်ခဲ့ပေသည်။
ကတ်ရပြီးနောက် သူသည် သူ့ဘေးနားရှိ စားပွဲဆီသို့ လျှောက်သွားလိုက်လေသည်။ ထိုပေါ်တွင် “ဒီဂျစ်တယ်ငွေကြေးလဲလှယ်ရေး” ဟုရေးသားထားသော သစ်သားဆိုင်းဘုတ်တစ်ခုရှိသည်။
ရှို့ကျိုးသည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် အုတ်မြစ်ကျောက်နှစ်ခုကိုထုတ်ယူကာ ပြောလိုက်လေသည်။
“အုတ်မြစ်ကျောက်နှစ်ခုနဲ့ လဲချင်ပါတယ်။”
စားပွဲရှေ့တွင်ထိုင်နေသူမှာ ရှောင်းယီဖြစ်ပေသည်။ သူက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။”
သူသည် အုတ်မြစ်ကျောက်နှစ်ခုကို ယူပြီးနောက် အသုံးပြုနည်းကို တစ်ဖက်လူအား ရှင်းပြလိုက်လေသည်။
ချစ်ပ်အသုံးပြုနည်းသည် သိပ္ပံစိတ်ကူးယဉ်ဆန်သော်လည်း လုပ်ဆောင်ချက်သည် ရိုးရှင်းပြီး လေ့လာရလွယ်ကူပေသည်။
ရှို့ကျိုးသည် ကတ်၏ပုံရိပ်ကို တုန်လှုပ်စွာ ကြည့်နေရင်း ထိုနေရာတွင် အချိန်အကြာကြီး ရပ်နေမိလေသည်။
“ဟေ့ ညီကို မင်းလဲပြီးပြီလား။ လဲပြီးရင်လည်း မြန်မြန်ထွက်သွားတော့။ ငါစောင့်နေတုန်းပဲကွ။”
သူ့နောက်မှ နောက်ထပ်လူတစ်ယောက် ထပ်ရောက်လာခဲ့သည်။
“တောင်းပန်ပါတယ် ကျုပ်အာရုံထွေပြားသွားလို့ပါ။”
ရှို့ကျိုးက ပြန်ဖြေလိုက်ပြီး ချက်ချင်းပင် လဲလှယ်ရေးနေရာမှထွက်သွားကာ ဆိုင်းဘုတ်ပါညွှန်ကြားချက်အတိုင်း အပန်းဖြေစခန်းဆီသို့းလျှောက်သွားလိုက်လေသည်။
အပန်းဖြေစခန်းထဲသို့ ဝင်ရောက်လိုက်သောအခါ ရှို့ကျိုးသည် အင်္ဂတေတိုက်ခန်း ခြောက်ထပ်အဆောက်အဦငါးခုကို တန်းစီကာ တွေ့လိုက်ရလေသည်။
“ဒီအဆောက်အဦတွေကို သူတို့ ဘယ်လိုတည်ဆောက်ခဲ့တာလဲ။”
ရှို့ကျိုး အံ့အားတသင့် ရေရွတ်လိုက်မိသည်။
မူလက သူသည် သူကိုယ့်သူ ကောင်းစွာဖွံ့ဖြိုးတိုးတက်နေသည်ဟု ထင်မှတ်ခဲ့ပြီး ယီရန်ပင်းနှင့်နှိုင်းယှဉ်လိုက်လျှင် အဆင့်မြင့်အစားအစာအချို့သာလိုအပ်လိမ့်မည်ဟု ထင်မှတ်ခဲ့ပေသည်။ သို့သော်လည်း ယခုကြည့်လိုက်သောအခါ အစားအစာပြဿနာတစ်ခုတည်းမကကြောင်း သိလိုက်ရလေသည်။
ဘား၏ဆိုင်းဘုတ်သည် အလွန်ထင်ရှားလှ၏။ ရှို့ကျိုးထက် နောက်ကျပြီးမှ ရောက်ရှိလာသူများသည် သူ့ကိုကျော်ကာ ဘားဆီသို့ လျှောက်သွားကြပြီဖြစ်သည်။
ရှို့ကျိုးသည် အလျင်အမြန်လိုက်သွားလိုက်သည်။ အခြားအရာများကို ဖြည်းဖြည်းချင်း ကြည့်ရှုနိုင်ပြီး သူ၏စိတ်အာရုံကို တည်ငြိမ်စေရန် ဘီယာတစ်ပုလင်းလောက် အရင်သောက်ရမည်ဖြစ်သည်။
ဘားထဲသို့ ဝင်လိုက်သောအခါ လေအေးပေးစက်မှ အေးမြသည့်လေလှိုင်းတစ်ခုက သူ့ဆီသို့ တိုးဝင်လာခဲ့လေသည်။
မနက်ခင်းအချိန်ဖြစ်သော်လည်း အပူချိန်သည် မြင့်မားနေဆဲဖြစ်ပြီး အနည်းဆုံး သုံးဆယ်ဒီဂရီကျော်လောက် ရှိပေသည်။ ဘားထဲသို့ဝင်လိုက်သည်နှင့် အပူအားလုံး ပျောက်ကွယ်သွားခဲ့သည်။
“ကြိုဆိုပါတယ်!”
တံခါးဝမှ ကြိုဆိုသူများသည်လည်း ဒေသခံများဖြစ်ပေသည်။
ရှို့ကျိုးသည် သူတို့ကို ခေါင်းညိတ်ပြလိုက်ပြီး ဘားအတွင်းရှိ အပြင်အဆင်များကို ကြည့်ရှုကာ နံရံနှင့်ကပ်နေစားပွဲဝိုင်းတစ်ခုကို ရွေးချယ်လိုက်သည်။
သူထိုင်လိုက်သည်နှင့် သူ့ထက်စောပြီး ဝင်လာသူက စိတ်လှုပ်ရှားစွာပြောသံကို ကြားလိုက်ရလေသည်။
“ဒါက သူဌေးကြီးအရင်ကရောင်းတဲ့အစားအစာတွေထက်တောင် ဈေးပိုချိုသေးတယ်။”
ရှို့ကျိုး သည် စားပွဲထိုးကမ်းပေးလာသော မီနူးကို မြန်မြန်ယူကြည့်လိုက်လေသည်။
“သာမန်ဘီယာ ၂ ယွမ် / ၁၀၀မီလီ၊ C-အဆင့် ၄၀ ယွမ် / ၁၀၀မီလီ၊ B-အဆင့် ၈၀ ယွမ် / ၁၀၀မီလီ......”
ရှို့ကျိုးသည် ယီရန်ပင်း အရင်ကရောင်းခဲ့သော အဆင့်မြင့်အစားအစာများ၏ဈေးနှုန်းကို ပြန်လည်သတိရသွားခဲ့လေသည်။ C-အဆင့် အစားအစာ၏ဈေးနှုန်းမှာ အုတ်မြစ်ကျောက် ၁ ခုလျှင် ၂၀၀ဂရမ်ဖြစ်သော်လည်း ဤနေရာတွင်မူ အုတ်မြစ်ကျောက် ၁ ခုလျှင် ၂၅၀ဂရမ်ခန့်ရနိုင်သည်။
“သာမန်ဘီယာ ၅၀၀မီလီပေးပါ။”
ရှို့ကျိုး သည် ဘီယာတစ်ပုလင်းသောက်ပြီး သူ၏စိတ်အာရုံများကို တည်ငြိမ်အောင်လုပ်ရန် လိုအပ်နေပေသည်။
“ဟုတ်ကဲ့ ကျေးဇူးပြုပြီး ကတ်ပေါ်ကငွေကို ဘားဆီငွေလွှဲပေးပါ။ ငွေလွှဲအောင်မြင်ပြီးရင် ယူလာပေးပါ့မယ်။”
စားပွဲထိုးက ပြောလိုက်သည်။
ဤအချိန်တွင်မှ ရှို့ကျိုးသည် ဤနေရာရှိဒေသခံများသည် ရှားဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနေကြသည်ကို ရုတ်တရက်သတိထားမိသွားခဲ့သည်။
ရှို့ကျိုးသည် ကတ်ပေါ်မှ ငွေလွှဲနေရင်း အံ့အားသင့်စွာ တွေးလိုက်မိသည်။
“ဒီယီရန်ပင်းကက ဘယ်လိုများလုပ်ခဲ့တာပါလိမ့်။”
မကြာခင်မှာပင် ဘီယာရောက်ရှိလာခဲ့သည်။
“သုံးဆောင်ပါခင်ဗျ”
စားပွဲထိုးက ပြောလိုက်သည်။
ရှို့ကျိုးသည် ဘီယာတစ်ခွက်လောင်းထည့်ပြီး တစ်ခါတည်း မော့သောက်လိုက်လေသည်။
“ကောင်းလိုက်တာ...”
ရှို့ကျိုးသည် သူ၏နှလုံးသားထဲမှ စိတ်လှုပ်ရှားသွားခဲ့လေသည်။ မူလက သူသည် ဘီယာအတွက်မျှော်လင့်ချက်များစွာမထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေများသည် ကန့်သတ်ခံထားရပြီး ဘီယာရလျှင်ပင် ကောင်းလှပြီဟုထင်ထားခဲ့ပြီး အခြားအရာများကို မတောင်းဆိုဝံ့ခဲ့သောကြောင့်ပင်။
သို့သော် ဤနေရာရှိဘီယာသည် အလွန်ကောင်းမွန်စွာ ချက်လုပ်ထားလိမ့်မည်ဟုတော့ သူမျှော်လင့်မထားခဲ့ပေ။ သာမန်ဘီယာတောင်မှ ယခင်ကမ္ဘာကထက် ပို၍အရသာရှိနေပေသည်။
“ပါဆယ်ပြန်ယူသွားလို့ရလောက်မလား။”
ရှို့ကျိုးက ဘားကောင်တာကိုလှမ်းကြည့်ရင်း စိတ်ထဲကတွေးလိုက်မိသည်။
ထိုစဉ် အခြားလူတစ်ယောက်သည် ချက်ချင်းပင် ကောင်တာဆီသို့သွားပြီး တိုက်ရိုက်မေးလိုက်သည်ကို တွေ့လိုက်ရလေသည်။
“သူဌေး ဒီဘီယာကို ပါဆယ်ထုပ်လို့ရမလား။”
ထိုလူက မေးလိုက်သည်။
“သေချာတာပေါ့...ဒါပေမယ့် သတိပေးချင်တာက မြို့ပြန်ကျောက်က ပစ္စည်းတွေအများကြီးမသယ်နိုင်ဘူး။”
ဒူခန်းက ပြုံးရင်းပြန်ဖြေလိုက်သည်။
“ပြင်ပဈေးကွက်မှာလည်း ပစ္စည်းကောင်းတွေ အများကြီးရှိသေးတယ်။”
“နားလည်ပါပြီ...လမ်းညွှန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။”
ထိုလူက အရိုအသေပေးကာ ပြောလိုက်သည်။
ရှို့ကျိုးသည်လည်း ဒူခန်း၏စကားကိုကြားလိုက်ပြီး နှလုံးသားထဲမပင် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့လေသည်။
“ဒီတစ်ခါတော့ တကယ်ပဲ နေရာမှန်ကိုရောက်တာပြီပဲ။”
နာရီဝက်အကြာတွင် ခရီးသွားအယောက်သုံးဆယ်စလုံးကို တည်နေရာကူးပြောင်းပြီးသွားပြီဖြစ်သည်။ သူတို့အားလုံးသည် တရားဝင်ကတ်အတွက် လျှောက်ထားခဲ့ကြပြီး ခွဲစိတ်ထည့်သွင်းသောချစ်ပ်အတွက်လျှောက်ထားသူတစ်ဦးမျှမရှိခဲ့ပေ။
နောက်ဆုံး လူအနည်းငယ်သည် အုတ်မြစ်ကျောက်ဘယ်နှစ်ခုလဲလှယ်ရမည်ကိုစဉ်းစားနေကြစဉ် ရှို့ကျိုးသည် လဲလှယ်ရေးနေရာသို့ ထပ်မံရောက်ရှိလာခဲ့ပြီး ပြောလိုက်လေသည်။
“သူဌေး ကျုပ် အုတ်မြစ်ကျောက် ၂၀ ထပ်လဲချင်ပါတယ်။”
အခန်း ၅၀၁ - ဧည့်သည်များ၏ အံ့အားသင့်မှု၊ ဉာဏ်ရည်တုရှာဖွေရေးပစ္စည်းကိရိယာ
အခြားသောခရီးသွားများသည် အုတ်မြစ်ကျောက် မည်မျှလဲရမည်ကို စဉ်းစားနေဆဲဖြစ်သော်လည်း တစ်စုံတစ်ဦးက အုတ်မြစ်ကျောက် ၂၀ အား တစ်ခါတည်းလဲလှယ်လိုက်သည်ကို မြင်တွေ့လိုက်ရသောအခါ အံ့အားသင့်သွားခဲ့ကြသည်။
“ဒီလူက ယီရန်ပင်းသူဌေးကြီးငှားထားတဲ့ အယောင်ဆောင်များလား။”
“ငါတော့ ဖြစ်နိုင်တယ်လို့ထင်တယ်။ တစ်ခါတည်းနဲ့ အုတ်မြစ်ကျောက် ၂၀ လဲတယ်ဆိုတာက ရက်သတ္တပတ်အတော်ကြာအောင် စုဆောင်းထားရသမျှပဲ။”
“ဘယ်သူကမှ တစ်ခါတည်းနဲ့ ဒီလောက်အများကြီး မလဲလောက်ဘူး။”
ရှို့ကျိုးသည် ထိုလူများ၏တီးတိုးစကားများကို ကြားလိုက်ရသောအခါ သူ၏နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကို တွန့်ကွေးလိုက်ပြီး လှောင်ပြောင်လိုက်သည်။
“ဟမ့် အယောင်ဆောင်လား။ မင်းတို့ကိုယ်တိုင်ဝင်ပြီးကြည့်လိုက်ရင် သဘောပေါက်သွားလမ့်မယ်။”
ရှိုးကျိုးက အများကြီးမပြောတော့ဘဲ လဲလှယ်မှုပြီးဆုံးသွားပြီးနောက် အပန်းဖြေစခန်းထဲသို့သာ ပြန်ဝင်သွားလိုက်သည်။
သူသည် အရင်ဆုံး အနားယူချင်နေပေ၏။ အပန်းဖြေစခန်းတွင် အစားအသောက်များနှင့် အမျိုးမျိုးသောကစားနည်းများရှိသော်လည်း လှပသောအမျိုးသမီးလက်မှုပညာသည်များမှာမူ နည်းနေသေးပေသည်။
မျက်စိပသာဒဖြစ်ဖွယ် အလှမယ်လေးများရှိပါက ပို၍ပြီးပြည့်စုံသွားမည်ဖြစ်သည်။
ပြန်ယူရန်အတွက်မှာမူ ပြန်ခါနီးအချိန်မှသာ ဆုံးဖြတ်မည်ဖြစ်သည်။
ထိုလူများသည် ရှို့ကျိုး၏စကားကြောင့်ဖြင့် ပို၍လဲလှယ်ကြမည်တော့မဟုတ်ပေ။ တစ်ဦးချင်းစီသည် အုတ်မြစ်ကျောက်တစ်ခု သို့မဟုတ် နှစ်ခုသာလဲလှယ်ခဲ့ကြသည်။
သို့သော် သူတို့အပန်းဖြေစခန်းထဲသို့ ဝင်ရောက်သွားပြီးနောက် ချက်ချင်းပင် နောက်ပြန်လှည့်ပြေးကာ းစတင်၍ အများအပြားလဲလှယ်ကြတော့လေသည်။
တစ်ချို့သည် ၁၀ ခုခန့်သာလဲလှယ်ကြပြီး တစ်ချို့မှာမူ ၃၀ ကျော်အထိ လဲလှယ်ခဲ့ကြသည်။
တစ်ချို့လူများသည် လေအေးပေးစက်နှင့် ဘီယာကိုပင် ဆက်၍ခံစားမနေတော့ဘဲ ဒူခန်းပြောထားသည့်ဈေးကွက်ဆီသို့ တိုက်ရိုက်ပြေးသွားခဲ့ကြသည်။
ဈေးကွက်တွင် အမျိုးမျိုးသောပစ္စည်းများရှိပြီး ဈေးသည်များသည် အမျိုးမျိုးသောပစ္စည်းများ၏အဆင့်များကိုပင် ဖော်ပြထားပေသည်။
“ဒါက တကယ်ပဲ B-အဆင့်ဝက်သားလား။”
ထိုလူသည် ဈေးဆိုင်တစ်ဆိုင်တွင် ပြသထားသော ဝက်သားများကိုကြည့်ပြီး မယုံကြည်နိုင်ဘဲ မေးလိုက်မိသည်။
“လူကြီးမင်းတို့ စိတ်ချလက်ချဝယ်ယူလို့ရပါတယ်။ ဒီမှာရောင်းတဲ့ပစ္စည်းတိုင်းရဲ့ အရည်အသွေးနဲ့ပမာဏက အာမခံချက်ရှိတယ်။ တကယ်လို့ စိတ်မချဘူးဆိုရင် တစ်ယွမ်အကုန်ခံပြီး ပင်လယ်ကမ်းခြေကသင်္ဘောပေါ်တက်ပြီး ဝယ်ယူထားတဲ့ပစ္စည်းရဲ့အဆင့် အတုအစစ်ကို စစ်ဆေးလို့ရပါတယ်။ ပစ္စည်းအတုတွေတွေ့ရှိခဲ့မယ်ဆိုရင် ဆယ်ဆပြန်ပေးပါမယ်။”
အန်းယွဲ့က ထိုလူကိုကြည့်ကာ အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် သင်္ဘောကြီးတစ်စီးကို ပင်လယ်ကမ်းခြေတွင် ဆိုက်ကပ်ထားပြီဖြစ်သည်။ ရှောင်းယီသည် ၎င်းပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ချိတ်ဆက်ထားမှုများကို ကန့်သတ်ထားပြီး ပစ္စည်းများခွဲခြားသတ်မှတ်ရန်အတွက်သာ အသုံးပြုခွင့်ပြုကာ အခြားလုပ်ဆောင်ချက်အားလုံးကို ပိတ်ပင်ထားခဲ့သည်။
“ဒါဆို ကျုပ်နည်းနည်းလောက် အရင်ဝယ်ကြည့်မယ်။”
ထိုလူက ပြောလိုက်ပြီး ယွမ် ၄၀၀ အကုန်ခံကာ ကီလိုဝက် ဝယ်ယူပြီး တစ်ယွမ်ထပ်မံအကုန်ခံကာ သင်္ဘောပေါ်တက်ပြီးစစ်ဆေးကြည့်လိုက်သည်။
ရလဒ်မှာ သဘာဝအတိုင်း B-အဆင့်ဝက်သားပင်ဖြစ်သည်။
ထိုလူသည် အုတ်မြစ်ကျောက် ၁၅ ခုလဲလှယ်ခဲ့ပေသည်။ သူ၏ကတ်ထဲတွင်ယွမ် ၁၅၀၀ ရှိပြီး အားလုံးကိုဝယ်ယူမည်ဆိုပါက သုံးကီလိုဂရမ်ကျော် ဝယ်ယူနိုင်မည်ဖြစ်သည်။
“လူကြီးမင်း ကျုပ်ဝယ်ထားတဲ့ပစ္စည်းတွေကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေ လဲလှယ်ဖို့အတွက် သုံးလို့ရမလား။”
ထိုလူသည် အန်းယွဲ့ကိုရှာဖွေပြီး သတိထားကာ မေးမြန်းလိုက်သည်။
အဘယ်ကြောင့်ဆိုသော် မြို့ပြန်ကျောက်ကိုအသုံးပြု၍ သယ်ဆောင်နိုင်သောပစ္စည်းပမာဏမှာ ကန့်သတ်ချက်ရှိသောကြောင့်ပင်။
“ဒါကိုတော့ အထက်လူကြီးတွေနဲ့ တိုင်ပင်ရမယ်။ ခဏစောင့်ပေးပါ။”
အန်းယွဲ့က ပြန်ဖြေလိုက်ပြီး လဲလှယ်ရေးနေရာသို့သွားကာ ရှောင်းယီအား တိုးတိုးကပ်ပြောလိုက်လေသည်။
ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
“တစ်ကြိမ်အသုံးပြုခ ၅၀ ယွမ်။”
အန်းယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ကဲ့ ဒါပေမယ့် ပင်လယ်ကမ်းခြေကကျွန်းအထိမ်းအမှတ်ကျောက်တိုင်ချိတ်ဆက်ထားမှုရဲ့လုပ်ဆောင်ချက်ကိုတော့ ဖွင့်ပေးဖို့လိုတယ်။”
ထို့နောက် ရှောင်းယီ ထရပ်လိုက်ပြီး ယွမ်ရှီးအား နောက်ပိုင်းလဲလှယ်မှုကိစ္စများကို တာဝန်ယူခိုင်းကာ သူသည်မူ ဗီလာဆီသို့ လမ်းလျှောက်သွားလိုက်သည်။
ဗီလာအိပ်ခန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့ ပြန်ရောက်သောအခါ ပင်လယ်ကမ်းခြေရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ချိတ်ဆက်ထားမှု၏ လဲလှယ်မှုလုပ်ဆောင်ချက်ကို ဖွင့်ပြီးနောက် ယီထျန်းဂရုထဲသို့ ဝင်ကြည့်လိုက်လေသည်။
“နောက်ထပ်ပူပြင်းတဲ့နေ့တစ်နေ့ပဲ။ သူဌေးကြီးရဲ့ကျွန်းကို အနားယူဖို့သွားတဲ့လူတွေ ဘယ်လိုခံစားရလဲ။ အတွေ့အကြုံ မျှဝေပေးနိုင်တဲ့သူတစ်ယောက်လောက် မရှိဘူးလား။”
“မင်းဖျင်ကြီးကို အတွေ့အကြုံမျှဝေရမှာလား။ အဲဒီမှာကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိဘူးလေ။ အားလုံးက တည်နေရာကူးပြောင်းပြီး ရောက်သွားတာချည်းပဲ။”
“ဟုတ်သားပဲ။ အပန်းဖြေစခန်းကဘယ်လိုလဲဆိုတာ သိချင်လိုက်တာ။”
“ကောင်းတယ်... အရမ်းကိုကောင်းတာ။ ချီး...ဒီတစ်ခါတော့ ငါ့ရဲ့ရွေးချယ်မှု မှန်ကန်သွားပြီလို့တောင် ခံစားနေရတယ်။”
“အပေါ်ကညီကို အခြေအနေဘယ်လိုလဲ။ သူဌေးကြီးရဲ့အပန်းဖြေစခန်းကနေ ဒီလောက်မြန်မြန်ပြန်လာတာလား ဟုတ်လား။”
“ဒီလောက်မြန်မြန်ပြန်လာတာဆိုတော့ သေချာပေါက်ကောင်းမှာမဟုတ်ဘူး။ ငါမသွားမိလိုက်တာ တော်သေးတယ်။”
“ငါစကားဆုံးအောင်တောင် မပြောရသေးဘူးလေ။ အပေါ်ကညီကိုက မင်းက နိဂုံးချုပ်လိုက်ပြီလား။ ကျုပ်တို့ကျွန်းမှာ စုစုပေါင်းနှစ်ယောက်ရှိတယ်။ ကျုပ်တို့မဟာမိတ်မှာကျွန်း ၉ ကျွန်းရှိတယ်။ ကျွန်းအများစုမှာက တစ်ယောက်တည်းပဲရှိတာဆိုတော့ ကျုပ်တို့ကျွန်းကတစ်ယောက်ကို သူဌေးကြီးဆီပို့လိုက်တာ။ ကျုပ်သွားတာမဟုတ်ဘူး ကျုပ်ရဲ့အဖော်သွားတာ။ သူက ခုန B-အဆင့် ဝက်သား ၃ ကီလိုဂရမ်နဲ့ မှတ်စုတစ်စောင် ပြန်ပို့လိုက်တယ်။ သူဌေးကြီးရဲ့ကျွန်းက တကယ့်ကို အံ့ဩစရာကောင်းတယ်တဲ့။”
“ငလူး... B-အဆင့် ဝက်သား ၃ ကီလိုဂရမ်လား။ အရင်ဈေးနှုန်းအတိုင်းဆို အုတ်မြစ်ကျောက် ၁၅ ခုလောက်ကုန်မယ်ထင်တယ်။”
“ဝယ်လို့ရတာနဲ့တင် ကောင်းနေပြီ။ အဲ့ဒါက ၃ ကီလိုဂရမ်လေ။ ကျုပ်ဆိုရင် နောက်ဆုံးတစ်ခေါက်က B-အဆင့် အသားတွေ မဖမ်းနိုင်ခဲ့ဘူး။”
“ခင်ဗျားရဲ့အဖော်ကမှ စိတ်ချရသေးတယ်။ ကျုပ်ဘက်ကတော့ သောက်ကျိုးနည်း ရေခဲစိမ်ဘီယာ ၁၀ လီတာကို တိုက်ရိုက်ပြန်ရောင်းလိုက်တယ်လေ။ သူ့မေဂျီးတော်လိုပဲ။”
“၁၀ လီတာလား။ ဘီယာတွေအများကြီးပဲရော်။ သေချာပေါက် ဈေးအရမ်းကြီးမှာပဲ။ ဒါပေမယ့် ရေခဲစိမ်ထားတာဆိုတော့ စဉ်းစားပေးလို့ရပါသေးတယ်။”
“မှတ်စုမှာပြောထားတာကတော့ ယွမ် ၂၀၀ ကုန်တယ်တဲ့ အဲ့ဒါက အုတ်မြစ်ကျောက်နှစ်ခုနဲ့ညီမျှတယ်။ အုတ်မြစ်ကျောက်နှစ်ခုနဲ့ အဆင့်မြင့်အသားတွေဝယ်စားတာက ပိုမကောင်းဘူးလား။”
“အပေါ်ကညီကို မင်းအဲ့ဒါကို စမ်းသောက်ကြည့်ပါလား။ ကျုပ်ကတော့ တန်တယ်လို့ထင်တယ်။ အခုဘီယာရဲ့အရသာက အရင်ကမ္ဘာကဘီယာထက် ပိုကောင်းတယ်။”
“မင်းရဲ့အဖော်ကလည်း ဘီယာပြန်ပို့ ပေးခဲ့တာတော့မဟုတ်ဘူးမလား။ သူ ပို့ပေးခဲ့တာလား။”
“အေး အတော်လေးကောင်းတယ်။ အနည်းဆုံးတော့ငါကြိုက်တယ်။”
“ရေခဲစိမ်ဘီယာလား။ သူဌေးကြီးဆီမှာ ရေခဲတွေအများကြီးရှိတာလား။”
“မရှိလောက်ဘူးထင်တယ်။ ရေခဲသေတ္တာရှိတာဖြစ်မယ်။”
“သောက်ကျိုးနည်း အခု ရေခဲသေတ္တာတွေကိုတောင် ရှာတွေ့နိုင်နေပြီလား။”
“အပျော်စီးရွက်သင်္ဘာကရော...။”
“အိုကေ...မင်းနိုင်တယ်။ သူဌေးကြီးက တကယ်ရှာတွေ့ခဲ့တာ ဖြစ်နိုင်ပါတယ်။”
“မင်းတို့ကောင်တွေ ဒီအကြောင်းဘာလို့အရေးကြီးခွင်ကျယ်လုပ်နေကြတာလဲ။ နောက်တစ်ခါကျရင် လက်မှတ်ကို ဘယ်လိုမိအောင်ဖမ်းရမလဲဆိုတာပဲ တွေးကြည့်ကြစမ်းပါ။”
“ကျုပ်တို့မဟာမိတ်က အုတ်မြစ်ကျောက်တွေစုနေပြီ။ သူဌေးကြီးရဲ့ကျွန်းကနေ ပစ္စည်းကောင်းတွေအများကြီးဝယ်ပြီး ပြန်ယူဖို့ပြင်ဆင်နေတယ်။”
အုပ်စုထဲရှိလူများ၏ တုံ့ပြန်မှုများကိုကြည့်ပြီး ရှောင်းယီအနည်းငယ်ခေါင်းညိတ်ကာ တွေးလိုက်မိသည်။
“ဒီကိုလာပြီး အပန်းဖြေတဲ့သူတွေပြန်သွားရင် ကြော်ငြာရဲ့သက်ရောက်မှုက ပိုကောင်းလာလိမ့်မယ်။”
“ကျွန်းပိုင်ရှင် ဝေပေါ်နဲ့သူတို့လူတွေ အကျဉ်းသားတွေနဲ့အတူ ရောက်လာပါပြီ။”
ကျန်းယွင်ထျန်းက သတိပေးလိုက်သည်။
“ကောင်းပြီ မင်းပဲအရင်ဆုံး ကိုင်တွယ်ထားလိုက်ပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
မနက်စောစော ဝေပေါ်၏အကူအညီတောင်းခံသံကြောင့် နိုးလာခဲ့ရသော ရှောင်ယီသည် အလွန်အရေးကြီးသောအရာတစ်ခုခုကို မေ့နေသည်ဟု ခံစားလိုက်ရပြီး နောက်ဆုံးတွင် သတိရလာခဲ့သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ ရရှိသောဆုလက်ဆောင်- အလိုအလျောက်ဉာဏ်ရည်တုရှာဖွေရေးပစ္စည်းကိရိယာ (SSS-အဆင့်) ၁။”
“အလိုအလျောက်ဉာဏ်ရည်တုရှာဖွေရေးပစ္စည်းကိရိယာ (SSS-အဆင့်)- မြေအောက်အခြေအနေ (သတ္တုရိုင်း၊ လိုဏ်ခေါင်းများ၊ စသည်) မည်သည့်အရာမျှ ၎င်း၏ရှာဖွေမှုအောက်မှ လွတ်မြောက်နိုင်ပါ။ တစ်နာရီလျှင် ၁၀ စတုရန်းကီလိုမီတာ ရှာဖွေနိုင်သည်။”
“နောက်ဆုံးတော့ရောက်လာပြီပဲ။ ငါမင်းကိုစောင့်နေတာကွ။”
ရှောင်းယီ ထိုသို့ပြောလိုက်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှ စွန်းယောင်ထံသို့ မက်ဆေ့ချ်ပို့လိုက်သည်။
“မင်းရဲ့ကျွန်းကမှော်ဆရာကို အသင့်ပြင်ခိုင်းထားလိုက်။ သူ့ရဲ့မျိုးနွယ်စုအားလုံးကို သွားပြန်ခေါ်ခိုင်းမယ်။”
“အခုလား။”
စွန်းယောင်က မေးလိုက်သည်။
“အေး မင်းရဲ့ကျွန်းကမသေးဘူးဆိုတော့ သွားပြန်ခေါ်လာပြီးရင် သူတို့အကုန်လုံးကို မင်းရဲ့ကျွန်းမှာပဲ နေရာချထားလိုက်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။ ကျုပ် အခုသူ့ကို သွားခေါ်လိုက်ပါမယ်။ သူဂရုစိုက်ရမယ့်အခြားအရာတွေရော ရှိသေးလား။”
စွန်းယောင်က မေးလိုက်သည်။
ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“ငါ သူနဲ့အတူသွားဖို့ လူတစ်ယောက်စီစဉ်ပေးလိုက်မယ်။ ငါစီစဉ်ပေးတဲ့လူကို တစ်ချို့တာဝန်တွေ ပြီးမြောက်အောင် သူ့ကို ကူညီခိုင်းလိုက်ပါ။”
“ဟုတ်ကဲ့။”
စွန်းယောင်က ပြန်ဖြေလိုက်သည်။
စကားပြောဆိုမှု ပြီးဆုံးသွားပြီးနောက် စွန်းယောင်သည် အပြင်သို့ထွက်လာကာ ဆေးပင်ပျိုးခင်းရှိ တူနာ့ကို ရှာလိုက်လေသည်။
“သခင် ကျုပ်ကိုရှာနေတာလား။”
ဝူနာ့၏ ရှားဘာသာစကားသည်လည်း ယခုအခါ၌ အဆင်ပြေနေဖြစ်သည်။
စွန်းယောင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်ကပြောလိုက်တယ် မင်းပြန်သွားပြီး မင်းရဲ့မျိုးနွယ်စုကို ဒီကိုရွှေ့လာရမယ်တဲ့။”
“တကယ်လား။ အခုလား။”
ဝူနာ့က အံ့အားသင့်စွာ မေးလိုက်သည်။
“ဒါပေမယ့် ဦးတည်ချက်ကျောက်ရဲ့စွမ်းအင်က ပြန်မပြည့်သေးဘူးလေ။ သာမန်အတိုင်း ခရီးသွားမယ်ဆိုရင် အချိန်တွေအများကြီးကြာကြာလိမ့်မယ်။”