အခန်း (၅၀၈-၅၁၀)
Vol. 34 Ch. 508-510
အခန်း ၅၀၈ - တိလင်းထျန်းရှား အရှုံးပေးခြင်း၊ ရွှမ်းယွမ်ဝူဝေ့၏ မောက်မာမှု
ရှောင်းယီသည် သူ၏ဘေးတစ်ဖက်တွင်ချထားရှိသော ရတနာမြေပုံကို ကြည့်ရှုကာ တွေးလိုက်မိ၏။
“ငါ့မှာရှိတယ်ဆိုပေမယ့် အခုချိန်ထိ ရှစ်ခုလုံး မစုမိသေးဘူးထင်တယ်။ အဲ့ဒါကြောင့် တုံ့ပြန်မှုမရှိသေးဘူး။”
ရှောင်းယီသည် ထရပ်လိုက်ပြီး အိပ်ယာပေါ်သို့ သူ့ကိုယ်သူ ပစ်တင်လိုက်သည်။
ဤအချိန်တွင် တိလင်းထျန်းရှားသည်လည်း ရှောင်းယီ၏အပန်းဖြေစခန်းအကြောင်း သတင်းရရှိခဲ့ပြီး အံ့အားသင့်သွားခဲ့လေသည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။”
တိလင်းထျန်းရှားက ပြောလိုက်သည်။
“တခြားသူတွေက အခုမှ စိုက်ပျိုးရေးလူ့အဖွဲ့အစည်းမှာပဲ ရှိနေသေးတာကို သူက တကယ်ပဲ လေးဖက်လေးတန်လုံးကို ခေတ်မီအောင်မြှင့်တင်ပြီးသွားပြီတဲ့လား။”
ချင်ချင်းလုံသည် သူ၏ဘေးတွင်ရပ်နေရင်း မတတ်သာသည့်အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
“ဒီလူတွေက ချဲ့ကားပြောနေတာလား ဒါမှမဟုတ် ယီရန်ပင်းဆီက စိတ်ကိုပြောင်းလဲစေတဲ့ဆေးတွေ သောက်ထားတာလားဆိုတာ မသိတော့ဘူး။”
တိလင်းထျန်းရှားက သူ၏ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
“လူအနည်းငယ်လောက်ကပြောရင် ဖြစ်နိုင်ခြေရှိသေးတယ်။ ဒါပေမယ့် လူတိုင်းကပြောနေပြီဆိုရင်တော့ ဒီဖြစ်နိုင်ခြေက မရှိသလောက်ပဲ။”
“ယီရန်ပင်းရဲ့ကျွန်းက တကယ်ပဲ ဒီအဆင့်ထိ တိုးတက်သွားပြီလား။”
ချင်ချင်းလုံက မေးလိုက်သည်။
တိလင်းထျန်းရှား ထပ်မံ၍ခေါင်းခါကာ ပြောလိုက်၏။
“ဟင်း...ယီရန်ပင်းရဲ့ခြေလှမ်းတွေကို ငါတို့လိုက်မမီနိုင်တော့ဘူးထင်တယ်။”
ချင်ချင်းလုံက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
“ဥက္ကဌ မင်း အရှုံးမပေးလိုက်ပါနဲ့။”
“ငါအရှုံးပေးလိုက်တာမဟုတ်ဘူး။ မင်းသေချာစဉ်းစားကြည့်...ယီရန်ပင်းက အဆင့်မြင့်သားကောင်တွေကို မကြာခဏရောင်းနေတယ်။ ဒါကဘာကိုဆိုလိုတာလဲ။”
တိလင်းထျန်းရှားက မေးလိုက်သည်။
“သူ့ကျွန်းရဲ့ဆင့်ကဲပြောင်းလဲခြင်းက အတော်လေးနက်ရှိုင်းတယ်ဆိုတာကို ဆိုလိုတာပါ။”
ချင်ချင်းလုံက ပြန်ဖြေလိုက်သည်။
“မင်း ပိုပြီးနက်နက်ရှိုင်းရှိုင်းထပ်ကြည့်ဖို့လိုသေးတယ်။”
တိလင်းထျန်းရှားက ပြောလိုက်သည်။
“ဟုတ်တယ်...မင်းပြောတာလည်း မှန်ပါတယ်။ ဒါပေမယ့် ငါတို့ကျွန်းမှာ အဲ့လောက်ထိနက်ရှိုင်းတဲ့ ဆင့်ကဲပြောင်းလဲခွင့်မျိုးရမယ်ဆိုရင်တောင် မင်း ဆင့်ကဲပြောင်းလဲခွင့်ပေးမှာလား။”
ချင်ချင်းလုံသည် ခဏတာ ကြောင်အသွားခဲ့ပြီးနောက် ချက်ချင်းပင် ခေါင်းခါကာ ပြောလိုက်သည်။
“မပေးပါဘူး။”
အကြောင်းပြချက်မှာ ရိုးရှင်းပါသည်။ သူတို့သည် A-အဆင့်နှင့် အထက်ရှိ သားကောင်များကို မကိုင်တွယ်နိုင်သေးပေ။
မနေ့ကလေးတင် ကျွန်းပေါ်တွင် B-အဆင့်ကျားတစ်ကောင်ကို ပြန်လည်မွမ်းမံခဲ့ပြီး ထိုကျားကို ဖြေရှင်းနိုင်ရုံအတွက်ဖြင့် လူတစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့ရသည်။
တိလင်းထျန်းရှား၏ ရုပ်ခန္ဓာသည် A-အဆင့်နှင့် အလွန့်အလွန် နီးကပ်နေခဲ့သော်လည်း A-အဆင့်သို့ မရောက်ရှိသေးချေ။
ထို့အပြင် တူညီသောအဆင့်ရှိ သားကောင်များသည် လူသားများကို လုံးဝအနိုင်ယူနိုင်ပေသည်။
တိလင်းထျန်းရှားတွင် လူဦးရေများပြားသောကြောင့်သာ ကံကောင်းစွာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပေသည်။
ပြင်းထန်စွာဒဏ်ရာရရှိသူများသည် သေဆုံးရမည့် ကံကြမ္မာဆိုးဖြင့် ကြုံနေကြရချေသည်။
“အဲ့ဒါကြောင့် ယီရန်ပင်းရဲ့ကျွန်းမှာ ကျွန်းရဲ့ဆင့်ကဲပြောင်းလဲမှုပြဿနာကို ချိန်ညှိဖို့အတွက် အလွန်အဆင့်မြင့်တဲ့ အသက်ရှင်ကျန်ရစ်သူတွေ ရှိရမယ်။”
တိလင်းထျန်းရှားက ဆက်ပြောလိုက်သည်။
ချင်ချင်းလုံက ခေါင်းညိတ်လိုက်၏။
“သူတို့မှာ ကောင်းမွန်တဲ့စက်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီ။ အဆင့်မြင့်လူသားတွေက ကျွန်းပေါ်မှာ ဆင့်ကဲပြောင်းလဲပြီး ပြန်လည်မွမ်းမံလာတဲ့ သားကောင်တွေကို ချိန်ညှိပေးနိုင်တယ်။ အဲ့ဒါကြောင့် ကျွန်းကို စိတ်ကြိုက်ဆင့်ကဲပြောင်းလဲပြီး ပြန်လည်မွမ်းမံခွင့်ပေးနိုင်တယ်။ ပိုမိုပြန်လည်မွမ်းမံလေလေ အဆင့်မြင့်အသားအရင်းအမြစ် ပိုရလေလေဖြစ်ပြီး ပိုမိုအဆင့်မြင့်တဲ့ အသက်ရှင်ကျန်ရစ်သူတွေကို မွေးထုတ်ဖို့အသုံးပြုနိုင်တယ်။ တစ်ချိန်တည်းမှာပဲ အဲ့ဒီအဆင့်မြင့်အသားတွေကို အုတ်မြစ်ကျောက်တွေ ပိုမိုရရှိဖို့ လဲလှယ်နိုင်သေးတယ်။ ပြီးရင် ကျွန်းကိုချဲ့ထွင်နိုင်တယ်။ ကျွန်းရဲ့ဧရိယာကြီးမားလာသည်နှင့်အမျှ ဆင့်ကဲပြောင်းလဲမှုနဲ့ ပြန်လည်မွမ်းမံမှုကို ပိုပြီးမြှင့်တင်နိုင်တယ်။”
တိလင်းထျန်းရှားက ခိုကိုးရာမဲ့နေသည့်အမူအရာဖြင့် ပြောလိုက်သည်။
“ဒါပေမယ့် သူတို့ကျွန်းက အဆင့်မြင့်လူသားတွေက ဆင့်ကဲပြောင်းလဲမှုနဲ့ ပြန်လည်မွမ်းမံမှုကို အမီမလိုက်နိုင်ဘူးဆိုရင်ကော။”
ချင်ချင်းလုံက မေးလိုက်သည်။
တိလင်းထျန်းရှားသည် သူ၏မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်သည်။
“ယီရန်ပင်းက အပန်းဖြေစခန်းဖွင့်ပြီးနောက် တစ်ရက်ကို အုတ်မြစ်ကျောက်ဘယ်နှစ်ခုလောက် ထပ်ရနိုင်မယ်လို့ မင်းထင်လဲ။”
ချင်ချင်းလုံသည် အနည်းငယ်အံ့အားသင့်သွားပြီး ပြန်ဖြေလိုက်သည်။
“ကျုပ်တို့ထောက်လှမ်းရေးသမားတွေရဲ့အဆိုအရ အပန်းဖြေစခန်းကိုသွားတဲ့သူတိုင်းက အုတ်မြစ်ကျောက်ပေါင်း တစ်ရာကျော်သုံးခဲ့ကြတယ်။ ဒီနေ့က လူ ၃၀ ရှိတယ်။ ဒါဆိုရင် အနည်းဆုံးတော့ ၃၀၀၀ ပဲ။”
“မနက်ဖြန်ကျရင်ရော။”
“မနက်ဖြန်က လူ ၈၀ ရှိတယ်ဆိုတော့ ၈၀၀၀ ပါ။”
ချင်ချင်းလုံသည် ထိုနံပါတ်ကို သူကိုယ်တိုင်ပြောလိုက်ပြီးနောက် ပင့်သက်မရှိုက်ဘဲ မနေနိုင်ခဲ့ပေ။
တိလင်းထျန်းရှားက ဆက်ပြောလိုက်သည်။
“ငါတို့ရဲ့အရင်တွက်ချက်မှုအရ ယီရန်ပင်းရဲ့ကျွန်းက စတုရန်းမီတာ ၂၅ သန်းလောက်ရှိတယ်။ ဒီလိုမျိုး အလွန်အမင်းကျယ်ပြန့်တဲ့ကျွန်းတစ်ခု၊ ပြီးတော့ နည်းလမ်းအမျိုးမျိုးနဲ့ အုတ်မြစ်ကျောက်တွေရဖို့ ကြိုးစားနေတုန်းပဲ။ ဒါက ဘာကိုဆိုလိုတာလဲ။”
သူတို့၏တွက်ချက်မှုများက မှန်ကန်ခဲ့ပေသည်။ သို့သော်လည်း သူတို့သည် ရှောင်းယီတွင် နှစ်ဆအခြေအနေရှိလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် တွက်ချက်ထားသောဧရိယာသည် အမှန်တကယ်ဧရိယာ၏တစ်ဝက်သာရှိပေသည်။
ချင်ချင်းလုံ အံ့အားသင့်သွားခဲ့လေသည်။ တိလင်းထျန်းရှား၏ကျွန်းပေါ်တွင် လူ ၁၀၀ နီးပါး စုရုံးနေခဲ့ပြီး ကျွန်းဧရိယာသည် စတုရန်းမီတာ ၂၀၀၀၀ နီးပါးရှိကြောင်း သိထားရမည်ဖြစ်သည်။
ဤစတုရန်းမီတာ ၂၀၀၀၀ ဖြင့် ၎င်းတို့သည် နေ့စဉ်နေ့တိုင်း ဆင့်ကဲပြောင်းလဲမှုနှင့် ပြန်လည်မွမ်းမံမှုကို ဂရုတစိုက်ထိန်းချုပ်နေကြရဆဲပင်။
ယီရန်ပင်းသည် ထိုကဲ့သို့သော ကြီးမားကျယ်ပြန့်သည့်ကျွန်းဧရိယာကို မည်သို့ထိန်းချုပ်သည်ကို သူမစဉ်းစားနိုင်ခဲ့ပေ။
သို့မဟုတ် လုံးဝမထိန်းချုပ်ထားတာပင် ဖြစ်နိုင်ပေသည်။
ဤသို့ဖြစ်နေလျှင်ပင် ယီရန်ပင်းသည် နည်းလမ်းအမျိုးမျိုးဖြင့် အုတ်မြစ်ကျောက်များကို စုဆောင်းနေဆဲပင်။ အဆင့်မြင့်သားကောင်များ ပြန်လည်မွမ်းမံခြင်းကို သူထည့်သွင်းစဉ်းစားရန် မလိုအပ်ခြင်းပေလော။
တိလင်းထျန်းရှားသည် ချင်ချင်းလုံဆီမှအဖြေကိုမျှော်လင့်ထားခြင်းမရှိဘဲ ဆက်ပြောလိုက်လေသည်။
“ဒါက သူက ပြန်လည်မွမ်းမံဆင့်ကဲပြောင်းလဲမှုပြဿနာကို လုံးဝမစိုးရိမ်ကြောင်း ပြသနေတာပဲ။ ဒီလိုယုံကြည်မှုမျိုးက သူတို့မှာ အဆင့်မြင့်မားတဲ့ အသက်ရှင်ကျန်ရစ်သူတွေ အများကြီးရှိလို့ ဒါမှမဟုတ် ပြန်လည်မွမ်းမံဆင့်ကဲပြောင်းလဲမှုကို ထိန်းချုပ်ဖို့အတွက် ပိုမိုမြင့်မားတဲ့နည်းလမ်းရှိတယ်ဆိုတာကို ဖော်ပြနေတယ်။”
ချင်ချင်းလုံက ခေါင်းညိတ်လိုက်သည်။
“ဘယ်ဟာပဲဖြစ်ဖြစ် ငါတို့က သူ့ကိုမီအောင်လိုက်ဖို့ဆိုတာ အလှမ်းဝေးလွန်းလှပြီး မီအောင်လိုက်ဖို့အခွင့်အရေးတောင် မရှိတော့ဘူး။”
တိလင်းထျန်းရှားက ဆက်ပြောလိုက်သည်။
“ဒါ...ယီရန်ပင်းက တကယ်ပဲ အဲဒီလောက်တောင် အစွမ်းထက်တာလား။”
ချင်ချင်းလုံက မပြောဘဲမနေနိုင်ခဲ့ပေ။
တိလင်းထျန်းရှားက ကူကယ်ရာမဲ့နေသည့်အမူအရာဖြင့် ပြောလိုက်သည်။
“ငါမသိဘူး...ဒါပေမယ့် အနည်းဆုံးတော့ သူက ငါတို့ထက်ပိုကောင်းတယ်။”
အလားတူပင် ရွှမ်းယွမ်ဝူဝေ့နှင့် ချန်းပေါ်တို့သည်လည်း အပန်းဖြေစခန်းအကြောင်း အချက်အလက်များကို သိရှိခဲ့ကြပေသည်။
“သေစမ်း...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သူ့မှာ ဒီလိုမျိုးအဆင့်မြင့်အဆောက်အဦတွေ ဘယ်လိုရနိုင်မှာလဲ။”
ရွှမ်းယွမ်ဝူဝေ့က ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်၏။
ချန်းပေါ်၏မျက်လုံးအကြည့်များသည်လည်း တည်ကြည်လေးနက်နေပြီး ပြောလိုက်သည်။
“မသိဘူး ဒါပေမယ့် ဒါက ကျုပ်တို့အတွက် သတင်းကောင်းတစ်ခုတော့မဟုတ်ဘူး။”
“ငါ ယီရန်ပင်းရဲ့ကျွန်းကိုသွားပြီး တကယ်ဟုတ်မဟုတ်သွားကြည့်လိုက်ရင်ရော ဘယ်လိုလဲ။”
ရွှမ်းယွမ်ဝူဝေ့က ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး အရမ်းအန္တရာယ်များလွန်းတယ်။”
ချန်းပေါ်က ချက်ချင်းပြောလိုက်သည်။
“ပြဿနာမရှိပါဘူး။ ငါတို့ရဲ့ထောက်လှမ်းရေးသမားတွေကနေတစ်ဆင့် ငါသွားလို့ရတယ်။ သူက ငါ့ကိုတိုက်ရိုက်မမြင်ဖူးဘူး။ အဲ့ဒါကြောင့် မျက်နှာချင်းဆိုင်တွေ့ရင်တောင် သူကငါ့ကိုမှတ်မိမှာမဟုတ်ဘူး။”
ရွှမ်းယွမ်ဝူဝေ့က ပြောလိုက်သည်။
ချန်ပေါ်သည် မျက်မှောင်ကြုံ့ကာ တွေးတောလိုက်ပြီး နောက်ဆုံးတွင် ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး စာချုပ်ချုပ်ထားတဲ့သူတစ်ယောက်ကို စေလွှတ်ပြီး စုံစမ်းဖို့ပဲ အကြံပြုပါတယ်။”
“ကောင်းပြီ...ငါက မူရင်းအတိုင်း ကြည့်ချင်ရုံပါပဲ။”
ရွှမ်းယွမ်ဝူဝေ့က မတတ်သာသည့်အမူအရာဖြင့် ပြောလိုက်သည်။
“ဒီကိစ္စကို ကျုပ်စီစဉ်လိုက်ပါ့မယ်။ လက်ရှိအခြေအနေအရ အရံမဟာမိတ်အဖွဲ့တစ်ခုရှာဖို့ အကြံပြုချင်တယ်။”
ချန်းပေါ်က ပြောလိုက်သည်။
“ဟင်...အရံမဟာမိတ်အဖွဲ့က ဘာလုပ်ဖို့လိုအပ်တာလဲ။”
ရွှမ်းယွမ်ဝူဝေ့က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“ယီရန်ပင်းက ပိုပိုပြီးတိုးတက်ကောင်းမွန်လာတာနဲ့အမျှ တစ်နေ့ကျရင် သူက ကျုပ်တို့နဲ့ စာရင်းရှင်းဖို့ ရောက်လာလိမ့်မယ်။”
ချန်းပေါ်က ပြောလိုက်သည်။
“ကြောက်မနေစမ်းပါနဲ့။ ငါတို့မှာ ပင်လယ်ရေမြှုပ်ဗုံးတွေရှိတယ်မဟုတ်ဘူးလား။ အဲ့ဒါကို ရေမျက်နှာပြင်ပေါ်မှာ ချထားလိုက်ရုံနဲ့ သူတို့ပို့လိုက်သမျှကို ငါတို့ဖြိုခွဲပစ်နိုင်တယ်။”
ရွှမ်းယွမ်ဝူဝေ့က အေးစက်စွာပြောလိုက်သည်။
ချန်းပေါ်က ခေါင်းခါကာ ပြောလိုက်သည်။
“မဟုတ်ဘူး...အဲဒီအချိန်ကျရင် သူတို့မှာ ပင်လယ်ရေမြှုပ်ဗုံးတွေကို ကာကွယ်နိုင်တဲ့နည်းလမ်းရှိနေရင်ကော ကျုပ်တို့ အရံအစီအစဉ်တွေ ပြင်ဆင်ထားရမယ်။”
“ကောင်းပြီ...အရံအစီအစဉ်ပြင်ဆင်ထားတာပဲကို အရံမဟာမိတ်အဖွဲ့ရှာဖို့က ဘာလို့လိုအပ်သေးတာလဲ။”
ရွှမ်းယွမ်ဝူဝေ့က မတတ်သာသည့်အမူအရာဖြင့် မေးလိုက်သည်။
“တကယ်တမ်းတိုက်ခိုက်လို့ အနိုင်မရနိုင်တော့ဘူးဆိုရင် မဟာမိတ်အဖွဲ့ကိုသုံးပြီး ကျုပ်တို့ကျွန်းကို အဝေးကိုရွှေ့ပစ်လို့ရတယ်။”
ချန်းပေါ်က ပြောလိုက်သည်။
ရွှမ်းယွမ်ဝူဝေ့၏မျက်လုံးများ တောက်ပသွားပြီး ပြောလိုက်သည်။
“အိုင်ဒီယာကောင်းပဲ...ဒါဆိုရင် တိုက်လို့မနိုင်ရင်တောင် ထွက်ပြေးလို့ရတာပဲမဟုတ်ဘူးလား။”
“အမှန်ပဲ။ ဒါပေမယ့် ကျုပ်တို့တစ်နာရီကြာအောင်တော့ တောင့်ခံထားရမယ်။”
ချန်းပေါ်က ပြန်ဖြေလိုက်သည်။
အဘယ်ကြောင့်ဆိုသော် မဟာမိတ်အဖွဲ့သည် ကျွန်းကိုရွှေ့ပြောင်းရန် အချိန်တစ်နာရီကြာမြင့်သောကြောင့်ပင်။ ဤတစ်နာရီအတွင်း ချိုးဖောက်ဝင်ရောက်လာပါက ရွှေ့ပြောင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပေသည်။
“သဘာဝအတိုင်း လူနှစ်ရာကျော်ရှိတဲ့ ငါတို့ရဲ့ကျွန်းကြီးကို တစ်နာရီအတွင်း ဘယ်သူမှချိုးဖောက်ဝင်ရောက်နိုင်မယ်လို့ ငါမယုံဘူး။”
ရွှမ်းယွမ်ဝူဝေ့က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။
အခန်း ၅၀၉ - တစ်စုံတစ်ယောက် ပြဿနာရှာနေတယ်၊ စွမ်းအားကြီးသည့်ဒူခန်း
ဦးလေးချန်းသည် ရွှမ်းယွမ်ဝူဝေ့၏ နားမလည်နိုင်လောက်အောင် ယုံကြည်မှုရှိသော အပြုအမူကို ကြည့်ရင်းဖြင့် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
“ဒီကမ္ဘာက အရင်လိုကမ္ဘာမျိုးမဟုတ်တော့ဘူး။ ဒီကမ္ဘာမှာ မိသားစုရဲ့ဩဇာအာဏာကို အားကိုးလို့မရဘူး။”
သူသည် အသံကျယ်ကျယ်ဖြင့် ထပ်မံအကြံပေးလိုက်ဆဲပင်။
“သခင်လေး ဒီကမ္ဘာ့ကြီးရဲ့လူစွမ်းကောင်းတွေကို လျှော့မတွက်ပါနဲ့။”
“အင်းအင်း ငါသိပါပြီ။”
ရွှမ်းယွမ်ဝူဝေ့က အရေးမစိုက်သည့်အမူအရာဖြင့် ပြောလိုက်သည်။
“အခြေအနေကို မြန်မြန်ဆန်ဆန် အတည်ပြုနိုင်ဖို့ ငါတို့လူတွေကို စေလွှတ်ဖို့ စီစဉ်ပေးလိုက်တော့။”
“ဟုတ်ကဲ့”
ဦးလေးချန်းက တုံ့ပြန်လိုက်သည်။
ထို့နောက် ရွှမ်းယွမ်ဝူဝေ့သည် အကြောဆန့်ကာ သမ်းဝေလိုက်ပြီး သူ၏အခန်းသို့ ပြန်သွားခဲ့လေသည်။ သူ၏အခန်းထဲတွင် အစေခံမိန်းကလေးနှစ်ဦးက သူ့အား စောင့်ဆိုင်းနေခဲ့သည်။
ညသည် မည်သည့်အနှောင့်အယှက်မျှမရှိဘဲ ကုန်လွန်သွားခဲ့လေသည်။ နောက်တစ်နေ့တွင် ရှောင်းယီသည် သဘာဝအတိုင်း နိုးထလာခဲ့ပြီး ကျန်းယွင်ထျန်းနှင့် အခြားသူများသည်လည်း သူတို့၏အလုပ်များကို စတင်နေပြီဖြစ်သည်။
သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လျှောက်သွားလိုက်သော်လည်း ကျောက်စရစ်ခဲထံမှ မည်သည့်သတင်းကိုမျှ မရရှိခဲ့ပေ။
ဝူနာ့တို့မျိုးနွယ်စု၏ကျွန်းတွင် အရေးတကြီးလိုအပ်နေသော သတ္တုကြောများကို ရှာဖွေတွေ့ရှိရန်မှာ ရှောင်းယီအတွက် အတော်လေးယုတ္တိမရှိပုံပင်။
ဆုဝမ်သည် မနေ့က စာရင်းသွင်းခဲ့သော အသက်ရှင်ကျန်ရစ်သူများကို ဆက်သွယ်နေပြီဖြစ်ပြီး မကြာမီ လူတိုင်း ရှောင်းယီ၏ကျွန်းပေါ်သို့ ရောက်ရှိလာခဲ့ကြလေသည်။
သဘာဝအတိုင်းပင် ဒေသခံစစ်သားများနှင့် ခေတ်မီအဆောက်အအုံများကြောင့် သူတို့အံ့အားသင့်သွားခဲ့ကြသော်လည်း လုံးဝမတွန့်ဆုတ်ဘဲ သူတို့၏ကတ်များကို မြန်မြန်ဆန်ဆန်ရယူပြီး ဈေးသို့ ပြေးသွားကြတော့လေသည်။
“ဒီနေ့ ဘာတွေဖြစ်နေတာလဲ။ ဘားကို ဘယ်သူမှမလာကြဘူးလား။”
ဒူခန်းက အံ့အားသင့်သွားမိသည်။ ဆုဝမ်သည် ခရီးသွားများကို ပို့ဆောင်မည့်အချိန်မတိုင်မီ ဝေါ်ကီတော်ကီဖြင့် အမြဲသတိပေးလေ့ရှိပေသည်။
မိနစ် ၃၀ ကျော်ကြာသွားပြီဖြစ်သော်လည်း သူ့ဆီသို့ ခရီးသွားတစ်ဦးမျှ ရောက်ရှိမလာကြသေးပေ။
“ငါ့ဘီယာက မကောင်းတော့လို့လား။”
ဒူခန်းသည် ဒီတိုင်းမနေနိုင်တော့ဘဲ ဘီယာအနည်းငယ်လောင်းထည့်ပြီး အရသာကို စစ်ဆေးကြည့်လိုက်သည်။ ဘာမှ အမှားအယွင်းမရှိပေ။
ဒူခန်း သူ့ကိုယ်သူ သံသယဝင်နေစဉ်တွင် ဈေးအတွင်း၌ အရှုပ်တော်ပုံတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။
“ငါဒါကို မျက်စိကျနေတယ် ကောင်လေး။ အဲ့ဒီ A အဆင့်အသားကို ရိုးရိုးသားသား ပြန်ချထားလိုက်ဖို့ အကြံပေးချင်တယ်။”
မုတ်ဆိတ်မွှေးများဖြင့် သန်မာထွားကြိုင်သောယောက်ျားတစ်ဦးက ကြမ်းတမ်းစွာ ပြောဆိုလိုက်သည်။
သူစကားပြောနေသော ‘ကောင်လေး’ သည် ဝါးခြမ်းပြားကဲ့သို့ ပိန်လှီလှပေသည်။
“ဟမ့် ‘အရင်ရောက်တဲ့လူကပထမ’ ဆိုတဲ့အဓိပ္ပာယ်ကို ခင်ဗျားမသိဘူးလား။”
ဝါးခြမ်းပြားနှင့်တူသောလူက အေးစက်စွာနှာခေါင်းရှုံ့ရင်း ပြန်ဖြေလိုက်သည်။
“ဒီ A အဆင့်အသားကို ကျုပ်အရယူမယ်လို့ စိတ်ပိုင်းဖြတ်ထားပြီးသား။”
ထိုစဉ် မုတ်ဆိတ်မွှေးနှင့်လူသည် ချက်ချင်းပင် ရှေ့တက်သွားပြီး ဝါးခြမ်းပြားနှင့်တူသောလူ၏ အင်္ကျီကော်လာကို ဆုပ်ကိုင်လိုက်လေသည်။
“ရပ်စမ်း...ကျွန်းပေါ်မှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်။ စည်းကမ်းကိုချိုးဖောက်တဲ့သူတွေက သူတို့ရဲ့ကတ်ထဲက ငွေတွေအားလုံးသိမ်းဆည်းခံရမယ်။ ပြီးရင် အနက်ရောင်စာရင်းသွင်းပြီး အပန်းဖြေစခန်းကနေ အဘန်းခံရမယ်။”
စစ်သားတစ်ဦးက အော်ဟစ်လိုက်လေသည်။
“ဟမ့် ဒေသခံတွေက ငါနဲ့ ကြားဝင်စွက်ဖက်ဖို့ ဘာအခွင့်အရေးရှိလို့လဲ။”
မုတ်ဆိတ်မွှေးနှင့်လူက ထိုစစ်သားကို စူးရှစွာစိုက်ကြည့်ပြီး မေးလိုက်သည်။
“စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါ။ မဟုတ်ရင် နောက်ဆက်တွဲအကျိုးဆက်တွေကို ခံစားရလိမ့်မယ်။”
ထိုစစ်သားက အလျှော့မပေးဘဲ ပြောလိုက်သည်။
မုတ်ဆိတ်မွှေးနှင့်လူသည် ထပ်မံ၍ နှာခေါင်းရှုံ့လိုက်ပြီး ထိုစစ်သားရှေ့တွင်ပင် ဝါးခြမ်းပြားနှင့်တူသောလူကို ဘေးသို့တွန်းထုတ်လိုက်ကာ ထိုစစ်သားကို စိန်ခေါ်သည့်ပုံစံဖြင့် ကြည့်လိုက်လေသည်။
“သူ့ကိုဖမ်းလိုက်။”
ထိုစစ်သားက အော်ပြောလိုက်သည်။ ထို့နောက် စစ်သားတပ်ဖွဲ့က ချက်ချင်းပင် သူ့ကို ဝိုင်းရံလိုက်ကြလေသည်။
“မင်းတို့လိုကောင်တွေလောက်နဲ့များ...”
ထိုမုတ်ဆိတ်မွှေးနှင့်လူသည် အေးစက်စွာပြောလိုက်ပြီး လှုပ်ရှားရန် ဆိုင်းပြင်လိုက်လေသည်။ သို့သော် ထိုအချိန်တွင် သူ့နောက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
“ရပ်လိုက်စမ်း ဘာတွေဖြစ်နေကြတာလဲ။”
ဒူခန်းသည် စိတ်ရှုပ်ထွေးစွာဖြင့် အပန်းဖြေစခန်းထဲမှ ထွက်လာခဲ့သည်။
မူလက သူသည် သူ၏ဘားဆိုင်လုပ်ငန်း ဘာကြောင့်အရမ်းဆိုးရွားသွားရသလဲဆိုသည်ကို ကြည့်ရှုရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း ထွက်လာသည်နှင့် ဤမြင်ကွင်းကို မြင်လိုက်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။
စစ်သားများက ချက်ချင်းပင် ဒူခန်းကို ဦးညွတ်ပြီး ပြန်ဖြေလိုက်လေသည်။
“သခင်ကြီး ဒီလူက ရောင်းချမှုကို အတင်းအကြပ်လုပ်ချင်နေတယ်။”
ထို့နောက် စစ်သားသည် အလွန်ဓမ္မဓိဌာန်ကျသော ဘာသာစကားဖြင့် အခြေအနေအတိအကျကို ဖော်ပြလိုက်သည်။ ပတ်ဝန်းကျင်ရှိလူများကလည်း သဘောတူညီဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။ အနည်းဆုံးတော့ သူသည် မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်း သို့မဟုတ် လုပ်ကြံဖန်တီးခြင်းမျိုး မရှိခဲ့ပေ။
ဒူခန်းသည် ထိုမုတ်ဆိတ်မွှေးနှင့်လူကို ကြည့်ကာ မေးလိုက်၏။
“ခင်ဗျား ခရီးသွားစည်းမျဉ်းစည်းကမ်းတွေ မဖတ်ခဲ့ဘူးလား။”
“ဟမ့် ဘာစည်းမျဉ်းစည်းကမ်းတွေလဲ။ အင်အားကြီးတဲ့သူတွေကို ရိုသေလေးစားရမှာပဲ။”
မုတ်ဆိတ်မွှေးနှင့်လူက ဒူခန်း၏ငယ်ရွယ်သောပုံစံကို ကြည့်ကာ မောက်မာသောအမူအရာဖြင့် ပြောလိုက်သည်။
ဒူခန်းသည် ထိုမုတ်ဆိတ်မွှေးနှင့်လူကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်မိလေသည်။ ယနေ့အချိန်အထိ အသက်ရှင်ကျန်ရစ်နိုင်သည့်သူများထဲတွင် ဤကဲ့သို့ တဇွတ်ထိုးတဇောက်ကန်းများ များစွာမရှိသင့်ပေ။
သို့သော် တစ်ဖက်လူသည် သူ့အား အနိုင်ကျင့်ပြီးသားဖြစ်သောကြောင့် ယဉ်ကျေးနေစရာ မလိုတော့ဘဲ တိုက်ရိုက်ကိုင်တွယ်လိုက်ရုံပင်။
“ခင်ဗျားက အင်အားကြီးသူတွေကို ရိုသေလေးမြတ်ရမယ်လို့ပြောထားမှတော့ ခင်ဗျားက ‘အားကြီးသူ’ ဆိုတဲ့ဘွဲ့ကို ခံယူဖို့ထိုက်တန်လားဆိုတာ ကြည့်ရတာပေါ့။”
ထို့နောက် ဒူခန်းက ရှေ့သို့ခြေတစ်လှမ်းတက်လိုက်သည်။
ထိုမုတ်ဆိတ်မွှေးနှင့်လူက လှောင်ပြောင်သည့်အကြည့်ဖြင့် ပြောလိုက်၏။
“မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး။ ယီရန်ပင်းကို ခေါ်လာသင့်တယ်။”
သူစကားမဆုံးမီမှာပင် ဒူခန်းသည် သူ့ကို လက်သီးနှင့် တိုက်ရိုက်ထိုးနှက်လိုက်တော့လေသည်။
မုတ်ဆိတ်မွှေးနှင့်လူ၏မျက်နှာသည် ချက်ချင်းပင် ပြောင်းလဲသွား၏။ အဘယ်ကြောင့်ဆိုသော် ထိုလူငယ်၏အရှိန်ကို သူလိုက်မမီနိုင်သောကြောင့်ပင်။
“ဘမ်း...”
ဒူခန်း၏လက်သီးသည် ထိုလူ၏ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိလူအုပ်ကြီးသည်လည်း မုတ်ဆိတ်မွှေးနှင့်လူကဲ့သို့ ထိတ်လန့်စွာဖြင့် ရပ်ကြည့်နေခဲ့ကြလေသည်။ မုတ်ဆိတ်မွှေးနှင့်လူသည် အနည်းဆုံးကီလိုဂရမ် ၉၀ လောက်ရှိပြီး နောက်သို့ပျံသန်းသွားခဲ့သည်။
ဖူး..
မုတ်ဆိတ်မွှေးနှင့်လူသည် သွေးတစ်ပွက်အန်ထုတ်လိုက်ရပြီး ဒူခန်းကို ထိန်လန့်တကြားကြည့်ကာ ပြောလိုက်သည်။
“ဒါ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်းရဲ့ရုပ်ခန္ဓာက A အဆင့်လား။”
ဒူခန်းက သူ့ကိုတစ်ချက်ငဲ့ကြည့်ကာ ပြောလိုက်သည်။
“သူ့ကတ်ကိုသိမ်းလိုက်။ သူ့အဖော်ကိုအသိပေးပြီးရင် သူ့ကိုပြန်ပို့လိုက်တော့။”
“မဖြစ်နိုင်ဘူး...မင်းငါ့ကတ်ကိုသိမ်းလို့မရဘူး။ ငါ အုတ်မြစ်ကျောက် ၁၀ ခုဖြည့်ထားပြီးသား။”
ထိုမုတ်ဆိတ်မွှေးနှင့်လူက အော်ဟစ်လိုက်သည်။
ဒူခန်းက သူ့ကို နောက်တစ်ခါလှည့်ကြည့်ပြီး ပြောလိုက်သည်။
“မင်းပဲ အားကြီးသူတွေကို ရိုသေလေးမြတ်ရမယ်လို့ပြောခဲ့တာလေ။ အခု မင်းက အားနည်းနေပြီ။ စကားပြောခွင့်မရှိတော့ဘူး။ လုပ်လိုက်တော့။”
“ဟုတ်ကဲ့။”
ဘေးတစ်ဖက်တွင် ရပ်နေကြသော စစ်သားများသည် ချက်ချင်းပင် အပြေးရောက်လာခဲ့ကြသည်။
ဒူခန်းက ခြိမ်းခြောက်နေသည့်ပုံစံဖြင့် ကြည့်နေသောကြောင့် မုတ်ဆိတ်မွှေးနှင့်လူသည် အပိုလှုပ်ရှားမှုများ မပြုလုပ်ရဲဘဲ သူ၏ကတ်ကိုယူသွားပြီး သင်္ဘောကြီးပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပို့ဆောင်ခံလိုက်ရသည်ကို ကြည့်ရုံသာကြည့်နေနိုင်ခဲ့သည်။
ထိုကိစ္စများကို ကိုင်တွယ်ပြီးနောက် ဒူခန်းသည် အခြားသူများအား ပြုံးပြကာ ပြောလိုက်၏။
“အားလုံးပဲ ဈေးဆက်ဝယ်ကြပါ။ ဒီကိစ္စကြောင့် ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို မပျက်စီးပါစေနဲ့။ ဘားဆိုင်ကိုလည်း လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ပါတယ်။”
ထိုသို့ပြောပြီးနောက် သူသည် အပန်းဖြေစခန်းသို့ လှုပ်ယမ်းကာပြန်လျှောက်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိလူများသည်လည်း ချက်ချင်းပင် ဆွေးနွေးမှုများကို စတင်လိုက်ကြတော့လေသည်။
“ခုနက လူငယ်လေးက ဘယ်သူလဲ။ အရမ်းအစွမ်းထက်တာပဲ။”
“ဟုတ်တယ် သူက လူကြီးတစ်ယောက်ကို လက်သီးတစ်ချက်တည်းနဲ့ ပျံထွက်သွားအောင်လုပ်ပစ်လိုက်တယ်။”
“မုတ်ဆိတ်နဲ့လူက အခုလေးတင် သူက A အဆင့်လို့ပြောခဲ့တာဆိုတော့ မုတ်ဆိတ်နဲ့လူကလည်း အနည်းဆုံး B အဆင့်လောက်တော့ရှိလိမ့်မယ်။ B အဆင့်လူတစ်ယောက်မှာတောင် တိုက်ခိုက်ဖို့အခွင့်အလမ်းမရှိဘူး။ သူဌေးကြီးရဲ့ကျွန်းက တကယ့်ကို ပုန်းကွယ်နေတဲ့ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ။”
“အဲ့ဒါကြောင့် လူတိုင်းက ပိုပြီးချုပ်တည်းထားရမယ်။ မနေ့ကလူတွေက ကျွန်းရဲ့စည်းမျဉ်းတွေကိုလိုက်နာခဲ့ကြပြီး ဘာမတော်တဆမှုမှမဖြစ်ခဲ့ဘူး။ အနည်းဆုံးတော့ ဒါက သူဌေးကြီးသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကိုလိုက်နာရင် ပြဿနာမရှိဘူးဆိုတာကို ပြသနေတာပဲ။”
“မှန်တယ်...ဒါပေမယ့် ခုနကလူငယ်လေးက အရမ်းအစွမ်းထက်လွန်းတယ်။ ငါက B အဆင့်ရောက်နေပြီဆိုပေမယ့် သူ့ရဲ့လှုပ်ရှားမှုတွေကိုတောင် မမြင်လိုက်ရဘူး။”
ကြံရည်ဖန်ရည်ရှိသောခရီးသွားများသည် ဈေးတွင်းရှိ ဒေသခံများထံမှ သွယ်ဝိုက်၍ သတင်းများ စုံစမ်းမေးမြန်းကြတော့သည်။
“ခုနက လူငယ်လေးက ဘယ်သူလဲ။”
“သူက သခင်ဒူခန်းပါ။ မြို့တွင်းနေထိုင်သူတစ်ယောက်ဖြစ်ပြီး လက်ရှိဘားမန်နေဂျာပါ။”
ဒေသခံတစ်ဦးက ပြောလိုက်သည်။
ကျွန်းပေါ်ရှိ ဒေသခံများအတွက် ပထမဆုံးသင်ခန်းစာမှာ ကျွန်းပေါ်ရှိ သခင်ကြီးများစွာကို မှတ်သားထားရန်ဖြစ်သောကြောင့် သူတို့သည် သဘာဝအတိုင်း ကောင်းစွာသိရှိထားကြပေသည်။
“A အဆင့်ကျွမ်းကျင်သူတစ်ဦးက ဘားဆိုင်ကိုပဲ တာဝန်ယူရတယ်။ ဒါက ပါရမီကို ဖြုန်းတီးရာရောက်မနေဘူးလား။”
“ဟုတ်တယ်...ငါ့ကျွန်းမှာသာ A အဆင့်ကျွမ်းကျင်သူတစ်ဦးရှိရင် သူ့ကို သေချာပေါက် ရိုသေလေးစားမိမှာပဲ။”
“သူဌေးကြီးရဲ့ကျွန်းက ငါတို့မျှော်လင့်ထားတာထက် ရေပိုနက်တယ်။”
လူအုပ်ကြီးသည် ဆွေးနွေးနေစဉ်တွင်း မိမိတို့၏မဟာမိတ်အဖွဲ့များအတွင်း လိုအပ်သောပစ္စည်းများကိုလည်း ဝယ်ယူခဲ့ကြသည်။
ထိုအခိုက်တွင် အဆင့်မြင့်အစားအစာများသည် မိနစ် ၃၀ အတွင်း ရောင်းကုန်သွားခဲ့ပြီး ထိုမိနစ် ၃၀ ၏အချိန်အများစုသည် တန်းစီရင်း ကုန်ဆုံးခဲ့ကြရပေသည်။
ထို့နောက် နေ့စဉ်သုံးပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင်အချို့သည်လည်း ရောင်းအားကောင်းသောကုန်ပစ္စည်းများ ဖြစ်လာခဲ့သည်။
ဤတစ်ကြိမ်ခရီးသွားများထဲတွင် အမျိုးသမီးငါးဦးလည်းပါဝင်ပြီး သူမတို့သည် သဘာဝအတိုင်း အမျိုးသမီးအဝတ်အစားဆိုင်တစ်ဆိုင်တွင် အချိန်အကြာကြီး နေထိုင်ခဲ့ကြပေသည်။
ထိုအဝတ်အစားဆိုင်ရှိ ပစ္စည်းများစွာသည် လီယန်မှ အထူးပြုလုပ်ထားသော အမျိုးသမီးပစ္စည်းများဖြစ်ပြီး ဖန်ချင်းလွမ် နှစ်ညအတွင်း ရက်လုပ်ထားသော အဝတ်အစားများလည်း ပါရှိသည်။
ထိုအဆင်တန်ဆာနှင့် ဒီဇိုင်းများပါရှိသော အဝတ်အစားများသည် အမျိုးသမီးများအတွက် ပိုမိုဆွဲဆောင်မှုရှိသည်။
အမျိုးသမီးများသည် အချင်းချင်းစကားပြောသောအခါ အလွန်မြန်ဆန်စွာပင် မိတ်ဆွေများ ဖြစ်သွားခဲ့ကြသည်။ အဝတ်အစားဆိုင်တွင် အတွေးအမြင်များဖလှယ်ပြီးနောက် မိနစ်အနည်းငယ်အကြာတွင် ၎င်းတို့သည် အချင်းချင်း ညီအစ်မများဟုပင် အမည်တပ်လိုက်ကြတော့လေသည်။
အခန်း ၅၁၀ - အလှလေးငါးဦး၊ အသေးစားအခြေခံဖုန်းရုံးများရှိသော်လည်း မိုဘိုင်းဖုန်းမရှိ
“ဒီအရောင်က တကယ်ကိုလှတာပဲ။ ဒီအဖြူရောင်ရှပ်အင်္ကျီထက်စာရင် ပိုကောင်းတယ်။”
“ဟုတ်တယ် ဒီပန်ဒါပုံစံချည်ထိုးထားတာလေးကလည်း အရမ်းလှတယ်။ ကျွန်မတော့ ဝယ်လိုက်တော့မယ်ရှင်။”
“ဒီအတွင်းခံက အရွယ်အစားပိုကြီးတာရှိလား။”
“ဝိုး ရှင်က တကယ်ကိုပြည့်စုံတာပဲ။”
“ညီမတို့ နည်းနည်းလျှော့ဝယ်ကြရအောင်။ ငွေအားလုံးကို ဒီမှာပဲမသုံးကြပါနဲ့။ နောက်ထပ်ပျော်စရာတွေလည်း ရှိသေးတယ်လေ။”
“အိုး...မှန်ပါတယ်။ အပန်းဖြေစခန်းကို အရင်သွားကြည့်ကြရအောင်လား။ ဘာပဲဖြစ်ဖြစ် ဒီအဝတ်အစားဆိုင်တွေမှာ လူအများကြီးမရှိလှဘူး။ သူတို့ ထွက်တော့မပြေးကြလောက်ပါဘူး။”
“ဟုတ်တယ်...ဘားကိုအရင်သွားကြရအောင်။ အဲ့ဒီနေရာမှာ အဲကွန်းတပ်ထားတယ်လို့ကြားတယ်။”
“မဟုတ်ဘူး...အရင်ရေချိုးပြီး အဝတ်အစားသန့်သန့်လေး လဲဝတ်ကြရအောင်။ အဲ့ဒါမှ ဘားသွားရင် ပိုပြီးသက်တောင့်သက်သာရှိမှာ။”
“အိုင်ဒီယာကောင်းပဲ။”
သူတို့ငါးဦးစလုံးသည် ရိုးရှင်းသည့်အဝတ်အစားတစ်စုံစီဝယ်ယူခဲ့ကြပြီး အပန်းဖြေစခန်းဆီသို့ လျှောက်ထွက်လာခဲ့ကြသည်။
သူတို့သည် အပန်းဖြေစခန်းရှိ ဝန်ထမ်းတစ်ဦးကို ကျပန်းမေးမြန်းပြီးနောက် ကမ်းခြေနှင့်မဝေးလှသောနေရာတွင် ရိုးရှင်းသည့်ရေချိုးခန်းတစ်ခုကို တွေ့ရှိခဲ့ကြလေသည်။
ထိုရေချိုးခန်းသည် အဓိကအားဖြင့် ပင်လယ်ထဲမှ ရေကူးပြီး အပေါ်ပြန်တက်လာကြသူများ ဆေးကြောရန်အတွက်ဖြစ်ပြီး အခမဲ့အသုံးပြုနိုင်သည်။
သေချာပေါက်...လူများလာသည့်အခါတွင်မူ တန်းစီရမည်ဖြစ်သည်။
ဤအချိန်တွင် လူအားလုံးသည် ဘားနှင့် ဖျော်ဖြေရေးစင်တာသို့ ပြေးသွားကြပြီဖြစ်ရာ ရေချိုးခန်းမှာ လွတ်နေခဲ့လေသည်။
သူတို့ငါးဦးသည် ချက်ချင်းပင် အထဲဝင်ပြီး ရေချိုးလိုက်ကြသည်။ ရေချိုးခန်းထဲတွင် ရေချိုးဆပ်ပြာနှင့် ခေါင်းလျှော်ရည်ရှိသည်ဟု အတော်ကြာကတည်းက ကြားသိထားခဲ့ကြပြီးဖြစ်ပြီး ယခုတွင်မှ အမှန်တကယ်ဖြစ်ကြောင့် တွေ့လိုက်ရလေသည်။
သူတို့သည် မိနစ် ၃၀ အပြည့် ရေချိုးပြီးမှ ပြန်ထွက်လာခဲ့ကြသည်။
“ဘယ်လောက်တောင် သက်သောင့်သက်သာရှိလိုက်သလဲ။ ဒီတစ်နှစ်လုံး ဒီလောက်သက်သောင့်သက်သာမရှိခဲ့ဘူးလို့တောင် ခံစားလိုက်ရတယ်။”
“ဟုတ်တယ်...ငါတို့ညီအစ်မတွေအားလုံးက ဒီလိုအလှလေးတွေဖြစ်နေကြမယ်လို့တောင် မျှော်လင့်မထားမိဘူး။”
“အပြင်မှာ နေအရမ်းပူတယ်။ ဘားကိုမြန်မြန်သွားကြရအောင်။”
အလှလေးငါးဦး၏ရောက်ရှိလာမှုသည် ဘားအတွင်းရှိ ဝံပုလွေများ၏ အနည်းငယ်စိမ်းသက်သောအကြည့်များကို ချက်ချင်းဆွဲဆောင်လိုက်လေသည်။
ဒူခန်းသည် ထိုလူများ၏အမူအရာများကို ကြည့်ရှုကာ သူ၏နှုတ်ခမ်းကို တွန့်ကွေးပြီး ပြောလိုက်သည်။
“ကျုပ်သတိပေးချင်တာက ဒီကျွန်းမှာ စည်းမျဉ်းတွေရှိတယ်။ စကားပြောတာ၊ မိတ်ဆွေဖွဲ့တာက ပြဿနာမရှိပေမယ့် ဒုက္ခပေးချင်တယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့ရွေးချယ်မှုကို ချိန်ဆကြရမယ်။”
“သူဌေးဒူပြောတာ မှန်ပါတယ်။ ကျုပ်တို့က စည်းမျဉ်းတွေကို သဘာဝအတိုင်းလိုက်နာကြမှာပါ။”
“အမှန်ပါပဲ သူဌေးဒူ နောက်ထပ်ဘီယာငါးခွက်ပေးပါ။ ဒီအလှလေးငါးဦးအတွက် ငါဒကာခံမယ်။”
“ကျေးဇူးတင်ပါတယ်...ဒါပေမယ့် ကျွန်မတို့မှာ ငွေရှိပါတယ်။ ရှင်အကုန်ကျခံစရာမလိုပါဘူး။ သူဌေး၊း C အဆင့်ဖျော်ရည်ငါးခွက်ပေးပါ။”
လှအတင့်တယ်ပြီး အင်အားပြည့်ဝနေဟန်ရသောအမျိုးသမီးတစ်ဦးက ပြန်ဖြေလိုက်သည်။
“မင်းရဲ့အသံကိုနားထောင်ရရင် မင်းက ဂရုထဲက ကောင်းကင်တစ်ခြမ်းပဲဖြစ်ရမယ်။”
တစ်စုံတစ်ဦးက မေးလိုက်သည်။
“ဟုတ်ပါတယ်။ ကျွန်မက ကောင်းကင်တစ်ခြမ်းပါ။”
ထိုအမျိုးသမီးက ပြန်ဖြေလိုက်သည်။
ကောင်းကင်တစ်ခြမ်းသည် အခြားလေးဦးကို ထောင့်တစ်ခုရှိ ခန်းမငယ်တစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး ထိုင်လိုက်ကြသည်။
မကြာမီ စားပွဲထိုးတစ်ဦးသည် ၎င်းတို့မှာယူထားသော C အဆင့်ဖျော်ရည်များကို ယူဆောင်လာခဲ့လေသည်။
“ကျစ် ကျစ် ကျစ်...ဒီလိုအမျိုးသမီးမျိုးကို မင်းအနေနဲ့ တကယ်ပဲထောက်ပံ့ပေးဖို့မတတ်နိုင်ဘူး။ ရောက်လာတာနဲ့ C အဆင့်ဖျော်ရည်ကို တန်းမှာလိုက်တာပဲ။”
“ကျုပ်တော့ ဒါကို သဘောမတူဘူး။ သူတို့က သူတို့ရဲ့ကိုယ်ပိုင်စွမ်းအားအပေါ်အခြေခံပြီး အဆင့်မြင့်ဖျော်ရည်ကို သောက်နေတာကြတာပဲ။ ကျုပ်ကတော့ ဒါနဲ့ပတ်သက်ပြီး ဘာပြဿနာမရှိဘူးလို့မြင်တယ်။ အမျိုးသမီးတိုင်းက ယောက်ျားတွေကိုအားကိုးပြီး အသက်ရှင်နေထိုင်နေတာမဟုတ်ဘူးလေ။”
“မှန်တယ်...မင်းရဲ့မလိုအပ်တဲ့ ယောက်ျားအာဏာကို ဖယ်ထားလိုက်စမ်းပါ။”
ကောင်းကင်တစ်ခြမ်းသည်လည်း သူတို့ပြောနေသည့်စကားများကို ကြားနေရပြီး သူတို့နောက်က ယောက်ျားနှစ်ယောက်ဆီသို့ ခွက်ကိုမြှောက်ပြလိုက်သည်။ အခြားအရာတွေထားဦး အနည်းဆုံးတော့ ဒီနှစ်ယောက်ပြောသည့်စကားများက နားဝင်ချိုလှပေသည်။
ထိုယောက်ျားနှစ်ယောက်ကလည်း အကွာအဝေးတစ်ခုမှ သူမထံသို့ ခွက်ကိုပြန်မြှောက်ပြလိုက်ကြသည်။
“သူဌေးဒူ ယီရန်ပင်းသူဌေးကြီးနဲ့ တွေ့ဆုံခွင့်ရနိုင်မလားလို့ သိချင်မိပါတယ်။”
ကောင်းကင်တစ်ခြမ်းက ဖျော်ရည်အနည်းငယ်သောက်ပြီးနောက် ဒူခန်းအား မေးမြန်းလိုက်လေသည်။
“ဒါကတော့ မသေချာဘူး။ သူအချိန်ရရင်တော့ ဒီကိုလာပါလိမ့်မယ်။
ဒူခန်းက ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် ရှောင်းယီသည် သူလက်မှတ်ထိုးဝင်၍ရရှိလာသော ဆုလာဘ်ကို အံ့အားသင့်စွာဖြင့် ကြည့်ရှုနေခဲ့ပြီး အနည်းငယ်စကားမပြောနိုင်အောင် ဖြစ်နေခဲ့လေသည်။
“လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- အဆင့်မြှင့်တင်ထားသော အသေးစားစတေရှင် (SSS အဆင့်) ၁။”
“အဆင့်မြှင့်တင်ထားသော အသေးစားစတေရှင် (SSS အဆင့်)- ပြီးပြည့်စုံသော အခြေခံစတေရှင်ပစ္စည်းကိရိယာများနှင့် အချင်းဝက် ကီလိုမီတာတစ်ထောင်ကို ဖုံးလွှမ်းထားသည်။ ၎င်းသည် မိုဘိုင်းဖုန်း၏အစွန်းနှစ်ဖက်ကြားတွင် အချက်အလက်များကို ထုတ်လွှင့်နိုင်သော ရေဒီယိုလက်ခံစက်နှင့် ထုတ်လွှင့်ရေးစခန်းတစ်ခုဖြစ်ပြီး အနှောင့်အယှက်အတားအဆီးများကို ကာကွယ်နိုင်စွမ်းနှင့် လုံခြုံမှုမြင့်မားသည်။”
ရိုးရိုးရှင်းရှင်းပြောရလျှင် ဤအရာဖြင့် ရှောင်းယီသည် စတေရှင်၏ဖုံးလွှမ်းမှုဧရိယာအတွင်း သူ၏ဖုန်းကို အသုံးပြုကာ စကားပြောနိုင်ပြီး ခရီးဝေးဆက်သွယ်ရေးပြဿနာကို ဖြေရှင်းနိုင်ပေသည်။
သို့သော် ရှောင်းယီကို စကားမပြောတတ်အောင်ဖြစ်စေသည်မှာ သူ့တွင် ဖုန်းမရှိသေးခြင်းပင်။ စတေရှင်ရှိရုံမျှဖြင့် အဘယ်သို့ အသုံးဝင်မှုရှိမည်နည်း။
ရှောင်းယီသည် အနည်းငယ်မျှော်လင့်ချက်ကင်းမဲ့သွားသည့်အမူအရာဖြင့် အောက်ထပ်သို့ဆင်းလာကာ မနက်စာစားရန် ပြင်လိုက်သည်။
“ဘာဖြစ်လာတာလဲ။ နင့်ကိုကြည့်ရာတာ ဘာလို့ ဒီလိုစိတ်ပျက်နေတဲ့ပုံစံမျိုး ဖြစ်နေရတာလဲ။”
အန်းရန်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။
“ငါစတေရှင်တစ်ခုရထားတယ်။ နယ်နိမိတ်က ငါတို့မဟာမိတ်ကျွန်းအားလုံးကို ဖုံးလွှမ်းနိုင်တယ်။ ဒါပေမယ့် ငါ့မှာ မိုဘိုင်းဖုန်းမရှိသေးဘူး။ ကဲ ငါစကားပြောချင်စိတ်ရှိဦးမယ်လို့ မင်းထင်လား။”
ရှောင်းယီက ပြန်ဖြေကာ တို့ဟူးကြော်တစ်ချောင်းကို ကောက်ယူပြီး အကြီးကြီးတစ်ကိုက် ကိုက်လိုက်လေသည်။
ဘေးတစ်ဖက်တွင်ရှိနေသော ဆုဝမ်သည် မျက်လုံးများ ပြူးကျယ်သွားပြီး ပြောလိုက်သည်။
“နင့်ရဲ့စတေရှင်က မဟာမိတ်ကျွန်းတွေအားလုံးကို ဖုံးလွှမ်းနိုင်တယ်လို့ ပြောလိုက်တာလား။”
“အမ်း ပြဿနာတစ်ခုခုရှိလို့လား။”
ရှောင်းယီက ပြန်မေးလိုက်သည်။
“အင်း အရင်ကမ္ဘာတုန်းက စတေရှင်တွေက ဧရိယာဘယ်လောက်များများ ဖုံးလွှမ်းနိုင်လဲဆိုတာ နင်သိလား။”
ဆုဝမ်သည်လည်း အဖြေပြန်မပေးဘဲ ပြန်မေးလိုက်သည်။
ရှောင်းယီသည် အနည်းငယ် ကြောင်အသွားခဲ့ပြီးနောက် ခေါင်းခါပြလိုက်သည်။
“အရင်တုန်းက စွမ်းအားအတန်အသင့်မြင့်မားတဲ့ စတေရှင်တွေတောင် ကီလိုမီတာ ၁၀ လောက်ပဲဖုံးလွှမ်းနိုင်တယ်။ ပြီးတော့ ဒီလိုစတေရှင်မျိုးက ဝေးကွာတဲ့အစွန်းနှစ်ဖက်အတွက် ထုတ်လွှင့်မှုရင်းမြစ်တွေပေးဖို့နဲ့ စုစည်းထားတဲ့ဒေတာတွေကို ဗဟိုဌာနကိုပြန်ပို့ဖို့အတွက်ပဲဖြစ်ပြီး ဖုံးလွှမ်းဖို့အတွက်မဟုတ်ဘူး။ မက်ခရို(Macro)စတေရှင်တွေကတော့ ဖုံးလွှမ်းဖို့အတွက်ဖြစ်ပေမယ့် မက်ရခရိုစတေရှင်ရဲ့ဖုံးလွှမ်းမှုဧရိယာက ကီလိုမီတာနှစ်ခုလောက်ပဲရှိတယ်။”
ဆုဝမ်က အကြမ်းဖျင်းရှင်းပြလိုက်သည်။
“ငါတို့နဲ့ မဟာမိတ်ကျွန်းတွေကြားအကွာအဝေးက ကီလိုမီတာ ၁၀၀ အပြည့်ရှိတယ်။ နင် မဟာမိတ်ကျွန်းအားလုံးကို ဖုံးလွှမ်းနိုင်မယ်ဆိုတာ သေချာလား။”
“မင်းက ဒါကိုလည်း နားလည်တယ်ပေါ့။”
ရှောင်းယီက အံ့အားသင့်စွာပြောလိုက်သည်။
“ငါ စတေရှင်တွေအကြောင်း အချက်အလက်တချို့ဖတ်ခဲ့ဖူးတယ်။ ဒါပေမယ့် အခြေခံလောက်ပဲသိတာပါ။”
ဆုဝမ်က ပြန်ဖြေလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ငါဘက်ကသေချာတယ်။ ဒီပစ္စည်းရဲ့ဖော်ပြချက်မှာ ဖုံးလွှမ်းမှုဧရိယာအကြောင်းပြောထားတယ်။ ကီလိုမီတာတစ်ထောင်ရှိတယ်တဲ့။”
“ကီလိုမီတာတစ်ထောင်လား။”
ဤတစ်ကြိမ်တွင် အန်းရန်နှင့် ဆုဝမ်နှစ်ဦးစလုံး တုန်လှုပ်သွားခဲ့ကြသည်။
ကီလိုမီတာတစ်ထောင်ဆိုလျှင် ဖုံးလွှမ်းထားသောဧရိယာသည် ၃.၁၄ သန်း စတုရန်းကီလိုမီတာရှိပြီး ယခင်က ရှားနိုင်ငံဧရိယာ၏ သုံးပုံတစ်ပုံနီးပါးရှိပေသည်။
ဆိုလိုသည်မှာ ရှားနိုင်ငံတစ်ခုလုံးအတွက် ဤကဲ့သို့သော စတေရှင်သုံးလေးခုသာ တည်ဆောက်ရန်လိုအပ်ပြီး နေရာတိုင်းတွင် စတေရှင်များထားရှိရန် မလိုအပ်တော့ပေ။
ရှောင်းယီက ခေါင်းညိတ်ကာ အတည်ပြုပြီးနောက် ဆက်ပြောလိုက်သည်။
“အံ့အားသင့်မနေကြပါနဲ့ဦး။ စတေရှင်ရှိရုံနဲ့ ဘာမှအသုံးမဝင်ဘူး။ ငါတို့မှာ မိုဘိုင်းဖုန်းတောင် မရှိသေးဘူးလေ။”
သို့သော် အန်းရန်သည် အလွန်ပွင့်လင်းစွာ တွေးတောပြီးနောက် ပြန်ဖြေလာလိမ့်မည်ဟု မည်သူသိမည်နည်း။
“စတေရှင်တောင်ထွက်လာပြီဆိုမှတော့ မိုဘိုင်းဖုန်းတွေလည်း နောက်ကနေလိုက်လာဖို့ သိပ်ဝေးလောက်တော့ဘူးမဟုတ်လား။”
“မှန်တယ်။”
ရှောင်းယီက ခေါင်းညိတ်ကာ ဘေးတစ်ဖက်ရှိ နေရာလွတ်တွင် ရပ်နေသော နာ့နာကိုကြည့်ကာ မေးလိုက်သည်။
“နာ့နာ ရေသူမရဲ့အခြေအနေ ဘယ်လိုရှိလဲဆိုတာ သွားကြည့်သေးလား။”
“ပြန်ကောင်းလာနေပါပြီ။ သတိရလာမယ့်အချိန်က ဒီအတိုင်းပဲရှိပါတယ်။”
နာ့နာက ချက်ချင်းပြန်ဖြေလိုက်သည်။
ရှောင်းယီ ခေါင်းညိတ်လိုက်၏။ မနက်စာစားပြီးနောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လမ်းလျှောက်သွားကာ မေးလိုက်သည်။
“ကျောက်စရစ်ခံ အဲဒီမှာ နောက်ထပ်တွေ့ရှိချက်တွေ ရှိသေးလား။”
“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ ဝူနာ့ရဲ့ကျွန်းကို အပြည့်အစုံ စစ်ဆေးပြီးပါပြီ။ ကျွန်းပိုင်ရှင် ဖော်ပြထားသော သတ္တုကြောနှစ်မျိုးလုံးကို မတွေ့ရှိခဲ့ပါဘူး။”
ကျောက်စရစ်ခဲက ပြန်ဖြေလိုက်သည်။
“ဒါပေမယ့် အခြားရှားပါးပြီးသေးငယ်တဲ့ သတ္တုကြောများစွာကိုတော့ တွေ့ရှိခဲ့ရပြီး အခုအချိန်မှာ သူတို့ကိုတူးဖော်ပြီး သန့်စင်ဖို့အတွက် အချိန်ယူနေပါတယ်။”
ရှောင်းယီသည် မျှော်လင့်ချက်ကင်းမဲ့သွားသည့်အမူအရာဖြင့် သက်ပြင်းချပြီး ပြောလိုက်သည်။
“ကောင်းပြီ ရှာဖွေရေးပစ္စည်းကိရိယာကို အရင်ပြန်ပို့လိုက်ပါ။”
“ဟုတ်ကဲ့။”
ကျောက်စရစ်ခဲသည် ချက်ချင်းပင် ရှာဖွေရေးပစ္စည်းကိရိယာကို ပြန်လည်ပို့ဆောင်လိုက်လေသည်။
ထို့နောက် ရှောင်းယီသည် ဝေါ်ကီတော်ကီကို ကောက်ယူကာ ယွမ်နွန်ကို ဆက်သွယ်လိုက်သည်။
“လောင်ယွမ် ယခင်အစီအစဉ်အတိုင်း နောက်ထပ်ဒေသခံကျွန်းကိုသွားဖို့ လူတစ်စုကို ထပ်ပြီးစီစဉ်ပေးပါဦး။ အစ်ကိုကျန်း မင်းဘက်ကလိုက်ပါမယ့်စစ်သားတွေကိုလည်း စီစဉ်ပေးပါ။”
“ဟုတ်ကဲ့။”
ယွမ်နွန်နှင့် ကျန်းယွင်ထျန်းတို့က တစ်လှည့်စီ တုံ့ပြန်လိုက်ကြသည်။
လက်ရှိတွင် ရှောင်းယီသည် ယမ်းစိမ်းကုန်ကြမ်းများကို အရေးတကြီးလိုအပ်နေပေသည်။
[မှတ်ချက်: နောက်စာစဉ်ကစပြီး ဝန်ဇင်းမှာတင်တဲ့အတိုင်း စာစဉ်တစ်ခုကို ၁၀ ပိုင်းပါဝင်မှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက tg @hnin85yibo ကို ဆက်သွယ်လို့ရပါတယ်ရှင့်။]