အခန်း (၅၁၁-၅၁၃)
Vol. 35 Ch. 511-513
အခန်း ၅၁၁ - ကြီးမားသောရိတ်သိမ်းမှု၊ ယမ်းမှုန့်ပြတ်လပ်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုအကြောင်းဆွေးနွေးခြင်း
B အဆင့်စွမ်းအင်ပြွန်ကို အသုံးပြုကာ နောက်ထပ် ဒေသခံမျိုးနွယ်စုတစ်ခု၏ ဦးတည်ချက်ကျောက်ကို အားသွင်းပြီးနောက် မှော်ဆရာအား ရှောင်းယီစီစဉ်ပေးထားသော လူများနှင့်အတူ ၎င်းတို့ကိုယ်ပိုင်ကျွန်းသို့ တည်နေရာကူးပြောင်းခိုင်းလိုက်သည်။
“မကြာခင် ပစ္စည်းတစ်ခုခု ရနိုင်မယ်လို့ မျှော်လင့်တယ်။”
ရှောင်းယီ စိတ်ထဲတွင် တွေးလိုက်မိသည်။
ထိုအချိန်တွင် ယီထျန်းဂရုအတွင်း၌ လူတစ်ဦးက ရှောင်းယီအား ခေါ်နေခဲ့လေသည်။
“သူဌေး ကျုပ် အဆိပ်ငွေ့ဗုံးနှစ်ခု ထပ်ဝယ်ချင်ပါတယ်။ ဒီဟာက တကယ်အသုံးဝင်တယ်။ အဲ့ဒါက အခုလေးတင် ဒေသခံမဟာမိတ်တပ်ရဲ့ တိုက်ခိုက်မှုတစ်ခုကို ဖြေရှင်းလိုက်တယ်။”
“မင်း ဒေသခံတွေအများကြီး ဖမ်းမိလိုက်တယ်မလား။”
“အဆင်ပြေပါတယ်။ လူပေါင်းလေးရာလောက်ပါပဲ။”
“ဝိုး...ခင်ဗျားက မဟာမိတ်တပ်အကုန်လုံးကို ရှင်းပစ်လိုက်တာလား။”
“ဒါပေါ့။ သူတို့က သင်္ဘောသုံးစီးပဲရောက်လာတာ။ ကျုပ်က သူတို့သုံးစီးလုံးကို အဆိပ်ငွေ့ဗုံးနဲ့ ထိအောင် စီမံထားခဲ့တယ်လေ။”
“ခင်ဗျားကတော့ အမြတ်ကြီးကြီးရလိုက်တာပဲ။ တစ်ချက််တည်းနဲ့ ဒေသခံတွေ အများကြီး ဖမ်းမိသွားတယ်။”
“အဲ့ဒါတင်မကသေးဘူး...ဒါလည်းရခဲ့သေးတယ်။ 【မီးလှံစွပ်သေနတ်】 ၁။”
“အိုး မင်းက ဒါတောင်ရခဲ့တယ်ပေါ့။ စုစုပေါင်း ဘယ်နှစ်ခုရခဲ့လဲ။”
“များများစားစားတော့မဟုတ်ပါဘူး ငါးဆယ်တည်းပါ။”
“အများကြီးပဲကွာ...ညီကို မင်းရောင်းမှာလား။”
“သေချာပေါက်မရောင်းဘူးပေါ့။ ကျုပ်တို့မဟာမိတ်အဖွဲ့မှာ ကျွန်းကိုးကျွန်းရှိတယ်။ ပျမ်းမျှအားဖြင့် ကျွန်းတစ်ကျွန်းမှာ မီးလှံစွပ်သေနတ် ငါးချောင်းပဲရှိတာ။ ဒီပမာဏက မလုံလောက်သေးဘူး။”
“မင်းကို ငါအရမ်းအားကျတာပဲ။ သေနတ်တွေအများကြီးနဲ့ ဒေသခံတွေအများကြီးရခဲ့ပြီး နောက်ပိုင်းမှာ မင်းတို့တွေ တော်တော်အဆင်ပြေသွားမှာပဲ။”
“ဟီးဟီး... သာမန်ပါပဲ။ ဘာသာစကားအဟန့်အတားကတော့ တကယ်ကို ဖျင်ကြိမ်းစရာပဲ။”
“ဟေး...ဘာသာစကားအဟန့်အတားအကြောင်းပြောရရင် ကျုပ် သူဌေးရဲ့ကျွန်းကိုသွားတုန်းက အဲဒီမှာရှိတဲ့ ဒေသခံတွေအားလုံး ကျုပ်တို့ရဲ့ မိခင်ဘာသာစကားကို ပြောတတ်တာကို တွေ့ခဲ့ရတယ်။”
“လုံးဝမဖြစ်နိုင်ဘူး...သူဌေးက ဒေသခံတွေကို ရှားဘာသာစကား သင်ပေးထားတာလား။ ဒါက တကယ်ကို အစွမ်းထက်တာပဲ။”
“အင်း မင်းသာမပြောရင် သူဌေးရဲ့ကျွန်းက ဒေသခံတွေအားလုံးက ရှားဘာသာစကားပြောတယ်ဆိုတာကို ငါသတိမထားမိမှာတောင်မဟုတ်ဘူး။ သူဘယ်လိုလုပ်ခဲ့တာလဲ။”
“သူဌေး ဘာသာပြန်ဝန်ဆောင်မှုပေးဖို့ အပြင်းအထန်တောင်းဆိုပါတယ်။ ကျုပ်ငွေပေးချေပါ့မယ်။”
ထိုအရာကို မြင်လိုက်ရသောအခါ ရှောင်းယီက ချက်ချင်းပြောလိုက်သည်။
“အခုအချိန်မှာ ယမ်းမှုန့်ကုန်ကြမ်းတွေက ရှားပါးနေပြီး အချိန်တိုအတွင်း မထောက်ပံ့ပေးနိုင်တော့ဘူး။ ပြီးတော့ အဆိပ်ငွေ့ဗုံးတွေကိုလည်း မလုပ်နိုင်တော့ဘူးဆိုတော့ ခင်ဗျားစောင့်ရလိမ့်မယ်။ ကုန်ကြမ်းရှာတွေ့ပြီးမှသာ ဆက်ပြီးထောက်ပံ့နိုင်ပါမယ်။”
“အဲ့လိုဖြစ်လို့မရဘူးလေ။ ကျုပ်က နောက်ထပ်ဒေသခံတွေဖမ်းဖို့ နည်းနည်းလောက် ထပ်ဝယ်ချင်နေတာ။ သူတို့ဖမ်းထားတဲ့ ဒေသခံအရေအတွက်ကိုကြည့်ရင် ကျုပ် တကယ်ပဲ အားကျ၊ မနာလို၊ မုန်းတီးမိတယ်။”
“သူဌေးပြောပုံအရဆိုရင် နောက်ဆုံးတစ်ခေါက်က အရောင်းများသွားလို့များလား။ ဒီလိုဖြစ်မယ်မှန်းသာကြိုသိခဲ့ရင် ကိုယ့်အတွက်ကိုယ် သိမ်းထားလိုက်ပါတယ်ကွာ။”
“အပေါ်ကလူ ခင်ဗျားပြောတာမှားနေပြီ။ သူဌေးက အဲ့ဒါတွေကို ရောင်းမှာမဟုတ်ဘူး။ သူဌေးကရောင်းမယ်ဆိုရင်တောင်မှ မင်းမတတ်နိုင်ဘူး။”
“သောက်ကျိုးနည်း ကျုပ်တို့ ထပ်ပြီးခေါင်းစဥ်ခွဲထွက်သွားပြန်ပြီလား။”
ထိုစဉ် ရှောင်းယီက ဆက်လက်ပြောလိုက်သည်။
“ဘာသာပြန်ဆိုဖို့အတွက်တော့ ရပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေတော့ရှိသည်။ ကျုပ်တို့ဝန်ထမ်းတွေရဲ့ ဘေးကင်းရေးကို သေချာစေဖို့အတွက် ခင်ဗျားဘက်က အသက်ရှင်ကျန်ရစ်သူတစ်ဦးကို ဖလှယ်ပေးရမယ်။ ဒါ့အပြင် ဘာသာပြန်နေစဉ်အတွင်းမှာ ခင်ဗျားရဲ့ကျွန်းပေါ်မှာရှိတဲ့ မြို့ပြန်ကျောက်ရဲ့တည်နေရာကို ပြောင်းလဲလို့မရဘူး။”
“ကျုပ်သဘောတူပါတယ်။ ကုန်ကျစရိတ်က ဘယ်လောက်လဲ။”
“တစ်ရက်ကို အုတ်မြစ်ကျောက် ၁၀ ခု။ ဒီမှာရှိတဲ့ ဒေသခံတွေက အရမ်းဉာဏ်ကောင်းတယ်။ သုံးရက်လောက်ဆိုရင် အခြေခံဆက်သွယ်ရေးကို သင်ယူနိုင်တယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ဒါကြီး တော်တော်လေး စျေးကြီးသလိုပဲ။”
“သုံးရက်အတွင်း ဒေသခံတွေကို ရှားဘာသာစကားသင်ပေးမယ်။ ပြီးရင် နောက်ဆက်တွဲပြဿနာရှိရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေတစ်ဆင့် အဝေးကနေ ဆက်ပြီးသင်ယူလို့ရတယ်။ စုစုပေါင်း အုတ်မြစ်ကျောက် ၃၀။ အုတ်မြစ်ကျောက် ၃၀ နဲ့ ခင်ဗျားဖမ်းထားတဲ့ ဒေသခံတွေကို ခင်ဗျားကိုယ်တိုင်နားလည်နိုင်အောင်နဲ့ မဟာမိတ်အဖွဲ့တစ်ခုလုံးအတွက် အသုံးဝင်အောင် လုပ်ပေးထားတယ်။ ကျွန်းကိုးကျွန်းအတွက် အုတ်မြစ်ကျောက် ၃၀ ဆိုတာ တကယ်စျေးပေါပါတယ်။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“ခင်ဗျားပြောတာကို နားထောင်ကြည့်ရသလောက်တော့ အတော်လေးအဆင်ပြေသလိုပဲ။”
“ဟုတ်တယ်...ဒေသခံအုပ်စုတစ်စု သင်ယူပြီးရင် နောက်ပိုင်းမှာ ဘာသာပြန်ဆက်ရှာစရာမလိုတော့ဘူး။ ဒါက တစ်ကြိမ်အသုံးစရိတ်ပဲ။ သူဌေးက စျေးအမြင့်ကြီးမတင်တာကိုကတင် အတော်ကြင်နာနေပြီ။”
“အိုကေ...ကျုပ်ယူမယ်။ သူဌေးဘက်က ဘာသာပြန်ကို ဘယ်အချိန်လာဖို့ စီစဉ်ပေးနိုင်မလဲ။”
“ဘယ်အချိန်မဆိုရတယ်။ ခင်ဗျားဘက်က အုတ်မြစ်ကျောက်တွေနဲ့ ဖလှယ်ပေးမယ့် အသက်ရှင်ကျန်ရစ်သူကို ပြင်ဆင်ပြီးရင် ကျုပ် အခုချက်ချင်း ဘာသာပြန်တစ်ဦး ရောက်လာဖို့ စီစဉ်ပေးနိုင်တယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ ခဏစောင့်ပေးပါ။”
မကြာမီ ထိုလူသည် လူတစ်ဦးကို စီစဉ်ပေးပြီး အုတ်မြစ်ကျောက် ၃၀ ကို တစ်ပြိုင်နက်တည်း ပေးဆောင်လိုက်သည်။
ထိုအခါ ရှောင်းယီက ဝေါ်ကီတော်ကီမှတစ်ဆင့် အန်းယွဲ့အား ဆက်သွယ်လိုက်လေသည်။
“ဦးလေးအန်း ကျုပ်ကို ရှားဘာသာစကား အတော်အတန်ပြောတတ်တဲ့ ဒေသခံတစ်ဦးကို သုံးရက်ကြာ အလုပ်နဲ့ခရီးထွက်ဖို့ စီစဉ်ပေးပါဦး။ သူတို့က အခြားကျွန်းတွေမှာရှိတဲ့ ဒေသခံတွေကို ရှားဘာသာစကားသင်ပေးရမယ်။ တစ်ရက်ကို ၂၀၀ ယွမ်ရမယ်။ ဒေသခံတွေကို အသက်ရှင်ကျန်ရစ်သူတွေနဲ့ ရိုးရိုးရှင်းရှင်း ဆက်သွယ်ပြောဆိုနိုင်အောင် သင်ကြားပေးရမယ်။”
“ဟုတ်ကဲ့။”
အန်းယွဲ့က တုံ့ပြန်လိုက်သည်။
နှစ်ဦးနှစ်ဖက်ဖလှယ်ပြီးနောက် အန်းယွဲ့မှ စေလွှတ်လိုက်သော ဒေသခံသည် ၎င်း၏အလုပ်ကို စတင်ခဲ့လေသည်။
မကြာမီ ဘာသာပြန်ဝန်ဆောင်မှု ဝယ်ယူထားသော အသက်ရှင်ကျန်ရစ်သူက အုပ်စုထဲတွင် ပြောလာခဲ့သည်။
“ကျုပ် တကယ်ကျေနပ်သွားပြီ။ သူဌေးက ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ။ အဲဒီ ဒေသခံဘာသာပြန်က ရှားဘာသာစကားကို ကျုပ်ထက်တောင် ပိုမှန်အောင်ပြောနိုင်သေးတယ်။ ဒီလိုမျိုး ဘာမှမဟန့်တားနိုင်တဲ့ ဆက်သွယ်ရေးက တကယ်ကိုအံ့သြစရာပဲ။”
“သူဌေးကြီးက ဘာသာပြန်ကို ဒီလောက်မြန်မြန်စီစဉ်ပေးနိုင်တယ်ဆိုတော့ ဒါက သူဌေးကြီးရဲ့ကျွန်းမှာ ရှားဘာသာစကားပြောတတ်တဲ့ ဒေသခံတွေ အများကြီးရှိတယ်ဆိုတာကို ပြသနေတာပဲ။”
“အဲ့အကြောင်း ပြောစရာမလိုတော့ဘူး။ မနေ့က ကျုပ်တို့အနားယူဖို့သွားတုန်းက အဲဒီမှာရှိတဲ့ ဒေသခံဝန်ဆောင်မှုဝန်ထမ်းအားလုံးက ရှားဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တယ်လို့ ကျုပ်ပြောခဲ့သားပဲ”
“သူဌေးကြီးက တကယ်အားကောင်းတယ်ဆိုတာကိုတော့ ကျုပ်ဝန်ခံရမယ်။”
ရှောင်းယီသည် အနည်းငယ်တွေးတောပြီးနောက် ဘာသာပြန်ဝန်ဆောင်မှုဝယ်ယူထားသော အသက်ရှင်ကျန်ရစ်သူကို တိုက်ရိုက်ရှာဖွေလိုက်လေသည်။ သူ၏အိုင်ဒီမှာ ရေခရမ်းချဉ်သီးဖြစ်သည်။
“မင်္ဂလာပါ...ခင်ဗျားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် စကားပြောချင်ပါတယ်။”
ရှောင်းယီက ထိုလူ့ဆီသို့ သီးသန့်မက်ဆေ့ဂျ်ပို့လိုက်သည်။
ရှောင်းယီ၏ သီးသန့်မက်ဆေ့ဂျ်ကို လက်ခံရရှိချိန်တွင် ရေခရမ်းချဉ်သီးသည် အံ့အားသင့်သွားခဲ့ပြီး မေးလိုက်သည်။
“မင်္ဂလာပါ သူဌေး ခင်ဗျားက ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးချင်တာလဲ။”
“ခင်ဗျားတို့ မဟာမိတ်ဒေသခံတပ်ဆီကနေ မီးလှံစွပ်သေနတ်တွေ သိမ်းဆည်းခဲ့တယ်မဟုတ်လား။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ပါတယ်။”
ရေခရမ်းချဉ်သီးက တုံ့ပြန်လိုက်သည်။
“ဆိုလိုတာက အဲ့ဒေသခံတွေရဲ့ မူလကျွန်းမှာ ယမ်းမှုန့်အတွက်ကုန်ကြမ်းတွေ ရှိသင့်တယ်။ ကျုပ်တို့ အတူပူးပေါင်းပြီး ထုတ်လုပ်ချင်ပါတယ်။”
ရှောင်းယီက ပြောလိုက်သည်။
ရှောင်းယီ၏စကားကိုကြားလိုက်ရသောအခါ ရေခရမ်းချဉ်သီး တုံ့ဆိုင်းသွားခဲ့လေသည်။
အဆုံးတွင် ထိုအရာကို သူတစ်ယောက်တည်း ထုတ်လုပ်မည်ဆိုပါက အားလုံးသည် သူ့အတွက်သာဖြစ်ပေသည်။
ရှောင်းယီနှင့် ပူးပေါင်းဆောင်ရွက်ပါက အများကြီးစွန့်လွှတ်ရမည်ဖြစ်သည်။
“ခင်ဗျား မဝေခွဲနိုင်ဖြစ်နေတာကို ကျုပ်သိပါတယ်။ ခင်ဗျားကိုယ်တိုင်ထုတ်လုပ်ချင်တယ်ဆိုရင် ဒေသခံတွေရဲ့ ဦးတည်ချက်ကျောက်ရဲ့ အေးခဲချိန်ပြည့်တဲ့အထိ စောင့်ရမယ်။ ကျုပ်ရဲ့အတွေ့အကြုံအရ အဲ့ဒါက ခုနစ်ရက်ကြာလိမ့်မယ်။ အေးခဲချိန်ပြည့်သွားပြီးရင် ခင်ဗျားတို့ဘက်က တည်နေရာကူးပြောင်းသွားပြီး တူးဖော်သန့်စင်ရမယ်။ ဒါတွေအားလုံးက အချိန်ယူရတယ်။ ခင်ဗျားပြန်ရောက်မယ့်အချိန်နဲ့ဆိုရင် အနည်းဆုံး နောက်ထပ်နှစ်ပတ်လောက်ကြာလိမ့်မယ်။”
ရှောင်းယီက သီးသန့်ချန်နယ်၏စာမျက်နှာတွင် ဆက်လက်၍မက်ဆေ့ဂျ်ပို့ပြီး ပြောလိုက်သည်။
“ခင်ဗျားသာ ကျုပ်ကိုပေးမယ်ဆိုရင် ကျုပ်မှာစက်ပစ္စည်းတွေရှိတယ်။ နှစ်ရက်အတွင်း တူးဖော်ပြီး သန့်စင်ထားတဲ့ သတ္တုရိုင်းတွေကို ထုတ်ယူနိုင်ရမယ်လို့ ကျုပ်အာမခံနိုင်တယ်။ ခင်ဗျားတို့ နှစ်ပတ်ကြာတဲ့အထိ ယမ်းမှုန့်မရှိဘဲ တောင့်ခံနိုင်မလားဆိုတာတော့ ကျုပ်မသိဘူး။ ဒါပေမယ့် ကျုပ်တော့ သေချာပေါက်ခံနိုင်တယ်။”
ရှောင်းယီသည် နောက်ဆုံးတွင် ထပ်မံ၍ ဖြည့်စွက်လိုက်လေသည်။
ဤကမ္ဘာတွင် နှစ်ပတ်ဆိုသည်မှာ ကြာလွန်းပြီး သီးနှံများကိုပင် အကြိမ်ကြိမ်ရိတ်သိမ်းနိုင်ပေသည်။
ရေခရမ်းချဉ်သီးသည် အချိန်တစ်ခုကြာအောင် တွေးတောပြီးနောက် ပြန်ဖြေလိုက်သည်။
“ကျုပ် မဟာမိတ်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးလိုက်ပါဦးမယ်။ ဒီအောင်ပွဲက လူတိုင်းရဲ့ ပူးပေါင်းကြိုးပမ်းမှုရဲ့ ရလဒ်ဖြစ်လို့ပါ။”
“ကောင်းပြီ။”
ရှောင်းယီက ပြောလိုက်သည်။
ရေခရမ်းချဉ်သီးသည် ချက်ချင်းပင် သူ၏အသစ်တည်ထောင်ထားသော မဟာမိတ်အုပ်စုထဲတွင် ထိုဇာတ်လမ်းကို ပြောပြလိုက်လေသည်။
“ကျုပ်ကတော့ သူဌေးနဲ့ ပူးပေါင်းဖို့ သဘောတူတယ်။ နောက်ထပ်နှစ်ပတ်ကြာအောင်စောင့်ဖို့ဆိုတာက မဖြစ်နိုင်ဘူး။”
“ကျုပ်လည်းသဘောတူတယ်။ ဒါပေမယ့် အချိုးအစားကောင်းကောင်းရအောင်တော့ တောင်းဆိုရမယ်။”
“အရင်ဆုံး အနိမ့်ဆုံးသတ်မှတ်ချက်ကို ဆွေးနွေးကြရအောင်။ နောက်ပိုင်းမှာ မဟာမိတ်ခေါင်းဆောင်ခရမ်းသီး စကားပြောတဲ့အခါ စိတ်ထဲမှာပမာဏတစ်ခုတော့ရှိရမယ်လေ။”
“ကောင်းပြီ ကျုပ်ကတော့ အနိမ့်ဆုံး ၅၀-၅၀ ဖြစ်သင့်တယ်လို့ထင်တယ်။”
“သူဌေးက သဘောမတူနိုင်လောက်ဘူး။ သူက စက်တွေပေးရုံတင်မကဘူး ဦးတည်ချက်ကျောက် အားသွင်းတာကိုပါ တာဝန်ယူရမှာ။ ဒါတွေအားလုံးက သူ့ဟာတွေပဲ ကျုပ်တို့က သတင်းအချက်အလက်ပေးရုံပဲ။”
“ဒါပေမယ့် ဒီသတင်းအချက်အလက်ကလည်း အရမ်းအရေးကြီးတယ်။ ဒီသတင်းအချက်အလက်သာမရှိရင် သူသတ္တုရိုင်းတွေကို ရှာတွေ့မှာမဟုတ်ဘူး။”
“ဟုတ်ပါတယ်...ဒါပေမယ့် ယမ်းမှုန့်အတွက်ကုန်ကြမ်းတွေက သူ့အတွက် အရေးတကြီးမလိုအပ်ဘူး။ ဒါပေမယ့် ကျုပ်တို့က ပိုပြီးလိုအပ်နေတယ်လို့ ခံစားရတယ်။”
“ဟုတ်တယ်...သူဌေးက သူ့မဟာမိတ်အဖွဲ့အတွက် လက်ကျန်ပစ္စည်းတွေ သေချာပေါက် အများကြီးချန်ထားမှာပဲ။”
“ဒါဆို ဘယ်လိုလုပ်ကြမလဲ။ ကျုပ်တို့က ရာခိုင်နှုန်းဘယ်လောက်ယူရမှာလဲ။”
အခန်း ၅၁၂ - ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြဿနာရှာရသည့်အကြောင်းရင်း၊ ရေသူမသတိရလာခြင်း
“ကျုပ်ထင်တာတော့ အနိမ့်ဆုံးသတ်မှတ်ချက်က ၃၀/၇၀ ပဲ။ ကျုပ်တို့ အလျင်လိုနေတယ်ဆိုရင်တောင် အနည်းဆုံး ၃၀ ရာခိုင်နှုန်းတော့လိုအပ်တယ်။ ၅၀ ရာခိုင်နှုန်းရအောင်တော့ ကျုပ်အပြည့်အဝကြိုးစားပေးပါ့မယ်။”
ရေခရမ်းချဉ်သီးက ပြန်ပြောလိုက်သည်။
“ကောင်းပြီ မဟာမိတ်ခေါင်းဆောင် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။”
“ကျုပ်လည်းသဘောတူပါတယ်။”
မဟာမိတ်အဖွဲ့ဝင်များနှင့် ဆွေးနွေးပြီးနောက် ရေခရမ်းချဉ်သီးသည် ရှောင်းယီထံသို့ သီးသန့်စာတစ်စောင် ထပ်ပို့လိုက်သည်။
“သူဌေး ကျုပ်တို့မဟာမိတ်အဖွဲ့ဝင်တွေက သူဌေးနဲ့ပူးပေါင်းပြီး ဒေသခံတွေရဲ့သတ္တုတွင်းကို တူးဖော်ထုတ်လုပ်ဖို့ အပြည့်အဝထောက်ခံကြပါတယ်။”
“ဟုတ်ပြီ အရမ်းကောင်းတယ်။ တစ်ဦးနဲ့တစ်ဦး ဈေးမဆစ်ဘဲလုပ်ကြရအောင်။ စက်ပစ္စည်းတွေနဲ့ ဦးတည်ချက်ကျောက် အားသွင်းတာကို ကျုပ်ဂရုစိုက်လိုက်မယ်။ ခင်ဗျားဘက်က လူလွှတ်ပေးရုံပဲ။ အမြတ်ကို ၃၀/၇၀ ခွဲမယ်။ ခင်ဗျား သဘောမတူဘူးဆိုရင်တော့ မေ့လိုက်ပါ။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
ရှောင်းယီ၏ပြန်စာကို မြင်လိုက်ရသောအခါ ရေခရမ်းချဉ်သီး ကြောင်အသွားခဲ့သည်။
ဘာတွေဖြစ်နေတာလဲ။ ယီရန်ပင်းက သူတို့စကားတွေကို ခိုးပြီးနားထောင်သွားတာလား။
“တကယ်တော့ ဒီနည်းလမ်းက ခင်ဗျားတို့အတွက် အကျိုးအမြတ်ရနေတုန်းပဲ။ အဲ့ဒီမှော်ဆရာရဲ့ မျိုးနွယ်စုတစ်ခုလုံးကိုလည်း ပြန်ခေါ်လာလို့ရတယ်။ ဒါကလည်း အပိုအလုပ်သမားအင်အားပဲလေ။”
ရှောင်းယီက ဖြည့်စွက်ပြောလိုက်သည်။
“နည်းနည်းလောက် ပိုမပေးနိုင်တော့ဘူးလား။”
ရေခရမ်းချဉ်သီးက ဆက်လက်၍ ညှိနှိုင်းချင်သေးသည်။
“ဒါဆိုရင် မေ့လိုက်ပါတော့။ ခင်ဗျားနဲ့ ပူးပေါင်းဖို့ တခြားလူတွေကိုပဲ ရှာလိုက်ပါ။”
ရှောင်းယီက ပြတ်ပြတ်သားသားပင် ဆုံးဖြတ်ချက်ချကာ ပြန်ဖြေလိုက်သည်။
“မလုပ်ပါနဲ့ သူဌေး ကျုပ်တို့သဘောတူပါတယ်။ သဘောတူတာနဲ့တင် မလုံလောက်ဘူးလား။”
ရေခရမ်းချဉ်သီးက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
ရှောင်းယီ ပြုံးလိုက်ပြီး သီးသန့်ချန်နယ်၏စာမျက်နှာတွင် ဆက်ပြောလိုက်သည်။
“ခင်ဗျားဘက်က သဘောတူပြီဆိုမှတော့ အခုချက်ချင်း စလိုက်ကြရအောင်။ သတ္တုတွင်းရှိတဲ့ ဒေသခံမျိုးနွယ်စုရဲ့မှော်ဆရာကို ရှာလိုက်ပါ။ စာချုပ်ပြီးရင် သူ့ကိုခေါ်သွားလိုက်တော့။ ကျုပ်လည်း ခဏနေရင် ခင်ဗျားနဲ့ချိတ်ဆက်ဖို့အတွက် ဝန်ထမ်းတွေစီစဉ်ပေးလိုက်မယ်။”
“ဟုတ်ကဲ့ သူဌေးပြောတဲ့အတိုင်း အားလုံးစီစဉ်လိုက်ပါ့မယ်။”
ရေခရမ်းချဥ်သီးက ပြောလိုက်သည်။
ယမ်းမှုန့်ရှိသော ဒေသခံမျိုးနွယ်စုတစ်ခုကို ရှာတွေ့ပြီဖြစ်ရာ ယမ်းမှုန့်ကုန်ကြမ်းသတ္တုတွင်းများ ရှိမည်မှာ အခြေခံအားဖြင့် သေချာပေသည်။ ဤသည်မှာ အထက်လူကြီးများက ဒေသခံများအတွက် ဖွင့်ပေးထားသော အနောက်တံခါးဖြစ်သည်။
ယခုအခါ ထုတ်လုပ်ရေးပူးပေါင်းဆောင်ရွက်မှုကို အတည်ပြုပြီးဖြစ်သဖြင့် ရှောင်းယီသည် ချက်ချင်းပင် ယွမ်ရှီထံသို့ စာပို့လိုက်သည်။
“ခဏနေရင် သတ္တုတူးဖော်ရေးနဲ့ သတ္တုသန့်စင်စက် ပစ္စည်းအားလုံးကို ပြန်ပို့လိုက်ပါ။ ဝူနာ့ရဲ့ကျွန်းပေါ်မှာတော့ နည်းနည်းလောက်ထပ်စောင့်လိုက်ဦး။ အဲ့ဒါကို ငါတို့ဒီမှာအရေးတကြီးလိုအပ်နေတယ်။”
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”
ယွမ်ရှီက ပြန်ဖြေလိုက်ပြီး စက်ပစ္စည်းနှစ်ခုကို ပြန်ပို့ပေးလိုက်လေသည်။
ပထမဦးစွာ မြို့ပြန်ကျောက်ကို အသုံးပြု၍ လူဆယ်ဦးပါသော အဖွဲ့တစ်ဖွဲ့ကို ပို့ပေးလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပါသော ရွက်သင်္ဘောကြီးတစ်စီးကို လဲလှယ်ပေးလိုက်သည်။
စက်ပစ္စည်းများကိုမူ သဘာဝအတိုင်း ရွက်သင်္ဘောကြီးပေါ်တွင် ထားရှိထားသည်။
ဦးတည်ချက်ကျောက်ကို အားသွင်းပြီးနောက် ရေခရမ်းချဉ်သီးသည် သူ၏ကိုယ်ပိုင်အဖွဲ့ကို ဦးဆောင်ပြီး ရှောင်းယီ၏အဖွဲ့နှင့်အတူ မှော်ဆရာမျိုးနွယ်စု၏ကျွန်းသို့ တည်နေရာကူးပြောင်းလိုက်လေသည်။
ကျွန်းပေါ်ရောက်သည်နှင့် ရေခရမ်းချဉ်သီးသည် မှော်ဆရာအား ရှောင်းယီ၏အဖွဲ့ကို သတ္တုတွင်းတည်ရှိရာနေရာအားပြောပြရန် တောင်းဆိုလိုက်က်သည်။
ရှောင်းယီ၏အဖွဲ့သည် သတ္တုတွင်းသို့ တိုက်ရိုက်သွားလိုက်ကြပြီး တစ်ချိန်တည်းမှာပင် ရှောင်းယီ၏တောင်းဆိုချက်အရ ရှာဖွေရေးစက်ပစ္စည်းကိုအသုံးပြုကာ ကျွန်းပေါ်တွင် အခြားရှာမတွေ့သေးသော သတ္တုတွင်းများရှိ၊မရှိ စစ်ဆေးလိုက်လေသည်။
ရေခရမ်းချဉ်သီးသည်မူ ဒေသခံမှော်ဆရာမျိုးနွယ်စုရှိ အခြားဒေသခံများကို စုစည်းရန် သွားရောက်ခဲ့သည်။
“ကျွန်းပိုင်ရှင် ဒီမှာ တကယ်ကို ယမ်းစိမ်းနဲ့ ဆာလဖာသတ္တုတွင်းရှိပါတယ်။ လက်ရှိမှာ တူးဖော်နေပါပြီ။ ရှာဖွေရေးစက်ပစ္စည်းလည်း လည်ပတ်နေပါတယ်။”
အဖွဲ့ခေါင်းဆောင်က ရှောင်းယီအား တင်ပြလိုက်သည်။
“ကောင်းပြီ ပြဿနာတစ်ခုခုရှိရင် အချိန်နဲ့တပြေးညီဆက်သွယ်လိုက်ပါ။ ငါ့ကို ဆက်သွယ်လို့မရဘူးဆိုရင် အခြားလူကိုဆက်သွယ်လိုက် အကုန်လုံး အတူတူပဲ။”
ရှောင်းယီက ပြောလိုက်သည်။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် အမြဲတမ်းရှိနေမည်မဟုတ်သော်လည်း အခြားလက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်များရှေ့တွင်မူ အမြဲတမ်းတစ်စုံတစ်ယောက်တော့ ရှိနေမည်ဖြစ်သည်။
ရှောင်းယီသည် သတ္တုတွင်းတူးဖော်ရာ၌ အပြည့်အဝပူးပေါင်းဆောင်ရွက်နေစဉ်တွင် ဒူခန်း၏နှင်ထုတ်ခြင်းကို ခံခဲ့ရသော မုတ်ဆိတ်မွှေးနှင့်လူကြီးသည် တိလင်းထျန်းရှားထံသို့ တစ်စုံတစ်ရာကို အစီရင်ခံနေခဲ့သည်။
“ဥက္ကဋ္ဌ ခင်ဗျားညွှန်ကြားခဲ့တဲ့အတိုင်း ကျုပ်တမင်ပြဿနာရှာခဲ့တယ်။ ဒါပေမယ့် လူငယ်တစ်ယောက်ထွက်လာပြီး ကျုပ်ကိုဖိနှိပ်လိုက်တယ်။ ကျုပ်မှာ ခုခံနိုင်စွမ်း လုံးဝမရှိဘူး။”
မုတ်ဆိတ်မွှေးနှင့်လူကြီးက ပြောလိုက်သည်။
“ခင်ဗျားလို B-အဆင့် ရုပ်ခန္ဓာရှိတဲ့လူတစ်ယောက်က ခုခံနိုင်စွမ်းလုံးဝမရှိဘူးလား။”
တိလင်းထျန်းရှားက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
မုတ်ဆိတ်မွှေးနှင့်လူကြီးက ခေါင်းညိတ်ပြပြီး ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်။ သူက A-အဆင့် ဒါမှမဟုတ် ဒီ့ထက်တောင် မြင့်နေနိုင်တယ်။”
“ဒါဆို အဲဒီလူက ယီရန်ပင်းလား။”
တိလင်းထျန်းရှားက မေးလိုက်သည်။
မုတ်ဆိတ်မွှေးနှင့်လူကြီးက ခေါင်းခါကာ ပြန်ဖြေလိုက်သည်။
“ကျုပ်မသေချာဘူး။ မဟုတ်လောက်ဘူးလို့တော့ ကျုပ်ထင်တယ်။ သူက အပန်းဖြေစခန်းထဲကနေ ထွက်လာခဲ့တာ။ အပန်းဖြေစခန်းက အကြီးတန်းဝန်ထမ်း ဒါမှမဟုတ် မန်နေဂျာလိုမျိုးပဲ။ ပြီးတော့ သူ့မှာ ရာထူးကြီးသူတွေရဲ့အရှိန်အဝါမျိုးမရှိဘူး။”
မျှော်လင့်မထားသည်မှာ ထိုရိုင်းစိုင်းကြမ်းတမ်းသောလူကြီးသည် အမှန်တကယ်ပင် လူတစ်ဦး၏အရှန်အဝါကို မြင်နိုင်နေခြင်းပင်။
တိလင်းထျန်းရှားက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဒါကလည်း ကျုပ်ခန့်မှန်းချက်ကို သွယ်ဝိုက်ပြီး အတည်ပြုလိုက်တာပဲ။ ယီရန်ပင်းက ကျုပ်တို့ထက် အများကြီးရှေ့ရောက်နေပြီ ဟူး...”
“ပြီးတော့ သူ့ကျွန်းက စစ်သားတွေကလည်း မရိုးရှင်းဘူး။ ကျွမ်းကျင်သူတွေက လေ့ကျင့်ပေးထားတာပဲ ဖြစ်ရမယ်။”
မုတ်ဆိတ်မွှေးနှင့်လူကြီးက ပြောလိုက်သည်။
မုတ်ဆိတ်မွှေးနှင့်လူကြီးသည် ထိုစစ်သားများနှင့် မတိုက်ခိုက်ခဲ့ရသော်လည်း အချို့အရာများကို သူတို့၏စကားလုံးများနှင့် အပြုအမူများမှတစ်ဆင့် မြင်နိုင်ပေသည်။
“ကျုပ်သိပြီ။ အနာဂတ်မှာ အခွင့်အလမ်းတွေရှိ၊မရှိပဲကြည့်ရတော့မယ်။ လက်ရှိအခြေအနေမှာတော့ ဘယ်သူမှ ယီရန်ပင်းကို လိုက်မမီနိုင်တော့ဘူး။”
တိလင်းထျန်းရှားက ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
မုတ်ဆိတ်မွှေးနှင့်လူကြီးကလည်း လေးလေးနက်နက် သဘောတူလိုက်သည်။
တိလင်းထျန်းရှားသည် သူ၏စိတ်ပျက်အားငယ်နေမှုများကို တည်ငြိမ်စေပြီးနောက် မုတ်ဆိတ်မွှေးနှင့်လူကြီးကိုကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျားရဲ့ဒဏ်ရာတွေအတွက် ကျုပ်တာဝန်ယူပေးပါ့မယ်။ နောက်ပိုင်းမှာ ခင်ဗျားကိုပြန်ပြီး အလျော်ပေးမယ်။”
“ဥက္ကဋ္ဌကိုကူညီနိုင်တာက ကျုပ်အတွက်ဂုဏ်ယူစရာပါပဲ။”
မုတ်ဆိတ်မွှေးနှင့်လူကြီးက ပြန်ဖြေလိုက်သည်။
“ခင်ဗျားက ကူညီထောက်ပံ့ပေးခဲ့မှတော့ ဆုချီးမြှင့်ရမှာက သဘာဝပဲ။ မဟုတ်ရင်လူတွေက ကျုပ်တို့ကို ဘယ်လိုလုပ်ပြီး ယုံကြည်ရဲတော့မှာလဲ။”
တိလင်းထျန်းရှားက ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌ။”
မုတ်ဆိတ်မွှေးနှင့်လူကြီးက လက်သီးဆုပ်အရိုသေပြုကာ ပြောလိုက်သည်။
ဒူခန်းသာ ဤစကားများကို ကြားနိုင်ပါက ယနေ့အချိန်ထိ ဤကဲ့သို့ မဆင်မခြင်လုပ်တတ်သူများရှိရသည့်အကြောင်းရင်းကို နားလည်သွားမည်ဖြစ်သည်။
မုတ်ဆိတ်မွှေးနှင့်လူကြီးသည် မဆင်မခြင်လုပ်တတ်သူမဟုတ်ဘဲ တစ်စုံတစ်ဦးက သူ့အား ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာရန် ညွှန်ကြားခဲ့ခြင်းဖြစ်ပေသည်။
အချိန်သည် ၁၀ နာရီကျော်သွားပြီဖြစ်ရာ ရှောင်းယီသည် အရေးတကြီးကိစ္စမရှိတော့သော လူအားလုံးကို ဗီလာ၏သုံးထပ်မြောက်ရှိ ရေကူးကန်နေရာတွင် စုရုံးစေလိုက်သည်။
နာ့နာ၏ခန့်မှန်းချက်အရ ရေသူမ သတိရလာတော့မည်ဖြစ်သည်။
လူတိုင်း၏ထူးဆန်းသော အကြည့်များအောက်တွင် ရေသူမသည် ဖြည်းဖြည်းချင်း သတိရလာခဲ့သော်လည်း သူမအား လူအုပ်စုကြီးတစ်စု ဝိုင်းရံနေသည်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် တင်းမာသွားပြီး နောက်ဆုတ်သွားခဲ့လေသည်။
ရှောင်းယီက ရေသူမကိုကြည့်ကာ မေးလိုက်သည်။
“မင်္ဂလာပါ ကျုပ်ကဒီကျွန်းရဲ့ပိုင်ရှင်ပါ။ မင်းနာမည်ဘယ်လိုခေါ်လဲ။ ဘယ်ကလာတာလဲ။”
ရေသူမသည် ရှောင်းယီကို အံ့အားသင့်စွာကြည့်ကာ သူမ၏ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း အန်းယွဲ့တို့မှာ ဘာအသံမှ မကြားလိုက်ရပေ။
“အသံတိတ်စကားပြောတာလား။”
လူတိုင်း၏စိတ်ထဲတွင် ဤအတွေးပေါ်လာသည်နှင့်တပြိုင်နက် ရှောင်းယီက နောက်ထပ်စကားစလိုက်လေသည်။
“မင်းမစိုးရိမ်ပါနဲ့။ ဒီမှာက အရမ်းစိတ်ချရပါတယ်။ ကျုပ်မှာ ဘယ်လိုမျိုးစိတ်နဲ့မဆို အဟန့်အတားမရှိ ဆက်သွယ်နိုင်တဲ့ ပါရမီရှိတယ်။”
ရှောင်းယီနှင့် အခြားသူများသည် အမှန်တကယ် အန္တရာယ်ပေးလိုခြင်းမရှိကြောင်း မြင်လိုက်ရသည့်အခါ ရေသူမသည် နောက်ထပ်တစ်ခါ သူမ၏ပါးစပ်ကို ဖွင့်ဟလိုက်လေသည်။
သို့သော် ဤမြင်ကွင်းသည် အန်းယွဲ့နှင့် အခြားသူများ၏မျက်လုံးထဲတွင် အလွန်ထူးဆန်းနေခဲ့သည်။ ရှောင်းယီသည် အအ,တစ်ဦးနှင့် တစ်ယောက်တည်းစကားပြောနေသည်နှင့်ပင် တူနေပေသည်။
အန်းယွဲ့နှင့် အခြားသူသည် တစ်စုံတစ်ရာမေးမြန်းခြင်းမပြုဘဲ ဘေးတစ်ဖက်တွင် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြလေသည်။
“မင်းက အကူအညီတောင်းဖို့ ရောက်လာတာလား။”
ရှောင်းယီက ရေသူမကိုကြည့်ကာ စိတ်ဝင်တစားဖြင့့် မေးလိုက်သည်။
ရေသူမက ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်။ ကျွန်မတို့ရေသူမမျိုးနွယ်ရဲ့ ရှေ့ဖြစ်ဟောသူက ဒီကမ္ဘာရဲ့အပြင်လူတွေကိုရှာမှသာ ကျွန်မတို့ရေသူမမျိုးနွယ်ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်မယ်လို့ ပြောခဲ့တယ်။”
ရှောင်းယီ သူ၏မျက်ခုံးများကို ပင့်တင်မိလိုက်ပြီး ဆက်ပြောလိုက်သည်။
“ကျုပ်ကအပြင်လူမဟုတ်ဘူး။ မင်းဆက်ရှာနေရဦးမယ်ထင်တယ်။”
သူတို့ရေသူမမျိုးနွယ် မည်သို့ဒုက္ခရောက်နေကြောင်း ဘုရားသာသိပေလိမ့်မည်။ လက်ရှိအချိန်တွင် ရှောင်းယီနှင့် အခြားလူများသည် ကိုယ်တိုင်အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရပြီး အခြားမျိုးနွယ်များကို ကူညီရန် အချိန်မရှိပေ။
သို့သော် ရေသူမက ချက်ချင်း ပြန်ဖြေလာခဲ့သည်။
“မဟုတ်ဘူး ရှင်ကအပြင်လူပဲ။ ရှင်က ရှေ့ဖြစ်ဟောသူလက်ထဲက ပုံရိပ်နဲ့အတူတူပဲ။”
အခန်း ၅၁၃ - ရေသူမကိုလှည့်စားခြင်း၊ မသတ်ရသည့်အကြောင်းရင်း
ထိုစကားကိုကြားလိုက်ရသောအခါ ရှောင်းယီ ပို၍ပင်အံ့အားသင့်သွားခဲ့သော်လည်း သူသည် မည်သည့်တွန့်ဆုတ်မှုမှမရှိဘဲ ပြန်ဖြေလိုက်သည်။
“ဒါကမင်းရဲ့ရှေ့ဖြစ်ဟောသူက အမှားလုပ်လိုက်မိလို့ပဲ။ ငါတို့မျိုးနွယ်စုက ဒီမှာရှိနေတာ နှစ်ပေါင်းငါးထောင်နီးပါးရှိပြီ။ ဒါကို အပြင်လူလို့ သတ်မှတ်လို့မရနိုင်ဘူး။ ငါတို့ရဲ့အဆောက်အအုံတွေကိုကြည့်လိုက် အပြင်လူတွေက ဒီလိုအဆင့်မြင့်အဆောက်အအုံတွေ အများကြီးမတည်ဆောက်နိုင်ဘူး။”
ရေသူမသည် ရှောင်းယီကို သံသယအကြည့်များဖြင့် ကြည့်နေပြီး ရှောင်းယီသည်လည်း ခပ်တည်တည်ဖြင့် ပြန်ကြည့်ပေးလိုက်သည်။
ပတ်ဝန်းကျင်ရှိလူများသည် ရှောင်းယီနှင့် ရေသူမတို့ မည်သို့စကားပြောနေသည်ကို မသိသော်လည်း ရှောင်းယီ၏စကားကိုကြားလိုက်ရသည်နှင့် သူသည် အကြောင်းအရာတစ်ခုကိုဖုံးကွယ်ရန် မီးခိုးမှိုင်းတိုက်နေသည်ဟု ယူဆလိုက်ကြသည်။
အချိန်အတော်ကြာမြင့်ပြီးနောက် ရေသူမက ပါးစပ်ဖွင့်ကာ ပြောလိုက်သည်။
“ကျွန်မအသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခွင့်အရေးရလို့ ရှင်အရင်းမြစ်ပင်လယ်ကိုသွားတဲ့အခါ ရေသူမမျိုးနွယ်နဲ့တွေ့ရင် ရှင်ဟာ မင်းသမီး လင်းရှားရဲ့သူငယ်ချင်းလို့ပြောပြလိုက်ပါ။ သူတို့က ရှင့်ကို ကျွန်မဆီခေါ်လာပါလိမ့်မယ်။ ကျွန်မက ရှင့်ကို သေချာပေါက် ဧည့်ခံပါ့မယ်။”
“ကောင်းပြီ မင်းကိုပင်လယ်ထဲခေါ်သွားပေးဖို့ လူလွှတ်ပေးစေချင်လား။”
ရှောင်းယီက ပြုံးရင်းမေးလိုက်သည်။
“လူတစ်ယောက်ကို လမ်းပြခိုင်းပေးပါ။”
ရေသူမက ထိုသို့ပြောကာ မတ်တတ်ထရန် ကြိုးစားလိုက်သည်။ သူမသည် သူမ၏ငါးအမြီးပေါ်တွင် အမှန်တကယ် မတ်တပ်ရပ်နိုင်ခဲ့လေသည်။
ရှောင်းယီသည် ဒေသခံတစ်ဦးကို ခေါ်ပြီး ရေသူမအား အနောက်တောင်ဘက်သို့ ခေါ်သွားဆောင်ရန် ပြောလိုက်သည်။
ရေသူမ ထွက်ခွာသွားပြီးနောက် လူတိုင်းသည် နောက်ဆုံးတွင် မထိန်းထားနိုင်ကြတော့ပေ။
“ကျွန်းပိုင်ရှင် အဲ့ဒီရေသူမက ဘယ်လိုအခြေအနေလဲ။”
“သူမ ပြောသလိုဆိုရင် သူမက လင်းရှားလို့ခေါ်တဲ့ ရေသူမမင်းသမီးဖြစ်သင့်တယ်။ ကျုပ်တို့အပြင်လူတွေဆီကို အကူအညီတောင်းဖို့လာခဲ့တာ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါဆို ကျုပ်တို့ဘာလို့ ကိုယ့်ရဲ့အထောက်အထားကို ဝန်မခံခဲ့တာလဲ။ သူမကိုကူညီပေးပြီး မျိုးနွယ်တစ်ခုနဲ့ မိတ်ဆွေဖွဲ့ထားရင် ကျုပ်တို့ရဲ့ အနာဂတ်အသက်ရှင်သန်ရေးအတွက် အကျိုးရှိမှာပဲလေ။”
ကျန်းယွင်ထျန်းက သံသယဖြင့် မေးလိုက်သည်။
ရှောင်းယီက ခေါင်းခါကာ ပြန်ဖြေလိုက်သည်။
“ဒါက အဲ့လောက်မရိုးရှင်းဘူး။ ငါ ပထမဆုံး သူမကိုမြင်တဲ့အချိန်ကတည်းက သူမရဲ့အဆင့်က S-အဆင့်ဆိုတာ ငါသိခဲ့ရတယ်။ ဒီလိုမျိုးအဆင့်မြင့်တဲ့ ရေသူမတစ်ကောင်က ပြင်းပြင်းထန်ထန်ဒဏ်ရာရနေတယ်။ သူတို့ရဲ့ရန်သူတွေက ဘယ်လောက်ထိ စွမ်းအားကြီးသလဲဆိုတာ မသိရဘူး။ ငါတို့ကိုယ်တိုင်က ပြဿနာတွေအများကြီးရှိနေတုန်းမို့လို့ အခြားသူတွေကိုကူညီဖို့ အချိန်မရှိဘူး။”
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
ရှောင်းယီက ဆက်ပြောသည်။
“ပိုပြီးအရေးကြီးတာက ဒီသတင်းအချက်အလက်အားလုံးက သူမဘာသာပြောခဲ့တာပဲ။ အမှန်တကယ် ဟုတ်ချင်မှဟုတ်မှာ။ ဒီကမ္ဘာရဲ့သဘာဝအရ ပေါ်လာတဲ့ဘယ်လိုမျိုးနွယ်မျိုးမဆို ငါတို့ရဲ့ရန်သူဖြစ်နေနိုင်တယ်။ သူမဒီမှာပေါ်လာတာက ကောင်းတဲ့အရာမဟုတ်ဘူး။”
“ကျွန်းပိုင်ရှင်ပြောတာမှန်ပါတယ်။ သေချာတဲ့သတင်းအချက်အလက်မရမချင်း ဝင်မစွက်ဖက်သင့်ဘူး။”
အန်းယွဲ့က သဘောတူဟန်ဖြင့် ပြောလိုက်သည်။
အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။
မကြာမီ ရေသူမကို ပို့ဆောင်ပေးခဲ့သော ဒေသခံက ပြန်ရောက်လာခဲ့သည်။
“သူမထွက်သွားပြီလား။”
ရှောင်းယီက မေးလိုက်သည်။
“ကျုပ် သူမရေထဲခုန်ဆင်းပြီး ကူးခတ်သွားတာကိုကြည့်နေခဲ့ပါတယ်။”
ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ချင်းလုံထံသို့ လျှို့ဝှက်တာဝန်တစ်ခု ပေးလိုက်လေသည်။
“ရေသူမတွေကို အာရုံစိုက်ပြီး မောင်းထုတ်လိုက်။ ငါတို့ကျွန်းနား ကျက်စားခြင်းမပြုစေနဲ့။”
“ဟုတ်ကဲ့ ကျုပ်ကိုယ်တိုင်သွားပြီး ကင်းလှည့်လိုက်ပါ့မယ်။”
ချင်းလုံက တုံ့ပြန်လိုက်သည်။
ကိစ္စရပ်များအား စီစဉ်ပြီးနောက် ရှောင်းယီက အန်းယွဲ့အား မေးလိုက်သည်။
“ဦးလေးအန်း ဒီနေ့အပန်းစခန်းရဲ့ဝင်ငွေက အခြေအနေဘယ်လိုရှိလဲ။”
“တစ်သောင်းကျော်လောက်ကို ချိုးဖြတ်သွားနိုင်ခြေရှိတယ်။”
အန်းယွဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ရှောင်းယီ ခေါင်းညိတ်လိုက်၏။
“မဆိုးဘူး၊ သူတို့အကုန်လုံး ရိုးသားကြရဲ့လား။”
“ပြဿနာရှာချင်တဲ့သူတစ်ယောက်တော့ ရှိခဲ့တယ်။ ဒါပေမယ့် ဒူခန်းက သူ့ကိုဖြေရှင်းလိုက်ပါပြီ။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
“တကယ်ပဲ ပြဿနာရှိတဲ့သူရှိတယ်လား။ အဲ့ဒီလူက ဦးနှောက်မရှိဘူးလား။ ငါတို့ကျွန်းမှာတောင် ပြဿနာဖြစ်အောင်လုပ်ရဲတယ်ပေါ့။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“တစ်စုံတစ်ယောက်က ငါတို့ရဲ့စွမ်းအားကို စမ်းသပ်ချင်နေပုံပဲ။”
“ဟမ်...”
လူတိုင်း အံ့အားသင့်သွားခဲ့ကြပြီးနောက် ရှောင်းယီ၏ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွားခဲ့ကြသည်။
“ဒါဆို ငါတို့ သူတို့ကို ချေမှုန်းလိုက်သင့်လား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
“ကိစ္စမရှိပါဘူး။ ဒူခန်းက သူ့ကို တချက်တည်းနဲ့ ရိုက်ချလိုက်ပြီးပြီပဲမလား။ သူတို့အမှတ်ရှိလိမ့်မယ်လို့ ငါယုံကြည်တယ်။ တကာယ်လို့ အမှတ်မရှိသေးဘူးဆိုရင်လည်းရပါတယ်။ တစ်ခါလာရင် တစ်ခါဖြေရှင်းမယ်။ နောက်တစ်ခါဆိုရင် သူတို့ဆီက အုတ်မြစ်ကျောက်အားလုံးကို အပိုင်သိမ်းလိုက်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ...ငါ့ရဲ့ထိပ်တန်းစစ်သားအချို့ကို ကင်းလှည့်ခိုင်းထားလိုက်မယ်။”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။
ထို့နောက် လူတိုင်း လူစုခွဲလိုက်ကြပြီး ၎င်းတို့၏တာဝန်ကျရာနေရာများသို့ ပြန်သွားကြတော့သည်။
ရှောင်းယီသည်မူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားလိုက်ပြီး ယီထျန်းဂရုထဲသို့ စာပို့လိုက်လေသည်။
“လူတိုင်းကို နောက်တစ်ခါထပ်ပြီး သတိပေးချင်တယ်။ ဒီမှာလာပြီးကစားချင်တယ်ဆိုရင် ဒီမှာရှိတဲ့စည်းမျဉ်းတွေကို လိုက်နာရမယ်။ ဒီနေ့ စည်းမျဉ်းချိုးဖောက်တဲ့သူတစ်ယောက်ရှိခဲ့တယ်။ ကျုပ်တို့ သူ့ကို တိုက်ရိုက်နှင်ထုတ်လိုက်ပြီး ကတ်ပြားသိမ်းလိုက်တယ်။ နောက်တစ်ခါ တစ်ခြားသူတွေလည်း အလားတူပြုမူလာခဲ့ရင် သူတို့ဆီမှာပါလာတဲ့ အုတ်မြစ်ကျောက်တွေအားလုံး သိမ်းမယ်။”
“ဘာ...ဘယ်သူက ဒီလောက်ထိ တဇွတ်ထိုးတဇောက်ကန်းနိုင်ရတာလဲ။ သူဌေးရဲ့ကျွန်းမှာတောင် ပြဿနာရှာရဲတယ်ပေါ့။”
“ဟုတ်တယ်...အသက်ရှင်ရတာငြီးငွေ့နေလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေတယ်တူတယ်။”
“ဒီနေ့ထိ အသက်ရှင်သန်နေနိုင်တဲ့လူတွေမှာ ဦးနှောက်တော့ရှိသင့်တယ်။ ဒီလောက်ထိ လက်မခံနိုင်လောက်အောင်တော့ မဖြစ်သင့်ဘူးမဟုတ်လား။”
“မင်းတို့ကောင်တွေ ဘာသိလို့လဲ။ တစ်စုံတစ်ယောက်က သူဌေးကြီးရဲ့စွမ်းအားကိုစမ်းသပ်ချင်နေတယ်ဆိုတာ သိသာထင်ရှားနေတာပဲကို။”
“မင်း ဘာကိုဆိုလိုချင်တာလဲ။”
“ဒီနေ့ထိ အသက်ရှင်သန်နေနိုင်တဲ့သူတိုင်းက မိုက်မဲတဲ့လူတွေမဟုတ်ဘူး။ ဒါပေမယ့်သူက မိုက်မဲတဲ့အရာတွေကို လုပ်နေတယ်။ ဆိုလိုတာက တစ်စုံတစ်ယောက်က သူ့ကို ရည်ရွယ်ချက်ရှိရှိ လုပ်ခိုင်းခဲ့တာပဲ။ ဒါကိုလုပ်ရတဲ့ တစ်ခုတည်းသောအသုံးဝင်မှုက သူဌေးကြီးကျွန်းရဲ့စစ်အင်အားကို စမ်းသပ်ဖို့ပဲ။ သူစမ်းသပ်ပြီးပြီလားဆိုတာတော့ ငါမသိဘူး။”
“အဲ့ဒါက ဘယ်သူ့ရဲ့အားအင်စုဖြစ်နိုင်မလဲ။ တိလင်းလား၊ ရွှမ်းယွမ်လား။ ဒါမှမဟုတ် နိုင်ငံခြားအုပ်စုတစ်ခုခုလား။”
“ဘယ်သူသိမှာလဲ။ ဒါက အရင်ကကမ္ဘာမဟုတ်တော့ မီတာကို စစ်ကြည့်လို့မရသလို လူမှုရေးဆက်ဆံရေးကိုလည်း ကြည့်လို့မရဘူး။”
“ဒါပေမယ့် သူဌေးက သူ့ကိုတိုက်ရိုက်မသတ်ပစ်လိုက်ဘူးလား။ သူဌေးက ဒီလောက်ထိ ကြင်နာတတ်တဲ့လူလား။”
“ကြင်နာတာတော့ မဟုတ်သင့်ဘူး။ ကျုပ် သူဌေးရဲ့စဉ်းစားတွေးခေါ်ပုံကို ခန့်မှန်းလို့ရတယ်။”
“ငါ့ကို အမြန်ပြောပြစမ်းပါ။”
ရှောင်းယီသည် သူတို့၏စကားပြောဆိုမှုများကို မြင်လိုက်ရသောအခါ ပြုံးလိုက်ပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။
“ထိုးထွင်းသိမြင်နိုင်တဲ့လူတွေ အများကြီးရှိနေသေးပုံပဲ။ မင်းတို့ ငါ့ရဲ့အတွေးတွေကို အမှန်တကယ်နားလည်နိုင်မလားဆိုတာ ကြည့်ရအောင်။”
“ဒီကမ္ဘာမှာ ငါတို့က ဘာကိုအားကိုးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေကြရတာလဲ။”
“ဒါက ပြောစရာတောင်မလိုတော့ဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၊ ပစ္စည်းသေတ္တာနဲ့ ကျွန်းပေါ်က အသစ်ပြန်လည်ဖြစ်ပေါ်မှုပဲလေ။”
“အဲ့ဒီသုံးခုထဲက ဘယ်ဟာကို ငါတို့ထိန်းချုပ်နိုင်လဲ။”
“ဘယ်ဟာကို ထိန်းချုပ်နိုင်ရမှာလဲ။ ဘယ်ဟာကိုမှထိန်းချုပ်လို့မရဘူး။”
“မဟုတ်သေးဘူး။ ကျုပ်တို့ထိန်းချုပ်နိုင်တာက ပစ္စည်းသေတ္တာအရေအတွက်ပဲ။ ပစ္စည်းသေတ္တာအရေအတွက်က ကျုပ်တို့ဖွင့်လိုက်တဲ့ အုတ်မြစ်ကျောက်အရေအတွက်ကို ဆုံးဖြတ်ပေးတယ်။ အုတ်မြစ်ကျောက်အရေအတွက်ကလည်း ကျွန်းရဲ့ အသစ်ပြန်လည်ဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေတယ်။”
“မင်းပြောချင်တာက သူဌေးက အသက်ရှင်ကျန်ရစ်သူတစ်ယောက်ကိုသတ်လိုက်ရင် ကျုပ်တို့အားလုံးအနေနဲ့ ပစ္စည်းသေတ္တာအနည်းဆုံးသုံးခု ဆုံးရှုံးသွားမယ်လို့ဆိုလိုတာလား။”
“ဟုတ်တယ်။ အခုလူတစ်ယောက်က တစ်ရက်ကိုပြန်လည်ဖြည့်သွင်းပေးထားတဲ့ ပစ္စည်းသေတ္တာခြောက်ခုနဲ့ ကိုက်ညီတယ်။ ပစ္စည်းသေတ္တာတစ်ခုစီက ပျမ်းမျှအားဖြင့် အုတ်မြစ်ကျောက်တစ်ခုကနေ နှစ်ခုအထိ ဖွင့်လို့ရနိုင်တယ်။ လူတစ်ယောက်နည်းသွားရင် ရှားနိုင်ငံအနေနဲ့ အုတ်မြစ်ကျောက်ခြောက်ခုကျော် ဆုံးရှုံးသွားလိမ့်မယ်။ တချို့အပျင်းထူတဲ့သူတွေက ပစ္စည်းသေတ္တာအချို့ကို လွတ်သွားနိုင်ပေမယ့် ကျုပ်တို့က စုစုပေါင်းအားဖြင့် ဆုံးရှုံးနေဆဲပဲ။”
“ဒါဆို သူဌေး သူ့ကိုမသတ်ရတဲ့ခြင်းအကြောင်းရင်းက ရှားနိုင်ငံက လူတွေအားလုံး နောက်ကျမကျန်ခဲ့စေချင်လို့ပေါ့။”
“အဲ့ဒီလောက်ထိလည်း မြင့်မြတ်မနေသေးဘူး။ ဒါက သူကိုယ်တိုင် အုတ်မြစ်ကျောက်ပိုရနိုင်ဖို့အတွက်ပဲ။ မင်းပြောတာက နောက်ဆက်တွဲ အသေးအမွှားအကျိုးဆက်လေးပဲ။”
“မဖြစ်နိုင်ဘူး...ဒါဆို အရင်က ယီရန်ပင်းသူဌေးက လက်နက်တွေ၊ ကျည်ဆန်တွေကို ဈေးချိုချိုနဲ့ရောင်းခဲ့တာကလည်း ဒီအတွက်ကြောင့်ပဲလား။”
“မဟုတ်ရင်ရော...မင်းက သူလုပ်နေတာတွေက ရှားနိုင်ငံက လူအားလုံး ပြန်လည်ထွန်းကားလာရေးအတွက်လို့ တကယ်ကြီး ထင်နေတာလား။ သူ့မှာ ဒီလိုအတွေးမျိုးရှိတယ်ဆိုရင်တောင်မှ အခုက အဲ့အကြောင်းစဉ်းစားရမယ့်အချိန် မဟုတ်သေးဘူး။ အခုသူစဉ်းစားနေတာက သူကိုယ်သူ အရင်အားကောင်းအောင်လုပ်ဖို့ပဲ။”
“သေစမ်း.. မင်းရှင်းပြလိုက်မှ ယီရန်ပင်းသူဌေးရဲ့အရောင်းသမားပုံရိပ်က ပိုပြီးမြင့်တက်သွားသလို ခံစားလိုက်ရပြီ။”
“မဟုတ်ဘူးလို့ ဘယ်သူကပြောတာလဲ။ သွားပြီ...သွားပြီ။ သူဌေးရဲ့ဂုဏ်သတင်းကျော်ကြားတဲ့ပုံရိပ်ကတော့ ချက်ချင်းပျက်စီးသွားပြီ။”
“မင်း အဲ့လိုတော့ ပြောလို့မရဘူး။ သူဌေးရဲ့ရည်ရွယ်ချက်က ဘယ်လိုပဲဖြစ်ဖြစ် သူကအဆင့်မြင့်အစားအစာတွေ၊ အဆင့်မြင့်လက်နက်တွေကို ထောက်ပံ့ပေးနေတာပဲမဟုတ်ဘူးလား။”