← Chapters

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း ၅၁၄ - ရေသူမ ထွက်ခွာမသွားသေးဘူး၊ ခရီးသွားတွေ မြင်သွားပြီ

“ဒါကတော့ အမှန်ပဲ။ သူဌေးရဲ့အဆင့်မြင့်လက်နက်တွေသာမရှိရင် ငါ့ကျွန်းက ဒေသခံတွေလက်ထဲ ရောက်သွားတာကြာပြီ။”

“ဟုတ်တယ်...ဘယ်လိုပဲကြည့်ကြည့် အနည်းဆုံးတော့ သူဌေးက ငါတို့အသက်ရှင်နိုင်အောင် ကူညီပေးခဲ့တာပဲ။ ကျန်တာတွေကို ဂရုမစိုက်တော့ဘူး။ သူဌေးက အလှူအတန်းလုပ်နေတာမှဟုတ်တာ အမြတ်အစွန်းတော့ ယူရမှာပေါ့။”

“မှန်တယ်...အမြတ်အစွန်းရှိလို့ပဲ သူဌေးရဲ့အဆင့်မြင့်အစားအစာတွေ၊ လက်နက်တွေ ဝယ်တဲ့အခါမှာ စိတ်ချရတာ။ အကျိုးအမြတ်လုံးဝမရှိဘဲ သူဌေးကမင်းကိုဒီလိုမျိုးထောက်ပံ့ပေးနေရင် မင်းလက်ခံရဲမှာလား။”

“ဒီလိုဆိုပြန်တော့လည်း မှန်သားပဲ။ ရုတ်တရက် စိတ်ရှင်းသွားပြီ။”

ရှောင်းယီသည် သူတို့၏ဆွေးနွေးမှုများကို ကြည့်ရှုကာ အနည်းငယ်ခေါင်းညိတ်လိုက်မိသည်။ ထိုသူသည် သူ၏အတွေးများကို အမှန်တကယ် ဖော်ပြလိုက်ခြင်းပင်။

လက်ရှိအချိန်တွင် ရှောင်းယီသည် အသက်ရှင်ကျန်ရစ်သူများအကြား သေဆုံးမှုများကို အနည်းဆုံးဖြစ်အောင် ကြိုးစားပြီး အုတ်မြစ်ကျောက်ရရှိမှု စုစုပေါင်းအရေအတွက်ကို မကျဆင်းစေရန် သေချာစေရမည်ဖြစ်သည်။

ရှောင်းယီသည် ထိုင်နေရာမှထရပ်ကာ အပန်းဖြေစခန်းဆီသို့ လျှောက်လာခဲ့လိုက်သည်။ လာရောက်အနားယူကြသည့် အသက်ရှင်ကျန်ရစ်သူအများစုသည် ဖျော်ဖြေရေးမြို့တော်သို့ သွားရောက်ခဲ့ကြပြီး ဘားတွင် လူအနည်းငယ်သာ ကျန်ရှိတော့သည်။

ရှောင်းယီသည် ထောင့်တစ်နေရာကိုရှာဖွေကာ ဝင်ထိုင်လိုက်သည်။ ဒူခန်းသည် ချက်ချင်းပင် SS အဆင့် ဘီယာတစ်ခွက်ကို ချပေးလိုက်လေသည်။ ဖောက်သည်များမရှိသောကြောင့် သူသည်လည်း ရှောင်းယီ၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေသည်။

“ဒီနေ့ဘားရဲ့လုပ်ငန်းက အခြေအနေဘယ်လိုရှိလဲ။”

ရှောင်းယီက မေးလိုက်သည်။

“အဆင်ပြေပါတယ်။ အုတ်မြစ်ကျောက်တစ်ရာ၊ နှစ်ရာလောက်တော့ ရနိုင်တယ်။”

ဒူခန်းက ပြန်ဖြေလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒီည နောက်ထပ်လှိုင်းတစ်ခုရှိသင့်တယ်။ နောက်ပိုင်းမှာ မင်းတာဝန်တွေကိုလွှဲပြောင်းပေးပြီး ကိုယ်တိုင်အပြင်ထွက်ကြည့်သင့်တယ်။”

“အပြင်ကို ပိုထွက်ရမှာလား။”

ဒူခန်းက ရှောင်းယီကို ဇဝေဇဝါဖြင့်ကြည့်ကာမေးလိုက်သည်။

“နောက်ပိုင်း ဒီနေရာမှာ ငါတို့မရှိရင် ဒီအပန်းဖြေစခန်းရဲ့အမိန့်အာဏာကို မင်းနဲ့ပဲအပ်ထားခဲ့ရမှာ။”

ရှောင်းယီက ပြောလိုက်သည်။

ဒူခန်း ချက်ချင်းနားလည်သွားခဲ့သည်။ ကျွန်းပိုင်ရှင်သည် မုတ်ဆိတ်မွှေးနှင့်လူကြီး ပြဿနာရှာခဲ့သည့်အကြောင်း သိသွားခဲ့ပုံပင်။

“ဟုတ်ကဲ့ ကျုပ်ကိုသာ အပ်ထားလိုက်ပါ။”

ဒူခန်းက ချက်ချင်းတုံ့ပြန်လိုက်သည်။

“ဪ ဟုတ်သားပဲ ကျွန်းပိုင်ရှင်...ဒီနေ့အပူချိန်ကျသွားသလိုပဲနော်။”

ရှောင်းယီသည် အပြင်ဘက်ကိုကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“တကယ်ပဲ မနေ့ကထက်နိမ့်လာတယ်။ ဖြည်းဖြည်းချင်း ပိုအေးလာတော့မယ်ထင်တယ်။”

“ဒီတစ်ခါ နှစ်ပတ်လောက်ပူလိမ့်မယ် ထင်တယ်။”

ဒူခန်းက ပြောလိုက်သည်။

“ဟုတ်တယ်...ဒီကမ္ဘာရဲ့စည်းမျဉ်းတွေဘာလဲဆိုတာ တကယ်မသိတော့ဘူး။ ငါတို့အရင် ဒီကိုရောက်လာတုန်းက ရာသီဥတုက တစ်ပတ်တစ်ခါ ပြောင်းတယ်။ အခုကျတော့ နှစ်ပတ်တစ်ခါပြောင်းနေသလိုပဲ။”

ရှောင်းယီသည်လည်း အနည်းငယ် မျှော်လင့်ချက်ကင်းမဲ့နေခဲ့သည်။

“ဒီကမ္ဘာရဲ့နောက်ကွယ်ကအင်အားစုက အရမ်းစွမ်းအားကြီးလောက်တယ်မဟုတ်လား။ သူတို့က သူတို့စိတ်ကြိုက်လုပ်လို့ရတယ်ဆိုတော့လေ။”

ဒူခန်းက ပြောလိုက်သည်။

ရှောင်းယီက သူ၏လက်ကို ခါယမ်းပြီး ပြန်ဖြေလိုက်သည်။

“ငါတို့ရဲ့စွမ်းအားက မလုံလောက်သေးသ၍တော့ သူတို့နဲ့ အတူလျှောက်သွားရုံပဲပေါ့။”

“အိုး...မှန်ပါတယ်။ ဒါနဲ့ ကျွန်းပိုင်ရှင် မနေ့က ရေသူမတစ်ကောင်ဖမ်းမိခဲ့တယ် ကျုပ်ကြားခဲ့တယ်။”

ဒူခန်းက တိုးတိုးလေးမေးလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

“ဒီကိစ္စက အတော်လေးရှုပ်ထွေးတယ်။ အခုချိန်မှာ ငါ ဝင်မပါချင်သေးဘူး။ အဲ့ဒါကြောင့် သူမကိုလွှတ်ပေးလိုက်ပြီ။”

ဒူခန်းသည် လိမ္မာပါးနပ်စွာဖြင့် ထိုအကြောင်းကို ထပ်မမေးတော့ဘဲ ထိုအစား တခြားအကြောင်းအရာသို့ ပြောင်းလဲလိုက်သည်။

“ကျွန်းပိုင်ရှင် A-အဆင့်ကနေ S-အဆင့်ကို ဘယ်လိုမြှင့်တင်ခဲ့တာလဲ။ ကျုပ် အဆင့်တက်သင့်ပြီလို့ထင်ပေမယ့် A-အဆင့်ရဲ့ အထွတ်အထိပ်မှာပဲကပ်နေပြီး မတက်နိုင်ဘူး။”

ရှောင်းယီ အံ့အားသင့်သွားခဲ့သည်။ သူသည် အဆင့်မြှင့်တင်ရေးကဒ်ကို အသုံးပြု၍ တိုးမြှင့်ခဲ့ခြင်းပင်။ သူ့တွင် ကိုယ်ပိုင်အဆင့်တက်မှုအတွေ့အကြုံများ မရှိပေ။

သို့သော် ကျန်းယွင်ထျန်း၏အဆင့်တက်မှုနည်းလမ်းကိုမူ သူသိပေသည်။ သူသည် တိုက်ခိုက်မှုမှတစ်ဆင့် အဆင့်တက်ခဲ့ခြင်းပင်။

ဒူခန်းကိုယ်တိုင်သည်မူ အတော်အတန်အားကောင်းသော စုပ်ယူနိုင်မှုပါရမီကို ပိုင်ဆိုင်ထားခဲ့သော်လည်း တိုက်ပွဲများတွင် ပါဝင်ခဲ့ခြင်းမရှိဘဲ အတော်လေး လျော့ရဲနေခဲ့ပြီး ထို့ကြောင့် ဤနေရာတွင် ရပ်နေကာ အဆင့်မတက်နိုင်ခြင်းဖြစ်သည်။

“မင်း တိုက်ပွဲတွေမှာပါဝင်ဖို့ လိုကောင်းလိုလိမ့်မယ်။”

ရှောင်းယီက ပြောလိုက်သည်။

“အမ်...ဒါဆိုရင်တော့ မေ့လိုက်ပါတော့။ A-အဆင့်ကလည်း ကောင်းပါတယ်။”

ဒူခန်းသည် ဘီယာချက်ခြင်းနှင့် ဘားအားတာဝန်ယူခြင်းကိုသာ ပို၍နှစ်သက်ပေသည်။

အချိန်ရသည့်အခါ သူသည် လာရောက်လည်ပတ်သူများနှင့် စကားပြောရယ်မောနိုင်ပေသည်။

ဘဝက ဒီလိုမျိုးနေရတာ အရမ်းသက်တောင့်သက်သာရှိတာကို ဘာလို့သွားတိုက်ရမှာလဲ။

ရှောင်းယီသည် သူ၏အနည်းငယ်ပျင်းရိနေသောအသွင်အပြင်ကိုကြည့်ကာ ပြောလိုက်သည်။

“ဒါပေမယ့်နောက်ပိုင်းမှာ ငါတို့က A-အဆင့်ထက်မြင့်တဲ့ရန်သူတွေကို အမြဲတွေ့ရမှာပဲ။ မင်းက A-အဆင့်မှာပဲကပ်နေပြီး ထပ်မရွေ့တော့ဘူးလား။”

ဒူခန်းသည် အနည်းငယ်ကြောင်အသွားပြီးနောက် ခါးသီးနေသောမျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

“ကောင်းပါပြီ...ကျုပ် အစ်ကိုကျန်းဆီသွားပြီး သင်ယူကြည့်လိုက်မယ်။”

“အင်း ကိုယ့်ကိုယ်ကို မတွန်းအားမပေးပါနဲ့။ ဒါပေမယ့် လျော့လည်းမလျော့ရဲစေနဲ့။”

ရှောင်းယီသည် သူ့ခွက်ထဲကဘီယာများကို ကုန်အောင်သောက်ပစ်ပြီးနောက် ထရပ်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”

ဒူခန်းက တုံ့ပြန်လိုက်သည်။

ရှောင်းယီသည် ဖျော်ဖြေရေးမြို့တော်ကို ဖြတ်သန်းသွားစဉ် ဆူညံနေသောအသံများဖြင့် အလွန်အသက်ဝင်စည်ကားနေပြီဖြစ်သည်။ ဤအရာများအားလုံးသည် စင်ကြယ်သောအဖြူရောင်အုတ်မြစ်ကျောက်များ ဖြစ်လေသည်။

ဤသို့တွေးပြီးနောက် ရှောင်းယီသည် လှည်းပေါ်တက်ကာ ပြန်လည်ပြေးထွက်သွားခဲ့လေသည်။

နေ့လည်စာစားချိန်ရောက်ပြီ။

နေ့လည်စားပြီးနောက် ရှောင်းယီသည် သူ၏အိပ်ခန်းသို့ပြန်သွားကာ နေ့လယ်ခင်း တစ်ရေးတစ်မောအိပ်ရန် ပြင်လိုက်သည်။

သူ အိပ်ပေါ်လှဲလိုက်ပြီးနောက် ဆယ်မိနစ်မပြည့်ခင်အချိန်မှာပင် ဝေါ်ကီတော်ကီမှ မြည်လာခဲ့လေသည်။

“ကျွန်းပိုင်ရှင် အပန်းဖြေစခန်းက ခရီးသွားတွေထဲက တစ်စုံတစ်ယောက်က ရေသူမတစ်ကောင်ကို တွေ့ခဲ့တယ်။”

ဒူခန်း၏အသံ ထွက်ပေါ်လာခဲ့သည်။

ရှောင်းယီသည် ချက်ချင်းပင် အိပ်ချင်စိတ်ပျောက်သွားကာ မေးလိုက်သည်။

“ဘယ်သူတွေ့တာလဲ၊ ဘယ်နေရာမှာလဲ။”

“ကမ်းခြေနားမှာလို့ထင်တယ်။”

ဒူခန်းက ပြန်ဖြေသည်။

“တစ်ယောက်ထက်ပိုပြီးတွေ့ခဲ့တာ။”

ရှောင်းယီ၏မျက်ခုံးများ ချက်ချင်းပင် စုကြုံ့သွားခဲ့သည်။

သူ အဲ့ဒီရေသူမကို ပြန်ပို့လိုက်ပြီမဟုတ်ဘူးလား။

ချင်းလုံကိုလည်း သူ့ကိုမောင်းထုတ်ဖို့နဲ့ သူ့ကျွန်းနားကို မချဉ်းကပ်ဖို့ ပြောခဲ့တယ်မဟုတ်ဘူးလား။

ရှောင်းယီသည် ချက်ချင်းပင် အပန်းဖြေစခန်းသို့ အလျင်အမြန် ထွက်လာခဲ့လေသည်။

“စောစောကရေသူမက တကယ်လှတယ်ကွာ...။”

“ဟုတ်တယ်...ငါလည်းတွေ့လိုက်တယ်။ သူမရဲ့အမြီးကိုသာမတွေ့ခဲ့ရင် အသက်ရှင်ကျန်ရစ်သူတစ်ယောက် ရေထဲကျသွားတယ်လို့တောင် ထင်မိမှာ။”

“ရေသူမရဲ့အမြီးကို မင်းတွေ့လိုက်တာ သေချာလား။”

“ဒါပေါ့... ဒီအပန်းဖြေစခန်းဘေးတစ်ဝိုက်ကရေက အရမ်းကြည်တယ်။ အဲဒါက ခြေထောက်နှစ်ချောင်းမဟုတ်ဘူးဆိုတာ ငါအာမခံနိုင်တယ်။”

“သူတို့ အမှားလုပ်မိတယ်ဆိုရင်တောင် ရေထဲငုပ်သွားပြီးတော့ အဲ့ဒီသတ္တဝါက ရေအောက်မှာ ဘယ်လောက်ကြာကြာနေနိုင်သလဲကြည့်လိုက်။ ဒီနှစ်ဖက်စလုံးက ပွင့်လင်းနေတဲ့ပင်လယ်ပြင်ချည်းပဲ။ ပြီးတော့ ဘယ်သူကမှ ရေမျက်နှာပြင်‌ပေါ်ကို ပြန်ပေါ်တာ မတွေ့ခဲ့ရဘူး။ သာမန်လူက ဒီလောက်အကြာကြီး ရေအောက်မှာ မနေနိုင်ဘူး။”

“ဒီကမ္ဘာမှာ တကယ်ပဲ ရေသူမတွေရှိနေတာပဲ။ ငါ့မျက်စိကိုအစာကျွေးဖို့ တစ်ကောင်လောက် ဖမ်းသွားချင်မိတယ်။”

“ကျစ်...မင်းရဲ့မျက်စိကိုအစာကျွေးချင်ရုံပဲဆိုတာသေချာလို့လား။”

“ငါတို့အားလုံးယောက်ျားတွေပဲလေ။ မင်းနားလည်ပါတယ်။ အဲ့တော့ ဘာလို့ထုတ်ပြောရမှာလဲ။”

“အစ်မ အဲ့ဒါက တကယ်ပဲရေသူမဆိုတာကို ရှင်တွေ့လိုက်လား။”

ပန်ပျန့်ထျန်းက ခေါင်းညိတ်ပြီး စိုးရိမ်နေသည့်မျက်နှာအမူအရာဖြင့် ပြန်ဖြေလိုက်သည်။

“အဲ့ဒါတကယ်ပဲ။ ငါ လုံးဝမမှားနိုင်ဘူး။”

အခြားသူများသည် ဒဏ္ဍာရီလာသတ္တဝါအကြောင်း စူးစမ်းလိုစိတ်ရှိကြသော်လည်း ပန်ပျန့်ထျန်းသည်မူ ၎င်းသည် အသက်ရှင်ကျန်ရစ်သူများအတွက် ရန်သူအသစ်ဖြစ်နေမည်အား စိုးရိမ်နေခဲ့သည်။

ရှောင်းယီသည်လည်း အလျင်အမြန် ရောက်ရှိလာခဲ့သည်။ ဒူခန်းသည် ရေသူမကိုမြင်တွေ့ခဲ့သော အသက်ရှင်ကျန်ရစ်သူများကို မေးမြန်းပြီးဖြစ်ကာ အချက်အလက်အားလုံးကို စုစည်းထားခဲ့သည်။

ရှောင်းယီသည် အသက်ရှင်ကျန်ရစ်သူများကို ကိုယ်တိုင်မေးမြန်းခြင်းမပြုတော့ဘဲ ဒူခန်းဖော်ပြထားသည့်နေရာအတိုင်း သွားရောက်ကြည့်ရှုလိုက်လေသည်။

ဘာတစ်ခုမှ မတွေ့ခဲ့ရသောကြောင့် သူသည် အပန်းဖြေစခန်းမှထွက်သွားပြီး ချင်းလုံကိုခေါ်ကာ မေးလိုက်သည်။

“ဘာလို့ အဲ့ဒီရေသူမက ငါတို့ကျွန်းနားမှာရှိနေသေးတာလဲ။”

“ကျုပ်တို့ကျွန်းနားမှာလား။”

ချင်းလုံက ရှောင်းယီကို စိတ်ရှုပ်ထွေးနေသော အကြည့်များဖြင့်ကြည့်ကာ ပြောလိုက်သည်။

“ကျုပ် ကျွန်းရဲ့ပတ်ပတ်လည်ကို ကိုယ်တိုင်စစ်ဆေးပြီးပြီ။ မင်းပြောတဲ့ရေသူမကို မတွေ့ခဲ့ပါဘူး။”

ချင်းလုံ၏ပြန်ကြားချက်ကို ကြားလိုက်ရသောအခါ ရှောင်းယီ အလွန်အံ့အားသင့်သွားခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ။ ရေသူမကို မင်းမတွေ့ဘူးဆိုတာသေချာလား။”

ချင်းလုံသည် ၎င်း၏ကြီးမားသောနဂါးခေါင်းကြီးကို ညင်သာစွာညိတ်ပြကာ ပြန်ဖြေလိုက်သည်။

“ပြီးတော့ ကျုပ် အော်ကာမျိုးနွယ်ကိုလည်း ကင်းလှည့်ဖို့ခေါ်သွားခဲ့သေးတယ်။ ကျုပ်တို့တကယ်ပဲ အဲ့ဒီရေသူမကို မတွေ့ခဲ့ဘူး။”

ထိုစကားကိုကြားရသည်နှင့် ရှောင်းယီ၏မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

“ဒါက ဒီရေသူမက မရိုးရှင်းဘူးဆိုတာကို ပြနေတာပဲ။”

စာချုပ်၏စွမ်းအားကြောင့် ချင်းလုံက သူ့ကိုလုံးဝလိမ်ညာလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် တစ်ခုတည်းသောဖြစ်နိုင်ခြေမှာ ရေသူမသည် ချင်းလုံ၏ရှာဖွေမှုကို ရှောင်ရှားနိုင်ခဲ့ခြင်းပင်ဖြစ်သည်။

အခန်း ၅၁၅ - ပျော်ရွှင်ဖွယ်ပူးပေါင်းဆောင်ရွက်မှု၊ ဘာသာပြန်ဆိုခြင်း၊ ထောက်လှမ်းရေးသတင်း

“ချင်းလုံ ကျွန်းပတ်လည်မှာ ဆက်ပြီးရှာဖွေထား။ မင်းရှာတွေ့ရင် တစ်ခါတည်းခေါ်လာခဲ့။”

ရှောင်းယီက ပြောသည်။

“ဟုတ်ကဲ့”

ချင်းလုံက တုံ့ပြန်လိုက်ပြီး ရေထဲပြန်ဆင်းသွားကာ ရှာဖွေမှုကို စတင်လိုက်လေသည်။

ခရီးသွားများနှင့် ပတ်သက်၍ ရှောင်းယီက အရောတဝင်မလုပ်ရန် ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတွင် လူများစွာ မြင်တွေ့ခဲ့ကြပြီးသွားပြီဖြစ်ပြီး လူတိုင်းကို နှုတ်ပိတ်၍မရနိုင်ပေ။

အခြားအသက်ရှင်ကျန်ရစ်သူများအား ဤသတင်းမျိုးနှင့် ထိတွေ့စေခြင်းသည် ၎င်းတို့အား ကြိုတင်စိတ်ပိုင်းဖြတ်ထားရန် ပြင်ဆင်ပေးသည်ဟုလည်း ယူဆနိုင်ပေသည်။

အပန်းဖြေစခန်းရှိ အသက်ရှင်ကျန်ရစ်သူများသည် စောစောက တွေ့ခဲ့ရသော ရေသူမအကြောင်းကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေဆဲဖြစ်ပြီး ၎င်းကို အထူးသမုဒ္ဒရာသတ္တဝါတစ်မျိုးအဖြစ် သဘောထားခဲ့ကြသည်။

ချင်းလုံသည် မွန်းလွဲမှ ညနေ ၄ နာရီကျော်အထိ ရှာဖွေခဲ့သော်လည်း ဘာကိုမျှမတွေ့ရှိခဲ့ပေ။

သို့သော် ရှောင်းယီသည် ထိုရေသူမမှာ သူ၏ကျွန်းအနီးတွင် ရှိနေသင့်သည်ဟု ခံစားနေခဲ့ရပြီး ချင်းလုံနှင့် ဝေလငါးမန်းများ၏ ရှာဖွေမှုကို မည်သို့ရှောင်ရှားနေသည်ကိုသာ မသိခြင်းဖြစ်ပေသည်။

လောလောဆယ် ရှာမတွေ့နိုင်တော့သောကြောင့် ရှောင်းယီသည် အနည်းငယ်မျှော်လင့်ချက်ကင်းမဲ့သွားခဲ့ပြီး ချင်းလုံနှင့် ပင်လယ်ပြင်ကင်းလှည့်နေသော စစ်သားများအား ဤရေသူမအပေါ် ပိုမိုအာရုံစိုက်ရန်သာ ပြောနိုင်တော့လေသည်။

ထိုအချိန်တွင် ရှောင်းယီမှ ရေခရမ်းချဉ်သီးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေလွှတ်လိုက်သောအဖွဲ့မှ သတင်းပြန်ရောက်လာခဲ့သည်။

ထိုဒေသခံကျွန်းရှိ ယမ်းစိမ်းနှင့် ဆာလဖာသတ္တုတွင်းများကို လုံးဝတူးဖော်သန့်စင်ပြီးဖြစ်ကာ လေမျိုးနွယ်စု၏သတ္တုတွင်းများထက်ပင် ပိုမိုအထွက်ကောင်းခဲ့ပေသည်။

ယမ်းမှုန့်ကုန်ကြမ်းများအတွက် လောလောဆယ် စိုးရိမ်စရာမလိုတော့ပေ။

ယခင်သဘောတူထားသည့် အချိုးအစားအတိုင်း ၎င်း၏ ၃၀% ကို ရေခရမ်းချဉ်သီးထံသို့ လွှဲပြောင်းပေးလိုက်သည်။

ရေခရမ်းချဉ်သီးသည်လည်း ထိုဒေသခံမျိုးနွယ်စုရှိ လူအားလုံးကိုလည်း သင်္ဘောပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။ နေရာလုံလောက်မှုမရှိသောကြောင့် သူသည် မဟာမိတ်အဖွဲ့အတွင်းမှ ရွက်သင်္ဘောကြီးတစ်စီးကို လဲလှယ်ခဲ့ရသည်။

ရှောင်းယီဘက်မှ စွမ်းအင်ပြွန်ဖြင့် ဦးတည်ချက်ကျောက်ကို အားသွင်းပြီးနောက် သူတို့သည် ချက်ချင်းပင် ရေခရမ်းချဉ်သီး၏ကျွန်းသို့ ပြန်ရောက်လာခဲ့ကြလေသည်။

“ဒီဟာက တကယ်အဆင်ပြေတာပဲ။ ငါ့မှာသာ ဒီလိုအားသွင်းတဲ့ကိရိယာရှိမျိုးရင် တော်တော်ကောင်းမယ်။”

ရေခရမ်းချဉ်သီးသည် အလွန်အမင်း မနာလိုအားကျဖြစ်နေခဲ့သော်လည်း အားကျရုံပင်။

မဟာမိတ်အဖွဲ့ခေါင်းဆောင်သည် ဒေသခံအများအပြားအား ခေါ်ဆောင်လာသည်ကို မြင်လိုက်ရသော အခါ အဖွဲ့ဝင်များသည်လည်း စိတ်လှုပ်ရှားသွားခဲ့ကြသည်။

ဤအရာများအားလုံးသည် ၎င်းတို့၏ အလုပ်သမားအင်အားဖြစ်လာမည်ဖြစ်သည်။

“သူဌေး ဒီပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။”

ရေခရမ်းချဉ်သီးက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ရှောင်းယီဆီသို့ သီးသန့်စာတစ်စောင် ပေးပို့လိုက်လေသည်။

“နောက်ပိုင်းမှာ ဒီလိုမျိုးအားသွင်းနိုင်မယ့်အခွင့်အရေးကို ခင်ဗျားဆီကဝယ်လို့ရနိုင်မလားဆိုတာ သိချင်မိပါတယ်။”

“ရပါတယ်။ ခင်ဗျားနဲ့ပူးပေါင်းဆောင်ရွက်ရတာကို ကျုပ်လည်း ဝမ်းသာမိပါတယ်။ အားသွင်းတဲ့ကိစ္စနဲ့ပတ်သက်ရင်တော့ ကျုပ်တို့အဖွဲ့ထဲမှာ ဆွေးနွေးပြီးမှ အများသူငှာအတွက် ဖွင့်လှစ်ခြင်းရှိ၊မရှိကို ဆုံးဖြတ်ရမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကောင်းပါပြီ။”

ရေခရမ်းချဉ်သီးက ပြောလိုက်သည်။

“စကားမစပ် ကျုပ် ဒီမှာ သစ်သားအိမ်သုံးလုံးလောက် ထပ်ပြီးဝယ်ဖို့ လိုအပ်နေတယ်။ သူဌေးဆီမှာ ရှိသေးလားမသိဘူး။”

“ရှိပါတယ်။ အိမ်တစ်လုံးကို အုတ်မြစ်ကျောက် ၂၀။ လိုချင်လား။”

ရှောင်းယီက မေးလိုက်သည်။

“ဒါပေါ့...။”

ရေခရမ်းချဉ်သီးက ပြန်ဖြေလိုက်ပြီး အုတ်မြစ်ကျောက် ၆၀ ကို ချက်ချင်းပေးချေလိုက်လေသည်။

ရှောင်းယီသည် သစ်သားအိမ်ပုံစံကွက်ကို ပထမဆုံးရရှိခဲ့စဉ်က သစ်သားအိမ်တစ်လုံးကို အုတ်မြစ်ကျောက် ၅၀ ဖြင့် ရောင်းချခဲ့ကြောင်း သိထားရမည်ဖြစ်ပြီး ယခုတွင် စျေးနှုန်းမှာ ကျဆင်းသွားပြီဖြစ်သည်။

ရေခရမ်းချဉ်သီးသည် သူဝယ်ယူလိုက်သော သစ်သားအိမ်သုံးလုံးကို သဘာဝအတိုင်း မှော်ဆရာများနှင့် လူမျိုးစုသုံးစု၏ ခေါင်းဆောင်များအတွက် ပြင်ဆင်ထားခြင်းဖြစ်ပေသည်။ အခြားဒေသခံများသည်မူ ၎င်းတို့၏ကိုယ်ပိုင်အိမ်များကို သူတို့ဘာသာ တည်ဆောက်ရမည်ဖြစ်သည်။

ဝယ်ယူထားသော သစ်သားအိမ်များကို ဘေးရှိ နေရာလွတ်တွင် ထားရှိပြီးနောက် ရေခရမ်းချဉ်သီးသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ စာမျက်နှာကို ယီထျန်းဂရုသို့ ပြောင်းလိုက်လေသည်။

“သူဌေးရေခရမ်းချဉ်သီးကို မေးရဦးမယ်။ ယီရန်ပင်းသူဌေးရဲ့ဘာသာပြန်က ဘယ်လိုနေလဲ။ အသုံးပြုရလွယ်ကူရဲ့လား။”

သူပြောင်းလိုက်သည်နှင့် ရေခရမ်းချဉ်သီးသည် ထိုစာကြောင်းကို မြင်လိုက်ရပြီး ချက်ချင်းပြန်ဖြေလိုက်သည်။

“ဒါပေါ့။ ကျုပ်တို့ ဘာအဟန့်အတားမှမရှိဘဲ ဆက်သွယ်နိုင်တယ်။ တစ်ခွန်းပြောကြည့်လိုက်ရုံနဲ့ အရမ်းအံ့ဩစရာကောင်းတယ်။”

“တကယ်လား။ ကျုပ်လည်း ဘာသာပြန်ငှားရမယ်ထင်တယ်။”

ယနေ့အထိ မဟာမိတ်အဖွဲ့တစ်ခုထက်ပိုပြီး ဒေသခံအကျဉ်းသားများကို ဖမ်းဆီးထားခဲ့ကြပြီးဖြစ်သည်။ ယခုအခါ သူတို့သည် လက်ဟန်ခြေဟန်များနှင့် ခန့်မှန်းချက်များဖြင့်သာ ဆက်သွယ်နိုင်ကြပေသည်။

ယခင်က ယီရန်ပင်း၏ကျွန်းပေါ်တွင် ရှားဘာသာစကားပြောတတ်သော ဒေသခံများရှိကြောင်းကြားလိုက်ရသောအခါ သူတို့သည် ၎င်းတို့ အမှန်တကယ်ရှိခြင်း ဟုတ်၊မဟုတ် သို့မဟုတ် ယီရန်ပင်းကျွန်းရှိ ဒေသခံများသည် ရိုးရှင်းသောဝါကျအနည်းငယ်သာ ပြောနိုင်မည်ကို စိုးရိမ်နေခဲ့ကြပေသည်။ ယခုတွင် တစ်စုံတစ်ဦးက သူတို့အတွက်စမ်းသပ်ပေးပြီးပြီဖြစ်သောကြောင့် ၎င်းတို့သည်လည်း စိတ်သက်သာရာရသွားခဲ့ကြသည်။

ရေခရမ်းချဉ်သီးသည်လည်း လူတိုင်းတွေးနေသည့်အကြောင်းအရာကို သဘောပေါက်ပေသည်။ သူသည် အနာဂတ်တွင် သူဌေး၏အားသွင်းကိရိယာအား လိုအပ်မည့်အကြောင်းကို ထည့်သွင်းစဉ်းစားကာ ထပ်မံပြောဆိုလိုက်သည်။

“လူတိုင်းပဲ စိတ်မပူကြပါနဲ့။ ယီရန်ပင်းသူဌေး စီစဉ်ပေးလိုက်တဲ့ဘာသာပြန်ရဲ့ ရှားဘာသာစကားအဆင့်က နေ့စဉ်ဆက်သွယ်ရေးလိုအပ်ချက်တွေကို ဧကန်မုချ ဖြည့်ဆည်းပေးနိုင်ပါတယ်။ ပြီးရင်လည်း နောက်ပိုင်းမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေ အဝေးကနေ သင်ကြားပေးလို့ရသေးတယ်။ သူ့ရဲ့တန်ဖိုးထက်တောင် ပိုနေပါပြီ။”

“ဒါဆိုတော့ ငါမြန်မြန်ငှားမှရမယ်။ ဒီနေ့တစ်နေ့လုံး ငါကအရှေ့လို့ပြောရင် သူကအနောက်ကိုဆွဲနေတာ။ ငါကခွေးကိုရိုက်ခိုင်းရင် သူကကြက်ကိုလိုက်ဖမ်းတယ်။ ငါရူးတော့မယ်။”

“ဟုတ်တယ်...ဆက်သွယ်လို့မရတဲ့နာကျင်မှုက အရမ်းနာကျင်ရတယ်။”

“ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ငါတစ်ယောက်တည်း ဒေသခံမဖမ်းမိနိုင်သေးတာလို့ ခံစားနေရတာလဲ။”

“မကြောက်ပါနဲ့...ငါရှိတယ်။ မင်းတစ်ယောက်တည်းမဟုတ်ပါဘူး။”

“ဂျေဘီရဲ့နည်းဗျူဟာအရဆိုရင် ဒေသခံတွေဖမ်းဆီးဖို့က မခက်ခဲလောက်တော့ဘူးမို့လား။”

“မှန်တယ်။ ပြီးတော့ အခုဆို ငါးရက်ရှိပြီ။ လူတိုင်းက သူတို့ကျွန်းပေါ်မှာ လူအင်အားအများကြီး စုဆောင်းထားသင့်တယ်။ လူအများကြီးနဲ့ ဒေသခံတွေကို မကိုင်တွယ်နိုင်သေးရင်တော့ မင်းတို့ ကိုယ့်ပြဿနာကိုယ် အဖြေရှာရတော့မှာပဲ။”

ယခုအခါ မဟာမိတ်အဖွဲ့တစ်ခုစီတွင် ရွက်သင်္ဘောကြီးများ မပြတ်လပ်သင့်တော့ပေ။ ရှောင်းယီ၏ အပျော်စီးရွက်သင်္ဘောမရှိလျှင်ပင် မဟာမိတ်အဖွဲ့၏ပေါင်းစည်းမှုသည် ခုနစ်နာရီသာကြာမည်ဖြစ်သည်။

တစ်ရက်လျှင် လှိုင်းသုံးလှိုင်းတော့ ပေါင်းစည်းနိုင်ပေသည်။

ထို့ကြောင့် ယခုအခါ လူတိုင်း၏ကျွန်းဧရိယာသည် အလွန်သေးငယ်မည်မဟုတ်သလို ကျွန်းပေါ်ရှိလူဦးရေသည်လည်း အလွန်နည်းပါးလိမ့်မည်မဟုတ်ပေ။

ဒေသခံမဟာမိတ်တပ်များ၏ဖိအားအောက်တွင် အသက်ရှင်ကျန်ရစ်သူများသည် နောက်ဆုံးတွင် အတူတကွပေါင်းစည်းခဲ့ကြပြီး လူဦးရေတိုးပွားလာသည်နှင့်အမျှ အသက်ရှင်ကျန်ရစ်သူများ၏ နေထိုင်မှုအခြေအနေများလည်း သိသိသာသာတိုးတက်လာခဲ့သည်။

ပေါင်းစည်းခြင်း၏ချိုမြိန်မှုကို မြည်းစမ်းကြည့်ပြီးသူများသည်လည်း အုပ်စုအတွင်းတွင် သဘာဝအတိုင်း စတင်ကြေညာခဲ့ကြပေသည်။

“ပေါင်းစည်းပြီးတော့မှ ဒီလောက်သက်တောင့်သက်သာရှိမယ်မှန်းသာ ကြိုသိခဲ့ရင် ငါတို့ စောစောကတည်းက ပေါင်းစည်းခဲ့ပါတယ်။”

“ဟားဟား...အဲ့ဒါတော့ ဟုတ်တယ်။ အခုဆို နောက်ဆုံးတော့ စိတ်မပူရတော့ဘူး။ စိတ်ချလက်ချ အနားယူလို့ရပြီ။”

“အရင်က ဒေသခံတစ်ယောက်ရောက်လာရင် စိတ်ထဲမှာ သေသွားတော့မလိုတောင် ခံစားခဲ့ရတာ။ အခုတော့ ဒေသခံတွေမလုံလောက်ဘူးလို့ပဲ ခံစားနေရတယ်။”

“အဲ့လောက်လည်း ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်မနေနဲ့ဦး။ မနက်ဖြန် စွမ်းအားကြီးတဲ့ဒေသခံတစ်ယောက်ရောက်လာမှ ငါးပါးမှောက်နေဦးမယ်။ ဒါပေမယ့် ပေါင်းစည်းပြီးနောက် ခေါင်းဆောင်ကိုဆုံးဖြတ်ပြီးသွားရင် တကယ်ကို သက်တောင့်သက်သာရှိတယ်။ အရေအတွက်များရင် စွမ်းအားရှိတယ်ဆိုတဲ့စကားက တကယ်ပဲ နည်းနည်းတော့မှန်တယ်။”

ရှောင်းယီသည် ၎င်းတို့၏စကားဝိုင်းကို ကြည့်ရှုကာ တွေးလိုက်မိသည်။

“လူတိုင်းက လုံခြုံပြီလို့ ခံစားရလာရရင် ငါကတော့ အချင်းချင်း ထပ်ပြီးခွက်စောင်းခုတ်ကြတော့မယ်လို့ ထင်မိတယ်။”

သို့သော် လုံခြုံမှုဟူသည်မှာ ဤနေရာတွင် အလှမ်းကွာဝေးလှသော နာမ်ပုဒ်တစ်ခုဟုသာ ထင်ရပေသည်။

“ဒီဒီ...ရှုံးတိမှ သီးသန့်စာစောင်ပေးပို့ထားပါသည်။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ရုတ်တရက်အသိပေးသံ မြည်လာခဲ့သည်။

ရှောင်းယီသည် ရှုံးတိ၏သီးသန့်စာစောင်ကို ချက်ချင်းဖွင့်ကြည့်လိုက်သည်။

“ကျွန်းပိုင်ရှင် ချူဖုန်းမြို့မှာရှိတဲ့ စပိုင်တွေရဲ့ ထောက်လှမ်းရေးသတင်းအရ ချူဖုန်းမြို့ရဲ့ မြို့တော်ဝန်က မှော်ဆရာအိုင့်ဖန်ရဲ့အကြံပေးချက်အရ ဦးတည်ချက်ကျောက်ရှိတဲ့ မျိုးနွယ်စုတွေကို အပြင်းအထန်ရှာဖွေနေပါတယ်။”

“ငါတို့လူတွေရော ဘေးကင်းရဲ့လား။”

ရှောင်းယီက မေးလိုက်သည်။

“အားလုံးမြို့ထဲကို အောင်မြင်စွာခိုးဝင်နိုင်ခဲ့ပြီး ချူဖုန်းမြို့က သူတို့ကို ရှာမတွေ့သေးပါဘူး။ အခု သူတို့က ချူဖုန်းမြို့ရဲ့ လူနေမှုဘဝထဲကို ပေါင်းစည်းပြီးသွားပါပြီ။”

ရှုံးတိက ပြန်ဖြေလိုက်သည်။

“သူတို့ရဲ့ကိုယ်ပိုင်ဘေးကင်းရေးကို ဂရုစိုက်ခိုင်းလိုက်ပါ။ ပြီးရင် သူတို့ရဲ့လူမှုယဉ်ကျေးမှု၊ ကုန်ထုတ်လုပ်မှုအဆင့်၊ လူအင်အားဖွဲ့စည်းပုံ၊ စစ်ရေးအဆင့်စတဲ့သတင်းအချက်အလက်တွေကို စုဆောင်းဖို့ အာရုံစိုက်ခိုင်းလိုက်။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့။”

ရှုံးတိက တုံ့ပြန်လိုက်သည်။

စကားပြောဆိုမှုပြီးဆုံးသွားပြီးနောက် ရှောင်းယီ ချင့်ချိန်စဉ်းစားကြည့်လိုက်သည်။

“ချူဖုန်းမြို့က ဦးတည်ချက်ကျောက်ရှိတဲ့ မျိုးနွယ်စုတွေကို ရှာဖွေနေတယ်ဆိုတော့ ဖြစ်နိုင်တာက ငါ့တို့အသက်ရှင်ကျန်ရစ်သူတွေကို ပစ်မှတ်ထားနေတာပဲ။ ဒါ့အပြင် ရေသူမျိုးနွယ်စုကလည်း အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေချင်တာ ရှင်းနေတယ်။ ဒီကမ္ဘာမှာ ငါတို့က တကယ်ကို ကျော်ကြားနေပြီပဲ။”

ထိုစဉ် အန်းယွဲ့၏အသံက ဝေါ်ကီတော်ကီထဲမှ ထွက်ပေါ်လာခဲ့သည်။

“ကျွန်းပိုင်ရှင်...မနက်ဖြန်က နားရက်ဆိုတော့ မဟာမိတ်အဖွဲ့ခေါင်းဆောင်တွေကို လာခိုင်းသင့်လား။ အနည်းဆုံးတော့ သူတို့က ကျွန်းတစ်ခုစီရဲ့အခြေအနေကို မင်းဆီ တင်ပြလို့ရတယ်‌လေ။”

အခန်း ၅၁၆ - အားလပ်ရက်၌ စုရုံးခြင်း၊ ဖန်မင်လုံတော့ မစောင့်နိုင်ဖြစ်နေပြီ

ရှောင်းယီက အများကြီးတွေးမနေဘဲ ပြန်ဖြေလိုက်သည်။

“အင်း သူတို့ကျွန်းတွေရဲ့ကာကွယ်ရေးအတွက် စီစဉ်ပြီးရင် ဒီကိုပြန်လာခိုင်းလိုက်ပါ။”

“ကောင်းပါပြီ။”

အန်းယွဲ့က တုံ့ပြန်လိုက်ပြီး ထိုသတင်းကို မဟာမိတ်ကျွန်းအားလုံးထံ ပို့ဆောင်လိုက်လေသည်။

ထိုမဟာမိတ်ကျွန်းများ၏ ခေါင်းဆောင်များသည် ဤသတင်းကို လက်ခံရရှိပြီးနောက် အလွန်အမင်း စိတ်လှုပ်ရှားသွားကြတော့သည်။ သူတို့၏ကျွန်းပေါ်ရှိ နေထိုင်မှုပတ်ဝန်းကျင်သည် ရှောင်းယီ၏ကျွန်းလောက် သေချာပေါက် ကောင်းမနေပေ။

“လောင်တ ဒီတစ်ခါ ကျုပ်တို့ကိုပါ ခေါ်သွားလို့ရမလား။”

ဟွားလန်က အရှက်မရှိ သူ့ကိုယ်သူတွန်းတင်ကာ မေးလိုက်သည်။

စွန်းကုထောင်က သူ့ကိုကြည့်ကာ ပြန်ဖြေလိုက်သည်။

“မင်းတို့ အခုလေးတင်မှ ပြန်ရောက်လာတာမဟုတ်ဘူးလား။”

“ကျွန်းပိုင်ရှင်ရဲ့ကျွန်းမှာနေရတာက ဘယ်တော့မှမပျင်းရဘူးလေ။”

ဟွားလန်က ခေါင်းကုတ်ပြီး ပြန်ဖြေလိုက်သည်။

“ငါမေးကြည့်လိုက်မယ်။ ရရင် မင်းတို့ကို ခေါ်သွားပေးမယ်။”

စွန်းကုထောင်က ပြောလိုက်သည်။

အန်းယွဲ့သည် ထိုမေးခွန်းကိုလက်ခံရရှိသောအခါ သူသည် ကြောင်အသွားခဲ့ပြီးနောက် စဉ်းစားကာ ရှောင်းယီထံသို့ အရင်တင်ပြလိုက်သည်။

“ကျွန်းပိုင်ရှင် အဲ့ဒီမဟာမိတ်ကျွန်းတွေက သူတို့ရဲ့လက်အောက်ခံတွေကိုပါ ခေါ်လာနိုင်ဖို့ မျှော်လင့်နေကြတယ်။ ခေါ်လာမယ်ဆိုရင်လည်း ပြဿနာမရှိလောက်ဘူးလို့တော့ ကျုပ်ထင်တယ်။ ဒါပေမယ့် ကျွန်းတစ်ကျွန်းကို နှစ်ယောက်ထက်မပိုရဘူး။ မင်းရော ဘယ်လိုထင်လဲ။”

“ရတယ် ခင်ဗျားပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့”

အန်းယွဲ့က တုံ့ပြန်လိုက်ပြီး ထိုသတင်းကောင်းကို ပြန်လည်ပို့ဆောင်လိုက်လေသည်။

စွန်းကုထောင်သည် ထိုသတင်းကို လက်ခံရရှိပြီးနောက် သူ့ဘေးမှ ဟွားလန်တို့ယောက်ကို မျက်လုံးကိုထောင့်ကပ်ကာ ကြည့်လိုက်သည်။

ဟွားလန်တို့နှစ်ယောက်သည်လည်း မျှော်လင့်တကြီးဖြင့် စွန်းကုထောင်ကို ကြည့်နေခဲ့ကြလေသည်။

စွန်းကုထောင်သည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ပခုံးတွန့်ပြလိုက်ပြီး သူတို့နှစ်ယောက်၏မျက်နှာများသည်လည်း ချက်ချင်းပင် ညှိုးကျသွားတော့လေသည်။

သူတို့၏ အလွန်စိတ်ပျက်သွားသောအသွင်အပြင်ကို မြင်လိုက်ရသောအခါ စွန်းကုထောင်က ပြုံးရင်းပြောလိုက်သည်။

“ကျွန်းပိုင်ရှင်က သဘောတူလိုက်ပြီ။ လူနှစ်ယောက်ခေါ်လာလို့ရတယ်။”

“တကယ်လား အရမ်းကောင်းတယ်။”

ဟွားလန်တို့နှစ်ယောက်သည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်ဟစ်မိလိုက်ကြသည်။

“ငါ မင်းတို့နှစ်ယောက်ကို ခေါ်သွားမယ်လို့ မပြောခဲ့ဘူးလေ။”

စွန်းကုထောင်က ပြောလိုက်သည်။

သူတို့နှစ်ယောက်သည် အနည်းငယ်ကြောင်အသွားပြီးနောက် ချက်ချင်းပင် သူ့အနားတွင် ဝိုင်းရံလိုက်ကြကာ တစ်ယောက်က သူ့ပခုံးကိုနှိပ်နယ်ပေးပြီး တစ်ယောက်က သူ့ခြေထောက်ကို ပွတ်သပ်ပေးကြတော့လေသည်။

“လောင်တ ကျုပ်တို့တွေက အစကတည်းက ခင်ဗျားနောက်ကို လိုက်ခဲ့ကြတာလေ။ ကျုပ်တို့ကို ချန်ထားခဲ့လို့မရဘူးနော်။”

ဟွားလန်က ပြောလိုက်သည်။

ကိုးယုကလည်း ခေါင်းညိတ်ကာ ပြောလိုက်၏။

“အမှန်ပဲ လောင်တက ကျွန်တော်တို့အပေါ် အရမ်းကောင်းတယ်ပဲကို မခေါ်သွားဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။”

ထိုအခါ စွန်းကုထောင်က ပြုံးရင်းပြောလိုက်သည်။

“မြန်မြန်သွားပြီး ကာကွယ်ရေးအတွက် စီစဉ်လိုက်တော့။ ငါတို့ထွက်သွားတဲ့အခါ ကျွန်းရဲ့လုံခြုံရေးကို ပြဿနာမရှိစေနဲ့။”

ဤစကားကိုကြားရသည်နှင့် သူတို့နှစ်ယောက်သည် စွန်းကုထောင်က သူတို့ကိုခေါ်သွားတော့မည်ဖြစ်ကြောင်း ချက်ချင်းပင် နားလည်သွားတော့သည်။

သူတို့သည် ချက်ချင်းပင် ပျော်ရွှင်သွားသောမျက်နှာများဖြင့် ပြန်ဖြေလိုက်၏။

“ဟုတ်ကဲ့ပါ လောင်တ ကျုပ်တို့ ကာကွယ်ရေးကို သေချာပေါက် ကောင်းကောင်းစီစဉ်လိုက်ပါ့မယ်။”

ထိုသတင်းကိုလက်ခံရရှိပြီးနောက် ဖန်မင်လုံသည် ချက်ချင်းပင် ကာကွယ်ရေးအတွက် စီစဉ်စရာရှိသည်များကို စီစဉ်ပြီး အုပ်ချုပ်ရေးမှူးနှစ်ဦးနှင့်အတူ ရှောင်းယီ၏ကျွန်းသို့ အပြေးအလွှား သွားတော့လေသည်။

ရက်အနည်းငယ်သာကြာသေးသော်လည်း ဖန်မင်လုံသည် သူ၏နှမအတွက် အလွန်စိုးရိမ်နေခဲ့ရသည်။

အခြားကျွန်းများသည်လည်း ၎င်းတို့၏လုံခြုံရေးလုပ်ငန်းများကိုစီစဉ်ပြီးနောက် ရှောင်းယီထံသို့ အပြေးသွားရန် ပြင်ဆင်ကြတော့လေသည်။

ဖန်မင်လုံ ရှောင်းယီ၏ကျွန်းသို့ ရောက်ရှိသည့်အချိန်တွင် ည ၁၀ နာရီပင် ကျော်သွားပြီဖြစ်သည်။

ဖန်ချင်းလွမ်သည်လည်း သူ့အစ်ကိုလာမည့်သတင်းကို လက်ခံရရှိခဲ့ပြီး အစောကြီးကတည်းက ကမ်းခြေဆိပ်ကမ်းတွင် စောင့်ဆိုင်းနေခဲ့သည်။

ဖန်ချင်းလွမ်သည် ကျွန်းတွင်နေထိုင်သူဖြစ်သောကြောင့် သူမသည် သီးသန့်ခွဲထားသောနံရံမှ လွတ်လွတ်လပ်လပ် ဖြတ်သန်းနိုင်ပေသည်။

“အစ်ကို ဒီမှာ...”

ဖန်ချင်းလွမ်သည် ဆိပ်ကမ်းမှထွက်လာသော ဖန်မင်လုံ၏ပုံရိပ်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် အော်ခေါ်လိုက်သည်။

ဖန်မင်လုံသည်လည်း ချက်ချင်းပင် မြန်မြန်လျှောက်သွားပြီး ဆိပ်ကမ်းမှအလင်းရောင်ကိုအသုံးပြုကာ သူ့နှမ၏နှင်းဆီရောင်တောက်ပနေသောမျက်နှာကိုကြည့်ရင်း နောက်ဆုံးတွင် သူ၏စိတ်နှလုံးများ ပြေလျော့သွားခဲ့တော့လေသည်။

“တစ်စုံတစ်ယောက်က မင်းကို အနိုင်ကျင့်ခဲ့သေးလား။”

ဖန်မင်လုံက မေးလိုက်သည်။

ဖန်ချင်းလွမ်က သူမ၏မျက်လုံးများကို လှိမ့်လိုက်မိပြီး ပြန်ဖြေလိုက်သည်။

“ဒီကမ္ဘာမှာ အစိတ်အချရဆုံးနေရာက ကျွန်းပိုင်ရှင်ဆီမှာပဲ။ ဘယ်သူကအနိုင်ကျင့်မှာလဲ။”

ဖန်မင်လုံက ခေါင်းညိတ်ပြီး မေးလိုက်သည်။

“အပန်းဖြေစခန်းကို အများပြည်သူအတွက် ဖွင့်လိုက်ပြီကြားခဲ့တယ်။ အပန်းဖြေစခန်းတစ်ခုလုံး ရောထွေးသွားမှာနဲ့ လုံခြုံရေးကျဆင်းသွားမှာကို ငါစိုးရိမ်မိတယ်။”

“မစိုးရိမ်ပါနဲ့...ဒီမနက်လေးတင် B-အဆင့် အသက်ရှင်ကျန်ရစ်သူတစ်ယောက် ပြဿနာရှာခဲ့သေးတယ်။ ဒူခန်းက သူ့ကို တစ်ချက်တည်းနဲ့ ရိုက်ထုတ်ပစ်လိုက်တယ်လေ။”

ဖန်ချင်းလွမ်က ပြန်ဖြေလိုက်သည်။

“အဲ့ဒီဘားပိုင်ရှင်လား။ B-အဆင့် အသက်ရှင်ကျန်ရစ်သူကို လက်သီးတစ်ချက်နဲ့ ဖြေရှင်းလိုက်တာလား။”

ဖန်မင်လုံက လမ်းလျှောက်‌နေရာမှ ရပ်လိုက်ပြီး မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

ဖန်ချင်းလွမ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“နင်က သိမှမသိသေးတာ။ ဒူခန်းက အစောကြီးကတည်းက A-အဆင့်ရုပ်ခန္ဓာရှိပြီးသားလေ။”

ဖန်မင်လုံ အနည်းငယ် ခြောက်ကပ်ကပ်ဖြစ်သွားခဲဲ့သည်။ သူသည် ထိုငယ်ရွယ်သောဘားပိုင်ရှင်မှာ A-အဆင့် ကျွမ်းကျင်သူဖြစ်လမ့်မည်ဟု မျှော်လင့်မထားမိခဲ့ပေ။

“သွားကြရအောင်...နင်ညစာမစားရသေးဘူးမို့လား။ ငါ နင့်ကိုဘာဘီကြူးနဲ့ ဘီယာတိုက်မယ်။”

ဖန်ချင်းလွမ်က ဖန်မင်လုံကိုဆွဲခေါ်သွားပြီး သီးသန့်ခွဲထားသောနံရံကိုဖြတ်ကျော်ကာ အပန်းဖြေစခန်းဆီသို့လျှောက်သွားလိုက်သည်။

“မင်း နေ့တိုင်း ဘီယာသောက်နေကျတော့မဟုတ်ဘူးမလား။”

ဖန်မင်လုံက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“စိတ်မပူစမ်းပါနဲ့။ ငါ အဲ့ဒါကို မကြိုက်ပါဘူး။ ပုံမှန်အားဖြင့်တော့ ဖျော်ရည်ပဲသောက်တာပါ။ ဒီနေ့ နင်ရောက်လာလို့ နည်းနည်းလောက်သောက်မလို့ပါဟယ်။”

ဖန်ချင်းလွမ်က မျှော်လင့်ချက်ကင်းမဲ့စွာ ရှင်းပြလိုက်လေသည်။

“ဒါကမှ ပိုကောင်းသေးတယ်။”

ဖန်မင်လုံက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် လည်ပတ်ရန်လာရောက်ကြသော အသက်ရှင်ကျန်ရစ်သူများသည်လည်း မပြန်ကြသေးပေ။ သူတို့အားလုံးသည် လာရောက်ကစားရသည့် အခွင့်အရေးကို အပြည့်အဝအသုံးချလိုကြသည်။

ဖန်ချင်းလွမ်မှ ဖန်မင်လုံကို ကမ်းခြေရှိ ဘာဘီကျုးဆိုင်သို့ ဆွဲခေါ်သွားခြင်းက သူတို့၏အာရုံစိုက်မှုကို ဆွဲဆောင်လိုက်လေသည်။

“ဒီလူကဘယ်သူလဲ။ သူကအခုမှရောက်လာတာလား။”

“မဟုတ်လောက်ဘူးထင်တယ်။ လက်မှတ်အတွက် အုတ်မြစ်ကျောက်သုံးခုပေးရတာကို ဘယ်လိုလုပ်ပြီး အခုမှလာမှာလဲ။ သူရဲ့ဦးနှောက်က ပျက်စီးသွားတာမျိုးမဟုတ်ဘူးဆိုရင်ပေါ့။”

“အဲ့ဒီမိန်းကလေးက သူဌေးရဲ့ကျွန်းကလူဖြစ်သင့်တယ်။ ညနေပိုင်းက ငါသူမကိုတွေ့လိုက်တယ်။ ဒါပေမယ့်ဒီလူသစ်ကိုတော့ မတွေ့ဖူးဘူး။”

“အဲ့လူကလည်း သူဌေးရဲ့ကျွန်းကလူပဲ ဖြစ်သင့်တယ်။”

ဖန်ချင်းလွမ်သည် ဘာဘီကျူးဆိုင်အနီးသို့ ရောက်သွားပြီးနောက် ဆိုင်ရှင်အားပြောလိုက်သည်။

“အသားတုတ်ထိုးအချောင်း ၂၀ ပေးပါ။ ပြီးရင်အခြားဟင်းသီးဟင်းရွက်တွေကိုလည်း တစ်မျိုးကို ၁၀ ချောင်းစီပေးပါ။”

“မင်းကုန်အောင်စားနိုင်မှာမို့လို့လား။”

ဖန်မင်လုံက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်မိသည်။

“နင်ရှိနေတာတာပဲမဟုတ်ဘူးလား။”

ဖန်ချင်းလွမ်က ပြန်ဖြေလိုက်ပြီး သူမ၏လက်ကောက်ဝတ်တွင်ရှိသောချစ်ပ်ဖြင့် ငွေပေးရန် ပြင်ဆင်လိုက်သည်။

ထိုအခါ ဖန်မင်လုံက ချက်ချင်းတားဆီးကာ ပြောလိုက်သည်။

“ငါနဲ့စားရင် မင်းပိုက်ဆံသုံးစရာမလိုဘူး။”

“အစ်ကို နင် ငါနဲ့လာမယှဉ်နဲ့နော်။ အခု ငါ့မှာလည်း ပိုက်ဆံအများကြီးရှိနေပြီ။”

ဖန်ချင်းလွမ်က ထိုသို့ပြောလိုက်ပြီး သူမ၏ချစ်ပ်ကိုဖွင့်ကာ ဖန်မင်လုံ၏ရှေ့တွင် ထားပြလိုက်လေသည်။

၎င်းတွင် ယွမ်ငါးထောင်နီးပါးရှိသည်။

ဖန်မင်လုံသည် မျှော်လင့်ချက်ကင်းမဲ့စွာ ခေါင်းခါလိုက်မိပြီး ပြောလိုက်သည်။

“ကောင်းပြီ ဒါဆို မင်းပဲတာဝန်ယူလိုက်ပါတော့။”

ဖန်မင်လုံ၏ကတ်တွင်လည်း ထို့ထက်မကရှိပေသည်။

သူတို့နှစ်ယောက်လုံးသည် သူတို့၏လက်ကောက်ဝတ်တွင် ထည့်သွင်းထားသော ချစ်ပ်ဖြင့် ရောင်းဝယ်နေကြသည်ကို မြင်လိုက်ရသူများသည် ထိုနှစ်ယောက်မှာ သူဌေး၏ကျွန်းကလူများဖြစ်ကြောင်း ချက်ချင်းပင် နားလည်သွားခဲ့ကြလေသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့အထိ လည်ပတ်ရန်လာရောက်သူများထဲတွင် မည်သူမျှ ထည့်သွင်းရသည့်ချစ်ပ်အတွက် လျှောက်ထားခဲ့ခြင်းမရှိသေးပေ။

ကမ်းခြေတွင် ငှားရမ်းရန်အတွက် ထားရှိထားသော ဘာဘီကျူးစင်များရှိပြီး ကိုယ်တိုင်ကင်ရန်သော်လည်းကောင်း တိုက်ရိုက်ကင်ပြီးသားထုတ်ကုန်များကို ဝယ်ယူရန်သော်လည်းကောင်း ပြုလုပ်ထားသော ဘာဘီကျူးဆိုင်လည်း ရှိပေသည်။

အဆင်ပြေစေရန်အတွက် လူအများစုသည် တစ်ခါတည်းကင်ပြီးသားထုတ်ကုန်များကိုသာ ဝယ်ယူခဲ့ကြသည်။

ပန်ပျန့်ထျန်းသည် အနည်းငယ်တွေးတောပြီးနောက် ထရပ်လိုက်ကာ ဖန်ချင်းလွမ်ဆီသို့ လျှောက်သွားလိုက်လေသည်။

“ညီမလေး ဒီလောက်ညနက်ပြီး နောက်ကျနေမှ ညစာစားဖို့ အပြင်ထွက်လာတာလား။”

ပန်ပျန့်ထျန်းက နှုတ်ဆက်လိုက်သည်။

ဖန်မင်လုံသည် ချက်ချင်းပင် ထကာ ဖန်ချင်းလွမ်ရှေ့တွင်ရပ်လိုက်ပြီး ပန်ပျန့်ထျန်းကိုကြည့်ကာ မေးလိုက်သည်။

“ဘာလဲ။ ပြဿနာရှိလို့လား။”

ပန်ပျန့်ထျန်းသည် အနည်ငယ်ကြောင်အသွားခဲ့ပြီး ထိုနှစ်ယောက်ကိုကြည့်ကာ အပြုံးတစ်ခုဖြင့် ရှင်းပြလိုက်သည်။

“စိတ်အေးအေးထားပါ။ ကျွန်မက ဒုက္ခပေးဖို့လာတာမဟုတ်ပါဘူး။ စကားနည်းနည်းလောက် ပြောချင်ရုံပါပဲ။”

ထိုအခါ ဖန်ချင်းလွမ်က သူ့အစ်ကိုကိုဆွဲလိုက်ပြီး ပြောလိုက်သည်။

“ဒီအစ်မနဲ့ ညနေပိုင်းကတွေ့ပြီး စကားနည်းနည်းပြောခဲ့သေးတယ်။ အဲ့လောက်ထိ တင်းမာမနေစမ်းပါနဲ့။”

ဖန်မင်လုံသည် ပန်ပျန့်ထျန်းအား သတိပေးသောအကြည့်တစ်ခုပေးလိုက်ပြီး ပြန်ထိုင်လိုက်လေသည်။

“အစ်မ...ထိုင်ပါဦး။ ဒါက ကျွန်မအစ်ကိုပါ။ သူကကျွန်းပိုင်ရှင်အတွက် အလုပ်လုပ်ပေးနေတာလေ။ ဒီနေ့မှပြန်ရောက်လာတာ။”

ဖန်ချင်းလွမ်က ပြုံးကာ ပြောလိုက်သည်။

ပန်ပျန့်ထျန်းသည် ဖန်မင်လုံကို တစ်ချက်ငဲ့ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့်ပြုံးကာ ပြောလိုက်သည်။

“အကြောင်းမသိသေးတဲ့သူတွေက မင်းတို့နှစ်ယောက်ကို အဲ့ဒီလိုဆက်ဆံရေးမျိုးရှိတယ်လို့ ထင်ကြလိမ့်မယ်။”

All Chapters