အခန်း (၅၂၀)
Vol. 35 Ch. 520
အခန်း ၅၂၀ - ဆက်သွယ်ရေးကိရိယာ၊ လျှို့ဝှက်အချက်အလက်များအား မျှဝေခြင်း
ရှောင်းယီက လက်ဟန်ပြကာ ဆက်လက်ပြောလိုက်သည်။
“ကျွန်းတွေအားလုံးရဲ့ဧရိယာကိုချဲ့ထွင်ပြီးရင် ကျွန်းအားလုံးရဲ့ ကာကွယ်ရေးကို ပြန်လည်စီစဉ်ဖို့ အစ်ကိုကျန်း ငါ မင်းကိုပဲ တာဝန်ပေးရမယ်။ ကျွန်းအားလုံးက အစ်ကိုကျန်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ကြရမယ်။ နားလည်ကြလား။”
“နားလည်ပါတယ်...”
လူအုပ်ကြီးက ပျော်ရွှင်စွာ တုံ့ပြန်လိုက်ကြသည်။
နောက်ပိုင်းတွင် မဟာမိတ်၏တောင်ဘက်ကျွန်း၊ အနောက်တောင်ဘက်ကျွန်းနှင့် အနောက်ဘက်ကျွန်းတို့၏ ခေါင်းဆောင်များသည် ပြဿနာမရှိကြောင်း ပြောကြားခဲ့ကြသည်။
မဟာမိတ်၏မြောက်ဘက်ကျွန်းမှ စွန်းကုထောင်၏အလှည့်ရောက်လာသောအခါ သူက ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် အချိန်နှင့်တပြေးညီဆက်သွယ်နိုင်ဖို့နဲ့ပတ်သက်ပြီး ကျုပ်မှာမေးခွန်းရှိပါတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုသုံးပြီး အချိန်နှင့်တပြေးညီဆက်သွယ်နိုင်ပေမယ့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာမရှိရင်ရော။ တစ်စုံတစ်ယောက်က စာကိုမြင်ပြီးမှ ကျုပ်တို့ကိုသတင်းပို့ဖို့ ပြေးလာရမယ်။ ဒီလိုချက်ချင်းဆက်သွယ်နိုင်မှုက မလုံလောက်ဘူး။ ပုံမှန်အားဖြင့်အဆင်ပြေပေမယ့် အရေးပေါ်အခြေအနေမှာဆိုရင် စက္ကန့်အနည်းငယ်လောက် နှောင့်နှေးမှုက ကြီးမားတဲ့ခြားနားချက်ကို ဖြစ်စေနိုင်ပါတယ်။”
စွန်းကုထောင်သည် မြောက်ဘက်တွင် တိုက်ကြီးတစ်ခုရှိကြောင်း သိထားသည်။ ထိုတိုက်ကြီး၏အစွန်းတွင် ရှောင်းယီသည် ယနေ့အထိ သူ၏အသန်မာဆုံးရန်သူဖြစ်သော ချူဖုန်းမြို့နှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့အပြင် လျူဖုန်းမြို့၏ မှော်ဆရာသည် S-အဆင့် ခွန်းယွီကိုပင် ဒဏ်ရာရစေခဲ့သည်။
ဤမျှပြင်းထန်သော ရန်သူကို ရင်ဆိုင်ရာတွင် သတင်းအချက်အလက်ပို့ဆောင်ရေး၏ အချိန်ကိုက်မှုမှာ အထူးအရေးကြီးပေသည်။ ထို့ကြောင့် စွန်းကုထောင်က ဤပြဿနာကို တင်ပြခဲ့ခြင်းဖြစ်သည်။
ရှောင်းယီသည် ထိုမေးခွန်းကိုကြားလိုက်ရသောအခါ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ သူသည် မူလက သူယူလာသော ဆက်သွယ်ရေးကိရိယာများကို လူတိုင်းထံသို့ ဆုအဖြစ်ဝေငှရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
စွန်းကုထောင်သည် ဤကဲ့သို့သောမေးခွန်းမျိုးကို တင်ပြလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ထို့ကြောင့် ၎င်းသည် ပြီးပြည့်စုံသော အခွင့်အရေးဖြစ်ပေသည်။
လူတိုင်းသည်လည်း ထိုမေးခွန်းကိုကြားရသည်နှင့် သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် စစ်သားများမဟုတ်သော်လည်း စစ်ပွဲတွင်သတင်းအချက်အလက်၏အရေးပါမှုကို သိထားကြသည်။
ရှောင်းယီသည် ပြုံးကာ ထရပ်လိုက်ပြီး စားပွဲပေါ်ရှိစက္ကူဗူးကိုကောက်ယူကာ ပြောလိုက်သည်။
“စွန်းကုထောင်က ဒီပြဿနာကိုဖော်ပြလာပြီဆိုမှတော့ ကျုပ်ကလည်း ဖြေရှင်းနည်းတစ်ခုကို တွေ့ထားပါတယ်။”
ထိုသို့ပြောရင်းဖြင့် သူသည် စက္ကူဗူးထဲမှ ဆက်သွယ်ရေးကိရိယာအားလုံးကို ထုတ်ယူလိုက်လေသည်။
လူတိုင်းသည် အနက်ရောင်လေးထောင့်ပုံစံကိရိယာများကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ကြသည်။
“ကျွန်းပိုင်ရှင် ဒါတွေက မိုဘိုင်းလ်ဖုန်းတွေမဟုတ်ဘူးလား။”
စွန်းယောင်က မသေချာမရေရာဖြစ်နေဟန်ဖြင့် မေးလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“မှန်တယ် ဒါတွေက မိုဘိုင်းလ်ဖုန်းတွေပဲ။”
“မိုဘိုင်းလ်ဖုန်းတွေလား။”
ဖန်မင်လုံက မျက်မှောင်ကြုံကာ မေးလိုက်သည်။
“မိုဘိုင်းလ်ဖုန်းရှိရင်တောင် ကျုပ်တို့မှာ အခြေစိုက်စခန်းတွေ ဒါမှမဟုတ် ဂြိုလ်တုတွေမရှိဘူး။ ဘယ်လိုဖုန်းခေါ်ရမှာလဲ။”
“မရှိဘူးလို့ဘယ်သူပြောလဲ။”
ရှောင်းယီက ပြန်လည်ချေပလိုက်သည်။
“အာ...ကျုပ်တို့မှာ ဂြိုလ်တုတောင်ရှိနေပြီလား။”
ချူရှန်းက အံ့အားသင့်စွာမေးလိုက်သည်။
“ဒါဆို ဒီကမ္ဘာရဲ့ဟာကဘယ်လိုမျိုးလဲဆိုတာ မြန်မြန်ကြည့်ရအောင်။”
ရှောင်းယီက သူ၏မျက်လုံးများကိုလှိမ့်ကာ ပြန်ဖြေလိုက်သည်။
“ဂြိုလ်တုမဟုတ်ဘူး။ အခြေစိုက်စခန်းပဲရှိတာ။”
“အခြေစိုက်စခန်းပဲလား။ ဒါဆိုရင်တော့ နောက်ထပ်နည်းနည်းလောက် ဆောက်ဖို့လိုလိမ့်မယ်။ မဟုတ်ရင် မဟာမိတ်ကျွန်းတွေအားလုံးကို ဖုံးလွှမ်းနိုင်မှာမဟုတ်ဘူး။”
ဝေပေါ်သည်လည်း ဆွေးနွေးမှုထဲတွင် ပါဝင်လာခဲ့သည်။
“မဟုတ်ဘူး။ ငါတို့မှာတစ်ခုပဲရှိတယ်။ ဒါနဲ့တင်လုံလောက်တယ်။”
ရှောင်းယီက ပြောလိုက်သည်။
“တစ်ခုတည်းနဲ့လုံလောက်တာလား။”
လူတိုင်း၏မျက်နှာပေါ်တွင် မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွားခဲ့သည်။
“အခြေစိုက်စခန်းပြဿနာအကြောင်းကို မစိုးရိမ်ပါနဲ့။ ဒီကမ္ဘာက အရင်ကလိုမဟုတ်တော့ဘူး။ ဒီကမ္ဘာမှာအခြေစိုက်စခန်းတွေရဲ့ဖုံးလွှမ်းမှုက အရင်ကထက်အများကြီးပိုပြီးကျယ်ပြန့်တယ်။ အနည်းဆုံးတော့ မဟာမိတ်ကျွန်းတွေအတွင်း ဆက်သွယ်ရေးအတွက် စိုးရိမ်စရာမလိုဘူး။”
ရှောင်းယီက ပြောလိုက်သည်။
လူတိုင်းသည် သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ဤကမ္ဘာရှိအရာရာတိုင်းမှာ ပို၍ပို၍ ပုံမှန်ဟုတ်နိုင်တော့မည်မဟုတ်ဟု ထင်မြင်လိုက်ကြသည်။
“မဟာမိတ်ရဲ့အရှေ့ဘက်ကျွန်းကနေစပြီး နာရီလက်တံအတိုင်း လှည့်မယ်။ နံပါတ်တွေက တစ်ခုစီကို 6611-6618 ဖြစ်တယ်။ လက်ရှိမှာ အရှေ့တောင်ဘက်နဲ့ အနောက်မြောက်ဘက်မှာ ကျွန်းတွေမရှိသေးပေမယ့် သူတို့အတွက် နံပါတ်တွေကိုချန်ထားထားတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဖုန်းတွေလာယူကြ။”
ကျွန်းတစ်ကျွန်းစီ၏ ခေါင်းဆောင်များသည် ဖုန်းများရရှိပြီးနောက် ရှောင်းယီက ဆက်ပြောလိုက်သည်။
“အရင်ကအစဉ်အတိုင်းပဲ ကျွန်းတစ်ကျွန်းစီက နောက်ထပ်ဖုန်းတစ်လုံးထပ်ရမယ်။ နံပါတ်တွေက 6621-6628 အသီးသီးဖြစ်တယ်။”
ထိုအခါ ခေါင်းဆောင်များခေါ်ဆောင်လာသော လက်အောက်ငယ်သားများသည် စိတ်လှုပ်ရှားစွာဖြင့် ရှေ့တက်ကာ ဆက်သွယ်ရေးကိရိယာများကို ရယူကြလေသည်။
“လူတိုင်းပဲ ဒီလုပ်ငန်းစဉ်အတိုင်း ချိတ်ဆက်လိုက်ကြပါ။”
ရှောင်းယီက လူတိုင်းအား သရုပ်ပြလိုက်သည်။
ခေါင်းဆောင်များ၏ ဆက်သွယ်ရေးကိရိယာများသည် ၎င်းတို့အတွက်သီးသန့်ဖြစ်ပြီး ကျွန်းတစ်ကျွန်းစီရှိ အခြားဆက်သွယ်ရေးကိရိယာများသည်မူ မျှဝေအသုံးပြုရမည်ဖြစ်ပေသည်။ ဆိုလိုသည်မှာ လူတစ်ဦးထက်ပို၍ အသုံးပြုနိုင်သည်။
“ဒီဖုန်းတွေက အရမ်းအဆင့်မြင့်တာပဲ။”
“ဟုတ်တယ်...ဉာဏ်ရည်တုတောင်ပါတယ်။ တကယ့်ကို ဇိမ်ခံပစ္စည်းပဲ။”
“ဒီဖုန်းတွေကို အရင်ကမ္ဘာမှာသာရောင်းရင် သောင်းနဲ့ချီပြီးကို ဈေးကြီးမယ်ထင်တယ်။”
“သောင်းချီလား။ ကျုပ်ကတော့ သိန်းချီတယ်ဆိုရင်တောင် လိုချင်ကြလိမ့်မယ်လို့ထင်မိတယ်။”
လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးလိုက်ကြသည်။
“လူတိုင်းပဲ ချိတ်ဆက်ပြီးပြီဆိုရင် တိတ်တိတ်နေပေးပါ။”
ရှောင်းယီက ထပ်ပြောလိုက်သည်။
လူတိုင်း ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
“ဒီမှာရှိတဲ့လူတိုင်းကို အပြည့်အဝယုံကြည်စိတ်ချရတယ်လို့ သတ်မှတ်နိုင်တယ်။ မင်းတို့ကို သတင်းအချက်အလက်နှစ်ခု မျှဝေပေးမယ်။ ဒီသတင်းအချက်အလက်တွေက အလွန်လျှို့ဝှက်တယ်။ ဘယ်သူမှမသိဘူး။ မင်းတို့ ဒီနေ့ကြားပြီးရင် ကိုယ့်ဘာသာကိုယ်သိမ်းထားပြီး ဘယ်သူ့ကိုမှပြန်မပြောနဲ့။”
ရှောင်းယီက လူတိုင်းကိုကြည့်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့”
လူတိုင်းက တုံ့ပြန်လိုက်ကြသည်။
“ပထမဆုံး ဒီကမ္ဘာမှာ ငါတို့လူသားတွေချည်းပဲ နေထိုင်ကြတာမဟုတ်ဘူး။”
ရှောင်းယီက ပြောလိုက်သည်။
“မနေ့က ခရီးသွားတွေမြင်ခဲ့တဲ့ ရေသူမက တကယ်ဖြစ်နိုင်မလား။”
ဖန်မင်လုံက မနေနိုင်ဘဲ ပြောလိုက်မိသည်။
ရှောင်းယီက ခေါင်းညိတ်ပြလိုက်ပြီးနောက် လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။
“တိတိကျကျပြောရရင် ရေသူမကို ငါကိုယ်တိုင်ကယ်တင်ပြီး ပြန်လွှတ်ပေးလိုက်တာပဲ။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
ယခုအခါ စွန်းကုထောင်နှင့် အခြားနှစ်ယောက်မှလွဲ၍ လူတိုင်းသည် ပို၍ပင် အံ့အားသင့်သွားခဲ့ကြသည်။
ရှောင်းယီသည် ရေသူမဇာတ်လမ်းကို ပြန်လည်ပြောပြလိုက်သည်။ ပထမဆုံးအကြိမ် ကြားလိုက်ရသူအားလုံး အံ့အားသင့်သွားခဲ့ကြသည်။
“ရေသူမတွေက တကယ်ပဲ ငါတို့ကို အကူအညီတောင်းချင်တာလား။ သူတို့က ဘာဖြစ်သွားလို့လဲ။”
“ကျွန်းပိုင်ရှင်က သူမရဲ့တောင်းဆိုမှုကိုလက်မခံတဲ့ဆုံးဖြတ်ချက်က တကယ့်ကိုအံ့သြဖွယ်ကောင်းတဲ့ဉာဏ်ပညာပဲ။”
“မင်းအဲ့ဒါကို မပြောနဲ့တော့။ ကျွန်းပိုင်ရှင်က ရှုရှန်းတို့ နျန်ခိုင်ချန်းတို့မဟုတ်ဘူး။”
“မင်း ဘာကိုဆိုလိုတာလဲ။”
“သူတို့ထဲက တစ်ယောက်က မြွေနဲ့တွေ့တယ်၊ နောက်တစ်ယောက်ကတစ္ဆေနဲ့တွေ့တယ်။ ကျွန်းပိုင်ရှင်ကတော့ လူသားတွေကို ပိုပြီးနှစ်သက်နေတုန်းပဲ။”
ထိုစကားအားပြောပြီးနောက် သူသည် တမင်တကာ အန်းရန်နှင့် ဆုဝမ်ကို ကြည့်လိုက်သည်။
ရှောင်းယီသည် သူ၏လက်အောက်ငယ်သားများတွင် ဤကဲ့သို့ပါရမီရှင်မျိုး ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
“ဒါ့အပြင် အဲ့ရေသူမမှာ ချင်းလုံတောင်ရှာမတွေ့နိုင်တဲ့ အထူးနည်းလမ်းမျိုးရှိသင့်တယ်။”
ရှောင်းယီက ပြောလိုက်သည်။
“သူမက ငါတို့ကျွန်းနားမှာ ရှိနေတုန်းပဲ။”
“အရမ်းစွမ်းအားကြီးတယ်။ S-အဆင့် စိမ်းပြာနဂါးတောင် ရှာမတွေ့နိုင်ဘူးလား။ သူက ဘာလုပ်ချင်နေတာလဲ။”
ကျန်းယွင်ထျန်းက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
ရှောင်းယီက ခေါင်းခါကာ ပြန်ဖြေလိုက်သည်။
“ငါမသိဘူး။ အခု သူမကိုယ်တိုင် ငါတို့ကိုရှာလာမှာကို စောင့်ရုံပဲ။”
ရှောင်းယီက ခဏရပ်လိုက်ပြီးနောက် ဆက်လက်ပြောလိုက်သည်။
“ရေသူမတွေအပြင် ဒီကမ္ဘာမှာ ဘီလူးကြီးတွေလည်းရှိသင့်တယ်။”
လူတိုင်းသည် လှိုင်းတစ်ခုပြီးတစ်ခု ရိုက်ခတ်ခံလိုက်ရပြီးဖြစ်သောကြောင့် ထုံသွားသည်အထိ အံ့အားသင့်သွားခဲ့ကြရသည်။
ထို့နောက် ရှောင်းယီသည် ဘီလူး၏ခြေထောက်ရိုးအကြောင်း ပြောပြလိုက်သည်။
“ဒါက ဂရုထဲမှာရှာတွေ့ခဲ့တဲ့ အမည်မသိသတ္တဝါရဲ့ခြေထောက်ရိုးလား။”
စွန်းကုထောင်က မေးလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“အဲ့ဒီခြေထောက်ရိုးရတဲ့အချိန်ကတည်းက ဒီသတင်းအချက်အလက် ငါရထားခဲ့တာပဲ။ ဒါပေမယ့် ဂရုထဲမှာတော့ မပြောခဲ့ဘူး။”
“မပြောခဲ့တာကောင်းတယ်။ မဟုတ်ရင် လူတိုင်းထိတ်လန့်သွားကြလိမ့်မယ်။”
စွန်းယောင်က ပြောလိုက်သည်။
“အဲ့ဒါကြောင့် လူတိုင်းပဲ ကိုယ့်ကျွန်းတွေကို ကောင်းကောင်းဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်။ ဒါမှ အနာဂတ်မှာ အဲ့ဒီမသိရသေးတဲ့မျိုးနွယ်စုတွေနဲ့ရင်ဆိုင်ရတဲ့အခါ တိုက်ခိုက်နိုင်တဲ့စွမ်းအားရှိလိမ့်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
လူတိုင်းသည်လည်း သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်ကြသည်။
“ဒုတိယအနေနဲ့ ချူဖုန်းမြို့နဲ့ပတ်သက်ပြီး သူတို့က ငါတို့အသက်ရှင်ကျန်ရစ်သူတွေကို အရူးအမူးရှာဖွေနေတယ်။ သူတို့က ငါတို့နောက်လာမယ့်အဆင့်မှာ ရင်ဆိုင်ရမယ့် အဓိကရန်သူဖြစ်သင့်တယ်။”
ရှောင်းယီက ပြောလိုက်သည်။
“လူတိုင်း သတိထားကြရမယ်။ သူတို့ရဲ့စွမ်းအားက ငါတို့အခုထိကြုံတွေ့နေရတဲ့ ဒေသခံတွေထက် အဆပေါင်းများစွာ ပိုပြီးပြင်းထန်တယ်။”
ရှောင်းယီသည် ပထမဆုံးအကြိမ် ချူဖုန်းမြို့၏တပ်ဖွဲ့နှင့် ကြုံတွေ့ခဲ့ရချိန်က အခြေအနေအကြောင်းနှင့် ခွန်းယွီဒဏ်ရာရခဲ့သည့်ဖြစ်စဉ်အပါအဝင် အားလုံးကို ပြောပြလိုက်လေသည်။
“သူတို့ကစနစ်တကျနဲ့ မီးသွေးကျည်ဆန်သုံးသေနတ်တွေကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်တယ်လား။”
[သူ့ရဲ့ထူးခြားချက်က မီးစာဖြင့် မီးရှို့ပေါက်ကွဲစေတဲ့ ယန္တရား (matchlock mechanism) ကို အသုံးပြုပြီး သေနတ်ကျည်ဆန်ကို ပစ်ခတ်တာ ဖြစ်ပါတယ်။]
ချူဖုန်းက ထိတ်လန့်ကြောက်ရွံ့စွာ မေးလိုက်သည်။
မီးသွေးကျည်ဆန်သုံးသေနတ်များကို စုပြုံထုတ်လုပ်နိုင်သော လူ့အဖွဲ့အစည်းသည် ၎င်းတို့၏ထုတ်လုပ်မှုစွမ်းအားကို ပြသရန်လုံလောက်ပေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များ မရှိသောကြောင့်ပင်။ ဤသည်မှာ လိမ်လည်လှည့်စားခြင်းပင်ဖြစ်လေသည်။