အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
အခန်း ၆၃ - မရေမတွက်နိုင်သော နတ်ဘုရားစွမ်းရည်များ ကျဆင်းလာခြင်း၊ လက်တစ်ချက်ဝေ့ရုံဖြင့် အရာအားလုံး ပျောက်ကွယ်သွားခြင်း
သူသာ ခြေတစ်လှမ်းနောက်ဆုတ်သွားပါက သူတို့ အနိုင်ရမည်။
အေးဆေးတည်ငြိမ်သော ထိုအသံထွက်ပေါ်လာသည်နှင့်အမျှ ပါရမီရှင်စာရင်းမှ ထိပ်သီးမိစ္ဆာပါရမီရှင်များ၏ စိတ်ဓာတ်များမှာ နိုးကြားတက်ကြွသွားကြသည်။
အစကတည်းက သူတို့သည် လင်းချန်ကို အနိုင်ယူနိုင်လိမ့်မည်ဟု အမှန်တကယ် မမျှော်လင့်ထားခဲ့ကြချေ။ ပါရမီရှင်စာရင်းမှ ထိပ်သီးအားလုံး အင်အားချင်း ပေါင်းစပ်လျှင်တောင် ၎င်းမှာ လက်တွေ့မကျလှပေ။ ၎င်းမှာ လင်းချန်သည် အဆင့်တူတွင် သူတို့ထက် ပိုမိုအစွမ်းထက်နေသည်ကို ထည့်မတွက်ရသေးချေ။
ကျင့်ကြံဆင့် တစ်ခုတည်းကို ကြည့်လျှင်ပင် လက်ရှိလင်းချန်သည် သူတို့အားလုံးထက် များစွာ သာလွန်နေပြီဖြစ်သည်။ အချို့သော ပါရမီရှင်များသည် သူ၏ ဝိညာဉ်စွမ်းအင်ကျင့်စဉ်ကို မှီအောင်လိုက်နိုင်သော်လည်း သူ၏ ခန္ဓာကိုယ်ကျင့်စဉ်ကိုမူ ယှဉ်နိုင်ရန်မှာ စိတ်ပင်မကူးဝံ့ကြချေ။
သူတို့ လင်းချန်ကို စိန်ခေါ်ရခြင်းမှာ သူတို့နှင့် လင်းချန်ကြားရှိ ကွာဟချက်မှာ မည်မျှအထိ ကြီးမားနေပြီလဲဆိုသည်ကို သိချင်ရုံသက်သက်သာ ဖြစ်သည်။ သို့သော် ယခုမူ လင်းချန်က သူ ခြေတစ်လှမ်းနောက်ဆုတ်သွားရုံဖြင့် သူတို့၏ အောင်ပွဲဟု သတ်မှတ်မည်ဟု ပြောလိုက်ပြီဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ သူတို့၏ ခန္ဓာကိုယ်ထဲတွင် ခွန်အားများ ရုတ်တရက် ပြည့်လျှံလာကြ၏။
လင်းချန်ကို အမှန်တကယ် အနိုင်ယူနိုင်ရန် သူတို့တွင် ယုံကြည်ချက်မရှိသော်လည်း သူတို့၏ မာနတရားအရ လင်းချန်ကို ခြေတစ်လှမ်းနောက်ဆုတ်သွားအောင် လုပ်ရန်မှာမူ သူတို့ မဖြစ်မနေ အကောင်အထည်ဖော်ရမည့် ပန်းတိုင်တစ်ခု ဖြစ်လာခဲ့လေသည်။ တစ်မူထူးခြားသော အောင်ပွဲတစ်ခုကို ရယူရန်အတွက်ပင်။
အောက်ထျန်းကျွင်းသည် သူ၏ခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်ရာ ကောင်းကင်ယံထက်တွင် ကြီးမားသော ရွှေရောင်နဂါးကြီးတစ်ကောင် ပေါ်ထွက်လာပြီး သူ၏ ခန့်ညားသော အသံမှာ ဟိန်းထွက်လာခဲ့သည်။
“တာအိုမိတ်ဆွေ လင်းချန်... မင်းက အခုလိုပြောလာမှတော့ ကျုပ် အောက်ထျန်းကျွင်းလည်း အစွမ်းကုန် ထုတ်သုံးရတော့မှာပေါ့။”
“ဝုန်း”
သူ၏အသံမဆုံးခင်မှာပင် မိုင်တစ်ထောင်ရှည်လျားသော ရွှေရောင်လက်သည်းငါးချောင်း နဂါးကြီးသည် ဦးဆောင်၍ လင်းချန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတတော့သည်။
လက်သည်းငါးချောင်းရွှေရောင်နဂါးတစ်ကောင်အနေဖြင့် သူသည် နဂါးမျိုးနွယ်စု၏ မြင့်မြတ်သော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသလို မဟာဧကရာဇ်တစ်ပါး၏ တိုက်ရိုက်သားတော်တစ်ပါးလည်း ဖြစ်ရာ သန့်စင်သော မဟာဧကရာဇ် သွေးမျိုးဆက်ကို ဆောင်ကျင်းထားသူဖြစ်သည်။
ယနေ့တွင် သူသည် လင်းချန်ကို ခြေတစ်လှမ်းနောက်ဆုတ်သွားအောင် လုပ်နိုင်ရန်အတွက် သူ့တွင်ရှိသမျှ အရာအားလုံးကို ပုံအော လောင်းကြေးထပ်တော့မည်ဖြစ်သည်။
ကြီးမားသော ရွှေရောင်နဂါးကြီး၏ ခန္ဓာကိုယ် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ပြန်လည်တည်ငြိမ်စပြုနေသော ဟင်းလင်းပြင်မှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ကြီးမားသော အနက်ရောင်တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
၎င်းသည် မည်သည့် လှည့်ကွက်မှ မပါဘဲ အလွန်သန့်စင်သော စွမ်းအားများ ပေါက်ကွဲထွက်လာခြင်းသာ ဖြစ်သည်။ နဂါးအမြီးမှာ အောက်သို့ အားပြင်းစွာ ရိုက်ချလိုက်ပြီး လင်းချန်ကို သေချာစွာ ပစ်မှတ်ထားကာ ထိုဧရိယာအတွင်းရှိ ဟင်းလင်းပြင်ကို အေးခဲရပ်တန့်သွားစေခဲ့လေသည်။
၎င်းကို မြင်သောအခါ အခြားသော ထိပ်သီးမိစ္ဆာပါရမီရှင်များသည် မျက်မှောင်ကြုတ်လိုက်ကြပြီး တုံ့ဆိုင်းမနေဘဲ သူတို့၏ အစွမ်းထက်ဆုံး တိုက်ကွက်များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်ကြတော့လေသည်။
“တာအိုမိတ်ဆွေ လင်းချန်... သတိထားပါ။”
ယန်လျိုရှားသည် လေးနက်သော အမူအရာဖြင့် သူမ၏ အိပ်မက်ဆန်ပြီး တောက်ပလှသော ဝိညာဉ်စွမ်းအင်များကို လှုံ့ဆော်လိုက်၏။ တစ်ခဏချင်းမှာပင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော အရှိန်အဝါနှင့်အတူ အန္တရာယ်ရှိလှသော ပန်းနုရောင် အလင်းတန်းစွမ်းအင်များ ပွင့်လန်းလာပြီး လင်းချန်ထံသို့ တိတ်တဆိတ် ချဉ်းကပ်သွားခဲ့သည်။ ၎င်းသွားရာ လမ်းတစ်လျှောက်တွင် အရာအားလုံးမှာ ပျက်စီးသွားပြီး ဘာမျှမရှိသော အနတ္တအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။
“ကျီးးးး...”
ဟွမ်ကျိုးယိုသည် မသေနိုင်သော နတ်ဘုရားဖီးနစ်ငှက်အဖြစ်သို့ အသွင်ပြောင်းလိုက်၏။ ဖီးနစ်ငှက်၏ ဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာပြီးနောက် ပူပြင်းလှသော မီးတောက်များမှာ ကောင်းကင်တစ်ခုလုံးကို လောင်မြိုက်တော့မတတ် ပြည့်နှက်သွားကာ မိုင်ပေါင်းသောင်းချီ ပျံသန်းနေသော စစ်မှန်သော ဖီးနစ်ငှက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
“ဝုန်း”
အနောက်ဘက် ကျားဖြူမျိုးနွယ်စုမှ ပါရမီရှင် ပိုင်ကူသည်လည်း သူ၏ ကျားဖြူအစစ်အမှန် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲလိုက်၏။
သူသည် သတ်ဖြတ်ခြင်း နတ်ဘုရားနှင့် စစ်နတ်ဘုရားပင် ဖြစ်သည်။ သူသည် ကောင်းကင်သို့ မော့၍ ဟိန်းဟောက်လိုက်ရာ သတ်ဖြတ်လိုသော စိတ်ဆန္ဒနှင့် ကန်ကျင်းအစွမ်းများ ပေါင်းစပ်ကာ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသော အသံလှိုင်းတိုက်ကွက်အဖြစ် ပြောင်းလဲသွားပြီး လင်းချန်၏ မျက်ခုံးနှစ်ခုကြား တည့်တည့်ကို ဦးတည်လိုက်သည်။
“ဝီ...”
လိပ်နက်မျိုးနွယ်စု မှ ပါရမီရှင် ရွှမ်းကျွင်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ ကောင်းကင်ထက်တွင် ထွက်ပေါ်လာပြီး မည်သည့်တုံ့ဆိုင်းမှုမျှ မရှိဘဲ လင်းချန်ရပ်နေသော နေရာသို့ အပေါ်မှနေ၍ အားပြင်းစွာ ဖိချလိုက်တော့သည်။ ထိုဟင်းလင်းပြင်အတွင်းရှိ အရာအားလုံးမှာ ကြေမွသွားပြီး ဟင်းလင်းပြင်နယ်ပယ်များပင်လျှင် တန့်သွားခဲ့ရလေသည်။
လင်းရှန်ဟဲ၏ ခန္ဓာကိုယ်မှလည်း ကြွယ်ဝလှသော ဟင်းလင်းပြင်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင် မိုင်ပေါင်းထောင်ချီရှိသော ဟင်းလင်းပြင်ကို ထိန်းချုပ်ကာ လင်းချန်ကို အလုံးစုံ ဝန်းရံပိတ်ဆို့ထားသော ချေမှုန်းရေး စွမ်းအားစုကြီးတစ်ခုအဖြစ် ဖန်တီးလိုက်လေသည်။
လင်းချန်သည် မည်သည့်ဘက်သို့ပင် ဆုတ်ခွာပါစေ ဟင်းလင်းပြင်ချေမှုန်းရေးစွမ်းအား၏ ရိုက်ခတ်မှုကို ခံရမည်ဖြစ်ရာ ရှောင်ပုန်းရန်နေရာ မရှိတော့ချေ။
သူ၏သူငယ်အိမ်ထဲတွင် ရွှေရောင်နတ်ဘုရားအလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် ရွှေရောင်တန်းတစ်ခု ပျံထွက်သွားခဲ့သည်။
နိဗ္ဗာန်န နတ်ဘုရားအလင်း...။
ဤသည်မှာ သူ၏ ဖျက်ဆီးခြင်းနတ်ဘုရားမျက်လုံးမှ ပါရှိလာသော ပင်ကိုယ်နတ်ဘုရားစွမ်းရည်ဖြစ်ပြီး ဤအလင်းတန်း တစ်ချက်တည်းနှင့်ပင် တစ္ဆေသရဲများနှင့် နတ်ဘုရားများကိုပင် နှိမ်နင်းနိုင်စွမ်းရှိပေသည်။
ဝတ်ရုံနက်ဝတ်ထားသော အမျိုးသားမှာ ဆိုးယုတ်သော အမူအရာနှင့်အတူ အဆုံးမရှိ ထူးဆန်းဆန်းကြယ်လှသော အနက်ရောင်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။
“ဂျီး ဂျီး ဂျီး...”
“ဟားဟားဟား...”
ဆန်လော့တစ္ဆေနယ်ပယ်တစ်ခုမှာ ခဏချင်းအတွင်း ဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်းနှင့်အတူ လင်းချန်ရှိနေသည့် နေရာကို လွှမ်းခြုံရန် ရွေ့လျားသွားတော့သည်။
အခြားတစ်ဖက်တွင်မူ လင်းထင်ထောင်း၏ ဓားဆန္ဒမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး သူ၏လက်ထဲရှိ ကြည်လင်တောက်ပနေသော ဓားမှာလည်း ထက်မြက်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့သည်။ အဝေးတစ်နေရာမှ လင်းချန်ကို စိုက်ကြည့်ရင်း သူသည် မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ သူ၏ဘဝတွင် အစွမ်းထက်ဆုံး တိုက်ကွက်ကို ဓားဖြင့် ခုတ်ချလိုက်တော့သည်။
ဝှစ်...
ဤအခိုက်အတန့်တွင် ကမ္ဘာကြီးတစ်ခုလုံးမှာ အစိတ်စိတ်အမွှာမွှာ အပိုင်းပိုင်းပြတ်တောက်သွားသကဲ့သို့ ခံစားရပြီး ထိုဓားအလင်းတန်းတစ်ခုသာ ကျန်ရှိတော့လေသည်။
ယွမ်ချန်းးချိုး၏ ခန္ဓာကိုယ်မှာ တောက်ပသော အဝါရောင် ရွှမ်းဟွမ်ဝိညာဉ်စွမ်းအင်များဖြင့် တုန်ခါနေ၏။ သူသည် ခြေတစ်လှမ်းလှမ်းလိုက်ပြီး လင်းချန်ထံသို့ လေးလံသော လက်သီးချက်တစ်ချက် ပစ်သွင်းလိုက်သည်။
ကောင်းကင်ကို ဖုံးလွှမ်းနိုင်သည့် တောက်ပသော အဝါရောင်လက်သီးကြီးတစ်ခု ပေါ်ထွက်လာပြီး ၎င်းသွားရာလမ်းရှိ အရာအားလုံးကို ကြေမွသွားစေခဲ့ရာ နိယာမများပင် နောက်ဆုတ်သွားသယောင် ထင်ရသည်။
ပါရမီရှင်စာရင်း၏ ထိပ်သီးဆယ်ယောက်လုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြခြင်းပင်။
ခဏချင်းအတွင်းမှာပင် လင်းချန်၏ ပတ်ပတ်လည် အရပ်မျက်နှာအားလုံးမှာ ပိတ်ဆို့ခံလိုက်ရ၏။ သူသည် ရှောင်တိမ်း၍မရသလို ထွက်ပြေး၍လည်း မရနိုင်တော့ချေ။ လင်းချန်အနေဖြင့် ယခုအခါ ပါရမီရှင်စာရင်းမှ ထိပ်သီးမိစ္ဆာပါရမီရှင် ကိုးဦး၏ အဆင့်အမြင့်ဆုံးတိုက်ကွက်များကို တိုက်ရိုက်ခုခံရန်သာ ရွေးချယ်စရာရှိတော့သည်။
စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာရာ ဗဟိုချက်မှာ နိယာမမဲ့ဇုန်တစ်ခု ဖြစ်သွားပြီး ကောင်းကင်နှင့် မြေကြီး၏ နိယာမများပင် ထိုနေရာကို စွန့်ခွာသွားသကဲ့သို့ ဖြစ်နေခဲ့လေသည်။
အကယ်၍ လင်းချန်၏ နေရာတွင် ထုံထျန်းနယ်ပယ် အလယ်အလတ်အဆင့်ရှိသော အခြားကျွမ်းကျင်သူတစ်ဦးသာဆိုလျှင် ရလဒ်မှာ တစ်ခုတည်းသာ ရှိလိမ့်မည်။ ၎င်းမှာ သေခြင်းတရားပင်။
အမျိုးမျိုးသော နတ်ဘုရားစွမ်းရည်များ ဝန်းရံခံထားရသော်လည်း လင်းချန်သည် လက်တစ်ဖက်ကို နောက်ပစ်ထားဆဲဖြစ်ပြီး သူ၏ အမူအရာမှာ လုံးဝ တည်ငြိမ်နေ၏။ ပတ်ဝန်းကျင်ရှိ နတ်ဘုရားစွမ်းရည်များထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအားနှင့် အရှိန်အဝါကို ခံစားမိသောအခါ သူက သဘောကျစွာ ပြုံးလိုက်မိသည်။
“စွမ်းအားက မဆိုးပါဘူး။ ဒါပေမဲ့ ကံဆိုးတာက မင်းတို့ရဲ့ နယ်ပယ်တွေက နိမ့်လွန်းနေသေးတာပဲ။”
အမှန်ပင်။ ဤနတ်ဘုရားစွမ်းရည်များသည် သူတို့၏ ကျင့်စဉ်နယ်ပယ်ထက် များစွာ သာလွန်နေ၏။ တူညီသောနယ်ပယ်ရှိ မည်သည့်ကျင့်ကြံသူမဆို ရှုံးနိမ့်ခြင်းနှင့် သေဆုံးခြင်းကိုသာ ရင်ဆိုင်ရပေလိမ့်မည်။ သို့သော် ၎င်းမှာ သာမန်ကျင့်ကြံသူများအတွက်သာဖြစ်ပြီး လင်းချန်အတွက် မဟုတ်ချေ။
ဝုန်း...
ဒုန်း...
နတ်ဘုရားစွမ်းရည်များမှာ သူ၏ကိုယ်ပေါ်သို့ အမှန်တကယ် မကျရောက်သေးမီမှာပင် ပြင်းထန်သော လေအရှိန်ကြောင့် လင်းချန်၏ ဝတ်ရုံမှာ တဖျတ်ဖျတ် လွင့်ခါနေတော့သည်။
ရှူး... ဟူး...
လင်းချန်သည် ထိုအရာများကို ဂရုမစိုက်ချေ။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လေကို ပြန်ထုတ်ကာ သူ၏လက်ကို ဝေ့ယမ်း၍ တိုးညှင်းစွာ ပြောလိုက်သည်။
“လွင့်ပျယ်သွားစမ်း...။”
မည်သည့် ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုမျှ ထွက်ပေါ်မလာဘဲ သန့်စင်သော ရုပ်ခန္ဓာခွန်အားများသာ ပေါက်ကွဲထွက်လာခဲ့သည်။ သို့သော် သူ၏ သာမန်ကာလျှံကာ လက်တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် ပတ်ဝန်းကျင်ရှိ ကမ္ဘာလောကမှ အရာအားလုံးမှာ နောက်သို့ လွင့်စင်သွားသကဲ့သို့ ဖြစ်သွားပြီး နိယာမအားလုံး နောက်ဆုတ်သွားခဲ့ရလေသည်။
လင်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်တော့မည့် အမျိုးမျိုးသော နတ်ဘုရားစွမ်းရည်များပင်လျှင် တုန်ခါသွားပြီး... ဘာမျှမရှိသော အနတ္တအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားတော့သည်။
ဝုန်း
သူ၏ လက်တစ်ချက် ဝေ့ယမ်းရုံဖြင့် ကမ္ဘာကြီးမှာ ပြန်လည်တိတ်ဆိတ်သွားပြီး နတ်ဘုရားစွမ်းရည်များ၏ အရှိန်အဝါများ အားလုံး ပျောက်ကွယ်သွားတော့သည်။
လိပ်နက်မျိုးနွယ်စုမှ ပါရမီရှင် ရွှမ်းကျွင်း၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စင်သွားပြီး အောက်ထျန်းကျွင်း၏ ကြီးမားလှသော ရွှေရောင်နဂါးအမြီးကြီးမှာလည်း ပြန်လည်ကန်ထွက်သွားခဲ့သည်။
ဟင်းလင်းပြင်အပါအဝင် အရာအားလုံးမှာ အလုံးစုံ ပျက်စီးသွားပြီး လင်းချန်၏ ပုံရိပ်နှင့် အဆုံးမရှိသော အနက်ရောင် ဟင်းလင်းပြင်တွင်းပေါက်ကြီးသာ ကျန်ရစ်ခဲ့တော့သည်။
“အွတ်”
“ဖူး...”
တိုက်ခိုက်မှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများမှာ အပြင်ဘက်သို့ လှိုင်းဂယက်ထသလို ပျံ့နှံ့သွားရာ ထိပ်သီးမိစ္ဆာပါရမီရှင် ဆယ်ဦးစလုံး၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားပြီး သွေးတစ်လုပ်စီ အန်ထုတ်လိုက်ကြရ၏။
သူတို့သည် ခေါင်းကိုပြန်မော့၍ ထိုပုံရိပ်ကို ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးများထဲတွင် တုန်လှုပ်ခြောက်ခြားမှုမှတစ်ပါး အခြားမရှိတော့ချေ။
သူတို့အားလုံး စုပေါင်းတိုက်ခိုက်လိုက်သည့် သူတို့၏ အစွမ်းထက်ဆုံး တိုက်ကွက်များမှာ ဤမျှအထိ အားနည်းလွန်းနေသည်လော။
လင်းချန်သည် သူတို့၏ တိုက်ကွက်ကို သာမန်ကာလျှံကာ လက်တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။
သူတို့နှင့် လင်းချန်ကြားရှိ ကွာဟချက်မှာ... အမှန်တကယ်ပင် ဤမျှအထိ ကြီးမားနေခဲ့သည်လော။
လောကကြီးတစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ အောက်ဘက်ရှိ ပါရမီရှင်အများအပြားမှာ ကြောင်တောင်တောင် အမူအရာများဖြင့် သူတို့၏ ခန္ဓာကိုယ်များမှာ ကျောက်ရုပ်ကဲ့သို့ တောင့်တင်းနေကြသည်။
ခုနက ဖြစ်ပျက်သွားသမျှကို ကိုယ်တိုင်မြင်တွေ့လိုက်ရသဖြင့် သူတို့၏ ဦးနှောက်များမှာ ခဏတာ အလုပ်မလုပ်တော့ချေ။
သူက လူရော ဟုတ်ရဲ့လား။
သူက ငါတို့နဲ့ မျိုးဆက်တူ ပါရမီရှင်တစ်ယောက်ဆိုတာ တကယ်ပဲလား။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများမှာ လက်တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် လုံးဝ ပျောက်ကွယ်သွားရသည်လော။
ဖူကွမ်းမြို့အတွင်း၌လည်း...
ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျွမ်းကျင်သူအားလုံးမှာလည်း ထိုပါရမီရှင်များကဲ့သို့ပင် မှင်တက်နေကြပြီး သူတို့၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေကြ၏။ ကျင့်ကြံသူတစ်ယောက်သည် ဤမျှအထိ မိစ္ဆာဆန်နိုင်ကြောင်းကို ယနေ့မှသာ သူတို့ နားလည်ခဲ့ကြတော့သည်။
ကောင်းကင်ထက်တွင်မူ လင်းချန်သည် သူ၏လက်ဝါးကို ပြန်ရုပ်လိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။
“လေ့ကျင့်ခန်း လုပ်တာ ဒီမှာတင် ပြီးပါပြီ။ မိတ်ဆွေတို့...ကျုပ် သွားပါတော့မယ်။”
သူ၏ အသံမဆုံးခင်မှာပင် ပါရမီရှင်များစွာ၏ ရှုပ်ထွေးလှသော အကြည့်များအောက်၌ လင်းချန်သည် ဝေးရာသို့ ပျောက်ကွယ်သွားတော့သည်။
သူ၏ ဟန်ပန်မှာ ပါရမီရှင်စာရင်းမှ ထိပ်သီးဆယ်ဦးကို အနိုင်ယူခဲ့စဉ်ကကဲ့သို့ပင် အလွန်တရာ ခန့်ညားလှပပြီး ပြတ်သားလွန်းလှပေသည်။
အခန်း ၆၄ - ရှေးဟောင်းလင်းမိသားစုသို့ ပြန်လာခြင်း၊ လျို့ဝှက်ဆန်းကြယ်သောနေရာများကို စုံစမ်းစစ်ဆေးခြင်း
လင်းချန် ထွက်ခွာသွားပြီးနောက် အတန်ကြာသည်အထိ ဖူကွမ်းမြို့သည် သေလောက်အောင် တိတ်ဆိတ်လျက်ရှိနေဆဲပင်။ မည်သည့် မိစ္ဆာပါရမီရှင်နှင့် အင်အားကြီးကျွမ်းကျင်သူမျှ ထိတ်လန့်တုန်လှုပ်မှုမှ ပြန်မလည်နိုင်ကြသေးချေ။
အချို့သော မိစ္ဆာပါရမီရှင်များမှာမူ သူတို့၏ စိတ်နှလုံးအတွင်းပိုင်းမှနေ၍ “ဒီလို ထူးဆန်းတဲ့ မိစ္ဆာကောင်နဲ့ တစ်ခေတ်တည်း ပြိုင်ဆိုင်နေရတာက ငါတို့အတွက် မဟာဧကရာဇ် တာအိုသစ်သီးကို လုယူနိုင်မယ့် အခွင့်အရေး တကယ်ပဲ ရှိနိုင်ပါဦးမလား” ဟု စိတ်ပျက်အားလျော့စွာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေကြမိလေသည်။
အကယ်၍ လင်းချန်သာ အတည်ပေါက် လုပ်လာမည်ဆိုလျှင် သူတို့အားလုံးကို လက်ဝါးတစ်ချက်တည်းနှင့် ရိုက်သတ်သွားနိုင်မည် မဟုတ်ပါလော။
ဤလင်းချန်ဆိုသူမှာ တာအိုပြည်နယ်သုံးထောင်တွင် ပျံ့နှံ့နေသော ကောလာဟလများထက်ပင် များစွာ ပိုမိုကြောက်မက်ဖွယ် ကောင်းနေခဲ့လေသည်။
ပါရမီရှင်အများအပြား စိတ်ဓာတ်ကျနေချိန်တွင် လင်းရှန်ဟဲ၊ လင်းထင်ထောင်း၊ လင်းဟွမ်ရှန်း နှင့် အခြားသော ရှေးဟောင်းလင်းမိသားစုဝင်များ စုဝေးလိုက်ကြသည်။ ရှေ့ဆုံးမှ နှစ်ယောက်၏ အမူအရာမှာ အနည်းငယ် ပိုမိုတည်ငြိမ်နေ၏။
အကြောင်းမှာ သူတို့သည် သူတို့၏ နတ်ဘုရားသားတော် လင်းချန်၏ အစွမ်းကို သိရှိထားပြီးသားဖြစ်၍ သူ့ကို ကျော်တက်ရန်ဟူသော အတွေးမျိုး သူတို့စိတ်ထဲတွင် တစ်ခါမျှ မရှိခဲ့ဖူးသောကြောင့်ပင်။ ယခု လင်းချန်နှင့် သူတို့ကြားရှိ ကွာဟချက်ကို သိမြင်သွားပြီဖြစ်ရာ သူတို့လုပ်ရမည့်အလုပ်မှာ ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ရန်ဖြစ်သည်။ အနည်းဆုံးတော့ သူတို့သည် ရှေးဟောင်းလင်းမိသားစု၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် မလုပ်နိုင်ကြချေ။
တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် လင်းမိသားစု ပါရမီရှင်အားလုံး၏ မျက်နှာတွင် ပြတ်သားသော အမူအရာများ ထွက်ပေါ်လာတော့သည်။ နောက်အခိုက်တွင် သူတို့အားလုံးမှာ အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး အနက်ရောင်နှင့် ရွှေရောင်အလင်းများ ဖြာထွက်နေသော နတ်ဘုရားမျှော်စင်အတွင်းသို့ တိုးဝင်သွားကြတော့လေသည်။
သူတို့သည် မျှော်စင်ကို ဆက်လက်တက်လှမ်းပြီး နတ်ဘုရား ပင်မမျှော်စင်ကို စိန်ခေါ်ရန် ရည်ရွယ်ထားကြသည်။
နတ်ဘုရားသားတော် ပြောခဲ့သလိုပင်...နတ်ဘုရားစာရင်းထဲသို့ မဝင်နိုင်ရင်တောင်မှ မျှော်စင်စောင့်နတ်ဘုရားများနှင့် တိုက်ခိုက်ခြင်းက သူတို့၏ တိုက်ခိုက်ရေးဆိုင်ရာ သိမြင်မှုများအတွက် ကြီးမားသော အကျိုးကျေးဇူး ရှိစေမည်ဖြစ်သည်။
မျှော်စင်စောင့်နတ်ဘုရားများနှင့် တိုက်ခိုက်နေစဉ်အတွင်း တစ်စုံတစ်ခုကို သိမြင်နားလည်သွားပါက သူတို့၏ အစွမ်းမှာ အရှိန်အဟုန်ဖြင့် ခုန်တက်သွားနိုင်ပေသည်။ မျှော်စင်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ရန် ယုံကြည်ချက်ရှိနေပြီးသားဖြစ်သော လင်းရှန်ဟဲနှင့် လင်းထင်ထောင်းတို့အတွက်မူ ပြောနေရန်ပင် မလိုတော့ချေ။ သူတို့နောက်ထပ် လုပ်ဆောင်ရမည့်အရာမှာ ဆက်လက်ကြိုးစားနေရန်သာ ဖြစ်သည်။
လင်းမိသားစု ပါရမီရှင်များ၏ လှုပ်ရှားမှုကို သတိပြုမိသွားသောအခါ ပါရမီရှင်စာရင်းမှ ထိပ်သီးများနှင့် အခြားသော မိစ္ဆာပါရမီရှင်များမှာလည်း သတိပြန်ဝင်လာခဲ့ကြလေသည်။ သူတို့သည် သူတို့၏စိတ်လှုပ်ရှားမှုများကို ပြန်လည်ထိန်းချုပ်လိုက်ကြပြီး မျက်နှာတိုင်းတွင် ခိုင်မာသော ဆုံးဖြတ်ချက်များ ပေါ်လာခဲ့ကြသည်။
သူတို့သည် သာမန်လူများ မဟုတ်ကြချေ။ သူတို့သည် တာအိုပြည်နယ်သုံးထောင်၏ အတော်ဆုံး မိစ္ဆာပါရမီရှင်များ ဖြစ်ကြသည်။ ခုနက သူတို့၏ တာအိုစိတ်ဓာတ်မှာ ပြိုလဲလုနီးပါး ဖြစ်ခဲ့ရသော်လည်း ၎င်းမှာ သူတို့ အမှန်တကယ် လက်လျှော့လိုက်ပြီဟု မဆိုလိုပေ။ အနာဂတ်တွင် မည်သို့ပင်ဖြစ်လာစေကာမူ လက်ရှိတွင် သူတို့ အစွမ်းကုန် ကြိုးစားရမည်သာ ဖြစ်သည်။
အကယ်၍ နောက်ဆုံးတွင် လင်းချန်ကို မအနိုင်ယူနိုင်ခဲ့လျှင်တောင်မှ သူတို့သည် ဤရွှေရောင်ခေတ်ကြီးကို အရှုံးမပေးနိုင်သလို... မိမိကိုယ်ကိုယ်လည်း အရှုံးမပေးနိုင်ကြချေ။
“ရွှစ်... ရွှစ်... ရွှစ်...”
မိစ္ဆာပါရမီရှင်များသည် တစ်ယောက်ပြီးတစ်ယောက် အလင်းတန်းများအဖြစ် ပြောင်းလဲကာ နတ်ဘုရားမျှော်စင်၏ အနက်ရောင်နှင့် ရွှေရောင်တံခါးများအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ သူတို့သည်လည်း မျှော်စင်ကို ဆက်လက်တက်လှမ်းကာ နတ်ဘုရားမျှော်စင်အတွင်းရှိ ဤအခွင့်အရေးကို အလဟဿ အဖြစ်မခံချင်ကြတော့ပေ။
ရှေးဟောင်းလင်းမိသားစု၏ အထက် ကောင်းကင်ယံတွင်...
လင်းချန်သည် ဟင်းလင်းပြင်ထဲမှ ထွက်လာပြီး သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။
သူသည် ထိုပါရမီရှင်များ၏ အတွေးများကို မသိသလို သိရန်လည်း အထူးတလည် စိတ်မဝင်စားပေ။ ယခု သူတွေးနေသောအရာမှာ သူ၏အင်အားကို တတ်နိုင်သမျှ အမြန်ဆုံးမြှင့်တင်ရန်နှင့် အနည်းဆုံး မိမိကိုယ်ကိုယ် ကာကွယ်နိုင်သည့် အဆင့်အထိ ရောက်ရှိရန်ဖြစ်သည်။
ထိုတားမြစ်နယ်မြေမှ အထွတ်အထိပ် ပုဂ္ဂိုလ်များသည် လက်ရှိတွင် သူ၏ အကြီးမားဆုံးသော ရန်သူများပင် ဖြစ်တော့သည်။
သူ၏ဖခင် လင်းဟောက်ရန်ထံသို့ မိသားစုဆီ ပြန်ရောက်ပြီဖြစ်ကြောင်း ဆက်သွယ်ရေးကျောက်စိမ်းမှတစ်ဆင့် အကြောင်းကြားပြီးနောက် လင်းချန်သည် အချိန်ဆိုင်းမနေဘဲ ယခင်က မပြီးဆုံးသေးသော စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်တော့လေသည်။
ရှေးဟောင်းလင်းမိသားစုအတွင်း၌ နက်နဲဆန်းကြယ်သော နေရာများစွာ ရှိနေသေးသည်။ ယခင်တစ်ခေါက်က အခြေအနေအရပ်ရပ်မှာ အလောတကြီးဖြစ်နေသဖြင့် ထိုနေရာအားလုံးကို စုံစမ်းရန် အချိန်မရခဲ့ချေ။
ယခုအခါ တားမြစ်နယ်မြေမှ အထွတ်အထိပ် ပုဂ္ဂိုလ်များ နိုးထလာပြီး ပြဿနာများ ဖန်တီးနေကြရာ အပြင်လောကမှာ မလုံခြုံတော့သဖြင့် ဤအခွင့်အရေးကို အသုံးချကာ ရှေးဟောင်းလင်းမိသားစုအတွင်းရှိ နက်နဲသောနေရာတိုင်းကို တစ်ခုမကျန် စုံစမ်းရန် သူ ဆုံးဖြတ်လိုက်သည်။
ကျန်ရှိနေသော နက်နဲသည့်နေရာများထဲတွင် စနစ်၏ ဆုလာဘ်ထုတ်ယူခွင့်ကို အသက်သွင်းနိုင်မည့် နေရာများ သေချာပေါက် ရှိနေမည်ဟု သူ ယုံကြည်နေသည်။
ဤအဆင့်တွင် သူ၏ကျင့်စဉ်ကို အရှိန်အဟုန်ဖြင့် မြှင့်တင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ပြိုင်ဘက်ကင်း လက်မှတ်ထိုးဝင်ခြင်းစနစ်မှတစ်ဆင့် ဆုလာဘ်ထုတ်ယူခြင်းသာ ဖြစ်ကြောင်း လင်းချန် ကောင်းစွာသိရှိထားပေသည်။ အခြားသော ပုံမှန်ကျင့်ကြံမှု အရှိန်အဟုန်များသည် လက်ရှိအခြေအနေကို ရင်ဆိုင်နိုင်ရန် မလုံလောက်တော့ချေ။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး နာရီဝက်ခန့် ကြာမြင့်သွားခဲ့သည်။ ထိုနာရီဝက်အတွင်း လင်းချန်သည် ရှေးဟောင်းလင်းမိသားစုအတွင်းရှိ နက်နဲသည်ဟု ယူဆရသော နေရာအတော်များများကို စုံစမ်းခဲ့ပြီးဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် ထိုနေရာများသို့ ရောက်ရှိချိန်တွင် စနစ်မှာ မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ချေ။ ဆိုလိုသည်မှာ ထိုနေရာများသည် စနစ်၏ လက်မှတ်ထိုးဝင်ခွင့် သတ်မှတ်ချက်များနှင့် မကိုက်ညီခြင်းပင် ဖြစ်သည်။
စည်ကားလှသော ရင်ပြင်တစ်ခုပေါ်တွင် ရှေးဟောင်းရွှေရောင် ခန်းမဆောင်ကြီးတစ်ခုသည် ခန့်ညားထည်ဝါစွာ တည်ရှိနေ၏။ ရှေးဟောင်းလင်းမိသားစု တပည့်များစွာသည် ထိုရွှေရောင်ခန်းမထဲသို့ အဆက်မပြတ် ဝင်ထွက်သွားလာနေကြသည်။
လင်းချန်သည် သူ၏ဝိညာဉ်စွမ်းအားကို အသုံးပြုကာ သူ၏ပုံရိပ်ကို ဖုံးကွယ်ထားပြီး ထိုရွှေရောင်ခန်းမကြီး၏ ရှေ့တွင် ရပ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။
“ဒီနေရာက လက်မှတ်ထိုးခွင့်ကို ဖွင့်ပေးနိုင်ဖို့ မျှော်လင့်ရတာပဲ။ အကယ်၍ မရခဲ့ရင်တော့ ဘိုးဘေးနယ်မြေကိုသွားပြီး ကံစမ်းကြည့်ရုံပဲ ရှိတော့မယ်။”
သူသည် မိမိကိုယ်ကို ထုတ်မပြခဲ့ချေ။ ရှေးဟောင်းလင်းမိသားစုအတွင်းရှိ လူများမှာ သူပြန်ရောက်နေသည်ကို မသိကြသေးပေ။ အကယ်၍ သူပြန်ရောက်နေသည်ကို မျိုးနွယ်စုဝင်များ သိသွားပါက သူ၏အစီအစဉ်များ ကြန့်ကြာသွားနိုင်ပေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ယခုအချိန်၌ သူအလိုအပ်ဆုံးအရာမှာ အချိန်ပင်ဖြစ်သည်။
ထိုသို့ပြောပြီးနောက် လင်းချန်သည် တုံ့ဆိုင်းမနေဘဲ ရွှေရောင်ခန်းမဆောင်ကြီးအတွင်းသို့ လှမ်းဝင်လိုက်တော့သည်။ ဤရွှေရောင်ခန်းမသည် သာမန်အဆောက်အဦး မဟုတ်ချေ။
၎င်းမှာ ရှေးဟောင်းလင်းမိသားစု၏ အစွမ်းထက်လှသော ဝိညာဉ်နည်းစနစ်များနှင့် နတ်ဘုရားစိတ်ဝိညာဉ်စွမ်းရည်များကို သိမ်းဆည်းထားရာ နေရာဖြစ်သော... နတ်ဘုရားစွမ်းရည်ခန်းမဆောင်ပင် ဖြစ်သည်။
အကယ်၍ ဤနေရာကပင် လက်မှတ်ထိုးဝင်ခွင့်ကို မပေးနိုင်ခဲ့လျှင် ရှေးဟောင်းလင်းမိသားစု၏ ကွယ်လွန်သွားသော ကျွမ်းကျင်သူများနှင့် မျိုးနွယ်စုဝင်များကို မြှုပ်နှံထားသည့် ဘိုးဘေးနယ်မြေတစ်ခုတည်းသာ မျှော်လင့်ချက် ရှိတော့မည်ဟု လင်းချန် ခံစားနေရသည်။ ထိုနေရာသည် စစ်မှန်သော အဓိပ္ပာယ်အရ ရှေးဟောင်းလင်းမိသားစု၏ အနက်နဲဆုံးနှင့် အရေးအကြီးဆုံးနေရာ မဟုတ်ပါလော။
ရွှေရောင်ခန်းမထဲသို့ လှမ်းဝင်လိုက်သည်နှင့် သူ၏မျက်စိရှေ့တွင် ကျယ်ပြောလှသော ကြယ်စင်ကောင်းကင်ကြီးတစ်ခုကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ကောင်းကင်ယံတွင် ကြယ်ကလေးများမှာ အလင်းရောင်များ တဖျတ်ဖျတ် တောက်ပနေပြီး လေးနက်လှသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။ ဤအရာအားလုံးကို ငေးကြည့်ရင်း လင်းချန်၏ မျက်နှာတွင် လွမ်းဆွတ်တသသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
နတ်ဘုရားစွမ်းရည်ခန်းမဆောင်သို့ သူ မရောက်ဖြစ်သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ကောင်းကင်ရှိ ကြယ်စင်တစ်ခုချင်းစီမှာ ဝိညာဉ်နည်းစနစ်များနှင့် နတ်ဘုရားစွမ်းရည် တစ်ခုစီဖြစ်သည်။ မိမိ၏ စိတ်အာရုံဖြင့် ထိုစွမ်းရည်များနှင့် ဆက်သွယ်ရုံဖြင့် မိမိနှင့် သင့်တော်သောအရာကို ရွေးချယ်နိုင်မည်ဖြစ်သည်။
လင်းချန် လွမ်းဆွတ်နေစဉ်မှာပင် သူစောင့်မျှော်နေသော ကြည်လင်ပြတ်သားသည့် အသိပေးသံမှာ သူ၏စိတ်ထဲတွင် မြည်ဟည်းလာတော့သည်။
“အိမ်ရှင်သည် ရှေးဟောင်းလင်းမိသားစု၏ နတ်ဘုရားစွမ်းရည်ခန်းမဆောင်သို့ ရောက်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ လက်မှတ်ထိုးဝင်ခွင့်ကို ဖွင့်ပေးလိုက်ပါပြီ။”
“အိမ်ရှင်အနေဖြင့် အခု ဆုလာဘ် လက်မှတ်ထိုးဝင်လိုပါသလား။”
ထိုအသံကို ကြားလိုက်ရသည့်ခဏတွင် လင်းချန်သည် ချက်ချင်း သတိပြန်ဝင်လာပြီး သူ၏မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားတော့သည်။
ကြိုးစားမှု၏ ရလဒ်မှာ ချိုမြိန်လှချေသည်။ နောက်ဆုံးတော့ သူသည် နောက်ထပ် လက်မှတ်ထိုးဝင်ခွင့်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့လေပြီ။