← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း ၆၅ - နတ်ဘုရားစွမ်းရည်ခန်းမဆောင်တွင် လက်မှတ်ထိုးဝင်ခြင်း၊ ကောင်းကင်ကို ဆန့်ကျင်သော ဆုလာဘ်

စနစ်ကို ချက်ချင်း ပြန်မဖြေသေးဘဲ လင်းချန်သည် စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

ဤအထပ်တွင် ရှေးဟောင်းလင်းမိသားစုဝင် အများအပြားမှာ မျက်စိမှိတ်လျက် ဝိညာဉ်နည်းစနစ်များနှင့် နတ်ဘုရားစွမ်းရည်များကို ရွေးချယ်နေကြသည်ကို သူတွေ့ရှိလိုက်ရသည်။ ဤနေရာတွင် လက်မှတ်ထိုးဝင်ရန်မှာ မဖြစ်နိုင်ချေ။ လူသူကင်းဝေးသော နေရာတစ်ခုကို အရင်ရှာရမည်ဖြစ်သည်။

ဤတစ်ကြိမ် လက်မှတ်ထိုးဝင်ရာမှ မည်သို့သော အရာမျိုး ရရှိမည်ကို သူ မသိသေးသလို ပတ်ဝန်းကျင်တွင် လူများလွန်းလှသဖြင့် သတိထားခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။ လင်းချန်သည် သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး စိတ်အာရုံတစ်ခုဖြင့် နက်နဲသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

နတ်ဘုရားစွမ်းခန်းမရည်ဆောင်တွင် စုစုပေါင်း ကိုးထပ်ရှိသည်။ သူ၏ အခွင့်အာဏာဖြင့် မည်သည့်အထပ်သို့မဆို သူ၏ စိတ်ဆန္ဒအတိုင်း ခဏချင်း ကူးပြောင်းသွားနိုင်သည်။

နတ်ဘုရားစွမ်းရည်ခန်းမဆောင်၏ ပထမထပ်တွင် မျိုးနွယ်စုဝင်များဖြင့် ပြည့်နှက်နေသောကြောင့် သူသည် အပေါ်ဆုံးထပ်ဖြစ်သော ကိုးထပ်မြောက်သို့ တိုက်ရိုက်သွားရန် ဆုံးဖြတ်လိုက်၏။ ထိုနေရာမှာ မျိုးနွယ်စုခေါင်းဆောင်၊ အကြီးအကဲများနှင့် ဘိုးဘေးများ၊ မိသားစု၏ စစ်မှန်သော အဆင့်မြင့်ပုဂ္ဂိုလ်များသာ အချိန်မရွေး ဝင်ထွက်ခွင့်ရှိသော နေရာဖြစ်သည်။ သာမန် သူတော်စင်ဘုရင်နယ်ပယ် အကြီးအကဲများပင်လျှင် ကိုးထပ်မြောက်သို့ စိတ်တိုင်းကျ ဝင်ခွင့်မရှိကြချေ။

လက်ရှိအချိန်တွင် တားမြစ်နယ်မြေ၏ အထွတ်အထိပ် ပုဂ္ဂိုလ်များကြောင့် ဖြစ်ပေါ်နေသော ဆူပူလှုပ်ရှားမှုများကြောင့် အပေါ်ဆုံးထပ်မှာ သေချာပေါက် အလွတ်ဖြစ်နေမည်ဟု သူ ယုံကြည်သည်။ နတ်ဘုရားစွမ်းရည်ခန်းမဆောင်၏ ကိုးထပ်မြောက်တွင် လက်မှတ်ထိုးဝင်ခြင်းက အန္တရာယ်အကင်းဆုံး ဖြစ်ပေလိမ့်မည်။

ဝှစ်...

နတ်ဘုရားစွမ်းရည်ခန်းမဆောင်၏ ပထမထပ်တွင် ရှိနေကြသော လင်းမိသားစုဝင် အများအပြားမှာ ထိုနက်နဲသော အရှိန်အဝါ ပေါ်ထွက်လာသည်ကိုပင် သတိမပြုမိလိုက်ကြချေ။

လင်းချန်သည် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ သူ၏ပုံရိပ်ကို ဖုံးကွယ်ထားသဖြင့် သူ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မည်သူမျှ သိနိုင်မည်မဟုတ်ပေ။

လင်းချန်၏ ပုံရိပ်မှာ သာမန် ခန်းမဆောင်တစ်ခုနှင့် တူသော နေရာတစ်ခုအတွင်း ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။ ခန်းမ၏ ပတ်ဝန်းကျင်မှာ ဟာလာဟင်းလင်း ဖြစ်နေပြီး အလယ်ဗဟိုတည့်တည့်တွင် နက်နဲသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် ကျောက်စိမ်းစင်မြင့်တစ်ခုသာ ရှိပေသည်။

ထိုစင်မြင့်ပေါ်တွင် လက်ရာမြောက်လှသော ကျောက်စိမ်းစာလိပ်များမှာ သူတို့၏ ထူးခြားဆန်းကြယ်မှုကို ကမ္ဘာကြီးအား ကြေညာနေသကဲ့သို့ စီတန်းလျက်ရှိနေ၏။ အမှန်စင်စစ်တွင်လည်း ဤနေရာရှိ ကျောက်စိမ်းစာလိပ်တိုင်းမှာ ရှေးဟောင်းလင်းမိသားစု၏ တန်ဖိုးမဖြတ်နိုင်သော ရတနာများသာ ဖြစ်ကြသည်။

အတွင်း၌ ရေးသားထားသည်မှာ ဧကရာဇ်ကျမ်းစာများ သို့မဟုတ် အလွန်အစွမ်းထက်သော နတ်ဘုရားစွမ်းရည်များဖြစ်ရာ ၎င်းတို့မှာ ရှေးဟောင်းလင်းမိသားစု၏ အထူးလျှို့ဝှက်ချက်များပင် ဖြစ်သည်။

သိပ်သည်းလှသော ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များမှာ သူ့ထံသို့ တိုးဝင်လာသဖြင့် လင်းချန်သည် မသိစိတ်ဖြင့် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ သူ၏ နတ်ဘုရားသားတော်နန်းဆောင်နှင့် မခြားနားလှချေ။ ဖူကွမ်းမြို့သို့ သွားရန် မိသားစုမှ ထွက်ခွာခဲ့ပြီးကတည်းက ဤကဲ့သို့ သိပ်သည်းသော ဝိညာဉ်စွမ်းအင်ကို မခံစားရသည်မှာ ကြာခဲ့ပြီဖြစ်သည်။

သူ မျှော်လင့်ထားသည့်အတိုင်းပင် ပုံမှန်ရက်များ၌ပင် လူအလာနည်းသော ကိုးထပ်မြောက်မှာ ယခုအချိန်တွင် လုံးဝ အလွတ်ဖြစ်နေ၏။ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် လင်းချန် စိတ်ထဲမှ တိုးတိုးလေး ပြောလိုက်သည်။

“စနစ်...လက်မှတ်ထိုးဝင်မယ်။”

သူ့စိတ်ထဲတွင် အနည်းငယ် မျှော်လင့်တကြီး ဖြစ်နေမိသည်။ ယခင် ဆုလာဘ်များမှာ မွေးရာပါ ဧကရာဇ်လက်နက်များ သို့မဟုတ် နတ်ဘုရားစွမ်းရည် နည်းစနစ်များ ဖြစ်ကြသဖြင့် အလွန်ကောင်းမွန်လှသည်။ အနီးစပ်ဆုံး ဆုလာဘ်မှာမူ သူ၏ ရုပ်ခန္ဓာကျင့်စဉ်ကို သိသိသာသာ တိုးတက်သွားစေခဲ့သော ခန္ဓာကိုယ်ကျင့်စဉ် စွမ်းအားလွှဲပြောင်းမှုပင် ဖြစ်သည်။

ယခုတစ်ခေါက် နတ်ဘုရားစွမ်းရည်ခန်းမဆောင်မှ မည်သို့သော ဆုလာဘ်ကို ရရှိမလဲဟု သူ သိချင်နေမိသည်။

“အိမ်ရှင်၏ တောင်းဆိုချက်ကို လက်ခံရရှိပါသည်။ နတ်ဘုရားစွမ်းရည်ဆောင်၌ လက်မှတ်ထိုးဝင်နေပါသည်...။”

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ဂုဏ်ယူပါသည် အိမ်ရှင်။ အိမ်ရှင် ပိုင်ဆိုင်သော မည်သည့်ကျင့်စဉ်အမျိုးအစားကိုမဆို နယ်ပယ်ကြီးတစ်ခု ချက်ချင်း တိုးတက်စေနိုင်မည့် အခွင့်အရေး တစ်ကြိမ် ရရှိပါသည်။”

“အိမ်ရှင်အနေနဲ့ ကျင့်စဉ်အဆင့်မြှင့်တင်ခွင့်ကို အခု အသုံးပြုတော့မလား။”

စနစ်၏ အသိပေးချက်ကို ကြားလိုက်ရချိန်တွင် လင်းချန်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး မျက်နှာတွင်လည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

ငါ ကြားလိုက်တာ မှန်ရဲ့လား။

ဘယ်လိုကျင့်စဉ်မျိုးကိုမဆို နယ်ပယ်ကြီးတစ်ခု တိုက်ရိုက် တိုးတက်စေနိုင်မယ့် အခွင့်အရေး ဟုတ်လား။

ဒီတစ်ခါ ဆုလာဘ်က ကောင်းကင်ကို အံတုလွန်းနေတာ မဟုတ်ဘူးလား။

အဆင့်ငယ် တစ်ခုတည်း မဟုတ်ဘဲ နယ်ပယ်ကြီးတစ်ခုလုံးကို ကျော်ဖြတ်စေနိုင်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သူသာ အခုအသုံးပြုလိုက်မည်ဆိုလျှင် သူ၏ ဝိညာဉ်စွမ်းအား ကျင့်စဉ်ကို တုံထျန်းနယ်ပယ် တတိယအဆင့်၏ အထွတ်အထိပ်အထိ တစ်ခါတည်း တိုက်ရိုက် မြှင့်တင်နိုင်မည် ဖြစ်သည်။

အတွေးပေါင်းများစွာမှာ သူ၏ဦးနှောက်ထဲတွင် လှိုင်းထသလို ပေါ်ထွက်လာပြီး လင်းချန်သည် အချိန်အတော်ကြာအောင် စိတ်ကို တည်ငြိမ်အောင်မထားနိုင်ဘဲ ဖြစ်နေမိသည်။ ၎င်းမှာ သူ၏ စိတ်ဓာတ်မခိုင်မာ၍မဟုတ်ဘဲ ဤဆုလာဘ်က အမှန်တကယ်ပင် အံ့မခန်းလွန်းနေ၍ပင် ဖြစ်သည်။ သူ၏ခံစားချက်အရ ဤဆုလာဘ်မှာ မွေးရာပါ ဧကရာဇ်လက်နက်တစ်ခု ရရှိသည်ထက်ပင် ပို၍ ထူးခြားနေပေသည်။

အတန်ကြာ ခက်ခက်ခဲခဲ ကြိုးစားပြီးနောက်မှ လင်းချန်သည် သူ၏ စိတ်လှုပ်ရှားမှုများကို အနိုင်နိုင် ထိန်းချုပ်လိုက်ရသည်။ စိတ်ကို ပြန်လည်စုစည်းပြီးနောက် လင်းချန်က စိတ်ထဲမှ မေးမြန်းလိုက်သည်။

“စနစ်... ဒီဆုလာဘ်ကို အသုံးပြုရာမှာ ကန့်သတ်ချက်တွေ ရှိလား။ ဒါမှမဟုတ် ကျင့်ကြံဆင့် ဘယ်လောက်မှာပဲ သုံးလို့ရတာမျိုးရော ရှိလား။”

ဆုလာဘ်က ကောင်းမွန်သော်လည်း သူသည် ကျိုးကြောင်းဆင်ခြင်ဉာဏ်ကို ဆုပ်ကိုင်ထားဆဲပင်။ ဤကဲ့သို့ ပြီးပြည့်စုံသော အခွင့်အရေးကို အကောင်းဆုံးဖြစ်အောင် အသုံးချရမည် မဟုတ်ပါလော။ အကယ်၍ ကန့်သတ်ချက်မရှိပါက သူ၏ကျင့်စဉ်အဆင့် ပိုမြင့်လာသည့်အချိန်မှ အသုံးပြုရန် သူ ရည်ရွယ်ထားသည်။ ထိုသို့ဆိုလျှင် သူ၏ ကျင့်ကြံချိန်များကို ပိုမိုသက်သာစေပြီး အကျိုးကျေးဇူးကို အမြင့်ဆုံး ရရှိနိုင်မည်ဖြစ်သည်။

လူတိုင်းသိကြသည့်အတိုင်း ကျင့်စဉ်နယ်ပယ် မြင့်မားလာလေလေ ရှေ့တိုးရန် ခက်ခဲလေလေပင်။ ကပ်ဘေးကိုးခုနယ်ပယ်တွင် အသုံးပြုခြင်းနှင့် သူတော်စင်နယ်ပယ် သို့မဟုတ် မဟာသူတော်င်နယ်ပယ်တို့တွင် အသုံးပြုခြင်း၌ ရရှိမည့် အကျိုးကျေးဇူးချင်းမှာ လုံးဝ ခြားနားပေလိမ့်မည်။

သူ၏ မေးခွန်းအပြီးတွင် စနစ်က လျင်မြန်စွာ ပြန်လည်ဖြေကြားလာခဲ့သည်။

“ယခုရရှိထားသော အိမ်ရှင်၏ ဆုလာဘ်ကို သူတော်စင်နယ်ပယ်အောက်ရှိ မည်သည့်အဆင့်တွင်မဆို အချိန်မရွေး အသုံးပြုနိုင်ပါသည်။”

“အကယ်၍ အိမ်ရှင် မြှင့်တင်လိုသော ကျင့်စဉ်အဆင့်သည် သူတော်စင်နယ်ပယ်ကို ကျော်လွန်သွားမည်ဆိုရင် ဤဆုလာဘ်ရဲ့ အာနိသင်က အကျုံးဝင်မှာ မဟုတ်တော့ပါဘူး။”

ထိုစကားကို ကြားသောအခါ လင်းချန် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ ဆိုလိုသည်မှာ သူတော်စင်နယ်ပယ် မရောက်ခင်အထိသာ သုံးစွဲနိုင်မည် ဖြစ်သည်။ သို့ဆိုလျှင် သူရွေးချယ်နိုင်သော နယ်ပယ်များမှာ ကပ်ဘေးကိုးခုနယ်ပယ်နှင့် တုံထျန်းနယ်ပယ်တို့သာ ရှိတော့သည်။ ကံကောင်းသည်မှာ သူ၏ ကျင့်စဉ်အဆင့်က ဤတိုးမြှင့်မှုအတွက် လိုအပ်ချက်နှင့် ကိုက်ညီနေခြင်းပင်။

အနည်းငယ် စဉ်းစားပြီးနောက် လင်းချန်၏ မျက်နှာမှာ ဝေခွဲမရဖြစ်နေသည့် အမူအရာမျိုး ထွက်ပေါ်လာခဲ့သည်။ ဤဆုလာဘ်ကို ယခုပင် အသုံးပြုသင့်၊ မသင့် သူ တွေးတောနေခြင်း ဖြစ်သည်။

လက်ရှိတွင် သူ၏ ခန္ဓာကိုယ်ကျင့်စဉ်မှာ တုံထျန်းနယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ သူသာ ဤအဆင့်မြှင့်တင်မှုကို ခန္ဓာကိုယ်ကျင့်စဉ်ပေါ်တွင် အသုံးပြုလိုက်ပါက... သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် သူတော်စင်နယ်ပယ်သို့ ရောက်ရှိသွားပြီး နေရာတွင်ပင် သူတော်စင်တစ်ပါး ဖြစ်လာပေလိမ့်မည်။

ထိုအချိန်တွင် သူ၏ ရုပ်ခန္ဓာစွမ်းအား တစ်ခုတည်းဖြင့်ပင် တာအိုပြည်နယ်သုံးထောင်တွင် စိတ်တိုင်းကျ သွားလာနိုင်မည်ဖြစ်သည်။ သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် မြင့်မြတ်နယ်မြေ အဆင့်ရှိသော အင်အားစုများတွင်ပင် အကြီးအကဲအဖြစ် ခန့်အပ်ခံရနိုင်သည့် စစ်မှန်သော ပုဂ္ဂိုလ်ကြီးများ မဟုတ်ပါလော။

သို့သော် လင်းချန် စိုးရိမ်နေသည်မှာ ဤသို့လုပ်လိုက်ခြင်းဖြင့် သူ၏ ဝိညာဉ်စွမ်းအားနှင့် နတ်ဘုရားစိတ်ဝိညာဉ် ကျင့်စဉ်များမှာ ရုပ်ခန္ဓာကျင့်စဉ်နောက်တွင် အလှမ်းကွာဝေးစွာ ကျန်ရစ်ခဲ့မည်ကိုပင်။ ဤကဲ့သို့ ကျင့်စဉ်များ မမျှမတ ဖြစ်နေခြင်းက သူ၏ အနာဂတ် ကျင့်ကြံမှု လမ်းစဉ်ကို ထိခိုက်စေနိုင်သည်ဟု သူ ခံစားနေရသည်။

“ဟူး...”

အချိန်အတော်ကြာ စဉ်းစားပြီးနောက် လင်းချန်သည် ညစ်ညမ်းသောလေများကို မှုတ်ထုတ်လိုက်ပြီး သူ၏မျက်လုံးများတွင် ပြတ်သားသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူသည် ကျင့်စဉ်အဆင့်မြှင့်တင်ခွင့်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး သူရွေးချယ်လိုက်သော ပစ်မှတ်မှာ အခြားမဟုတ်ချေ။ လက်ရှိတွင် အမြင့်ဆုံးဖြစ်နေသော သူ၏ ခန္ဓာကိုယ်ကျင့်စဉ်ပင် ဖြစ်သည်။

အပြင်လောကတွင် သူ့ကို ခြိမ်းခြောက်နေသော တားမြစ်နယ်မြေ အထွတ်အထိပ် ပုဂ္ဂိုလ်များ၏ အန္တရာယ်ကို သူ မေ့မထားချေ။ ထိုအထွတ်အထိပ် ပုဂ္ဂိုလ်များသည် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ၏ စောင့်ကြပ်မှုကို ဖောက်ထွက်ပြီး ပေါ်ထွက်လာနိုင်ခြင်း ရှိ၊ မရှိ သူ မသိသော်လည်း မိမိ၏ အင်အားကို မြှင့်တင်ထားခြင်းကသာ လက်ရှိတွင် သူအလိုအပ်ဆုံးအရာ ဖြစ်သည်။

အမှန်စင်စစ် သူ၏ ဝိညာဉ်စွမ်းအား ကျင့်စဉ် မြင့်မားလာသည်အထိ စောင့်ဆိုင်းပြီးမှ ဤအခွင့်အရေးကို အသုံးပြု၍ မြှင့်တင်နိုင်သော်လည်း ၎င်းမှာ အချိန်ယူရပေလိမ့်မည်။ ကံဆိုးစွာပင် လက်ရှိတွင် သူအလိုအပ်ဆုံးအရာမှာ အချိန်ဖြစ်နေ၏။

သူသည် သူ၏အသက်ကို ကာကွယ်နိုင်စွမ်း ပိုရှိစေရန်အတွက် ရုပ်ခန္ဓာစွမ်းအားဖြင့် သူတော်စင်အဆင့်သို့ အရင်ရောက်ရှိထားရန် လိုအပ်သည်။ အနည်းဆုံး တားမြစ်နယ်မြေ အထွတ်အထိပ် ပုဂ္ဂိုလ်များ၏ ရှေ့မှောက်တွင် ဧကရာဇ်အဆင့် ကာကွယ်ရေးပစ္စည်းကို အချိန်မီ ထုတ်သုံးနိုင်စွမ်း ရှိရမည် မဟုတ်ပါလော။

လင်းချန်သည် မိမိကိုယ်မိမိ ကောင်းစွာ သိရှိနားလည်ထားပေသည်။ သူ၏ လက်ရှိအင်အားဖြင့်ဆိုလျှင် ဧကရာဇ်အဆင့် ကာကွယ်ရေးပစ္စည်းများ ရှိနေသော်လည်း တားမြစ်နယ်မြေ အထွတ်အထိပ် ပုဂ္ဂိုလ်များ၏ ရှေ့တွင် ၎င်းကို ထုတ်ယူအသုံးပြုရန်ပင် အချိန်ရလိမ့်မည် မဟုတ်ချေ။ ဖြစ်နိုင်သည်မှာ သူ ထိုအရာကို ထုတ်သုံးရန် တွေးလိုက်သည့် ခဏမှာပင် အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦး၏ လက်ချက်ဖြင့် ခေါင်းပြတ်သွားနိုင်ပေသည်။

ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ကျင့်စဉ်ကို သူတော်စင်နယ်ပယ် အဆင့်သို့ အရင်ရောက်အောင် လုပ်ဆောင်ရန် သူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သို့မှသာ အရေးကြုံလာပါက သူ၏အသက်ကို ကယ်တင်ပေးမည့် ဧကရာဇ်အဆင့် ကာကွယ်ရေးပစ္စည်းကို ထုတ်သုံးနိုင်ရန် အရည်အချင်း ပြည့်မီပေလိမ့်မည်။

“စနစ်... ငါ ငါ့ရဲ့ ခန္ဓာကိုယ်ကျင့်စဉ်ကို အဆင့်မြှင့်တင်ဖို့ ရွေးချယ်တယ်။”

အခန်း (၆၆) - ရုပ်ခန္ဓာအဆင့် သူတော်စင်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ခြင်း၊ သူတော်စင်အဆင့် ရုပ်ခန္ဓာကောင်းကင်အတိဒုက္ခ ကျရောက်လာခြင်း

လင်းချန်၏ မျက်နှာအမူအရာမှာ ခိုင်မာပြတ်သားနေပြီး သူ၏ ရွေးချယ်မှုကို စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။

သူ၏ အတွေးများမှာ အတန်ငယ် ရှုပ်ထွေးနေခဲ့သည်။ ယခင်က ကျင့်စဉ်အဆင့်များ မညီမမျှဖြစ်နေခြင်းကြောင့် နောင်တစ်ချိန် တိုးတက်မှုကို ထိခိုက်မည်ကို သူစိုးရိမ်ခဲ့၏။ ကျင့်စဉ်အဆင့် ပိုမြင့်လာသည့်အချိန်မှ အသုံးပြုရန်လည်း သူစဉ်းစားခဲ့သေးသော်လည်း မည်မျှပင် မြင့်မားနေပါစေ ၎င်းကို သူတော်စင်အဆင့်အောက်တွင်သာ အသုံးပြုနိုင်ပေသည်။ ထို့ကြောင့် အချိန်ဆွဲနေခြင်းသည် အကျိုးအမြတ် နည်းပါးသွားစေရုံသာ ရှိပေလိမ့်မည်။

ဘက်ပေါင်းစုံမှ အသေအချာ စဉ်းစားသုံးသပ်ပြီးနောက် ယခုအချိန်တွင် ရုပ်ခန္ဓာကျင့်စဉ်အဆင့်ကို မြှင့်တင်ခြင်းသည် အကျိုးကျေးဇူး အများဆုံးရရှိနိုင်မည့် နည်းလမ်းပင် ဖြစ်သည်။

“အိမ်ရှင်ရဲ့ တောင်းဆိုချက်ကို လက်ခံရရှိပါပြီ။ အိမ်ရှင်ရဲ့ ရုပ်ခန္ဓာကျင့်စဉ်အဆင့်ကို အခု မြှင့်တင်ပေးနေပါတယ်။”

“သတိပေးချက် - ဤမြှင့်တင်မှုသည် အိမ်ရှင်၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေမည် မဟုတ်ပါ။ ချိုးဖောက်ဝင်ရောက်ပြီးနောက် ရရှိလာမည့် ရုပ်ခန္ဓာကျင့်စဉ်အဆင့်သည် အိမ်ရှင်ကိုယ်တိုင် ကျင့်ကြံအားထုတ်မှုမှ ရရှိလာသော ရလဒ်နှင့် ထပ်တူထပ်မျှ ဖြစ်လိမ့်မည်။”

ကြည်လင်ပြတ်သားသော အသိပေးသံမှာ သူ၏စိတ်ထဲတွင် မြည်ဟည်းသွား၏။ ထိုအသံ မဆုံးမီမှာပင် လင်းချန်သည် မဟာဆန်ပြီး သန့်စင်လှသော နက်နဲသည့် စွမ်းအင်များ ပေါ်ထွက်လာသည်ကို ခံစားလိုက်ရသည်။

နတ်ဘုရားစွမ်းရည် ခန်းမ၏ ကိုးထပ်မြောက်အတွင်း၌ မမြင်နိုင်သော နက်နဲသည့် စွမ်းအင်လှိုင်းများ လေထဲမှ ပေါ်ထွက်လာပြီး လင်းချန်၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။ ထိုနက်နဲသော စွမ်းအင်များသည် အလွန်တရာ ခန့်ညားထည်ဝါလှသောကြောင့် နတ်ဘုရားစွမ်းရည်ခန်းမ တစ်ခုလုံးတွင် ဆန်းကြယ်သော အရှိန်အဝါများ ပြည့်နှက်သွားလေတော့သည်။

နက်နဲသော စွမ်းအင်များဖြင့် ဝန်းရံခံထားသောကြောင့် လင်းချန်သည် သူ၏ ရုပ်ခန္ဓာကိုယ်မှာ အလွန်ပင် သက်သောင့်သက်သာ ဖြစ်နေသည်ဟု ခံစားလိုက်ရပြီး မည်သည့် မသက်မသာဖြစ်မှုမျှ မရှိပေ။ ထိုသက်သောင့်သက်သာရှိသော ခံစားချက်နှင့်အတူ သူ၏ ရုပ်ခန္ဓာကျင့်စဉ်အဆင့်သည်လည်း သိသာသော မြန်ဆန်သောနှုန်းဖြင့် ဆက်တိုက် တိုးတက်လာခဲ့သည်။

ဤတိုးတက်မှုနှုန်းမှာ သူ နတ်ဘုရားမျှော်စင်တွင် ရှိခဲ့စဉ်ကထက် မနည်းသည့်အပြင် ပို၍ပင် မြန်ဆန်နေသေးသည်။

“ဘုန်း”

ခဏချင်းအတွင်းမှာပင် လင်းချန်၏ ရုပ်ခန္ဓာကျင့်စဉ်အဆင့်သည် အဆင့်ငယ်တစ်ခုကို ချိုးဖောက်သွားခဲ့၏။ ယခင်က တုံထျန်း အဆင့် (၇) မှနေ၍... တုံထျန်းအဆင့် (၈) သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

သို့သော်လည်း ထိုကဲ့သို့ အလွန်အမင်း မြန်ဆန်သော ရုပ်ခန္ဓာကျင့်စဉ် တိုးတက်မှုနှုန်းမှာ အနည်းငယ်မျှပင် နှေးကွေးမသွားခဲ့ပေ။ ၎င်းကို သတိပြုမိသည်နှင့် လင်းချန်သည် အချိန်ဆွဲမနေဘဲ ချက်ချင်းပင် တင်ပလ္လင်ခွေထိုင်ကာ ဖရိုဖရဲ နတ်ဘုရား-မိစ္ဆာ ကျမ်းစာကို လည်ပတ်စေပြီး ထိုဖြစ်စဉ်ကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လိုက်တော့သည်။

ဤတစ်ကြိမ်တွင် သူ၏ ရုပ်ခန္ဓာကျင့်စဉ်သည် တစ်ဟုန်ထိုးဖြင့် သူတော်စင်အဆင့် (၇) အထိ ချိုးဖောက်ဝင်ရောက်မည် ဖြစ်သည်။

အချိန်များ တစ်ဖြည်းဖြည်း ကုန်ဆုံးလာသည်နှင့်အမျှ လင်းချန်၏ ရုပ်ခန္ဓာအရှိန်အဝါမှာလည်း ဆက်တိုက် မြင့်တက်လာခဲ့သည်။ မကြာမီမှာပင် လက်ဖက်ရည်တစ်ခွက် သောက်စာမျှ အချိန်အတွင်း၌ လင်းချန်၏ ရုပ်ခန္ဓာဖိအားသည် တုံထျန်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

ရုပ်ခန္ဓာကျင့်စဉ် - တုံထျန်းအဆင့် အထွတ်အထိပ်

ထိုအထွတ်အထိပ်မှာ သူတော်စင်အဆင့်သို့ ခြေတစ်လှမ်းလှမ်းရန် အသင့်ဖြစ်နေသည့် အနေအထားပင် ဖြစ်သည်။

အတန်ကြာသော် လင်းချန်၏ စိတ်အာရုံ စူးစိုက်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး သူ၏ ဘဝအဆင့်အတန်း ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချုပ်နှောင်မှုများစွာသည် ခဏချင်းအတွင်း ပျောက်ကွယ်သွားပြီးနောက် ရုပ်ခန္ဓာစွမ်းအားများ အကြီးအကျယ် တိုးတက်လာခဲ့လေသည်။

“ဝုန်း”

“ရှပ်”

ပြင်းထန်သော ရုပ်ခန္ဓာဖိအားများသည် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးသွားပြီး နတ်ဘုရားစွမ်းရည်ခန်းမ၏ ကိုးထပ်မြောက်ရှိ ဟင်းလင်းပြင်တွင် အက်ကြောင်းများ ပေါ်ထွက်လာစေခဲ့သည်။

ရုပ်ခန္ဓာကျင့်စဉ် ချိုးဖောက်မှု... သူတော်စင်အဆင့် (၁)။

တဟုန်ထိုး တိုးတက်လာသော ရုပ်ခန္ဓာစွမ်းအားကို ခံစားရင်း ဖရိုဖရဲ နတ်ဘုရား-မိစ္ဆာ ကျမ်းစာကို ဆက်တိုက်လည်ပတ်နေသော လင်းချန်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ နောက်ဆုံးတွင် သူ၏ ရုပ်ခန္ဓာကျင့်စဉ်သည် သူတော်စင်အဆင့်သို့ ပထမဆုံး စတင်ဝင်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

သူ၏ ရုပ်ခန္ဓာကျင့်စဉ် သူတော်စင်အဆင့်သို့ ရောက်ရှိသွားသည်နှင့်အမျှ သူ၏ ဘဝ အဆင့်အတန်းမှာလည်း တိုးတက်ပြောင်းလဲသွားသည်ကို သူရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်ပေသည်။ ထို့အတူ သူ၏ နားလည်နိုင်စွမ်း၏ အမြင့်ဆုံးအတိုင်းအတာမှာလည်း ထိုအသွင်ပြောင်းလဲမှုနှင့်အတူ ပိုမိုမြင့်မားလာပုံရသည်။

၎င်းမှာ မရေရာသော်လည်း သူသည် အတွင်းတံခါးရှစ်ခု၏ ဒုတိယမြောက် တံခါးနှင့်ပတ်သက်၍ နားလည်မှုအသစ်အချို့ကို ရရှိလာခဲ့သည်။

လင်းချန်၏ အတွေးများ လျင်မြန်စွာပြောင်းလဲနေစဉ်အတွင်းမှာပင် သူ၏ ရုပ်ခန္ဓာကျင့်စဉ်မှာ ရပ်တန့်မသွားဘဲ ပိုမိုမြင့်မားသော အဆင့်များဆီသို့ ဆက်လက် မြင့်တက်နေဆဲပင် ဖြစ်သည်။

ထိုမျှသာမကသေးဘဲ နတ်ဘုရားစွမ်းရည်ခန်းမ၏ အပြင်ဘက် ကောင်းကင်ယံတွင် မင်အိုးကဲ့သို့ မည်းနက်နေသော အတိဒုက္ခတိမ်တိုက်များ တိတ်တဆိတ် ပေါ်ပေါက်လာခဲ့တော့လေသည်။

ခဏချင်းအတွင်းမှာပင် ထိုတိမ်တိုက်များသည် မိုင်ပေါင်းသောင်းချီသော ကောင်းကင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ကြည့်လိုက်လေရာရာ၌ မည်းမှောင်နေသော အတိဒုက္ခတိမ်တိုက်များကိုသာ မြင်တွေ့ရတော့သည်။ ထိုသို့ဖြစ်နေသည့်တိုင် မည်းနက်သော တိမ်တိုက်များသည် ကောင်းကင်တစ်ခုလုံးကို ဝါးမျိုတော့မည့်အလား ဆက်လက်၍ ပျံ့နှံ့နေဆဲပင်။

“ဂျိန်း... ဝုန်း”

မည်းနက်သော တိမ်တိုက်များထဲတွင် နက်မှောင်သော ခရမ်းရောင် လျှပ်စီးတန်းများ လူးလာတုံ့ခေါက်ဖြစ်နေပြီး နားကွဲလုမတတ် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးများကို ထုတ်လွှတ်နေခဲ့သည်။

နတ်ဘုရားစွမ်းရည်ခန်းမ အပြင်ဘက်ရှိ ရင်ပြင်ပေါ်တွင် ရှေးဟောင်းလင်းမိသားစု၏ အဖွဲ့ဝင်အများအပြားသည် ဤမြင်ကွင်းကို မြင်တွေ့ကြရပြီး ကောင်းကင်ယံသို့ စူးစမ်းသော အကြည့်များဖြင့် မော့ကြည့်နေကြသည်။

“မိသားစုရဲ့ ဘယ်အင်အားကြီးပုဂ္ဂိုလ်က အဆင့်တက်နေတာလဲ။”

“တိမ်တိုက်ထဲက အတိဒုက္ခလျှပ်စီးရဲ့ စွမ်းအားကို ကြည့်ရသလောက်ဆိုရင် ဒီကောင်းကင်အတိဒုက္ခက အနည်းဆုံး မဟုသူတော်စင်အဆင့်လောက် ရှိရမယ်။”

“ငါတို့ရဲ့ ရှေးဟောင်းလင်းမိသားစုက တစ်ယောက်ယောက် နတ်ဘုရားစွမ်းရည်ခန်းမထဲမှာ မဟာသူတော်စင်အဆင့်ကို ချိုးဖောက်ဝင်ရောက်နေတာလား။”

ဤသို့တွေးမိသည်နှင့် ရှေးဟောင်းလင်းမိသားစုဝင် အများအပြားသည် ဝမ်းမြောက်ဂုဏ်ပြုသည့် အမူအရာများနှင့် ဆုတောင်းပေးသည့် အမူအရာများ ဖြစ်ပေါ်လာကြတော့လေသည်။ အကယ်၍ သူတို့၏ မိသားစုတွင် နောက်ထပ် မဟာသူတော်စင်အဆင့် အင်အားကြီးပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာမည်ဆိုပါက ၎င်းသည် မိသားစုအတွက် အလွန်ဝမ်းမြောက်စရာ ကောင်းသောအချက်ပင် ဖြစ်သည်။

သို့သော် မည်သည့် အင်အားကြီးပုဂ္ဂိုလ်က အဆင့်တက်နေသည်ကိုမူ သူတို့ အတိအကျ မသိကြပေ။

ရင်ပြင်ပေါ်ရှိ မိသားစုဝင်များကို ဇဝေဇဝါဖြစ်စေသည့် အချက်မှာ ဆယ့်ငါးမိနစ်ခန့် ကြာမြင့်သွားသည့်တိုင် အတိဒုက္ခကို ရင်ဆိုင်ရန် မည်သူတစ်ဦးတစ်ယောက်မျှ ထွက်ပေါ်လာခြင်း မရှိသေးခြင်းပင်။ ကောင်းကင်ယံတွင်မူ မည်းနက်သော တိမ်တိုက်များသည် မိုင်ပေါင်းသုံးသောင်းခန့်အထိ ဆက်လက်ဖုံးလွှမ်းနေပြီဖြစ်သည်။

အတိဒုက္ခတိမ်တိုက်များ ပေါ်ထွက်လာခြင်းကြောင့် ရှေးဟောင်းလင်းမိသားစုကို စောင့်ကြပ်နေကြသော အင်အားကြီးပုဂ္ဂိုလ်များသည်လည်း နတ်ဘုရားစွမ်းရည်ခန်းမ အပြင်ဘက်ရှိ ဟင်းလင်းပြင်ထဲတွင် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့ကြလေသည်။ သူတို့သည်လည်း ယခုအချိန်တွင် မည်သူက မဟာသူတော်စင်အဆင့်သို့ တက်လှမ်းနေသနည်းဆိုသည်ကို အလွန်ပင် သိချင်နေကြသည်။

မဟာသူတော်စင်အဆင့် အင်အားကြီးပုဂ္ဂိုလ်တစ်ဦးကို ရှေးဟောင်းလင်းမိသားစုထဲတွင်ပင် ထိပ်တန်းပညာရှင်တစ်ဦးဟု သတ်မှတ်နိုင်ပေသည်။ ကပ်ဘေးဆိုးများ ကျရောက်လာတော့မည့် အချိန်တွင် အင်အားကြီးပုဂ္ဂိုလ်တစ်ဦး ပိုထွက်လာခြင်းသည် မိသားစုအတွက် ခုခံတွန်းလှန်နိုင်စွမ်း တစ်ရပ် ပိုတိုးလာခြင်းပင် မဟုတ်ပါလော။

နတ်ဘုရားစွမ်းရည်ခန်းမ၊ ကိုးထပ်မြောက်...။

လင်းချန်သည် ပြင်းထန်သော ရုပ်ခန္ဓာဖိအားများဖြင့် ဝန်းရံလျက် တင်ပလ္လင်ခွေ ထိုင်နေဆဲ ဖြစ်သည်။ ဤရုပ်ခန္ဓာဖိအားသည် အချိန်နှင့်အမျှ ပိုမိုအားကောင်းလာပြီး စက္ကန့်တိုင်းလိုလို ကျင့်စဉ်အဆင့်တစ်ခုစီ တိုးတက်နေခဲ့သည်။

သူသည် အပြင်ဘက်ရှိ အခြေအနေများကို မသိရှိသေးပေ။ သူ၏ ရုပ်ခန္ဓာကျင့်စဉ် မြှင့်တင်မှုသည် ပြီးဆုံးလုနီးပြီ ဖြစ်ကြောင်းသာ သူသိပေသည်။ ယခုအခါ သူ၏ ရုပ်ခန္ဓာသည် သူတော်စင်အဆင့် (၆) သို့ ရောက်ရှိနေပြီ ဖြစ်သည်။

နောက်ထပ် အဆင့်ငယ်တစ်ခုကိုသာ ချိုးဖောက်ပြီးပါက ဤမြှင့်တင်မှုဖြစ်စဉ်မှာ ပြီးဆုံးတော့မည် ဖြစ်သည်။

“ဘုန်း”

လင်းချန်၏ ခန္ဓာကိုယ်အတွင်းမှ တုန်ခါသံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ ချုပ်နှောင်မှုတစ်ခုခု ကျိုးပျက်သွားသကဲ့သို့ပင်။ ပြင်းထန်လှသော ရုပ်ခန္ဓာဖိအားသည် ရုတ်ခြည်း မြင့်တက်လာပြီး မကြုံစဖူးသော အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့တော့လေသည်။

ရုပ်ခန္ဓာကျင့်စဉ် ချိုးဖောက်မှု... သူတော်စင်အဆင့် (၇)။

“ဟူး...”

ကျင့်စဉ်အဆင့် ချိုးဖောက်ပြီးသည်နှင့် လင်းချန်သည် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ နက်နဲသော စွမ်းအင်များသည် လုံးဝဥဿုံ သန့်စင်ပြီးသွားပြီဖြစ်ကာ ပျောက်ကွယ်သွားပြီးနောက် သူ၏ ရုပ်ခန္ဓာစွမ်းအား၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားခဲ့ချေပြီ။

သူသည် ခေါင်းငုံ့ကာ သူ၏ လက်ဖဝါးကို ကြည့်လိုက်ပြီး စမ်းသပ်သည့်အနေဖြင့် လက်ကို လှုပ်ရှားကြည့်လိုက်သည်။

“ရွှပ်”

သူသည် လက်ဖဝါးကို အသာအယာသာ လှုပ်ရှားလိုက်သော်လည်း ဟင်းလင်းပြင်မှာ အဝတ်စုတ်တစ်ခုကဲ့သို့ ဆုတ်ဖြဲခံလိုက်ရလေသည်။

သတိပြုရမည့်အချက်မှာ ဤနေရာသည် နတ်ဘုရားစွမ်းရည်ခန်းမ အတွင်းရှိ အထူးခိုင်မာအောင် ပြုလုပ်ထားသော ဟင်းလင်းပြင် ဖြစ်ပေသည်။ သာမန် သူတော်စင်အဆင့် အင်အားကြီးပုဂ္ဂိုလ်များပင်လျှင် သူတို့၏ စွမ်းအားအားလုံးကို အသုံးချလျှင်ပင် ချိုးဖျက်ရန် ခဲယဉ်းလှသော နေရာမျိုးဖြစ်သည်။

သို့သော် ယခုအခါတွင်မူ ထိုမျှခိုင်ခံ့သော ဟင်းလင်းပြင်ကို လင်းချန်က လက်တစ်ချက် အသာအယာ လှုပ်ရှားလိုက်ရုံဖြင့် အဝတ်စုတ်တစ်ခုလို ဆုတ်ဖြဲပစ်လိုက်နိုင်ပြီ ဖြစ်သည်။

ဤမြင်ကွင်းကို ကြည့်ရင်း လင်းချန်၏ နှုတ်ခမ်းထောင့်များမှာ ကျေနပ်အားရသော အပြုံးတစ်ခုအဖြစ် အလိုလို ကွေးညွတ်သွားခဲ့သည်။ သူ၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်ရန် အဖိုးတန်လှသော အခွင့်အရေးကို အသုံးချခဲ့ရကျိုး နပ်ပေသည်။ ဤမျှအားကောင်းသော ရုပ်ခန္ဓာခွန်အားဖြင့်ဆိုလျှင် ယခုအခါ သူသည် မိမိကိုယ်ကိုယ် ကာကွယ်ရန် လုံလောက်သော စွမ်းအားကို ပိုင်ဆိုင်နေပြီဖြစ်သည်။

ထို့အပြင် သူ၏ ရုပ်ခန္ဓာကျင့်စဉ် သူတော်စင်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ပြီးနောက် သူတော်စင်အဆင့် ရုပ်ခန္ဓာကောင်းကင်အတိဒုက္ခကို ရင်ဆိုင်ကျော်ဖြတ်ရန် လိုအပ်နေသေးသည်ကိုလည်း သူ မေ့မထားခဲ့ပေ။

သာမန်ကျင့်ကြံသူများအတွက်မူ ကောင်းကင်အတိဒုက္ခဆိုသည်မှာ လမ်းကို ပိတ်ဆို့ထားသော ကျားတစ်ကောင်ကဲ့သို့ပင် ဖြစ်ပြီး မည်သို့ပင်ဖြစ်စေ ရှောင်လွှဲလိုကြသည့် အရာမျိုးဖြစ်သည်။ သို့သော် မိုင်ပေါင်းဆယ်သန်းတိုင်အောင် လွှမ်းခြုံထားသော ကံတရားကို ပိုင်ဆိုင်ထားသည့် သူ့အတွက်မူ ဤရုပ်ခန္ဓာအဆင့် တက်လှမ်းမှုကြောင့် ကျရောက်လာမည့် ကောင်းကင်အတိဒုက္ခသည်...

သူ၏ ရုပ်ခန္ဓာကျင့်စဉ်အတွက် ကြီးမားလှသော အားဆေးတစ်ခွက်သာ ဖြစ်ပေလိမ့်မည်။

လင်းချန် မတ်တပ်ထရပ်လိုက်ပြီး သူ၏ အကြည့်များမှာ နတ်ဘုရားစွမ်းရည်ခန်းမကို ဖောက်ထွက်ကာ အပြင်ဘက်သို့ စူးစိုက်ကြည့်ရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ဒီသူတော်စင်အဆင့် ရုပ်ခန္ဓာကောင်းကင်အတိဒုက္ခရဲ့ အကူအညီနဲ့ ငါ့ရဲ့ရုပ်ခန္ဓာကျင့်စဉ်က သူတော်စင်အဆင့် အထွတ်အထိပ်ကို ရောက်သွားနိုင်မလားပဲ။

ဒါမှမဟုတ်... မဟာသူတော်စင်အဆင့်ကိုတောင် ချိုးဖောက်သွားနိုင်မလား။”

သူ၏အသံ မဆုံးမီမှာပင် လင်းချန်သည် ခြေတစ်လှမ်း ရှေ့သို့လှမ်းလိုက်ရာ နတ်ဘုရားစွမ်းရည်ခန်းမ၏ ကိုးထပ်မြောက်မှနေ၍ ပျောက်ကွယ်သွားတော့သည်။ သူသည် ဤရုပ်ခန္ဓာကောင်းကင်အတိဒုက္ခက သူ၏ ရုပ်ခန္ဓာကျင့်စဉ်ကို မည်မျှအထိ မြှင့်တင်ပေးနိုင်မည်နည်းဆိုသည်ကို လက်တွေ့စမ်းသပ်ရန် ထွက်ခွာသွားပြီ ဖြစ်သည်။

All Chapters