အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း (၆၉) - ဘိုးဘေးနယ်မြေသို့ ရောက်ရှိခြင်း၊ အတိတ်ဟောင်းအဖြစ် မကျန်ရစ်စေလို၊ လက်မှတ်ထိုးခြင်းအခွင့်အရေး ပွင့်သွားခြင်း
ဟိန်းဟောက်သံများသည် ကောင်းကင်နှင့် မြေကြီးကြားတွင် အဆက်မပြတ် ပဲ့တင်ထပ်နေ၏။ လောကတစ်ခုလုံးမှာ ဂုဏ်ပြုသံလှိုင်းများဖြင့် ပြည့်နှက်နေသယောင် ရှိတော့သည်။
လင်းချန်သည် အောက်ဘက်မှ ထွက်ပေါ်လာသော အသံများကို ကြားလိုက်ရသည့်အခါ စိတ်ကိုတည်ငြိမ်အောင်ထားပြီး အောက်ရှိလူများကို နူးညံ့စွာ ပြုံးပြလိုက်သည်။
“အားလုံးရဲ့ ဂုဏ်ပြုစကားတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒီရွှေရောင်ခေတ်ကြီး ရောက်ရှိလာချိန်မှာ ငါတို့အားလုံး ဒီအဖိုးတန်တဲ့ အခွင့်အရေးကို ဆုပ်ကိုင်ပြီး ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်သင့်တယ်။”
သူ၏အသံမှာ တည်ငြိမ်သော်လည်း ဝိညာဉ်စွမ်းအင်များ ပါဝင်နေသဖြင့် ရှေးဟောင်း လင်းမိသားစု နယ်မြေတစ်ခုလုံးနီးပါးတွင် ပဲ့တင်ထပ်သွားခဲ့လေသည်။ ယခုတစ်ကြိမ်တွင် သူ၏ခန္ဓာကိုယ်ကျင့်ကြံခြင်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်သွားခဲ့ရာ သူ့ခေတ်သူ့အခါရှိ ထူးခြားဆန်းကြယ်သော ပါရမီရှင်များ ထက် အမှန်တကယ်ပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
နောက်ထပ် သူမျက်စိကျရမည့် ပစ်မှတ်မှာ ယခင်မျိုးဆက်မှ ကျွမ်းကျင်သူများနှင့်... ထိုတားမြစ်နယ်မြေမှ အထွတ်အထိပ်ပုဂ္ဂိုလ်များပင် ဖြစ်သည်။
ရှေးဟောင်း လင်းမိသားစုတစ်ခွင်ရှိ မိသားစုဝင်အများအပြားမှာ လင်းချန်၏ စကားကို ကြားလိုက်ရသောအခါ သူတို့၏ အမူအရာများမှာ လေးနက်သွားကြပြီး အလျင်အမြန်ပင် ပြန်လည်တုံ့ပြန်လိုက်ကြသည်။
“ကျုပ်တို့... နတ်ဘုရားသားတော်ရဲ့ အမိန့်ကို နာခံပါ့မယ်။”
မိသားစုဝင်အားလုံး၏ နှလုံးသားထဲတွင် လင်းချန်အပေါ် အမြင့်ဆုံးသော လေးစားမှုများ ဖြစ်ပေါ်လာခဲ့ကြလေသည်။
နတ်ဘုရားသားတော်၏ ပါရမီမှာ အလွန်အမင်း အစွမ်းထက်လှသော်လည်း သူကိုယ်တိုင်ပင် အပြင်းအထန် ကျင့်ကြံနေပါက သူတို့ကရော အဘယ်ကြောင့် မကျင့်ကြံဘဲ နေနိုင်ပါမည်နည်း။
မိသားစုအတွက်ရော သူတို့ကိုယ်တိုင်အတွက်ပါ ကျင့်ကြံခြင်းတွင် ပိုမိုကြိုးစားရန် ဆုံးဖြတ်လိုက်ကြတော့လေသည်။
၎င်းကို ကြားသောအခါ လင်းချန်က ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီး အောက်ဘက်သို့ ကြည့်နေခြင်းကို ရပ်တန့်ကာ တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ တစ်နေရာသို့ လှည့်၍ ပြုံးလိုက်သည်။
နောက်တစ်ခဏတွင် လင်းချန်သည် ကောင်းကင်ယံ၌ ဆက်မနေတော့ဘဲ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ယခုမူ ဘိုးဘေးနယ်မြေသို့ သွားရမည့်အချိန် ဖြစ်ပေသည်။ ပထမအချက်မှာ သားသမီးကျင့်ဝတ်အရ ဘိုးဘေးများ၏ ဂူဗိမာန်များကို သွားရောက်သန့်ရှင်း ဂါရဝပြုရန်ဖြစ်ပြီး ဒုတိယအချက်မှာ လက်မှတ်ထိုးဝင်ခြင်းအခွင့်အရေးကို ရနိုင်မလားဟု ကြည့်ရှုရန်ဖြစ်သည်။
ဘိုးဘေးနယ်မြေသည် မိသားစု၏ အရေးအကြီးဆုံးနေရာဖြစ်သဖြင့် ထိုနေရာတွင် လက်မှတ်ထိုးဝင်ခြင်း အခွင့်အရေး ပွင့်လာလိမ့်မည်ဟု သူ ခံစားနေရသည်။
နန်းဆောင်ကြီး၏ အပေါ်တွင်မူ လင်းဟောက်ရန်နှင့် ယွမ်ချင်းရိုတို့သည် လင်းချန်၏ အကြည့်ကို အာရုံခံမိလိုက်သောအခါ ပြုံးမိလိုက်ကြသည်။
ဤကောင်လေး၏ အကဲခတ်နိုင်စွမ်းမှာ သူ၏ခန္ဓာကိုယ်ကျင့်ကြံခြင်း သူတော်စင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် ပို၍ပင် ထက်မြက်လာခဲ့ပြီဖြစ်သည်။ ဤမျှဝေးကွာသော အကွာအဝေးတွင် သူတို့နှစ်ဦး၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ကိုယ်ရောင်ဖျောက်မထားလျှင်ပင် သာမန်လူများမှာ အာရုံခံမိနိုင်မည်မဟုတ်ပေ။
သို့သော် လင်းချန်က သူတို့ကို တစ်ချက်တည်းနှင့် မြင်လိုက်နိုင်၏။ ဤကဲ့သို့သော အမြင်အာရုံမျိုးမှာ မဟာသူတော်စင်အဆင့် ကျွမ်းကျင်သူအများစုတွင်ပင် မရှိနိုင်သော အရာဖြစ်သည်။ ကြည့်ရသည်မှာ လင်းချန်၏ လက်ရှိအစစ်အမှန် စွမ်းအားမှာ မဟာသူတော်စင်အဆင့် ကျွမ်းကျင်သူအများစုကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။
အရေးကြီးဆုံးမှာ သူတို့၏ ချန်အာသည် ယခုမှ အသက် (၁၆) နှစ်သာ ရှိသေးပြီး (၁၇) နှစ်ပင် မပြည့်သေးခြင်းဖြစ်သည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်မှာ တကယ့်ကို သူတို့၏ သားပင် ဖြစ်တော့သည်။
နတ်ဘုရားမျှော်စင် အပြင်ဘက်ရှိ ရင်ပြင်တွင်မူ...
လင်းမိသားစုဝင် အများအပြားမှာ အံ့သြမဆုံး ဖြစ်နေကြဆဲဖြစ်ပြီးမှ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြသည်။ ခန္ဓာကိုယ်ကျင့်ကြံခြင်း သူတော်စင်အဆင့်သို့ ရောက်ရှိသွားသော နတ်ဘုရားသားတော်မှာ သူ၏ မျိုးဆက်သစ် ပါရမီရှင်များထဲတွင် အမှန်တကယ်ပင် အနှိုင်းမဲ့သွားပြီဖြစ်ကြောင်း သူတို့ သိရှိသွားကြပြီဖြစ်သည်။
မည်သည့် စိန်ခေါ်မှု သို့မဟုတ် သံသယကိုမျှ ခွင့်မပြုသော အနှိုင်းမဲ့ခြင်းမျိုးပင်။ မဟာဧကရာဇ်တာအို သစ်သီးဆိုသော ထိုထူးခြားသည့် ရာထူးနေရာမှာ သူတို့ နတ်ဘုရားသားတော်၏ လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
နတ်ဘုရားသားတော် မိန့်ကြားခဲ့သည့်အတိုင်း မိသားစု၏ ဂုဏ်သိက္ခာကို စောင့်ရှောက်ရန် သူတို့သည်လည်း ကောင်းမွန်စွာ ကျင့်ကြံရမည်ဖြစ်သည်။
ခဏအကြာတွင် ရှေးဟောင်း လင်းမိသားစု၏ အတွင်းပိုင်း အစွန်အဖျားရှိ လူသူကင်းမဲ့သော နေရာတစ်ခုတွင်...
ဖျစ်ဟူသော အသံနှင့်အတူ လေဟာနယ်မှာ ဆွဲဖြဲခံလိုက်ရပြီး နက်မှောင်သော လေဟာနယ်တွင်းနက်ကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
နောက်တစ်ခဏတွင် လင်းချန်၏ပုံရိပ်သည် ထိုလေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ ခြောက်သွေ့တိတ်ဆိတ်နေပြီး သက်ရှိဟူ၍ မရှိချေ။ ရိုးရှင်းလှသော အနက်ရောင် ရှေးဟောင်းတံခါးကြီးတစ်ခုသာ ငြိမ်သက်စွာ ရပ်တည်နေခဲ့သည်။
ထိုတံခါးကြီး၏ ထိပ်ပိုင်းမှ ရှေးကျပြီး ထူထပ်လှသော အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် လူတစ်ဦးကို ကမ္ဘာဦးကာလသို့ ရောက်ရှိသွားသကဲ့သို့ပင် ခံစားရစေမည်ဖြစ်သည်။ ၎င်းအပြင် မြေပြင်ပေါ်တွင် ဖုံးလွှမ်းနေသော ဝါကျင်ကျင် သဲသောင်ပြင်များကိုသာ မြင်တွေ့ရမည်ဖြစ်သည်။
ဤမြင်ကွင်းမှာ ရှေးဟောင်း လင်းမိသားစုအတွင်း၌ ရှိနေသည်နှင့်မတူဘဲ ဂိုဘီသဲကန္တာရ တစ်ခုအတွင်း ရောက်ရှိနေသကဲ့သို့ ဖြစ်နေခဲ့လေသည်။ အလွန်ရင်းနှီးလှသော ပတ်ဝန်းကျင်ကို ကြည့်ရင်း လင်းချန်က ပြုံးကာ ခေါင်းခါလိုက်မိသည်။
နှစ်ပေါင်း သုံးထောင်တောင် ကုန်လွန်သွားခဲ့ချေပြီ။ မိသားစုက ဒီနေရာကို ပြုပြင်ဖို့ ဘယ်သူ့ကိုမှ မခိုင်းခဲ့ဘူးပဲ။ ဒါက သူတို့ ရှေးဟောင်း လင်းမိသားစု မျိုးဆက်အသီးသီးရဲ့ ဂူဗိမာန်လေ။
သို့သော် ထိုခဏမှာပင် ကိုးယောက်မြောက်ဘိုးဘေး ပြောခဲ့ဖူးသည်ကို သူ ရုတ်တရက် သတိရသွား၏။ မိသားစု၏ ဘိုးဘေးနယ်မြေ အပြင်ဘက်က ဤမျှအထိ ခြောက်သွေ့နေရခြင်းမှာ ဘိုးဘေးများ၏ စည်းမျဉ်းများကြောင့် ဖြစ်သည်ဟု ဆိုခဲ့ဖူးပေသည်။
ဘိုးဘေးများသည် မိသားစုဝင်များအနေဖြင့် ယနေ့ရရှိထားသော လှပတင့်တယ်မှုမှန်သမျှသည် ရဲရင့်သော တိုက်ပွဲဝင်မှုများမှတစ်ဆင့် ရရှိလာခြင်းဖြစ်ကြောင်း အမြဲသတိရနေစေချင်၏။
လှပမှုများကို ပိုင်ဆိုင်ထားသော်လည်း အတိတ်က ခက်ခဲကြမ်းတမ်းမှုများကို မေ့ပျောက်၍မရချေ။ ဘိုးဘေးနယ်မြေတစ်ခုသည် အလွန်အမင်း တောက်ပြောင်ခမ်းနားနေပါက မျက်စိကိုသာ ကွယ်စေလိမ့်မည်ဖြစ်ပြီး မူလအသွင်အပြင်ကို ထိန်းသိမ်းထားခြင်းကသာ အစစ်အမှန်ဆုံး ဖြစ်ပေသည်။
ဤသည်ကို တွေးမိသောအခါ လင်းချန်မှာ အတန်ငယ် စကားဆွံ့အသွားရ၏။ သွေးဆူလွယ်ပြီး အားမာန်အပြည့်ရှိပုံရသော ဘိုးဘေး လင်းတုံသည် လက်ရှိချိုမြိန်မှုကို တန်ဖိုးထားတတ်စေရန် အတိတ်က ခါးသီးမှုများကို ပြန်လည်ဆင်ခြင်ခြင်းကဲ့သို့သော အလုပ်မျိုးကို နှစ်သက်လိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
ဘိုးဘေးလင်းတုံသည် နောက်ပိုင်းဘဝတွင် အပြောင်းအလဲများစွာ ကြုံတွေ့ခဲ့ရသဖြင့် သူ၏စရိုက်မှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ခြင်းလော။
မဟုတ်လျှင်မူ နတ်ဘုရား ပင်မမျှော်စင်ထဲ၌ သူတွေ့ခဲ့သော ဘိုးဘေးလင်းတုံသည် ဤကဲ့သို့သော အရာမျိုးကို လုပ်လိမ့်မည်မဟုတ်ပေ။
လင်းချန်သည် အသက်ကို ပြင်းပြင်းရှူကာ အတွေးများကို ရပ်တန့်လိုက်ပြီး တွေဝေခြင်းမရှိဘဲ အနက်ရောင် တံခါးကြီးဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားတော့သည်။
ထိုအကြောင်းအရာများက အရေးမကြီးပါချေ။ အရေးကြီးသည်မှာ သူ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်နှစ်ခုကို လျင်မြန်စွာ အကောင်အထည်ဖော်ရန်သာ ဖြစ်သည်။
ရှေးဟောင်းတံခါးကြီးသည် သာမန်တံခါးတစ်ခုနှင့် မခြားနားလှဘဲ ရပ်နေသည့်နေရာမှနေ၍ တံခါး၏ ဟိုဘက်အခြမ်း မြင်ကွင်းကို မြင်တွေ့နိုင်ပေသည်။ သို့သော် လင်းချန်က ထိုတံခါးထဲသို့ လှမ်းဝင်လိုက်သည်နှင့် မှော်ဆန်သော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မူလက ထူးခြားမှုမရှိသော အနက်ရောင်တံခါးကြီးမှာ ထူထပ်လှသော ဟင်းလင်းပြင် အရှိန်အဝါများဖြင့် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် တံခါးကြီးတစ်ခုလုံးမှာ အံ့သြဖွယ်ကောင်းလောက်အောင် ထူးခြားဆန်းကြယ်သွားတော့သည်။
ဟင်းလင်းပြင်အရှိန်အဝါများ၏ သက်ရောက်မှုကြောင့် လင်းချန်သည် တံခါးကို ဖြတ်သန်းသွားစဉ်မှာပင် သူ၏ပုံရိပ်မှာ ကြိုတင်သတိပေးချက်မရှိဘဲ လေထဲ၌ ကွယ်ပျောက်သွားခဲ့သည်။
ဝီး...
လင်းချန်၏ ပုံရိပ်ကို အနက်ရောင်တံခါးကြီးက အပြီးတိုင် ဝါးမျိုသွားပြီးနောက် တံခါးကြီးမှာ မူလအတိုင်း မည်သည့်ထူးခြားမှုမျှ မရှိသော သာမန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ရှေးဟောင်း လင်းမိသားစု၏ ဘိုးဘေးနယ်မြေသို့ သွားရာတွင် မိသားစုသွေးနှောသူများသာ ရှေးဟောင်းကမ္ဘာတံခါးကို ဖြတ်သန်း၍ ဘိုးဘေးနယ်မြေတည်ရှိရာ ကမ္ဘာငယ်လေးသို့ ရောက်ရှိနိုင်ပေသည်။
၎င်းအပြင် သူတော်စင်ဘုရင်အဆင့် အကြီးအကဲများနှင့် ထိုထက် မြင့်မားသော အဆင့်ရှိသူများသာလျှင် ဤခြောက်သွေ့သော သဲကန္တာရနယ်မြေထဲသို့ စိတ်တိုင်းကျ ဝင်ထွက်သွားလာနိုင်စွမ်းရှိသည်။
ဘိုးဘေးနယ်မြေမှာ ကြည့်ရသည်မှာ သာမန်ကာလျှံကာဟု ထင်ရသော်လည်း အမှန်စင်စစ် ရှေးဟောင်း လင်းမိသားစု တစ်ခုလုံးအတွက် အသက်သွေးကြောသဖွယ် အရေးပါသောနေရာ ဖြစ်ပေသည်။ အကယ်၍ တစ်စုံတစ်ဦးက ဤနေရာကို ဖျက်ဆီးရန် ကြိုးစားပါက မိသားစုတစ်ခုလုံးက အသက်ပေး၍ တိုက်ခိုက်ကြမည်သာ ဖြစ်သည်။
အထီးကျန်လှသော ဟင်းလင်းပြင်အတွင်း၌ အပြင်ဘက်ကနှင့် ထပ်တူညီသော အနက်ရောင်တံခါးကြီးတစ်ခု ရှိနေပြီး ၎င်းအပြင် အထက်သို့ မြင့်မားစွာ ထိုးထွက်နေသော အနက်ရောင် ဂူဗိမာန်ကျောက်တိုင်ကြီးများလည်း ရှိနေခဲ့လေသည်။ ထိုကျောက်တိုင်ကြီးများသည် ဟင်းလင်းပြင်တစ်ခုလုံး၌ ပြည့်နှက်နေပြီး မျက်စိတစ်ဆုံး ကြည့်လိုက်လျှင် ကျောက်တိုင်ကြီးများ၏ ပုံရိပ်များကိုသာ မြင်တွေ့ရပေတော့သည်။
ထိုဟင်းလင်းပြင်အတွင်းရှိ ကောင်းကင်ယံမှာ မှောင်မှောက်နေပြီး မည်သည့်အလင်းရောင်မျှ ရှိမနေသယောင် ထင်ရသော်လည်း ထူးဆန်းသည်မှာ ဤကမ္ဘာတစ်ခုလုံးကို သာမန်မျက်စိဖြင့် ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိနေခြင်းပင် ဖြစ်သည်။
ရိုးရှင်းသော အနက်ရောင်တံခါးကြီး၏ ရှေ့တွင် လင်းချန်၏ ပုံရိပ်သည် အတွင်းဘက်မှ လှမ်းထွက်လာခဲ့သည်။ သူ မတ်တပ်ရပ်လိုက်သည်နှင့်တစ်ပြိုင်နက် ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော အထီးကျန်ဆန်သည့် ခံစားချက်တစ်ခုက သူ့ကို လွှမ်းခြုံသွားရာ လင်းချန်မှာ ခဏတာ တိတ်ဆိတ်သွားမိသည်။
ပတ်ဝန်းကျင်ရှိ ဂူဗိမာန်ကျောက်တိုင်များသည် ရှေးဟောင်းလင်း မိသားစုဝင်များ၏ အမှတ်အသားများပင် ဖြစ်သည်။ သူတို့သည် သဘာဝအတိုင်း သေဆုံးခဲ့ကြသူများ ဖြစ်နိုင်သလို အကြောင်းအမျိုးမျိုးကြောင့် သို့မဟုတ် မိသားစုအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသူများလည်း ဖြစ်နိုင်သည်။
မည်သို့ပင် ကွယ်လွန်ခဲ့ကြပါစေ ယခုအခါတွင်မူ သူတို့အားလုံးသည် ဤအထီးကျန်လှသော ဘိုးဘေးနယ်မြေထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေကြပြီဖြစ်သည်။
သူတို့သည် ရှေးဟောင်း လင်းမိသားစု၏ “အတိတ်” များ ဖြစ်ကြသည်။ သူသည်မူ ထိုအတိတ်၏ အစိတ်အပိုင်းတစ်ခု မဖြစ်လိုချေ။ ထို့ကြောင့် သူသည် အပြင်းအထန် ကျင့်ကြံရမည်ဖြစ်ပြီး မိမိ၏ ကံကြမ္မာကို မိမိဘာသာ အပြည့်အဝ ထိန်းချုပ်နိုင်ရမည်ဖြစ်သည်။
လင်းချန်သည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး ဤနေရာတွင် မြှုပ်နှံထားသော ရှေးဟောင်း လင်းမိသားစု၏ ကွယ်လွန်သူ ဘိုးဘေးများကို ဂါရဝပြုရန် ပြင်ဆင်လိုက်သည်။
အတိအကျပင်။ ထိုအချိန်မှာပင် လင်းချန်၏ စိတ်ထဲ၌ ပြတ်သားသော အကြောင်းကြားသံတစ်ခု မြည်ဟည်းလာခဲ့သည်။
“အိမ်ရှင်သည် ရှေးဟောင်းကန္တာရ လင်းမိသားစု၏ ဘိုးဘေးနယ်မြေထဲသို့ ရောက်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ လက်မှတ်ထိုးဝင်ခြင်းကို လုပ်ဆောင်နိုင်ပါပြီ။”
“အိမ်ရှင် လက်မှတ်ထိုးဝင်လိုပါသလား။”
စနစ်၏ အကြောင်းကြားသံကို ကြားလိုက်ရသောအခါ လင်းချန်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း အလွန်အမင်း အံ့သြသွားခြင်းမျိုးတော့ မရှိပေ။ သူ ဤနေရာသို့ စတင်ဝင်ရောက်လာစဉ်ကတည်းက ဘိုးဘေးနယ်မြေတွင် လက်မှတ်ထိုးဝင်ခြင်းအခွင့်အရေး ပွင့်လာနိုင်ခြေ အလွန်မြင့်မားကြောင်း စိတ်ကူးထားပြီးသားဖြစ်သည်။
စနစ်ကို ချက်ချင်း အကြောင်းမပြန်သေးဘဲ လင်းချန်သည် သူ၏ အတွေးများကို စုစည်းကာ ကွယ်လွန်သူ ဘိုးဘေးများအား ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခြင်းနှင့် ဂူဗိမာန်များကို သန့်ရှင်းရေးလုပ်ခြင်းတို့ကို စတင်လုပ်ဆောင်လိုက်လေသည်။
သူ ဤနေရာကို မရောက်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်း သုံးထောင်ခန့် ရှိပြီဖြစ်ပြီး ဂါရဝလည်း မပြုနိုင်ခဲ့ချေ။ ယခု ရောက်ရှိနေပြီဖြစ်ရာ ဘာမျှမလုပ်ဘဲ နေ၍မဖြစ်ပေ။
သူသည် ဤကမ္ဘာသို့ ရောက်ရှိနေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ရှိပြီဖြစ်သည်။ သူသည် မွေးကတည်းက ကူးပြောင်းလာသူဖြစ်ပြီး ဝိညာဉ်ဝင်စားခြင်းမျိုး မဟုတ်ပေ။ ထို့ကြောင့် အတိအကျဆိုရသော် သူသည် ရှေးဟောင်းလင်း မိသားစု၏ အစစ်အမှန် အဖွဲ့ဝင်တစ်ဦးပင် ဖြစ်သည်။ မိသားစုဝင်တစ်ဦးအနေဖြင့် ဘိုးဘေးများကို ဂါရဝပြုခြင်းမှာ သဘာဝကျလှသော အလုပ်ပင် ဖြစ်သည်။
တစ်နာရီနီးပါး ကြာပြီးနောက် လင်းချန်သည် ဘိုးဘေးအားလုံးကို ဂါရဝပြုခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားကာ ကွင်းပြင်တစ်ခုသို့ ထွက်လာခဲ့လိုက်သည်။ ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိကြောင်း အတည်ပြုပြီးနောက် လင်းချန်က စိတ်ထဲမှ ရေရွတ်လိုက်တော့သည်။
“စနစ်... လက်မှတ်ထိုးဝင်မယ်။”
အခန်း (၇၀) - ဘိုးဘေးနယ်မြေ၌ လက်မှတ်ထိုးဝင်ခြင်း၊ နတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီး
အရာအားလုံး အဆင်ပြေချောမွေ့သွားပြီဖြစ်ရာ ဘိုးဘေးနယ်မြေတွင် လက်မှတ်ထိုးဝင်ရမည့်အချိန် ရောက်ရှိလာပြီဖြစ်သည်။
ဒီတစ်ကြိမ် လက်မှတ်ထိုးဝင်ခြင်းဆုလာဘ်က ဘာဖြစ်မလဲဆိုတာ ငါ သိချင်မိတယ်။
“အိမ်ရှင်၏ တောင်းဆိုမှုကို လက်ခံရရှိပါသည်။ ရှေးဟောင်းကန္တရာ လင်းမိသားစု၏ ဘိုးဘေးပိုင်နက်တွင် လက်မှတ်ထိုးဝင်နေပါသည်...။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ဂုဏ်ယူပါသည် အိမ်ရှင်။ သင်သည် (၃) ရှီချန် (၆ နာရီခန့်) ကြာမြင့်မည့် ‘နတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီး’ကို ရရှိသွားပါပြီ။”
“အိမ်ရှင်အနေဖြင့် နတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီးကို အသုံးပြုလိုပါသလား။”
“မှတ်ချက် - နတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီးကို စတင်ပြီးပါက လမ်းတစ်ဝက်တွင် ရပ်တန့်၍မရပါ။ အိမ်ရှင်အနေဖြင့် အချိန်အခါကို ပညာရှိစွာ ရွေးချယ်ပါ။”
နတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီးလား။
ပြီးတော့ (၃) ရှီချန်တည်းလား။
လင်းချန်၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့သည်။ ဤလက်မှတ်ထိုးဝင်ခြင်း ဆုလာဘ်သည် အနည်းငယ် အားမရစရာ ကောင်းနေသယောင်ရှိသည်။ သူ၏ ကိုယ်ပိုင်သိမြင်နားလည်မှုစွမ်းအားမှာ ကိုယ်ဘက်ကိုယ်မယက်လိုသော်လည်း လက်တွေ့တွင် နတ်ဘုရားအဆင့်နီးပါး ရှိနေပြီးသား ဖြစ်သည်။
အခု သူ့ကို (၃) ရှီချန်စာ နတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီးပေးတော့ ဘာထူးခြားသွားမှာမို့လို့လဲ။
လင်းချန် စိတ်ထဲမှနေ၍ စနစ်ကို မေးမြန်းလိုက်သည်။
“စနစ် ဒီနတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီးနဲ့ ငါ့ရဲ့ ကိုယ်ပိုင်သိမြင်နားလည်မှုကြားမှာ ကွာခြားချက် ဘယ်လောက်ရှိလဲ။ တစ်နည်းပြောရရင် ဒီကောင်းချီးရဲ့ နတ်ဘုရားအဆင့်ဆိုတာက ဘယ်လောက်အထိ အစွမ်းထက်လို့လဲ။”
လက်မှတ်ထိုးဝင်ခြင်းအခွင့်အရေးကို အလွယ်တကူ ရရှိခဲ့ခြင်းမဟုတ်သဖြင့် သူ အလဟဿ အဖြစ်မခံနိုင်ပေ။ လင်းချန်၏ မေးခွန်းအဆုံးတွင် စနစ်၏ ပြတ်သားသော အသံက ပြန်လည်ထွက်ပေါ်လာခဲ့သည်။
“အိမ်ရှင်၏ ကိုယ်ပိုင်သိမြင်နားလည်မှုက ထူးကဲသာလွန်လှပါတယ်။ သီအိုရီအရဆိုရင် ၎င်းကို နတ်ဘုရားအဆင့် သိမြင်နားလည်မှုရဲ့ အခြားပုံစံတစ်မျိုးလို့ ခေါ်ဆိုနိုင်ပါတယ်။
ဒါပေမယ့် လက်မှတ်ထိုးဝင်ရာကနေ ရရှိတဲ့ နတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီးက သာမန်နတ်ဘုရားအဆင့် သိမြင်မှုမျိုး မဟုတ်ဘဲ အစစ်အမှန် နတ်ဘုရားတစ်ပါးရဲ့ သိမြင်နားလည်မှုမျိုး ဖြစ်ပါတယ်။”
အစစ်အမှန် နတ်ဘုရားတစ်ပါး၏ သိမြင်နားလည်မှု။
၎င်းကို ကြားလိုက်ရသောအခါ လင်းချန်၏ မျက်နှာ၌ စိတ်ဝင်စားဖွယ်ရာ အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှသည်။
မင်းရဲ့ နတ်ဘုရားအဆင့် သိမြင်နားလည်မှုက ဘယ်လောက်တောင် ‘နတ်ဘုရား’ ဆန်မလဲဆိုတာ ကြည့်ရသေးတာပေါ့။
ခဏတာ စဉ်းစားပြီးနောက် လင်းချန်သည် နတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီး စတင်သည်နှင့် မည်သည့် နတ်ဘုရားစွမ်းရည်နှင့် ကျင့်စဉ်များကို လေ့လာရမည်နည်းဟု စတင်တွက်ချက်တော့လေသည်။
နတ်ဘုရားစွမ်းရည်များနှင့် ပတ်သက်လျှင် သူ၏ စွမ်းရည်အားလုံးမှာ အပြည့်အဝ တတ်မြောက်ထားပြီးသား ဖြစ်သည်။ ကမ္ဘာဦး ဖရိုဖရဲ ဓားကိုးချက်အတွက် လိုအပ်နေသည်မှာ သူ၏ အခြေခံဝိညာဉ်စွမ်းအင်သာ ဖြစ်သည်။ ၎င်းသာ လုံလောက်ပါက ကိုးခုမြောက် ဓားချက်ကို တိုက်ရိုက် ထုတ်ဖော်နိုင်မည်ဖြစ်သည်။
သို့ဆိုလျှင် အတွင်းတံခါးရှစ်ပေါက်သာ ကျန်တော့သည်။ သူ၏ အတွင်းတံခါးရှစ်ပေါက်ထဲတွင် ပထမတံခါးကိုသာ ဖွင့်ထားနိုင်သေးသည်။ ယခင် အတိဒုက္ခရင်ဆိုင်စဉ်က ဒုတိယတံခါးအတွက် အသိအမြင်အချို့ ရရှိခဲ့သော်လည်း မချိုးဖျက်နိုင်သေးပေ။
အကယ်၍ သူသည် နတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီးကို အသုံးပြုကာ တံခါးရှစ်ပေါက်ကို လေ့လာမည်ဆိုပါက အနည်းဆုံးတော့ ဒုတိယတံခါးကို နားလည်ပြီး ဖွင့်နိုင်ပေလိမ့်မည်။
ထိုသို့ဖြစ်လာပါက သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အရှိန်အဟုန်သစ်ဖြင့် မြင့်တက်လာမည်ဖြစ်ပြီး သူ၏ အထွတ်အထိပ် ခွန်အားမှာလည်း ပိုမိုအားကောင်းလာမည်ဖြစ်သည်။
အတွင်းတံခါးရှစ်ပေါက်၏ ပထမတံခါးသည် စုစုပေါင်းတိုက်ခိုက်ရေးစွမ်းအားကို (၁) ဆ တိုးမြှင့်ပေးပြီး ဒုတိယတံခါးမှစ၍ အဆင့်လိုက် (၂) ဆစီ အသီးသီး တိုးမြှင့်ပေးမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဒုတိယတံခါးကို ဖွင့်လိုက်သည်နှင့် တံခါးရှစ်ပေါက်မှ ပေးစွမ်းသော တိုက်ခိုက်ရေးစွမ်းအားမှာ (၂) ဆအထိ မြင့်တက်သွားမည်ဖြစ်သည်။ သူ၏ အလုံးစုံ တိုက်ခိုက်ရေးစွမ်းအားမှာ နှစ်ဆတိုးသည့် ပုံစံမျိုးဖြင့် ကြီးထွားလာမည် ဖြစ်သည်။
သွမ့်ကျားရှုထောင့်မှ ကြည့်လျှင်လည်း သူ၏ သိမြင်မှု ပိုမိုနက်ရှိုင်းလာပါက ချက်ချင်းနေရာရွှေ့ပြောင်းနိုင်သည့် အကွာအဝေးမှာ ပိုတိုးလာမည်ဖြစ်သည်။ ယခင်က လင်းချန်သည် သွမ်းကျား၏ တည်နေရာကူးပြောင်းမှတ်ကို နတ်ဘုရားသားတော် နန်းဆောင်တွင် ထားရှိခဲ့ဖူးသည်။
သို့သော် ယခုလောလောဆယ်တွင် သူ တည်နေရာရွှေ့ပြောင်းနိုင်သည့် အကွာအဝေးမှာ အလွန်တိုတောင်းလွန်းလှသဖြင့် အဝေးသို့ ခရီးသွားသည့်အခါမျိုးတွင် အသုံးမဝင်တော့ပေ။
လင်းချန်သည် ချက်ချင်းဆိုသလိုပင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
သူသည် အတွင်းတံခါးရှစ်ပေါက်ကို လေ့လာရန်အတွက် နတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီးကို အသုံးပြုမည်ဖြစ်သည်။
လင်းချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ထဲမှနေ၍ လေးနက်စွာ ပြောလိုက်သည်။
“စနစ်... နတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီးကို အသုံးပြုမယ်။”
ထိုသို့ပြောပြီးနောက် လင်းချန်သည် ထိုနေရာမှာတင် တင်ပလ္လင်ခွေ ထိုင်ချလိုက်ပြီး ကောင်းချီး၏ အာနိသင် ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။ စနစ်က အလွန်အမင်း နတ်ဘုရားဆန်သည်ဟု ဖော်ပြထားသောကြောင့် ၎င်းသည် မည်မျှအထိ ထိရောက်မှုရှိသည်ကို သူ ကြည့်ရပေဦးမည်။
“စနစ်က ထုတ်လုပ်သမျှ အရာအားလုံးဟာ လက်ရာမွန်တွေသာ ဖြစ်ရမယ်” ဆိုသည့် မူကို လက်ကိုင်ထားပြီး သူ၏ နှလုံးသားထဲတွင်လည်း အတိုင်းအတာတစ်ခုအထိ မျှော်လင့်ချက်များ ရှိနေခဲ့လေသည်။
“အိမ်ရှင်၏ တောင်းဆိုမှုကို လက်ခံရရှိပါသည်။ နတ်ဘုရားအဆင့် သိမြင်နားလည်မှု ကောင်းချီးကို စတင်အသက်သွင်းနေပါသည်။”