အခန်း (၅၂၁-၅၂၂)
Vol. 36 Ch. 521-522
အခန်း ၅၂၁ - စမ်းသပ်မှု၏ကနဦးရလဒ်များ၊ လှည့်ပတ်ကြည့်ရှုခြင်း
တူးဖော်ပြီးသားသတ္တုရိုင်းများကို နောက်ဆုံးမီးသွေးကျည်ဆံသုံးသေနတ်အဖြစ်သို့ပြောင်းလဲရန်မှာ ရှောင်းယီ၏ဘက်တွင်ကဲ့သို့ မလွယ်ကူကြောင်း နားလည်ထားရမည်ဖြစ်သည်။
၎င်းတွင် အရည်ကျိုခြင်း၊ ပုံသွင်းခြင်းစသည့်လုပ်ငန်းစဉ်များ ပါဝင်ပေသည်။
သို့သော် ရှောင်းယီကဲ့သို့ အသက်ရှင်ကျန်ရစ်သူများသည် ထုတ်လုပ်မှုပုံကြမ်းတစ်ခုနှင့် သက်ဆိုင်ရာအရင်းအမြစ်များသာလိုအပ်ပြီး မီးသွေးကျည်ဆံများကို ဖန်တီးနိုင်သည်။
ချူဖုန်းမြို့တွင်မူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိပေ။ ထို့ကြောင့် ထုတ်လုပ်မှုပုံကြမ်းရှိပါကလည်း ထိုအရာကိုနားလည်ပြီး ထိုအရာပေါ်ရှိသတ်မှတ်ချက်များအတိုင်း ထုတ်ကုန်ကို ဖန်တီးနိုင်သော လက်မှုပညာရှင်များ လိုအပ်ပေသည်။
ဤသည်မှာ ချူဖုန်းမြို့က ဦးတည်ချက်ကျောက်ရှိသော ဒေသခံမျိုးနွယ်စုများကို ရှာဖွေနေရခြင်း၏ အကြောင်းရင်းဖြစ်နိုင်သည်။
“သူတို့က မီးသွေးကျည်ဆံသုံးသေနတ်တွေကို စုပြုံထုတ်လုပ်နိုင်မယ်ဆိုရင် ချူဖုန်းမြို့က ကျုပ်တို့အသက်ရှင်ကျန်ရစ်သူတွေထက် ပိုမိုမြန်ဆန်စွာဖွံ့ဖြိုးတိုးတက်နေတယ်လို့ ဆိုလိုတာပဲ။”
ဖန်မင်လုံက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
“အဲ့ဒါကြောင့် ငါက ချူဖုန်းမြို့ထဲကို သူလျှိုတွေစေလွှတ်ပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကို အမြဲစောင့်ကြည့်ခိုင်းထားတာပေါ့။”
ရှောင်းယီက ပြောလိုက်သည်။
“လက်ရှိအချိန်မှာ အဓိကပြဿနာက ငါတို့မှာ ချူဖုန်းမြို့ရဲ့ မှော်ဆရာနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ထိပ်တန်းတိုက်ခိုက်ရေးအင်အားရှိ၊မရှိဆိုတာကိုပဲ။”
ယွမ်နွန်က မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
ရှောင်းယီသည် ဒေသခံများစွာကို ဖမ်းဆီးထားခဲ့ပြီး ၎င်းတို့အားလုံးကို စစ်မြေပြင်သို့ခေါ်ဆောင်သွားပါက မြို့တစ်မြို့၏စစ်သားများထက် လျော့နည်းလိမ့်မည်မဟုတ်ပေ။
သို့သော် ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားသည် ပြိုင်ဘက်နှင့်မယှဉ်နိုင်ပါက ရှုံးနိမ့်မည်မှာ လုံးဝသေချာသည်။ သူတို့သည် ဤထိပ်တန်းစွမ်းအားကို အသုံးပြု၍ မိမိတို့အား ထပ်တလဲလဲနှောင့်ယှက်ပြီး တဖြည်းဖြည်းချင်းတိုက်စားသွားရန်သာ လိုအပ်ပေသည်။
ဤအချက်တွင် လူတိုင်းက ရှောင်းယီကို ကြည့်လိုက်ကြသည်။ ၎င်းတို့၏ရုပ်ခန္ဓာအဆင့်များသည် သေချာပေါက်မလုံလောက်ကြောင်း သူတို့အားလုံးသိထားကြပြီး ကျွန်းပိုင်ရှင်ကိုသာ အားကိုးရမည်ဖြစ်သည်။
“ခွန်းယွီနဲ့ အဲ့ဒီမှော်ဆရာတို့ နောက်ဆုံးတွေ့ခဲ့တဲ့အချိန်တုန်းတည်းကထက် ငါ့ရဲ့ရုပ်ခန္ဓာအဆင့်က အမှန်တကယ်တိုးတက်ခဲ့တယ်။ ဒါပေမယ့် ချူဖုန်းမြို့ရဲ့မှော်ဆရာနဲ့ ယှဉ်ပြိုင်နိုင်မလားဆိုတာတော့ လက်ရှိမှာ မသေချာသေးဘူး။”
ရှောင်းယီက ပြောလိုက်သည်။
ထိုစကားကိုကြားရသည်နှင့် လူတိုင်း စိုးရိမ်လာခဲ့ကြသည်။
“ဒါပေမယ့် ငါတို့ကလည်း ကိုယ့်ကိုယ်ကို ဖြည်းဖြည်းချင်း မြှင့်တင်နေကြတာပါပဲ။ ငါတို့လုပ်နေတဲ့စမ်းသပ်ချက်တွေအပါအဝင် ငါတို့တစ်ယောက်ချင်းစီရဲ့တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ဖို့ပြင်ဆင်ထားတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဦးလေးအန်း စမ်းသပ်မှုက တစ်ချိန်တချို့ကြာပြီဆိုတော့ ကနဦးကောက်ချက်ရပြီလား။”
ထိုအခါ အန်းယွဲ့က ချက်ချင်းထရပ်ကာ ပြန်ဖြေလိုက်သည်။
“ရပါပြီ...အခုကောက်ချက်ချလိုက်လို့ရပြီလို့တောင် ခံစားရတယ်။”
“ပြောပြပါဦး။”
ရှောင်းယီက သိလိုစိတ်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“စမ်းသပ်မှုမှာ စုစုပေါင်းလူ ၃၂၄၁ ဦးပါဝင်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူနဲ့ ဒေသခံအားလုံးရဲ့ အဆင့်အားလုံးနီးပါးကို လွှမ်းခြုံထားပါတယ်။ အရင်ကသတ်မှတ်ထားတဲ့ စမ်းသပ်ချက်အခြေအနေအတိုင်း လူတိုင်းရဲ့အစားအသောက်အခြေအနေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတယ်။ လူတစ်ဦးချင်းစီရဲ့ခွန်အား၊ အမြန်နှုန်း၊ တုံ့ပြန်မှုစတဲ့အချက်တွေကိုလည်း နေ့စဉ်အချိန်မှန်မှန် စစ်ဆေးခဲ့တယ်။ ရလဒ်ကတော့ ကိုယ့်ရဲ့ရုပ်ခန္ဓာအဆင့်ထက် တစ်ဆင့်မြင့်တဲ့အစားအစာကို စားသုံးခြင်းက အကောင်းဆုံးစုပ်ယူမှုကို ရစေတယ်။ နောက်တစ်ခုကတော့ တူညီတဲ့အဆင့်၊ ပြီးရင်တစ်ဆင့်နိမ့်တဲ့အစားအစာက အနည်းငယ်ညံ့ဖျင်းတယ်။ အညံ့ဆုံးကတော့ ကိုယ့်ရုပ်ခန္ဓာအဆင့်ထက် နှစ်ဆင့်မြင့်တဲ့အစားအစာ ဒါမှမဟုတ် နှစ်ဆင့်နိမ့်တဲ့အစားအစာပါပဲ။”
အန်းယွဲ့က မိတ်ဆက်လိုက်သည်။
“အုပ်စုတိုင်းမှာ ဒီတိုင်းပဲလား။”
ရှောင်းယီက ခေါင်းညိတ်ပြီး မေးလိုက်သည်။
“ဟုတ်ပါတယ်...အုပ်စုတစ်ခုစီအတွင်းမှာရှိတဲ့ လူတစ်ဦးချင်းစီမှာ ကွာခြားမှုရှိနိုင်တယ်။ ဒါပေမယ့် ဒါကလည်း တစ်ဦးချင်းစီရဲ့ စုပ်ယူနိုင်စွမ်းကွာခြားမှုကြောင့်လို့ ကျုပ်ထင်ပါတယ်။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
“ကောင်းပြီ ဒီတစ်ပတ်ကုန်တဲ့အထိ စမ်းသပ်မှုကို ဆက်လုပ်လိုက်ပါ။ စမ်းသပ်ချက်အချက်အလက်တွေက ခင်ဗျားရဲ့ကောက်ချက်အတိုင်း ဆက်ပြီးထွက်ပေါ်လာနေမယ်ရင် စမ်းသပ်ချက်ကိုရပ်ပြီး လူတိုင်းရဲ့စွမ်းအားကို အမြန်ဆုံးမြှင့်တင်ရမယ်။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
အန်းယွဲ့က တုံ့ပြန်လိုက်သည်။
ဤရလဒ်သည် ရှောင်းယီ အရင်ကတည်းက ခန့်မှန်းထားခဲ့သည့်အတိုင်းပင်ဖြစ်ပြီး ခြားနားချက်မရှိသလောက်ပင်။
ဥပမာ လူတစ်ဦးသည် B-အဆင့်တွင်ရှိပါက A-အဆင့်အစားအစာကို စားသုံးသည်မှာ အကောင်းဆုံးဖြစ်သည်။ နောက်တစ်ခုမှာ B-အဆင့်အစားအစာ၊ ထို့နောက် C-အဆင့်အစားအစာဖြစ်သည်။ ပိုမြင့်သော S-အဆင့်အစားအစာကို စားသုံးပါက သက်ရောက်မှုမှာ များစွာအားနည်းသွားမည်ဖြစ်ပြီး ပိုနိမ့်သော D-အဆင့်အစားအစာနှင့် သာမန်အဆင့်အစားအစာများသည်မူ သဘာဝအတိုင်း သက်ရောက်မှုမရှိပေ။
အခြားသူများသည် ရှောင်းယီ၏အမိန့်ကို ကြားလိုက်ရသည်နှင့် ပျော်ရွှင်သွားကြတော့သည်။ အဘယ်ကြောင့်ဆိုသော် ဤအန္တရာယ်ရှိသောကမ္ဘာတွင် ကိုယ်ပိုင်စွမ်းအားကို အမှန်တကယ်တိုးမြှင့်နိုင်ခြင်းသည် အခြေခံအကျဆုံးအရာဖြစ်သောကြောင့်ပင်။
“တစ်ခြားမေးစရာရှိသေးသလား။”
ရှောင်းယီက လူတိုင်းကိုကြည့်ကာ မေးလိုက်သည်။
လူတိုင်း ခေါင်းခါလိုက်ပြကြသည်။
“အင်း ငါတို့မှာ ချူဖုန်းမြို့ကို ကြည့်နေတဲ့ သူလျှိုတွေရှိတယ်။ အဲ့ဒါကြောင့် သူတို့ ငါတို့ဆီကို ချက်ချင်းရောက်လာနိုင်ဦးမယ်လို့တော့ မထင်ဘူး။ လူတိုင်းပဲ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကိုယ့်ကိုယ်ကို အဆင့်မြှင့်တင်ကြဖို့ အချိန်ကိုကောင်းကောင်းဆုပ်ကိုင်ထားသင့်တယ်။ ဒီနေ့တော့ ဒီမှာပဲ နေ့လည်စာစားကြရအောင်။ ခဏနေရင် လူတိုင်း အတူတူသန့်ရှင်းရေးလုပ်ပြီး စားပွဲတွေကို ပြင်ဆင်ကြရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ပြင်ဆင်ပြီးရင် ဦးလေးအန်းယွဲ့က မင်းတို့ကို တံတိုင်းအတွင်းထဲ လိုက်ပြပေးပါလိမ့်မယ်။”
“ဟုတ်ကဲ့။”
လူတိုင်း တုံ့ပြန်လိုက်ကြသည်။
ရှောင်းယီသည် ညွှန်ကြားချက်ပေးပြီးနောက် သူသည် သူ၏ဗီလာသို့ ပြန်သွားခဲ့လေသည်။
ထို့နောက် ထိုမဟာမိတ်ကျွန်းများ၏ခေါင်းဆောင်များသည် ချက်ချင်းပင် အန်းယွဲ့၏ပတ်လည်သို့ ရောက်ရှိလာခဲ့ကြလေသည်။
“ဦးလေးအန်း ခင်ဗျားလည်းမြင်တာပဲ။ ကျုပ်တို့အရှေ့မြောက်ဘက်ကျွန်းရဲ့ဧရိယာက တကယ့်ကိုသေးလွန်းတယ်။ ဘာလို့ ကျုပ်ရဲ့ကျွန်းကို စတုရန်းမီတာ ၁၀၀၀၀ အရင်မချဲ့ပေးရမှာလဲ။”
“ချူရှန်း အရင်ရောက်တဲ့လူကို ဦးစားပေးရမယ်ဆိုတာ နားမလည်ဘူးလား။ ငါက ကျွန်းပိုင်ရှင်ရဲ့မဟာမိတ်အဖွဲ့ထဲကို ပထမဆုံးဝင်ခဲ့တာ။ ပြီးတော့ ငါက မြောက်ဘက်မှာရှိနေတာပဲ။ မြောက်ဘက်က ချူဖုန်းမြို့ကိုစောင့်ကြည့်ဖို့ ကျွန်းပိုင်ရှင်ကိုကူညီနိုင်တယ်။ သဘာဝအတိုင်း ငါ့ကျွန်းကို အရင်ချဲ့သင့်တယ်။”
“ငြင်းခုံနေတာရပ်လိုက်ကြပါတော့။ လူတိုင်းပဲ ကျုပ်ရဲ့ကျွန်းက အနာဂတ် တရုတ်ဆေးဖက်ဝင်အပင်တွေထုတ်လုပ်မှုနဲ့ ဆက်စပ်နေတယ်။ အဲ့ဒါကြောင့် ကျုပ်ရဲ့ကျွန်းကို အရင်ချဲ့သင့်တယ်။”
အန်းယွဲ့သည် ရှောင်းယီထံသို့ အရင်ရောက်ရှိခဲ့သော စွန်းကုထောင်တို့အဖွဲ့များကို ကြည့်ကာ ပထမဆုံးချဲ့ထွင်ရေးအခွင့်အလမ်းအတွက် ယှဉ်ပြိုင်နေကြသည်ကိုကြည့်ရင်း မျှော်လင့်ချက်ကင်းမဲ့စွာ ခေါင်းခါမိလိုက်သည်။
“ကျွန်းပိုင်ရှင်က မင်းတို့ကျွန်းအားလုံးကို စတုရန်းမီတာ ၁၀၀၀၀ ချဲ့မယ်လို့ပြောခဲ့တယ်။ အစီအစဉ်အတိအကျအတိုင်းကို နှိုင်းယှဉ်စဉ်းစားပြီး ကျွန်းပိုင်ရှင်ဆီ တင်ပြဖို့လိုတယ်။ မင်းတို့ ငြင်းခုံနေစရာမလိုဘူး။ ဒါကို ငါလည်းဆုံးဖြတ်ပေးလို့မရဘူး။”
အန်းယွဲ့က ပြုံးရယ်ကာ ပြောလိုက်သည်။
ဤအချက်တွင် စွန်းကုထောင်နှင့် အခြားသူများသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ငြင်းခုံခြင်းကို ရပ်တန့်လိုက်ကြရလေသည်။
အန်းယွဲ့က ဆက်လက်ပြောလိုက်သည်။
“တကယ်တော့ မင်းတို့အချင်းချင်း လုံးဝယှဉ်ပြိုင်ဖို့မလိုပါဘူး။ အခုကျွန်းပိုင်ရှင်ရဲ့ အုတ်မြစ်ကျောက်ဝင်ငွေက တစ်ရက်ကို အုတ်မြစ်ကျောက် ၁၃၀၀၀ ကနေ ၁၅၀၀၀ ကြားရှိတယ်။ ကျွန်းခြောက်ကျွန်းကို စတုရန်းမီတာ ၁၀၀၀၀ ချဲ့ဖို့ဆိုတာက လေး၊ငါးရက်လောက်ပဲကြာမှာ။ ဒီနှစ်ရက်အတွက်နဲ့ မင်းတို့ ယှဉ်ပြိုင်ဖို့လိုလို့လား။”
လူတိုင်းသည် ထိုစကားကိုကြားရသည်နှင့် ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် စွန်းကုထောင်က ချူရှန်း၏ပုခုံးကို ပွေ့ဖက်ကာ ပြောလိုက်သည်။
“ညီအစ်ကိုကောင်းလေး ငြင်းခုံစရာမလိုပါဘူးကွာ။ ဒါက နှစ်ရက်လောက်လေးကွာရုံပါပဲ။”
“မှန်ပါတယ်။”
ချူရှန်းက ပြန်ဖြေလိုက်သည်။
“သွားကြရအောင် အတူတူအပြင်ထွက်ပြီး လျှောက်လည်ကြမယ်။”
“သွားကြရအောင်...သွားကြရအောင်။ မြို့တွင်းကိုရောက်ဖို့ဆိုတာ မလွယ်ဘူး။ ငါတို့ လျှောက်ကြည့်ရမယ် အချိန်မဖြုန်းနဲ့တော့။”
စွန်းယောင်ကလည်း ပြောလိုက်သည်။
လူတိုင်းသည် ဧည့်ခန်းထဲတွင် စားပွဲသုံးလုံးခင်းပြီးနောက် အန်းယွဲ့နောက်သို့ လိုက်သွားခဲ့ကြသည်။
“သွားကြရအောင်...လောင်ယွမ်ရဲ့နယ်မြေကို အရင်သွားကြမယ်။ အဲ့ဒါက ငါတို့ရဲ့စပါးကျီလည်းဖြစ်တယ်။ အိမ်ယာခြံဝင်းထဲကို သွားကြည့်ကြတာပေါ့။”
အန်းယွဲ့က ပြောလိုက်သည်။
လူတိုင်းသည် အန်းယွဲ့နောက်သို့ လိုက်သွားကြကာ ဗီလာထဲမှထွက်လာခဲ့ကြပြီး အိမ်ယာခြံဝင်းဆီသို့ လျှောက်သွားခဲ့ကြသည်။
အိမ်ယာခြံဝင်းထဲသို့ ခြေချလိုက်သည်နှင့် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။
“သေစမ်း ဒီအိမ်ယာခြံဝင်းထဲမှာတောင် လေအေးပေးစက်တပ်ထားတာလား။”
စွန်းကုထောင်က မထိန်းနိုင်ဘဲ ကျိန်ဆဲလိုက်မိသည်။
အခြားသူများသည်လည်း ယွမ်နွန်ကို ကြည့်လိုက်ကြလေသည်။
ယွမ်နွန်က ပြုံးကာ ရှင်းပြလိုက်သည်။
“ဒီအိမ်ယာခြံဝင်းက S-အဆင့် အဆောက်အအုံလေ။ သူက ကိန်းသေအပူချိန်စနစ်ရှိတယ်။ တကယ့်ကို လေအေးပေးစက်တပ်ထားသလိုပါပဲ။”
“ဒီလောက်ကြီးတဲ့အိမ်ယာခြံဝင်းထဲမှာ လေအေးပေးစက်ရှိတာလား။”
ချူရှန်းက ယွမ်နွန်ကို အံ့အားသင့်စွာကြည့်ကာ ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်က တကယ့်ကို ချမ်းသာပြီး ရက်ရောတာပဲ။”
“ဒါက လျှပ်စစ်ဓာတ်အားဘယ်လောက်တောင် သုံးရမှာလဲ။”
ဖန်မင်လုံက အံ့အားသင့်စွာမေးလိုက်သည်။
“လျှပ်စစ်ဓာတ်အားပြဿနာနဲ့ပတ်သက်ရင်တော့ လူတိုင်းပဲ တကယ်စိုးရိမ်မလိုပါဘူး။ မင်းတို့ကျွန်းခြောက်ကျွန်းကို ထပ်ထည့်ပေါင်းလိုက်မယ်ဆိုရင်တောင် ဒီကျွန်းက လျှပ်စစ်ဓတ်အားကို ကုန်အောင်သုံးနိုင်မှာမဟုတ်ဘူး။”
အန်းယွဲ့က အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
“ခဏနေမှ မင်းတို့ကို ငါတို့ရဲ့လျှပ်စစ်ဓာတ်အားပေးစက်ရုံဆီ ခေါ်သွားပေးမယ်။”
“လျှပ်စစ်ဓာတ်အားပေးစက်ရုံလား။”
လူတိုင်း တစ်ပြိုင်နက်တည်း ထိတ်လန့်တကြား မေးမိလိုက်ကြသည်။
အန်းယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
“အရင်က ဂရုထဲမှာ လူတစ်ယောက်က ကျွန်းပိုင်ရှင်မှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိသင့်တယ်လို့ ခန့်မှန်းခဲ့ဖူးတယ်။ အဲဒီတုန်းက သူတို့ချဲ့ကားပြောနေတယ်ထင်ခဲ့တာ။ အခုတော့ ချဲ့ကားပြောနေတာမဟုတ်ဘဲ တကယ်ဖြစ်နေတယ်ဆိုတာသိလိုက်ရပြီ။”
စွန်းယောင် သက်ပြင်းချလိုက်မိလေသည်။
အခန်း ၅၂၂ - အံ့အားသင့်မှု၊ မာတင်အကူအညီတောင်းခံခြင်း၊ လက်ဆောင်များ
သူတို့ကိုအတွင်းဘက်သို့ ဦးဆောင်ခေါ်သွားရင်းဖြင့် ယွမ်နွန်သည် အိမ်ယာခြံဝင်းတစ်ခုလုံး၏အပြင်အဆင်များကို ရှင်းပြလိုက်သည်။
ဤနေရာတွင် S-အဆင့်မြေဆီလွှာ တစ်ဧကအမှန်တကယ်ရှိကြောင်း ကြားလိုက်ရသည်နှင့် လူတိုင်း နောက်တစ်ကြိမ် ထပ်မံ၍ အံ့အားသင့်သွားခဲ့ကြသည်။
အခြားသူများတွင် S-အဆင့်မြေဆီလွှာ တစ်ယူနစ် သို့မဟုတ် နှစ်ယူနစ်သာရှိပြီး အများဆုံး သစ်သားစည်ပိုင်းတစ်လုံးကိုသာ ဖြည့်နိုင်ကြသော်လည်း ဤနေရာတွင်မူ တစ်ဧကလုံးလုံး ရှိနေပေသည်။
“ဘေးကအိမ်ယာခြံဝင်းကလည်း ဒီတစ်ခုနဲ့အတူတူပဲ။ အဲ့မှာလည်း S-အဆင့်မြေဆီလွှာ တစ်ဧကရှိတယ်။”
ယွမ်နွန်က နောက်ထပ် ဗုံးကြဲလိုက်လေသည်။
လူတိုင်း လုံးဝထုံထိုင်းသွားခဲ့ကြသည်။
“ငါက အစတုန်းက မြေညီထပ်မှာရှိရင် ကျွန်းပိုင်ရှင်ကတော့ အများဆုံးစတုတ္ထထပ်ပဲဖြစ်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကျွန်းပိုင်ရှင်က လေထုကိုတောင် ဖြတ်ပြီးသွားပြီလို့ မထင်ထားခဲ့မိဘူး။”
“ဟုတ်တယ်...ပိုပြီးလေ့လာလေလေ ကျွန်းပိုင်ရှင်ရဲ့စွမ်းအားကို ပိုပြီးခံစားရလေလေပဲ။”
“ကျွန်းပိုင်ရှင်နောက်ကိုလိုက်ရတာ တကယ့်ကို ကျုပ်တို့ရဲ့ကံကောင်းမှုပဲ။”
အိမ်ယာခြံဝင်းကို ပတ်ကြည့်ပြီးနောက် အန်းယွဲ့သည် သူတို့ကို အထည်အလိပ်စက်ရုံသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာတွင် ဖန်မင်လုံသည် သူ၏ညီမကို မြင်လိုက်ရလေသည်။
ဖန်ချင်းလွမ်သည် ဒေသခံတစ်ဦးအား ပန်းထိုးနည်း သင်ကြားပေးနေစဉ် လူတစ်စုဝင်လာသည်ကို မြင်လိုက်ရပြီး ချက်ချင်းပင် စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။
ဖန်မင်လုံသည် သူမထံသို့ တည့်တည့်လျှောက်သွားကာ လူအများ၏အလုပ်ခန်းပတ်လည်တွင် ထားရှိထားသော ရေခဲပုံးများကို တစ်ချက်ငဲ့ကြည့်လိုက်ပြီးနောက် သူ၏နှုတ်ခမ်းများတွန့်လိမ်သွားခဲ့သည်။
“ဒါကတကယ့်ကို ဇိမ်ခံတာပဲ။”
ချူရှန်း ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
သူနှင့်အတူရောက်လာသူများသည်လည်း သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်ကြလေသည်။
အန်းယွဲ့က သူတို့ကို တစ်ချက်ငဲ့ကြည့်ကာ မကျေမနပ်ဖြင့် ပြောလိုက်၏။
“ငါတို့က မင်းတို့ကို ရေခဲမထောက်ပံ့ပေးထားသလိုမျိုး ဟန်ဆောင်မနေနဲ့။”
ထိုပတ်ဝန်းကျင်ရှိ ရေခဲပုံးများသည် ပတ်ဝန်းကျင်အပူချိန်ကို လျှော့ချရန်အတွက် ရေခဲများထည့်ထားခြင်းဖြစ်သည်။
ဤနေရာတွင်သာမက ကျွန်းတစ်ကျွန်းစီရှိ တာဝန်ရှိသူများ၏အိမ်များတွင်လည်း ရေခဲပုံးများကို အဆက်မပြတ် ထောက်ပံ့ပေးထားသည်။
လက်ရှိတွင် ပန်ကာများ သို့မဟုတ် အခြားအအေးခံမှုအစီအမံများမရှိသောကြောင့် ဤနည်းလမ်းဖြင့်သာ လုပ်ဆောင်နိုင်ပေသည်။
“အစ်ကို နင်လည်း အတွင်းထဲကို ဝင်လာတာလား။”
ဖန်ချင်းလွမ်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ဖန်မင်လုံ၏နဖူးပြင်တွင်မူ အနက်ရောင်မျဉ်းကြောင်းများဖြင့် ဖုံးလွှမ်းသွားလေသည်။
“မင်း စကားကောင်းကောင်းပြောလို့မရဘူးလား။ မသိရင် ငါတို့အားလုံးက အဖမ်းခံလာရတာကျနေတာပဲ။”
ဖန်ချင်းလွမ်က လျှာထုတ်ပြလိုက်ကာ စကားအကြောင်းအရာကို ပြောင်းလဲလိုက်သည်။
“ဘယ်လိုလဲ။ ကျွန်းပိုင်ရှင်ရဲ့အတွင်းမြို့က မဆိုးဘူးမလား။”
ဖန်မင်လုံက ခေါင်းညိတ်ပြလိုက်သည်။
“ဟွန့် ငါသာတွန်းအားမပေးခဲ့ရင် နင်က စာချုပ်ချုပ်ဖို့ သဘောတူမှာမဟုတ်ဘူး။ ဒီအတွင်းမြို့ထဲကပစ္စည်းတွေကို တစ်ချက်ကြည့်လိုက်ရုံနဲ့ လူပေါင်းများစွာက အနားကပ်ချင်ကြတယ်။ ဒါပေမယ့် သူတို့ အခွင့်အရေးမရခဲ့ကြဘူး။”
ဖန်ချင်းလွမ်သည် အမြှော်အမြင်ကြီးသူတစ်ယောက်ကဲ့သို့ ပြောလိုက်လေသည်။
ဖန်မင်လုံသည် ရှားရှားပါးပါးအကြိမ်အဖြစ် သူမကို မငြင်းဆန်ခဲ့ပေ။
“ဟုတ်ပါတယ်...ဒါကမင်းတဇွတ်ထိုးလုပ်ခဲ့သမျှအချိန်တွေထဲမှာ အမှန်ကန်ဆုံးပဲ။”
“ဘာလို့ ဒါကငါ့ကိုချီးမွမ်းတဲ့စကားမျိုးမဟုတ်သလိုဖြစ်နေရတာလဲ။”
ဖန်ချင်းလွမ်က စိတ်ဆိုးစွာပြောလိုက်သည်။
“ဟုတ်ပါပြီ။ အလုပ်ကို ကြိုးစားလုပ်။”
ဖန်မင်လုံက ထိုသို့ပြောပြီးနောက် အခြားသူများနောက်သို့လိုက်ကာ ထွက်ခွာသွားခဲ့သည်။
အန်းယွဲ့သည် သူတို့ကို မြို့ရိုးအတွင်း ပတ်လည်လှည့်ပြလိုက်ပြီးနောက် မြို့ရိုး၏အနောက်တံခါးမှ ထွက်ခွာလာခဲ့ကြသည်။
“ဦးလေးအန်း ကျုပ်တို့ ဘာလို့အပြင်ထွက်လာတာလဲ။”
စွန်းကုထောင်က အန်းယွဲ့ကိုစူးစမ်းလိုစိတ်ဖြင့်ကြည့်ကာ မေးလိုက်သည်။
ထိုအခါ အန်းယွဲ့က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
“မင်းတို့ ကျွန်းပိုင်ရှင်ရဲ့ လျှပ်စစ်ဓာတ်အားပြဿနာကို မစူးစမ်းချင်ကြဘူးလား။ ငါ မင်းတို့ကို ကြည့်ခိုင်းမယ်။”
မြို့ရိုးအပြင်သို့ ထွက်လာခဲ့ပြီးနောက် သူတို့သည် မြောက်ဘက်သို့ လျှောက်သွားခဲ့ကြပြီး မကြာမီ လူတိုင်းသည် သိပ္ပံစိတ်ကူးယဉ်ဟန်ပန်များနှင့် ပြည့်နှက်နေသော အဆောက်အအုံတစ်ခုကို မြင်တွေ့လိုက်ကြရလေသည်။
“ဒါပဲ SSS-အဆင့် နျူကလီးယားဓာတ်အားပေးစက်ရုံ။”
အန်းယွဲ့က ထိုအဆောက်အအုံကိုညွှန်ပြကာ ပြောလိုက်သည်။
“ခင်ဗျားဘာပြောလိုက်တာလဲ...နျူကလီးယားဓာတ်အားပေးစက်ရုံဟုတ်လား။”
ဖန်မင်လုံက ထိတ်လန့်တကြားဖြင့် ပြောလိုက်သည်။
“ဒါဆိုရင် ကျုပ်တို့ ရေရှည်မှာ လျှပ်စစ်ဓာတ်အားအတွက် မစိုးရိမ်ရတော့ဘူးလို့ ဆိုလိုတာပဲမဟုတ်ဘူးလား။”
အန်းယွဲ့က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“မှန်တယ်...။ ဒီအရာတွေကို မင်းတို့ကိုပြတာကလည်း ကျွန်းပိုင်ရှင်က အံ့သြဖွယ်ကောင်းလောက်အောင်စွမ်းအားကြီးတယ်ဆိုတာကို မင်းတို့စိတ်ချစေဖို့ပဲ။ ကျေးဇူးပြုပြီး သူ့နောက်ကို စိတ်ချလက်ချလိုက်ကြပါ။ တခြားအတွေးတွေမရှိကြနဲ့။”
“မစိုးရိမ်ပါနဲ့ ဦးလေးအန်း။ ကျုပ်တို့မှာ မကောင်းတဲ့ရည်ရွယ်ချက် လုံးဝမရှိပါဘူး။”
လူတိုင်းက ချက်ချင်းပြန်ဖြေလိုက်ကြသည်။
အစည်းအဝေးပြီးသွားပြီးနောက် ရှောင်းယီသည် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားခဲ့သည်။
ထိုအချိန်တွင် မဆက်သွယ်တော့တာကြာပြီဖြစ်သောလူတစ်ဦးသည် သူ့ထံသို့ သီးသန့်စာတစ်စောင်ပို့ထားသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရလေသည်။
“မင်္ဂလာပါ သူဌေး ကျုပ်က မာတင်ပါ။ ကျုပ်ကိုမှတ်မိလားမသိဘူး။ ကျုပ်တို့မဟာမိတ်အဖွဲ့က လက်ရှိမှာတိုက်ခိုက်ခံနေရပါတယ်။ ကျုပ် ခင်ဗျားရဲ့ကူညီမှုကို အုတ်မြစ်ကျောက်နဲ့ လဲလှယ်နိုင်ဖို့ မျှော်လင့်မိပါတယ်။”
ယခင်က အသုံးများသော နိုင်ငံတကာဘာသာစကားကို မြင်လိုက်ရသည်နှင့် ရှောင်းယီသည် ၎င်း၏ဆိုလိုရင်းကို အကြမ်းဖျင်းနားလည်နိုင်သော်လည်း အသေးစိတ်အချက်အလက်များအတွက်မူ ကျွမ်းကျင်သူတစ်ယောက်ကို လိုအပ်နေဆဲပင်။
ထို့ကြောင့် သူသည် ဆုဝမ်အား ဘာသာပြန်ဆိုရန် ခေါ်ယူလိုက်ရလေသည်။
“ပြဿနာမရှိပါဘူး...မင်းဘက်မှာဒေသခံရွက်သင်္ဘောကြီးဘယ်နှစ်စီးတွေ့နေရလဲ။”
ရှောင်းယီက မေးလိုက်သည်။
“အရမ်းကောင်းတာပဲ သူဌေး နောက်ဆုံးတော့ ခင်ဗျား ကျုပ်ကိုပြန်ဖြေခဲ့ပြီ။ ကျုပ် ဒေသခံရွက်သင်္ဘောကြီးသုံးစီး တွေ့နေရတယ်။ ဒါပေမယ့် ကျုပ်ဆက်မထိန်းထားနိုင်တော့ဘူး။ ခင်ဗျားအရင်ကရောင်းခဲ့တဲ့ သုံးချက်ပစ်လောက်လွှဲနဲ့တောင် သူတို့ကို မရပ်တန့်ထားနိုင်ဘူး။”
မာတင်က ချက်ချင်းပြန်ဖြေလိုက်သည်။
“【အဆိပ်ငွေ့ဗုံး】 (A-အဆင့်) ၃ လဲလှယ်မည် - 【အုတ်မြစ်ကျောက်】 ၁၅။”
ဤသည်မှာ နိုင်ငံခြားသားများအား ရောင်းချခြင်းဖြစ်သောကြောင့် အတွင်းဈေးထက် စျေးကြီးရမည်ဖြစ်သည်။
မာတင်သည် ထိုပစ္စည်းကို မြင်တွေ့လိုက်ရပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် အခြေခံရှင်းလင်းချက်များ ပါရှိပြီး သူသည်လည်း အံ့အားသင့်သွားခဲ့သည်။
ဤသည်မှာ စျေးကြီးသောကြောင့်မဟုတ်ဘဲ ထိုပစ္စည်း၏အဆင့်နှင့် အကျိုးသက်ရောက်မှုကြောင့်ဖြစ်ပေသည်။
“ကျေးဇူးတင်ပါတယ် သူဌေး။ ကျေးဇူးတင်ပါတယ် သူဌေး။”
မာတင်သည် ချက်ချင်းပင် ငွေကြေးလဲလှယ်မှုကိုသဘောတူလိုက်ပြီး ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြောဆိုလိုက်လေသည်။
“ရပါတယ်။ ငါတို့က ပုံမှန်အရောင်းအဝယ်လုပ်ရုံပါပဲ။ မင်း သူတို့ရဲ့သင်္ဘောတွေကိုထိအောင်ပစ်နိုင်မယ့် အခွင့်အရေးရမယ်ဆိုရင် ဒေသခံတွေပြည့်နေတဲ့သင်္ဘောတစ်စီးလုံးကို ဖမ်းမိနိုင်တယ်။ သူတို့ တကယ်သာ မင်းကျွန်းကိုထိလာခဲ့ရင် ဒါကို မင်းရဲ့ကျွန်းပေါ်မှာတင် ပစ်ဖောက်ပြီး မင်းကိုယ်မင်းကာကွယ်လိုက်ပါ။”
“နားလည်ပါပြီ။”
မာတင်က ပြန်ဖြေလိုက်ပြီးနောက် ဂရုတစိုက်မေးလိုက်သည်။
“နောက်ထပ်နည်းနည်းလောက် ထပ်ရောင်းပေးနိုင်မလား။”
ရှောင်းယီသည် ရေခရမ်းချဉ်သီးနှင့်ပူးပေါင်း၍ မိုင်းတွင်းများကို တူးဖော်ခဲ့ပြီးနောက် ယမ်းမှုန့်ကုန်ကြမ်းများ အများအပြားရရှိခဲ့ပြီး အဆိပ်ငွေ့ဗုံးများအတွက် လိုအပ်သော တရုတ်ဆေးဖက်ဝင်အပင်များကိုမူ စွန်းယောင်နှင့် ယွမ်နွန်တို့က စိုက်ပျိုးထားခဲ့သည်။
ယခုအခါ အဆိပ်ငွေ့ဗုံးများ လုံလောက်နေပြီဖြစ်သည်။
“ရပါတယ်...မင်းဘယ်နှစ်ခုဝယ်ချင်လဲ။”
ရှောင်းယီက မေးလိုက်သည်။
“ဆယ်...ဆယ်ခုလောက် ရမလား။”
မာတင်က မေးလိုက်သည်။
“ရတယ်...လဲလှယ်မှုပို့လိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
“【အုတ်မြစ်ကျောက်】 ၁၅၀ လဲလှယ်မည် - 【အဆိပ်ငွေ့ဗုံး】 (A-အဆင့်) ၁၀။”
ရှောင်းယီသည် ချက်ချင်းပင် ငွေကြေးလဲလှယ်မှုကို သဘောတူလိုက်ပြီး တစ်ချိန်တည်းမှာပင် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
“လက်နက်ရောင်းဝယ်ရေးလုပ်ငန်းကို လူတိုင်းကြိုက်ကြတာ အံ့ဩစရာမဟုတ်တော့ဘူး။ တကယ်ကို အမြတ်အစွန်းများတာပဲ။”
မာတင်သည် အဆိပ်ငွေ့ဗုံးများ ရရှိပြီးနောက် ချက်ချင်းပင် စစ်မြေပြင်ထဲသို့ထည့်သွင်းလိုက်ပြီး ချက်ချင်းပင် အကျိုးသက်ရောက်မှုများအား ရရှိခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ထိုပစ္စည်းကို ဒေသခံများ၏ ရွက်သင်္ဘောကြီးပေါ်သို့ အောင်မြင်စွာပစ်ချနိုင်ခဲ့ပြီး ဒေသခံများကို ချက်ချင်းအဆိပ်သင့်စေခဲ့သောကြောင့်ပင်။
ထိုဒေသခံအားလုံးကို ဖမ်းဆီးပြီးနောက် မာတင်သည် ရှောင်းယီ၏ ဉာဏ်အလင်းပြမှုကြောင့် သူတို့၏မှော်ဆရာများနှင့် ခေါင်းဆောင်များအား စာချုပ်ချုပ်ရမည်ကို သဘာဝမတိုင်း သိထားခဲ့ပေသည်။
ဤနည်းအားဖြင့် မာတင်၏မဟာမိတ်အဖွဲ့တွင် အကူအညီပေးရန် လူတစ်စု ရှိလာခဲ့ပြီး တစ်ခုတည်းသောပြဿနာမှာ ဆက်သွယ်ရေးသာဖြစ်လေသည်။
ထိုမေးခွန်းဖြင့် မာတင်သည် ရှောင်းယီထံသို့ သီးသန့်စာတစ်စောင် ထပ်ပို့လိုက်လေသည်။
“သူဌေး ခင်ဗျားရဲ့အဆိပ်ငွေ့ဗုံးအတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် အဲဒီဒေသခံတွေကို ဖြေရှင်းပြီးပြီ။ ကျေးဇူးတင်တဲ့အနေနဲ့ ကျေးဇူးပြုပြီး ဒါကိုလက်ခံပေးပါ။”
“【ပင်လယ်ဓားပြသေတ္တာ】- လဲလှယ်မှုမရှိ။”
ထိုငွေကြေးလဲလှယ်မှုကို မြင်လိုက်ရသောအခါ ရှောင်းယီ၏မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။
“ဒီ မာတင်က သေတ္တာသော့ကို ရမထားဘူးထင်တယ်။ လက်ထဲမှာ ကြည့်ရုံကြည့်နေရပြီး တန်ဖိုးမရှိဘူး။ ဒီအတိုင်း သူ ငါ့ကိုပေးလိုက်တာက မိတ်ဆွေဖွဲ့ဖို့သက်သက်ဖြစ်ပုံပဲ။”
အကယ်၍ ၎င်းသည် မာတင်မဖွင့်ရသေးသောပင်လယ်ဓားပြသေတ္တာဖြစ်ပါက မြို့ပြန်ကျောက်ကဲ့သို့သော စွမ်းအားကြီးသည့်ပစ္စည်းတစ်ခု ပါဝင်နိုင်ခြေရှိပေသည်။
ရှောင်းယီသည် ဤကဲ့သို့ပစ္စည်းကောင်းကိုလက်လွတ်ခံမည်မဟုတ်ပေ။ သူသည် ချက်ချင်းပင် ငွေကြေးလဲလှယ်မှုကို သဘောတူလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ကျေးဇူးတင်ပါတယ် မင်းမှာ ဒီလိုအရာမျိုးရှိရင် ငါတခြားအရာတွေနဲ့ လဲပေးလို့ရတယ်။”
“အင်း ကောင်းပြီ။ ကျုပ် ကျုပ်တို့အုပ်စုထဲမှာ မေးပေးပါ့မယ်။ ဒါပေမယ့် သူဌေး ကျုပ်မှာနောက်ထပ်မေးခွန်းတစ်ခုရှိပါတယ်။ ဒီမှာဒေသခံတွေနဲ့ ဘယ်လိုဆက်သွယ်ရမလဲ။”
မာတင်က မေးလိုက်သည်။