အခန်း (၅၂၅-၅၂၆)
Vol. 36 Ch. 525-526
အခန်း ၅၂၅ - ကောင်းကင်လောက်စျေးကြီးသည့်သော့၊ ငှားရမ်းရန်အတွက် အကြွင်းမဲ့သော့ကို ထုတ်ယူလာခြင်း
“ဟုတ်တယ်...မြို့ပြန်ကျောက်သာရှိရင် လူအင်အားရွှေ့ပြောင်းမှုက အများကြီးပိုမြန်သွားလိမ့်မယ်။ အရေးကြီးတဲ့အချိန်မျိုးမှာ အသက်တွေကို ကယ်နိုင်တယ်။”
“ဒါပေမယ့် တကယ့်ကို အရမ်းစျေးကြီးတယ်။ အုတ်မြစ်ကျောက် ၂၅၀ နဲ့သော့ဝယ်တာတော့ မတန်ဘူးလို့ခံစားရတယ်။”
“ဒါကိုမစိုးရိမ်ကြပါတော့နဲ့။ သော့က ရောင်းထွက်သွားပြီယ”
“သေချာတာပေါ့...တချို့လူတွေက ဒီသော့ရဲ့တန်ဖိုးကို မြင်နိုင်ကြတယ်လေ။”
သူတင်ထားသောသော့ကို တစ်စုံတစ်ဦးက ဝယ်ယူလိုက်သည်ကို မြင်လိုက်ရပြီးနောက် ရွှမ်းယွမ်ဝူဝေ့သည် အနည်းငယ်စဉ်းစားကာ ချက်ချင်းပင် နောက်ထပ်လဲလှယ်မှုတစ်ခု ထပ်တင်လိုက်လေသည်။
“【သေတ္တာသော့】 ၁ လဲလှယ်မည် - 【အုတ်မြစ်ကျောက်】 ၅၀၀။”
“ရူးသွားပြီ...လူတိုင်းရူးနေကြပြီ။ လူတစ်ယောက်ကနောက်ထပ်သော့တင်ပြီး အုတ်မြစ်ကျောက်ငါးရာနဲ့ ရောင်းနေတယ်။”
“သေစမ်း ငါက အုတ်မြစ်ကျောက် ၂၅၀ နဲ့ သိမ်းပိုက်ဖို့စီစဉ်နေတာလေ။ အခု တိုက်ရိုက်နှစ်ဆတိုးလိုက်တယ်ပေါ့။”
“ဘာလုပ်ရမလဲ။ ငါလုပ်လိုက်သင့်လား။”
“လက်ရှိ ငါ့လက်ထဲမှာ အုတ်မြစ်ကျောက် အဲဒီလောက်အများကြီးမရှိဘူး။ အဲ့တော့ လုပ်ရှားဖို့ အခွင့်အရေးမရှိတော့ဘူး။”
ရှောင်းယီသည် တစ်စုံတစ်ဦးက သေတ္တာသော့များရောင်းနေသည်ဟု ဆုဝမ်ထံမှ တုံ့ပြန်ချက်ကို ရရှိခဲ့ပြီးနောက် ဂရုထဲရှိမက်ဆေ့ဂျ်များကို သတိပြုမိလိုက်လေသည်။
“အမြတ်ကြီးစားချင်တာလား။ မင်းက ဘယ်သူပဲဖြစ်ဖြစ် ဒါကိုတော့ ငါတားဆီးရမယ်။”
ရှောင်းယီက လှောင်ပြောင်လိုက်လေသည်။
“ဂရုထဲကညီအစ်ကိုမောင်နှမများ အဲ့ဒီသော့မဝယ်ကြပါနဲ့။ ကျုပ်မှာသော့တွေရှိတယ်...ခဏနေရင် ဂရုထဲမှာတင်ပေးမယ်။ လူတိုင်း လွတ်လွတ်လပ်လပ်သုံးလို့ရပါတယ်။”
ရှောင်းယီက ချက်ချင်းပင် မက်ဆေ့ဂျ်ပို့လိုက်သည်။
လူတိုင်းသည် ရှောင်းယီ၏မက်ဆေ့ဂျ်ကို မြင်လိုက်ရသည်နှင့် ဂရုတစ်ခုလုံး တဒင်္ဂတိတ်ဆိတ်သွားခဲ့သည်။
လူတိုင်း၏တိတ်ဆိတ်သွားမှုကို အခွင့်ကောင်းယူကာ ရှောင်းယီသည် သူ၏အကြွင်းမဲ့သော့ကို တင်လိုက်တော့လေသည်။
“【အကြွင့်မဲ့သော့】 (SSS အဆင့်) ၅ စက္ကန့်သုံးစွဲခွင့် လဲလှယ်မည် - 【အုတ်မြစ်ကျောက်】 ၃၀။”
ရှောင်းယီသည် စဉ်းစားပြီးနောက် ထိုစျေးနှုန်းကို ဆုံးဖြတ်ခဲ့ပြီး ၎င်းကို ယီထျန်းဂရုအတွက် အကျိုးကျေးဇူးတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။
တစ်ချိန်တည်းမှာပင် ရှောင်းယီသည် ပင်လယ်ဓားပြသေတ္တာများ အစုလိုက်ပေါ်လာသည်နှင့်အမျှ သက်ဆိုင်ရာသော့များလည်း သေချာပေါက်ပေါ်လာမည်ဟု ယုံကြည်ထားခဲ့သည်။ စျေးနှုန်းအလွန်မြင့်မားပါက စီးပွားရေးသိပ်မကောင်းနိုင်ပေ။ ထို့ကြောင့် အမြတ်နည်းနည်းဖြင့် အလျင်အမြန်ရောင်းချခြင်းက ပိုကောင်းပေသည်။
ဟုတ်ပါသည်။ နောက်ပိုင်းတွင် ငှားရမ်းပါက ဤစျေးနှုန်းတော့ ဟုတ်တော့မည်မဟုတ်ပေ။
ပင်လယ်ဓားပြသေတ္တာတစ်ခုရှိ အုတ်မြစ်ကျောက်အရေအတွက်သည် ငါးဆယ်ဖြစ်သောကြောင့် သော့မရှိသောလူတိုင်းသည် ငှားရမ်းအသုံးပြုရန်အတွက် သေချာပေါက် သဘောတူကြမည်ဖြစ်သည်။
ဤငှားရမ်းခသည် ဆုံးရှုံးမှုမရှိရုံသာမက မြို့ပြန်ကျောက်ကိုလည်း ကြိုတင်အသုံးပြုခွင့်ပေးမည်ဖြစ်သည်။
“သောက်ကျိုးနည်း ဒီလိုအရာမျိုးလည်းရှိသေးတယ်ပေါ့။ သူဌေးက တကယ့်ကို လိုတရလူသားပဲ။”
“ဟုတ်တယ်...သာမှန်ရတနာသေတ္တာလေးကို သော့ဖွင့်ရမယ့် ငါတို့လိုလူတွေက ဘယ်လိုရှင်သန်ရတော့မှာလဲ။”
“ရှိပြီးသားသတင်းအချက်အလက်တွေအရ ပင်လယ်ဓားပြသေတ္တာတစ်ခုကနေ အုတ်မြစ်ကျောက် ၅၀ ရနိုင်တယ်။ အုတ်မြစ်ကျောက် ၃၀ ပေးလိုက်ရတယ်ဆိုရင်တောင် အုတ်မြစ်ကျောက် ၂၀ ကျန်သေးတယ်။ ပြီးတော့ အထဲမှာ ထုတ်လုပ်မှုပုံကြမ်းနဲ့ မြို့ပြန်ကျောက်လည်းရှိသေးတယ်။ ဈေးကွက်ထဲက ၂၅၀ တစ်ခုထက် အများကြီးပိုကောင်းတယ်။”
“မှန်တယ်...ရှေ့ကသုံးနေတဲ့လူတွေ မြန်မြန်လုပ်ကြပါ။ နောက်မှာစောင့်နေတဲ့လူတွေ အများကြီးရှိသေးတယ်။”
ရှောင်းယီ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် အသိပေးချက်သံများ။အဆက်မပြတ်မြည်ဟီးနေခဲ့သည်။
လဲလှယ်မှုအောင်မြင်ပါသည်။ ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၃၀။
ရွှမ်းယွမ်ဝူဝေ့သည် ထိုသတင်းကိုသိရှိပြီးနောက် အလွန်ဒေါသထွက်သွားခဲ့လေသည်။
“သေစမ်း...ဒီယီရန်ပင်းက ငါ့ကို တမင်သက်သက် ဆန့်ကျင်နေတာလား။”
ရွှမ်းယွမ်ဝူဝေ့က ဒေါသတကြီး ဆဲဆိုလိုက်သည်။
“တစ်နေ့ကျရင် ငါမင်းကိုသတ်ပစ်မယ်ကွ။”
“သခင်လေး ဒေါသမထွက်ပါနဲ့။ ကျုပ်တို့ပတ်ဝန်းကျင်က မဟာမိတ်ကျွန်းတွေလည်း ပင်လယ်ဓားပြတွေနဲ့ စတွေ့နေရပြီ။ ဒီသော့တွေကို သိမ်းထားတာက ပိုပြီးအသုံးဝင်ပါတယ်။”
ချန်းပေါ်က နှစ်သိမ့်လိုက်သည်။
ရွှမ်းယွမ်ဝူဝေ့သည် သူ့ကို ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏မျက်နှာမှာမူ မဲမှောင်နေဆဲပင်။
ပိုင်ချီနှင့် အခြားသူများသည် အပန်းဖြေစခန်းရှိ ဖျော်ဖြေရေးမြို့တော်ထဲတွင် ကစားနေကြစဉ် သူတို့၏သီးသန့်ဆက်သွယ်ရေးစက်များမှ အသံမြည်လာခဲ့လေသည်။
“သခင်ကြီး ကျုပ်တို့ပင်လယ်ဓားပြသင်္ဘောတစ်စီးကို ရှာတွေ့ထားပါတယ်။”
မဟာမိတ်၏အနောက်ဘက်ကျွန်းတွင် တပ်စွဲထားသော ဒေသခံများက တင်ပြလာခဲ့သည်။
ပိုင်ချီက ချက်ချင်းပြန်ဖြေလိုက်သည်။
“တပ်ဖွဲ့ကိုစုစည်းပြီး အဲ့ဒီပင်လယ်ဓားပြသင်္ဘောကို အမိဖမ်းလိုက်။”
“ဟုတ်ကဲ့”
အခြားတစ်ဖက်က တုံ့ပြန်လာခဲ့သည်။
“ပြဿနာတစ်ခုခုတွေ့ရင် အချိန်နှင့်တပြေးညီ အစီရင်ခံရမယ်။”
ပိုင်ချီက အမိန့်ပေးပြီး ဖုန်းချလိုက်သည်။
သူဖုန်းချလိုက်သည့်အခါ ဖန်မင်လုံ၊ စွန်းယောင်နှင့် ဝေပေါ်တို့သည်လည်း ဖုန်းချလိုက်သည်ကို တွေ့လိုက်ရလေသည်။
“မင်းတို့ကျွန်းလည်း ပင်လယ်ဓားပြတွေနဲ့ တွေ့ခဲ့ကြတာလား။”
ပိုင်ချီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
ဖန်မင်လုံတို့သုံးယောက်က ခေါင်းညိတ်ပြကာ တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
“ဟုတ်တယ်...မင်းရောပဲလား။”
ပိုင်ချီက ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ ချူရှန်းက သူ့ဆက်သွယ်ရေးစက်ကိုထုတ်ယူကာ ပြောလိုက်သည်။
“ငါတို့အရှေ့မြောက်ဘက်ကျွန်းမှာကျ ဘာလို့မရှိတာလဲ။ ငါတို့ကို ပစ်မှတ်ထားနေတာလား။”
“ဒီကမ္ဘာက နောက်ထပ်လှုပ်ရှားလိုက်ပြီထင်တယ်။”
ပိုင်ချီက ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်ကိုပြောဖို့ ကိုယ်စားလှယ်တစ်ယောက် စေလွှတ်လိုက်တော့။”
“အင်း မင်းပဲ...။”
ဖန်မင်လုံတို့သုံးယောက်က သူ့ကို တစ်ပြိုင်နက်တည်း လက်ညိုးထိုးပြလိုက်ကြသည်။
ပိုင်ချီသည် မျှော်လင့်ချက်ကင်းမဲ့စွာ ခေါင်းခါလိုက်မိ၏။ ထို့နောက် ထိထွက်သွားပြီး ရှောင်းယီထံသို့ ဖုန်းခေါ်လိုက်လေသည်။
“ကလင်လင်...”
ရှောင်းယီသည် သူ၏ဆက်သွယ်ရေးစက်ကို ကောက်ယူကာ ကြည့်ရှုပြီးနောက် ဖုန်းကိုင်ကာ ပြောလိုက်သည်။
“ဘာဖြစ်လို့လဲပိုင်ချီ...။ တစ်ခုခုမှားနေလို့လား။”
ပိုင်ချီက ပြန်ဖြေလိုက်သည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့ အခုနကသတင်းရလိုက်တယ်။ မဟာမိတ်ရဲ့အရှေ့၊ တောင်၊ အနောက်တောင်နဲ့ အနောက်ဘက်ကျွန်းတွေမှာ ပင်လယ်ဓားပြတွေနဲ့ တွေ့ခဲ့ရတယ်။ ဒါက နောက်ထပ်တစ်ခုခုကို အရိပ်အမြွတ်ပေးနေတာများဖြစ်နေမလား။”
“ဟုတ်တယ်...ငါ ယီထျန်းဂရုထဲမှာ တွေ့ပြီးပြီ။ ငါတို့မဟာမိတ်တစ်ခုတည်းမဟုတ်ဘူး။ အခြားမဟာမိတ်အများအပြားလည်း ပင်လယ်ဓားပြတွေနဲ့ တွေ့ခဲ့ကြတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ပင်လယ်ဓားပြတွေကို တိုက်ခိုက်ရတာက မခက်ခဲဘူး။ မင်းတို့ပင်လယ်ဓားပြသေတ္တာတွေကို အရင်ယူထားလိုက်ပါ။ ကျန်တာတွေကိုတော့ စောင့်ကြည့်ရုံပဲ။”
“ဟုတ်ကဲ့။”
ပိုင်ချီက တုံ့ပြန်လိုက်သည်။
ဖုန်းချပြီးနောက် ပိုင်ချီသည် ဖျော်ဖြေရေးမြို့တော်ထဲသို့ ပြန်လျှောက်သွားခဲ့ပြီး အခြားသူများသည်လည်း သူ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေခဲ့ကြသည်။
“ကျွန်းပိုင်ရှင်ကပြောတယ်။ ပင်လယ်ဓားပြသေတ္တာတွေ အရင်ယူထားပြီး စောင့်ကြည့်ရုံပဲတဲ့။ ကျုပ်တို့စားသောက်ပြီး ပျော်ပါးကြရအောင်။”
ပိုင်ချီက ပြောလိုက်သည်။
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
မိနစ်ဆယ်မိနစ်အတွင်းမှာပင် ပိုင်ချီနှင့် အခြားသူများသည် သတင်းကောင်းများ ရရှိခဲ့ကြပြီး ပင်လယ်ဓားပြသေတ္တာလေးခုကို ရှောင်းယီလက်ထဲသို့ တိုက်ရိုက်ပို့ပေးလိုက်လေသည်။
ဘေးတွင်ချထားသော ပင်လယ်ဓားပြသေတ္တာငါးခုကိုကြည့်ကာ ရှောင်းယီ စိတ်ထဲတွင် တွေးလိုက်မိသည်။
“ငါ အကြာကြီးတော့ မစောင့်ရလောက်တော့ဘူးထင်တယ်။”
ရှောင်းယီ ဂရုထဲတွင် ငှားရမ်းထားသော အကြွင်းမဲ့သော့သည်လည်း လုံးဝနားချိန်မရခဲ့ပေ။
တချို့လူများက အလွန်လျင်မြန်စွာ ဖွင့်လိုက်ကြပြီး သုံးစက္ကန့်အတွင်း ပြန်အပ်ခဲ့ကြသည်။ တစ်နာရီသည် သေတ္တာအလုံး ၇၂၀ ကိုဖွင့်ရန်အတွက် လုံလောက်ပေသည်။
နောက်လာမည့် သုံးလေးနာရီအတွင်း ဂရုသည် ပင်လယ်ဓားပြသေတ္တာမှ ရရှိသော ထုတ်လုပ်မှုပုံကြမ်းများအကြောင်း ဆွေးနွေးနေကြတော့လေသည်။
“ငါတော့ပွတာပဲ။ ငါ တကယ်ပဲ ဒါကိုဖွင့်လိုက်မိတယ်။ 【ဒူးလေးပုံစံကွက်】 (C အဆင့်) ၁။”
“သေစမ်း ငါကျ ဘာလို့အဲ့လောက်ကံမကောင်းရတာလဲ။ နှစ်ယောက်အိပ်ကုတင်ပုံစံကွက်တစ်ခုပဲ ရခဲ့တယ်။”
“အဲ့ဒါလည်းမဆိုးပါဘူး။ နှစ်ယောက်အတူအိပ်ပြီး ကလူလို့ရတာပေါ့။”
“အမယ်လေး...ငါကဖြင့် အခုထိ စင်ဂယ်လ်ဖြစ်နေတုန်းပဲ။ အဲ့ဒါကို တကယ်မလိုအပ်ဘူး။”
“ဟားဟား...ငါဘာဖွင့်လိုက်လဲကြည့်ကြဦး။ 【လောက်လွှဲပုံစံကွက်】 ၁။”
“ငါမနာလိုတော့ဘူးကွာ...။ ဒီမှာကြည့်ကြပါဦး။ 【ထယ်ပုံစံကွက်】၁ ဒါပဲရတယ်တဲ့ကွာ။”
“အပေါ်ကလူရဲ့ဟာလည်း ကောင်းပါတယ်။ ကျုပ်တို့က စိုက်ပျိုးရေးလူ့အဖွဲ့အစည်းမှာပဲ ရှိနေတာဆိုတော့ ဒါကအတော်လေးအသုံးဝင်တယ်။”
“အမှန်ပဲ။ ကျုပ်တို့အတွက် လက်နက်တွေမလိုအပ်ပါဘူး။ ငါတို့ကျွန်းမှာရှိနေတဲ့လက်နက်တွေက ဒေသခံတွေရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်ပါသေးတယ်။”
“ငါတို့မဟာမိတ်အဖွဲ့ နောက်ဆုံးတော့ ပင်လယ်ဓားပြနဲ့ တွေ့ခဲ့ရပြီ။”
သေချာပေါက် နောက်ကျသည့်လူများလည်း ရှိလိမ့်မည်ဖြစ်သည်။
အခြားသူများသည် သေတ္တာထဲရှိအရာများအကြောင်း ဆွေးနွေးနေပြီဖြစ်သော်လည်း တချို့လူများသည်မူ ယခုမှသာ တွေ့ရှိရခြင်းဖြစ်သည်။
ပင်လယ်ဓားပြသေတ္တာမှ ဖွင့်လိုက်သောအရာများသည် နေ့စဉ်သုံးပစ္စည်းများမှ တိုက်ခိုက်ရေးပစ္စည်းများအထိ အားလုံးပါဝင်ပေသည်။
ထို့ပြင် အကြီးမားဆုံးအကျိုးအမြတ်မှာ အားလုံးကပုံစံကွက်များ ဖြစ်နေခြင်းပင်။ ထို့ကြောင့် ထုတ်လုပ်သည့်အချိန်တိုင်း ထုတ်လုပ်မှုပုံကြမ်းများ ရှာဖွေရန် မလိုအပ်တော့ပေ။
ညနေ ၅ နာရီလောက်တွင် အကြွင်းမဲ့သော့ငှားရမ်းခြင်းက ရှောင်းယီကို အုတ်မြစ်ကျောက် ၈၆၇၀၀ ရစေခဲ့သည်။
“သေချာတာပေါ့...လက်ဝါးကြီးအုပ်ခြင်းက အမြန်ဆုံးငွေရှာနည်းပဲ။”
ရှောင်းယီ သက်ပြင်းချလိုက်မိသည်။
ယခုအခါ မဟာမိတ်ကျွန်းခွဲခြောက်ခုသည် မည်သူဦးစွာချဲ့ထွင်ရမည်ကို ငြင်းခုံစရာမလိုဘဲ အားလုံးကို စတုရန်းမီတာ ၁၀၀၀၀ ချဲ့ထွင်လိုက်ရုံသာ လိုတော့ပေသည်။
ရှောင်းယီသည် ဝေါ်ကီတော်ကီကိုကောက်ယူကာ အန်းယွဲ့အား ခေါ်လိုက်သည်။
“ဦးလေးအန်း အခုမဟာမိတ်ကျွန်းခွဲခြောက်ခုအားလုံးကို စတုရန်းမီတာ ၁၀၀၀၀ အထိ ချဲ့လို့ရပြီ။ အုတ်မြစ်ကျောက်မလုံလောက်ရင် ကျုပ်ဆီကယူလိုက်ပါ။”
အန်းယွဲ့သည်လည်း အကြွင်းမဲ့သော့ငှားရမ်းမှုကိုအကြောင်း သိထားခဲ့ပြီး အံ့အားသင့်သွားခြင်းမရှိဘဲ အပြုံးတစ်ခုဖြင့်သာ ပြန်ဖြေလိုက်လေသည်။
“ကောင်းပါပြီ။ အခုတော့ သူတို့ထဲက ဘယ်သူ့ကို အရင်ဆုံးချဲ့ရမလဲဆိုတာကို ယှဉ်ပြိုင်နေစရာမလိုတော့ဘူးပေါ့။”
အခန်း ၅၂၆ - မဟာမိတ်ကျွန်းများချဲ့ထွင်ခြင်းနှင့် သော့များငှားရမ်းခြင်း
ထိုအချိန်တွင် အန်းယွဲ့သည် ကွန်ရက်ဌာနတွင် လုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။ ရှောင်းယီ၏မက်ဆေ့ဂျ်ကို လက်ခံရရှိပြီးနောက် သူသည် သူ၏အလုပ်များကို လက်အောက်ငယ်သားများထံ လွှဲအပ်ကာ အပန်းဖြေစခန်းသို့ ထွက်ခွာသွားခဲ့သည်။
အပန်းဖြေစခန်းသို့ရောက်သောအခါ လူတိုင်း ကမ်းခြေပေါ်တွင် ရှိနေကြပေသည်။ အပူချိန်ကျဆင်းလာသည်နှင့်အမျှ ညနေ ၅ နာရီခန့်တွင် နေရောင်မှာ မပူပြင်းတော့သောကြောင့် လူတိုင်းသည် ထိုအချိန်ကိုအသုံးချ၍ ပင်လယ်ထဲတွင် ရေကူးနေခဲ့ကြလေသည်။
ဘာဘီကျူးဆိုင်များသည်လည်း အလုပ်စတင်နေပြီဖြစ်ကာ ပိုင်ချီနှင့် အခြားသူများသည် စားပွဲကြီးနှစ်လုံးကို သိမ်းပိုက်ထားပြီး ဘီယာသောက်ကာ စကားပြောနေကြသည်။
ထိုစဉ် အန်းယွဲ့ရောက်လာခဲ့လေသည်။
“ဦးလေးအန်း လာလေ တစ်ခုခုစားပါဦး။”
စွန်းယောင်က ခေါ်လိုက်သည်။
အန်းယွဲ့သည်လည်း ဟိတ်ဟန်ထုတ်မနေတော့ဘဲ ကင်ထားသောသိုးသားတုတ်ထိုးတစ်ချောင်းကို တိုက်ရိုက်ကောက်ယူကာ စားသုံးလိုက်လေသည်။
စားရင်းဖြင့် အန်းယွဲ့က စကားစလိုက်သည်။
“ငါ မင်းတို့ကိုလာရှာတာက သတင်းကောင်းပြောပြဖို့ပဲ။”
စွန်းကုထောင်သည် သတင်းကောင်းရှိကြောင်းကြားလိုက်ရသောအခါ ချက်ချင်းပင် အန်းယွဲ့အနားသို့ ကပ်သွားပြီး ဘီယာတစ်ခွက်ငှဲ့ကာ ကမ်းပေးရင်း ပြောလိုက်သည်။
“ဦးလေးအန်း ဘာသတင်းကောင်းလဲဆိုတာ ကျုပ်တို့ကိုပြောပြပါဦး။”
အန်းယွဲ့သည် ဘီယာကိုယူလိုက်ကာ အနည်းငယ်သောက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်က မင်းတို့ကို ၁၀,၀၀၀ စတုရန်းမီတာအထိ ချဲ့ထွင်နိုင်ဖို့ အုတ်မြစ်ကျောက်တွေ လုံလောက်အောင် စုဆောင်းပြီးသွားပြီ။”
“ဘယ်သူအရင်သုံးရမလဲဆိုတာကိုရော ဆုံးဖြတ်ပြီးသွားပြီလား။”
ချူရှန်းက မေးလိုက်သည်။
သူတို့သည် ဤသည်မှာ အပန်းဖြေစခန်း၏ ပုံမှန်အုတ်မြစ်ကျောက်ဝင်ငွေမျှသာဖြစ်ပြီး ကျွန်းတစ်ကျွန်းကို ၁၀,၀၀၀ စတုရန်းမီတာအထိ ချဲ့ထွင်ရန်အတွက်ဟုသာ ထင်ထားခဲ့ကြသည်။
ထို့ကြောင့် ကျွန်းတစ်ကျွန်းကို ၁၀,၀၀၀ စတုရန်းမီတာအထိ ချဲ့ထွင်ရန်အတွက် အုတ်မြစ်ကျောက်များ စုဆောင်းပြီးခြင်းဖြစ်သည်ဟုသာ သူတို့ထင်မှတ်လိုက်ကြလေသည်။
အန်းယွဲ့သည် အနည်းငယ်အံ့အားသင့်သွားပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
“မင်းတို့က ကျွန်းပိုင်ရှင်ကို လျှော့တွက်နေကြတာပဲ။ ပြီးတော့ ကျွန်းတစ်ကျွန်းစာအတွက်ပဲ စုဆောင်းထားတာဆိုရင် ဒါကို သတင်းကောင်းလို့ခေါ်လို့ရဦးမှာလား။”
အသားတုတ်ထိုးများကို စားသောက်နေကြသော လူတိုင်းသည် ချက်ချင်းပင် ရပ်တန့်သွားကြကာ ကြောင်အန်းအန်းဖြင့် အန်းယွဲ့ကို ကြည့်မိလိုက်ကြလေသည်။
“ဆိုလိုတာက ကျွန်းပိုင်ရှင်က ကျုပ်တို့ရဲ့ကျွန်းခြောက်ကျွန်းလုံးကို ၁၀,၀၀၀ စတုရန်းမီတာအထိ ချဲ့ထွင်နိုင်ဖို့ အုတ်မြစ်ကျောက်တွေ လုံလောက်အောင် စုဆောင်းပြီးပြီလို့ ဆိုလိုတာလား။”
ဖန်မင်လုံက လူအားလုံး၏ကိုယ်စား မေးလိုက်သည်။
အန်းယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
“အမှန်ပဲ။”
“သောက်ချေး...ကျွန်းပိုင်ရှင်က တကယ့်ကိုအံ့မခန်းပဲ။”
စွန်းယောင်က ဘေးတစ်ဖက်မှနေ၍ အော်ဟစ်လိုက်သည်။
သူ၏ကျယ်လောင်လှသောအသံသည် အခြားခရီးသွားများ၏ အကြည့်များကိုပင် ဆွဲဆောင်မိသွားခဲ့လေသည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ အပန်းဖြေစခန်းက ဒီလောက်မြင့်မားတဲ့ဝင်ငွေရှိလို့လား။”
ဖန်မင်လုံက နားမလည်နိုင်တော့ဟန်ဖြင့် ဆိုလိုက်သည်။
“ဒါက အပန်းဖြေစခန်းကဟာမဟုတ်ပါဘူး။ မင်းတို့ထဲက တစ်ချို့လည်း မင်းတို့ရဲ့ကျွန်းတွေပေါ်မှာ ပင်လယ်ဓားပြတွေနဲ့ ကြုံတွေ့ခဲ့ရမှာပေါ့။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
သူတို့အားလုံး ခေါင်းညိတ်လိုက်ကြသည်။
အန်းယွဲ့က ဆက်ပြောသည်။
“ကျွန်းပိုင်ရှင်က အကြွင်းမဲ့သော့ကို ငါးစက္ကန့်မှာ အုတ်မြစ်ကျောက်သုံးဆယ်နှုန်းနဲ့ ငှားရမ်းခဲ့တယ်။ လေးနာရီကြာတာတောင် မရပ်တန့်ခဲ့ဘူး။ ဒါက အုတ်မြစ်ကျောက်ဘယ်လောက်ရမလဲဆိုတာ တွက်ကြည့်လိုက်ပါဦး။”
စွန်းကုထောင်နှင့် ချူရှန်းတို့ညီအစ်ကိုများသည် အကြွင်းမဲ့သော့အကြောင်းကို သိရှိထားပြီးဖြစ်ပြီး ရုတ်တရက် နားလည်သွားခဲ့ကြသော်လည်း အချို့သောသူများသည်မူ ၎င်း၏အဓိပ္ပာယ်ကို မသိရှိကြသေးဘဲ ရှုပ်ထွေးနေကြဆဲပင်။
ထို့ကြောင့် စွန်းကုထောင်က ရှင်းပြလိုက်သည်။
“ပင်လယ်ဓားပြသေတ္တာတွေကို ဖွင့်ဖို့သော့တွေလိုတယ်။ ဒါပေမယ့် အခုထိ သော့တွေကို ပမာဏအများကြီး ထုတ်လုပ်တာမျိုး မရှိသေးဘူးဆိုတာ ရှင်းနေတာပဲလေ။ အဲ့ဒါကြောင့် ကျွန်းပိုင်ရှင်လက်ထဲက အကြွင်းမဲ့သော့က အရမ်းရေပန်းစားနေတာ။”
“အဲ့ဒီအကြွင်းမဲ့သော့က အသုံးပြုပြီးရင် ပျောက်ကွယ်မသွားဘူးလား။”
ဝေပေါ်က စူးစမ်းစွာ မေးလိုက်သည်။
“ဟင့်အင်း အဲ့ဒါက SSS-အဆင့် ပစ္စည်းတစ်ခုပဲ။ ထပ်ခါထပ်ခါအသုံးပြုနိုင်တယ်။”
စွန်းကုထောင်က ပြန်ဖြေလိုက်သည်။
“သေစမ်း ငါဘာပြောရမှန်းတောင်မသိတော့ဘူး။ ကျွန်းပိုင်ရှင်မှာ ဒီလိုအဆင့်မြင့်ပစ္စည်းတွေ ဘယ်လောက်တောင် ရှိနေတာလဲ။ သူက အခြားသူတွေကို အသက်မရှင်စေချင်တော့ဘူးလား။”
စွန်းယောင်က ထပ်မံကျိန်ဆဲလိုက်မိပြန်သည်။
“ဒါပေမယ့် ငါးစက္ကန့်ကို အုတ်မြစ်ကျောက် သုံးဆယ်... ဒါက နည်းနည်းစျေးကြီးလွန်းနေတယ်မဟုတ်ဘူးလား။ လူတွေက ဒီလိုပေးချေဖို့ ဆန္ဒရှိနေကြတုန်းပဲလား။”
ဖန်မင်လုံက မယုံကြည်နိုင်စရာကောင်းလွန်းသည်ဟု ခံစားရနေဆဲပင်။
“ဒါက အတော်လေး စျေးပေါပါတယ်။”
အန်းယွဲ့က ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် အကြွင်းမဲ့သော့ကို ထုတ်မလာခင်က ဈေးကွက်မှာ သော့တစ်ချောင်းရောင်းခဲ့သေးတယ်။ သူက အုတ်မြစ်ကျောက်ဘယ်လောက်နဲ့ ရောင်းခဲ့တယ်လို့ မင်းတို့ထင်ကြလဲ။”
“ငါးဆယ်လား။”
ဖန်မင်လုံက ခန့်မှန်းလိုက်သည်။ အန်းယွဲ့က ဤသို့ပြောလာခြင်းမှာ ထိုစျေးနှုန်းသည် သုံးဆယ်ထက်မြင့်မားနေလိမ့်မည်မှာ သေချာပေသည်။ ထို့ကြောင့် ဖန်မင်လုံက အုတ်မြစ်ကျောက်အတုံးနှစ်ဆယ် တိုးလိုက်ခြင်းပင်။
အန်းယွဲ့က ခေါင်းခါလိုက်သည်။
“တစ်ရာတော့မဖြစ်နိုင်ဘူးမဟုတ်လား။”
ချူရှန်းက သူ၏ခေါင်းကိုခါယမ်းရင်း ပြောလိုက်သည်။
သို့သော် အန်းယွဲ့က ခေါင်းထပ်ခါနေဦးမည်ဟု မည်သူကမျှ ထင်မထားခဲ့ကြပေ။
“မဖြစ်နိုင်ဘူး...တစ်ရာထက်တောင် ပိုမြင့်သေးတာလား။”
စွန်းကုထောင်က မေးလိုက်သည်။
“အုတ်မြစ်ကျောက် နှစ်ရာငါးဆယ်ပဲ။”
အန်းယွဲ့က ပြောလိုက်သည်။
“ရောင်းတဲ့သူရော ဝယ်တဲ့သူရော နှစ်ယောက်လုံးက ငတုံးတွေပဲ။”
ပိုင်ချီက သူ၏နှုတ်ခမ်းကိုတွန့်လိမ်ရင်း ပြောလိုက်သည်။
အန်းယွဲ့က ဆက်ရှင်းပြလိုက်သည်။
“တကယ်တော့ သူတို့ကို နားလည်ပေးလို့ရပါတယ်။ ဂရုထဲမှာ တစ်စုံတစ်ယောက်က သူတို့ရဲ့စိုးရိမ်ပူပန်မှုကို ထုတ်ဖော်နေခဲ့တယ်လေ။ သူက ပင်လယ်ဓားပြသေတ္တာတွေ အကြီးအကျယ်ပေါ်ပေါက်လာတာက နောက်အဆင့်မှာ ပင်လယ်ဓားပြသေတ္တာထဲက ပစ္စည်းတွေဟာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်လာမယ်လို့ ကမ္ဘာ့စည်းမျဉ်းတွေရဲ့ အရိပ်အမြွက်ပေးနေတယ်လို့ ဆိုခဲ့တယ်။ အဲ့ဒါကြောင့် အဲ့ဒီလဲလှယ်မှုကို လုပ်ဆောင်ခဲ့တာပဲ။”
အန်းယွဲ့က အနည်းငယ်ရပ်တန့်ပြီးနောက် ဆက်ပြောလိုက်သည်။
“ပင်လယ်ဓားပြသေတ္တာထဲကနေ အုတ်မြစ်ကျောက်ငါးဆယ်၊ ထုတ်လုပ်မှုပုံကြမ်းနဲ့ မြို့ပြန်ကျောက်တွေကို ရနိုင်တယ်။ ဒီသုံးမျိုးက အုတ်မြစ်ကျောက်နှစ်ရာငါးဆယ်နဲ့ ထိုက်တန်နေတုန်းပဲ။ ဒါတွေက သေတ္တာထဲမှာရှိနေပေမယ့် ပိုက်ဆံသုံးပြီးမှ ထုတ်ယူလို့ရတာ။”
ထိုစကားကိုကြားသောအခါ ဖန်မင်လုံက ပြောလိုက်သည်။
“အဲ့ဒါကြောင့် ကျွန်းပိုင်ရှင် သတ်မှတ်လိုက်တဲ့စျေးနှုန်းက နည်းနည်းပေါသွားတာလား။”
“အဲ့လိုချည်းပဲတော့လည်း မဟုတ်သေးဘူး။ လူတိုင်းပဲ စဉ်းစားကြည့်ကြည့်။ ပင်လယ်ဓားပြသေတ္တာတွေတောင် ပေါ်လာပြီဆိုမှတော့ သော့တွေက ဝေးနေဦးမှာတဲ့လား။ ကျွန်းပိုင်ရှင်က စိုးရိမ်ပူပန်မှုကို ရောင်းချနေတဲ့သူတွေရဲ့ အခွင့်အရေးကို လက်ဦးမှုရယူပြီး အမြတ်ထုတ်နေတာပဲ။ အမြတ်နည်းပေမယ့် အရှုံးလည်းမရှိဘူး။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
ဖန်မင်လုံ ခေါင်းညိတ်လိုက်မိသည်။
“ကောင်းပြီ...အခု မင်းတို့လိုအပ်တဲ့ အုတ်မြစ်ကျောက်အရေအတွက်ကို ပြောကြတော့။ ပြီးရင် ငါ ကျွန်းပိုင်ရှင်ဆီကို လျှောက်ထားပေးမယ်။”
အန်းယွဲ့က ပြောလိုက်သည်။
ထို့နောက် လူတိုင်းသည် သူတို့၏ကျွန်းဧရိယာကို အန်းယွဲ့ဆီသို့ အစီရင်ခံလိုက်ကြလေသည်။
“မင်းတို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နားမှာနေတဲ့လူတွေကို အရင်ဆုံး ကြိုပြောထားသင့်တယ်။ နောက်ထပ်နည်းနည်းလောက်ကြာရင် လဲလှယ်ပေးလိုက်တဲ့ အုတ်မြစ်ကျောက်တွေကို အချိန်မီအသုံးပြုပြီး ကျွန်းရဲ့အသစ်ပြန်လည်ဖြစ်ပေါ်မှုနဲ့ ဆင့်ကဲပြောင်းလဲမှုကို အာရုံစိုက်ကြပါ။”
အန်းယွဲ့က တိုက်တွန်းလိုက်သည်။
“ဟုတ်ကဲ့”
စကားအနည်းငယ်ထပ်ပြောပြီးနောက် အန်းယွဲ့သည် သူ့ခွက်ထဲတွင်ရှိသော ဘီယာကို တစ်ကျိုက်တည်းမော့သောက်ကာ ထရပ်ပြီး ထွက်သွားခဲ့လေသည်။
ပိုင်ချီနှင့် အခြားသူများသည်လည်း ၎င်းတို့၏ကျွန်းပေါ်ရှိလူများကို ဖုန်းခေါ်ပြီး ဤကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားခဲ့ကြသည်။
အန်းယွဲ့သည် မဟာမိတ်ကျွန်းခွဲများအားလုံး၏ဧရိယာကို စုစည်းပြီး ဇယားတစ်ခုဆွဲကာ ကျွန်းတစ်ကျွန်းစီအတွက် လိုအပ်သော အုတ်မြစ်ကျောက်အရေအတွက်ကို ရေးသားပြီး ရှောင်းယီထံသို့ ပေးပို့ခဲ့လေသည်။
“ကျွန်းပိုင်ရှင် စုစုပေါင်း အုတ်မြစ်ကျောက် ၅၆,၁၃၈ ခု လိုအပ်ပါတယ်။ ကျွန်းတစ်ကျွန်းစီအတွက် လိုအပ်တဲ့ အုတ်မြစ်ကျောက်အရေအတွက်ကို ဇယားမှာ ဖော်ပြထားပါတယ်။”
အန်းယွဲ့က ပြောလိုက်သည်။
ရှောင်းယီက ထိုဇယားကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်ပြောလိုက်သည်။
“ကောင်းပြီ ဒီအရေအတွက်အတိုင်း အုတ်မြစ်ကျောက်တွေကို သူတို့ဆီ လဲလှယ်ပေးလိုက်မယ်။”
“ဟုတ်ကဲ့။”
အန်းယွဲ့က ပြောလိုက်သည်။
ရှောင်းယီသည် ထိုအုတ်မြစ်ကျောက်များကို မဟာမိတ်ကျွန်းခွဲများစွာသို့ ပေးပို့ပြီးနောက် ဂရုထဲတွင် အကြွင်းမဲ့သော့ကို အသုံးပြုနေသူများ မရှိသလောက်ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ သူသည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် အကြွင်းမဲ့သော့ကို ဂရုထဲမှ ဖယ်ရှားလိုက်တော့သည်။
“ကျုပ် ဒီဟာကို အရင်ဆုံး ဈေးကွက်မှာ ထားလိုက်ဦးမယ်။ မိုးလင်းရင် ပြန်ထည့်ပေးပါ့မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် သူဌေး။”
“သူဌေးက နိုင်ငံခြားသားတွေရဲ့ပိုက်ဆံကို စယူတော့မလို့လား။ ဈေးနှုန်းဘယ်လောက်သတ်မှတ်မှာလဲ။”
“ဟုတ်တယ်...ဟုတ်တယ်။ ကျုပ်တို့ သူတို့ကို စျေးပေါပေါနဲ့တော့ လွှတ်ပေးလို့မရဘူး။”
“မှန်တယ်...အရင်တုန်းက သူတို့က ကျုပ်တို့ကို အကြိမ်တိုင်းခွင့်ပြုမိန့်တွေလုပ်ပြီး လက်ဝါးကြီးအုပ်တာမျိုးတွေ လုပ်ခဲ့ကြတာ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“လူတိုင်းပဲ စိတ်မပူပါနဲ့။ စျေးနှုန်းက ဂရုထဲကထက် သိသိသာသာ ပိုမြင့်မှာပါ။ ခင်ဗျားတို့ အများသုံးချန်နယ်ကိုသွားပြီး မီးရှို့နိုင်မယ်ဆိုရင်တော့ ပိုကောင်းတဲ့ရလဒ်တွေ ရလာနိုင်တယ်။”
“ဟုတ်တယ်...သူဌေးပြောတာမှန်တယ်။ နိုင်ငံခြားဘာသာစကားတတ်တဲ့သူတွေ အခုချက်ချင်း အများသုံးချန်နယ်ကိုသွားပြီး ကြော်ငြာသင့်တယ်။”
“ပင်လယ်ဓားပြသေတ္တာကနေ ဖွင့်လိုက်တဲ့ပစ္စည်းတွေကို ထုတ်ပြလိုက်။ ဒါဆိုရင် သူတို့ လာငှားကြမှာပဲ။”
“မိတ္တူကောင်းတချို့ရှာပြီး တင်လိုက်ပါ။ ပြီးရင် မြို့ပြန်ကျောက်တုံးကိုပါ ထည့်ပေါင်းလိုက်။ ဒါဆိုရင် ပိုကောင်းတယ်။”
“တစ်ချိန်တည်းမှာပဲ ရှားနိုင်ငံယီထျန်းဂရုထဲမှာ ပင်လယ်ဓားပြသေတ္တာတွေ သောင်းနဲ့ချီဖွင့်ထားတယ်လို့ ပြောရမယ်။”
“အဲလောက်အများကြီးရှိပါ့မလား။”
“ဘုရားပဲသိလိမ့်မယ်။ တကယ် ရှိ၊ မရှိ ဘယ်သူကဂရုစိုက်လို့လဲ။”