← Chapters

အဆင့်အတန်း ခွဲခြားဆက်ဆံခံရ

Vol. 10 Ch. 137

အဆင့်အတန်း ခွဲခြားဆက်ဆံခံရ

Vol. 10 Ch. 137

စုမင်သည် အသက်ရှူနှုန်းအား တည်ငြိမ်စေလိုက်ပြီး သူ့ရှေ့မှောက်ရှိ သာမန်ဆန်သော သေတ္တာကို တောက်ပသော မျက်လုံးများဖြင့် ငေးကြည့်နေမိသည်။ ဟယ်ဖုန်းနေထိုင်ရာ ဖြစ်ခဲ့ဖူးသည့် လှိုဏ်ဂူထဲမှာပင် ထိုင်ချလိုက်ပြီး စိတ်လှုပ်ရှားနေမိ၏။

ကျောက်သားသေတ္တာထဲမှ အရာအား သူမျှော်လင့်တကြီး ဖြစ်နေသည်။ ဘယ်အရာက အရောင်စုံရေကန် မျိူးနွယ်စု၊ ပုချန့် မျိူးနွယ်စုနှင့် ငြိမ်းချမ်းရာ အရှေ့အရပ်မျိူးနွယ်တို့အား ပုန်ကန်ထန်ကြွစေခဲ့သည်ကို သူသိလိုမိသည်။ မျိူးနွယ်စုများ အသေအလဲ လိုချင်နေကြသည့် ရတနာပစ္စည်းများထဲမှ နောက်ဆုံးလက်ကျန်က ဘာမှန်း သိချင်လှ၏။

ကြီးမြတ်သော ရတနာပစ္စည်း လေးမျိူးမှာ မျိူးနွယ်စုများကို ၎င်းတို့၏ သခင်မျိူးနွယ်အား မျိူးသုဉ်း သတ်ဖြတ်အောင် စေစားနိုင်ခဲ့သည်။ ယခုတွင်လည်း နောက်ဆုံးကျန်သော ပစ္စည်းကို ရွှမ်းလွမ်နှင့် ဟန်ဖေးကျစ်တို့က လိုချင်နေပြန်သည်။

သူတို့မှာ ပစ္စည်းအကြောင်း သတင်းပင်မဖြန့်ရဲချေ။ ထိုအရာက စုမင်ကို ပို၍ စိတ်လှုပ်ရှား တက်ကြွစေသည်။

"အစတုန်းကတော့ ဒီပစ္စည်းက ငါ့လက်ထဲ ရောက်မလာနိုင်တဲ့ ပစ္စည်းပဲ" စုမင် စိတ်ထဲက တွေးမိသည်။

သူ ဒီနေရာကို ရောက်လာရခြင်းက ထူးဆန်းသည့် တိုက်ဆိုင်မှုများကြောင့် ဖြစ်သည်။ ရွှမ်းလွမ်အား ရှောင်တိမ်းခြင်း၊ ဟယ်ဖုန်း၏ ခန္ဓာကိုယ်ကို လုယူခြင်း၊ ဟယ်ဖုန်းနှင့် အမျိူးမျိူးအထွေထွေ ရင်ဆိုင်ရခြင်းများအပြင် ဟန်ဖေးကျစ်နှင့် တိုက်ပွဲစသည့် ဟယ်ဖုန်း၏ အကြံအစည်များက သူ့ကို ဤဝဲဂယက်ကြီးထဲ ဆွဲခေါ်လာခဲ့ခြင်း ဖြစ်၏။

ထိုအချိန်အထိပင် စုမင်မှာ ရတနာပစ္စည်း၏ တည်နေရာအမှန်ကို မသိခဲ့ရသေးပေ။ ဟယ်ဖုန်းပြောခဲ့သော နေရာနှင့် စုမင်ရှာတွေ့သော နေရာမှာ လုံးဝကွဲပြားနေခဲ့သည်။

ဟယ်ဖုန်းတစ်ယောက် စုမင်၏ ကျွန်ဖြစ်လာချိန်မှသာ စုမင် ရတနာပစ္စည်း၏ တည်နေရာအစစ်ကို သိရှိခဲ့ရပြီး ဤနေရာသို့ ရောက်ရှိလာနိုင်ခဲ့ခြင်း ဖြစ်သည်။

သူ့ရှေ့မှောက်ရှိ သေတ္တာအားကြည့်ရင်း စုမင်မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသည့် အမူအယာတစ်ခု ရှိနေသည်။ လွန်ခဲ့သော နှစ်အတွင်း ထူးထူးထွေထွေ မည်သည့်အရာကိုမှ မကြုံတွေ့ခဲ့ရသော်လည်း မတော်တဆ ဖြစ်ပေါ်ခဲ့သော ပြဿနာများမှာလည်း ကြီးကျယ်ခဲ့သည်သာ။ ထိုအကြောင်း စဉ်းစားမိသည်နှင့် စိတ်မကောင်းကြီးစွာဖြင့် သက်ပြင်းချမိသည်။

စုမင် အသက်ပြင်းပြင်း ရှူရှိုက်၍ စိတ်ခံစားချက်များကို ဖျောက်ဖျက်လိုက်သည်။ ညာဘက်လက်ကိုမြှောက်ကာ သေတ္တာပေါ်သို့ ဖြည်းညင်းစွာ တင်လိုက်၏။ သေတ္တာအား ကောက်ယူလိုက်တော့မည့် ဆဲဆဲတွင် သေတ္တာအတွင်းမှ စူးရှသော မြည်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအော်မြည်သံတွင် ထိုးဖောက်နိုင်စွမ်း ကြီးကြီးမားမား ပါဝင်ကာ ၎င်းထွက်ပေါ်လာသည်နှင့် လေလှိုင်းဂယက်များ ဖြစ်ပေါ်လာစေသည်။

ဘေးနားပတ်လည်တွင် အသံများ မြည်ဟိန်းကာ တောင်နံရံများထက်တွင်လည်း မရေမတွက်နိုင်အောင် များပြားသော အက်ကြောင်းများ ပွင့်ဟလာခဲ့သည်။ အက်ကြောင်းတို့မှာ နက်ရှိုင်းလှပြီး တစ်ချိူ့ဆိုလျှင် ကျောက်သားများအား ဖောက်ထွင်း၍ အက်ရာများမှ တစ်ဆင့် နေရောင်များပင် တောက်ပနေသေး၏။

ဤမျှ မကသေးပေ။ ကျောက်သေတ္တာအား ဗဟိုပြု၍ စုမင်ဘေးပတ်လည်မှ မြေပြင်သည်လည်း ကျယ်လောင်သော အသံနှင့်အတူ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး လှိုဏ်ဂူတစ်ခုလုံး ပျံ့နှံ့သွားသည်။

ရုတ်ခြည်းပြောင်းလဲမှုက စုမင်နှလုံးသားကို တုန်လှုပ်သွားစေပြီး အလားတူပင် ဟယ်ဖုန်းသည်လည်း ထိတ်လန့်သွားခဲ့ရသည်။ အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း သူ မသိတော့ချေ။ ယခင်က သူ ကျောက်သေတ္တာကို ထိကိုင်ခဲ့စဉ်တွင်တော့ ယခုလို မဖြစ်ခဲ့ဘူးပေ။

"သခင်... ဒါက..."

စုမင် အထင်လွဲမည်ကို ကြောက်ရွံ့ကာ ရှင်းပြဖို့ လုပ်မိသည်။

သို့သော် စုမင်က မျက်လုံးများကို မှိတ်၍ မြေပြင်ပေါ်တွင် ထိုင်ပျဉ်ချိတ်ထိုင်ကာ သူ့ကို လျစ်လျူရှုထားလေသည်။ ညာလက်ကိုတော့ သေတ္တာပေါ် တင်ထားဆဲဖြစ်ပြီး အတန်ကြာမှ သက်ပြင်းရှည်ကြီးချလာခဲ့သည်။

"ငါသိတယ်" စုမင်က အသံတိုးတိုးဖြင့် ပြောသည်။

ဟယ်ဖုန်း ဤကိစ္စကို မသိခြင်းအား စုမင် ယုံကြည်သည်။ ပို၍ အရေးကြီးသည်မှာ အော်မြည်သံ ထွက်ပေါ်လာပြီး တောင်တွင်းလှိုဏ်ဂူမှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားသော်လည်း စုမင်တွင် ဘာအန္တရာယ်မှ မဖြစ်ခဲ့ခြင်းပင်။

ကျောက်သေတ္တာမှ ထွက်ပေါ်လာခဲ့သော အော်သံသည် ဟယ်ဖုန်း၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်၍ သူ၏ ဝိညာဉ်ခန္ဓာကိုယ်အား မထိန်းသိမ်းနိုင် ဖြစ်သွားစေသော်လည်း စုမင်အတွက်မူ အဘယ်ကြောင့်မှန်းမသိ ထိုအသံနှင့် ထူးဆန်းစွာ ရင်းနှီးနေခဲ့သည်။

ထိုအသံသည် နှစ်ရာချီ၍ ချိပ်ပိတ်ခံထားရပြီးနောက် နောက်ဆုံးတွင်တော့ အသက်သွင်းပေးမည့်သူ ရောက်လာသဖြင့် စိတ်တက်ကြွကာ အော်ဟစ်ကြွေးကြော်လိုက်သံနှင့် တူသည်။

ထိုထူးဆန်းသော ခံစားချက်၊ စုမင်မှာ သူ့နှလုံးသားထဲ၌ ရှင်းရှင်းလင်းလင်း ခံစားမိလေသည်။

ထိုသေတ္တာအတွင်းမှ ပစ္စည်းက သူ့အား ခေါ်ဆိုနေခြင်းကို ခံစားမိသည်။

သူ့နှလုံးသားမှာ တဒုန်းဒုန်း တုန်လှုပ်နေခဲ့သည်။ နှလုံးခုန်သံ တစ်ချက်စီတိုင်းက သေတ္တာတွင်းရှိ ပစ္စည်းကို ပို၍ ကျယ်လောင်စွာ အော်မြည်လာစေခဲ့ပြီး အဆုံးတွင် ကျောက်သေတ္တာပါ လိုက်ပါ တုန်ယင်လာခဲ့သည်။ သေတ္တာအတွင်းမှ ရတနာပစ္စည်းက အပြင်သို့ တိုးထွက်နေသကဲ့သို့ အထဲမှ တွန်းတိုက်သံများ ထွက်ပေါ်လာခဲ့သည်။

သေတ္တာ၏ လှစ်ဟရာမှတစ်ဆင့် အလင်းရောင် တောက်ပနေခဲ့ပြီး စုမင်မျက်နှာအား အလင်းရောင် ထင်ဟပ်နေစေသည်။ ဟယ်ဖုန်းသည် ထိုအရာကို မြင်သောအခါ မယုံကြည်နိုင်စွာ အံ့အားသင့်နေခဲ့သည်။ စုမင်လက်ဖြင့် ထိလိုက်သည်နှင့် သေတ္တာမှာ အသိဉာဏ်ရှိလာခဲ့သယောင် ပြုမူနေ၏။ ထိုအရာက သူ့စိတ်ကို ဗလာဟင်းလင်း ဖြစ်ကာ ရှုပ်ထွေးသွားစေသည်။

အနည်းငယ်လည်း နာကျင်အောင့်သက်စွာ ခံစားရပါ၏။ မိမိတို့လူများ နှစ်ရာချီ၍ အလေးအမြတ်ထားခဲ့ရသော ရတနာပစ္စည်းက သူ့ကိုတော့ လျစ်လျူရှုဖို့ ရွေးချယ်ခဲ့ပြီး အပြင်လူ တစ်ယောက် ရုတ်တရက်ပေါ်လာသော အခါတွင်တော့ သခင်တွေ့ရှိသွားသကဲ့သို့ ပုံဟန်နှင့် တက်ကြွ လှုပ်ရှားလာခဲ့သည်။

ထိုခံစားချက်က ဟယ်ဖုန်းကို လုံးဝမင်သက်နေမိစေသည်။

သေတ္တာမှ အလင်းရောင်တောက်ပလာသည်နှင့် အမျှ အော်မြည်သံကလည်း ပိုမိုကျယ်လောင်လာသည်မှာ သေတ္တာအတွင်း မည်သည့်အရာပင် ရှိနေပါစေ ဖွင့်သာဖွင့်လိုက်ဟု စုမင်အား စိုးရိမ်တကြီး တောင်းဆိုနေသကဲ့သို့ပင်။

စုမင်သည် မိမိအား တောင့်တနေသောအသံက တစတစ ပိုမိုအားကောင်းလာသည်ကို ခံစားမိသည်။ အသက်ပြင်းပြင်း ရှူရှိုက်၍ ညာလက်ဖြင့် ကျောက်သေတ္တာကို ဖိကာ ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် ဟယ်ဖုန်းသင်ပေးထားခဲ့သော တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ဖြင့် စွမ်းအားများ ပို့လွှတ်ပေးလိုက်သည်။

ကျောက်သေတ္တာမှာ တုန်ခါလာပြီး ချက်ချင်း ပွင့်ဟလာသည်။

အဖုံးပွင့်လာသော အခိုက်အတန့်တွင် အလင်းတစ်ဖြာ ရုတ်ခြည်းထွက်ပေါ်လာပြီး လှိုဏ်ဂူတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ တစ်ချိန်တည်းမှာပင် ပို၍လင်းလက်တောက်ပသော အလင်းတန်းနှင့် အသံကျယ်ကြီး ထွက်ပေါ်လာပြီး လေထဲသို့ ပျံ့နှံ့သွားသည်။ ထိုအရာက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လှိုဏ်ဂူအတွင်း စတင်ပျံသန်းနေတော့သည်။

သန်မာသော စူးရှမှု အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်နှင့် တောင်နံရံမျက်နှာပြင်ကို အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားစေသည်။ ထိုစူးရှသော အရှိန်အဝါတစ်ရပ်မှာ စုမင်၏ ရှိရှိသမျှ အမွေးများကို ထောင်ထသွားစေပြီး ရုပ်နယ်လွန်နယ်ပယ်ရှိ ပညာရှင်တစ်ဦးအား မျက်နှာချင်းဆိုင်နေရသည့်နှယ် ထင်ယောင်ထင်မှား ဖြစ်သွားစေ၏။ ထိုအရှိန်အဝါကို ခုခံလိုဟန်ဖြင့် စုမင်ကိုယ်ပေါ်ရှိ သွေးကြောများကလည်း ရုတ်ခြည်းပေါ်ထွက်လာခဲ့သည်။ အမှန်တစ်ကယ်တွင်တော့ ထိုအရှိန်အဝါသည် ပိုမို၍ပင် သန်မာအားကောင်းလာခဲ့ပြီး ရူပ်နယ်လွန်နယ်ပယ်၏ စွမ်းအားထက်ပင် မိုမိုသာလွန်နေသည်ဟု ခံစားနေရလေသည်။

စုမင်၏ ချီစွမ်းအင်များပါ ထွက်ပေါ်လာတော့မည့် အချိန်တွင် သေတ္တာမှ ထွက်ပေါ်လာသော အလင်းရောင်မှာ တစ်ချက်တောက်ပသွားပြီး စုမင်ထံသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။ ထိုအရာမှာ အလွန်လျင်မြန်လွန်းသဖြင့် မြန်ဆန်လှပါသည်ဟူသော စုမင်ပင် မရှောင်တိမ်းလိုက်နိုင်ချေ။ သူနောက်ဆုတ်လိုက်သည့် တစ်ခဏမှာပင် အစိမ်းရောင်အလင်းသည် လေဟာနယ်အား ဖြတ်ကျော်လာသကဲ့သို့ သူ၏ မျက်ခုံးနှစ်ခုကြား အလယ်ဗဟိုရှေ့၌ ပေါ်ပေါက်လာခဲ့ချေသည်။

အစိမ်းရောင်အလင်းကိုကြည့်ကာ စုမင်နံဖူးထက်မှ ချွေးသီးလုံးများ ကျဆင်းလာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ စုမင်သည် ရတနာပစ္စည်း ဆိုသည့်အရာကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ရချေပြီ။

ထိုအရာက ဓားတစ်လက်ဖြစ်သည်။

ထိုအရာက သူ့အလိုအလျောက် ပျံသန်းနိုင်သော ဓားတစ်လက်ပင်။

ထိုအရာသည် အစိမ်းရောင်တောက်နေသော ဓားတစ်လက်ဖြစ်ကာ ထိုဓားပေါ်တွင် စုမင် တစ်ခါမျှ မမြင်ဖူးသော ရှုပ်ထွေးသည့် ရုပ်ပုံတစ်ပုံကို ထွင်းထုထားသည်။

ဓားသည် ခုနစ်လက်မခန့်သာ ရှည်လျား၍ လက်ထဲမှာပင် ကိုင်ဆောင်ထားနိုင်သည်။ အေးစက်တင်းမာသော ကြောက်မက်ဖွယ် ထိုးဖောက်နိုင်သော စွမ်းအားမှာ ထိုဓားမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။ ဓားသွားမှာ အလွန်ထက်မြ၍ စုမင်၏ မျက်ခုံးများ အလယ်ဗဟိုသို့ အလွယ်တကူ ထိုးဖောက်သွားနိုင်သကဲ့သို့ပင် ဖြစ်၏။

စုမင် တစ်ယောက်တည်း စိတ်လှုပ်ရှားနေရခြင်း မဟုတ်ပဲ ဟယ်ဖုန်းမှာလည်း စိုးရိမ်ပူပန်နေရလေသည်။ အကယ်၍ စုမင်သေသွားလျှင် သူလည်း သေရမှာဖြစ်ပြီး ထို့ထက်ပို အရေးကြီးသည်က သူ၏ ဓားအပေါ် ကြောက်ရွံ့မှုမှာ စုမင်ထက်ပင် ပို၍ သာလွန်နေခြင်းဖြစ်သည်။ အမှန်တစ်ကယ်တွင် ဓားသွားပိုမိုနီးကပ်လာချိန်၌ ဓား၏ ကြောက်မက်ဖွယ် အရှိန်အဝါအား တောင့်မခံနိုင်သည့်နှယ် သူ၏ ဝိညာဉ်ခန္ဓာကိုယ်လေးမှာ တစစီ ကြေပျက်သွားရတော့မည်ကဲ့သို့ ခံစားနေရခြင်းပင်။

လှိုဏ်ဂူအတွင်း တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ တစ်ခုတည်းသော လှုပ်ရှားမှုမှာ တဖျတ်ဖျတ်လက်နေသော အစိမ်းရောင်အလင်းသာ ဖြစ်သည်။ စုမင်က တင်ပျဉ်ချိတ်၍ မလှုပ်မယှက် ထိုင်နေခဲ့သည်။ ခုနစ်လက်မအရှည်ရှိ ဓားသွားမှာ စုမင်၏ မျက်ခုံးအလယ်ဗဟိုတွင် ပျံဝဲငြိမ်သက်နေသည်။

ဟယ်ဖုန်း၏ ကိုယ်ခန္ဓာရော၊ စိတ်ဝိညာဉ်ပါ ကြောက်စိတ်ဖြင့် မွှန်ထူနေသည်။ ဤသည်က သူတစ်ခါမျှ မခံစားဖူးသော အကြောက်တရားဖြစ်သည်။ သေခြင်းတရားနှင့် ရင်ဆိုင်နေရသည့် အချိန်ကထက်ပင် ပိုမိုသော အကြောက်တရားလည်း ဖြစ်၏။ ဓားမှလာသော အရှိန်ဝါဖိအားမှာ ဟယ်ဖုန်းအား တုန်ယင်နေစေသည်။

အချိန်များ ကုန်လွန်သွားသည်။ အမွှေးတိုင် တစ်တိုင်ထွန်းစာ ကြာပြီးနောက်တွင်တော့ စုမင် စိတ်လှုပ်ရှားမှုကို ပယ်သတ်လိုက်နိုင်သည်။ သူ့ရှေ့ရှိ ဓားသွားခပ်သေးသေးကို ကြည့်ကာ ၎င်းထံတွင် မကောင်းကြံမည့် စိတ်ဆန္ဒမရှိခြင်းကို သူအတပ်ပြောနိုင်ပေသည်။ သေချာစစ်ဆေး လေ့လာပြီးနောက် ထိုအရာကလည်း စုမင်နှင့်ပက်သက်၍ တစ်စုံတစ်ရာကို မသေချာ၊ မရေရာဖြစ်နေသည့်နှယ် သူ့အား လေ့လာနေသည်ကို စုမင်ခံစားမိသည်။

အတန်ကြာသောအခါ ဟယ်ဖုန်းမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် တုန်ယင်နေဆဲ ဖြစ်သော်ငြား စုမင်ကမူ ညာလက်ကို ဖြည်းညင်းစွာမြှောက်၍ လက်ဖဝါးကို ရှေ့ထုတ်လိုက်သည်။

အစိမ်းရောင် ဓားသွားလေးလည်း တွေဝေသွားပုံပေါ်သည်။ ရုတ်ခြည်းဆိုသလို အလင်းရောင် တောက်ပသွားပြီး စုမင်၏ မျက်ခုံးအလယ်ဗဟိုမှ ထွက်ခွာသွားသည်။ အကြိမ်ရေ အနည်းငယ်မျှ လှည့်ပတ်နေပြီးနောက်မှ စုမင် လက်ဖဝါးဆီသို့ ဦးတည်လာကာ လေတိုးသံနှင့်အတူ တဖြည်းဖြည်း ဆင်းသက်လာခဲ့သည်။

ထိုအချိန်ကျမှသာ စုမင်မှာ စိတ်သက်သာရာရ၍ သက်ပြင်းချမိတော့သည်။ ဓားကို ဆုပ်ကိုင်လိုက်ချိန်တွင် သူ့မျက်လုံးများအတွင်း စိတ်လှုပ်ရှားမှူများ အထင်းသားပေါ်နေခဲ့သည်။ သို့သော် ထိုသို့ ဆုပ်ကိုင်လိုက်ချိန်မှာပင် ဓားသွားက စုမင်လက်ဖဝါးကို လှီးဖြတ်၍ အစိမ်းရောင် အလင်းတစ်ချက် လက်ဖြာသွားကာ ထိုဒဏ်ရာမှတစ်ဆင့် စုမင်ကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။

စုမင် တစ်ကိုယ်လုံး တုန်ယင်လှုပ်ခါသွားသည်။ အစိမ်းရောင်အလင်းစလေးသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးသည်နှင့် တစ်စစီကွဲထွက်သွားပြီး အင်အားတစ်ရပ်အဖြစ် ပြောင်းလဲကာ စုမင်တစ်ကိုယ်လုံး အနှံ့သို့ အသာအယာ ပျံ့နှံ့ဖြာဆင်းသွားသည်။

ထိုအင်အားရပ် ပျံ့နှံ့သွားချိန်တွင် စုမင်ကိုယ်ထဲ၌ ပုန်းကွယ်တည်ရှိနေသော လ၏အတောင်ပံ ဝိညာဉ်တို့မှာ အလျင်အမြန်ပြေးထွက်လာကြသည်။ ဟယ်ဖုန်းသည်ပင် အသံအကျယ်ကြီး အော်ဟစ်လိုက်မိပြီး စုမင်အနီးသို့ မကပ်ရဲတော့ပေ။

ဟယ်ဖုန်းအမြင်တွင် စုမင်ဆံပင်များက လေမတိုက်ပဲ လှုပ်ရှားနေသည်။ ထိူင်နေလျက်မှပင် သူ့ဝတ်ရုံမှာလည်း တဖျတ်ဖျတ်လှုပ်ရှားနေ၏။ သူ့မျက်နှာ အမူအယာက မပြောင်းလဲသော်လည်း ကြောက်မက်ဖွယ် အင်အားအရှိန်ဝါကမူ သူ့ခန္ဓာကိုယ်ထဲ၌ နိုးထအသက်ဝင်လာသကဲ့သို့ပင်။

ထိုအင်အားရပ်သည် အစကနဦးကပင် စုမင်နှင့် သက်ဆိုင်သော်လည်း အမြဲတစေ ငြိမ်သက်တိတ်ဆိတ်နေခဲ့ပုံ ရသည်။ ယခု စုမင်ကိုယ်ထဲသို့ ဓားသွားဝင်ရောက်လာချိန်တွင် ထိုအင်အားရပ်မှာ အိပ်ပျော်နေရာမှ နိုးထလာသကဲ့သို့ ဖြစ်သည်။

စုမင် တုန်ယင်နေသည်။ သို့သော် သူ့မျက်နှာပေါ်တွင်တော့ ခံစားချက်နှင့် အသားမကျသည့်အလား မျက်မှောင်ကုတ်ထားသည်မှအပ နာကျင်မှု တစ်စုံတစ်ရာ မတွေ့ရပေ။ ဓားသည်လည်း ခန္ဓာကိုယ်အနှံ့ လှည့်လည်သွားလာနေကာ တစ်စုံတစ်ရာအား ရှာဖွေနေသည်ကို သူရှင်းလင်းစွာ ခံစားမိသည်။

ထိူအခိုက်အတန့်မှာပင် သူ့တစ်ကိုယ်လုံး အပြင်းအထန် တုန်ယင်သွားသည်။ စကားဖြင့် ဖော်ပြ၍ မစွမ်းသာနိုင်သော နာကျင်မှုများက ဒီရေလှိုင်းများသဖွယ် မြင့်တက်လာသည်မှာ ဓားက သူ့နေရာသူ ရှာဖွေတွေ့ရှိသွားခြင်းကြောင့် ဖြစ်နိုင်သည်။ ဓားတစ်စင်း၏ အရှိန်ဝါမှာ စုမင်အား ထွင်းဖောက်၍ စုမင်ကိုယ်ထဲရှိ အသွေး၊အသားများကို အင်အားသုံးလမ်းဖွင့်လိုက်သည်။

လမ်းကြောင်းမှာ ကနဦးကတည်းက ရှိနေခဲ့ဟန် တူသော်လည်း ယခုမူ ပိတ်ဆို့နေခဲ့ချေပြီ။ ဖြစ်နိုင်သည်မှာ မည်သည့်အခါကမှ ရှင်းလင်းခဲ့ခြင်း မရှိရာမှ ယခုဓားက လမ်းကြောင်းတစ်လျှောက် ရွေ့လျားသွားသဖြင့် စုမင်ကိုယ်တွင်းရှိ မူလက ပိတ်ဆို့ခံထားရသော လမ်းကြောင်းကို အင်အားသုံး ချိူးဖျက်မိသကဲ့သို့ ဖြစ်သွားခြင်းပင်။

စုမင် ခေါင်းထဲတွင် ကျယ်လောင်စွာ မြည်ဟည်းသွားသည်။ သူတုန်ယင်နေရင်း အရေပြားမှလည်း သွေးများစီးကျလာခဲ့သည်။ မာန်စွမ်းအားရှင်တစ်ဦးထံတွင် မရှိသင့်သည့် သွေးကြောလိုင်းများ ပေါ်ထွက်လာခဲ့သည်။ ထိုလိုင်းမှာ စုမင်တစ်ကိုယ်လုံးအား ဝန်းရံလျက် ရင်ဘတ်မှ ဖြတ်သန်းသွားကာ ထိုမှတစ်ဆင့် ဦးခေါင်း၌ အဆုံးသတ်သွားသည်။

စုမင်၏ ဦးခေါင်းတွင် ထင်ထင်ရှားရှား ပေါ်ပေါက်မလာခင် အစိမ်းရောင်အလင်းက ထိုလိုင်းအား ဖြတ်သန်းလျက် ကြိမ်ဖန်များစွာ လက်ဖြာနေခဲ့သည်။ စုမင်သည်လည်း ၎င်း၏အရှိန်အဝါကို ခံစားမိသော်ငြား နာကျင်မှုတော့ မရှိတော့ပေ။ ထိုအစား လိုင်းကြောင်းရှင်းလင်းစွာ ပေါ်ထွက်လာသည်နှင့်

သက်သောင့်သက်သာရှိသော ခံစားချက်က တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။ အကယ်၍ မျက်လုံးများကိုပိတ်၍ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို ထုတ်သုံးခြင်း မပြုလျှင်သော်မှ သူ့စိတ်ထဲတွင် ပေ၂၀၀၀ ဝန်းကျင်ရှိသော အကျယ်အဝန်းတစ်ဝိုက်ကို ရှင်းရှင်းလင်းလင်း ခံစားမိနေလေသည်။

ဓားအမှတ်အသားက သူ့နံဖူးထက်တွင်

အဆုံးတွင်တော့ တစ်ဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။ တောက်ပလာသည်နှင့်အမျှ ကြီးကျယ်ခမ်းနားသော အရှိန်အဝါများလည်း ပေါ်ထွန်းနေလေသည်။

ဟယ်ဖုန်းမှာ စုမင်အား မင်သက်သောအမူအယာဖြင့် ဘေးမှ စောင့်ကြည့်နေခဲ့မိသည်။ သူ့ကိုယ်ပိုင် ရတနာပစ္စည်းက သူသေတ္တာဖွင့်စဉ် အချိန်ကနှင့် စုမင် သေတ္တာဖွင့်ချိန်တို့အား အဘယ်ကြောင့် မတူကွဲပြားစွာ ခွဲခြားဆက်ဆံရပါသနည်းဟု နားမလည်နိုင်တော့ချေ။

ကျေးဇူးတင်စရာကောင်းသည်က ဟယ်ဖုန်းတွင် ဝိညာဉ်ခန္ဓာကိုယ်သာ ရှိနေခြင်းဖြစ်ပြီး ထိုသို့မဟုတ်လျှင်တော့ နားမလည်နိုင်ခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းတို့ကြောင့် သူသွေးအန်နေရပြီ ဖြစ်ပေလိမ့်မည်။

*****

All Chapters