← Chapters

အခန်း (၄၇၅-၄၇၆)

Vol. 48 Ch. 475-476

အခန်း (၄၇၅-၄၇၆)

Vol. 48 Ch. 475-476

အခန်း။ ၄၇၅

"ဝူး... ဝေါ့..."

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကိုးဘော့လ်အများစုမှာ ရုတ်တရက်တိုက်ခိုက်လိုက်သော သွေးဆာသည့် နတ်ဆိုးနွယ်ပင်များ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။ ၎င်းတို့၏ သွေးနှင့်အသားများမှာ ရူးသွပ်စွာ စုပ်ယူခံလိုက်ရသဖြင့် အတောင့်သားဖြစ်နေသော ခန္ဓာကိုယ်များမှာ ထိန်းမနိုင်သိမ်းမရ တုန်ရင်လာပြီး အသည်းအသန် အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

နောက်တစ်စက္ကန့်တွင် ထိုကိုးဘော့လ်များသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး မြေပြင်ပေါ်တွင် တွားသွားနေသော သွေးရောင်နွယ်ပင်များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။ တစ်ပြိုင်နက်တည်းမှာပင် ချွန်ထက်လှသော နွယ်ပင်ထိပ်ဖျားများသည် ဒဏ်ရာပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားရာ ကိုးဘော့လ်များ၏ အော်ဟစ်သံများမှာ ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။

သို့သော် နတ်ဆိုးနွယ်ပင်၏ တိုက်ခိုက်မှုမှာ အမြဲတမ်းတော့ မအောင်မြင်ပေ။ အဆင့် ၅ ရှိသော ကိုးဘော့လ်အချို့မှာမူ နတ်ဆိုးနွယ်ပင်၏ တိုက်ခိုက်မှုကို ချက်ချင်းပင် ကာကွယ်နိုင်ခဲ့ကြသည်။

"ဝေါ့..."

သူတို့မျိုးနွယ်ဝင်များ၏ ကြောက်မက်ဖွယ် သေဆုံးမှုများကို ကြည့်ရင်း နတ်ဆိုးနွယ်ပင်ကို ခုခံနေကြသော အဆင့် ၅ ကိုးဘော့လ်အနည်းငယ်မှာ ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။

ထို့နောက်တွင်တော့ သူတို့သည် မျိုးနွယ်စုပါရမီများကို တစ်ယောက်ပြီးတစ်ယောက် အသက်သွင်းလိုက်ကြသည်။ အချို့မှာ ကိုယ်ခန္ဓာမှာ အဆပေါင်းများစွာ ကြီးမားလာပြီး အချို့မှာမူ သူတို့၏ ခန္ဓာကိုယ်ကို သံမဏိကဲ့သို့ မာကျောစေကာ ပြေးဝင်လာသော နတ်ဆိုးနွယ်ပင်များကို ရိုက်ထုတ်၍ ဤနွယ်ပင်ထောင်ချောက်အတွင်းမှ လွတ်မြောက်ရန် ရှေ့သို့ အတင်းတိုးထွက်ကြသည်။

ကံမကောင်းစွာဖြင့် သွေးဆာသော နတ်ဆိုးနွယ်ပင်မှာ ကိုင်တွယ်ရ လွယ်ကူသော အရာမဟုတ်ပေ။ သားကောင်က ပိုသန်မာလေလေ အသားက ပိုမြိန်လေလေ ဖြစ်ရာ သွေးဆာနေသော နွယ်ပင်များသည် လက်လွှတ်ရန် ပို၍ပင် ဆန္ဒမရှိကြတော့ချေ။

ရှူး... ရှူး... ရှူး...

အဆင့် ၅ ကိုးဘော့လ်များ ရှေ့သို့ တိုးထွက်နေစဉ်မှာပင် အရပ်မျက်နှာအသီးသီးမှ နွယ်ပင်ပေါင်းများစွာက ဝိုင်းရံတိုက်ခိုက်လာကြသည်။

ဘုန်း... ဘုန်း... ဘုန်း...

သွေးမြွေ ထောင်သောင်းချီသကဲ့သို့ ထူထပ်လှသော နွယ်ပင်များ၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးရန် ကြိုးစားနေသည့် အဆင့် ၅ ကိုးဘော့လ်အချို့မှာ လမ်းခုလတ်မှာပင် ဖမ်းဆီးခံလိုက်ရသည်။ နွယ်ပင်များသည် ၎င်းတို့၏ ခြေလက်များနှင့် ခန္ဓာကိုယ်တစ်ခုလုံးကို အလွှာလိုက် အထပ်ထပ် ရစ်ပတ်လိုက်ကြရာ နောက်ဆုံးတွင်တော့ တစ်ကိုယ်လုံး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိပင်။

"ဝေါ့..."

ကိုးဘော့လ်များ မည်မျှပင် ရုန်းကန်၍ ဟိန်းဟောက်ပါစေ ရုန်းထွက်နိုင်ခြင်း မရှိတော့ပေ။ နောက်တစ်စက္ကန့်တွင်တော့ ရင်းနှီးပြီးသား အော်ဟစ်သံများ ထပ်မံထွက်ပေါ်လာပြန်သည်။ ချွန်ထက်သော နွယ်ပင်များက ခန္ဓာကိုယ်အတွင်းသို့ ထိုးဝင်ကာ အဆက်မပြတ် စုပ်ယူနေသဖြင့် အဆင့် ၅ ကိုးဘော့လ်များမှာ နာကျင်စွာဖြင့် တုန်ရင်ကာ အော်ဟစ်နေကြရသည်။

ခဏအကြာတွင် ထိုအဆင့် ၅ ကိုးဘော့လ်များသည်လည်း သူတို့မျိုးနွယ်စုဝင်များ၏ လမ်းဟောင်းအတိုင်းပင် အရိုးစုများအဖြစ် ပြောင်းလဲသွားခဲ့ပြီး နွယ်ပင်များ ပြန်လည်ရုပ်သိမ်းလိုက်ချိန်တွင် ကောင်းကင်ယံမှ အရိုးများ မြေပြင်ပေါ်သို့ လွင့်စင်ကျလာတော့သည်။

ကိုးဘော့လ်စစ်တပ်ကို ဝါးမြိုပြီးနောက်တွင် သွေးဆာသော နွယ်ပင်တောအုပ်မှာ ပိုမိုရူးသွပ်စွာ ကြီးထွားလာခဲ့ပြီး နွယ်ပင်များမှာ လူကြီးလက်မောင်းခန့်အထိ ထွားကျိုင်းလာခဲ့သည်။ နွယ်ပင်များ၏ အရှည်မှာလည်း အထက်သို့ အဆက်မပြတ် မြင့်တက်လာရာ မိုးမျှော်တိုက်၏ ပထမထပ် အမိုးအထိပင် ရောက်ရှိသွားခဲ့သည်။ ယခုအခါ မြေအောက်ခန်းတစ်ခုလုံးမှာ နတ်ဆိုးနွယ်ပင်များ၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီး နေရာလွတ်ဟူ၍ပင် မကျန်တော့ချေ။

"ကောင်းတယ်... ကောင်းတယ်... ဒီနတ်ဆိုးနွယ်ပင်တွေရှိနေရင်တော့ ဒီကိုးဘော့လ်တွေ ဒီကနေ ဘယ်တော့မှ ခြေတစ်လှမ်းတောင် ထွက်နိုင်မှာ မဟုတ်တော့ဘူး"

နတ်ဆိုးနွယ်ပင်၏ စွမ်းဆောင်ရည်ကို ကြည့်ကာ လုချွမ်းက ပြုံးလျက် ပြောလိုက်သည်။

ကိုးဘော့လ်တစ်သိုက်တည်းနှင့်ပင် နတ်ဆိုးနွယ်ပင်မှာ ဤမျှအထိ ကြီးထွားလာခဲ့ပြီဖြစ်သည်။ နောက်ထပ် အသုတ်အနည်းငယ်သာ ထပ်လာမည်ဆိုပါက ဤနွယ်ပင်များသည် မိုးမျှော်တိုက်၏ ပထမထပ်တစ်ခုလုံးကို သိမ်းပိုက်ပြီး သွေးပင်လယ်ပြင်ကြီးအဖြစ် ပြောင်းလဲပစ်နိုင်ပေလိမ့်မည်။ ထိုအခါကျလျှင် ကိုးဘော့လ်များ ပျံသန်းနိုင်လျှင်ပင် နတ်ဆိုးနွယ်ပင်၏ လက်ခုပ်ထဲမှ လွတ်မြောက်ရန် လမ်းစရှိတော့မည် မဟုတ်ပေ။

"ဖေဖေ... စောစောက နတ်ဆိုးနွယ်ပင်နဲ့ ရင်ဆိုင်ရတုန်းက အဆင့် ၅ ကိုးဘော့လ်တွေက ခုခံနိုင်

စွမ်း အနည်းငယ် ရှိနေသေးပုံပဲ။ ပိုပြီးတော့ စိတ်ချရအောင် အထူးသဖြင့် ပိုသန်မာတဲ့ ကိုးဘော့လ်တွေ ပေါ်လာနိုင်တာကို ထည့်တွက်ပြီး ဒီနေရာမှာ မျက်လှည့်အာရုံချောက်ခြားမှု အစီအရင်တစ်ခုကို အပိုဆောင်း ကာကွယ်ရေးအနေနဲ့ ချထားသင့်တယ်ထင်တယ်"

ကိုးဘော့လ်များကို ဝါးမြိုနေသည့်မြင်ကွင်းကို ကြည့်ကာ ကျိရုရွှယ်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

နတ်ဆိုးနွယ်ပင်သည် ကိုးဘော့လ်များကို ရက်စက်စွာ သတ်ဖြတ်နိုင်သည်မှာ မှန်သော်လည်း နောက်ပိုင်းတွင် ပို၍သန်မာသော ရန်သူများ ပေါ်လာပါက နွယ်ပင်များက ချက်ချင်း ဖမ်းဆီးနိုင်ခြင်း ရှိမရှိကို ကျိရုရွှယ်အနေဖြင့် မသေချာသောကြောင့်ပင်။

အကယ်၍ တစ်ကောင်တစ်လေသာ လွတ်မြောက်သွားခဲ့လျှင် ပြဿနာရှိနိုင်သည်။

ပိုမိုစိတ်ချရစေရန်အတွက် ကျိရုရွှယ်သည် ဤနေရာ၌ အာရုံချောက်ခြားမှု အစီအရင်တစ်ခုကို ချမှတ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအခါ သွေးဆာသောနတ်ဆိုးနွယ်ပင်၏ ရစ်ပတ်မှုမှ ရုန်းထွက်နိုင်သည့် ပိုမိုသန်မာသော ကိုးဘော့လ်များ ရှိလာခဲ့လျှင်ပင် ၎င်းတို့သည် အဆောက်အအုံအတွင်းမှ အလွယ်တကူ ထွက်ခွာနိုင်တော့မည် မဟုတ်ပေ။ ယင်းအစား အစီအရင်အတွင်း လမ်းပျောက်နေသော ကိုးဘော့လ်များသည် နောက်ဆုံးတွင် နတ်ဆိုးနွယ်ပင်၏ အစာအဖြစ်သို့သာ ပြန်လည်ရောက်ရှိသွားကြမည် ဖြစ်သည်။

"ကောင်းပြီ ချီချီ... သမီး စိတ်ကြိုက်သာ လုပ်ပါ"

လုချွမ်းက ခေါင်းညိတ်၍ ပြောလိုက်သည်။ စောစောက အဆင့် ၅ ကိုးဘော့လ်များ၏ လှုပ်ရှားမှုကို သူလည်း မြင်တွေ့ခဲ့ရသည်။ ပိုသန်မာသော ကိုးဘော့လ်များသည် နတ်ဆိုးနွယ်ပင်၏ အချုပ်အနှောင်မှ လွတ်မြောက်နိုင်ခြေ နည်းပါးသော်လည်း လက်တွေ့စမ်းသပ်မှု မရှိသေးသည့်အတွက် ချီချီက ထိုသို့အစီအရင် ချထားပေးခြင်းမှာ အကောင်းဆုံးပင်။

တစ်နာရီခန့်အကြာတွင် မိုးမျှော်တိုက်၏ အပြင်ဘက်၌ ကျိရုရွှယ်သည် မှော်စာသားများ ထွင်းထုထားသော ဆေးလုံးများကို မြေကြီးအတွင်းသို့ မြှုပ်နှံလိုက်သည်။ နောက်တစ်ခဏတွင် အစီအရင်ကြီးမှာ ပေါ်ထွက်လာပြီး မီးခိုးရောင် မြူခိုးများမှာ တိုက်၏ ပထမထပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ဤမြူခိုးများသည် အမြင်အာရုံကို ပိတ်ဆို့နိုင်ရုံသာမက စိတ်ဝိညာဉ်အင်အား ပြန့်နှံ့မှုကိုပါ တားဆီးပေးနိုင်သည့် အစွမ်းရှိသည်။ မည်သည့်သက်ရှိမဆို ၎င်းအတွင်းသို့ ဝင်ရောက်သွားပါက မလွဲမသွေ လမ်းပျောက်သွားပေလိမ့်မည်။

ဤအစီအရင်ကြီးကို ကြည့်ရင်း လုချွမ်းမှာ လုံးဝ စိတ်အေးသွားခဲ့ရသည်။ ခဏအကြာတွင် အစီအရင်မှာ ချို့ယွင်းချက်မရှိကြောင်း စစ်ဆေးပြီးနောက် ကျိရုရွှယ်နှင့် လုချွမ်းတို့သည် အခြေစိုက်စခန်းသို့ ပြန်လာခဲ့ကြသည်။

ယခုအခါ ကိုးဘော့လ်များအတွက် စိတ်ချသွားရပြီဖြစ်ရာ ကျန်ရှိနေသည့် ပြဿနာမှာ မျက်လုံးနီ နတ်ဆိုးမြွေများ ထွက်ပေါ်လာရာ ဟင်းလင်းပြင်အက်ကွဲကြောင်းပင်။ ထိုမြွေများသည် ရေထဲ၌သာ နေလိုကြပြီး ကုန်းပေါ်သို့ အလွယ်တကူ တက်မလာတတ်သော်လည်း ပိုမိုစိတ်ချရစေရန်အတွက် ကျိရုရွှယ်သည် အဆင့် ၆ ရှိသော မိုးကြိုးဟိန်းသံသားရဲကို လီမြစ်အခြေစိုက်စခန်းတွင် ကင်းစောင့်အဖြစ် ထားခဲ့ရန် စီစဉ်လိုက်သည်။

ကုန်းပေါ်တွင် နတ်ဆိုးမြွေများ၏ အင်အားမှာ များစွာလျော့နည်းသွားမည်ဖြစ်ရာ အကယ်၍ မြစ်အတွင်းမှ တက်လာပြီး အခြေစိုက်စခန်းကို ကျူးကျော်ရန် ကြိုးစားခဲ့လျှင်လည်း မိုးကြိုးဟိန်းသံသားရဲကို ယှဉ်နိုင်မည်မဟုတ်ပေ။

လီမြစ်အခြေစိုက်စခန်းသို့ ပြန်ရောက်သည်နှင့် လုချွမ်းနှင့် ကျိရုရွှယ်တို့သည် အနောက်မြောက်ဘက်ရှိ နေရာသို့ ချက်ချင်းသွားကြသည်။ ကျိရုရွှယ်သည် ရှေ့ရှိ သံတိုသံစပုံကြီးကို စိုက်ကြည့်လိုက်ရာ သူမ၏ စိတ်စွမ်းအားကြောင့် ထိုသံစများမှာ လေထဲသို့ ပျံတက်လာခဲ့သည်။ ထို့နောက် ပြင်းထန်သော ဖိအားအောက်တွင် ထိုသံစများသည် ပေါင်းစပ်သွားကြပြီး ပုံစံတူ သံတိုင် ၁၂ တိုင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ကျိရုရွှယ်က လက်ဝှေ့ယမ်းလိုက်ရာ သံတိုင်များသည် သူမ၏ရှေ့သို့ ပျံသန်းလာကြသည်။ သူမသည် ထိုသံတိုင်များပေါ်တွင် လှပသော မှော်စာသားများကို ရေးထွင်းလိုက်သည်။

ရှူး... ရှူး... ရှူး...

နောက်တစ်ခဏတွင် သံတိုင်များသည် မြေပြင်ပေါ်သို့ စက်ဝိုင်းပုံစံ စိုက်ဝင်သွားကြသည်။ ထို့နောက် သံတိုင်တစ်ခုချင်းစီ၏ အပေါ်တွင် မှော်ဆေးလုံးတစ်လုံးစီ ကျရောက်သွားပြီးနောက် သံတိုင်များမှာ စတင်အသက်ဝင်လာကာ ခရမ်းရောင် ဝိညာဉ်အလင်းတန်းများ ဖြာထွက်လာပြီး တစ်ခုနှင့်တစ်ခု ဆက်သွယ်သွားကြတော့သည်။

ကျိရုရွှယ် ချမှတ်လိုက်သော ဤအစီအရင်မှာ မိုးကြိုးဟိန်းသံသားရဲအတွက် အထူးရည်ရွယ်ထားသည့် မိုးကြိုးဆွဲငင်မှု အစီအရင်ပင်။

၎င်းသည် မိုးသက်မုန်တိုင်းကျချိန်တွင် မိုးကြိုးအင်အားများကို အမြောက်အမြား ဆွဲယူပေးနိုင်စွမ်း ရှိသည်။ ထို့အပြင် အစီအရင်မှတစ်ဆင့် ပြောင်းလဲလိုက်သော မိုးကြိုးအင်အားမှာ ဖျက်ဆီးနိုင်စွမ်း လျော့နည်းသွားသဖြင့် သားရဲအတွက် စုပ်ယူရန် ပိုမိုလွယ်ကူစေသည်။

အစီအရင်မှာ တဖြည်းဖြည်း ပြည့်စုံလာသည်နှင့်အမျှ လုချွမ်း၏ မျက်ဝန်းများမှာလည်း ဝင်းလက်လာသည်။ အရာအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်ရာ ယခုဆိုလျှင် သူနှင့် ချီချီလေးတို့သည် လီမြစ်အခြေစိုက်စခန်းမှ စိတ်အေးလက်အေး ထွက်ခွာနိုင်ပြီ ဖြစ်သည်။ သို့သော် မထွက်ခွာမီတွင် သူသည် အဆင့် ၇ ရှိသော ဇွန်ဘီရုပ်သေးတစ်ကောင်ကို ဖန်တီးရန် စီစဉ်ထားသည်။

တစ်ပါးကမ္ဘာမှ သတ္တဝါမျိုးစုံမှာ အလွန်များပြားလှပြီး သူတို့၏ စွမ်းရည်နှင့် အင်အားမှာလည်း ကွဲပြားကြသည်။ ကိုးဘော့လ်များကဲ့သို့ တစ်ကောင်ချင်းစီ၏ အင်အားမှာ တူညီသောအဆင့်ရှိ ဇွန်ဘီရုပ်သေးထက် အားနည်းသည့်အမျိုးအစား ရှိသလို ချီချီ ပြောပြခဲ့သည့် ဧရာမနဂါးများနှင့် ဟင်းလင်းပြင်ပိုးမွှားမျိုးနွယ်ကဲ့သို့ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော မျိုးနွယ်များလည်း ရှိနေသည်။ ထို့ကြောင့် အဆင့် ၇ ဇွန်ဘီရုပ်သေးတစ်ကောင် အတူပါရှိနေခြင်းက လုချွမ်းကို ပို၍ စိတ်အေးစေမည်ပင်။

အခန်း။ ၄၇၆

အမှန်စင်စစ် အဆင့် ၇ ရှိ ဇွန်ဘီရုပ်သေးကို ရွေးချယ်ရာတွင် လုချွမ်းသည် အလွန်တရာ ဂရုစိုက်ခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် လီမြစ်မြို့မှ ထွက်ခွာရာ၌ လုချွမ်းနှင့်အတူ လိုက်ပါလာမည့် ပထမဆုံးသော အဆင့် ၇ ဇွန်ဘီရုပ်သေးဖြစ်သဖြင့် ၎င်း၏ တာဝန်ဝတ္တရားမှာ အလွန်ကြီးမားသောကြောင့်ပင်။

လုချွမ်း၏ အစီအစဉ်အရ ဤဇွန်ဘီရုပ်သေးသည် အရေးကြီးသော အချိန်အခါများတွင် သူနှင့် ချီချီလေးကို ကာကွယ်ပေးနိုင်စွမ်း ရှိရမည့်အပြင် ရန်သူများအပေါ်တွင်လည်း ထိရောက်သော တိုက်စစ်စွမ်းရည်နှင့် ထူးခြားသော နည်းဗျူဟာများ ပိုင်ဆိုင်ထားရန် လိုအပ်သည်။ ခြုံငုံ၍ ဆိုရသော် ဤရုပ်သေးသည် တိုက်စစ်နှင့် ခံစစ် နှစ်ရပ်လုံးတွင် ပြည့်စုံကွဲပြားနေရမည် ဖြစ်သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် လုချွမ်းသည် ကိုးဘော့လ်နှင့် ပေါင်းစပ်ထားသော တာဖန်းကိုသာ ရွေးချယ်လိုက်တော့သည်။ လက်ရှိတွင် တာဖန်းသည် ယခင်ကကဲ့သို့ ဝဖိုင့်သော ပုံသဏ္ဌာန်မျိုး မဟုတ်တော့ချေ။ ကိုးဘော့လ်တို့၏ အားသာချက်များနှင့် ပေါင်းစပ်ပြီးနောက်တွင် ရန်သူကို လျင်မြန်စွာ တိုက်ခိုက်နိုင်သည့် အရှိန်အဟုန်ကို ရရှိလာသည့်အပြင် သန်မာသော ကိုယ်ထည်ကြောင့် ကိုးဘော့လ်တို့၏ ကောင်းမွန်သော ဒဏ်ရာကုသနိုင်စွမ်းကိုလည်း အမွေရရှိထားသည်။

သူ၏ အမြင်တွင် တာဖန်းသည် ဇွန်ဘီရုပ်သေးများထဲ၌ တိုက်စစ်နှင့် ခံစစ်လက္ခဏာကို အမျှတဆုံး ဖော်ဆောင်နိုင်သူ ဖြစ်သည်။ အရှိန်အဟုန်ကောင်းမွန်မှုနှင့် သန်မာသော ကိုယ်ထည်ကို အခြေခံထားသဖြင့် တာဖန်း၏ တိုက်စစ်စွမ်းအားကို လျှော့တွက်၍ မရနိုင်ပေ။

ခံစစ်ပိုင်းတွင်မူ ၎င်း၏ ကြံ့ခိုင်သော ကိုယ်ထည်၊ ဒဏ်ရာကုသနိုင်စွမ်းနှင့် တာဖန်း၏ ရွှေဓာတ်ပေါင်းစပ်မှု ပါရမီတို့ ပေါင်းစပ်လိုက်ပါက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းသာ လုချွမ်း၏ ရှေ့မှ မားမားမတ်မတ် ရပ်နေမည်ဆိုပါက သာမန်တိုက်ခိုက်မှုမျိုးဖြင့် တာဖန်း၏ ခံစစ်ကို ဖောက်ထွက်၍ နောက်ကွယ်မှ လုချွမ်းထံသို့ ရောက်ရှိရန်မှာ အလွန်ပင် ခဲယဉ်းပေလိမ့်မည်။

ဆယ်မိနစ်ခန့်အကြာတွင် ကျိရုရွှယ်သည် မိုးကြိုးဆွဲငင်မှု အစီအရင်ကို အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားခဲ့သည်။ တောက်ပနေသော ခရမ်းရောင် အလင်းတန်းများသည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး အစီအရင်မှာ မမြင်နိုင်သော အခြေအနေသို့ ကူးပြောင်းကာ မိုးသက်မုန်တိုင်း ကျရောက်မည့်ရက်တွင် အလိုအလျောက် အသက်ဝင်လာရန် စောင့်ဆိုင်းနေတော့သည်။ မိုးကြိုးဟိန်းသံသားရဲမှာ ကျိရုရွှယ်၏ လက်ဖဝါးကို ၎င်း၏ ဦးခေါင်းဖြင့် ချစ်စနိုး ပွတ်သပ်နေသည်။

ကျိရုရွှယ်က မိုးကြိုးဟိန်းသံအား အခြေစိုက်စခန်းကို ကောင်းစွာ စောင့်ရှောက်ရန် မှာကြားလိုက်သည်။ မိုးရွာသော ရက်များတွင် ဤနေရာသို့ လာရောက်၍ ကျင့်ကြံခြင်းအတွက် မိုးကြိုးစွမ်းအင်များကို စုပ်ယူနိုင်ကြောင်းလည်း ရှင်းပြခဲ့သည်။

"ဝေါ့..."

သခင်မလေး၏ ညွှန်ကြားချက်ကို နားလည်သည့်အလား မိုးကြိုးဟိန်းသံက ခေါင်းညိတ်၍ အသံခပ်နိမ့်နိမ့်ဖြင့် ဟိန်းဟောက်ပြလိုက်သည်။

"ဖေဖေ... ပြန်ကြရအောင်"

ကျိရုရွှယ်က ကျေနပ်စွာ ခေါင်းညိတ်ပြီး မိုးကြိုးဟိန်းသံ၏ ဦးခေါင်းကို ပုတ်ပေးလိုက်ကာ လုချွမ်းရှိရာသို့ ပြေးလာခဲ့သည်။ ချီချီလေးနှင့်အတူ ဗီလာသို့ ပြန်ရောက်ပြီးနောက် လုချွမ်းသည် သမီးငယ်လေးအတွက် နေ့လယ်စာ ပြင်ဆင်ပေးလိုက်သည်။ ထို့နောက် သူသည် ဆိုဖာပေါ်တွင် ထိုင်၍ စိတ်ကို တည်ငြိမ်စွာ စုစည်းကာ ဇွန်ဘီရုပ်သေးများကို စတင် ထိန်းချုပ်လိုက်တော့သည်။

ခရီးထွက်ရန် အချိန်နီးကပ်လာပြီ ဖြစ်သဖြင့် ပထမဆုံးသော အဆင့် ၇ ဇွန်ဘီရုပ်သေးကို မွေးဖွားပေးရန် လိုအပ်နေပြီ ဖြစ်သည်။ လုချွမ်း၏ အမိန့်ပေးမှုနှင့်အတူ ရိတ်သိမ်းမှုအသစ်တစ်ခု စတင်လေတော့သည်။ ဧရာမဇွန်ဘီ ၁ နှင့် အဆင့်မြင့် ဇွန်ဘီရုပ်သေး တစ်သိုက်သည် ကိုးဘော့လ် မွေးမြူရေးစခန်း၊ မြွေနီ မွေးမြူရေးစခန်းနှင့် အခြားသော စခန်းများအတွင်းသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်ကာ သွေးချောင်းစီး သတ်ဖြတ်မှုများကို ပြုလုပ်ကြသည်။

လုချွမ်းသည် လီမြစ်မြို့မှ ထွက်ခွာသွားပါက ဤမွေးမြူရေးစခန်းများသည်လည်း အလိုအလျောက် ရပ်တန့်သွားမည် ဖြစ်ရာ၊ ယခုတစ်ကြိမ်တွင် လုချွမ်းက စခန်းအားလုံးကို အပြီးတိုင် ရှင်းလင်းရန် ရည်ရွယ်ထားခြင်းပင်။ အတွင်းရှိ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီအရေအတွက်ကို တွက်ချက်ကြည့်ရာတွင် အဆင့် ၆ ရှိ ဇွန်ဘီများကို အမြုတေ ထောက်ပံ့ပေးရန်အတွက် အဆင့် ၆ ဇွန်ဘီ လေးကောင်ထွက်ပေါ်လာရန် လုံလောက်လှသည်။

မကြာမီမှာပင် မွေးမြူရေးစခန်းများမှာ တစ်ခုပြီးတစ်ခု အသတ်ခံလိုက်ရပြီး အဆင့်မြင့် ဇွန်ဘီရုပ်သေးများသည် အမြုတေ အမြောက်အမြားကို နောက်ဆုံးစခန်းသို့ သယ်ဆောင်လာကြသည်။ ထိုစခန်းရှိ ဇွန်ဘီများကိုပါ သတ်ဖြတ်ပြီးနောက် လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို ထိန်းချုပ်ကာ ယခင်အတိုင်း အဆင့်ဆင့် မြှင့်တင်သည့် လုပ်ငန်းစဉ်ကို စတင်လိုက်သည်။

နာရီဝက်ခန့်အကြာတွင် လုချွမ်းသည် အဆင့် ၆ ရှိ ဇွန်ဘီ လေးကောင်ကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့သည်။ သူသည် မသေနိုင်သူ ၁ နှင့် အခြားရုပ်သေးများကို ထိန်းချုပ်၍ ထိုအဆင့် ၆ ဇွန်ဘီ လေးကောင်ကို သတ်ဖြတ်ကာ အဆင့် ၆ အမြုတေ လေးခုကို ရယူလိုက်သည်။ ထိုအမြုတေ လေးခုလုံးကို တာဖန်းအား စားသုံးစေလိုက်သည်။

ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်များ ရူးသွပ်စွာ တိုးဝှေ့လာသည်နှင့်အမျှ တာဖန်း၏ သန်မာလှသော ကိုယ်ထည်ကြီးမှာ တစ်ကိုယ်လုံး တုန်ရင်လာပြီး ပြင်းထန်သော နာကျင်မှုများက ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပါတော့သည်။

"ဝေါ့..."

တာဖန်း၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ရပ်တန့်ခြင်းမရှိသော ဟိန်းဟောက်သံများနှင့်အတူ အရပ်မျက်နှာအသီးသီးမှ စွမ်းအင်များသည် တာဖန်း၏ ကိုယ်တွင်းသို့ အလျင်အမြန် စီးဝင်သွားတော့သည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ တာဖန်း၏ အရှိန်အဝါမှာ သာမန်မျက်စိဖြင့် မြင်နိုင်လောက်သည့် အရှိန်နှုန်းဖြင့် မြင့်တက်လာပြီး ပြင်းထန်သော ဖိအားများကို သယ်ဆောင်လာကာ အဆင့် ၇ သို့ ပို၍ပို၍ နီးကပ်လာခဲ့သည်။

ဝိန်း... ဝိန်း...

ကိုယ်တွင်းစွမ်းအင်များမှာ ရူးသွပ်စွာ လှုပ်ခတ်နေပြီး ပေါက်ကွဲသံများနှင့်အတူ လှိုင်းလုံးကြီးများသဖွယ် ဖြစ်ပေါ်နေသည်။ ဤအချိန်၌ တာဖန်း၏ ကိုယ်တွင်းရှိ ဝိညာဉ်ဆေးလုံးမှာ ထိန်းမနိုင်သိမ်းမရ တုန်ခါနေပြီး စွမ်းအင်အမြောက်အမြားကို ဝိညာဉ်အနှစ်သာရအဖြစ် ပြောင်းလဲကာ ဝိညာဉ်ဆေးလုံးဆီသို့ အတင်းအဓမ္မ စီးဝင်သွားစေသည်။

မကြာမီမှာပင် ကောင်းကင်ယံမှာ အရောင်အသွေး ပြောင်းလဲသွားပြီး လေပြင်းများမှာ စူးရှစွာ တိုက်ခတ်လာတော့သည်။ ဖြူဖွေးသော တိမ်တိုက်များသည် ရူးသွပ်စွာ ဝဲလည်နေပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းကြီးမှာ တစ်ဖန်ပြန်လည် ကျရောက်လာကာ တာဖန်းကို ဝန်းရံပိတ်ဆို့ထားလိုက်သည်။

တာဖန်းသည် ထိုစွမ်းအင်မုန်တိုင်း၏ ဆေးကြောသန့်စင်မှုကို ခံယူနေစဉ်အတွင်း ၎င်း၏ အသားမျှင်များမှာ သိသာထင်ရှားသော အပြောင်းအလဲများကို ပြသလာသည်။ ကြီးထွားဟော်မုန်းများ၏ အစွမ်းကြောင့်သဖွယ် ၎င်း၏ ကိုယ်ထည်မှာ ဧရာမဘီလူးကြီးတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားပြီးနောက်...

"ဝေါ့..."

နားစည်ကွဲမတတ် ပြင်းထန်လှသော တာဖန်း၏ ဟိန်းဟောက်သံကြီးနှင့်အတူ အဆင့် ၇ ၏ အစွမ်းထက်လှသော အရှိန်အဝါမှာ ပေါက်ကွဲထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

"အဆင့် ၇ အောင်မြင်သွားပြီ"

စွမ်းအင်မုန်တိုင်းအတွင်းရှိ တာဖန်းကို ကြည့်ရင်း လုချွမ်း၏ မျက်ဝန်းများမှာ အပြုံးများဖြင့် ပြည့်နှက်သွားခဲ့သည်။

စွမ်းအင်မုန်တိုင်း ပြေပျောက်သွားသောအခါ တာဖန်း၏ ပြည့်စုံသော ပုံသဏ္ဌာန်မှာ နောက်ဆုံးတွင် ပေါ်ထွက်လာတော့သည်။ အဆင့် ၇ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သဖြင့် တာဖန်း၏ ပုံသဏ္ဌာန်မှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ယခုအခါ တာဖန်း၏ အရပ်မှာ အကြမ်းဖျင်းအားဖြင့် ဆယ်မီတာခန့်နီးပါး မြင့်မားနေပြီး ဧရာမဘီလူးကြီးတစ်ကောင်နှင့် တူလှသည်။ နေမင်းကိုပင် ဆွဲယူနိုင်လောက်သည့် ရှည်လျားသော လက်မောင်းများ၊ နှစ်ထပ်တိုက်ခန့် မြင့်မားသော သံမဏိတိုင်ကြီးများကဲ့သို့ ခြေထောက်များကို ပိုင်ဆိုင်ထားရာ ခြေတစ်ချက်ဆောင့်လိုက်ရုံဖြင့် မြေပြင်ပေါ်တွင် နက်ရှိုင်းသော ကျင်းကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။

၎င်း၏ အရိုးအဆစ်တိုင်းမှာ ငေါထွက်နေပြီး သံမဏိဖြင့် သွန်းလုပ်ထားသကဲ့သို့သော ခြေသည်းလက်သည်းများမှာလည်း သတ္တုရောင် တဖျတ်ဖျတ် တောက်နေကာ အလွန်ပင် မာကျောလှသည်။ ထို့ပြင် တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသော ယခင်က ငွေရောင်အမွှေးအမျှင်များသည်လည်း ရွှေရောင်သို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။ နေရောင်အောက်တွင် ကြည့်လိုက်ပါက တစ်ကိုယ်လုံး ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသော ကြောက်မက်ဖွယ် ဧရာမဘီလူးကြီးတစ်ကောင်အလားပင်။

ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများ သိသာထင်ရှားသကဲ့သို့ စွမ်းရည်များမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ ၎င်းတွင် ယခင်ကတည်းက ရှိရင်းစွဲဖြစ်သော နက်မှောင်အလင်း သံချပ်ကာနှင့် နက်မှောင်အလင်း တုန်ခါလှိုင်းစွမ်းရည်များမှာလည်း ပိုမိုအားကောင်းလာခဲ့သည်။

သူ့ရဲ့စွမ်းအားက ဘယ်လောက်တောင် ရှိမလဲဆိုတာ ကြည့်ရအောင်...

လုချွမ်း၏ စိတ်ကူးနှင့်အတူ မျက်လုံးများ နီမြန်းနေသော တာဖန်းသည် ၎င်း၏ကိုယ်တွင်းရှိ ဝိညာဉ်အနှစ်သာရများကို ချက်ချင်းပင် စတင်အသက်သွင်းလိုက်သည်။ နောက်တစ်ခဏ၌ တာဖန်း၏ ခန္ဓာကိုယ်မှ နက်မှောင်သော သံချပ်ကာအလွှာများ လှိမ့်ထွက်လာပြီး တစ်ကိုယ်လုံးကို အလျင်အမြန် ဖုံးလွှမ်းသွားသည့်အပြင် ဘေးတစ်ဖက်တစ်ချက်စီသို့လည်း ကျယ်ပြန့်သွားခဲ့သည်။

ကြည့်ရသည်မှာ တာဖန်း၏အပေါ်တွင် ဧရာမ အနက်ရောင် လိုက်ကာကြီးတစ်ခုကို လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေပြီး စတုရန်းမီတာ ရာနှင့်ချီသော ဧရိယာကို ဖုံးအုပ်ထားနိုင်စွမ်း ရှိသည်။ ရှေ့မှ အနက်ရောင်လိုက်ကာကြီးကို ကြည့်ရင်း လုချွမ်း၏ မျက်ဝန်းများမှာ ဝင်းလက်သွားခဲ့သည်။ ဤမျှကြီးမားသော ခံစစ်ဧရိယာသည် လုချွမ်းနှင့် ကျိရုရွှယ်ထံသို့ ရောက်ရှိလာမည့် မည်သည့်တိုက်ခိုက်မှုကိုမဆို ပိတ်ဆို့ထားနိုင်ရုံတင်မကဘဲ နောက်ထပ်လူပေါင်း ဆယ်ဂဏန်းကိုပင် တာဖန်းက အပြည့်အဝ အကာအကွယ် ပေးနိုင်စွမ်း ရှိနေသည်။

နောက်ထပ်စွမ်းရည်မှာတော့ နက်မှောင်အလင်း တုန်ခါလှိုင်းပင်။

ဝိန်း... ဝိန်း...

တာဖန်းက ရှေ့သို့ ခြေတစ်ချက် ဆောင့်လိုက်ရာ အနက်ရောင်အလင်းတန်း လှိုင်းလုံးများသည် အရပ်ရပ်သို့ ရိုက်ခတ်သွားပြီး မြေပြင်မှာ ပြင်းထန်စွာ တုန်ခါလာကာ မြေသားအမြောက်အမြား လေထဲသို့ လွင့်စင်သွားတော့သည်။ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာလည်း လျင်မြန်စွာ ပြိုကျပျက်စီးသွားခဲ့သည်။ အနီးရှိ မွေးမြူရေးစခန်းမှာလည်း တိုက်ရိုက်ပင် ပြိုကျသွားပြီး အပျက်အစီးပုံကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ပတ်ဝန်းကျင် မီတာငါးရာခန့်အတွင်းရှိ အရာအားလုံး မြေလှန်ခံလိုက်ရသည်ကို ကြည့်ရင်း လုချွမ်းမှာ အံ့ဩလွန်း၍ စကားပင် မဆိုနိုင်တော့ချေ။ ဤသည်မှာ တာဖန်းအနေဖြင့် သူ၏ အားအပြည့်ကို အသုံးမပြုရသေးဘဲ ထွက်ပေါ်လာသော ဖျက်ဆီးနိုင်စွမ်း ဖြစ်သည်။

ခဏအကြာတွင် လုချွမ်းသည် စိတ်ကို ပြန်လည်တည်ငြိမ်စေပြီး တာဖန်း၏ ရွှေဓာတ်ပေါင်းစပ်မှု ပါရမီကို သတိရကာ သူ၏ အသိစိတ်ကို တာဖန်းထံသို့ လွှဲပြောင်းလိုက်သည်။ ခဏမျှ အာရုံခံကြည့်ပြီးနောက် ရွှေဓာတ်ပေါင်းစပ်မှု ပါရမီ၏ အပြောင်းအလဲများကို သိရှိသွားသောအခါ လုချွမ်းက ပြုံးလိုက်မိသည်။

ဤတစ်ကြိမ်တွင် ရွှေဓာတ်ပေါင်းစပ်မှု ပါရမီသည်လည်း သဘာဝအလျောက် ပိုမိုအားကောင်းလာခဲ့သည်။ ယခုအခါ တာဖန်းသည် သတ္တုများကို ပါးစပ်ဖြင့် ခက်ခဲစွာ ဝါးမြိုနေရန် မလိုတော့ဘဲခန္ဓာကိုယ်နှင့် တိုက်ရိုက်ထိတွေ့ရုံဖြင့် သတ္တုများကို ကိုယ်တွင်းသို့ ပေါင်းစပ်ယူနိုင်စွမ်း ရှိသွားပြီ ဖြစ်သည်။

ထို့ပြင် တိုက်ပွဲများတွင်လည်း တာဖန်းသည် ၎င်း၏ကိုယ်တွင်းရှိ သတ္တုများကို လိုအပ်သည့် နေရာများ၌ စုစည်းစေပြီး သံချပ်ကာများ၊ ဆူးချွန်များ၊ သံမဏိခြေသည်းများနှင့် အခြားသော လက်နက်များအဖြစ်သို့ ပြောင်းလဲဖန်တီးနိုင်စွမ်း ရှိသွားခဲ့သည်။

All Chapters