အခန်း (၄၇၇-၄၇၈)
Vol. 48 Ch. 477-478
အခန်း။ ၄၇၇
ညချမ်းအချိန်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ဗီလာအတွင်း၌ ကျိရုရွှယ်သည် ညစာစားပြီးစီးသွားသဖြင့် တစ်ရှူးတစ်ခုကိုယူကာ သူမ၏နှုတ်ခမ်းကို သုတ်လိုက်သည်။
"ချီချီ... ငါတို့ လီမြစ်မြို့ကနေ ထွက်ခွာဖို့ အချိန်တန်ပြီမလား"
ဆိုဖာပေါ်တွင် မြေပုံတစ်ခုကို ကိုင်ထားသော လုချွမ်းက ခေါင်းမော့ကာ သတိပေးလိုက်သည်။ ယခုအခါ သူ၏လက်အောက်တွင် အဆင့် ၇ ရှိ ဇွန်ဘီရုပ်သေးတစ်ကောင် ရှိနေပြီဖြစ်ရာ ပြင်ပရှိ တစ်ပါးကမ္ဘာမျိုးနွယ်စုများကို ရင်ဆိုင်ရန် လီမြစ်မြို့မှ ထွက်ခွာရမည့်အချိန်သို့ အမှန်တကယ် ဆိုက်ရောက်လာခဲ့ပြီဖြစ်သည်။
သာမက လီမြစ်မြို့အတွင်း၌ ဇွန်ဘီဘုရင်တစ်ပါးအဖြစ် လုချွမ်း၏ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း အကန့်အသတ်များ ရှိလာခဲ့သည်။ သူ၏လက်အောက်ရှိ အဆင့် ၇ ဇွန်ဘီရုပ်သေးပင်လျှင် မြို့အတွင်းရှိ ဇွန်ဘီမွေးမြူရေးစခန်းအားလုံးကို အကုန်အစင် အသုံးချပြီးမှသာ ခက်ခဲစွာ အဆင့်တက်နိုင်ခဲ့ခြင်းပင်။ အကယ်၍ သူသာ ထပ်မံမထွက်ခွာပါက လုချွမ်း၏ အင်အားမှာ ကာလတိုအတွင်း သိသာစွာ တိုးတက်လာတော့မည်မဟုတ်ကြောင်း ကြိုတင်ခန့်မှန်းနိုင်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ကျိရုရွှယ်၏ မျက်ဝန်းများမှာ ဝင်းလက်သွားသည်။ သူမသည် လက်ထဲမှ တစ်ရှူးစက္ကူကို အနီးရှိ အမှိုက်ပုံးအတွင်းသို့ ပစ်ထည့်လိုက်ပြီး ထိုင်ခုံပေါ်မှ ခုန်ဆင်းလိုက်သည်။ ထို့နောက် လုချွမ်းရှိရာ ဆိုဖာသို့ လျှောက်လာကာ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"ဖေဖေ... သမီးတို့ ထွက်သွားကြမယ်ဆိုမှတော့ အခွင့်အရေးကောင်းတွေကို အရင်ရှာကြရင် မကောင်းဘူးလား။ အရင်ဘဝတုန်းက တစ်ပါးကမ္ဘာမျိုးနွယ်စုတွေ ရောက်လာပြီး မကြာခင်မှာပဲ ရှေးဟောင်းအပျက်အစီး နေရာတော်တော်များများ ပေါ်ထွက်လာခဲ့ဖူးတယ်။ အဲဒီနေရာတွေမှာ ရတနာတွေ အများကြီး ရှိနေတာလေ။ ကျင့်စဉ်တွေ၊ ဆေးလုံးတွေနဲ့ တခြား အဖိုးတန်ပစ္စည်းတွေ အများကြီးပေါ့။ အရင်ဘဝတုန်းက လူသားမျိုးနွယ်တွေ တစ်ပါးကမ္ဘာမျိုးနွယ်တွေကို စတင်အံတုနိုင်ခဲ့တာက အဓိကအားဖြင့် အဲဒီရှေးဟောင်းနေရာတွေက ရလာတဲ့ အရာတွေကြောင့်ပဲ။ သမီး အခုပြန်ရလာတဲ့ မှတ်ဉာဏ်အစိပ်အပိုင်းတွေအရဆိုရင် မကြာသေးခင်ကမှ ရှေးဟောင်းနေရာတစ်ခု ပေါ်လာခဲ့ပြီ။ အဲဒါက အရှေ့ပင်လယ်အနီးမှာ ရှိတာဆိုတော့ သမီးတို့ ပင်
လယ်ပြည်နယ်ဘက်ကို ဦးတည်သွားဖို့ လိုလိမ့်မယ်"
"ရှေးဟောင်းနေရာ ဟုတ်လား"
ကျိရုရွှယ်ထံမှ ရှေးဟောင်းအပျက်အစီးနေရာများအကြောင်း ကြားလိုက်ရသဖြင့် လုချွမ်းမှာ အံ့အားသင့်သွားပြီး ကိုယ်ကို မတ်မတ်ထိုင်လိုက်မိသည်။ ဤကမ္ဘာ၏ ရှေးဟောင်းခေတ်ကာလများတွင် ကျင့်ကြံသူများ ရှိခဲ့ပြီး ထိုသူတို့၏ အကြွင်းအကျန်များ ချန်ထားခဲ့လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ချီချီလေး ပြောပြချက်အရဆိုလျှင် ထိုနေရာများတွင် ရှေးခေတ်မှ ရတနာများ ပိုင်ဆိုင်ထားလေ့ရှိသည်။ ယခုအခါ ရှေးဟောင်းနေရာတစ်ခု ပေါ်ထွက်လာပြီဖြစ်ရာ သွားရောက်လေ့လာရန်မှာ အမှန်တကယ်ပင် ထိုက်တန်လှသည်။
မူလက သူသည် လီမြစ်မြို့မှထွက်ခွာပြီးလျှင် ကျန်းပြည်နယ်အတွင်းရှိ တစ်ပါးကမ္ဘာမျိုးနွယ်အားလုံးကို သတ်ဖြတ်၍ လူသားတို့ လက်လွှတ်ခဲ့ရသော နယ်မြေများကို ပြန်လည်
ရှင်းလင်းရန် စီစဉ်ထားခြင်းပင်။
ထို့နောက်တွင်တော့ ဇွန်ဘီရုပ်သေးတပ်မကြီးကို ဦးဆောင်ကာ ကျောက်လင်းရှိရာ အိမ်နီးချင်းနဂါးပြည်နယ်ဆီသို့ သွားရောက်၍ သူမ၏ ဖိအားများကို လျှော့ချပေးရန် ရည်ရွယ်ခဲ့သည်။
သို့သော် ယခုအခါ ရှေးဟောင်းနေရာ၏ ဆွဲဆောင်မှုမှာ သူ၏ရှေ့မှောက်သို့ ရောက်ရှိလာပြီဖြစ်ရာ လုချွမ်းအနေဖြင့် အခြားကိစ္စရပ်များကို ခေတ္တရွှေ့ဆိုင်းကာ ထိုနေရာကိုသာ ဦးစားပေး အာရုံစိုက်ရတော့မည် ဖြစ်သည်။
"ကောင်းပြီ ချီချီ... ဖေဖေကို အဲဒီရှေးဟောင်းနေရာဆီ ခေါ်သွားပေးပေါ့။ အဲဒါက အရှေ့ပင်လယ်မှာဆိုတော့ ဖေဖေတို့ အရင်ဆုံး ပင်လယ်ပြည်နယ်ဘက်ကို သွားကြတာပေါ့"
လုချွမ်းက သတိပြန်ဝင်လာပြီး ကျိရုရွှယ်ကို ပြုံးပြလျက် ခေါင်းညိတ်လိုက်သည်။ သူတို့၏ လက်ရှိအင်အားဖြင့်ဆိုလျှင် ပင်လယ်ပြည်နယ်သို့ သွားရောက်ရန်မှာ အလွန်လွယ်ကူလှပြီး သူတို့ကို တားဆီးနိုင်မည့် ရန်သူဟူ၍ မရှိသလောက်ပင်။ သို့သော် စကားပြောပြီးကာမှ လုချွမ်းသည် တစ်စုံတစ်ခုကို သတိရသွားကာ ခက်ခဲသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ ချီချီ... အဲဒီကို မသွားခင်မှာ ရှန်ချွမ်းမြို့က တောင်ပံလူသားတွေကို အရင်ဆုံး ရှင်းပစ်သင့်တယ် ထင်တယ်"
လေကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့ တစ်ခုကို တည်ထောင်ရန် သူ စိတ်ကူးထားသည်ကို သူ မမေ့သေးပေ။ လက်ရှိတွင် သူ၏ ဇွန်ဘီရုပ်သေးများကြား၌ ပျံသန်းနိုင်သော ယူနစ်များ အလွန်တရာ လိုအပ်နေသည်။ တစ်ပါးကမ္ဘာမျိုးနွယ်စုများနှင့် ရင်ဆိုင်ရမည့် အရေးကြီးသော အချိန်အခါတွင် လီမြစ်မြို့မှ ထွက်ခွာသွားတော့မည်ဖြစ်ရာ လုချွမ်းအနေဖြင့် ထိုတောင်ပံလူသားများကို အလွယ်တကူ လွှတ်မပေးလိုတော့ချေ။
လုချွမ်းသည် တောင်ပံလူသားတို့၏ ပျံသန်းနိုင်စွမ်းနှင့် ၎င်းတို့၏ ထူးခြားသော မျိုးနွယ်စုပါရမီများကို အလွန်ပင် စိတ်ဝင်စားနေသည်။ အကယ်၍ ထိုပျံသန်းနိုင်စွမ်းနှင့် ပါရမီများကို သူ၏ ဇွန်ဘီရုပ်သေးများနှင့် ပေါင်းစပ်ပေးနိုင်မည်ဆိုပါက လုချွမ်း၏ တပ်ဖွဲ့များအတွင်း၌ အရှိန်အဟုန်မြင့် ပျံသန်းနိုင်သော ဇွန်ဘီရုပ်သေးတပ်စုများ အလျင်အမြန် တိုးပွားလာမည် ဖြစ်သည်။
ထိုအခါမှသာ ဝေဟင်တိုက်ခိုက်ရေးဖြစ်စေ ကင်းထောက်ထောက်လှမ်းရေးဖြစ်စေ လုချွမ်းအတွက် အင်အားချို့တဲ့မှု ရှိတော့မည်မဟုတ်ချေ။
ယခင်က လုချွမ်းအနေဖြင့် ဆယ်မိုင်ပတ်လည်အတွင်းရှိ အခြေအနေအရပ်ရပ်ကို သိရှိလိုသောအခါ ပျံသန်းသူ ၁ တစ်စီးတည်းကိုသာ အားကိုး၍ ကင်းထောက်ခိုင်းရသဖြင့် များစွာထိရောက်မှုမရှိခဲ့ပေ။ ယခုအခါ ပျံသန်းနိုင်သော ဇွန်ဘီရုပ်သေးတပ်ဖွဲ့တစ်ခုသာ ရှိနေပါက ဆယ်မိုင်ပတ်လည်အတွင်းရှိ အခြေအနေအားလုံးကို အချိန်နှင့်တစ်ပြေးညီ အမိအရ ဆုပ်ကိုင်ထားနိုင်မည်မှာ ဧကန်မလွဲပင်။
"ကောင်းပါပြီ ဖေဖေ..."
ကျိရုရွှယ်သည် ထိုစကားကို ကြားသောအခါ ငြင်းဆန်ခြင်းမရှိဘဲ ခေါင်းညိတ်၍ လက်ခံလိုက်သည်။
သူမသည် ဖေဖေကို ရှေးဟောင်းအပျက်အစီးနေရာသို့ သွားရောက်ရန် အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပြီဖြစ်သည်။ ယခုအခါ ဤခရီးစဉ်မှ သူမနှင့် ဖေဖေအတွက် ကောင်းမွန်သော ရတနာများ ရရှိနိုင်မည်လားဆိုသည်ကိုသာ စိတ်အားထက်သန်စွာ တွေးတောနေမိတော့သည်။
နောက်တစ်နေ့၌
ဝုန်း... ဝုန်း...
အခြေစိုက်စခန်း၏ မြို့တံခါးကြီးမှာ ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။ ယာဉ်တန်းတစ်ခုသည် မြို့အတွင်းမှ တဖြည်းဖြည်း မောင်းနှင်ထွက်ခွာလာပြီး လမ်းမကြီးအတိုင်း ပုံမှန်အရှိန်ဖြင့် ခရီးနှင်လာခဲ့သည်။
လုချွမ်းသည် ကား၏ ရှေ့ခန်းတွင် မျက်လုံးမှိတ်လျက် ထိုင်နေပြီး သူ၏ အတိုင်းအဆမရှိသော စိတ်ဝိညာဉ်အင်အားကို အရပ်မျက်နှာအနှံ့သို့ ဖြန့်ကြက်လွှတ်လိုက်သည်။ ခေတ္တမျှအကြာတွင် လုချွမ်း၏ စိတ်ဝိညာဉ်အင်အားမှာ လီမြစ်မြို့ တစ်မြို့လုံးကို လွှမ်းခြုံသွားခဲ့သည်။ ချက်ခြင်းပင် လီမြစ်မြို့၏ နေရာအသီးသီးတွင် ရှိနေကြသော ဇွန်ဘီရုပ်သေးအားလုံးသည် ယာဉ်တန်းရှိရာသို့ စုရုံးရန် အမိန့်ကို လက်ခံရရှိလိုက်ကြသည်။
လီမြစ်မြို့အနှံ့ ပြန့်ကျဲနေသော ကျေးရွာများအတွင်း လျှောက်သွားနေကြသည့် ဇွန်ဘီရုပ်သေးများသည် ရုတ်တရက် အမူအရာ ပြောင်းလဲသွားကြပြီး အခန်းများ၊ လမ်းကြားများနှင့် အပျက်အစီးများကြားမှ ထွက်လာကာ လမ်းမကြီးပေါ်သို့ တက်၍ လုချွမ်းရှိရာ အရပ်သို့ ဦးတည်လာကြတော့သည်။ တစ်ခဏအတွင်းမှာပင် လီမြစ်မြို့၏ လမ်းမများပေါ်၌ ဇွန်ဘီရုပ်သေး အုပ်စုများသည် မြစ်ရေများ ပင်လယ်အတွင်းသို့ စီးဝင်သကဲ့သို့ ယာဉ်တန်းရှိရာသို့ အရှိန်အဟုန်ဖြင့် စုရုံးရောက်ရှိလာကြသည်။
ယာဉ်တန်းမှာ အရှိန်ကို ဖြည်းဖြည်းချင်းသာ ထိန်းထားသဖြင့် ရောက်ရှိလာသော ဇွန်ဘီရုပ်သေးတပ်မကြီးမှာ အမှီလိုက်နိုင်ခဲ့သည်။ မကြာမီမှာပင် ဇွန်ဘီရုပ်သေး အုပ်စုများသည် ယာဉ်တန်းအနီးသို့ ရောက်ရှိလာကြပြီး လုချွမ်း၏ ထိန်းချုပ်မှုအောက်တွင် နောက်ကွယ်မှ ထပ်ချပ်မကွာ လိုက်ပါလာကြသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ဇွန်ဘီရုပ်သေး အရေအတွက်မှာ တိုးပွားလာကာ ရေတွက်၍မရနိုင်သော အနက်ရောင်
ဒီရေလှိုင်းကြီးသဖွယ် ဇွန်ဘီဒီလှိုင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဤဇွန်ဘီဒီလှိုင်းတွင် မြို့ပြဇုန်များမှလွဲ၍ လီမြစ်မြို့အတွင်းရှိ ဇွန်ဘီအားလုံးနီးပါး ပါဝင်နေသည်။ မကြာမီမှာပင် ဇွန်ဘီဒီလှိုင်းကို သယ်ဆောင်လာသော ယာဉ်တန်းမှာ လီမြစ်မြို့၏ မြို့လယ်ဧရိယာသို့ ဝင်ရောက်လာခဲ့သည်။ လုချွမ်း၏ အမိန့်ပေးမှုအောက်တွင် မြို့အတွင်းရှိ ဇွန်ဘီရုပ်သေးများမှာလည်း လျင်မြန်စွာ လှုပ်ရှားလာကြသည်။
ဝုန်း... ဝုန်း... ဝုန်း...
လမ်းမများပေါ်မှ ထူထပ်လှသော ခြေသံများ ထွက်ပေါ်လာပြီး ဇွန်ဘီရုပ်သေး အုပ်စုကြီးမှာ အရပ်ရပ်မှ စုရုံးလာကာ ယာဉ်တန်းဆီသို့ တိုးဝှေ့ဝင်ရောက်လာကြသည်။ ယခုအချိန်တွင် လီမြစ်မြို့ရှိ ဇွန်ဘီရုပ်သေးအားလုံးမှာ လုချွမ်း၏ ပတ်ဝန်းကျင်သို့ ရောက်ရှိလာကြပြီဖြစ်သည်။ ဧရာမ ဇွန်ဘီရုပ်သေး စစ်တပ်ကြီးမှာ မျက်စိတစ်ဆုံး ပြန့်ကားနေပြီး အင်အားသိန်းနှင့်ချီကာ ဇွန်ဘီပင်လယ်ကြီးသဖွယ် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်ဖော်နေတော့သည်။
ယာဉ်တန်းသည် ဇွန်ဘီရုပ်သေးများ ဖွင့်ပေးထားသော လမ်းကြောင်းအတိုင်း ဖြည်းဖြည်းချင်း ရွေ့လျားလာကာ လီမြစ်တံတားဟောင်းရှိရာသို့ ရောက်ရှိလာခဲ့သည်။ တံတားကြီး ဗုံးခွဲခံရပြီးနောက်တွင် ကွန်ကရစ်အောက်ခံ အစိတ်အပိုင်းအချို့သာ ကြွင်းကျန်ရစ်ပြီး တစ်ချိန်က တောင်နှင့်မြောက်ကို ဆက်သွယ်ပေးခဲ့သော သံမဏိနဂါးကြီးမှာမူ အရှိန်နှင့်စီးဆင်းနေသော မြစ်ရေအတွင်းသို့ နစ်မြုပ်နေသည်မှာ ကြာပြီဖြစ်သည်။
"ချီချီလေး"
လုချွမ်းက ရှေ့ခန်းမှနေ၍ ကျိရုရွှယ်ကို လှမ်းကြည့်လိုက်သည်။
"ဖေဖေ... သမီး ဘာလုပ်နိုင်လဲဆိုတာ ကြည့်နေနော်"
ကျိရုရွှယ်က ယုံကြည်မှုရှိရှိ ခေါင်းညိတ်ပြလိုက်သည်။ နောက်တစ်ခဏတွင် ရှေ့ရှိ ပြတ်
တောက်နေသော တံတားကို ကြည့်ရင်း ကျိရုရွှယ်၏ စိတ်စွမ်းအားများ ပေါက်ကွဲ၍ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့မှ ဖုန်မှုန့်များနှင့် မြေသားများကို စုစည်းကာ တစ်ဖက်နှင့်တစ်ဖက် ဆက်သွယ်ပေးသည့် ကျောက်သားတံတားတစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်တော့သည်။
ရှေ့တွင် ပေါ်ထွက်လာသော တံတားသစ်ကို မြင်ရသောအခါ လုချွမ်းသည် ယာဉ်တန်းနှင့် ဇွန်ဘီရုပ်သေး စစ်တပ်ကြီးကို ဦးဆောင်ကာ အသာအယာ ဖြတ်ကျော်သွားခဲ့သည်။ တစ်ဖက်ကမ်းသို့ ရောက်ရှိသွားသောအခါ လုချွမ်းသည် မြေပုံပါ လမ်းကြောင်းအတိုင်း ရှန်ချွမ်းမြို့ဆီသို့ ဦးတည်လိုက်သည်။
ယခုတစ်ကြိမ် သူ၏ ရည်မှန်းချက်မှာ တောင်ပံလူသားအားလုံးကို သတ်ဖြတ်ရန်နှင့် ၎င်းတို့ကို အာဟာရအဖြစ် အသုံးချ၍ သူ၏ ဇွန်ဘီရုပ်သေးများနှင့် ပေါင်းစပ်ပေးရန်ပင်။
အခန်း။ ၄၇၈
ဝုန်း... ဝုန်း...
ယာဉ်တန်းနှင့်အတူ လိုက်ပါလာသော အနက်ရောင်ဇွန်ဘီဒီလှိုင်းကြီးသည် လမ်းမထက်၌ အတားအဆီးမဲ့စွာ တိုးဝှေ့၍ မောင်းနှင်နေပြီး ရှေ့သို့ တဖြည်းဖြည်းချင်း ပြန့်ကားလာသည့် အနက်ရောင်ရေလွှမ်းမိုးမှုကြီးတစ်ခုနှင့်ပင် တူလှသည်။
ယာဉ်တန်း၏ အရှေ့ဆုံးတွင်ရှိသော ပထမဆုံးကား၏ ရှေ့ခန်းတွင် လုချွမ်းသည် မြေပုံကို ကြည့်ရှုရင်း တစ်ဖက်မှလည်း ကောင်းကင်ယံ၌ ပျံသန်းနေသော ပျံသန်းသူ ၁ ၏ အမြင်အာရုံမှတစ်ဆင့် သူ၏ခရီးလမ်းကြောင်းကို အတည်ပြုနေသည်။ သူ၏ မျက်နှာထက်တွင် အနည်းငယ် စိတ်မရှည်သော အမူအရာတို့ ရှိနေသည်။
ဇွန်ဘီရုပ်သေးတပ်မကြီးကို ဦးဆောင်လာရခြင်းနှင့် ယာဉ်တန်း၏ အရှိန်အကန့်အသတ်တို့ကြောင့် ယခုတစ်ခေါက် ချင်းရွှေခြံစည်းရိုးမှ ရှန်ချွမ်းမြို့သို့ သွားရသည့်ခရီးမှာ ယခင်ကထက် များစွာ နှေးကွေးနေခဲ့သည်။ ယခင်ကဆိုလျှင် သူနှင့် ချီချီလေးသည် ပျံသန်းနိုင်စွမ်းရှိသောကြောင့် လားရာကို သတ်မှတ်ပြီးသည်နှင့် တိုက်ရိုက်ပျံသန်းနိုင်ခဲ့ရာ ယခုထက် များစွာ ပိုမိုမြန်ဆန်ခဲ့သည်။
သို့သော် ယခုအခါ ယာဉ်တန်းနှင့် ဇွန်ဘီစစ်တပ်ကြီး ပါဝင်နေသဖြင့် သူတို့နှစ်ဦးတည်း စိတ်တိုင်းကျ ပျံသန်းသွား၍ မရတော့ပေ။ မြေပြင်ထက်မှ ဇွန်ဘီဒီလှိုင်းကြီးနှင့်အတူ တရွေ့ရွေ့သာ ချီတက်နိုင်ပြီး လမ်းမှားကာ အခြားလမ်းအတွင်းသို့ မရောက်ရှိသွားစေရန် ခရီးလမ်းကြောင်းကို အမြဲမပြတ် စစ်ဆေးနေရသည်။
နောက်ခန်းတွင်မူ ကျိရုရွှယ်သည် တင်ပျဉ်ခွေလျက် ထိုင်နေသည်။ ရှန်ချွမ်းမြို့သို့ ရောက်ရန် အချိန်မည်မျှ လိုအပ်သည်ကို သူမ ကောင်းစွာ သိရှိထားသည်။ ထို့ကြောင့် လီမြစ်မြို့မှ ထွက်ခွာလာကတည်းက ကျိရုရွှယ်သည် ငြိမ်သက်စွာ ထိုင်နေပြီး စိတ်ကို စုစည်းကာ သူမ၏ ကျင့်စဉ်ကို လည်ပတ်နေသည်။ သူမသည် ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို စုပ်ယူလျက် သူမ၏ ကျင့်ကြံဆင့်ကို မြှင့်တင်ရန် စက္ကန့်တိုင်းကို အကျိုးရှိရှိ အသုံးချနေခြင်းပင်။
ကျိရုရွှယ်၏ ထိန်းချုပ်မှုအောက်တွင် အရပ်ရပ်မှ စွမ်းအင်များသည် ဗဟိုချက်ဆီသို့ လျင်မြန်စွာ စုရုံးလာပြီး သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။ အတွေ့အကြုံ မရင့်ကျက်သေးသော လုချွမ်းနှင့် နှိုင်းယှဉ်လျှင် ကျိရုရွှယ်သည် တစ်ပါးကမ္ဘာမျိုးနွယ်စုများ၏ ခြိမ်းခြောက်မှုကို ပိုမို သိရှိထားသူ ဖြစ်သည်။
အထူးသဖြင့် ဧရာမနဂါးများနှင့် ပိုးမွှားမျိုးနွယ်စုကဲ့သို့သော ထူးခြားသည့် မျိုးနွယ်စုများ...
အနာဂတ်တွင် အရာရာ ချောမွေ့စေရန်နှင့် ကြောက်မက်ဖွယ် ပြိုင်ဘက်များနှင့် မတွေ့ဆုံမီ သုမ၏ ကျင့်ကြံအဆင့်ကို တတ်နိုင်သမျှ အမြင့်ဆုံးသို့ မြှင့်တင်ထားရန် သူမက စိတ်ပိုင်းဖြတ်ထားသည်။
...
ရှန်ချွမ်းမြို့။
ထိုအချိန်၌ ဇွန်ဘီစစ်တပ်ကြီးကို ဦးဆောင်ကာ ရှန်ချွမ်းမြို့သို့ လာနေသော လုချွမ်းနှင့် ကျိရုရွှယ်တို့ မသိရှိနိုင်သည်မှာ တောင်ပံမျိုးနွယ်စုများသည် ဤနေရာသို့ အလုံးအရင်းနှင့် ရောက်ရှိနေပြီ ဖြစ်သည်။
လူသားတို့၏ အုပ်ချုပ်ရေးအာဏာပိုင်များထံမှ ခုခံမှုတစ်စုံတစ်ရာ မရှိဘဲ တောင်ပံမျိုးနွယ်စုများသည် ဟင်းလင်းပြင်အက်ကွဲကြောင်းမှ ထွက်ပေါ်လာပြီးနောက် စိတ်တိုင်းကျ နယ်မြေချဲ့ထွင်နေကြသည်။ ရှန်ချွမ်းမြို့အတွင်းရှိ အမြောက်အမြားရှိသော သားရဲများကိုလည်း တောင်ပံမျိုးနွယ်စုက ရူးသွပ်စွာ အမဲလိုက်နေကြရာ ၎င်းတို့အတွက် များပြားလှသော သွေးသားနှင့် အမြုတေများကို ရရှိစေသဖြင့် တောင်ပံမျိုးနွယ်စုမှာ ပိုမို၍ပင် သောင်းကျန်းလာခဲ့သည်။
မြို့အတွင်းရှိ အချို့သော ပုဂ္ဂလိက ဆင့်ကဲပြောင်းလဲရေး အဖွဲ့အစည်းများကို တစ်ခုပြီးတစ်ခု ဖြိုခွဲပြီးနောက်တွင် တောင်ပံမျိုးနွယ်စုသည် ရှန်ချွမ်းမြို့ကို အပြည့်အဝ သိမ်းပိုက်လိုက်သည်။ ၎င်းတို့သည် ရှန်ချွမ်းမြို့ကို ၎င်းတို့၏ နယ်မြေအဖြစ် သတ်မှတ်ကာ အရင်းအမြစ်များကို အဆက်မပြတ် လုယက်နေကြသည်။ ထို့ကြောင့်လည်း ယခင်က လုချွမ်းနှင့် ကျိရုရွှယ်တို့ ရှန်ချွမ်းမြို့ကို ဖြတ်သန်းစဉ် တောင်ပံလူသားများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းပင်။ တောင်ပံမျိုးနွယ်စု၏ အမြင်တွင် လုချွမ်းနှင့် ကျိရုရွှယ်တို့မှာ သူတို့၏ အိမ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်များသာ ဖြစ်ရာ၊သဘာဝအတိုင်းပင် ယဉ်ကျေးပျူငှာနေမည် မဟုတ်ပေ။
ဤအချိန်၌ ရှန်ချွမ်းမြို့ပြင်ရှိ တောင်တန်းကြီးတစ်ခု၏ အတွင်းပိုင်းတွင် များပြားလှသော လူရိပ်များသည် ကောင်းကင်ယံ၌ ဟိုဟိုဒီဒီ ပျံသန်းနေကြသည်။ တောင်စောင်းထက်တွင် သစ်လုံးများဖြင့် ဆောက်လုပ်ထားသော ရိုးရှင်းသည့် သစ်သားတဲလေးများမှာ ထူထပ်စွာ တည်ရှိနေပြီး များစွာသော တောင်ပံလူသားတို့သည် ထိုနေရာတွင် ဆူညံစွာ လှုပ်ရှားသွားလာနေကြသည်။
တစ်ခါတစ်ရံတွင် တောင်ပံလူသား အဖွဲ့ငယ်လေးများသည် ဝေးလံသော အရပ်မှ သားရဲလောင်းများကို သယ်ဆောင်လာကာ လျင်မြန်စွာ ဆင်းသက်လာကြပြီး အခြားသော တောင်ပံလူသားများနှင့် ပူးပေါင်းကာ သားကောင်များကို ခွဲစိတ်၍ ပြုပြင်ကြသည်။ ထိုသစ်သားတဲများ၏ ပတ်ပတ်လည်တွင် ဧရာမ သစ်လုံးကြီးများဖြင့် ပြုလုပ်ထားသော ခြံဝင်းများ ရှိနေပြီး ထိုခြံဝင်းများအတွင်း၌ အပင်စား သားရဲအချို့ကို မွေးမြူထားကြသည်။
ထိုအချိန်တွင် တောင်ပံလူသားအချို့သည် နွယ်ပင်များဖြင့် ရက်လုပ်ထားသော ခြင်းတောင်းများကိုယ်စီ ကိုင်ဆောင်ကာ ခြံဝင်းများ၏ အထက်ကောင်းကင်ယံမှနေ၍ ထူးခြားသော သစ်ရွက်စိမ်းများကို ကြဲချနေကြသည်။ အောက်ရှိ သားရဲများသည် ထိုအပြုအမူကို ကျင့်သားရနေဟန်ဖြင့် အစာကျွေးသည်ကို မြင်သော မွေးမြူရေး ကြက်၊ ဘဲများကဲ့သို့ အလုအယက် တိုးဝှေ့လာကြတော့သည်။
တောင်ပံမျိုးနွယ်စုတို့၏ အခြေစိုက်စခန်းအတွင်း၌ ခြေထောက်များတွင် ကြိုးချည်နှောင်ခံထားရသော လူသားအချို့မှာလည်း အလုပ်ကြမ်းများကို လုပ်ကိုင်နေကြရသည်။ သူတို့၏ မျက်နှာများမှာ ထုံထိုင်းမှိုင်းဝေလျက် ပိန်ချုံးနေကြပြီး တောင်ပံလူသားတို့၏ အဓမ္မစေခိုင်းမှုအောက်တွင် သနားစဖွယ် ညှိုးငယ်ပင်ပန်းစွာဖြင့် အလုပ်လုပ်နေကြရခြင်းပင်။
ဤလူများသည် တောင်ပံမျိုးနွယ်စုက ပုဂ္ဂလိက ဆင့်ကဲပြောင်းလဲရေး အဖွဲ့အစည်းများကို တိုက်ခိုက်စဉ်က ဖမ်းဆီးရမိထားသည့် အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြပြီး ယခုအခါ တောင်ပံလူသားတို့၏ ကျွန်ပြုမှုအောက်တွင် ဆင်းရဲဒုက္ခကြီးစွာဖြင့် အသက်ဆက်နေကြရသည်။
ဝုန်း... ဝုန်း...
ရုတ်တရက်ဆိုသလို ဟိန်းဟောက်သံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ရှန်ချွမ်းမြို့ဆီသို့ လှိုင်းလုံးကြီးများသဖွယ် တိုးဝင်လာခဲ့သည်။ မြေပြင်မှာ အဆက်မပြတ် တုန်ခါနေပြီး ဝေးလံသော အရပ်ဆီမှ ဧရာမ ဖုန်မှုန့်လုံးကြီးများမှာ ကောင်းကင်ယံသို့ လွင့်ပျံတက်လာတော့သည်။
တစ်ချိန်တည်းမှာပင် ရှန်ချွမ်းမြို့ အစွန်အဖျား၌ ကင်းလှည့်နေသော တောင်ပံကင်းစောင့်အချို့မှာ ထိုဆူညံသံများကြောင့် အာရုံစိုက်မိသွားပြီး ထိုလားရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ အဆုံးမရှိသော ဇွန်ဘီဒီလှိုင်းကြီးကို မြင်လိုက်ရသောအခါ ထိုတောင်ပံလူသားများသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး နေရာတွင်တင် ကြောင်အမ်းကာ ကျန်ရစ်ခဲ့သည်။ ခေတ္တမျှအကြာ သတိပြန်ဝင်လာသောအခါမှသာ အလန့်တကြား အော်ဟစ်ကာ သူတို့၏ အသိုက်ရှိရာသို့ အပြေးအလွှား ပြန်လာကြတော့သည်။
ရှူး... ရှူး... ရှူး...
မကြာမီမှာပင် တောင်စောင်းထက်မှ တောင်ပံလူသားများသည် အဆက်မပြတ် ထွက်ပေါ်လာကြပြီး ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံတက်သွားကြသည်။ အရေအတွက် နှစ်ထောင်၊ သုံးထောင်ထက်မနည်းသော တောင်ပံလူသားများသည် ဇွန်ဘီဒီလှိုင်းရှိရာသို့ အစုလိုက်အပြုံလိုက် ပျံသန်းလာကြသည်။
တောင်ပံလူသား စစ်တပ်ကြီး၏ မည်းမှောင်နေသော အရိပ်မှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်ပုံရပြီး ခေတ္တမျှအတွင်း ကောင်းကင်ပြင်မှာ မှောင်မိုက်သွားကာ တောင်ပံလူသားတို့ ချီတက်လာမှုနှင့်အတူ ပြင်းထန်သော လေပြင်းများမှာ မြေပြင်ထက်သို့ တိုးဝှေ့တိုက်ခတ်လာခဲ့သည်။
"လာကြပြီပဲ"
ယာဉ်အတွင်းမှနေ၍ တိမ်တိုက်တစ်ခုကဲ့သို့ မည်းမှောင်နေသော တောင်ပံလူသား စစ်တပ်ကို ကြည့်ရင်း လုချွမ်း၏ အကြည့်များမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း သူ၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။
ဇွန်ဘီဒီလှိုင်း၏ လှုပ်ရှားမှုမှာ အလွန်ကြီးမားလှသဖြင့် ပျံသန်းနိုင်စွမ်းရှိသော တောင်ပံလူသားများ၏ အမြင်မှ ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်ရာ လုချွမ်းအနေဖြင့် ယခုကဲ့သို့သော အခြေအနေကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။
"ဖေဖေ... ဒီတောင်ပံမျိုးနွယ်စုထဲက အများစုက အဆင့် ၃ နဲ့ အဆင့် ၄ တွေပဲ ရှိကြတာ။ အဆင့် ၅ က အနည်းငယ်ပဲရှိပြီး အဆင့် ၆ ကတော့ တစ်ယောက်ပဲ ရှိတယ်"
ဤအချိန်၌ နောက်ခန်းတွင်ရှိနေသော ကျိရုရွှယ်သည် သူမ ဖြန့်ကြက်ထားသော စိတ်ဝိညာဉ်အင်အားကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး မျက်လုံးဖွင့်ကာ လုချွမ်းထံသို့ စစ်ဆေးတွေ့ရှိချက်များကို အစီရင်ခံလိုက်သည်။
"အင်း... စိတ်ပူစရာ ဘာမှမရှိဘူး"
ထိုစကားကို ကြားသောအခါ လုချွမ်းက ရယ်မောလျက် ပြောလိုက်သည်။ အဆင့် ၆ တစ်ယောက်တည်းသာ ရှိခြင်းမှာ လုချွမ်းအတွက် မည်သို့မျှ ခြိမ်းခြောက်မှု မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့တွင် ပျံသန်းနိုင်သည့် အားသာချက်သာ မရှိပါက လုချွမ်းအနေဖြင့် အဆင့် ၆ ဇွန်ဘီရုပ်သေး နှစ်ကောင်ကို စေလွှတ်၍ပင် ဤတောင်ပံမျိုးနွယ်စုကို အလွယ်တကူ အမြစ်ပြတ် ချေမှုန်းနိုင်သည်။ သို့သော် ဝေဟင်အားသာချက်ကို ပိုင်ဆိုင်ထားကြသဖြင့် အနည်းငယ်တော့ သတိပြုရန် လိုအပ်သည်။
ထို့ကြောင့် လုချွမ်းသည် စိတ်အာရုံဖြင့် အမိန့်ပေးလိုက်ရာ မှန်မှန်ချီတက်နေသော ယာဉ်တန်းနှင့် ဇွန်ဘီဒီလှိုင်းကြီးမှာ ချက်ချင်း ရပ်တန့်သွားခဲ့သည်။ ဇွန်ဘီဒီလှိုင်းအတွင်း မလိုအပ်သော အရှုံးများ မရှိစေရန်အတွက် တောင်ပံလူသား စစ်တပ်၏ ပင်မအင်အားစုနှင့် ရင်ဆိုင်ရာတွင် အင်အားနည်းသော ဇွန်ဘီရုပ်သေးများကို ရှေ့တန်းတိုက်ပွဲမှ ဖယ်ထုတ်ထားရန် လုချွမ်းက ဆုံးဖြတ်လိုက်ခြင်းပင်။
နောက်တစ်ခဏတွင် သာမန်နှင့် အဆင့်နိမ့် ဇွန်ဘီရုပ်သေးများသည် အရပ်မျက်နှာအနှံ့သို့ လျင်မြန်စွာ ဆုတ်ခွာသွားကြပြီး နေရာလွတ်တစ်ခုကို ဖန်တီးလိုက်ကြရာ ယာဉ်တန်း၏ ပတ်ပတ်လည်တွင် အဆင့် ၃ နှင့် အထက်ရှိသော ဇွန်ဘီရုပ်သေးများသာ ကျန်ရှိတော့သည်။
မကြာမီ ယာဉ်တန်း၏ ပတ်ဝန်းကျင်ရှိ ကောင်းကင်ပြင်မှာ ရုတ်တရက် မှောင်မိုက်သွားပြီး လုချွမ်းနှင့် ကျိရုရွှယ်တို့၏ စောင့်ကြည့်မှုအောက်တွင် တောင်ပံလူသား စစ်တပ်မှာ သူတို့၏အထက် မီတာတစ်ထောင်ခန့် ကောင်းကင်ယံသို့ ရောက်ရှိလာကြသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသော တောင်ပံလူသားမှာ အခြားသူများထက် အရပ်အမောင်း ပိုမိုမြင့်မားပြီး ၎င်းမှာ အဆင့် ၆ ရှိသော တောင်ပံလူသားပင်။ သူ၏ အရပ်မှာ ၆မီတာခန့် မြင့်မားကာ သူ၏ အတောင်ပံများမှာလည်း သာမန်တောင်ပံလူသားများနှင့် မတူဘဲ မြင့်မြတ်သောအသွင်ဆောင်သည့် အစိမ်းရောင် အမွှေးအမျှင်များဖြင့် ပြည့်နှက်နေသည်။ လက်ရှိတွင် ထိုအဆင့် ၆ တောင်ပံလူသားသည် ခရမ်းရောင်အလင်းတန်းများ ဝင်းလက်နေသော ဆန်းကြယ်သည့် လေးရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး အေးစက်သော အကြည့်များဖြင့် ယာဉ်တန်းကို အထက်မှ ငုံ့ကြည့်နေသည်။
အင်အားအကြီးဆုံးဖြစ်သော ထိုအဆင့် ၆ တောင်ပံလူသား၏ အော်ဟစ်လိုက်သံနှင့်အတူ တောင်ပံလူသား စစ်တပ်တစ်ခုလုံးမှာ သတ်ဖြတ်လိုစိတ်များဖြင့် ဆူပွက်လာပြီး ယာဉ်တန်းဆီသို့ ဖိအားပေး၍တိုးဝင်လာကြတော့သည်။
ရှူး... ရှူး... ရှူး...
မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုးကြိုးပစ်သည့်အလား ပြင်းထန်သော လေးကြိုးခတ်သံများ ကောင်းကင်ယံ၌ ဟိန်းထွက်လာပြီး မြှားမိုးများမှာ ကောင်းကင်ပြင်ကို ဖုံးလွှမ်းလျက် ယာဉ်တန်းဆီသို့ တရဟော ကျဆင်းလာခဲ့သည်။