သွေးကြောကျောက်သားကျင့်စဉ် အဆုံးသတ်အဆင့်
Vol. 10 Ch. 138
စုမင် မျက်လုံးဖွင့်လိုက်သည်။ ပထမဆုံးအနေဖြင့် သူ့မျက်လုံးများက လေးနက်နေပြီး ရှေးဟောင်း ကြယ်တာရာများသဖွယ် တောက်ပနေသည်။ သူသည် လှိုဏ်ဂူအတွင်း ထိုင်နေခြင်းဖြစ်သော်လည်း ဟယ်ဖုန်းကတော့ စုမင်မှာ ပတ်ဝန်းကျင်တစ်ခွင်နှင့် တစ်သားတည်း ပေါင်းစည်းနေသည်ဟု ခံစားနေခဲ့ရသည်။ သူ့အနေဖြင့် စုမင်ကို မြင်နေရသော်လည်း ရှိနေသည်ဟုတော့ မခံစားရပေ။
စုမင်မျက်လုံးများက ဟယ်ဖုန်း၏နှလုံးသားကို တုန်ယင်သွားစေသည်။ ထိုမျက်လုံးမျိူးကို ရွှမ်းလွမ်ထံ၌ တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ ဟန်ဖေးကျစ်ကဲ့သို့ ပါရမီရှင်မျိူးသာလျှင် သူတို့၏ မျက်လုံးကို ကြည့်မိသည်နှင့် ဆွဲငင် ညှို့ယူခြင်းခံရသော ခံစားချက်မျိူးရရှိနိုင်ပေသည်။
"သခင်"
ဟယ်ဖုန်း လွန်စွာစိတ်လှုပ်ရှားနေသည်။ စုမင်ကို ကြည့်နေမိစဉ် သူ့တစ်ကိုယ်လုံးက စူးရှစွာ နာကျင်နေသည်။ စုမင်၏ ကိုယ်မှ ပေါ့ပါးသော၊ ထက်မြက်အားပြင်းသော အင်အားအရှိန်ဝါတို့ တစ်လှည့်စီ ထွက်ပေါ်နေသကဲ့သို့ပင်။ သူမကြောက်မိပဲ မနေနိုင်ပါချေ။
စုမင်က ခေါင်းလှည့်ကာ ဟယ်ဖုန်းကို ကြည့်လာသည်။ အကြည့်ချင်း ဆုံသွားသည်နှင့် ဟယ်ဖုန်းတစ်ကိုယ်လုံး ပြင်းထန်စွာ တုန်တက်သွားရသည်။ အလိုလိုပင် ပေဒါဇင်ချီ၍ လွင့်ထွက်သွားကာ ခန္ဓာကိုယ်က ကြေမွသွားတော့မည့် အတိုင်းပင်။ သူ့နှလုံးသားအား မြားချွန်ချွန် ထိုးဖောက်ဝင်ရောက်သွားသကဲ့သို့လည်း ခံစားနေရ၏။ စုမင် သူ့ကိုလှည့်ကြည့်လာချိန်၌ သူ့အတွေးအားလုံးကို ဖုံးကွယ်မထားနိုင်ခဲ့သလိုပင်။
"သ...သခင်"
စုမင်က အသာအယာပြုံးသည်။ သူ့ကိုယ်မှ ထွက်ပေါ်နေသော ဖိအားမှာ ပျက်ပြယ်သွားပြီး သူ့မျက်လုံးများလည်း တည်ငြိမ်သွားကာ မူလအတိုင်း ပြန်ဖြစ်လာသည်။ ထို့နောက် မတ်တပ်ထရပ်၍ သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်သည်။
"သွားရအောင်"
စုမင် ညာလက်ကို ပင့်မြှောက်ကာ ဟယ်ဖုန်း၏ ဝိညာဉ်ခန္ဓာကိုယ်ကို ဆွဲယူလိုက်သည်။ ချက်ချင်းဆိုသလိုပင် ဟယ်ဖုန်းသည် လှုပ်ရှားတက်ကြွနေကြသော လ၏အတောင်ပံများနှင့်အတူ စုမင်ကိုယ်ထဲသို့ စုပ်ယူခံလိုက်ရသည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ ဟယ်ဖုန်းအား ဖိနှိပ်ထားနိုင်ရန် လ၏အတောင်ပံ ဝိညာဉ်များကို မလိုအပ်တော့ပေ။ ဟယ်ဖုန်းက ကျိူးနွံနေပြီး စုမင်ကိုယ်ထဲ၌ ငြိမ်သက်စွာ နေနေသည်။ ဓားသွားလေးနှင့် ၎င်း၏ဖိအားတို့ကို တစ်ဖန်ထပ်ခံစားနေရပြန်၏။ ကြောက်လန့်မှုများ အကြား စုမင်ကိုလည်း လေးစားသထက် လေးစားလာရသည်။
ထိုကဲ့သို့ လေးစားမှုများမှာ စုမင်၏ လျှိူ့ဝှက်နက်နဲမှုများကြောင့် ဖြစ်ပေါ်လာခြင်းပင်။ ယခုအချိန်ထိ ဟယ်ဖုန်းသည် အဘယ်ကြောင့် သူ၏ကိုယ်ပိုင် ရတနာပစ္စည်းက စုမင်ကို မြင်လိုက်ရသည့် အချိန်မှစ၍ ကာလရှည်ကြာစွာ ပျောက်ဆုံးနေခဲ့သည့် သူ့သခင်ကို ပြန်တွေ့လိုက်ရသကဲ့သို့ ပြုမူနေသည်ကိုလည်း သူနားမလည်နိုင်သေးချေ။
ဟယ်ဖုန်းမှာ စုမင်၏ ကျင့်ကြံဆင့်ကိုလည်း မခန့်မှန်းနိုင်။ စုမင်တွင် သွေးကြောမည်မျှ ရှိမှန်းလည်း သူမသိချေ။ သို့သော် အစိမ်းရောင်တောက်တောက် ဓားလေးနှင့်ဆိုလျှင် ရွှမ်းလွမ်နှင့် ရင်ဆိုင်တွေ့ရလျှင်တောင်မှ မရှုံးပဲ ရင်ဆိုင်တိုက်ခိုက်နိုင်လောက်မည်ဟု သူခန့်မှန်းမိသည်။
စုမင် လှိုဏ်ဂူအတွင်းမှ လျှောက်လှမ်းထွက်လာခဲ့သည်။ နေမွန်းတည့် နေပေပြီ။ နေရောင်မှာ တောက်ပလျက် သူ့အသားအရေများကိုပင် နွေးထွေးသွားစေ၏။အပြင်ဘက်တွင်ရပ်လျက် ပြာလွင်သော ကောင်းကင်နှင့် ဖြူလွလွတိမ်စိုင်များကို ငေးမောကြည့်ရင်း စုမင် မျက်လုံးများ တောက်ပသွားသည်။
"အခွင့်အလမ်းတွေဟာ အန္တရာယ်တွေနဲ့ ကွယ်ဝှက်ထားခြင်းခံရတယ်။ ဒီတစ်ကြိမ်တော့ ဒီဓားကိုရဖို့ ငါ အန္တရာယ်တွေနဲ့ ရင်ဆိုင်လိုက်ရတယ်။ ဒါပေမယ့် ထိုက်တန်ပါတယ်လေ..."
စုမင် ညာလက်ကို ပင့်မကာ သူ၏နဖူး အလယ်ဗဟိုအား ထိကပ်လိုက်သည်။ မျက်ခုံးများအလယ်ဗဟိုရှိ ဓားအမှတ်အသားက တောက်ပနေဆဲပင်၊ သို့သော် စုမင် ထိကိုင်လိုက်သည်နှင့် တောက်ပမှုမှာ အားလျော့လာပြီး တစ်ခဏအကြာတွင် လုံးဝပျောက်ကွယ်သွားခဲ့သည်။
"ဒီဓားက ငါ့ကို ရင်းနှီးကျွမ်းဝင်တဲ့ ခံစားမှုပေးတယ်။ ငါ့ကိုလည်း မငြင်းပယ်ဘူး။ ပြီးတော့ သူများရဲ့ချီဓာတ်ကို စုပ်ယူပြီး ခက်ခဲစေတဲ့ မြက်ခင်းနီကလည်း ငါ့ကိုကျတော့ အဲလိုမပြုမူပြန်ဘူး။ တစ်ကယ်တမ်း အဲထဲမှာ ရှိနေတဲ့အချိန် လုံခြုံတယ်လို့တောင် ခံစားရသေးတယ်"
"ဒီပစ္စည်းနှစ်ခုက ဟန်တောင်တန်းဘိုးဘေး ချန်ရစ်ခဲ့တဲ့ ပစ္စည်းတွေပဲ။ ဧကန္တ ငါက သူနဲ့များ တစ်နည်းနည်းနဲ့ ပက်သက်မှုရှိနေတာလား"
စုမင် မျက်လုံးများကိုမှိတ်၍ သူ့အားဖြတ်တိုက်နေသော လေပြေညှင်းကို ခံစားရင်း ဂူဝတွင် မလှုပ်မယှက် ရှိနေမိသည်။
"ဒီဓားက ငါ့အသွေးအသားတွေကို ဖျက်စီးပြီး သူ့လမ်းကြောင်းကို ဖွင့်ခဲ့တယ်။ အဲဒီ လမ်းကြောင်းကပဲ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ် ထုတ်သုံးနိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ စွမ်းအားကို လောကကြီးကနေ စုပ်ယူနိုင်အောင် လုပ်ပေးလိုက်တာပဲ"
စုမင် မျက်လုံးများကို ဖွင့်လိုက်သည်။ ထိုအခြင်းအရာက ဓားသွားလေးအပြင် ဤကိစ္စရပ်များမှ ရရှိလာခဲ့သော အခြား ဆုလာဘ်တစ်ခုလည်း ဖြစ်သည်။ ထိုနေရာ၌ ရပ်နေစဉ် သူ့ဘေးပတ်လည်တွင် စီးဆင်းနေသော အင်အားများက သူ့ခန္ဓာကိုယ် မွေးညင်းပေါက်လေးများမှ တစ်ဆင့် ဝင်ရောက်လာနေသည်ကို သူခံစားမိသည်။ ယခုအချိန်တွင် စီးဝင်နိုင်သော စီးကြောင်းမှာ အတော်အတန်သေးငယ်သေးသော်ငြား ဤပုံစံအတိုင်း ဆက်လုပ်သွားမည်ဆိုလျှင်တော့ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဒီရေလှိုင်းများကဲ့သို့ စီးဝင်လာနိုင်မှာ ဖြစ်သည်။
"ဒါက ချီစွမ်းအင်လေ့ကျင့်တာနဲ့ လုံးဝမတူတဲ့ ကျင့်ကြံခြင်း နည်းလမ်းတစ်ရပ်ပဲ။ ငါ့သွေးကြောတွေ အကုန်လုံးကို စွမ်းအားမြင့်တဲ့ သွေးကြောတွေအဖြစ် ပြောင်းလဲလိုက်ရင် ငါ့ခန္ဓာကိုယ်က ပိုမိုအားကောင်းလာပြီး အံ့မခန်းကြီးမားတဲ့ ခွန်အားကို ရရှိနိုင်မယ်။ အဲဒါက သွေးကြောကျောက်သားဆိုတဲ့ စကားစုရဲ့ အဓိပ္ပါယ်ပဲ"
"ဒီကျင့်ကြံမှုကတော့ သွေးကြောတွေကို ကျင့်ယူရတာ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ ဒါပေမယ့် လောကမှာတည်ရှိနေတဲ့ အင်အားရပ်တွေနဲ့တော့ ဆက်နွှယ်နေတယ်။ အဲဒါကြောင့် ငါက ဒါကို အရှိန်ဝါကျင့်စဉ်လို့ ခေါ်လိုက်မယ်"
"သွေးကြောကျောက်သားက ငါ့ကိုအဆုံးမရှိတဲ့ စွမ်းအားတွေ ပိုင်ဆိုင်စေနိုင်ပြီး မာန်ပညာရပ်အမျိူးမျိူးကို သွေးနဲ့ထုတ်သုံးလို့ရအောင် လုပ်ပေးတယ်။ အရှိန်ဝါကျင့်စဉ်နဲ့ ပက်သက်လို့ကတော့ အသုံးဝင်တာ နှစ်ခုပဲရှိတယ်။ ဒါပေမယ့် အဲဒါတွေကလည်း သိပ်ကိုစွမ်းအား ကြီးမားတယ်"
စုမင် မည်သည့်သင်္ကေတမှ မပြုလုပ်သလို၊ မည်သည့် ကျောက်ဒင်္ဂါးမှလည်း ဆုပ်ကိုင်မထားချေ။ သို့သော် အတွေးလေးတစ်ချက်မျှဖြင့် ပေ၂၀၀၀ ဧရိယာ အကျယ်အဝန်းအတွင်း ရှိရှိသမျှ အရာအားလုံးက သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ပျက်ပြယ်သွားခဲ့သော ဓားအမှတ်အသားသည်လည်း စုမင်နဖူးထက်၌ တစ်ဖန်ပြန်လည်ထွက်ပေါ်လာခဲ့သည်။ အစိမ်းရောင်အလင်း ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ဓားသွားလေးမှာလည်း စုမင်၏ မျက်ခုံးများကြားမှနေ၍ အဝေးတစ်နေရာဆီသို့ လျှပ်စီးသဖွယ် တစ်ဟုန်ထိုး ပြေးထွက်သွားသည်။ ၎င်းက သာမန်မျက်စိဖြင့်ပင် မြင်နိုင်စွမ်းမရှိသည်အထိ မြန်ဆန်နေခဲ့သည်။
အစိမ်းရောင်အလင်းတန်းများမှာ စုမင်အား ပေ၂၀၀၀ ဧရိယာအတွင်း ဝန်းရံထား၏။ ၎င်းတို့မှာ ဆက်လက်ရွေ့လျားနေသော်လည်း ပေ ၂၀၀၀ အတွင်းမှ မထွက်ခွာနိုင်ဖြစ်နေသည်။ ဤနေရာမှ ထွက်ခွာသွားသည်နှင့် အလင်းရောင်က မှိန်ဖျော့သွားပြီး တည်ငြိမ်စွာ ပျံသန်းခြင်းမပြုနိုင်တော့ပေ။
သို့သော် စုမင်အတွက်တော့ ပေ၂၀၀၀က လုံလောက်ပေသည်။
တစ်ခုရှိသည်မှာ ဓားသွားကို အသုံးပြုရခြင်းက လွယ်ကူသည့် ကိစ္စရပ်မျိူး ဟုတ်မနေခြင်းပေ။ ဝင်သက်အနည်းငယ် အတွင်းမှာပင် သူ့ခေါင်းတစ်ခုလုံး နာကျင်လာပြီး အမြင်အာရုံလည်း ဝေဝါးလာခဲ့သည်။ အရှိန်အဝါသည် သူ့ကိုယ်တွင်းရှိ လမ်းကြောင်းမှ ခက်ခဲစွာ ထွက်သွားပြီးသည့်နောက် လမ်းကြောင်းမှာ ဗလာဟင်းလင်း ဖြစ်ကျန်ခဲ့ရာ ပေ ၂၀၀၀ ပတ်ဝန်းကျင်ဒေသအား သူ့ခေါင်းထဲတွင် ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေပြီး စွမ်းအင်ပြတ်လတ်မှု ကြီးမားကြောင်း သင်္ကေတများပြနေခဲ့သည်။
"ငါ့အတွက် ဝင်သက်ငါးခုလောက်ပဲ အဆင်ပြေတယ်။ အကယ်၍ အဲဒီထက် အချိန်လွန်သွားရင် ငါတောင့်ခံနိုင်ဖို့ ခက်လိမ့်မယ်"
စုမင် ဓားသွားလေးကို နဖူးဆီသို့ အလျင်အမြန် ပြန်လည်ခေါ်ယူလိုက်သည်။ ယခုအချိန်တွင် ဦးခေါင်းမှာ လွန်စွာ နာကျင်နေသော်လည်း ပြန်လည် ခေါ်ယူသည့် အရှိန်နှုန်းကိုမူ ထပ်မံတိုးမြှင့်၍ မရတော့ပေ။ ခန္ဓာကိုယ်တွင်းသို့ ဖြည်းညင်းစွာ စုပ်ယူ၍ လမ်းကြောင်းအတွင်း ပြန်လည်ထိန်းသိမ်းနေရသည်။
"ငါ့ဘေးနားက အရှိန်ဝါတွေကို စုစည်းတဲ့ ကျင့်ကြံမှုက အရှိန်နှေးတာတော့ မဖြစ်နိုင်ဘူး။ ဧကန္တတော့ ငါ့မှာ စုပ်ယူတဲ့နည်းလမ်း မရှိသေးလို့ ဒီလိုဖြစ်ရတာနေမယ်"
"ဒါပေမယ့် ဟန်တောင်တန်းမြို့တော်ရဲ့ ဘိုးဘေးမှာတော့ စုပ်ယူနှုန်းကို မြှင့်တင်တဲ့ နည်းလမ်းတော့ ရှိမှာပဲ"
စုမင် ရင်ဘတ်ထဲရှိ သိုလှောင်အိတ်ထဲမှ တစ်စုံတစ်ရာ ထုတ်ယူလိုက်ရာ သူ့လက်ထဲ၌ ကျောက်ဒင်္ဂါးဖြူလေး ထွက်ပေါ်လာခဲ့သည်။ ၎င်းကို ဆုပ်ကိုင်လိုက်သောအခါ ကျောက်ဒင်္ဂါးအတွင်းမှ တူညီသောအရှိန်ဝါသည် သူ့ကိုယ်တွင်းသို့ အလျင်အမြန် စုပ်ယူခံလိုက်ရသည်။
အရှိန်ဝါကို ပြန်လည်စုပ်ယူပြီးနောက် ခေါင်းကိုက်မှုများ ပျောက်ကင်းသွားပြီး သူ့ဦးခေါင်းလည်း ပုံမှန်အခြေအနေ ပြန်ရောက်လာသည်ကို ခံစားမိသည်။
သို့သော် ကျောက်ဒင်္ဂါးဖြူမှာ အရောင်မှိုင်းလာခဲ့၏။
"ဟန်ဖေးကျစ်နဲ့ ရွှမ်းလွမ်တို့ ဒီပစ္စည်းကိုလိုက်နေတာ အံ့သြစရာ မရှိတော့ဘူးပဲ။ ဒါကို သွေးကြောကျောက်သား ကျင့်စဉ်နဲ့ မရောထွေးပဲ သီးသန့်ကျင့်ကြံနိုင်ရန် ငါ့စွမ်းအားတွေက... ကြည့်ရတာ ငါတော့ ဟန်တောင်တန်းမျိူးနွယ်စု ဘိုးဘေးရဲ့ ဂူဗိမာန်ထဲ ဝင်မှဖြစ်တော့မယ် ထင်တယ်"
စုမင် ရှေ့တိုးထွက်လာကာ လှိုဏ်ဂူအား ချန်ထားရစ်ခဲ့တော့သည်။ ပြန်လှည့်မကြည့်ပဲ မိုးသစ်တော၏ နက်ရှိုင်းသောအပိုင်းသို့ တဟုန်ထိုးပြေးလွှားသွားခဲ့၏။
"တောင်တန်းဝိညာဉ်ရဲ့ အကျိူးအာနိသင်က ပျောက်သွားခဲ့ပြီး ငါ့ရဲ့ မာန်သွေးကြောတွေထဲကို စုပ်ယူထားခဲ့ပြီးပြီ။ အခု ငါ့မှာ လုံလောက်တဲ့ ချီစွမ်းအင်တွေရှိနေပြီ။ သွေးကြောတွေလည်း အများကြီး တိုးပွားလာပြီးပြီ။ အခုက သွေးလောင်ကျွမ်းခြင်း လုပ်ဖို့အချိန်ပဲ။ ငါသာ အောင်မြင်သွားရင် စွမ်းအားတွေ တိုးပွားလာဦးမှာ။ အဲဒီအချိန်ကစလို့ ငါက အားနည်းတဲ့လူတစ်ယောက် ဆက်ဖြစ်နေမှာ မဟုတ်တော့ဘူး။ ဓားသွားလေးနဲ့ အရှိန်ဝါကျင့်စဉ်၊ လရဲ့အတောင်ပံတွေနဲ့ ငါ့စွမ်းတွေအားလုံးကို သုံးပြီး တိုက်ပွဲဝင်မယ်ဆိုရင် ရုပ်နယ်လွန်နယ်ပယ်ကိုတောင် ရှုံးနိမ့်နိုင်ပါဦးမလား"
စုမင်မျက်နှာတွင် မျှော်လင့်ချက်များနှင့် စိတ်ပိုင်းဖြတ်မှုတို့ဖြင့် ပြည့်နေသည်။
စုမင် လဝက်ခန့် မရပ်မနား ပြေးလွှားလာခဲ့သည်။ ဟန်တောင်တန်းမြို့တော်နှင့်လည်း အဝေးကြီး ဝေးကွာလာခဲ့ပြီး ကျယ်ဝန်းကြီးမားသော နေရာသို့ ရောက်ရှိလာခဲ့သည်။ ကောင်းကင်က ပြာလွင်နေပြီး တောင်စဉ်တောင်တန်းများက ဒေသတစ်လျှောက် ပျံ့နှံ့တည်ရှိလျက် ငှက်များ၊ သားရိုင်းများ၏ အသံများကိုသာ ကြားနိုင်၏။ လူသူအရိပ်အခြေ တစိုးတစိမျှပင် မရှိချေ။
ဤနေရာကား စွန့်ပစ်ခံနယ်မြေတစ်ခု ဖြစ်သလို စုမင် တစ်ကိုယ်တည်း နေထိုင်ကျင့်ကြံရန် ရွေးချယ်လိုက်သော နေရာလည်းဖြစ်သည်။ ပဉ္စမမြောက် သွေးလောင်ကျွမ်းခြင်းကို လုပ်ဆောင်၍ ခန္ဓာကိုယ်တွင်းရှိ သွေးကြောများကို ထပ်မံတိုးပွားစေမှာ ဖြစ်သည်။
သွေးလောင်ကျွမ်းခြင်း လုပ်ဆောင်နေစဉ် ကောင်းကင်နှင့် မြေပြင်တွင် ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာနိုင်ရာ ဤနေရာကား လူသူအရောက်အပေါက် နည်းသောနေရာ ဖြစ်၍ အပြောင်းအလဲအား သတိပြုမိနိုင်မည့်လူ ရှားပါးပေသည်။
စုမင် တောင်ထွတ်တစ်ခုပေါ်တွင် ခုနစ်ရက်တာ ထိုင်နေခဲ့သည်။ ထိုခုနစ်ရက်အတွင်း လုံးဝမလှုပ်ရှားခဲ့ပေ။ ချီစွမ်းအင် လှည့်ပတ်ခြင်းတွင်သာ အာရုံစိုက်ထား၍ လပြည့်နေ့အား စောင့်ဆိုင်းနေခဲ့သည်။
နောက်ထပ်သုံးရက်မျှ ကုန်လွန်သွားခဲ့ချေပြီ။ ညရောက်လာသောအခါ မှောင်မိုက်နေသော ကောင်းကင်တွင် လမင်းမှာ ထိန်ထိန်သာလျက် ရှိပြီး ထိုလမှာလည်း မျက်ခုံးမွေးသဏ္ဍာန် မဟုတ်တော့ပဲ လုံးဝန်းနေခဲ့ချေပြီ။
လပြည့်နေ့ ရောက်ရှိလာသည်နှင့် ဆယ်ရက်တာမျှ ထိုင်စောင့်ဆိုင်းနေခဲ့သော စုမင်၏မျက်လုံးများက ပွင့်လာခဲ့သည်။ ဟယ်ဖုန်းကိုလည်း စုမင်၏ခန္ဓာကိုယ်အတွင်း ချိပ်ပိတ်ဖုံးအုပ်ထားပြီးသား ဖြစ်သည်။ အပြင်တွင် ဘာဖြစ်နေမှန်း သူသိနိုင်မည်မဟုတ်ပေ။
စုမင်သည် သူ၏လျှိူ့ဝှက်ချက်အား မည်သူ့ကိုမျှ မသိစေချင်ပေ။
လအရိပ်မှာ သူ၏မျက်လုံးထဲ၌ ထင်ဟပ်နေသည်။ ကောင်းကင်ထက်မှ လပြည့်ဝန်းကို စုမင်မော့ကြည့်မိသည်။ အသက်ပြင်းပြင်း ရှူရှိုက်၍ ချီစွမ်းအင်များကို ရုတ်ခြည်းလှည့်ပတ်လိုက်သည်။
ဤတစ်ကြိမ်ကား မာန်သွေးစက်ကို စုပ်ယူပြီးနောက်ပိုင်း သူ၏ချီများအားလုံးကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။
၄၀၀သော သွေးကြောများမှာ စုမင်တစ်ကိုယ်လုံးအား ဖုံးလွှမ်းလျက်ရှိသည်။ အနီရောင်အလင်းမှာ တောက်ပစွာလင်းလက်၍ အဆုံးစွန် လက်ဖြာနေတော့သည်။ သူ၏ မျက်လုံးထဲရှိ လရိပ်က ပို၍ ထင်ရှားပြတ်သားလာသည်နှင့်အမျှ သူ့ကိုယ်တွင်းရှိ သွေးကြောများမှာလည်း ပို၍ တိုးပွားထွက်ပေါ်လာခဲ့ပြန်သည်။
သွေးကြော ၄၀၀မှသည် ၄၆၀အထိ တိုးပွားလာခဲ့သည်။ ၎င်းတို့မှာ စုမင်တစ်ကိုယ်လုံးကို သိပ်သည်းစွာ ဖုံးအုပ်ထားပြီး ဘေးပတ်လည်ရှိ အနီရောင်အလင်းတို့မှာလည်း ပို၍တောက်ပလာခဲ့သည်။
သို့သော် ဤသည်က စုမင်၏ အထွတ်အထိပ် အခြေအနေ မဟုတ်သေးချေ။ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ရင်း သူ့မျက်လုံးများလည်း နီရဲလာခဲ့သည်။ ထိုအနီရောင်မှာ စိတ်လှုပ်ရှားမှု သို့မဟုတ် ဒေါသကြောင့်မဟုတ်ပဲ စုမင်၏
ချီစွမ်းအင် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ခြင်းကြောင့် ဖြစ်သည်။ ချီစွမ်းအင်အား လှည့်ပတ်ရင်း မျက်လုံးများကို သွေးတို့ဖြင့် ဖုံးလွှမ်းစေလိုက်ရာ မျက်လုံးများက နီရဲတက်လာခဲ့သည်။
ထိုအရာက သူ့ခန္ဓာကိုယ်မှ သွေးကြောများကို ပို၍ တိုးပွားလာစေသည်။ ၄၇၀... ၄၈၀... ၄၉၀... ၅၁၀ သို့ရောက်သောအခါ စုမင်၏ခန္ဓာကိုယ်မှ ကြီးကျယ်ခမ်းနားသော အရှိန်ဝါတစ်ရပ် ပွင့်ထွက်လာခဲ့သည်။
ဤအခြင်းအရာကား မာန်သွေးစက် စုပ်ယူပြီးနောက် သူ၏ အထွတ်အထိပ်အခြေအနေ ဖြစ်သည်။ မူလက မာန်သွေးစက်မှာ ဤအခြေအနေအထိ အကျိူးမသက်ရောက်နိုင်ပေ။ သို့သော် စုမင်တွင် သွေးကြော အမြောက်အများ တိုးပွားလာသည့် အကြောင်းအရင်းမှာ နှစ်ချီသောက်သုံးခဲ့သော တောင်တန်းဝိညာဉ်များ၏ အကျိူးရလဒ်ပင် ဖြစ်သည်။
အကယ်၍ တောင်တန်းဝိညာဉ်၏ အကျိူးအာနိသင် ကင်းမဲ့သွားလျှင်ပင် သူ့ကိုယ်ထဲ၌ ကျန်ရှိနေသော အကြွင်းအကျန်များက အနည်းငယ်မျှ အကျိူးပြုနေသေး၏။ မာန်သွေးစက်၏ အထောက်အပံ့ပါ ရရှိပြီးနောက် သူ့ခန္ဓာကိုယ်မှာ စင်ကြယ်ရှင်းသန့်လျက် သူ၏ အလားအလာကလည်း ပိုတိုးတက်လာခဲ့သည်။ ထို့ကြောင့် ဤသို့ ထိတ်လန့်ဖွယ်ရာ အကျိူးသက်ရောက်မှုများ ရှိလာခဲ့ခြင်းပင်။
သွေးကြောကျောက်သား ကျင့်စဉ်အဆင့် ၈ ရောက်ရှိပြီးနောက် အဆင့် ၉၊ အဆင့် ၁၀၊ အဆင့် ၁၁များသို့ ရောက်ရှိရန်က သွေးကြောအရေအတွက် အတိအကျ မလိုအပ်တော့ပေ။ သို့သော် ၅၀၀ထက်ပိုသော သွေးကြောများ ပျံ့နှံ့ဖြာဆင်းနိုင်သော မာန်စွမ်းအားရှင်မှာမူ သွေးကြောကျောက်သား ကျင့်စဉ်၏ အဆုံးသတ်အထွတ်အထိပ်သို့ ရောက်ရှိနိုင်ပြီဟု ဆိုနိုင်ပေသည်။
အကယ်၍ ရောက်ရှိမည့် ပန်းတိုင်တူညီလျှင်သော်မှ အမှန်တစ်ကယ်တမ်းတွင် လူတိုင်းက မတူညီနိုင်ပေ။ သွေးကြော ၅၀၀သည်လည်း သွေးကြောကျောက်သား ကျင့်စဉ်၏ အဆုံးသတ် အထွတ်အထိပ်အဆင့်၊ သွေးကြော ၇၈၁ခုမှ သွေးကြော ၉၀၀သည်လည်း သွေးကြောကျောက်သား ကျင့်စဉ်၏ အဆုံးသတ် အထွတ်အထိပ်အဆင့်ဟုပင် သတ်မှတ်၍ ရသေးသည်။
သွေးကြော ၉၄၉ကြော ရောက်ရှိသူပင်လျှင် သွေးကြောကျောက်သား ကျင့်စဉ်၏ အဆုံးသတ် အထွတ်အထိပ်အဆင့်တွင်သာ ရှိသေးသည်ဟု လူသိများကြသည်။
သွေးကြော ၉၅၀ထက် ပို၍ ပိုင်ဆိုင်သူမှသာလျှင် သွေးကြောကျောက်သား ကျင့်စဉ် ပြီးမြောက်အောင်မြင်သည်ဟု သတ်မှတ်နိုင်သည်။ သို့သော် ထိုသို့ပုဂ္ဂိုလ်များက ရှားပါးပေသည်။ သွေးကြော ၉၈၀အထက် ပိုမိုပျံ့နှံ့ ဖြာဆင်းနိုင်သူမှသာလျှင် သွေးကြောကျောက်သား ကျင့်စဉ်အား အောင်မြင်စွာ ပြီးမြောက်သူဟု ဂုဏ်ရှိနိုင်သည်။ သို့သော် ထိုသို့သော လူများမှာ မျိူးနွယ်စုကြီးများထဲမှာပင်လျှင် ရှားပါးချေ၏။
စုမင်၏ ချီစွမ်းအင်များ အားလုံး ပေါ်ထွက်လာခဲ့ချေပြီ။ ကောင်းကင်ထက်မှ လမင်းကို မော့ကြည့်လိုက်မိသည်။ သူ့မျက်လုံးများအတွင်း မီးများတောက်လောင်လျက် ရှိပြီး သူ့ခန္ဓာကိုယ်မှာလည်း လောင်ကျွမ်းနေသည်ဟု ထင်မြင်ရသည်။ အဝေးမှကြည့်လျှင် စုမင်ပုံစံက မီးတောက်လူသားနှင့် တူနေတော့သည်။
စုမင် တည်ငြိမ်သော အမူအယာဖြင့် ညာလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။ လက်ညှိုးကို ကိုက်ဖြတ်လိုက်ချိန် သွေးများ စီးကျလာသည်နှင့် ထိုလက်ညှိုးကို ဘယ်ဘက်မျက်လုံးပေါ်သို့ အသာအယာတင်လိုက်သည်။ သွေးနှင့် မီးစများထိမိသည်နှင့် မီးတောက်များ လောင်ကျွမ်းကာ စုမင်အား အစွမ်းထက် မာန်စွမ်းအားရှင်တစ်ဦးသဖွယ် ထင်မြင်ရစေသည်။
ထိုအခိုက်အတန့်မှာပင် သွေးလောင်ကျွမ်းခြင်း စတင်ခဲ့လေတော့သည်။
*****