ထွက်ပေါက်
Vol. 11 Ch. 139
နေဝင်ပြီး နေထွက်သည်။ တိမ်စိုင်တို့ကလည်း သွားချည်လာချည်နှင့် မျက်စိတစ်မှိတ် အတွင်းမှာပင် ငါးလဆိုသော အချိန်က ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
ဤငါးလတာ ကာလအတွင်းတွင် ဝေးလံခေါင်သီသော တောင်တန်းများပေါ်၌ အပြောင်းအလဲများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။ တစ်ခါတစ်ရံတွင် ကုန်းမြေသည်ပင် တုန်ခါသွားတတ်ပြီး မြောက်မြားစွာသော ငှက်များ၊ သားရဲများသည်လည်း အဝေးသို့ ထွက်ခွာသွားကြသည်မှာ ထိုနေရာသည် တားမြစ်နယ်မြေ တစ်ခုအသွင် ပြောင်းလဲသွားသကဲ့သို့…။
သစ်ပင်တို့သည်လည်း သူတို့၏ အသက်ဓာတ်စွမ်းအားတို့ကို ဆုံးရှုံးလိုက်ရသကဲ့သို့ ညှိုးရော်ခြောက်သွေ့လျက် အဖြူရောင်သို့ ပြောင်းလဲသွားခဲ့ကြသည်။ သစ်ပင်များ ထိခိုက်သည့် ဧရိယာသည် စက်ဝန်းပုံလီအကွာအဝေး မြောက်မြားစွာအထိ ကျယ်ပြန့်စွာ ဖုံးလွှမ်းနေချေသည်။
ကောင်းကင်မှ ကြည့်လျှင်တော့ ထိုခြောက်သွေ့နေသော သစ်ပင်များအောက်ရှိ မြေသည်လည်း မိုးခေါင်သကဲ့သို့ မရေမတွက်နိုင်သော အက်ကြောင်းများဖြင့် ဖုံးလွှမ်းနေသည်ကို မြင်ရမည်ဖြစ်သည်။ ထိုထူးဆန်းသည့် မြင်ကွင်းသည် တောင်ပိုင်းအရုဏ်ဦး နယ်မြေအတွက်တော့ မယုံနိုင်စရာပင်ဖြစ်သည်။ မိုးများသောဒေသဖြစ်၍ မိုးခေါင်ခြင်း ဆိုသည်မှာ အမှန်ပင် မဖြစ်သင့်ပေ။
မည်သို့ပင်ဆိုစေ ထိုအရာတို့ထက်ပိုမို၍ ထိတ်လန့်စရာ ကောင်းသည့်အရာမှာ လပြည့်ညတိုင်း ထိုနေရာတစ်ဝိုက်၌ ငိုကြွေးမြည်တမ်းခြင်းတို့ ဖြစ်ပေါ်လေ့ရှိနေခြင်းပင် ဖြစ်သည်။ ထိုငိုကြွေးမြည်တမ်းခြင်းတို့သည် လူတို့ပြုလုပ်သည်ဟု မထင်ရသည့်အပြင် နားနှင့်ကြားဖို့ရန်လည်း ခက်ခဲလှသည်။ အချို့သော ကျင့်ကြံဆင့် အတော်အသင့်မြင့်သူများသာ ထိုနေရာအနီးတစ်ဝိုက်သို့ ရောက်လာချိန်တွင် ခံစားသိရှိနိုင်ကြ၏။
ငိုကြွေးမြည်တမ်းခြင်းတို့သည် လပြည့်ည ထိုနေရာပေါ်သို့ လရောင်များစွာ ထွက်ပေါ်ကျရောက်လာတိုင်း မယုံကြည်နိုင်လောက်အောင် ကျယ်လောင်လာတတ်ကြပြီး ထိုဝေးလံခေါင်သီသည့် တောင်တစ်ခုလုံး လောင်ကျွမ်း သွားသကဲ့သို့ဖြစ်ကာ လေပူများသည်လည်လည်း မြေပြင်ရှိ အက်ကွဲကြောင်းများမှတစ်ဆင့် ကောင်းကင်သို့ တက်ရောက် သွားတတ်ကြသည်။
ညနေခင်းအချိန်တစ်ခုတွင် တားမြစ်နယ်မြေအသွင် ဖြစ်နေသည့် ထိုနေရာ၌ လူရိပ်လေးခု ပေါ်လာသည်။ ထိုလူလေးယောက်သည် ရှေ့သို့ဆက်မတိုးပဲ ပတ်ဝန်းကျင်ကို အလွန်သတိကြီးစွာ ထားလျက်ရှိသည်။ အုပ်စုကို ဦးဆောင်လာသူကတော့ အပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် ပိန်ပိန်ပါးပါး အဘိုးအိုဖြစ်သည်။
သူ့ပုံရိပ်က ကြီးမားပုံပေါ်ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးမှနေ၍ ညို့မှိုင်းညှိုးငယ်သော အရှိန်အဝါတို့အား ထုတ်လွှတ်လျက်ရှိသည်။
သူ့နောက်မှ လိုက်ပါလာသည်က ယောက်ျားနှစ်ယောက်နှင့် မိန်းမတစ်ယောက်တို့ဖြစ်ပြီး သူတို့မှာတော့ လူကြီးကဲ့သို့ တူညီသည့် အသွင်အပြင်မျိုး ရှိမနေချေ။ အထူးသဖြင့်တော့ အမျိုးသမီးတွင်ဖြစ်သည်။ လူကြီး၏ ညို့မှိုင်းနေသည့် အမူအရာနှင့်ယှဉ်လျှင် သူမသည် အလွန်လှပပေသည်။
“အဖေ ... ဒီနေရာက အဖေပြောခဲ့တဲ့ နေရာလား”အဘိုးအို၏နောက်ရှိ လေးဆယ်အရွယ် သက်လတ်ပိုင်းလူကြီးက သတိထားလျက် မေးလိုက်သည်။
“အမှန်ပဲ ... လွန်ခဲ့တဲ့ နှစ်လလောက်တုန်းက ငါဒီနေရာကိုဖြတ်သွားရင်းနဲ့ ဒီနေရာမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းတဲ့မြင်ကွင်းတွေကို မြင်ခဲ့ရတယ်။ ဒီမှာရှိနေတဲ့ အပင်အများစုက အသက်ဓာတ် ကုန်ဆုံးသွားခဲ့သလိုမျိုး ခြောက်သွေ့သွားခဲ့ကြတယ်။ ကုန်းမြေကိုယ်တိုင်ကတောင်မှ ခြောက်သွေ့သွားခဲ့သလိုပဲ။ ငါသာ မမှားဘူးဆိုရင် ဒီဖြစ်ရပ်က ရတနာတစ်ခု ပေါ်ပေါက်လာတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
ဖြည်းညင်းစွာ စကားပြောနေသည့် လူအိုကြီး၏ မျက်လုံးတို့သည် ကြောက်မက်ဖွယ်ရာ ကောင်းလျက်ရှိသည်။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်သည် အတော်ကိုပင် ကောင်းမွန်သည်ဟု ပြော၍ရသည်။ သူသည် ရုပ်နယ်လွန်အဆင့်သို့ မရောက်သေးသော်ငြား သွေးကြော ကျောက်သားနယ်ပယ်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူ့နောက်ရှိ လူ၃ယောက်အနက် ၂ယောက်မှာ သွေးကြောကျောက်သား ကျင့်စဉ် အဆင့်၅တွင်ဖြစ်ပြီး သက်လတ်ပိုင်းအရွယ် ၃ယောက်မြောက် လူကြီးမှာတော့ သွေးကြောကျောက်သား ကျင့်စဉ် အဆင့်ရတွင်ဖြစ်သည်။
“ဒီနေရာရဲ့ ထူးဆန်းမှုကို ငါတို့လူတွေထဲက ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။ မျိုးနွယ်စုအတွင်းမှာ ငါတို့ရဲ့အဆင့်အတန်းက သာမန်ပဲ။ ထာဝရဖန်တီးမှုနေ့မှာ ဘိုးဘေးရဲ့အုတ်ဂူ တော်ဝင်မြေကိုလည်း ဝင်ရောက်ဖို့ အခွင့်အရေး မရှိဘူး။ ငါ့ရဲ့ကျင့်ကြံခြင်း အဆင့်ကနေ ရုပ်နယ်လွန်အဆင့်ကို တက်ရောက်ဖို့လည်း မဖြစ်နိုင်တော့ဘူးလေ။ ဒါကြောင့် ငါ့ရဲ့မျှော်လင့်ချက်ကို မင်းအပေါ်မှာပဲ ထားထားတယ်။ ငါသာ ရတနာကို ရနိုင်ခဲ့မယ်ဆိုရင် ဒါကမင်းကို အကျိုးပြုနိုင်လိမ့်မယ်”
“ထာဝရဖန်တီးမှု နေ့ရက်က နီးကပ်လာပြီမို့လို့ တောင်ပိုင်း အရုဏ်ဦးနယ်မြေ တစ်ခုလုံးကို မြူခိုးတွေက စတင်ဖုံးလွှမ်းလာနေပြီ။ မျိုးနွယ်စုကလည်း တော်ဝင်မြေကို ဝင်ရောက်ဖို့ ပြင်ဆင်မှုတွေလုပ်ရင်း အလုပ်ရှုပ်နေတာကြောင့် ငါတို့ရဲ့ လှုပ်ရှားမှုတွေကို သူတို့သတိပြုမိကြမှာ မဟုတ်ဘူး”
အဘိုးအိုက အဝေးမှနယ်မြေကို ကြည့်လိုက်သည်။ ညနေခင်းအချိန် သူတို့ရှေ့တွင် မြူမှုန်လွှာပါးပါးက လွှမ်းခြုံထားလျက်ရှိသည်။ နေရာမြင့်မြင့်မှ မြေပြင်သို့ ငုံ့ကြည့်လိုက်လျှင် တောင်ပိုင်း အရုဏ်ဦးနယ်မြေအတွင်း အဆုံးမဲ့ဧရိယာတစ်ခုလုံး မြူများထွက်ပေါ် ဖုံးလွှမ်းလျက်ရှိသည်ကို သူတို့တွေ့မြင်ရမည်ဖြစ်သည်။
ထိုလူကြီးက အသက်ပြင်းပြင်းရှူလိုက်ပြီး ခေါင်းညိတ်ပြသည်။
“ဒေါင်အာနဲ့ ရှန့်အာ ... မင်းတို့နှစ်ယောက်က နောက်ကနေ လိုက်လာလို့ရတယ်။ ဒီနေရာကနေ ထွက်ပေါ်လာတဲ့ သေခြင်းရဲ့ အငွေ့အသက်တွေတော့ ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ခြောက်သွေ့နေတဲ့ သစ်ပင်တွေကတော့ သူတို့ရဲ့ အသက်ဓာတ်ကို ဆုံးရှုံးထားတာကြောင့် သေခြင်းရဲ့အငွေ့အသက်တွေက သူတို့အတွင်းထဲမှာပဲ ရှိတယ်။ မင်းတို့နှစ်ယောက်သာ အဲဒီအရာတွေကို မင်းတို့ခန္ဓာကိုယ်ထဲ စုပ်ယူနိုင်ခဲ့ရင် မင်းတို့အတွက် အကျိုးရှိလိမ့်မယ်”
အဘိုးအိုက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး တိုးညင်းစွာပြောသည်။
“ဒီရောမှာ ညအချိန်ရောက်လာတာနဲ့ ပြောင်းလဲမှုတစ်ခုက ပုံမှန်ဖြစ်ပျက်တတ်တယ် ... အဲဒါကို ရက်အနည်းငယ် စောင့်ကြည့်ပြီး တစ်ကြိမ် ဝင်ရှာဖွေခဲ့ပေမဲ့ ပေ ၁၀၀၀၀လောက် ခရီးရောက်ခဲ့ပြီးတာနဲ့ ငါရပ်ခဲ့လိုက်ရတယ်။ ဒါပေမဲ့ မျိုးနွယ်စုရဲ့ သေဆုံးခြင်း အနှစ်သာရပုလဲနဲ့ ဆိုရင်တော့ ငါအထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်လိမ့်မယ်”
အဘိုးအို၏ မျက်လုံးထဲတွင်တော့ စိတ်အားထက်သန်သော အကြည့်တို့ ပြည့်နှက်နေသည်။
“အဖေ…”အဘိုးအိုဘေးမှာရှိသည့် သက်လတ်အပိုင်းအရွယ် လူကြီးက မဝံ့မရဲခေါ်လိုက်သည်။ စကားကိုဆက်မပြောမီ အဘိုးအိုကို တစ်ချက်ကြည့်လိုက်ရင်း အသံခပ်တိုးတိုးဖြင့် ပြောလာသည်။ “အဖေ ... ဒါက ရတနာ ပေါ်ပေါက်လာတာကြောင့် မဟုတ်ပဲ စီနီယာတစ်ယောက်ယောက် ဒီနေရာမှာ လေ့ကျင့်နေတာဆိုရင်ရော ... ကျွန်တော်တို့ရဲ့ ယူဆချက်ကသာ မှားယွင်းနေခဲ့မယ်ဆိုရင်…..”
“ဟားဟား ... မင်းမှာ ဒီလိုစိုးရိမ်တတ်တဲ့စိတ်ရှိတာ ကောင်းတယ်။ ငါလည်း အရင်က ဒီအကြောင်းကို စဉ်းစားခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီနေရာကို ငါနောက်ဆုံးအကြိမ် ရောက်ခဲ့တုန်းက ကံဆိုးမှုတစ်ခုမှ မကြုံခဲ့ရဘူး ... ပိုအရေးကြီးတာက အပင်တွေနဲ့ မြေကြီးက သူတို့ရဲ့ အသက်ဓာတ်စွမ်းအားကိုပဲ ဆုံးရှုံးခဲ့ရတာ ... သေခြင်းရဲ့အငွေ့အသက်တွေကေတာ့ ပျံ့လွင့်ပျောက်ကွယ် မသွားခဲ့ဘူး။ တကယ်လို့သာ စီနီယာ တစ်ယောက်ယောက်က ဒီနေရာမှာ တကယ်လေ့ကျင့်ပြီး ဒီလိုပြောင်းလဲမှုကြီး ဖြစ်စေခဲ့တာဆိုရင် ... ဘာလို့ သူက ဒီသေဆုံးခြင်း အငွေ့အသက်တွေကို မသုံးဘဲ ထားရတာလဲ”
“ဒီဖြစ်ရပ်က ရတနာတစ်ခု မွေးဖွားလာခြင်းနဲ့သာ ရှင်းပြနိုင်လိမ့်မယ်…”
အဘိုးအို ပြောလိုက်ချိန်တွင်တော့ အလင်းရောင်တို့ ပျောက်ကွယ် သွားခဲ့ပြီဖြစ်သည်။ ကောင်းကင်တစ်ခုလုံးက နက်မှောင်လျက်ရှိသည်။ လခြမ်းကွေးက ကောင်းကင်၌ ချိတ်ဆွဲနေလျက် လရောင်က ကမ္ဘာမြေပေါ်၌ ထွန်းလင်းစွာ ကျရောက်လျက်ရှိသည်။
“သိပ် အများကြီး မတွေးနေပါနဲ့ ... ကဲ ငါတို့ အခုသွားကြမယ်”
အဘိုးအိုသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ခြောက်သွေ့နေသည့်တောထဲသို့ ဦးဆောင် ဝင်ရောက်သွားသည်။ သူ့နောက်မှာတော့ သက်လတ်ပိုင်းလူကြီးက သတိချပ်လျက် လိုက်ပါလာသည်။ လူငယ်နှစ်ဦးကတော့ အသက်ဓာတ် ဆုံးရှုံးထားသည့် အပင်များထံမှ သေဆုံးခြင်း အငွေ့အသက်တို့ကို စုပ်ယူလျက် စိတ်လှုပ်ရှားစွာဖြင့် နောက်မှလိုက်ပါ လာကြချေသည်။ သူတို့အမူအရာများက ပို၍ပို၍ စိတ်အားထက်သန် လာကြလေသည်။
သူတို့က ရှေ့သို့ လျင်မြန်စွာ မသွားကြပေ။ သေဆုံးနေသည့် သစ်တောအတွင်းသို့ လျှောက်လှမ်းဝင်ရောက် လာသည်နှင့်အမျှ အက်ကွဲနေသည့် မြေပြင်နှင့် ညိုးရော်ခြောက်သွေ့နေသည့် အပင်တို့က သူတို့မြင်ကွင်းအတွင်း ဝင်ရောက်လာသည်။ အဘိုးအိုကတော့ မည်သို့မျှ သက်ရောက်ခံရပုံ မပေါ်သော်လည်း သက်လတ်ပိုင်း လူကြီးကတော့ ချွေးတို့ဖြင့် ရွှဲနစ်လာချေသည်။
“ဒါက ခြောက်သွေ့နေတဲ့ အပင်တွေချည်းပဲဆိုရင် ထူးဆန်းနေမှာမဟုတ်ဘူး၊ ဒါပေမဲ့ မြေပြင်ကပါ ဆိုးဆိုးရွားရွား အက်ကွဲနေခဲ့တာဆိုတော့ ... ဒီနေရာမှာရှိတဲ့ မြေပြင်ကိုယ်တိုင်ကကို သူ့ရဲ့အသက်ဓာတ်စွမ်းအားကို ဆုံးရှုံးလိုက်ရပုံပဲ ... ငါတို့လို ပုချန့်မျိုးနွယ်စုက လူတွေအတွက် ဒီနေရာက လေ့ကျင့်ဖို့ နေရာကောင်းတစ်ခု ဖြစ်လာလိမ့်မယ်။ ငါသာ ဒီနေရာမှာ လေ့ကျင့်မယ်ဆိုရင် ... ပုချန့်မျိုးနွယ်က ဒီနေရာမှာ နေတာမဟုတ်တာတော့ သနားစရာပဲ ... ဒီနေရာကိုမရတာက မျိုးနွယ်စုအတွက်တော့ ဆုံးရှုံးမှုတစ်ခုပဲ”
သက်လတ်ပိုင်းလူကြီးက အသက်ပြင်းပြင်းရှူပြီး တွေးတော လိုက်မိလိုက်ပြီး နောက်တွင်တော့၊ ထိုအစား သူသည်လည်း ရတနာရှာရန်သာ စိတ်အားထက်သန် လာတော့သည်။
လူငယ်အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်အတွက်တော့ သူတို့သည် တအံ့တသြ ဖြစ်လျက်ရှိပြီး စိတ်လှုပ်ရှားခြင်း မရှိတော့ပဲ ပို၍ စိတ်အားထက်သန် နေကြ၏။
ထိုအချိန်၌ အနည်းငယ်ကွာဝေးသည့် တောင်ထွတ်များထဲရှိ တစ်ခုမှ ငိုကြွေးမြည်တမ်းသံတို့ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုမြည်တမ်းသံတို့သည် ပြင်းထန်သော်ငြား သာမန်လူတို့ မကြားနိုင်ချေ။ စွမ်းအား အတော်အသင့် မြင့်သည့်လူတို့သာ ကြားနိုင်လေသည်။
အဘိုးအို၏ အမူအရာက ပြောင်းလဲသွားပြီး ထိုငိုကြွေးမြည်တမ်းသံတို့အား သူကြားလိုက်ရသည်မှာ အသေအချာပင်။ သက်လတ်ပိုင်း လူကြီးသည်လည်း ကြားလိုက်ရပုံပေါ်ပြီး သူ၏ချီတို့က အထိန်းအချုပ်ကင်းမဲ့စွာ လှည့်ပတ်သွားကြကာ နှလုံးခုန်နှုန်းအား အဆပေါင်းများစွာ မြန်ဆန်သွားစေသည်။
သူပင် ထိုကဲ့သို့အခြေအနေမျိုး ဖြစ်ပျက်သွားခဲ့သည်ဆိုလျှင် လူငယ်နှစ်ဦးအတွက်တော့ ပို၍ပင် ဆိုးရွားသွားစေသည်။ လူငယ်နှစ်ယောက်စလုံး၏ မျက်နှာတို့သည် ဖြော့တော့လျက်ရှိသည်။ သူတို့သည် ထိုငိုကြွေးမြည်တမ်းသံတို့ကို မကြားရသော်ငြား သူတို့၏ နှလုံးသား စုတ်ပြဲသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
အဘိုးအိုသည် အေးအေးဆေးဆေး ထွက်ခွာသွားပြီး ညာဘက်လက်ဖြင့် ရင်ဘတ်ထဲမှ အနက်ရောင်ပုလဲကို ထုတ်ယူလိုက်သည်။ ပုလဲနက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင် ဧရိယာတစ်ခုလုံးသည် မြေပြင်နှင့် သစ်ပင်များဆီမှ ထွက်ပေါ်လာသည့် အနက်ရောင် အခိုးအငွေ့တို့နှင့် ချက်ချင်း ပြည့်နှက်သွားသည်။ ၎င်းတို့သည် ပုလဲအတွင်းသို့ စုစည်း ဝင်ရောက်သွားကြပြီး ထိုမှတစ်ဆင့် လူလေးယောက်ကို ဖုံးအုပ် ကာကွယ်ထားသည့် အနက်ရောင် အလင်းမျက်နှာပြင်အဖြစ် ပြောင်းလဲသွားချေ၏။
“နောက်ဆုံးအခေါက် လာခဲ့တုန်းက ငါဒီနေရာကို ရောက်ခဲ့တယ်။ အခု ဒီသေခြင်း အနှစ်သာရပုလဲကြောင့် ငါတို့တွေ ပိုအဆင်ပြေလိမ့်မယ် ... ဒီပုလဲကြောင့်သာ မဟုတ်ရင် ပိုပြင်းထန်လာတဲ့ မြည်တမ်းသံတွေကြောင့် အနှောင့်အယှက် ဖြစ်ရမှာအမှန်ပဲ…”
အဘိုးအိုက စကားပြောနေရင်း ရှေ့သို့ဆက်လျှောက် သွားလိုက်သည်။
နောက်ဘက်ရှိ လူသုံးယောက်သည်လည်း သူ့နောက်သို့ လျင်မြန်စွာ လိုက်ပါသွားကြ၏။ အနက်ရောင် အလင်းမျက်နှာပြင်၏ အကာအကွယ်အောက်မှနေ၍ သူတို့သည် တောင်တည်ရှိရာ တော၏အနက်ဆုံးအပိုင်းဆီသို့ တစ်ဖြေးဖြေး တိုးဝင်သွားကြသည်။
လရောင်အောက်တွင်ပင် တောင်ထိပ်သည် ဖုံးကွယ်ခံထားရသကဲ့သို့ ရှင်းရှင်းလင်းလင်း မမြင်ရချေ။ သူတို့နှင့် ငိုကြွေးမြည်တမ်းသံတို့ကြား၌ အလင်းအကာအကွယ် ရှိနေသော်ငြား တောင်ဆီမှလာသည့် ငိုကြွေးသံတို့ကိုတော့ ကြားနေရဆဲပင်ဖြစ်သည်။
“ရတနာက တောင်ထိပ်မှာ ရှိနေတာ ဖြစ်ရမယ်…”
အဘိုးအိုသည် သူ့စိတ်လှုပ်ရှားမှုကို ထိန်းချူပ်လိုက်ပြီး သူ့နောက်ရှိ လူသုံးဦးကိုလည်း ခေါ်ဆောင်၍ တောင်ထိပ်ဆီသို့ လျင်မြန်စွာဖြင့် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ချေသည်။
တောင်ထိပ်သည် အမှန်ပင် မဖြစ်ထွန်းသည့် နေရာတစ်ခုသဖွယ်…။
ဤနေရာရှိ သစ်ပင်တို့သည် ကြာမြင့်စွာကပင် ခြောက်သွေ့ပြာကျ သွားခဲ့ဟန်တူသည်။ မရေမတွက်နိုင်သည့် အက်ကြောင်းတို့က တောင်တစ်ခုလုံးကို ဖုံးအုပ်ထားပြီး ထိတ်လန့်ဖွယ်ရာ ကောင်းနေစေသည်။ သို့သော်ငြား အဘိုးအိုသည် ထိုအရာတို့ကို သတိပြုမိခြင်း အလျင်းမရှိချေ။ သူသည် ရှေ့သို့ဆက်လျှောက်သွားပြီး မကြာမီ တောင်ထိပ်သို့ ရောက်ရှိသွားတော့သည်။
သို့သော် အဘိုးအိုသည် ရုတ်တရပ် ရပ်တန့်သွားပြီး သူ့နောက်ရှိ သက်လတ်ပိုင်း လူကြီးသည်လည်း ချက်ချင်းပင် ဖျော့တော့သွားပြီးနောက် စိတ်ပျက်သွားဟန်တို့က သူ့မျက်နှာပေါ်တွင် ပေါ်လာလေ၏။ သူတို့နှင့် ပေ၁၀၀ အကွာအဝေးရှိ တောင်ထိပ်တွင်တော့ ခြေချိတ်ထိုင်နေသည့် လူတစ်ဦးမှအပ မည်သည့်ရတနာမျှ ရှိမနေချေ။
သူတို့ရှေ့ရှိ ထိုလူ၏ ပုံသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ချေသည်။ သူ့မျက်နှာသည် မှေးမှိန်သော်ငြား အားကြီးသောတည်ရှိမှု တစ်ခုကတော့ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးအုပ်ထားချေသည်မှာ အဘိုးအိုနှင့် သက်လတ်ပိုင်းလူတို့၏ နှလုံးတို့ကို ထိန်းချူပ်မရနိုင်အောင် မြန်ဆန်လာစေ၏။ ထိုအရာသည် စိုးရိမ်မှုဆိုသည်ထက် ကြောက်ရွံ့ပူပန်မှုကြောင့်ပင်ဖြစ်သည်။
တကယ်တော့ ထိုလူ၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် တွန့်လိမ်ပုံပျက်နေပုံရပြီး ငိုကြွေးမြည်တမ်းသံတို့က ထိုတွန့်လိမ်နေသည့် နေရာတို့မှ ထွက်ပေါ်နေချေသည်။
အဘိုးအိုက မျက်မှောင်ကြုတ်လိုက်ရင်း အံ့အားသင့်စွာဖြင့် အနောက်သို့ ပြန်လည်ဆုတ်ခွာရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် သူတို့၏မျက်လုံးရှေ့၌ ရှိနေသည့် ခြေချိတ်ထိုင်နေသော ပုဂ္ဂိုလ်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
ထိုနက်ရှိုင်းသည့် အကြည့်တစ်ချက်တွင် အဖက်မတန်ဟန်တို့က အထင်းသားပင်။ ထိုပုဂ္ဂိုလ်၏ အေးစက်စက် အကြည့်တစ်ချက်တွင်ပင် သူ့ခေါင်းထဲတွင် အချက်ပေးသံတို့ မြည်ဟည်းသွားပြီး ခန္ဓာကိုယ်အတွင်းရှိ ချီတို့က အထိန်းအချူပ်မဲ့စွာ စတင် လှည့်ပတ်လာချေသည်။ အဘိုးအိုသည် မျက်နှာတစ်ခုလုံး ဖျော့တော့လျက်ရှိသည့် သက်လတ်ပိုင်းအရွယ် လူကြီးနှင့် သူတို့ကို မိုးကြိုးပစ်ခံလိုက် ရသကဲ့သို့ ထိုအကြည့်တစ်ချက်မှ ထွက်ပေါ်လာသည့် ဖိအားကြောင့် ငေးကြောင်ရပ်နေသည့် လူငယ်နှစ်ယောက်တို့ကို ဆွဲခေါ်ရင်း နောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။
ပေ၅၀၀ မကသည့် အကွာအဝေးသို့ သူတို့ဆုတ်ခွာ လာခဲ့ပြီးနောက်တွင်တော့ မမြင်ရသည့် တည်ရှိမှုတစ်ခုက နေရာတိုင်းမှနေ၍ သူတို့အပေါ် ပစ်မှတ်ထားနေသကဲ့သို့ အပြင်းအထန် ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ရသည်။ သူတို့ပတ်လည်သို့ မြောက်မြားစွာသော လရောင်အလင်းတို့ ကျဆင်းလာပြီး နှလုံးသားအတွင်း၌ ပိုမို၍ ကြောက်ရွံ့လာသည့် ခံစားချက်တို့ဖြင့် ပြည့်နှက်လာလေသည်။
“ရုပ်နယ်လွန်အဆင့် ... ဒီလူက သေချာပေါက်ကို ရုပ်နယ်လွန်အဆင့်ရှိတဲ့ စွမ်းအားကြီး မာန်စွမ်းအားရှင်ပဲ။ ဒီလိုမှမဟုတ်ရင် အကြည့်တစ်ချက်လေးနဲ့ ခုလို ကြောက်မက်ဖွယ်စွမ်းအားကို ဖော်ထုတ်နိုင်မှာမဟုတ်ဘူး…”
အဘိုးအိုက ပြန်လည်ဆုတ်ခွာနေမှုကို ရပ်တန့်လိုက်ပြီး ချွေးတို့က အရေပြားမှ စိမ့်ထွက်လာကြသည်။ ယခုလိုသာ ဆက်လက် ဆုတ်ခွာနေမည်ဆိုလျှင် သူသေချာပေါက်ကို သေရလိမ့်မည်ဟု ခံစားနေရချေသည်။
“စီနီယာ ... ကျွန်တော်က ပုချန့်မျိုးနွယ်ကပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ လွန်ကျူးမှုကို ခွင့်လွှတ်ပေးပါ…”
အဘိုးအိုက တောင်ထိပ်ရှိ ပုံရိပ်ထံသို့ လက်သီးဆုပ်ကို တခြားလက်ဖြင့် ထိကပ်လျက် အရိုအသေပေးရင်း လျင်မြန်စွာ ပြောဆိုလိုက်၏။ သူသည် စိတ်လှုပ်ရှားနေသော်ငြား အမူအရာတို့ကတော့ လေးစားမှုတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။
သူတို့အနား ပတ်ဝန်းကျင်သည် တိတ်ဆိတ်လျက် ကြားခဲ့ရသည့် ငိုကြွေးမြည်တမ်းသံတို့ပင် ပျောက်ကွယ် သွားသယောင်…။
တိတ်ဆိတ်စွာဖြင့် အချိန်တို့က ကုန်လွန်လာခဲ့ပြီး လူလေးယောက်သည်လည်း ပိုမို၍ စိတ်လှုပ်ရှားလာကြလေသည်။
“ပုချန့်မျိုးနွယ်လား ... ကောင်းပြီ မင်းလက်ထဲက ပုလဲကို ထားခဲ့ပြီး ထွက်သွားတော့…”
တိတ်ဆိတ်မှုထဲတွင် အဘိုးအိုသည် နှစ်ပေါင်းများစွာ အချိန်တွေ ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရပြီး ထိုပုဂ္ဂိုလ်၏ စကားတို့ကို ကြားသည်နှင့်တစ်ပြိုင်နက် တွန့်ဆုတ်ခြင်း အလျှင်းမရှိပဲ အနက်ရောင်ပုလဲကို ထုတ်ကာ ဘေးသို့ချထားလျက် ကျန်လူသုံးယောက်ကို ဆွဲခေါ်ရင်း လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။ သေခြင်းတရားဆီမှ ဆံတစ်ဖျားစာ လွတ်မြောက်လာသကဲ့သို့ ခံစားလိုက်ရပြီး သူ့ရင်ဘတ်တို့က ထိတ်လန့်စွာ ခုန်ပေါက်လျက်ရှိ၏။
ထိုညှိုးရော် ခြောက်သွေ့နေသည့် ဧရိယာမှ လွန်မြောက်သွားသော်ငြား သူတို့သည် မရပ်တန့်မီ နာရီပေါင်းများစွာတိုင် ဆက်လက် ပြေးလွှားနေခဲ့ကြ၏။ အဘိုးအို၏ မျက်နှာသည် အလွန်ကို ဖျော့တော့နေခဲ့ပြီဖြစ်သည်။ သူ့ခေါင်းကို ပြန်လှည့် ကြည့်လိုက်ချိန်တွင်တော့ ထိတ်လန့် ကြောက်ရွံ့မှုတို့က သူ့မျက်နှာတွင် အထင်းသားပင်။ သူ့အတွက် ယခုလေးတင် ဖြစ်ပျက်ခဲ့သော အရာမှာ သေရေး၊ ရှင်ရေး အခြေအနေဖြစ်သည်။
သူ့ဘေးရှိ သက်လတ်ပိုင်း လူသည်လည်း အသက်ကိုလျင်မြန်စွာ ရှူရှိုက်နေရ၏။ ထိုသူက အဘိုးအိုကြည့်လိုက်ရင်း ခပ်တိုးတိုး မေးလိုက်သည် “အဖေ၊ သူ ... သူက ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်လား”
“သူက ရုပ်နယ်လွန် အဆင့်မှာရှိတဲ့ သာမန်စွမ်းအားမြင့် မာန်စွမ်းအားရှင်တောင် မဟုတ်ဘူး ... သူက ရုပ်နယ်လွန် အလယ်ဆင့်မှာရှိတဲ့ မာန်စွမ်းအားရှင်တောင် ဖြစ်နိုင်တယ်”
အဘိုးအိုက ခဏတာ တွန့်ဆုတ်နေပြီးမှ ပြောလိုက်သည်။
“ရုပ်နယ်လွန် အလယ်ဆင့်မှာလား။ ဒါက ... အကြီးအကဲနဲ့တောင် အဆင့်တူတူပဲ မဟုတ်ဘူးလား။ ဟန်တောင်တန်း မြို့တော်ထဲမှာတောင် ရုပ်နယ်လွန် အလယ်အဆင့် မာန်စွမ်းအားရှင်ဆိုတာ သုံးယောက်ပဲရှိတာလေ…”
လူလတ်ပိုင်းကြီးသည် အသက်ကို ပြင်းပြင်း ရှူလိုက်မိ၏။
သူ့ဘေးရှိ လူငယ်နှစ်ယောက်သည်လည်း အလားတူပင် ထိတ်လန့်သွားလျက် ကြောက်ရွံ့မှု ခံစားချက်တို့ဖြင့် ပြည့်နှက်သွားရ၏။
“ဒီကိစ္စကို အပြင်မှာ မပျံ့နှံ့စေနဲ့။ ဒီလို စွမ်းအားမြင့် မာန်စွမ်းအားရှင် တစ်ယောက်ကို ငါတို့ရန်စလို့ မရဘူး…။ ဒီလူက ငါတို့ကိုသတ်ဖို့ စိတ်မဝင်စားတာကြောင့် လွတ်မြောက် လာခဲ့တာပဲ။ အဲဒီလိုမှမဟုတ်ရင်တော့…”
အဘိုးအို၏ နှလုံးသည် ကြောက်ရွံ့မှုကြောင့် ပြင်းထန်စွာ တုန်ခါသွားသည်။ သူက သူ့ရဲ့စကားလုံးတို့ကို လျင်မြန်စွာ ပြန်လည်မျိုချလိုက်ပြီး ကျန်သုံးဦးကို ဦးဆောင်ကာ အဝေးသို့ ထွက်ခွာသွားတော့သည်။
စုမင်က တောင်ထိပ်မှာ တိတ်ဆိတ်စွာထိုင်လျက် သူ့လက်အတွင်းမှာတော့ အနက်ရောင်ပုလဲကို ဆုပ်ကိုင်ထားချေသည်။ ထိုပုလဲသည် အဘိုးအိုချန်ထားခဲ့သော အရာဖြစ်သည်။ သူကပုလဲကို အချိန်ခဏတာ ကိုင်ထားခဲ့ပြီးနောက်မှာတော့ ထိုအရာကို သိုလှောင်အိတ်ထဲထည့်ကာ မတ်တတ် ထရပ်လိုက်တော့၏။
“ငါးကြိမ်မြောက် သွေးလောင်ကြွမ်းခြင်းက ငါ့ကိုအကြာကြီး အိပ်ပျော်သွားစေခဲ့တာပဲ…”စုမင်က မြည်တမ်းလိုက်ရင်း ခေါင်းကိုမော့ကာ အဝေးသို့ ကြည့်လိုက်သည်။ မှောင်မိုက်နေချိန် ဖြစ်သော်ငြား ကုန်းမြေကို ခပ်ပါးပါး မြူထုတစ်လွှာ ဖုံးအုပ်ထားသည်ကိုတော့ သူမြင်နိုင်သေးသည်။
“ဆရာ ... ဆရာက ၅လကျော် အိပ်ပျော်သွားခဲ့တာပဲ…။ ထာဝရဖန်တီးမှုနေ့ရက်က ရောက်ခါနီးနေပြီ။ လာမယ့်ရက် အနည်းငယ်အတွင်းမှာပဲ တောင်းပိုင်းအရုဏ်ဦး နယ်မြေတစ်ခုလုံးကို မြူတွေနဲ့ ဖုံးလွှမ်းသွားလိမ့်မယ်…”ဟယ်ဖုန်းက စုမင်စိတ်ထဲမှနေ၍ သတိထားလျက် ပြောလိုက်သည်။
ဤငါးလအတွင်း ပြင်ပကမ္ဘာနှင့် သူ့အကြား ဆက်နွှယ်မှုသည် အကန့်အသတ် ရှိကောင်းရှိနိုင်ခဲ့သည်။ စုမင်သည် အလွန်အိပ်မောကျသွားခဲ့ပြီး သူသည်လည်း စုမင်ခန္ဓာကိုယ်မှ ထွက်ခွာမသွားနိုင်ခဲ့သော်ငြား စုမင်က တစ်ဖြည်းဖြည်း ပိုမိုအားကောင်းလာသည်ကိုတော့ သူခံစားနိုင်သေး၏။ ထိုစွမ်းအားသည် ဟယ်ဖုန်းကိုပင် ထိတ်လန့်စေခဲ့ပြီး ထိုလူငယ်လေးသည် သူ့မျက်လုံးထဲတွင် ပိုမို၍ နားလည်ရန်ခက်ခဲလာလေသည်။
***