← Chapters

စစ်နတ်ဘုရားများ၏တိုက်ပွဲ (ဒုတိယပိုင်း)

Vol. 44 Ch. 608

စစ်နတ်ဘုရားများ၏တိုက်ပွဲ (ဒုတိယပိုင်း)

Vol. 44 Ch. 608

ရှင်းထျန်းထံမှ အနီရောင် အရှိန်အဝါများ ဖြာထွက်နေပြီး အလောင်းကောင်နှင့် သွေးကန်ထဲမှ ထွက်ပေါ်လာသော ကွပ်မျက်သူ နတ်ဘုရားဟု ထင်မှတ်ရသည်။

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသောကြောင့် အန်လင်း၏ ခန္ဓာကိုယ်လည်း တုန်ခါလာသည်။ ရှင်းထျန်း ဘဝသက်တမ်းတလျှောက် သတ်ဖြတ်ခဲ့သော ဘီလီယံနှင့်ချီသည့် သတ္တဝါများမှာ လေထုထဲတွင် ဝေ့ဝဲနေသောကြောင့် အတော်ပင် ထိတ်လန့်စရာ ဖြစ်နေသည်။

ကောင်းကင်ဘုံခုံရုံးတွင် ရှင်းထျန်း၏လက်မှာ သွေးစွန်းထင်းမှုအများဆုံးဟု ဆိုနိုင်သည်။

ထို့ကြောင့်ပင် ရှင်းထျန်းမှာ ကွပ်မျက်ခြင်းတာအိုနှင့် အသူရာတွင်းနက်တာအို နှစ်ခုလုံးတွင် ထိပ်ဆုံးရောက်ခဲ့ခြင်းပင်။

ယခုတွင်မူ ထိုတာအိုစွမ်းအင် နှစ်ခုလုံးအား အပြည့်အဝ ထုတ်ဖော်ခဲ့သည်။

ရှင်းထျန်း လက်အားဝေ့ယမ်းလိုက်သည်နှင့် ကြီးမားလှသော သွေးနီရောင် ပုဆိန်ကြီးတစ်ခု ပေါ်ထွက်လာသည်။ သတ်ဖြတ်ခံထားရသော စိတ်ဝိဉာဉ်များ၏ ဟစ်ကြွေးသံများနှင့်အတူ အကန့်အသတ်မဲ့သော တွင်းနက်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်မှာ ကမ္ဘာမြေပေါ် ငရဲခန်းကြီးတစ်ခု ပြောင်းရွှေ့လာသလိုပင် အမှတ်မှားနိုင်သည်။

"ဒီတိုက်ခိုက်မှုကြောင့် မင်းသေတောင်သေသွားနိုင်တယ်။"

သူသည် သေမင်းတစ်ပါးသဖွယ် ကြေညာလိုက်ပြီးနောက် သွေးနီရောင် ပုဆိန်ကြီးထံမှ သွေးငွေ့များ ဖြာထွက်လာသည်။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်ရှိ ကျောင်းသားများသည်ပင် ကျောချမ်းဖွယ် အရှိန်အဝါအား ခံစားမိလိုက်သည်။ ကမ္ဘာပျက်တော့မည့်အလား ကြောက်မက်ဖွယ် ကောင်းလွန်းနေသော စွမ်းအင်ဖိအားများကြောင့် အချိန်မရွေး ဘဝကူးသွားတော့မလိုပင် ထင်မှတ်မိရသည်။

အန်လင်း ရင်ဆိုင်ခဲ့ဖူးသော တိုက်ခိုက်မှုများထဲတွင်လည်း ဤတစ်ခုမှာ အကြမ်းတမ်းဆုံးပင်။

သူသည်လည်း အချိန်ဆွဲမနေပဲ အံ့ဖွယ်မီးတောက်လေးခုကို ထုတ်ဖော်ကာ နတ်ဘုရားမီးတောက်ဓားကို ဖြစ်ပေါ်စေလိုက်သည်။

အင်မော်တယ်လက်နက်များအား သုံးမရသောကြောင့် စစ်နတ်ဘုရားခုတ်ချက်ခြောက်ချက်ကို အသုံးပြုလိုသောအခါ သူ၏ကိုယ်ပိုင်စွမ်းအင်အား အသုံးချရသည်။

ဓားထဲတွင် မည်သည့်အဆီအနှစ်မှ ရှိမနေသဖြင့် မြှုပ်နှံခြင်းဓားသိုင်းအား အသုံးမပြုနိုင်ပဲ ဓားတစ်ရာနည်းစနစ်ကိုသာ အစားထိုး သုံးရပေလိမ့်မည်။

အန်လင်းဓားအား ဝေ့ယမ်းလိုက်သည်နှင့် ထက်ရှလှသော ဓားစိတ်ဆန္ဒများမှာ ကိုးဆယ့်ရှစ်ထပ် တစ်ထပ်လုံးကို လွှမ်းခြုံသွားသည်။

ကြောက်မက်ဖွယ် စွမ်းအင်များနှင့်အတူ နတ်ဘုရားမီးတောက်ဓား ကိုးဆယ့်ကိုးလက် ရုပ်လုံးပေါ်လာကာ ရှင်းထျန်းထံ ပျံဝဲသွားတော့သည်။

ရှင်းထျန်းမှာ မျက်နှာတစ်ချက် ပျက်မသွားပဲ သူ၏လက်ကောက်ဝတ်မှ အနက်ရောင်ကွင်းနှစ်ခုမှာ လေထဲပျံတက်လာပြီး စက်ဝန်းအကာအရံတစ်ခုအဖြစ် ပြန့်ကားလာသည်။

ဝုန်း...ဝုန်း....ဝုန်း.....

အဖျက်စွမ်းအင် လှိုင်းဂယက်များနှင့်အတူ နတ်ဘုရားဓားများ တစ်လက်ပြီးတစ်လက် ပျက်စီးသွားပြီးမှသာ စက်ဝန်းအကာအရံထဲ ဖောက်ဝင်နိုင်သွားသည်။

ထိပ်တိုက်တွေ့ဆုံမှု တစ်ခုချင်းစီသည် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါနေစေပြီး နတ်ဘုရားဓား ကိုးဆယ်မြောက်တွင် စက်ဝန်းအကာအရံမှာလည်း အတော်အားကုန်နေလေပြီ။

"ဝှစ်....."

လေတိုးသံနှင့်အတူ ကျန်ရှိနေသော ဓားကိုးလက်မှာ စက်ဝန်းအကာအရံထဲ လျင်မြန်စွာ ပျံဝဲသွားသည်။

ထိုအခိုက်အတန့်တွင် ရှင်းထျန်းမှာလည်း အန်လင်းအား ခုတ်ပိုင်းရန် ပုဆိန်ကို မြှောက်ထားပြီး ဖြစ်သည်။

သွေးနီရောင် ပုဆိန်ကြီးမှာ ကောင်းကင်ကိုပင် ဖြိုခွင်းတော့မည်ဟု ထင်မှတ်ရသည်။

ကမ္ဘာမြေပြင် တုန်ဟီးမတက် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများနှင့် အကန့်အသတ်မဲ့သော တွင်းနက်စိတ်ဆန္ဒများမှာ ကောင်းကင်နှင့်မြေပြင်အား သွေးနီရောင်နှင့် မဟူရာရောင် ခြယ်မှုန်းပစ်လိုက်သည်။

နတ်ဘုရားဓားကိုးလက်မှာ ပုဆိန်နှင့်ပင် ထိတွေ့ချိန် မရလိုက်ပဲ ၎င်း၏အရှိန်အဝါ သက်သက်နှင့်ပင် ဖိနှိပ်ခံလိုက်ရသည်။

အန်လင်းသည် နောက်ဆုံးသောဓားအား အရှေ့သို့ ထိုးစိုက်လိုက်သည်။ သွေးနီရောင်နှင့် မဟူရာရောင်များသာ ကြီးစိုးနေသော ပတ်ဝန်းကျင်တွင် အံ့ဖွယ်မီးတောက် လေးခုနှင့် ဖန်တီးထားသော နတ်ဘုရားမီးတောက်ဓား တစ်လက်တည်းကသာ အရောင်အဝါ ကွဲပြားနေသည်။

ဝုန်း.....

ကြမ်းတမ်းခက်ထန်သော ထိပ်တိုက်တွေ့ဆုံမှုနှင့်အတူ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်မှာ တစ်ကြိမ်တစ်ခါမှ မဖြစ်ခဲ့ဖူးသော အရှိန်နှင့် တုန်ခါယိမ်းထိုးလာသည်။

ကွပ်မျက်ခြင်းတာအို၊ အသူရာတွင်းနက်တာအိုနှင့် စစ်နတ်ဘုရားခုတ်ချက်ခြောက်ချက်တို့၏ စွမ်းအင်များ ပေါက်ကွဲမှုကြောင့် ကိုးဆယ့်ရှစ်ထပ်မြောက်ရှိ ခုခံကာကွယ်ရေး ဝင်္ကပါများ စတင်အက်ကွဲလာရသည်။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်ရှိ ကျောင်းသားများမှာလည်း အန်လင်းနှင့် ရှင်းထျန်းတို့အား မတွေ့ရတော့ပေ။

သလင်းကျောက် မျက်နှာပြင်သည် အနက်ရောင်၊ အနီရောင်နှင့် မီးတောက်ရောင်စဉ်များဖြစ်သော အဝါ၊ အဖြူ၊ အပြာနှင့် ခရမ်းတို့အဖြစ် ပြောင်းလဲနေသည်။

ဝုန်း.....

ကျယ်လောင်လှသော အသံနှင့်အတူ သလင်းကျောက် မျက်နှာပြင်မှာလည်း အပိုင်းပိုင်းအစစ ကွဲအက်သွားတော့သည်။

စောင့်ကြည့်နေသော ကျောင်းသားများအားလုံး ကြောင်တိကြောင်တောင် ဖြစ်ကုန်ရလေသည်။

သလင်းကျောက် မျက်နှာပြင်အား အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကာကွယ်ရေးစွမ်းအင်များဖြင့် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ယခုအခါ သလင်းကျောက် မျက်နှာပြင် ပေါက်ကွဲသွားသောကြောင့် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ခုခံကာကွယ်ရေး ဝင်္ကပါများလည်း ပျက်စီးသွားပြီဟု ဆိုနိုင်သည်။

ထိုအတွေးကြောင့် အားလုံးမှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်အား လှမ်းကြည့်လိုက်မိကြသည်။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ထိပ်ဖျားနားတွင် သွေးနီရောင်၊ မဟူရာရောင် မီးတောက်ရောင်စဉ်လေးခု ဖြာထွက်နေသည်ကို တွေ့လိုက်ရသည်။

ရွှမ်းယွမ်ချန်: "......"

ထန်းရှီးမန်: "........"

ကျောင်းသားများအားလုံး: "......"

"အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ရဲ့ အကာအကွယ် ဝင်္ကပါတွေက ပျက်စီးသွားပြီလား။ ဒါပေမယ့် အန်လင်းက အစွမ်းကို တစ်ရာခိုင်နှုန်းထိ လျှော့ခံထားရတာလေ။"

"ထင်ထားတဲ့အတိုင်းပဲ ကြောက်စရာကောင်းတဲ့ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ကတောင် နတ်ဘုရားအန်ကို ထိန်းမထားနိုင်ဘူး။"

"တိုက်ပွဲရလဒ်က ဘယ်လိုလဲ။ ရလဒ်ကို အရမ်းသိချင်နေပြီ။ တားမြစ်ဧရိယာရဲ့ စောင့်ရှောက်သူက ဘယ်ရောက်သွားတာလဲ။"

"ဟုတ်တယ်။ ရုပ်သံထုတ်လွှင့်မှု ပြန်စပေးပါဗျိုး.....ဒါမျိုးက လွတ်သွားလို့ မဖြစ်ဘူး။"

ကျောင်းသားများမှာ စိတ်မရှည်နိုင်တော့ပဲ အော်ဟစ်တောင်းဆိုနေသည်။

ပိုင်ကျုံးမှာ မြင်တွေ့နေရသော မြင်ကွင်းကြောင့် အလွန်ပင် ကြောက်ရွံ့နေမိသည်။

စမ်းသပ်ခံ ကျောင်းသားများသည် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ အမြင့်ဆုံးသော အထပ်များကို ရောက်နေသောကြောင့် သူအနားရပြီဟု ထင်ခဲ့မိသည်။ သို့သော် တိုက်ပွဲမှ ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်ကပင် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ အကာအကွယ် ဝင်္ကပါများကို ဖျက်စီးပစ်နေသည်။

အဲ့ကျောင်းသားက လူသားရော ဟုတ်ရဲ့လား....စွမ်းအင် တစ်ရာခိုင်နှုန်းနဲ့ ဘယ်လိုတွေတောင် ကြမ်းနေရတာလဲ.....

ပိုင်ကျုံး ရှင်းစရာရှိသည်များ ရှင်းလင်းရန် ချက်ချင်းလှုပ်ရှားလိုက်သည်။ ထိခိုက်ပျက်စီးသွားများ ပြင်ဆင်ကာ အကာအကွယ် ဝင်္ကပါတစ်ခု ထပ်မံပြုလုပ်ပြီးမှသာ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် နေရာသို့ ပြန်သွားကာ တိုက်ပွဲဆက်ကြည့်ရန် တွေးလိုက်စဉ်မှာပင် မျှော်စင်အောက်ခြေမှ မကျေမနပ် အော်ဟစ်သံများ ကြားလိုက်ရသည်။

ထိုအချိန်မှသာ သလင်းကျောက် မျက်နှာပြင်လည်း ပျက်စီးသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။

ပိုင်ကျုံးသည် ဆဲဆိုသံများကို သည်းခံကာ သလင်းကျောက် မျက်နှာပြင်အား ပြင်ဆင်ပေးလိုက်ပြီးနောက် နာကျင်နေသော နှလုံးသားတစ်စုံနှင့်အတူ ပြန်ထွက်လာခဲ့သည်။

နှစ်ပေါင်းများစွာအတွင်း သူသည် သတိရှိကာ အလွန်အလုပ်ကြိုးစားသော စောင့်ရှောက်သူအဖြစ် သတ်မှတ်ခံခဲ့ရပါသော်လည်း ယနေ့တွင် အဆဲခံရလိုက်၊ အဆူခံရလိုက် ဖြစ်နေသည်။

ယီးထဲမှ.....ငါဘာများလုပ်မိလို့လဲကွာ....

စမ်းသပ်ခံတွေက ပညာပေးရုံတင် မဟုတ်ဘူး....စောင့်ကြည့်နေတဲ့ ကျောင်းသားတွေဆီက အဆူအဆဲပါ ခံရသေးတယ်....အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ထဲက အံ့ဖွယ်စိတ်ဆန္ဒကလည်း ငါ့ကိုဒေါသထွက်တယ်....ကောင်းကင်အရှင်သခင်ဆီ လှမ်းဆက်သွယ်တုန်းကလည်း သူ့လေသံက ခပ်မာမာနဲ့.... 

ပိုင်ကျုံးမှာ အတွေးများနှင့်အတူ အီးမှန်ထားသောမျက်နှာ ဖြစ်နေသည်။

ငါဘာတွေမှားခဲ့တာလဲ......ကိုးပြစ်ရှိလည်းကြေပါ....ဆယ်ပြစ်ရှိလည်း ကြေပါတော့ကွာ....

ပိုင်ကျုံးမှာ အလွန်အမင်း စိတ်ပင်ပန်းနေပြီး တာဝန်မှ အနားယူရန်ပင် တွေးတောမိသည်။

...........

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်ရှစ်ထပ်မြောက်၌

ရှင်းထျန်းမှာ မောပန်းနွမ်းနယ်နေပြီး ပုဆိန်ကြီးအား ကိုင်ဆောင်ထားသော လက်မှာလည်း တုန်ရီနေလေပြီ။

အန်လင်းသည်လည်း ပင်ပန်းမှုဒဏ်ကြောင့် မြေပြင်ပေါ် ဒူးတစ်ဖက် ထောက်ထားရသည်။ အံ့ဖွယ်မီးတောက် လေးခုနှင့်အတူ ဓားတစ်ရာနည်းစနစ်ကိုပါ ယှဉ်တွဲအသုံးပြုရသောကြောင့် စွမ်းအင်များအားလုံး ကုန်ခမ်းတော့မလို ဖြစ်သွားခဲ့သည်။

"မင်းက ကွပ်မျက်ခြင်းတာအိုနဲ့ အသူရာတွင်းနက်တာအို နှစ်ခုလုံး ပေါင်းထားတဲ့ ငါ့ရဲ့နောက်ဆုံးတိုက်ကွက်ကိုတောင် ခံနိုင်ရည်ရှိမယ် ထင်မထားဘူး။ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ကို လာဖူးတဲ့ ကျောင်းသားတွေထဲမှာ မင်းကပါရမီ အရှိဆုံးပဲ။ ဘာပဲပြောပြော အခုတော့ အားလုံးပြီးသွားပါပြီ။"

ရှင်းထျန်း ခပ်ဖွဖွပြုံးကာ သွေးနီရောင် ပုဆိန်ကြီးဖြင့် အန်လင်းအား ခုတ်ချလိုက်သည်။

တိုက်ခိုက်မှုမှာ လျင်မြန်အားကောင်းလွန်းလှသောကြောင့် အန်လင်း ရှောင်ရှားချိန် မရလိုက်ပေ။

ကြောက်မက်ဖွယ် ထက်ရှမှုများနှင့်အတူ ပုဆိန်သွားမှာ အန်လင်း ရင်ဘတ်ပေါ် ကျဆင်းလာသည်။

ကွပ်မျက်ခြင်းစွမ်းအင်နှင့် အသူရာတွင်းနက်၏ ဝါးမြိုခြင်းစွမ်းအင်များမှာ အန်လင်း၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားပြန်သည်။

အန်လင်းမှာ လွင့်ထွက်သွားကာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်နှင့် ရိုက်မိသွားပြီး မြေပြင်ပေါ် ပြုတ်ကျလာသည်။ အဖျက်စွမ်းအင် နှစ်ခုသည် သူ၏ခန္ဓာကိုယ် တစ်ခုလုံးအား လွှမ်းခြုံထားသလို ကောင်းကင်နှင့်မြေပြင်မှာလည်း သွေးနီရောင်နှင့် မဟူရာရောင်များ ယှက်သန်းနေသည်။

စောင့်ကြည့်နေသော ကျောင်းသားများအားလုံးမှာ နှလုံးထွက်ကျမတက် ထိတ်လန့်နေမိသည်။

အန်လင်း ဖိနှိပ်ခံနေရသည်ကို ၎င်းတို့အနည်းငယ် စိတ်ပျက်နေကြသည်။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်ရှစ်ထပ်မြောက်အား ပထမဆုံး အောင်မြင်သူအဖြစ် အန်လင်းကို ဖြစ်စေချင်ကြသည်။

ဖုန်မှုန့်များ ပျောက်ကွယ်သွားပြီးနောက် ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။

အားလုံးမြင်လိုက်ရသည်မှာ သတိလစ်နေသော ပုံရိပ်တစ်ခု မဟုတ်ပေ။

အန်လင်းသည် အကောင်းအတိုင်း ရှိနေဆဲ ဖြစ်သည်။

သူသည် တုနှိုင်းမဲ့ နတ်ဘုရားတစ်ပါးအလား ရှင်းထျန်းထံ လျှောက်လှမ်းသွားသည်။

ရှင်းထျန်းမှာ မယုံကြည်နိုင်ဖြစ်ကာ အသက်ရှူသံများလည်း မြန်နေသည်။

"မ....မဖြစ်နိုင်ဘူး။ မင်းဘာလို့ အကောင်းအတိုင်း ရှိနေသေးတာလဲ။"

ဘာလို့လဲဟုတ်လား.....ဟမ့်....အရေထူလို့ပေါ့ဗျ.....

ဒါပေမယ့် ခင်ဗျားကို ပြောပြစရာလား....

အန်လင်း ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။

"ဘာလို့လဲဆိုတော့ စစ်နတ်ဘုရားအစစ်က ကျွန်တော်မို့လို့လေ။"

All Chapters