← Chapters

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုသို့ သွားရောက်လည်ပတ်ခြင်း

Vol. 11 Ch. 140

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုသို့ သွားရောက်လည်ပတ်ခြင်း

Vol. 11 Ch. 140

စုမင်အမူအရာက ပြောင်းလဲခြင်းမရှိပေ။ သူက တောင်ထိပ်မှာ အေးဆေးစွာ ပြန်ထိုင်ချလိုက်ပြီး ရှေ့အကွာအဝေးမှာရှိသည့် မြူတို့ကိုကြည့်လိုက်သည်။ မြူတို့သည် ပါးလွှာသည်ဟု ထင်ရသော်လည်း ၎င်း၏အဆုံးကိုပင် မမြင်ရသည်အထိ ဧရိယာတစ်ခုလုံးကို ကျယ်ပြန့်စွာ ဖုံးအုပ်ထားချေသည်။ ထိုအရာက လူတို့အား မြူပင်လယ်ကြီးအတွင်း ကျရောက်နေသကဲ့သို့ ခံစားချက်မျိုးကိုပင် ပေးစွမ်းနေသေးသည်။

ဤသို့ ထူးခြားသည့် ရာသီဥတုမျိုးက စုမင်တစ်ခါမျှ မကြုံခဲ့ဖူးသည့် အရာတစ်ခုဖြစ်သည်။ နက်မှောင်တောင်တွင် သူဆယ်နှစ်ကျော် နေခဲ့ဖူးသော်လည်း နံနက်ခင်းမှလွဲ၍ မြူတို့သည် ကုန်းမြေကို ကျယ်ပြန့်စွာ ဖုံးလွှမ်းသည်မှာ အလွန်ပင်ရှားပါးလှသည်။

“ထာဝရ ဖန်တီးမှုနေ့ရက်​…”

စုမင် သူ့ခေါင်းကို ပြန်ငုံ့လိုက်ချိန်တွင် ဆံပင်ရှည်တို့က သူ့မျက်နှာကို ဖုံးအုပ်သွားကြသည်။ သူသည် ထိုနေရာ၌ လှုပ်ရှားခြင်းအလျှင်းမရှိပဲ ထိုင်နေပုံမှာ နောက်တစ်ဖန် နှစ်ခြိုက်စွာ အိပ်မောကျ သွားသကဲ့သို့ပင်။

ဟယ်ဖုန်းသည် ခနတာတွန့်ဆုတ်နေပြီးမှ အသံခပ်တိုးတိုးဖြင့် ပြောလာသည်။

“သ ... သခင်၊ ထာဝရဖန်တီးမှုနေ့ရက်က မျိုးနွယ်စုသုံးခု ဟန်တောင်တန်းမြို့တော်က ဥမင်ကိုဖွင့်မယ့်နေ့ပဲ။ အခုမသွားရင် ကျွန်တော်တို့မှီမှာ မဟုတ်တော့ဘူး”

စုမင်က မည်သည့်စကားမျှ ပြန်ပြောမလာပေ။ အချိန်က နောက်တစ်နာရီ ကုန်ဆုံးသွားခဲ့ပြီး မြူတွေ ပိုထူထပ်လာတဲ့အခါမှာတော့ စုမင်ခေါင်းကို မော့လာချေသည်။ စုမင်က တောင်ထိပ်မှာ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ထိုခန၌ လေပြေတို့က သူ့ဆံပင်ကို ဖြတ်တိုက်သွားချိန်တွင် ဆံပင်တို့က ခေါင်းနောက်သို့ လွင့်သွားသောအခါ သူ့မျက်နှာပေါ်တွင် ဒဏ်ရာအမာရွတ်တစ်ခု ပေါ်လာချေသည်။

သူသည် မြေထုကိုဖုံးလွှမ်းထားသည့် မြူတို့ကိုကြည့်လိုက်ပြီး ညာဘက်လက်ဖြင့် ရင်ဘတ်ထဲမှ အနက်ရောင် ခပ်ပါးပါးဝတ်ရုံရှည်ကို ထုတ်ယူလိုက်သည်။ သူ၏ ညစ်ပေနေသည့် အဝတ်အစားတို့ကို လဲလှယ်ပြီးသည်နှင့် သိုလှောင်အိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြန်သည်။

ထိုအရာက အနက်ရောင်မျက်နှာဖုံး ဖြစ်ပြီး စုမင်က ထိုအရာကို ဝတ်ဆင်လိုက်သည်။

စုမင် ထိုသို့လုပ်လိုက်သည်နှင့် သူ၏တည်ရှိမှုသည် ရုတ်တရက်နက်နဲစွာ ပြောင်းလဲသွားပြီး ထိုနေရာ၌ သူရှိမနေသကဲ့သို့ ထင်ရစေသည်။ တစ်စုံတစ်ဦးကသာ သူ့ကို တိုက်ရိုက်ရှာဖွေခြင်း မပြုလျှင် သူ့ကိုသတိပြုမိရန် အလွန်ပင် ခက်ခဲပေလိမ့်မည်။ မျက်နှာဖုံးသည် အနက်ရောင်ဖြစ်ပြီး ထိုအရာက စုမင်ကို ကြောက်မက်ဖွယ်ကောင်း၍ လျှို့ဝှက်ဆန်းကြယ်သော လေထုကို ပေးစွမ်းနေသည်။

ထိုအရာက သူ့အမူအရာကိုသာမက သူ့မျက်နှာကိုပါ ဖုံးကွယ်ထားပြီး မျက်နှာဖုံးပေါ်ရှိ မျက်လုံးပေါက်နှစ်ခုမှ ဂရုမစိုက်သည့် အကြည့်တို့ကိုသာ ဖော်ပြလျက်ရှိသည်။ စုမင်၏ ဆံပင်ရှည်တို့နှင့် ခေါင်းတစ်ခုလုံးကိုလည်း အနက်ရောင်ဝတ်ရုံရှည်၏ ခေါင်းစွပ်အတွင်း၌ ဖုံးကွယ်ထားခြင်း ခံရလေသည်။ ချောက်ချားဖွယ် အနက်ရောင် မျက်နှာဖုံးကိုသာ ဖော်ပြထားသည့် သူ့ပုံစံက နားလည်ရန်ခက်ခဲသည့် တည်ရှိမှု တစ်ခုအသွင်…။

ဟယ်ဖုန်း စုမင်ကိုမြင်သောအခါ မှင်တက်သွားမိ၏။ မဝေခွဲနိုင်သည့် အကြောင်းရင်း တချို့ကြောင့် စုမင်ကို သူတချို့နေရာတွင် မြင်ဖူးသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူစဉ်းစားချိန်မရလိုက်ခင်မှာပင် စုမင်သည် စတင်ရွေ့လျားသွားခဲ့ပြီဖြစ်သည်။

သည်နေရာသို့ ပထမ လာရောက်ခဲ့စဉ်အချိန်က စုမင်သည် သူ၏အမြန်နှုန်းကို အပြည့်အဝ အသုံးမပြုခဲ့ဟန်တူပြီး သွားလာရန် လဝက်ခန့် အချိန်ပေးခဲ့ရသည်။ ယခုတော့ ဤအကန့်အသတ်မရှိသည့် မြူထုကိုဖြတ်သန်းလျက် ခရီးနှင်ရန် ခြောက်ရက်သာ အချိန်ယူခဲ့လေသည်။

ခြောက်ရက်မြောက် နေ့တွင်တော့ သူ၏ သီးသန့်တောင်ထိပ်မှနေ၍ ဟန်တောင်တန်း မြို့တော်၏ ပိုင်နက်ဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဟန်တောင်တန်း မြို့တော်သို့ မရောက်ရှိသေးသော်ငြား ဤနေရာမှဆိုလျှင် ရောက်ရှိရန် သိပ်မဝေးတော့ချေ။

သူသည် ရှေ့သို့ ဦးတည်၍ ခရီးဆက်သွားနေစဉ်မှာပင် ဒေသအတွင်းရှိ မြူထုက ပိုမိုထူထပ်လာပြီး ရှေ့အကွာအဝေးအနည်းငယ်ကိုပင် မမြင်ရတော့ချေ။ မြင်ကွင်းအတွင်းရှိ အရာအားလုံးသည် မြူတို့ဖြင့်သာ ဖုံးလွှမ်းနေလျက်…။ ထိုနေ့တွေထဲတွင် ငှက်များ၊ သားရဲများသည်ပင် အစာရှာမထွက်ရဲသဖြင့် ပုန်းကွယ်နေကြဟန် တူသည်။

ကုန်းမြေတစ်ခုလုံးက တိတ်ဆိတ်လျက်။ အရှေ့သို့ လျင်မြန်စွာ ပြေးလွှားနေသည့် စုမင်ဆီမှ အသံတစ်ခုတည်းကသာ ထွက်ပေါ်လျက်ရှိသည်။

နောက်ထပ် သုံးရက် ကုန်ဆုံးသွားပြန်သည်။ စုမင်က ဟန်တောင်တန်းမြို့တော်ရှိရာသို့ လျင်မြန်စွာ ပြေးလွှားနေပြီး ထိုအမြန်နှုန်းကပင် ဟယ်ဖုန်းကိုထင်မြင်ချက် အမျိုးမျိုး ဖြစ်ပေါ်လာစေသည်။

သုံးရက်မြောက်နေ့တွင်တော့ ဟန်တောင်တန်းမြို့တော် ရှိရာသို့ ပထမအကြိမ် သွားခဲ့စဉ်က ရောက်ခဲ့သော တောင်ထိပ်သို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သည်။ မြူတို့ဖြင့် ဖုံးလွှမ်းနေသည့်မြို့တော်နှင့် ဝန်းရံနေသည့် တောင်သုံးလုံးဆီသို့ လှမ်းကြည့်လိုက်သည်။ သူ့မျက်စိက တစ်ချက်တောက်ပသွားပြီး ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တည်ရှိရာတောင်ဆီသို့ ဦးတည်သွားလိုက်သည်။

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တည်ရှိရာတောင်သည် မြူတို့ဖြင့်ဖုံးလွှမ်းနေသော်ငြား တောင်၏နယ်နိမိတ်တွင်သာ ပိုမိုထူထပ်နေသည့်ပုံပင်။ တောင်အတွင်းတွင်တော့ မြူထုက အနည်းငယ် ပိုပါးပြီး ထိုဧရိယာတစ်ဝိုက် မြင်နိုင်စွမ်း ရှိနေသည်။

တောင်သည် အလွန်ပင်ကြီးမားပြီး မြေပြင်မှနေ၍ မြင့်မားစွာ တည်ရှိနေသည်။ ယခုအချိန်တွင် တောင်ကို မြူခိုးတို့ ဖုံးလွှမ်းထားပြီး တောင်အောက်ခြေမှ မော့ကြည့်လျှင် နှိုင်းယှဉ်ရန် အလွန်သေးငယ်သကဲ့သို့ ခံစားရမည်ဖြစ်သည်။

စုမင်က ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တောင်ခြေတွင်ရပ်လျက် ခေါင်းကိုမော့ကာ တောင်ကို ခဏတာ လေ့လာလိုက်သည်။ သူ့အရှေ့မှာတော့ တောင်ထိပ်ဆီသို့ ဦးတည်နေသည့် ပေ၁၀၀အကျယ်ရှိသည့် လှေကားထစ်တို့ ရှိနေသည်။

ထိုအရာသည် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုဆီသို့ သွားရန် တစ်ခုတည်းသော လမ်းဖြစ်သည်။

‘ ဖန်းမုကိုတွေ့မယ်လို့ ငါပေးခဲ့တဲ့ကတိကို ချိုးဖောက်မိခဲ့တယ်။ ဒါကြောင့် ငါဒီနေရာကို ရောက်လာရတာပဲ’

စုမင် အကြည့်လွှဲလိုက်ရင်း ခေါင်းကိုငုံ့ကာ လှေကားထစ်တို့ဆီသို့ ဦးတည်လိုက်သည်။

ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုဆီသို့သွားရာ လှေကားထစ်ပေါ်သို့ ခြေချလိုက်မိသည်နှင့် တစ်ပြိုင်နက် ကြီးမားသည့်ဖိအားက သူ့အပေါ်သို့ ကျရောက်လာ၏။ ထိုဖိအားသည် မာန်စွမ်းအားရှင်ထံမှ ဖိအားမဟုတ်ပဲ တောင်ဆီမှ ဖိအားပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ခွန်အားကြီးမားသည့် အသံတစ်ခုက တောင်အတွင်းမှ ထွက်ပေါ်လာသည်​။

“ရပ်လိုက် ... ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက တစ်လခန့် ပိတ်ထားမှာဖြစ်လို့ လာရောက်သူအားလုံးကို လက်ခံမှာ မဟုတ်ဘူး…”

စုမင် သူ့ခြေလှမ်းတို့ကို ရပ်လိုက်သည်။ တောင်ထိပ်ဆီသို့ ဖြောင့်တန်းစွာ ဦးတည်နေသည့် လှေကားထစ်တို့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ထိုအသံမှလာသည့် ဖိအားတွင် အမည်မဖော်နိုင်သည့် ခွန်အားတို့ ပါဝင်နေကြောင်း သူခံစားမိသည်။ သူသာ ထိုဖိအားကိုဆန့်ကျင်၍ ရှေ့သို့ ဆက်တိုးမည်ဆိုပါက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တစ်ခုလုံးကို ရန်သူအဖြစ် ကြေညာလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မယ်။

“သခင် ... ကျွန်တော်တို့ ထွက်သွားသင့်တယ်။ ဒီအသံက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ စောင့်ရှောက်သူ မာန်နတ်ဘုရားရုပ်တုက အသံပဲ။ သူက တောင်တစ်ခုလုံးကို ကာကွယ်ထားတယ်။ ထာဝရဖန်တီးမှုနေ့ရက်က နီးလာပြီမို့ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုအနေနဲ့ အစောင့်အကြပ် တင်းကျပ်ထားမှာ အသေအချာပဲ။ သူတို့က ပြင်ပကလူတွေကို မျိုးနွယ်ထဲ ဝင်ခွင့်ပြုမှာ မဟုတ်ဘူး…”

“ကျွန်တော်တို့ မကျူးကျော်သင့်ဘူး  ... အကယ်၍ သခင်က ဟန်တောင်တန်း မြို့တော်ထဲကို ဝင်ချင်တာဆိုရင် ကျွန်တော့်မှာ ကူညီပေးနိုင်တဲ့ နည်းလမ်းတစ်ခုရှိတယ်…”ဟယ်ဖုန်းက လျင်မြန်စွာ ပြောလိုက်သည်။

ဟန်တောင်တန်း မြို့တော်၏ မျိုးနွယ်စုသုံးခုသည် ယနေ့အချိန်တွင် မည်မျှသန်မာ နေကြောင်းကို သူသိသည်။ သူသာဆိုလျှင်တော့ သည်နေရာကို လာမည်မဟုတ်ပဲ ထိုအစား ဟန်တောင်တန်းမြို့တော်၏ ဥမင်ထဲကိုဝင်ရန် တခြားနည်းလမ်းကိုသာ စဉ်းစားမည်မှာ အသေအချာဖြစ်သည်။

“သခင်၊ မစွန့်စားချင်ပါနဲ့ ... ငါတို့ ဒီနေရာကို ကျူးကျော်လို့မရဘူး”

စုမင် သူ့ကို လျစ်လျူရှုထားသည်ကို မြင်သောအခါ ဟယ်ဖုန်းနောက်တစ်ကြိမ် လျင်မြန်စွာ ပြောဆိုလိုက်သည်။ စုမင်က ငယ်ရွယ်ပြီး အတွေ့အကြုံ လုံလောက်စွာမရှိမည်ကို သူစိုးရိမ်သည်။ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုကို ကျူးကျော်ခြင်းက သူ့အတွက်တော့ အဓိပ္ပာယ်မရှိသည့် လုပ်ရပ်ပင်ဖြစ်သည်။ စုမင်ဒဏ်ရာ ရသွားနိုင်ရုံသာမက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုကို ဒေါသထွက် သွားစေနိုင်သည်။

စုမင်က တိတ်ဆိတ်လျက်ရှိပြီး ခဏအကြာမှာတော့ လှေကားထစ်မှနေ၍ အကြည့်လွှဲလိုက် လေသည်။

“ငါ ဆုံးဖြတ်ချက် ချပြီးပြီ”စုမင်က ဖြည်းညင်းစွာ ပြောလိုက်ပြီး လှေကားထစ်သို့ တက်လှမ်းလိုက်သည်။

ဒုတိယအကြိမ် လှေကားထစ်ပေါ်သို့ ခြေချလိုက်မိစဉ်မှာပင် တောင်မှနေ၍ ကျယ်လောင်သည့် ပဲ့တင်သံကြီး ထွက်ပေါ်လာပြီး ခွန်အားကြီးမားသော အသံကြီးကလည်း နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

“ကျူးကျော်သူတွေဟာ သူတို့ရဲ့စွမ်းအားကို ဖျက်ဆီးခံရမှာဖြစ်ပြီး ဟန်တောင်တန်းကနေ နှင်ထုတ်ခံရလိမ့်မယ်။ သူတို့ရဲ့ လုံခြုံမှုကိုလည်း ငါတို့က တာဝန်ဆက်ယူမှာ မဟုတ်ဘူး”

ခွန်အားပြည့်ဝသည့် အသံက ပျောက်ကွယ်သွားသော်ငြား တောင်မှလာနေသည့် ဖိအားကတော့ ထိုခနတွင် ပိုမိုပြင်းထန်လာပြီး စုမင်အနီးအနားရှိ မြူတို့သည်ပင် ထိုဖိအားကို ရှောင်ဖယ်လိုဟန်ဖြင့် ပြန့်ကျဲသွားကြသည်။

“သခင်”

ဟယ်ဖုန်း နားမလည်နိုင်တော့ချေ။ သူအခုလေးတင် စုမင်ကို ရပ်တန့်ရန် အကြံပေးခဲ့သော်ငြား စုမင်က နောက်တစ်ကြိမ် လှုပ်ရှားလိုက်ပြီး လှေကားပေါ်သို့ ဆက်တက်လိုက်သည်။

စုမင်အပြုအမူနှင့် ပတ်သက်၍ ဟယ်ဖုန်း နားမလည်နိုင်ချေ။ သူ့စိတ်ထဲတွင်တော့ ဟန်တောင်တန်း၏ ဥမင်ထဲသို့ ခိုးဝင်၍ ရှာဖွေခြင်းသည်သာ ပြဿနာအတွက် အကောင်းဆုံး အဖြေဖြစ်သည်။ ဤသည်က သူ၏အဆင့်အတန်းနှင့်လည်း ဆက်စပ်နေပေသည်။ မိမိ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြရန်နှင့် မလိုလားအပ်သော ပြဿနာများကို သူမဖြစ်စေလိုပေ။

သို့သော် စုမင်ကတော့ ထိုကဲ့သို့မတွေးပေ။ ဟန်တောင်တန်းမြို့တော်၏ မျိုးနွယ်စုသုံးခုသည် ဟန်တောင်တန်းကို နှစ်ပေါင်းရာနှင့်ချီ၍ အုပ်ချူပ်ခဲ့ကြသည်။ သူတို့သည် လျှို့ဝှက်နေရာများသို့ အကြိမ်ကြိမ် ဝင်ရောက်ခဲ့ပြီး ဖြစ်သောကြောင့် မျိုးနွယ်စုသုံးခုသည် မသေချာသည့် လူအရေအတွက်ဖြင့် ထိုနေရာသို့ ဝင်ရောက်လိမ့်မည် မဟုတ်ပေ။

သူတို့က အရေအတွက်များကို သတ်မှတ်ထားနိုင်ရုံသာမက တစ်ယောက်နှင့် တစ်ယောက်လည်း သိနေနိုင်သေးသည်။ အကယ်၍ ဂူသင်္ချိုင်းအတွင်းတွင် သူစိမ်းတစ်ယောက်ကို တွေ့လျှင် ဝိုင်းဝန်းတိုက်ခိုက်မည်မှာ အသေအချာပင်ဖြစ်သည်။

ထိုအဖြစ်အပျက်ပြီးလျှင်တော့ သူသည် မျိုးနွယ်စုသုံးခုလုံး၏ ရန်သူဖြစ်လာလိမ့်မည်။ စင်စစ်အားဖြင့်တော့ ထိုသို့သော လှည့်စားမှုမျိုးသည် ယခု ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုသို့ ဝင်ရောက်ရန် ကျူးကျော်ခြင်းထက် ပိုမို၍ ဆိုးရွားပေသည်။ အကယ်၍ သူ့ကိုသာ ရှာဖွေတွေ့ရှိသွားခဲ့ပါက ထိုအရာသည် မိမိကိုယ်ကို သေခြင်းဆီသို့ တွန်းပို့နေသကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ သူသည် မိမိ၏ အစစ်အမှန်ပုံရိပ်ကို မျက်နှာဖုံးနှင့်ဖုံးကွယ်၍ လွတ်မြောက်နိုင်သည် ဆိုသော်ငြား သူမည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန်ဖြစ်နိုင်ချေ မရှိသည်တော့ မဟုတ်ပေ။

ဒါက တကယ့်ကို စွန့်စားမှုတစ်ခုပဲ…

ဟယ်ဖုန်းက ထိုလမ်းကို ရွေးရင်ရွေးလိမ့်မည်။ အဆုံးသတ်မှာတော့ ဟန်ဖေးကျစ်နဲ့ ယခင်ကလို ပြန်ပြီး သဘောတူညီမှုလုပ်၍ ရမည်ဖြစ်သည်။ သူက ဟန်တောင်တန်းမျိုးနွယ်စု၏ တစ်ဦးတည်းကျန်ရစ်သော မျိုးနွယ်ဝင်လည်းဖြစ်သည်။ ဂူသင်္ချိုင်းအတွင်းသို့ ဝင်ရောက်ရန် တခြားနည်းလမ်းများကို သူသိသည်မှာ အံ့သြစရာမဟုတ်ချေ။ သို့သော်ငြား စုမင်က အပြင်လူဖြစ်သည်။ သူသာ ထိုလမ်းကြောင်းကို ရွေးခဲ့မည်ဆိုလျှင် ထိုအရာက သူ့အတွက် အင်မတန် အန္တရာယ်များပေလိမ့်မည်။

“နည်းလမ်းက ဘယ်လိုပဲဖြစ်နေနေ ငါကသွားမှာပဲ။ ပတ်ဝန်းကျင်ကို ခိုးကြောင်ခိုးဝှက်နဲ့ လှည့်စားမှုတွေ လုပ်ရမှာထက်စာရင်တော့ ငါက ဂုဏ်သိက္ခာရှိရှိနဲ့ ဂုဏ်ယူရမယ့်လမ်းကိုပဲ ရွေးချယ်မယ်”စုမင်ကပြောလိုက်သည်။

သူ၏ စိတ်ကို ထိန်းချူပ်လိုက်ပြီး နေရာတွင်ရပ်ကာ အသက်ပြင်းပြင်းရှူ၍ တောင်ထိပ်ဆီသို့ဦးတည်ကာ အသံကိုထုတ်ဖော်လိုက်သည်။

“ငါ၊ မော့ ... က ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ဆီကို လာရောက် လည်ပတ်ပါတယ်”

သူ၏အသံသည် ကျယ်လောင်စွာ မြည်တမ်းလျက် ပတ်ဝန်းကျင်ကိုဖြတ်ကာ တောင်ထိပ်ဆီသို့ ရောက်ရှိသွားပြီး ပဲ့တင်သံများက ကြာမြင့်စွာ ဖြစ်ပေါ်နေချေသည်။

အချိန်သည် ဖြည်းညင်းစွာ ကုန်လွန်သွားခဲ့ပြီးနောက် တောင်မှဖိအားတို့က ရုတ်တရက် ပျောက်ကွယ် သွားတော့သည်။ ဖျော့တော့သည့် အပြုံးတစ်ခုက စုမင်မျက်နှာတွင် ပေါ်လာပြီး သူ့ခြေထောက်ကိုမလျက် လှေကားထစ်တွေအတိုင်း ဆက်လျှောက်လှမ်း လိုက်သည်။

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုသည် အလယ်အလတ်တန်းစား မျိုးနွယ်စုတစ်ခုဖြစ်ပြီး မျိုးနွယ်ထဲတွင် လူပေါင်းမြောက်မြားစွာ ရှိ၏။ တောင်ကပင်လျှင် မျိုးနွယ်စု၏ အစိတ်အပိုင်း ဖြစ်နေဟန်တူသည်။ စုမင်အထဲသို့ လျှောက်လှမ်း ဝင်လာစဉ်တွင် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှ လူအများအပြားက သူ့ကိုအေးစက်စွာ ကြည့်နေသည်ကို မြင်လိုက်ရသည်။ သို့သော် သူ့ကို ရပ်တန့်ရန်တော့ မတားဆီးကြပေ။

အတိအကျဆိုလျှင် တောင်တွင် တောင်ထိပ်မရှိပေ။ တောင်၏ထိပ်သည် ပြားလျက်ရှိပြီး တောင်ထိပ်သည် တိကျစွာ ပိုင်းဖြတ်ခံထားရ သကဲ့သို့ပင်ဖြစ်သည်။ ထိုအပေါ်နှင့် ပတ်ဝန်းကျင်တွင် အဆောက်အဦများ တည်ဆောက်ထားလျက်ရှိပြီး တောင်ထဲတွင် မျိုးနွယ်စုက တည်ရှိနေသကဲ့သို့ပင်။

တောင်၏ ဘေးဘက်ခြမ်းတွင် နေရာလွတ်ကြီးလည်း ရှိသည်။ တောင်စောင်းတွင်လည်း အဆောက်အဦများကို တောင်ထိပ်အမြင့်ပိုင်းအထိ အမြစ်တွယ်နေသကဲ့သို့ တည်ဆောက် ထားကြသည်။

ဤသည်က ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ပိုင်ဆိုင်သည့် တစ်ခုတည်းသော နယ်မြေမဟုတ်သည်မှာ သေချာပေသည်။ စုမင်သည်ထိုနေရာ၌ ရပ်နေလျက်ကပင် အကွာအဝေး အနည်းငယ်အတွင်း၌ရှိသော တခြားသော တောင်ထိပ်တို့ကို မြူအတွင်းမှနေ၍ မြင်နေရချေသည်။

စုမင်၏အရှေ့တွင်တော့ ဆယ်ကျော်သက် လူငယ်လေးက ရပ်လျက်ရှိသည်။ ထိုသူသည် ဖန်းမုဖြစ်သည်။ သူက စုမင်ကို မြင်လိုက်သည့်အခါ မှင်တက်သွားမိသည်။ စုမင်၏ မျက်နှာအစစ်အမှန်ကို သူတစ်ခါမျှ မမြင်ခဲ့ဖူးသောကြောင့် မျက်နှာဖုံးကိုမြင်သောအခါ သူ မသေချာပေ။

“စီနီယာ မော့…”ဖန်းမုက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး စုမင်ကို သတိကြီးစွာ ကြည့်လိုက်သည်။

“ရှေ့ကသွားပါ”စုမင်၏အသံက အက်ကွဲစွာ ထွက်လာသည်။

ထိုအသံကို ကြားလိုက်ရသောအခါမှ ဖန်းမုသည် စိတ်သက်သာရာ ရသွားတော့သည်။ သူ၏မျက်နှာပေါ်တွင် ရိုသေလေးစားမှုတို့ပြည့်လျက် လက်သီးဆုပ်ကို လက်ဝါးဖြင့်ထပ်လျက် စုမင်ကို အရိုအသေပေးလိုက်၏၊

“စီနီယာ၊ မင်းက ငါ့ကို နှစ်ဝက်ကြာတဲ့အခါမှာ မင်းဆီလာခဲ့ဖို့ပြောတယ်။ ဒါပေမဲ့ ငါအဲဒီကိုရောက်တော့ မင်းကရှိမနေဘူး…”ဖန်းမုက ရှေ့မှဦးဆောင်၍ သွားနေရင်း စုမင်ကို ပြောလိုက်သည်။

“ငါ အချိန်ယူပြီးလုပ်ရမယ့် ကိစ္စတချို့ ရှိနေခဲ့လို့ပါ။ ဒါကြောင့် ငါ မင်းရဲ့မျိုးနွယ်စုဆီကိုပဲ လာဖို့ဆုံးဖြတ်ခဲ့တာ…”

စုမင်အသံတွင် ရယ်မြူးဟန်စွက်လျက် ရှိသည်။ သူ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှ လူများနှင့် ကြီးမားသည့် အဆောက်အဦများကို မြင်လိုက်ချိန်တွင်တော့ နက်မှောင်တောင် မျိုးနွယ်စုကို ပြန်လည်၍ သတိရသွားချေသည်။

သူတို့က ရှေ့သို့ ဆက်လျှောက်လှမ်းလာကြချိန်တွင် မျိုးနွယ်ဝင်အချို့က ဖန်းမုကို ကြင်နာစွာ နှုတ်ဆက်လိုက်ကြသည်။ သို့သော် သူတို့က စုမင်ကို မြင်သည့်အခါတွင်တော့ အဖက်မလုပ်သည့် အမူအရာသို့ ပြောင်းလဲသွားကြသည်။

စုမင်က မျိုးနွယ်စုကို လေ့လာလိုက်ပြီး ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုတွင် မာန်စွမ်းအားရှင် မြောက်မြားစွာ ရှိနေသည်ကို သတိပြုမိလိုက်သည်။ သွေးကြောကျောက်သား အဆင့်ရသို့ ရောက်ရှိနေကြသူများသည်ပင်လျှင် လေပြေစီးကြောင်းမျိုးနွယ်ထက် ပိုမိုများပြားနေပေသည်။

အချိန်အနည်းငယ် ကုန်လွန်သွားခဲ့ပြီးနောက် ဖန်းမု၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တောင်အတွင်း၌ တည်ဆောက်ထားသည့် မျှော်စင်တစ်ခု၏ရှေ့သို့ ရောက်ရှိလာလေသည်။ ထိုမျှော်စင်ကြီးသည် ပေရာချီရှည်ပြီး အထပ်သုံးထပ်ရှိကာ အဝေးမှကြည့်လျှင် ကောင်းကင်သို့ မာန်ဖီနေသည့် ကြီးမားသော သားရဲဦးခေါင်ကြီးနှင့် တူနေချေသည်။

“ငါ့အဖေက ဒီထဲမှာပဲ။ သူကမင်းကို ဒီနေရာခေါ်လာဖို့ပြောခဲ့တာ…”

ဖန်းမုက မျှော်စင်ရှေ့၌ရပ်လိုက်သည်။ ခနတာ တွန့်ဆုတ်နေပြီးမှာတော့ သူ့နံဘေးရှိစုမင်ထံသို့ လေသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။

“စီနီယာ ငါ့အဒေါ်က ပြန်ရောက်နေတယ်။ ပြီးတော့သူမက အေးခဲ…”

ဖန်းမု စကားမဆုံးသေးခင်မှာပင် မျှော်စင်အတွင်းမှ လူကြီးတစ်ယောက် ထွက်လာပြီး အေးစက်စွာ ချောင်းဟန့်လိုက်သည်။

ဖန်းမုက ပြောမည့်စကားလုံးတို့ကို ပြန်မျိုချလိုက်ကာ ရှက်ကိုးရှက်ကန်းနှင့် ရီမောလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

“ညီနောင်မော့ ... ငါ့သားက ရိုင်းစိုင်းတာမို့ သူ့ကို စိတ်မရှိပါနဲ့။ ကျေးဇူးပြုလို့ အထဲကိုဝင်ပြီး စကားပြောကြတာပေါ့”

ဖန်းမုနှင့်ဆင်တူသည့် သက်လတ်ပိုင်း အရွယ်လူတစ်ယောက်သည် မျှော်စင်အတွင်းမှ ထွက်လျက်  စုမင်ကို ပြုံးလျက်ကြည့်ရင်း ပြောလိုက်သည်။

***

All Chapters