← Chapters

အခန်း (၆၂၉)

Vol. 53 Ch. 629

အခန်း (၆၂၉)

Vol. 53 Ch. 629

အခန်း 629

စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၌

ချီမုကောသည် ထွက်သွားသည့် နန်ပါးထျန်းကိုကြည့်လျက် အကြည့်များစူးရဲလာခဲ့ကာ ပြောသည်။

“သခင်ကြီး နန်ပါးထျန်းက တကယ်ပဲ စစ်လက်နက်ပစ္စည်းတွေကို ရှာပေးနိုင်မယ်လို့ သခင်ကြီးယုံကြည်လား”

ယဲ့လုဖုန်းသည် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီးမှ ပြန်ဖြေသည်။

“အင်း”

ချီမုကော မျက်မှောင်ကြုတ်သွားပြီး ပြောသည်။

“သူရှာမတွေ့ခဲ့ရင်ရော။ စိစစ်ရေးတမန်တော်က လာနေပြီ။ ကျွန်တော်တို့ ဘယ်လိုရှင်းပြကြမလဲ။ ဒီကိစ္စက စိစစ်ရေးတမန်တော်ကို တင်ပြထားပြီးနေပြီလေ”

ထိုအခါ ယဲ့လုဖုန်းသည် အေးစက်စက်ပြုံးလိုက်ပြီး ပြောသည်။

“မရှာနိုင်ရင် ဒီကိစ္စအတွက် သူပဲ တာဝန်ယူရမှာပေါ့”

“ဟင် သခင်ကြီးက နန်ပါးထျန်းကို စွန့်ပစ်လိုက်မှာလား”

ယဲ့လုဖုန်းသည် ချီမုကောအား ရယ်မောလျက် ပြောသည်။

“အသုံးမဝင်တဲ့သူကို ဘာလို့ ချန်ထားမှာလဲ”

“ကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ရှက်ဖို့ကောင်းလောက်အောင် ခန်းမအရှင်သခင်တစ်ယောက်ရဲ့ ဆော့ကစားခံနေရတာ တကယ် အသုံးမကျတာပဲ။ ပြီးတော့ သူ့ရဲ့လတ်တလော အပြုအမူတွေက အရမ်းထူးဆန်းလွန်းနေတယ်။ သူ့အပြုအမူတွေမှာ ပြဿနာရှိနေတယ်။ ဒါပေမဲ့ အခုတော့ စစ်လက်နက်ပစ္စည်းတွေကို ရှာဖို့ပဲ အာရုံစိုက်ရမယ်။ အဲဒါကြောင့် လောလောဆယ် ကျော်သွားလိုက်ဖို့ပဲ တတ်နိုင်တယ်။ တင်းတင်းကျပ်ကျပ် စုံစမ်းစစ်ဆေးဖို့ အဆင်မပြေဘူး။ မဟုတ်ရင် ငါက သူ့ကို ဒီနေ့ ဒီလောက်လွယ်လွယ်နဲ့ လွှတ်ပေးပါ့မလား”

“သခင်ကြီးရဲ့သဘောက သခင်ကြီးလည်း နန်ပါးထျန်း အပြစ်ကင်းတယ်လို့ မယုံကြည်ဘူးလို့ ဆိုလိုတာပါလား”

ချီမုကောသည် ယဲ့လုဖုန်းကို ကြည့်နေခဲ့သည်။ ယဲ့လုဖုန်း အေးစက်စက်ရယ်မောလိုက်သည်။

“အပြစ်ကင်းတယ်တဲ့လား။ ဟန့်လူမျိုးတွေက ဘယ်တုန်းကများ အပြစ်ကင်းဖူးလို့လဲ။ သူတို့ကို ငါ့အတွက် အလုပ်လုပ်ပေးဖို့ လိုအပ်ရုံပဲ။ ဒီ၁၅ရက်အတွင်းမှာ နန်ပါးထျန်း စစ်လက်နက်ပစ္စည်းတွေကို ရှာမတွေ့သည်ဖြစ်စေ ဒါမှမဟုတ် ပိုကြီးတဲ့ပြဿနာထွက်ပေါ်လာတာပဲဖြစ်စေ အဲဒီအခါကျရင်…”

ယဲ့လုဖုန်း မတ်တပ်ထရပ်လိုက်ပြီး ချီမုကောကို ပြောသည်။

“မြို့ထဲကို မြင်းစစ်သည်နှစ်ရာ စေလွှတ်လိုက်”

“ဟုတ်ကဲ့”

ချီမုကောသည် နားလည်ကြောင်း အရိုအသေပြုနာခံသည်။ ယဲ့လုဖုန်း၏ဆိုလိုရင်းကို သူတကယ် နားလည်လိုက်ပါ၏။

နန်ပါးထျန်း၏ အသုံးဝင်မှုသည် မတည်ငြိမ်ပေ။ သူ၏နေရာသည် ယိမ်းယိုင်နေပြီး မဖြေရှင်းရသေးသည့် ပြဿနာများစွာရှိနေသည်။ သို့ဖြစ်ရာ မြို့တစ်ဝက်နီးနီးအထိပင် နန်ပါးထျန်းမှာ မိန်ဂိုဏ်းနှင့်ပူးပေါင်းနေသူဖြစ်ကြောင်း ကောလာဟလများ ပျံ့နှံ့နေပေသည်။

စိစစ်ရေးတမန်တော်ရောက်လာပြီး မြို့တစ်ဝက်ခန့်သည် နန်ပါးထျန်းမှာ မိန်ဂိုဏ်းနှင့်ပူးပေါင်းနေသူပါဟု ပြောဆိုနေကြသည်အား ကြားသိသွားသည်ဟု တွေးကြည့်လိုက်ပါလေ။ ထိုအခါကျ ယဲ့လုဖုန်းသည် နန်ပါးထျန်းဘက်မှ ခေါင်းမာစွာ ခုခံကာကွယ်ပေးနေပါမည်လော။

ယဲ့လုဖုန်းအနေဖြင့် မည်သည့် ရလဒ်ကောင်းကို မျှော်လင့်ရနိုင်ပါမည်နည်း။

နန်ပါးထျန်းမှ စစ်လက်နက်ပစ္စည်းများကို ရှာတွေ့ပြီး မိန်ဂိုဏ်းသားများကို ဖမ်းမိကာ ထိုသူတို့၏ဦးခေါင်းဖြင့် သူ့တွင်စွန်းထင်းနေသည့် သံသယများကို မဆေးကြောပါက နောက်ဆုံး အပြစ်တင်ခံရမည့်သူမှာ နန်ပါးထျန်းကိုယ်တိုင်သာ ဖြစ်ရလိမ့်မည်။

မျန့်ရွှေ၏ ထိပ်တန်းသိုင်းပညာရှင်ကဲ့သို့ ကျန်ရှိသည့် နန်ပါးထျန်းအသုံးဝင်သည့်ကဏ္ဍများအတွက်မူ စိတ်မကောင်းပါချေ။ ထိုအရာများမှာ လျစ်လျူရှု၍ ရ၏။

ယဲ့လုဖုန်း၏အမြင်၌ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရျင်များဟူသည် အနည်းငယ် အထင်ကြီးဖွယ်ကောင်းသည့် လက်အောက်ငယ်သားတစ်အုပ်မျှသာ ဖြစ်ပြီး သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ မရောက်သ၍ ပုရွက်ဆိတ်ကောင်များသာ ဖြစ်သည်။ သေချာပေါက်ပင် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ ရောက်ရှိသူဖြစ်လျှင်သော်မှ တော်ဝင်နန်းတော်ရှေ့မှောက်တွင်မူ ဒူးထောက်ခစားရပေမည်။

တော်ဝင်နန်းတော်သည် ယဲ့လုဖုန်း၏ အခိုင်မာဆုံးသော ယုံကြည်မှုဖြစ်သည်။ ဒေသခံကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ဦးသည် သူ၏မျက်လုံးထဲတွင် ငါးပေါက်လေးမျှသာ ဖြစ်ပြီး တုံ့ဆိုင်းခြင်းမရှိ အလွယ်တကူ စွန့်ပစ်နိုင်ပေသည်။

…

ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်၌

နန်ပါးထျန်းသည် အိမ်တော်သို့ ဘေးကင်းစွာ ပြန်ရောက်လာခဲ့ပြီးနောက် မျက်နှာညိုမဲဖူးရောင်နေသည့် ချင်းယင်ကို ကြည့်လိုက်သည်။ ထို့နောက် မထိန်းချုပ်နိုင်စွာဖြင့် ပြောသည်။

“ချင်းယင် မင်းက အသုံးမကျတာပဲ။ ဒီလိုတာဝန်အသေးစားလေးကိုတောင် အောင်မြင်အောင် မလုပ်နိုင်ဘူး”

ချင်းယင်၏မျက်လုံးများတွင် နာကျည်းမုန်းတီးမှုများ ကိန်းအောင်းနေသည်။ သို့သော် ဒူးထောက်ချလိုက်ပြီး ပြောသည်။

“ခေါင်းဆောင် ကျွန်တော်အသုံးမကျတာပါ။ ကျေးဇူးပြုပြီး အပြစ်ပေးပါ”

“ဟင်း ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်။ ပြီးတော့ မြို့ထဲက ကုန်သည်တွေကို အသိပေးလိုက်၊ မျန့်ရွှေမြစ်ကို နောက်လဝက်အထိ ပိတ်ထားမယ်လို့။ ကုန်တင်ပို့ချင်ရင် ငါ့ကို လာရှာလို့ရတယ်၊ စျေးနှုန်းကတော့ အကျိုးအမြတ်ရဲ့ ၅၀ရာခိုင်နှုန်းပဲလို့။ ဒါပေါ့ သူတို့လက်မခံချင်ရင်လည်း သခင်ကြီးယဲ့လုကို သွားတိုင်ကြားနိုင်တယ်လို့ ပြောလိုက်”

“သူတို့ တိုင်ကြားလည်း အသုံးမဝင်တာကို သိသွားရင် ငါပြောတဲ့အတိုင်း နာခံလာကြလိမ့်မယ်”

ထိုအခါ ချင်းယင်သည် အရိုအသေပြုလိုက်သည်။

“ဟုတ်ကဲ့ပါ ခေါင်းဆောင်။ ကျွန်တော် ချက်ချင်း သွားလုပ်လိုက်ပါ့မယ်”

ထန်ဇီယွဲ့မှ ပြောသည်။

“ခေါင်းဆောင် ကျွန်တော်တို့ နည်းနည်းလောက် ငြိမ်နေသင့်တယ်မထင်ဘူးလား”

နန်ပါးထျန်း ထန်ဇီယွဲ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

“ငြိမ်နေသင့်တယ်ပေါ့လေ။ ဘာကို ငြိမ်နေရမှာလဲ။ ငြိမ်နေစရာ ဘာရှိလို့လဲ။ အခြေအနေက ဒီလိုတောင်ဖြစ်နေပြီ။ ဒီထက်ပိုဆိုးလာစရာရှိသေးလို့လား။ မစိုးရိမ်နဲ့၊ အဆင်ပြေတယ်။ ငါပြောတဲ့အတိုင်း ကုန်သည်တွေကို သွားအသိပေးလိုက်။ ၁၅ရက်အတွင်း ပိုက်ဆံမပေးရင် အဲဒီကုန်သည်တွေရဲ့ ဆန်စေ့တစ်စေ့တောင် မျန့်ရွှေမြစ်ကနေ တင်ပို့လို့ မရစေရဘူးလို့”

သို့ဖြင့် ချင်းယင်လည်း အရိုအသေပြုကာ ထွက်ခွာသွားတော့သည်။ အပြင်ရောက်သောအခါ ချင်းယင် နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူ၏အကြည့်များမှာ အလွန်ထူးဆန်းနေခဲ့၏။ ထို့နောက် မရပ်နားဘဲ ရှေ့ဆက်လျှောက်သွားလေသည်။

ထန်ဇီယွဲ့သည် ချင်းယင်ထွက်ခွာသွားပြီးနောက် နန်ပါးထျန်းကို ပြောသည်။

“ခေါင်းဆောင် ဒီနေ့ သခင်ကြီးယဲ့လုက ကျွန်တော်တို့ကို အတည်သတိပေးလိုက်တာပါ။ ကျွန်တော်တို့ စိတ်တိုင်းကျဆက်လုပ်နေရင် သခင်ကြီးယဲ့လု မကျေနပ်မှာကို စိုးရိမ်ရပါတယ်”

ထိုအခါ နန်ပါးထျန်းသည် ထန်ဇီယွဲ့ကို လှည့်ကြည့်လိုက်ရင်း သူ၏ဗျူဟာရှင်သည် အလွန်ရိုးအလွန်းသည်ဟု မထိန်းချုပ်နိုင်စွာ တွေးမိလိုက်သည်။

ယဲ့လုဖုန်း သူ့ကို မစွန့်ပစ်သေးသည့် အကြောင်းအရင်းမှာ သူက စစ်လက်နက်ပစ္စည်းများကို ရှာပေးနိုင်ရန် မျှော်လင့်သောကြောင့် ဖြစ်သည်။ စစ်လက်နက်ပစ္စည်းများကို ရှာတွေ့ပါက အပေါ်ယံငြိမ်းချမ်းရေးကိုဖြင့် ထိန်းသိမ်းနိုင်လိမ့်မည်။ ရှာမတွေ့နိုင်ခဲ့ပါက.. အဲဒါဆိုရင်တော့ စိတ်မကောင်းစရာပဲ။ သူက ယဲ့လုဖုန်းရဲ့ စွန့်ပစ်ခံဖြစ်သွားရတော့မှာ။

သို့ဖြစ်ရာ ယခုတွင် နန်ပါးထျန်းသည် သေခြင်းရှင်ခြင်းကို လောင်းကြေးထပ်ထားခြင်း ဖြစ်သည်။ စစ်လက်နက်ပစ္စည်းများကို ရှာဖွေခြင်းမှအပ သူ့တွင် အခြားနည်းလမ်းမရှိပေ။

ငွေရှာရန်အတွက်မူ ရေကြောင်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြင့် ဆက်လက်လည်ပတ်နိုင်လိမ့်မည်။ ယဲ့လုဖုန်းသည် လျစ်လျူရှုထားပေးလိမ့်မည်။ ဤသို့အချိန်မျိုးတွင် ယဲ့လုဖုန်းသည် အကျိုးအမြတ်များကြောင့်နှင့် ကတောက်ကဆဖြစ်ပွားရန် မတတ်နိုင်သေးပေ။

ပြီးတော့ အဲဒီကောင်ယဲ့လုဖုန်းက ဝေစုကိုလည်း သူက အများကြီးယူပြီး အမြတ်ကြီးစားသေးတာ…

နန်ပါးထျန်းသည် အနည်းငယ်စိတ်ငြိမ်သွားပြီးနောက် ထန်ဇီယွဲ့ကို ပြောသည်။

“ဇီယွဲ့ အရာအားလုံးကို အတော်များများ ဖြေရှင်းပြီးနေပြီ။ တခြားကိစ္စမရှိတော့ရင် မင်း သွားအနားယူလိုက်တော့။ ကျန်တာ ငါဖြေရှင်းလိုက်မယ်”

“ဒါပေမဲ့ ခေါင်းဆောင်”

ထန်ဇီယွဲ့သည် နန်ပါးထျန်းကို ကြည့်နေခဲ့သည်။ နန်ပါးထျန်းသည် ပြုံးလိုက်ပြီး ပြောသည်။

“သွား သွားအနားယူတော့”

နန်ပါးထျန်းသည် သူ့အား အတင်းထွက်သွားခိုင်းနေလေရာ ထန်ဇီယွဲ့လည်း ရွေးချယ်စရာမရှိဘဲ အရိုအသေပြုကာ ထွက်လာခဲ့ရတော့သည်။

ထန်ဇီယွဲ့ ထွက်သွားသောအခါ နန်ပါးထျန်း လက်ခုပ်တီးလိုက်သည်။ ခဏကြာပြီးနောက် အနက်ရောင်ဝတ်စုံဖြင့် သာမန်ရုပ်ရည်ရှိသော သက်လတ်ပိုင်းအရွယ်လူတစ်ဦး အတွင်းခန်းမဆောင်ထဲမှ ထွက်လာသည်။ ထိုလူသည် နန်ပါးထျန်း လေ့ကျင့်ပျိုးထောင်ထားသည် အသေခံတပ်ဖွဲ့၏ တပ်မှူးဖြစ်သည်။

All Chapters