← Chapters

အခန်း (၆၃၀)

Vol. 53 Ch. 630

အခန်း (၆၃၀)

Vol. 53 Ch. 630

အခန်း 630

အသေခံတပ်ဖွဲ့၏တပ်မှူးမှ နန်ပါးထျန်းကို ပြောသည်။

“ခေါင်းဆောင်”

နန်ပါးထျန်းသည် ထိုတပ်မှူးကို ကြည့်လိုက်ပြီး မေးသည်။

“မြောက်ပိုင်းတောင် သံသတ္တုတွင်းမှာ အခြေအနေဘယ်လိုရှိလဲ”

ထိုတပ်မှူးမှ ပြန်ဖြေသည်။

“ခေါင်းဆောင်ကို လျှောက်တင်ပါတယ်။ ခေါင်းဆောင်ညွှန်ကြားထားတဲ့အတိုင်း စတင်ထုတ်လုပ်နေပါပြီ။ ဒါပေမဲ့ အချိန်လိုပါသေးတယ်”

နန်ပါးထျန်းမှ ပြောသည်။

“အင်း မင်းတို့မှာ အနည်းဆုံး ၁၀ရက်အချိန်ရသေးတယ်။ ၁၀ရက်အတွင်း ပြီးအောင် လုပ်နိုင်မလား”

“ခေါင်းဆောင်ပြောထားတဲ့ အရေအတွက်ဆိုရင်တော့ ပြီးဖို့ ခက်ခဲပါလိမ့်မယ်။ မြားခေါင်းတွေကို စစ်တပ်သုံးစံနှုန်းအတိုင်း သွန်းလုပ်ရတာက အတော်လေး လက်ဝင်ပါတယ်”

နန်ပါးထျန်းမှ ပြောသည်။

“စစ်တပ်သုံးစံနှုန်းမီရမယ်လို့ ဘယ်သူပြောလဲ။ စံနှုန်းကို နှိမ့်လိုက်”

ထိုအခါ ထိုတပ်မှူးမှ ပြောသည်။

“လက်နက်သွန်းလုပ်တာကို နည်းနည်း အကြမ်းဖျင်းလုပ်မယ်ဆိုရင်တော့ ၁၀ရက်က အချိန်လုံလောက်နိုင်ပါတယ်”

နန်ပါးထျန်းမှ ပြောသည်။

“ကောင်းပြီ၊ ငါ မင်းကို နောက်၁၀ရက် အချိန်ပေးမယ်။ လက်နက်သွန်းလုပ်တာက အရမ်းအနုစိတ်ဖို့ မလိုအပ်ဘူး။ မိန်ဂိုဏ်းလို သူပုန်တစ်အုပ်ကလည်း ဘယ်လိုဖြစ်ဖြစ် အဲဒီလောက် အနုစိတ်လုပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အရေအတွက်ကိုလည်း လုံးဝ အတိအကျကြီး လုပ်ဖို့မလိုအပ်ဘူး။ ၈၀ရာခိုင်နှုန်းလောက်ဆို လုံလောက်ပြီ”

“ဟုတ်ကဲ့ပါ ခေါင်းဆောင်။ ကျွန်တော်တို့ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ပါ့မယ်”

ထို့နောက် နန်ပါးထျန်းမှ မေးသည်။

“အသေခံတပ်သားတွေရော ဘယ်လိုလဲ”

ထိုတပ်မှူးမှ အတည်ပြုပြောဆိုသည်။

“ခေါင်းဆောင် မစိုးရိမ်ပါနဲ့။ အသေခံတပ်သားတွေက ခေါင်းဆောင်အတွက် အသက်ပေးဖို့ အသင့်ပါပဲ”

နန်ပါးထျန်းမှ ပြောသည်။

“ကောင်းတယ်။ သူတို့အားလုံးက ရဲရင့်တဲ့သူတွေပဲ။ ဒါပေမဲ့ မိန်ဂိုဏ်းသားတွေအဖြစ် ဟန်ဆောင်ပေးရမှာတော့ နှမြောစရာပဲ”

ထိုတပ်မှူးမှ ပြောသည်။

“သူတို့ရဲ့တည်ရှိမှုကိုက ခေါင်းဆောင်အတွက် အသက်ပေးဖို့ပါပဲ။ ခေါင်းဆောင် နှမြောဖို့ မလိုအပ်ပါဘူး”

နန်ပါးထျန်းမှ ပြောသည်။

“ကောင်းပြီ။ ဒါဆို မြောက်ပိုင်းတောင်သံသတ္တုတွင်းကိစ္စကို ငါ မင်းကို အပ်ထားလိုက်ပြီ။ ပြီးတော့ ငါ့လျှို့ဝှက်ခန်းထဲက ရတနာတွေကို ရွှေ့ပြောင်းဖို့ လူနည်းနည်း လွှတ်လိုက်ဦး။ တစ်ခုခုမှားယွင်းသွားခဲ့ရင် ငါလည်း ထွက်သွားနိုင်အောင်လို့”

“ခေါင်းဆောင်က ထွက်ပြေးဖို့ စီစဉ်နေတာပါလား”

နန်ပါးထျန်းမှ ပြောသည်။

“ပေါက်ကရတွေ ထွက်ပြေးတယ်တဲ့လား။ ငါကတော့ အဲဒါကို ရွှေ့ပြောင်းတယ်လို့ ခေါ်တယ်။ အခု သွားတော့၊ အလုပ်လုပ်တာ ပိပိရိရိဖြစ်ပါစေ”

“ဟုတ်ကဲ့”

ထို့နောက် ထိုတပ်မှူးသည် အရိုအသေပြုလိုက်ပြီးနောက် ထရပ်ကာ နန်ပါးထျန်းကို ကြည့်လိုက်သည်။

“ခေါင်းဆောင်မှာ တခြားညွှန်ကြားစရာရှိပါသေးလား”

ခဏမျှစဉ်းစားပြီးနောက် နန်ပါးထျန်းမှ မေးသည်။

“ငါ့ဇနီးနဲ့ပတ်သက်ပြီး သတင်းရသေးလား”

ထိုအခါ ထပ်မှူးသည် အချိန်အတော်ကြာ တိတ်ဆိတ်သွား၏။ ထို့နောက် ပြောသည်။

“လောလောဆယ်မှာ ဘာသတင်းမှ မရသေးပါဘူး”

နန်ပါးထျန်း သက်ပြင်းရှည်ကြီးချလိုက်သည်။

“လူတွေ မပြတ်လွှတ်ပြီး ဆက်ရှာနေ။ ငါ့ဇနီးကို ကျိန်းသေပေါက် တွေ့အောင်ရှာရမယ်”

“ဟုတ်ကဲ့”

ထိုတပ်မှူး ထွက်သွားပြီးနောက် နန်ပါးထျန်းသည် ကောင်းကင်ကို ငေးမောကြည့်လိုက်သည်။

“ဝမ်အာ မင်းဘယ်မှာလဲ”

…

မျန့်ရွှေမြို့တောင်ပိုင်းရှိ လမ်းကြားငယ်လေးတစ်ခု၌

ချန်ကျဲ့သည် သမားတော်ပိုင်မှ သွေးခုန်နှုန်းစမ်းပေးနေသည့် အမျိုးသမီးတစ်ဦးကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။

ခဏကြာပြီးနောက် သမားတော်ပိုင်သည် အမျိုးသမီး၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

“ဘယ်လိုနေလဲ ဆရာ”

ချန်ကျဲ့ သမားတော်ပိုင်ကို ကြည့်နေခဲ့သည်။ သမားတော်ပိုင်သည် ခဏမျှတိတ်ဆိတ်နေပြီးနောက် ပြောသည်။

“သန္ဓေသားရဲ့ အသက်ရှူနှုန်းက တည်ငြိမ်ပြီး အရမ်းကိုမှ ကျန်းမာပါတယ်”

ဟူးး..

ချန်ကျဲ့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ မူလက ထိုင်ခုံထက်တွင် ထိုင်နေသည့် ဟွမ်ဝမ်အာသည်လည်း မတ်တပ်ရပ်ကာ သမားတော်ပိုင်ကို ကျေးဇူးတင်စကားဆိုသည်။ ဟွမ်ဝမ်အာသည် သူမ ရူးသွပ်မနေချိန်များတွင် အတော်လေး အလိုက်သိတတ်သူ ဖြစ်ပေသည်။

သမားတော်ပိုင်သည် လက်ဝှေ့ရမ်းလျက် ငြင်းဆိုသည်။

“မင်းက ကိုယ်ဝန်ဆောင်နေရတာ ဓလေ့ထုံးတမ်းတွေကို မေ့ထားလိုက်ပါ။ ဗိုက်ထဲက ကလေးကို အာဟာရဖြည့်ဖို့ကိုသာ အာရုံစိုက်ထားပါ”

ထိုအခါ ဟွမ်ဝမ်အာမှ ပြောသည်။

“သမားတော်ပိုင်ကို ကျေးဇူးတင်ပါတယ်”

သမားတော်ပိုင်သည် ဆေးသေတ္တာကို ယူကာ သန္ဓေအားဆေးတစ်မျိုးကို ဆေးညွှန်းရေးပေးသည်။

“ငါ ဆေးညွှန်းပေးခဲ့မယ်။ ကိုယ့်ကိုယ်ကိုယ် ပုံမှန်အာဟာရဖြည့်ပါ”

“ဟုတ်ကဲ့ ဆရာ။ ကျွန်တော် အခုချက်ချင်း လူလွှတ်ပြီး ဆေးဝယ်ခိုင်းလိုက်မယ်”

ချန်ကျဲ့မှ ချက်ချင်း ပြောသည်။

သမားတော်ပိုင်မှ ပြောသည်။

“ကောင်းပြီ။ မင်းတို့နှစ်ယောက် စကားပြောကြ။ ငါသွားနှင့်မယ်”

ချန်ကျဲ့မှ ပြောသည်။

“ဆရာ ကျွန်တော်လိုက်ပို့ပါ့မယ်”

ထို့နောက် နှစ်ဦးသည် အနောက်ခန်းဆီသို့ ဦးတည်လျှောက်သွားခဲ့သည်။ တံခါးဖွင့်ပြီးနောက် လျှို့ဝှက်လမ်းတစ်ခုထဲသို့ လျှောက်ဝင်သွားခဲ့ပြီး ချန်ကျဲ့ စီစဉ်ပြုလုပ်ထားသည့် လုံခြုံရေးအိမ်ထဲသို့ ရောက်ရှိသွားခဲ့သည်။ပုံမှန်အားဖြင့် ဤခြံဝင်း၏ ပင်မတံခါးသည် ဘယ်သောအခါမှ မဖွင့်ချေ။

အနောက်ခန်းမှသာ လူအဝင်အထွက်ရှိပေသည်။

ချန်ကျဲ့သည် ဤအိမ်ကို ဝယ်ယူပြီးနောက် မြေအောက်လမ်းဖောက်ကာ အနောက်ခန်းမှ တခြားလမ်းသို့ ဆက်နွယ်ထားခဲ့သည်။ သို့ဖြစ်ရာ လမ်းသွားလမ်းလာများသည် သူတို့အား အခြားလမ်းရှိ စားသောက်ဆိုင်ထဲမှ ထွက်လာသည်ဟုသာ မြင်ကြလိမ့်မည်။

သို့သော် ထိုစားသောက်ဆိုင်ရှိ မြေအောက်လမ်းသည် ဤခြံဝင်းငယ်ထဲသို့ ဆက်သွယ်ထားသည်ကိုမူ မည်သူမျှ မသိကြပေ။

ချန်ကျဲ့သည် သမားတော်ပိုင်ကို လျှို့ဝှက်လမ်းကြောင်းသို့ လိုက်ပို့ပေးခဲ့သည်။ သမားတော်ပိုင်မှ ချန်ကျဲ့ကို ပြောသည်။

“သူ့ဗိုက်ထဲက ကလေးက ကုံကုမံကြောင့် အဆိပ်သင့်ထားတယ်။ အခုအချိန်က သန္ဓေသားကို ထိန်းထားနိုင်ဖို့ အရမ်းအရေးကြီးတဲ့အချိန်ပဲ။ ငါ ခုနက မပြောခဲ့ပေမဲ့ ကိုယ်ဝန်ကို ၇ရက်တစ်ကြိမ် စစ်ဆေးတာ အကောင်းဆုံးဖြစ်လိမ့်မယ်။ ဒါမှမဟုတ် သူ့ကို အနီးကပ်စောင့်ရှောက်နိုင်အောင် အိမ်တော်ဆီ ပြန်ခေါ်ခဲ့လိုက်ပါလား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဆရာ ကျွန်တော်လည်း ပြန်ခေါ်သွားချင်ပါတယ်။ ဒါပေမဲ့ သူက အတင်းငြင်းဆန်နေတာ။ အဲဒါကြောင့် သူ့ကို အကြိမ်နည်းနည်းလောက် ထပ်လာကြည့်ပေးဖို့ ဆရာ့ကိုပဲ ဒုက္ခပေးရပါတော့မယ်”

သမားတော်ပိုင် သက်ပြင်းချလိုက်သည်။

“အဲဒါပဲ အကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မယ်။ ယွင်ကျင်းလည်း ကိုယ်ဝန်လွယ်ထားရတာဆိုတော့ သူ့ကို အိမ်တော်ပြန်ခေါ်သွားရင် ယွင်ကျင်းက ဘာမှမပြောလောက်ပေမဲ့လည်း စိတ်မကောင်းဖြစ်လိမ့်မှာပဲ။ စိတ်မကောင်းဖြစ်ရင် ကိုယ်ဝန်ထိခိုက်လွယ်တယ်…”

သမားတော်ပိုင်သည် နောက်တစ်ကြိမ် သက်ပြင်းချလိုက်ရင်း ချန်ကျဲ့ကို ကြည့်သည်။

“မင်း မင်း တကယ့်လူပွေကောင်ကတော့ တကယ်ပြဿနာရှာတတ်တာပဲ”

ချန်ကျဲ့သည် ဆရာဖြစ်သူ၏ ဆုံးမပြစ်တင်မှုတွင် ပြုံးရုံသာ ပြုံးနေနိုင်ပေသည်။ ထို့နောက် ပြောသည်။

“ဆရာပြောတာ မှန်ပါတယ်၊ ကျိုစစ်မှားသွားပါတယ်”

သမားတော်ပိုင်မှ ထပ်ပြောသည်။

“ငါပြောခဲ့တဲ့ ကိုယ်ဝန်အခြေအနေကို သူ့ကို မပြောပြလိုက်နဲ့ဦး။ သူ့ရဲ့ အနီးကပ်အစေခံကို ငါပေးခဲ့တဲ့ဆေးညွှန်းကို ပုံမှန်ပြင်ပေးခိုင်းပါ။ သူ့ကို ဘယ်လိုပြင်းထန်တဲ့ စိတ်ခံစားချက် အနှောင့်အယှက်မှ မဖြစ်စေဘဲ သေချာအနားယူခိုင်းဖို့လိုတယ်။ ဘာပြဿနာမှ ဖြစ်လို့မရဘူး။ ငါ ၇ရက်ကြာရင် သူ့ကို ထပ်လာစစ်ဆေးပေးမယ်”

“ဆရာ ပင်ပန်းသွားရပါပြီ”

ချန်ကျဲ့မှ လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။

သမားတော်ပိုင်သည် ဘာမှထပ်မပြောတော့ဘဲ ထွက်လာခဲ့သည်။ သမားတော်ပိုင်သည် လျှို့ဝှက်လမ်းမှ ထွက်လာပြီးနောက် တဖက်လမ်းရှိ စားသောက်ဆိုင်မှ ထွက်လာသည်။ ထိုစားသောက်ဆိုင်တွင် ကျားဖြူခန်းမအဖွဲ့သားတစ်ဦးသည် တိုက်ဆိုင်သည့်အလား သေရည်နှစ်ပုလင်းကို ကိုင်လျက် သမားတော်ပိုင်ကို စောင့်နေခဲ့သည်။

ထို့နောက် သမားတော်ပိုင်သည် ရထားလုံးပေါ် တက်လိုက်ပြီး ထွက်ခွာသွားခဲ့သည်။

ထိုစဉ် သမားတော်ပိုင်ကို နောက်ယောင်ခံလိုက်နေကြသည့် ငါးဖမ်းကုန်သည်အဖွဲ့သားနှစ်ဦးသည် တစ်ဦးကိုတစ်ဦး အပြန်အလှန်ကြည့်လိုက်ကြကာ သမားတော်ပိုင်သည် အတော်ကိုမှ သေရည်သောက်နိုင်ကြောင်း၊ ခုနစ်ရက်ရှစ်ရက်တစ်ကြိမ် သေရည်နှစ်ပုလင်း လာဝယ်တတ်ကြောင်း ပြောနေရစ်ကြသည်။

သမားတော်ပိုင် ထွက်ခွာသွားပြီးနောက်…

ချန်ကျဲ့သည် ခြံဝင်းထဲသို့ ပြန်လာခဲ့သည်။ ဟွမ်ဝမ်အာသည် ကြိမ်ထိုင်ခုံတစ်လုံးထက်တွင် ထိုင်လျက် သူမ၏ဗိုက်ကို ပွတ်သပ်ကာ မေးသည်။

“သခင်ကြီးချန် ကျွန်မတို့ကလေး ဘာမှမဖြစ်ပါဘူးနော် ဟုတ်တယ်မလား”

ချန်ကျဲ့သည် ထိတ်လန့်သွားရပြီး ဟွမ်ဝမ်အာကို ပြုံးပြလိုက်သည်။

“မင်းဘာလို့ မဟုတ်တာတွေကို စိုးရိမ်နေရတာလဲ။ အားလုံးအဆင်ပြေပါတယ်ကွာ”

ဟွမ်ဝမ်အာမှ ပြောသည်။

“ကျွန်မကို မလိမ်ပါနဲ့။ သမားတော်ပိုင်ရဲ့မျက်လုံးတွေကနေ ကျွန်မ သတိထားမိပြီးပါပြီ။ ကျွန်မ ကုံကုမံကို စားခဲ့မိလို့ ကျွန်မကလေးမှာ တစ်ခုခုဖြစ်နေတယ်မလား”

ထိုအခါ ချန်ကျဲ့သည် ဟွမ်ဝမ်အာ၏ဘေးတွင် ဒူးထောက်ထိုင်လိုက်ကာ သူမ၏ဝမ်းဗိုက်ကို ဖွဖွထိကိုင်လျက် ရယ်မောလိုက်သည်။

“ဟားဟား ဘာမှမစိုးရိမ်ပါနဲ့ကွာ။ ကိုယ့်ဆရာက အားလုံးအဆင်ပြေတယ်လို့ ပြောခဲ့တာပဲ။ ဆရာပေးခဲ့တဲ့ သန္ဓေအားဆေးကိုသာ ပုံမှန်သောက်ပါ။ ကိုယ်တို့ကလေးလေး ဘေးကင်းကင်းနဲ့ မွေးဖွားလာမှာပါ”

All Chapters