← Chapters

အခန်း (၆၃၁)

Vol. 53 Ch. 631

အခန်း (၆၃၁)

Vol. 53 Ch. 631

အခန်း ၆၃၁

“ဝမ်အာ မင်း ကိုယ်နဲ့အတူ ကျားဖြူခန်းမအိမ်တော်ကို ပြန်လိုက်ခဲ့ပါလား”

ချန်ကျဲ့ ဟွမ်ဝမ်အာကို နောက်တစ်ကြိမ် ဖျောင်းဖျကြည့်သည်။

“မင်းဒီမှာနေရင် မင်းကိုစောင့်ရှောက်ပေးတာမှာ တစ်ခုခုလိုအပ်သွားနိုင်တယ်။ ကိုယ် မင်းတစ်ခုခုဖြစ်မှာ စိုးရိမ်တယ်”

ဟွမ်ဝမ်အာသည် ခေါင်းခါကာ ပြန်ဖြေသည်။

“မိန်းကလေးစူးလည်း ကိုယ်ဝန်ရှိနေတယ်လို့ကြားတယ်”

“အင်း”

ချန်ကျဲ့မှ ပြောသည်။

“မင်းတို့နှစ်ယောက် အချင်းချင်း အဖော်ပြုပေးကြရင်ရော”

ဟွမ်ဝမ်အာ ထပ်မံ ခေါင်းခါသည်။

“ဟင့်အင်း။ ကျွန်မ ဒုက္ခထပ်မပေးချင်ပါဘူး။ ကျွန်မ ဒီမှာနေရတာ အဆင်ပြေတယ်။ ပြီးတော့လည်း ရှင်က အခု နန်ပါးထျန်းနဲ့ အသေအကြေတိုက်ခိုက်နေရတာ မဟုတ်ဘူးလား။ ကျွန်မကြောင့်နဲ့ ရှင့်ကို အာရုံမများစေချင်ဘူး”

“ရပါတယ်။ ကိုယ် ကိုင်တွယ်နိုင်တယ်”

ချန်ကျဲ့ သူမကို စိတ်ချအောင် ပြောဆိုသည်။

ဟွမ်ဝမ်အာသည် ကိုယ်ဝန်ဆောင်ချိန်မှ စတင်ကာ သူမ၏စိတ်အခြေအနေသည် များစွာ ပို၍ တည်ငြိမ်လာခဲ့သည်။ နောက်ဆုံးတွင်တော့ သာမန်အမျိုးသမီးတစ်ယောက်နှင့် တူလာခဲ့လေပြီ။

ဟွမ်ဝမ်အာသည် ချန်ကျဲ့ကိုကြည့်လျက် သူမ၏အိတ်ကပ်ထဲမှ ကျောက်စိမ်းလက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။

ထို့နောက် ချန်ကျဲ့ကို ကမ်းပေးရင်း ပြောသည်။

“ဒါက ဟွမ်မိသားစုရဲ့ ဘိုးဘေးအမွေအနှစ်ပဲ။ ကျွန်မ နန်ပါးထျန်းကို လက်ထပ်တုန်းက ကျွန်မရဲ့နှလုံးသားမရှိတဲ့အဖေက ကျွန်မကို ပေးလိုက်တာ။ နန်ပါးထျန်းကို ကပ်ဖားရပ်ဖားလုပ်ဖို့ပေါ့။ ကျွန်မ အဲဒါကို အမြဲ ကိုယ်နဲ့မကွာ ဆောင်ထားခဲ့တာ။ ပြောတာတော့ ဒီလက်စွပ်က လူကို ဘေးကင်းအောင် စောင့်ရှောက်ပေးတယ်တဲ့။ သခင်ကြီးချန် ယူလိုက်ပါ။ နန်ပါးထျန်းနဲ့တိုက်ပွဲမှာ ရှင် လုံးဝ ဂရုစိုက်ရမယ်။ ကျွန်မတို့ကလေးလေး မွေးတဲ့အခါ ရှင် သူ့ကို လာကြည့်နိုင်ဖို့ မျှော်လင့်တယ်”

ချန်ကျဲ့သည် ဟွမ်ဝမ်အာကမ်းပေးလာသည့် သွေးစွန်းနေသည့် လှပသည့် ကျောက်စိမ်းလက်စွပ်ကို ငေးစိုက်ကြည့်နေခဲ့သည်။ ထိုလက်စွပ်မှာ ရှားပါးပြီး တန်ဖိုးကြီးမားကြောင်း သိသာလှပေသည်။

ထိုလက်စွပ်ကို ဟွမ်ဝမ်အာသည် လည်တွင် ဆွဲထားလေ့ရှိကြောင်း သူမှတ်မိသည်။ သူမ ရူးသွပ်နေခဲ့သည့်အချိန်များက ဟွမ်ဝမ်အာ၏ ကျောက်စိမ်းလိုဖြူဖွေးသည့် လည်တိုင်ထက်တွင် ထိုလက်စွပ်ကလေး ရှေ့နောက်လှုပ်ယမ်းနေသည်ကို ချန်ကျဲ့ အကြိမ်များစွာ မြင်တွေ့ခဲ့ဖူးသည်။

“ကိုယ့်ကိုပေးတာလား”

ချန်ကျဲ့ ဟွမ်ဝမ်အာကို ကြည့်လိုက်သည်။

ဟွမ်ဝမ်အာမှ ခေါင်းညိတ်သည်။

“အင်း ရှင့်ကိုပေးတာ။ အဲဒီလက်စွပ်ကို ဆောင်ထားရင် ကျွန်မ ရှင့်အနားမှာ ရှိနေတာနဲ့ အတူတူပဲ”

ထိုအခါ ချန်ကျဲ့ အသာအယာခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်။

“နားလည်ပြီ”

ချန်ကျဲ့သည် ကျောက်စိမ်းလက်စွပ်ကို လက်ခံယူလိုက်ပြီးနောက် ဟွမ်ဝမ်အာကို ပြောသည်။

“ကိုယ့်ကိုစောင့်နေပါ။ ကိုယ် မကြာခင် နန်ပါးထျန်းကို အနိုင်ယူပြီး မင်းကို ကြီးကျယ်ခမ်းနားတဲ့ သတို့သမီးဝေါယာဉ်နဲ့ လာခေါ်လှည့်မယ်”

ဟွမ်ဝမ်အာ ပြုံးလိုက်သည်။

“ကောင်းပြီ၊ ကျွန်မ ရှင့်ကို စောင့်နေမယ်”

ချန်ကျဲ့သည် ဟွမ်ဝမ်အာနှင့် အဖော်ပြုပေးပြီး အချိန်တစ်ခုကြာ စကားပြောပေးခဲ့သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်၏ စိတ်ခံစားချက်များကို သေချာ ဂရုစိုက်ပေးရန် လိုအပ်ပေသည်။

သူတို့နှစ်ဦးသည် မသင့်တော်သည့် မည်သည့်အရာကိုမျှ မပြုလုပ်ဘဲ စကားပြောခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ကလေးသည် အရေးအကြီးဆုံး မဟုတ်ပါလော။

ညနေရောက်မှသာ ချန်ကျဲ့ ပြန်လာခဲ့သည်။

ချန်ကျဲ့သည် ခြံဝင်းမှ ထွက်ပြီးနောက် စားသောက်ဆိုင်မှ ထွက်လာခဲ့သည်။ ထို့နောက် လူများ၏အမြင်ကို ရှောင်တိမ်းရန်အတွက် ခေါင်မိုးပေါ်သို့ ခုန်တက်သွားပြီးနောက် လူခြေတိတ်သည့်နေရာတစ်ခုရှာကာ မြေပြင်ပေါ်ပြန်ဆင်းသည်။ ထို့နောက် အိမ်တော်သို့ လမ်းလျှောက်ပြန်ခဲ့သည်။

ချန်ကျဲ့ လမ်းမပေါ်တွင် လျှောက်သွားနေသော်ငြား သာမန်ပြည်သူများသည် ချန်ကျဲ့ကို မမှတ်မိပေ။ အထူးသဖြင့် ချန်ကျဲ့သည် ယနေ့တွင် အတော်လေး ရိုးရှင်းစွာ ဝတ်ဆင်ထားခဲ့သည့်အပြင် ချန်ကျဲ့ကဲ့သို့လူမျိုးသည် သာမန်ပြည်သူများအနေဖြင့် ခဏတိုင်း ဆုံတွေ့နိုင်သူလည်း မဟုတ်ပေ။

ချန်ကျဲ့သည် လမ်းပေါ်တွင် တစ်ယောက်တည်း လမ်းလျှောက်နေရင်း မက်မွန်သကြားလုံးတုတ်ထိုးများ ရောင်းနေသည်အား မြင်လိုက်သဖြင့် သုံးချောင်းဝယ်လိုက်သည်။ ရွေ့ရွေ့အတွက် ဝယ်လိုက်ခြင်းဖြစ်ပါ၏။

သကြားလုံးတုတ်ထိုးများ ဝယ်ယူပြီးနောက် ချန်ကျဲ့သည် လမ်းတစ်လျှောက် ဆက်လျှောက်ခဲ့သည်။ ထိုစဉ် မိန်းကလေးတစ်ဦး၏ အသံကျယ်ကျယ်ကို ကြားလိုက်ရသည်။

“ဆိုင်ရှင် ငါတို့ကို ခင်ဗျားတို့မှာရှိတဲ့ အကောင်းဆုံးအခန်းနှစ်ခန်းပေးပါ။ သေရည်ကောင်းကောင်းနဲ့ ဟင်းပွဲတွေလည်း ချပေးပါဦး”

ကနဦးတွင် ချန်ကျဲ့သည် ထိုအသံကို သိပ်အာရုံမထားခဲ့ပေ။ သို့သော် တစ်စုံတစ်ခုကြောင့် ချန်ကျဲ့ ရပ်တန့်သွား၏။

ချန်ကျဲ့ တည်းခိုခန်းဝင်ပေါက်ကို လှည့်ကြည့်လိုက်သည်။

အသင့်အတင့် အသားဖြူကာ ရုပ်ရည်ချောမောပြီး လူချမ်းသာတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးသည် မြင်းဖြူကိုဆွဲလျက် တည်းခိုခန်းမှ ဝန်ထမ်းတစ်ဦးကို စကားပြောနေသည်။

ထိုလူငယ်၏နောက်တွင် ထပ်တူညီလုနီးပါးသော အသွင်အပြင်ရှိသူ သုံးဦးပါဝင်သည်– သုံးမြွှာပူးဖြစ်နိုင်၏။

သူတို့၏အဝတ်အစားများသည်တော့ မတူကြပေ။ တစ်ဦးသည် ဓားရှည်ကို ကိုင်ဆောင်ထားရာ ဓားသိုင်းသမားဖြစ်လိမ့်မည်။ နောက်တစ်ဦးသည် နားထင်များ ဖောင်းနေကာ အသားအရောင်နီမြန်းပြီး အနည်းငယ် ဖွံ့ထွားသည်။ ကြည့်ရသည်မှာ အတွင်းအားကျွမ်းကျင်သူတစ်ဦး ဖြစ်လိမ့်မည်။

နောက်ဆုံးတစ်ယောက်သည် ခြေလက်များ ကြီးမားရှည်လျားသည်ဖြစ်ရာ ရုပ်ခန္ဓာသိုင်းပညာကို ကျင့်ကြံကြောင်း ထင်ရှားပေသည်။

ထိုသုံးဦးသည် လူငယ်၏နောက်တွင် ရပ်နေကြပုံမှာ သာမန်အဆင့်အတန်းမဟုတ်သည့် လက်ရွေးစင်စစ်သည်များဖြစ်ကြောင်း ထင်ရှားလှသည်။

ထိုမြင်ကွင်းကို သတိထားလိုက်မိသည်တွင် ချန်ကျဲ့ ရပ်လိုက်ပြီး မိမိ၏မျက်နှာကို လူမမှတ်မိနိုင်စေရန် လက်ဖြင့်ဖုံးလိုက်ပြီး တည်းခိုခန်းသို့ ဦးတည်လျှောက်သွားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ရှေ့ဆုံးမှ ရုပ်ရည်ချောမောသည့် ထိုလူငယ်ကို ချန်ကျဲ့ သိသောကြောင့် ဖြစ်သည်။

ရှန်းထောင်ရွာတွင် ထိုလူငယ်ကို ချန်ကျဲ့ တွေ့ဖူး၏။ တစ်နှစ်ကြာသွားခဲ့ပြီဖြစ်သည့်တိုင် ချန်ကျဲ့ ထိုလူငယ်ကို မှတ်မိပါသေးသည်။

ဟုတ်ပါသည်။ ထိုလူငယ်သည် နီဝမ်ကျွင့် ပြန်ပေးဆွဲခဲ့သည့် ထူယာ ထျဲမုအာဟု အမည်ရသည့် မင်းသမီးကျောက်ယာ ဖြစ်ပါ၏။ (*ကျောက်ယာက ယောက်ျားလေးလို ဝတ်ထားတာပါ*)

(နဂါးနိုင်ဓားသိုင်းဇာတ်လမ်းတွဲမှာ ကျောက်မင်(ကျောက်မိန်)က ကျန်းဝူကျိအယောင်ဆောင်ပြီး ဂိုဏ်းတကာကို လှည့်လည်တိုက်ခိုက်ပြီး မိန်ဂိုဏ်းသိက္ခာကျအောင်လုပ်ပါတယ်။ အဲ့အချိန်တုန်းက ဝူတန်ကို စိန်ခေါ်တုန်းက ကျောက်မိန်ဘက်ကနေ တိုက်ခိုက်ပေးတဲ့ သုံးမြွာပူး အားတ၊အားအာ၊အားစန်းတို့ဖြစ်ပါတယ်။ ရှောင်လင်အခြေခံသိုင်းပညာကိုကျင့်ကြံထားကြပြီး တောင့်တင်းခိုင်မာတဲ့ ကိုယ်အချိုးအစားနဲ့ တိုက်ခိုက်ရေးကော၊ခုခံမှုမှာပါ ပြည့်စုံတဲ့ သိုင်းသမားတွေပါ။ ဒီဇာတ်လမ်းထဲမှာတော့ ကျောက်မိန်တဖြစ်လဲ ကျောက်ယာက အဲ့အချိန်တုန်းက ရုပ်ဖျက်ထားသလို ရုပ်ဖျက်ပြီး ချန်ကျဲ့ရှိတဲ့မြို့ကို ရောက်ချလာတာပါ)

သူ အကယ်ခံလိုက်ရတာလား။

ချန်ကျဲ့ နီဝမ်ကျွင့်၏အခြေအနေကို တွေးမိလိုက်သည်။

ချန်ကျဲ့သည် စဉ်းစားနေရင်း လက်မအခြေနားရှိ ကိုက်ရာဖျော့ဖျော့ကို ငုံ့ကြည့်လိုက်မိသည်။ ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်၏။

ပြန်ရောက်ရင် အမာရွတ်ပျောက်ဆေးရှိလားလို့ ဆရာ့ကို မေးကြည့်မှပါ။ အဲဒီတုန်းက ငါ မျက်နှာဖုံးဝတ်ထားပေမဲ့လည်း ဒီလိုအမာရွတ်မျိုးက လူရဲ့သရုပ်မှန်ကို မှတ်မိလွယ်စေတယ်။

ထိုသို့တွေးတောရင်း ချန်ကျဲ့သည် ကျောက်ယာကို နောက်ယောင်ခံကာ တည်းခိုခန်းထဲသို့ ဝင်သွားခဲ့သည်။

ရှေးခတ်က တည်းခိုခန်းများမှာ မြေညီထပ်တွင် အစားအသောက် မှာယူနိုင်ပြီး ဒုတိယထပ်တွင် အခန်းငှားနိုင်သည်။ ထုံဖူတည်းခိုခန်းနှင့် ဆင်တူ၏။

“ဒီက ဧည့်သည်တော်က…”

ဆိုင်ရှင်သည် ချန်ကျဲ့ကို နှုတ်ဆက်ရန်ပြင်လိုက်စဉ် ချန်ကျဲ့ကို သေချာမြင်လိုက်သောအခါ သိသိသာသာ တွန့်ဆုတ်သွား၏။ ဤတည်းခိုခန်းကို ကျားဖြူခန်းမမှ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ပေသည်။

ကျားဖြူခန်းမ၏ လက်ရှိအချိန်တွင် ဂုဏ်သတင်း အလွန်ကောင်းမွန်သည်။ အဖွဲ့သားများနှင့် လက်အောက်ခံများ၏ အင်အားကို ထိန်းသိမ်းနိုင်ရုံမျှမက ဆားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေတစ်စိတ်တစ်ပိုင်းကိုလည်း ရင်းနှီးမြှုပ်နှံထားနိုင်သည်။

ကျားဖြူခန်းမသည် လွန်ခဲ့သည့်နှစ်များအတွင်း၌ မြောက်များစွာသော ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ခဲ့ပြီး မြို့ထဲရှိ လုပ်ငန်းအများစုတွင် ချန်ကျဲ့၏ ဝေစုပါဝင်သည်။ လုပ်ငန်းရှင်များသည်လည်း ချန်ကျဲ့၏ ရင်းနှီးမြှုပ်နှံမှုကို စိတ်အားထက်သန်စွာဖြစ်စေ၊ တွန့်ဆုတ်သည်ဖြစ်စေ လက်ခံခဲ့ကြသည်။

တစ်ဖက်တွင် ကျားဖြူခန်းမအဖွဲ့သား တစ်ထောင်နီးပါးခန့်ကို စီမံခန့်ခွဲ့ရင်း တစ်ဖက်တွင် ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်စီမံခန့်ခွဲသည်။ ချန်ကျဲ့သည် စီးပွားရေးလုပ်ငန်းတစ်ခုခုတွင် စိတ်ပါဝင်စားပါက လူစေလွှတ်ကာ ရှယ်ယာဝင်နိုင်ရန် ညှိနှိုင်းလေ့ရှိသည်။ သဘောတူညီချက်ရရှိပါက ချန်ကျဲ့သည် လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံပေးပြီး အကျိုးအမြတ်ကို ခွဲဝေယူသည်။

ငြင်းဆန်ပါက ထိုလုပ်ငန်း၏ဘေးတွင် ထိုလုပ်ငန်းနှင့် တူညီသည့်လုပ်ငန်းကို ဖွင့်လှစ်ပြီး တူညီသည့်ထုတ်ကုန်ကို ရောင်းချသည်။ သို့သော် ပို၍ စျေးနှုန်းချိုသာစွာ ရောင်းချခြင်းဖြစ်သည်။

All Chapters