← Chapters

အခန်း (၆၃၂)

Vol. 53 Ch. 632

အခန်း (၆၃၂)

Vol. 53 Ch. 632

အခန်း ၆၃၂

ဤဆိုင်ရှင်လေးများသည် ငွေကြေးစီးဆင်းမှု ဘယ်လောက်များများ ရှိနိုင်ပါမည်နည်း။ ချန်ကျဲ့သည် ငွေကြေးရှားပါးသူ မဟုတ်လော ငွေအချို့ ဆုံးရှုံးရလျှင်သော်မှ ထိုဆိုင်ရှင်လေးများထက် ပို၍ အချိန်ကြာရှည်စွာ ခံနိုင်ရည်ရှိသည်။ ထို့ကြောင့် အဆုံးတွင် ထိုဆိုင်ရှင်လေးများသာလျှင် ဦးစွာ ဆိုင်ပိတ်သွားကြရလေသည်။

ထို့နောက်တွင် ချန်ကျဲ့သည် ထိုဆိုင်ရှင်များကို အလုပ်ခန့်အပ်ကာ ကျွမ်းကျင်သည့် စီမံခန့်ခွဲသူများဖြစ်လာစေပြီး သူ့အတွက် ဝင်ငွေရှာပေးစေသည်။

သို့နည်းဖြင့် အကျိုးအမြတ်ပေါ် အကျိုးအမြတ်ဆင့်စေသည်။ နှစ်အဆုံး၌ မျန့်ရွှေစီရင်စု၏ လုပ်ငန်းများစွာသည် ကျားဖြူခန်းမမှ တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သည့် လုပ်ငန်းများ ဖြစ်လာခဲ့သည်။

ဤနည်းဗျူဟာသည် သူ၏အရင်ဘဝက ကုမ္ပဏီကြီးအချို့၏ နည်း‌ဗျူဟာကို အတုယူကျင့်သုံးခြင်း ဖြစ်သည်။ အရှက်မဲ့ရာကျသော်ငြား သက်ရောက်မှုရှိပေသည်။

ထို့ပြင် ထိုလုပ်ငန်းရှင်များနှင့် ဆိုင်ရှင်များကို ချန်ကျဲ့သည် အမြစ်ပြတ်မသုတ်သင်ပစ်ပေ။ သူ့ဘက်မှ လုံလောက်သည့် သဒ္ဒါတရားနှင့် ဖြောင့်မတ်မှန်ကန်မှုကို ပြသခဲ့ပါသည်။

ဤဆိုင်တွင်တော့ ချန်ကျဲ့၏ပိုင်ဆိုင်မှုသည် ၃၀ရာခိုင်နှုန်းဖြစ်သည်။

စားပွဲထိုးသည် ချန်ကျဲ့ကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိလိုက်သည်။

“ခန်းမအရှင်သခင်ချန်~”

“ရှူး~ ငါ့ကို အဲဒီလူလေးယောက်နဲ့ နီးတဲ့နေရာမှာ နေရာစီစဉ်ပေးပါ”

“ဟုတ်ကဲ့ ကျွန်တော်စီစဉ်လိုက်ပါ့မယ်”

စားပွဲထိုးသည် အရိပ်အကဲသိတတ်သောကြောင့် မကြာမီတွင် ချန်ကျဲ့အတွက် သီးသန့်နေရာစီစဉ်ပေးပြီး ပြောသည်။

“သေရည်တစ်အိုးနဲ့ အမြည်းသုံးပွဲဆို အဆင်ပြေမလားဗျ”

စားပွဲထိုးမှ ခေါင်းညိတ်သည်။

ထို့နောက် ချန်ကျဲ့သည် ပြင်ဆင်ပေးသည့်နေရာတွင် ဝင်ထိုင်လိုက်ပြီး သာမန်ဧည့်သည်တစ်ဦးကဲ့သို့ ပြမူစားသောက်နေလိုက်သည်။

ချန်ကျဲ့သည် ထိုလူလေးဦးကို တိုက်ရိုက်မကြည့်ဘဲ ဟင်းပွဲများကိုသာ အာရုံစိုက်ထားခဲ့သည်။

ထိုစဉ် ထိုလူလေးယောက်သည်လည်း စားပွဲတစ်ခုတွင် နေရာယူလိုက်ကြကာ ဓားရှည်ကိုင်ဆောင်သည့် တောင့်တင်းသူမှ ပြောသည်။

“ခရိုင်မင်းသမီး ကျွန်တော်တို့ မျန့်ရွှေစီရင်စုထဲ ရောက်နေပြီပဲဟာ ဘာလို့ ဒီက စီရင်စုအုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး နေရာထိုင်ခင်း မပြင်ခိုင်းဘဲ ကိုယ့်ဘာကိုယ် နေရာရှာရတာလဲ”

“ဒီနေရာကို ကြည့်ပါဦး။ မင်းသမီးရဲ့အဆင့်အတန်းနဲ့ ဘယ်လိုလုပ်ပြီး ကိုက်ညီနိုင်မှာလဲ”

ဓားရှည်ကိုင်ဆောင်သူမှ ပြောသည်။

ထိုစဉ် အသားအရောင်နီမြန်းသူမှ ပြောသည်။

“ဟုတ်ပါတယ် ခရိုင်မင်းသမီး။ ဒီနေရာက ဘယ်လိုနေရာကြီးလဲ။ ကျွန်တော်တို့က ဒီကို စိစစ်ရေးတမန်တော်အနေနဲ့ ရောက်လာတာပါ။ မင်းသမီးအနေနဲ့ ဒီက စီရင်စုအုပ်ချုပ်ရေးမှူးကို အကြောင်းကြားသင့်ပါတယ်”

ထိုအခါ ကျောက်ယာသည် မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“အားသာ့၊ အားအာ့.. နင်တို့ ပါးစပ်ပိတ်ထားစမ်း။ ငါတို့က စိစစ်ရေးတမန်တော်အဖြစ် လာတယ်ဆိုတာ နင်တို့သိသေးတာပဲ။ ဒီခရီးစဉ်တစ်လျှောက်လုံးမှာ စီရင်စုအုပ်ချုပ်ရေးမှူး ဘယ်နှယောက်တောင်မှ ငါတို့ကို လှည့်စားဖို့ ကြိုးစားခဲ့ပြီးပြီလဲ။ မျန့်ရွှေစီရင်စုက ‌ငါတို့ရဲ့ နောက်ဆုံးသတ်မှတ်နေရာပဲ။ အရာရာကို အမှန်အတိုင်း သိမြင်နိုင်ဖို့အတွက် ငါတို့ သရုပ်မှန်ကို ဖုံးကွယ်ပြီး စစ်ဆေးကြည့်သင့်တယ်”

“နင်တို့ အားစန်းကိုကြည့်လိုက်ဦး။ သူဆို ဘာမှမပြောဘူး”

ကျောက်ယာသည် အားစန်းကို လက်ညှိုးညွှန်ကာ ချီးမွမ်းလိုက်သည်။ ထိုအခါ အားစန်းမှ ပြောသည်။

“ခရိုင်မင်းသမီး ဒီနေရာက အရမ်းနုံချာလွန်းပါတယ်။ ဒီစားပွဲကိုကြည့်ပါဦး။ အစင်းရာအခြစ်ရာတွေနဲ့။ ပြီးတော့ ဒီထိုင်ခုံရောပဲ။ မင်းသမီး…”

“ခုနကပဲ ငါ နင့်ကို ချီးမွမ်းလိုက်တာကို ပါးစပ်ပိတ်ထားစမ်း။ ငါတောင် ဘာမှမပြောဘူးကို နင်တို့ယောက်ျားရင့်မာကြီးသုံးယောက်က ပွစိပွစိပြောနေလိုက်တာ မိန်းမကြီးတွေကျနေရောပဲ”

ထိုအခါ အမျိုးသားသုံးယောက်သည် တိတ်သွားတော့သည်။

‌ထို့နောက် ကျောက်ယာသည် သူမ၏လက်ကို ကုတ်ခြစ်ရင်း ပြောသည်။

“စားပွဲထိုး အစား‌အသောက်တွေရပြီလား”

“ဟုတ်ကဲ့ လာပါပြီ”

စားပွဲထိုးမှ ချက်ချင်းတုံ့ပြန်ပြီး အနားလျှောက်သွားသည်။ ထိုစဉ် တခြားစားပွဲ၌ ချန်ကျဲ့သည် မြေပဲတစ်စေ့ကို ကောက်ယူကာ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ သူ၏အကြည့်များသည် အာရုံစိုက်နေ၏။

“စိစစ်ရေးတမန်တော်က ကျောက်ယာလား”

ချန်ကျဲ့ သေရည်တစ်ငုံသောက်လိုက်သည်။

တကယ် မမျှော်လင့်ထားတာပဲ။ သူဖြစ်နေရတယ်လို့။

တကယ်တော့ ချန်ကျဲ့ ခန့်မှန်းမိသင့်သည်။ စိစစ်ရေးတမန်တော်ဟူသည် တော်ဝင်ညီလာခံရှိ အုပ်စုအဖွဲ့များကြား ညှိနှိုင်းမှုများ၏ ရလဒ်ဖြစ်သည်။ ခြုံငုံ‌လိုက်သော် စိစစ်ရေးတမန်တော်သည် ရာထူးနိမ့်သော်လည်း ဒေသခံအာဏာပိုင်များကို ဖိနှိပ်နိုင်စွမ်းရှိပြီး ထူးခြားသည့်အာဏာကို ပိုင်ဆိုင်ပေသည်။ တောင်ပိုင်းဒေသ၏ အရေးပါသူတစ်ဦးအဖြစ် ခန့်အပ်ရခြင်းဖြစ်ရာ ရူယန်မင်းသားသည် မြောက်ပိုင်းဒေသမှ လူများကို တောင်ပိုင်းဒေသတွင် စွက်ဖက်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် မြောက်ပိုင်းဒေသသားများကို သူ၏လူများဖြင့် အစားထိုးခြင်းဟူသည့် ရွေးချယ်စရာတစ်ခုသာ ကျန်ရစ်တော့သည်။ သို့သော် အမျိုးမျိုးသော အင်အားအာဏာများကို ဖိနှိပ်နိုင်ရန်အတွက် ထိုလူ၏သရုပ်သည် အဆင့်အတန်း အရမ်းနိမ့်၍ မဖြစ်ချေ။ သို့ဖြစ်ရာ သူ၏သမီးဖြစ်သူကို တာ‌ဝန်ပေးလိုက်ခြင်းသာလျှင် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်သည်။ သူ၏သမီးဖြစ်သူ၏ အဆင့်အတန်းကို မည်သူကများ မျက်နှာသာမပေးရဲပါမည်နည်း။

စီရင်စုအုပ်ချုပ်ရေးမှူးတချို့အား ဖယ်ရှားလိုက်သည်ကို မည်သူကမျှ စောဒကတက်ရဲလိမ့်မည် မဟုတ်ပေ။

ဤသည်မှာ ကျောက်ယာ၏ ဇာတ်ကောင်ဖြစ်သည်။

ထို့ပြင် လွန်ခဲ့သည့်တစ်ခေါက်က အဖြစ်အပျက်ကြောင့် ရူယန်မင်းသားသည် ကျောက်ယာကို စောင့်‌ေရှာက်အတွက် သိုင်းပညာရှင်သုံးဦး ထည့်ပေးလိုက်သည်။

အားသာ့၊ အားအာ့နှင့် အားစန်းတို့သည် တိုင်းတစ်ပါးမှ ကျင်းကန်းဂိုဏ်း၏ ထူးချွန်‌တပည့်များဖြစ်ကြပြီး ရှောင်လင်သိုင်းကျမ်းတချို့တဝက်ကိုလည်း ကျင့်ကြံထားရာ ထိုသုံးဦးစလုံးသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို ကျော်ဖြတ်တက်လှမ်းကာ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့် သိုင်းပညာရှင်များ ဖြစ်သည်။

ထိုသိုင်းပညာရှင်သုံးဦးအပြင် စစ်သည်တပ်ဖွဲ့တစ်ခုမှ ကျောက်ယာကို ကာကွယ်ပေးနေသည်ဖြစ်ရာ အလွန်ဘေးကင်းလုံခြုံပေသည်။ နီဝမ်ကျွင့်နှင့် ဆုံတွေ့ခဲ့လျှင်သော်မှ ထိုသူများ၏ ကာကွယ်ပေးမှုဖြင့် သူမ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည်။

စားပွဲထိုးသည် သူတို့အတွက် ကောင်းမွန်သည့် ဟင်းပွဲများနှင့် သေရည်နွေးနွေးတို့ကို တည်ခင်းပေးသည်။

ကျောက်ယာ ဟင်းတစ်ပွဲကို လက်လှမ်းလိုက်သည်။

သို့သော် အားသာ့၏ ဟန့်တားခြင်း ခံလိုက်ရသည်။

“‌ခဏ‌လေးပါ ခရိုင်မင်းသမီး။ အားအာ့”

ထိုအခါ အားအာ့သည် တူကို ကောက်ကိုင်ကာ ဟင်းပွဲကို ဦးစွာ စားလိုက်သည်။ အားအာ့သည် အတွင်းအားကျင့်ကြံသောကြောင့် အဆိပ်ခံနိုင်ရည်မြင့်မား၏။ ထို့ကြောင့် ခရီးစဉ်တစ်လျှောက်တွင် ကျောက်ယာအတွက် အဆိပ်စမ်းသပ်ပေးရန် တာဝန်ယူရသည်။

ကျောက်ယာမှ ပြောသည်။

“လိုအပ်လို့လား။ ငါ့ကို ဘယ်သူမှ မမှတ်မိတာကို ဘယ်သူက အဆိပ်ခတ်မှာတဲ့လဲ”

အားအာ့မှ ပြောသည်။

“ခရိုင်မင်းသမီး နောက်မှ စိတ်ပင်ပန်းရတာထက်‌ ဘေး‌ကင်းအောင် ကြိုစစ်ဆေးတာ ပိုကောင်းပါတယ်။ ခရီးမထွက်ခွာခင်က မင်းသားကလည်း ကျွန်တော်တို့ကို သေချာညွှန်ကြားထားပါတယ်”

“ကောင်းပြီ။ ငါနားလည်တယ်။ မပြောနဲ့တော့။ ပြီးတော့ အပြင်မှာ ငါ့ကို ခရိုင်မင်းသမီးလို့ မခေါ်နဲ့လို့။ သခင်လေးလို့ခေါ်စမ်းပါ”

ထိုအခါ သုံး‌ဦးသည် အပြန်အလှန်ကြည့်လိုက်ကြပြီးနောက် အမြန်ပြန်ပြောကြသည်။

“ဟုတ်ကဲ့ပါ ခရိုင်မင်းသမီး”

ကျောက်ယာသည် ထိုငတုံးသုံးယောက်ကြောင့် မွန်းကြပ်လွန်းသဖြင့် ဘာမှဆက်မပြောတော့ဘဲ သေရည်သာ သောက်နေလိုက်တော့သည်။

ထိုအချိန်၌ ချန်ကျဲ့သည်လည်း သေရည်ကို တစ်ငုံချင်းသောက်ရင်း စိတ်ထဲတွင် တွက်ချက်နေခဲ့သည်။

စိစစ်ရေးတမန်တော် ရောက်နေပြီဆိုတော့ ကြည့်ရတာ နန်ပါးထျန်းတော့ အရှိန်မြှင့်ဖို့ လိုနေပြီပဲ။

ချန်ကျဲ့သည် ကျောက်ယာနှင့်ထိုလူသုံးဦးကို ကျောခိုင်းထိုင်လျက် မြေပဲအမြည်းစားရင်း သေရည်သောက်နေခဲ့သည်။

ကျောက်ယာသည် သေရည်ခွက်ကို အသာမြှောက်ကာ သူမ၏ လက်အောက်ငယ်သားသုံးဦးနှင့် ခွက်ချင်းတိုက်ရန် ပြင်လိုက်သည်။ သို့သော် ထိုသုံးဦးမှာ သူမ၏အပြုအမူကို ပြန်မတုံ့ပြန်ရဲကြပေ။

အဆင့်အတန်း ဓလေ့ထုံးတမ်းတွေကို အရိုးထဲထိ ရေးထိုးထားကြတာ ဘယ်လောက်ပျင်းစရာကောင်းလိုက်သလဲ။ ပျင်းစရာကြီး။

ကျောက်ယာသည် ထိုသို့တွေးလျက် ခေါင်းလှည့်လိုက်ရာ သူတို့ကို ကျောခိုင်းထိုင်နေသည့် ချန်ကျဲ့ကို မြင်သွားသည်။

ကျောက်ယာ လန့်သွား၏။

“ဟင်”

ထိုအသံကိုကြားလိုက်သည်နှင့် ချက်ချင်း အားသာ့သည် ဓားရှည်ကို လက်မဝက်ခန့် ဆွဲထုတ်လိုက်သည်။ ချန်ကျဲ့သည်လည်း သူ၏နောက်ကျောတွင် ဆူးငြှောင့်များ ချိန်ရွယ်ခံထားရသည့်အလား ခံစားလိုက်ရကာ နေရာတွင် တောင့်ခဲသွားတော့သည်။

ချန်ကျဲ့သည် လက်ထဲရှိ သေရည်ခွက်ဖြင့် တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။

“ဘာဖြစ်လို့လဲ ခရိုင်… သခင်လေး”

ထိုစဉ် အားသာ့မှ မျက်မှောင်ကြုတ်လျက် မေးသည်။ အားအာ့နှင့် အားစန်းတို့သည်လည်း ချန်ကျဲ့၏နောက်ကျောကို ပေါက်ကွဲလုမတတ် စိုက်ကြည့်နေကြသည်။

ကျောက်ယာသည် အားသာ့ကို ပြန်ကြည့်လိုက်ရင်း ပြောသည်။

“ဘာလို့ ဓားဆွဲထုတ်နေတာလဲ။ ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း ဒီလူရဲ့နောက်ကျောကို နည်းနည်းရင်းနှီးနေသလို ခံစားလိုက်ရလို့ပါ”

အားသာ့သည် ချန်ကျဲ့ကို လှည့်ကြည့်လိုက်သည်။ အားအာ့သည် မျက်လုံးတို့မှေးကျဉ်းလိုက်ပြီး အားစန်းမှ ပြောသည်။

“ကျွန်တော်တို့ သူ့ကိုဖမ်းပြီးတော့ သေချာ‌စစ်မေးလိုက်ရမလား”

All Chapters