← Chapters

အခန်း (၆၃၃)

Vol. 53 Ch. 633

အခန်း (၆၃၃)

Vol. 53 Ch. 633

အခန်း ၆၃၃

ကျောက်ယာမှ ပြောသည်။

“နင်တို့က လူသတ်တဲ့ မိစ္ဆာကောင်တွေလား‌။ ဒီလူက ဒီတိုင်း လမ်းသွားလမ်းလာတစ်ယောက်ပါ။ နင်တို့ သူ့ကို ဘာလို့ အဲဒီလိုဆက်ဆံမှာလဲ”

“အာ”

ထိုသုံးဦးမှာ အံ့ဩသွား၏။

ကျောက်ယာမှ အမိန့်ပေးသည်။

“နင်တို့သုံးယောက်စလုံး ထိုင်ကြစမ်း။ မလှုပ်နဲ့”

ထိုအခါ သုံးဦးသည် မျက်ခုံးတို့ တွန့်ချိုးလျက် စိုက်ကြည့်နေကြသည်။

ထို့နောက် ကျောက်ယာသည် ချန်ကျဲ့အနီးသို့ သေရည်တစ်အိုးနှင့် သေရည်ခွက်တို့ကို ကိုင်ကာ ချဉ်းကပ်လာသည်။

ချက်ချင်းပင် ချန်ကျဲ့ ဦးခေါင်းခွံများ ကျိန်းစပ်သွားရသည်။

ပြဿနာတွေက ငါ့ဆီ အလွယ်လေးရောက်လာနေပါရောလား။

ချန်ကျဲ့သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်နှာအမူအရာ မပျက်ယွင်းအောင် ထိန်းချုပ်လိုက်သည်။

ကျောက်ယာသည် ချန်ကျဲ့အနီးသို့ အပြုံးလေးဖြင့် ချဉ်းကပ်လာပြီး ပြောသည်။

“တစ်ဆိတ်လောက်ပါ”

ထိုအခါ ချန်ကျဲ့သည် တမင် အသံနိမ့်၍ ပြန်ပြောလိုက်သည်။

“အာ ဘာကိစ္စရှိလို့လဲဗျ”

ကျောက်ယာသည် ချန်ကျဲ့ကို ငုံ့ကြည့်နေသည်။

မျက်နှာကတော့ လုံးဝ မရင်းနှီးတဲ့မျက်နှာပဲ။ ဒါပေမဲ့ အသံက…

ပြီးတော့ မျက်လုံးတွေရောပဲ။ ဘာလို့ ဒီလောက်တောင် ရင်းနှီးနေသလို ခံစားနေရတာလဲ။

ကျောက်ယာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ချန်ကျဲ့မှာ နဖူးတွင် ချွေးစေးများကျနေသည်။

သူ တစ်ခုခုမှတ်မိသွားတာများလား။

ချန်ကျဲ့သည် ထိုသို့တွေးနေရင်းပင် မိမိကိုယ်ကိုယ်တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး မေးသည်။

“သခင်လေး တစ်ခုခုလိုအပ်လို့လား”

“အာ အင်း”

ကျောက်ယာသည် အတွေးထဲနစ်မြောနေရာမှ အသိပြန်ဝင်သွားကာ ချန်ကျဲ့ကိုကြည့်၍ ပြောသည်။

“အာ ဒီကညီနောင် ကျွန်တော်က မျန့်ရွှေကို ဒီနေ့မှ ရောက်ဖူးတာပါ။ မျန့်ရွှေက အစားကောင်းအသောက်ကောင်းတွေနဲ့ ဘယ်နေရာတွေက ပျော်ပါးလို့ကောင်းလဲဆိုတာ မသိလို့ အကြံပြုချက်လေးတောင်းချင်လို့ပါ”

“ဪ အဲဒါက လွယ်ပါတယ်။ မျန့်ရွှေက မြစ်ကမ်းဘေးက မြို့ပါ။ အဲဒါကြောင့် ငါးနဲ့ပုစွန်တွေက အထူးအရသာကောင်းမွန်ပါတယ်။ ပျော်ပါးလို့ကောင်းတဲ့နေရာတွေကတော့ အရှေ့မြို့မှာ လတိုင်းရဲ့၁၅ရက်နေ့တိုင်း ကျင်းပတဲ့ ဘုရားပွဲရှိပါတယ်။ သခင်လေးစိတ်ဝင်စားရင် တစ်ခါလောက် သွားကြည့်သင့်ပါတယ်”

“အို ကျေးဇူးတင်ပါတယ်”

“ရပါတယ် ရပါတယ်”

ချန်ကျဲ့ တက်ကြွစွာ ပြန်ပြောလိုက်သည်။ အမူအရာကိုလည်း သဘာဝကျအောင် ထိန်းထားနိုင်ခဲ့သည်။

သို့သော် စိတ်ထဲတွင်တော့ ‘မြန်မြန်ထွက်သွားစမ်းပါ’ဟု ဆုတောင်းနေခဲ့သည်။

သို့သော် ကျောက်ယာသည် စူးစမ်းလိုစိတ်ပြည့်လျှံလျက် ထွက်မသွားပေ။ ထိုအစား ချန်ကျဲ့၏ညာဘက်ရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်လေသည်။

“ဒီကညီနောင်ကိုကြည့်ရတာ အတော်လေးရင်းနှီးနေတယ်။ ကျွန်တော်တို့ အရင်က တွေ့ဖူးကြလား”

ကျောက်ယာသည် မျက်လုံးတို့မှေးကျဉ်းလျက် ချန်ကျဲ့ကို ကြည့်နေသည်။

ချန်ကျဲ့သည် အင်္ကျီလက်အောက်တွင် ဖုံးကွယ်ထားသည့်လက်ကို လက်သီးတင်းတင်းဆုပ်လိုက်သည်။ သို့သော် မျက်နှာထက်ရှိ အပြုံးသည်တော့ ပျောက်ကွယ်မသွားပေ။

“ဟားဟား ကျွန်တော့်မျက်နှာက အတွေ့ရများတဲ့မျက်နှာမျိုးမို့ပါ။ ကျွန်တော်နဲ့ ဆင်တူတဲ့သူတွေ အများကြီးရှိတာ သဘာဝကျပါတယ်။ မဟုတ်မှ သခင်လေး ကျွန်တော့်ကို တစ်ယောက်ယောက်နဲ့ လူမှားနေတာများလား”

ကျောက်ယာမှ ပြန်ပြောသည်။

“ဟုတ်လား။ ဘာလို့မှန်းမသိပေမဲ့ ဒီကညီနောင်ကိုကြည့်ရတာ ကျွန်တော် အရင်က သိခဲ့ဖူးတဲ့လူတစ်ယောက်နဲ့ တူနေသလို ခံစားရတယ်”

“အဲဒီလူက သခင်လေးရဲ့မိတ်ဆွေဟောင်းလား”

ချန်ကျဲ့ တမင်ပြောလိုက်သည်။

“သခင်လေး လူမှားနေတာများလား။ သခင်လေးက မျန့်ရွှေကို ဆွေမျိုးတွေဆီ အလည်လာတာလား၊ အလုပ်ကိစ္စအတွက် လာခဲ့တာလားဗျ”

ချန်ကျဲ့သည် ရည်ရွယ်ချက်ရှိရှိ စကားအကြောင်းအရာကို ပြောင်းလဲရန် ကြိုးစားလိုက်သည်။

သို့သော် ကျောက်ယာသည် ချန်ကျဲ့၏လှည့်ကွက်ထဲ ပါမသွားဘဲ ချန်ကျဲ့ကို ဆက်၍ စူးစိုက်ကြည့်နေသည်။

“ညီနောင်က မျန့်ရွှေစီရင်စုသားလား”

ထိုမေးခွန်းသည် ချန်ကျဲ့ကို တန့်သွားစေခဲ့သည်။ ကျောက်ယာသည် စိစစ်ရေးတမန်တော်ဖြစ်ရာ ယဲ့လုဖုန်းနှင့် တွေ့ရမည်မှာ အနှေးနှင့်အမြန်ပင်။ ဤဒေသခံကုန်သည်အဖွဲ့တစ်ခု၏ ခေါင်းဆောင်တစ်ဦးဖြစ်ရာ ချန်ကျဲ့သည်လည်း သူမနှင့် ဆုံတွေ့ရနိုင်ခြေ မြင့်မားသည်။ ယခု သူမကို လိမ်ပြောလိုက်ပါက မကြာမီ အလိမ်ပေါ်သွားမည်ဖြစ်သည်။ သို့ဖြစ်ပါက သံသယဝင်ခံရနိုင်သည်။

ထိုသို့အတွေးဖြင့် ချန်ကျဲ့ ပြောလိုက်သည်။

“အင်း ဟုတ်တယ်ပဲ ဆိုပါတော့။ ကျွန်တော် ဒီမြို့ကိုရောက်တာ တစ်နှစ်ကျော်ပြီ”

“တစ်နှစ်ကျော်လား”

ကျောက်ယာမှ ပြန်ပြောသည်။

“ဒါဆို အရင်က ဘယ်မှာနေတာလဲ”

ချန်ကျဲ့ နှလုံးခုန်မြန်လာသော်ငြား အမူအရာမပျက် ထိန်းထားလိုက်သည်။

“ရှန်းထောင်မြို့ကပါ။ အရမ်းမကြီးတဲ့ မြို့ငယ်လေးတစ်မြို့ပါ။ သခင်လေး အဲဒီမြို့ကို သိလားဗျ။ အဲဒီမှာ ရှုခင်းတွေ အတော်လှတယ်။ သခင်လေးအားရင် တစ်ခါလောက် အလည်သွားပြီး အပန်းဖြေသင့်တယ်”

“ရှန်းထောင်မြို့”

ကျောက်ယာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ တကယ်တော့ ကျောက်ယာသည် သူပြန်ပေးဆွဲခံခဲ့ရစဉ်က မည်သည့်နေရာသို့ ခေါ်ဆောင်သွားခံခဲ့ရသည်ကို မသိပါချေ။

တစ်ချိန်လုံး အိတ်ထဲထည့်သယ်ခံခဲ့ရသောကြောင့် မျန့်ရွှေစီရင်စု၊ မျန့်ရွှေမြို့အနီးက မြို့တစ်မြို့ဖြစ်သည်ဟုသာ သိထားခဲ့သည်။ ရှန်းထောင်မြို့လော၊ အခြားမြို့တစ်မြို့လော သူမ မမှတ်မိပေ။

သို့သော် ဟွမ်ကျိုးပြည်နယ်သို့ တင်ပြသည့် မှတ်တမ်းများတွင်တော့ နီမန့်ဇစ်သည် ရှန်းထောင်မြို့အပါအဝင် မြို့၇မြို့ကို ဖြတ်သန်းသွားခဲ့သည်ဟု ဖော်ပြထားပေသည်။

ကျောက်ယာသည် ထိုအရာများကိုတွေးတောရင်း ချန်ကျဲ့ကို ပြောလိုက်သည်။

“ညီနောင်တို့မြို့မှာ ဒီလိုလူတစ်ယောက်ရှိလား…”

ကျောက်ယာသည် ခဏထပ်တွေးလိုက်ပြီးနောက်တွင် ထိုလူယုတ်မာမှာ မျက်နှာဖုံးတပ်ထားသောကြောင့် ထိုလူ၏အသွင်အပြင်ကို အတိအကျ မဖော်ပြနိုင်ကြောင်း သတိရလိုက်လေသည်။ သို့ဖြင့် ဘာမှဆက်မပြောနိုင်ဘဲ ကသိကအောက်နိုင်စွာသာ ပြုံးပြလိုက်ရလေသည်။

နီမန့်ဇစ်၏ ပြန်ပေးဆွဲခံခဲ့ရသည့် တစ်လတာသည် သူမအတွက် အလွန်ခက်ခဲကြမ်းတမ်းခဲ့သည်။

ထိုတစ်လအတွင်း၌ သူမသည် နီမန့်ဇစ်၏လက်အတွင်း၌ နေ့တိုင်း အိတ်တစ်အိတ်ထဲ ထည့်သွင်းထားခံရခြင်းဖြင့် အတော်လေး ဒုက္ခခံစားခဲ့ရသည်။ နီမန့်ဇစ်သည် သူမကို ထိုတစ်လလုံး ထိုသို့ အနိုင်ကျင့်ခဲ့သည်။ ထို့ပြင် နီမန့်ဇစ်သည် အလွန်တော်သည့် သိုင်းပညာရှင်တစ်ဦးဖြစ်သောကြောင့် သူမကို ရွှမ်ပင်းအကြီးအကဲနှစ်ပါးမှ လာရောက်ကယ်တင်ပေးခဲ့ရသည်။

(ကျန်းဝူကျိကို ရေခဲမီးလက်ဝါးနဲ့ ရိုက်ခတ်ခဲ့တဲ့ ရွှမ်မိန်နှစ်ကိုယ်တော်က ဒီမှာ ရွှမ်ပင်းအကြီးအကဲဖြစ်ပါတယ်)

သို့သော် ထိုအချိန်အတွင်း၌ သူမကို အနိုင်ကျင့်ခဲ့သည့် သူခိုးလေးတစ်ကောင်လည်း နောက်ထပ်ရှိသေးသည်။

၎င်းမှာ အလွန်ရွံရှာမုန်းတီးဖွယ်ကောင်း၏။ ထိုနံစော်ညစ်ပတ်နေသည့် အခန်းကျဉ်းထဲတွင် ခံစားခဲ့ရသည့် ရှက်ရွံ့မုန်းတီးမှုကို ကျောက်ယာ ဘယ်သောအခါမှ မေ့လျော့သွားလိမ့်မည် မဟုတ်ပေ။

မုန်းဖို့ကောင်းလိုက်တာ။ စောင့်နေလိုက်။ ငါ နင့်ကိုဖမ်းမိတာနဲ့ အသေညှဉ်းပန်းနှိပ်စက်ပစ်မယ်။ အရှက်ရမှုကို လုံးဝ ခံစားရစေမယ်။

ကျောက်ယာသည် အတွေးထဲနစ်မြောကာ လက်ထဲရှိ သေရည်ခွက်ကို ဖိညှစ်နေခဲ့သောကြောင့် သေရည်ခွက်သည် အနည်းငယ် အက်ကွဲလာခဲ့သည်။ ချန်ကျဲ့သည် ထိုမြင်ကွင်းကြောင့် နည်းနည်းတွန့်သွား၏။

သူ ငါ့ကို ဘယ်လောက်တောင် မုန်းနေတာလဲဟ။ သူသာ ငါ့ကို မိသွားလို့ကတော့ ငါတော့ သေပြီပဲ။

ထိုသို့တွေးတောမိသည်တွင် ချန်ကျဲ့သည် တံတွေးမျိုချလိုက်ကာ ပြောသည်။

“သခင်လေး တခြားဘာများလိုအပ်သေးလဲ။ မရှိတော့ရင် ကျွန်တော် စားသောက်ပြီးရင် ပြန်နှင့်ပါတော့မယ်”

ကျောက်ယာမှ သေရည်ခွက်ကို ပင့်မြှောက်သည်။ ထိုအခါ ချန်ကျဲ့သည် ညာလက်ဖြင့် သေရည်ခွက်ပင့်မြှောက်တုံ့ပြန်ရန် ဟန်ပြင်လိုက်သော်ငြား ညာလက်ရှိ အမာရွတ်ကို သတိရသွားသဖြင့် ဘယ်လက်ဖြင့် ပြောင်းလဲတုံ့ပြန်လိုက်သည်။

ကျောက်ယာသည် သူမ မျန့်ရွှေစီရင်စုသို့ ရောက်သည့် ပထမဆုံးနေ့တွင်ပင် ထိုအခန်းကျဉ်းထဲမှ သူခိုးကောင်နှင့် ဆုံတွေ့ခဲ့ရသည်ကို စိုးစဉ်းမျှ သတိမထားမိပါဘဲ ချန်ကျဲ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့သည်။ သူမသည် ချန်ကျဲ့မှ ဘယ်လက်ဖြင့် သေရည်ခွက်တိုက်သည်ကိုလည်း ဤလူမှာ ဘယ်သန်ဖြစ်လိမ့်မည်ဟုသာ တွေးခဲ့လိုက်သည်။

သို့ဖြင့် ကျောက်ယာနှင့် ချန်ကျဲ့သည် ခွက်ချင်းတိုက်ကာ သေရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ကြသည်။

ချန်ကျဲ့ ထရပ်လိုက်ပြီး ငွေရှင်းဟန်ဆောင်လိုက်သည်။ သို့သော် တကယ်တမ်းတွင် စားပွဲထိုးကိုဆွဲ၍ စကားပြောနေခြင်းဖြစ်သည်။

“အဲဒီလူလေးယောက်ကို စောင့်ကြည့်ထား။ ငါ သတင်းယူဖို့ လူတစ်ယောက်လွှတ်လိုက်မယ်”

စားပွဲထိုးမှ ပြန်ပြောသည်။

“ခန်းမအရှင်သခင်ချန် စိတ်ချပါ”

သို့ဖြင့် ချန်ကျဲ့သည် စားပွဲထိုးကို နှုတ်ဆက်ခဲ့ပြီး တည်းခိုခန်းမှ ပြန်ထွက်လာခဲ့သည်။ သူ၏စိတ်နှလုံးမှာ လေးလံနေ၏။ မုလန်လူမျိုး စိစစ်ရေးတမန်တော်ရောက်ရှိလာခြင်းသည် ကိစ္စများကို ပို၍ ရှုပ်ထွေးသွားစေလေသည်။ ထို့အပြင်ရောက်လာသူမှာ သူမဖြစ်နေသည့်အပြင် သူမသည် မင်းသား၏ အချစ်တော်သမီးလေးဖြစ်သည့်အပြင် အညှိုးအတေးကြီးကာ သိုင်းပညာတော်လွန်းသည်ဟု နာမည်ကြီးနေသည်မဟုတ်ပါလား။

မည်သို့ပင်ဆိုစေကာမူ ချန်ကျဲ့တစ်ယောက် ခေါင်းခဲနေချေပြီ။

All Chapters