အခန်း (၆၃၄)
Vol. 53 Ch. 634
အခန်း 634
ရှောင်ဟူဘက်မှာ အခြေအနေဘယ်လိုရှိလဲ မသိဘူး။
ထိုသို့အတွေးဖြင့် ချန်ကျဲ့ အမြန်ထွက်လာခဲ့သည်။ ကျောက်ယာသည် ထွက်ခွာသွားသည့် ချန်ကျဲ့ကို ကြည့်နေရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“ဒီလူက ဘာလို့ အဲဒီသူခိုးကောင်နဲ့ အရမ်းတူနေရတာလဲ”
“သခင်လေး ဘာကိုကြည့်နေတာလဲဗျ”
အားစန်းမှ အနားကပ်လာပြီး မေးသည်။ ထို့နောက် အားသာ့မှ ပြောသည်။
“အရူးကောင် သခင်လေးက အဲဒီလူကိုကြည့်နေတာလေ။ သခင်လေး ကျွန်တော်တို့ အဲဒီကောင်လေးကို စစ်မေးဖို့ ဖမ်းလိုက်ရမလား”
ထိုအခါ ကျောက်ယာသည် မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“မင်းတို့နှစ်ယောက် ပုံမှန်လေး မပြုမူနိုင်ဘူးလား။ မင်းတို့က တော်ဝင်နန်းတော်က စေလွှတ်လိုက်တဲ့ တမန်တော်တွေပဲ။ သိုင်းလောကသားတွေ မဟုတ်ဘူး။ ငါတို့ပြုမူတဲ့အခါ အဆင်အခြင်မဲ့မလုပ်ဘဲ ဥပဒေနဲ့အညီ ပြုမူရမယ်။ သံသယဖြစ်ဖို့ကောင်းတဲ့သူတွေ့တာနဲ့ အဲဒီလူတိုင်းကို ဖမ်းနေမယ်ဆိုရင် ဒီလောကကြီးက ဘယ်လိုဖြစ်သွားမလဲ။ တော်လောက်ပြီ။ ငါ အနားယူတော့မယ်။ မင်းတို့ ဖြည်းဖြည်းစားကြ”
ထိုသို့ပြောခဲ့ပြီး ကျောက်ယာသည် အပေါ်ထပ်သို့ တက်သွားတော့သည်။
အားစန်းသည် ရှုပ်ထွေးနေသည့် မျက်နှာအမူအရာဖြင့် ကျန်ရစ်ခဲ့သည်။
“အားသာ့ ခရိုင်မင်းသမီးရဲ့စကားက ဘာအဓိပ္ပာယ်လဲ”
“ငတုံးကောင် ခရိုင်မင်းသမီးပြောတာက ငါတို့တွေ တော်ဝင်နန်းတော်ရဲ့ ဥပဒေကို လိုက်နာကျင့်သုံးပြီး အဆင်အခြင်မဲ့ မပြုမူသင့်ဘူးလို့ ပြောတာကွ”
“ဟမ် အစ်ကိုကြီး တော်ဝင်နန်းတော်ရဲ့ဥပဒေတွေက ဘာတွေတုန်း”
အားအာ့မှ အားသာ့ကို မေးသည်။
အားသာ့မှ အံကြိတ်လျက် ပြောသည်။
“တော်ဝင်ရုံးတော်ရဲ့ဥပဒေတွေကို ဘယ်သူက သိမှာလဲ။ မင်းသားကတော့ ခရိုင်မင်းသမီးကို ခြိမ်းခြောက်တဲ့အရာမှန်သမျှကို တရားစီရင်ခြင်းမရှိဘဲ အမြစ်ပြတ်သုတ်သင်သင့်တယ်လို့ ပြောတာပဲ။ ဥပဒေကတော့လား…”
“အဲဒါက ဘာလဲ”
အားစန်းမှ ပြောသည်။
“အေ့… တောင်ပိုင်းဒေသမှာ မင်းသားရဲ့စကားက ဥပဒေပဲ။ ခရိုင်မင်းသမီးရဲ့စကားက ဥပဒေပဲ”
အားအာ့မှ ပြောသည်။
“ကောင်းပြီ။ အဲဒါတွေ စဉ်းစားမနေနဲ့တော့။ သောက်ကြ။ ဒီတည်းခိုခန်းက သေရည်က အတော်ကောင်းတယ်”
အားသာ့ မျက်မှောင်ကြုတ်လိုက်သည်။
“လျှော့သောက်ကြ ငတုံးကောင်တွေ။ ပြဿနာမတက်စေနဲ့”
အားအာ့မှ ပြောသည်။
“စိတ်မပူပါနဲ့။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ထိန်းနိုင်ပါတယ်”
ထိုအချိန်၌ ကျောက်ယာသည် အခန်းသို့ ပြန်လာခဲ့ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ ထိုအခါ စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိဘဲ လမ်းမပေါ်တွင် တည်ငြိမ်စွာ လျှောက်သွားနေသည့် ချန်ကျဲ့ကို မြင်လိုက်ရသည်။ ချန်ကျဲ့သည် ပုံမှန်အတိုင်း ညစာစားသောက်ပြီးစီး၍ လမ်းပတ်လျှောက်နေသည့်အလားပင်။
“အင်း ငါအထင်မှားနေတာ ဖြစ်နိုင်ပါတယ်လေ”
ကျောက်ယာ တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး မြို့တံတိုင်းကြီးကိုသာ လှမ်းကြည့်လိုက်သည်။
“အေးဆေးပေါ့ သူခိုးကောင်လေး။ ငါ သေချာပေါက် နင့်ကို ရအောင်ရှာမယ်”
ကျောက်ယာသည် လက်သီးတင်းတင်းဆုပ်ထားလျက် မျက်လုံးထဲတွင် အမျက်ဒေါသများ ပြည့်နှက်နေသည်။ အတိတ်က အရှက်ရခြင်းအတွက် နှစ်ဆပြန်လည် ပေးလျော်သင့်သည်။
တကယ်တော့ ကျောက်ယာသည် အတော်လေး ကျိုးကြောင်းဆီလျော်ပါ၏။ သူမ ကယ်တင်ခံရပြီးနောက်တွင် ရူယန်မင်းသားသည် အမျက်ဒေါသထွက်ကာ သမီးဖြစ်သူ၏ဒေါသကို ဖြေလျှော့နိုင်ရန်အတွက် နီမန့်ဇစ်ဖြတ်သွားခဲ့သည့် မျန့်ရွှေစီရင်စု၏ မြို့၇မြို့ကို တစ်ညီတစ်ညာတည်း အမိန့်ထုတ်ခဲ့သည်။
သို့သော် ကျောက်ယာသည် ရူယန်မင်းသား၏ ထိုစိတ်ကူးကို ငြင်းခဲ့သည်။
ထို့ပြင် ဥပဒေကို အလွဲသုံးစားမလုပ်ရန်နှင့် ဟန့်လူမျိုးများကို တန်းတူညီမျှဆက်ဆံရန်၊ ဒေါသဖြေဖို့အတွက်နှင့် မြို့များကို မဖျက်ဆီးရန် စသဖြင့် အုပ်ချုပ်ရေးနိယာမများကိုပါ ရူယန်မင်းသားနှင့် ဆွေးနွေးခဲ့သေးသည်။
ရူယန်မင်းသားသည် သမီးဖြစ်သူ၏ ကျိုးကြောင်းဆီလျော်သည့် အတွေးအမြင်ကြောင့် ကျေနပ်သွားခဲ့သည်။
ငါ့သမီးက နိုင်ငံရေးအမြင်ပိုင်းမှာ တကယ့်ကို အမြင်စူးရှတဲ့ အကောင်ပေါက်လေးပါရောလား။
တော်ဝင်နန်းတော်မှ စိစစ်ရေးတမန်တော် ခန့်အပ်ရန် လူရှာနေသည်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် ရူယန်မင်းသားသည် ဤသို့ တွေးမိခဲ့သည်။
ဒီအခွင့်အရေးကို ငါ့သမီးကိုပေးပြီး သူ့စိတ်ထဲက အစိုင်အခဲကိုပါ ချေဖျက်နိုင်ဖို့ အခွင့်အရေးပေးလိုက်ရင် မကောင်းပေဘူးလား။ ပြီးတော့လည်း သားတော်၃က ဟွမ်ကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတာ သမီးလေးလည်း သူ့အစ်ကိုဆီ သွားပြီး အနားယူနိုင်တာပေါ့။
သို့ဖြင့် လက်ရှိမြင်ကွင်းအတိုင်း ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ချန်ကျဲ့ လမ်းများထဲသို့ တည်ငြိမ်စွာ လျှောက်သွားလိုက်သည်။ တည်းခိုခန်းနှင့် လုံလုံလောက်လောက် ဝေးကွာသွားပြီး တစ်ဖက်လူမှ သူ့ မမြင်နိုင်ကြောင်း သေချာတော့မှသာ အမြန် ပြေးသွားတော့သည်။
သူ၏နဖူးထက်တွင် ချွေးများ စီးကျနေသည်။
ဒီလူတွေက အထက်က လွှတ်လိုက်တဲ့သူတွေဆိုတာ သေချာတယ်။ ကျောက်ယာရဲ့အင်အားက ဘယ်လိုရှိလဲ မသေချာသေးပေမဲ့ သူရဲ့လက်အောက်ငယ်သားသုံးယောက်က အရမ်းအင်အားကြီးမားတယ်။
အထူးသဖြင့် အားစန်းဟူသည့်တစ်ယောက်သည် တောင့်တင်းခိုင်မာသည့် အရှိန်အဝါရှိသည်။ သူသည် ထိုလူနှင့် မယှဉ်နိုင်ကြောင်း ချန်ကျဲ့သိသည်။ နန်ပါးထျန်းပင်လျှင် ထိုလူနှင့် မယှဉ်နိုင်လောက်ပေ။ ကြည့်ရသည်မှာ ထိုလူသည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့် ဖြစ်နိုင်လောက်သည်။
ချန်ကျဲ့သည် အားစန်းမှာ အလွန်အင်အားကြီးမားသည်ဟု ပြောရခြင်းမှာ အားသာ့နှင့် အားအာ့တို့သည် ထိုအားစန်းထက် ပို၍ အင်အားကြီးမားကြသောကြောင့် ထိုသူတို့၏အင်အားကို မခန့်မှန်းနိုင်တော့သောကြောင့် ဖြစ်သည်။
အရင်က အစ်ကိုနီ၏ အင်အားကို သူမခန့်မှန်းနိုင်ခဲ့တုန်းကကဲ့သို့ ဖြစ်ပေသည်။ သူတို့ကြား အင်အားကွာဟချက်သည် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။
ထိုအားသာ့နှင့် အားအာ့သည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့် သို့မဟုတ် အထက်အဆင့်ရှိ ကျင့်ကြံသူများ ဖြစ်လိမ့်မည်ဟု ချန်ကျဲ့ ယုံကြည်သည်။
တကယ် ကြောက်ဖို့ကောင်းလိုက်တဲ့အင်အားပဲ။
ငါ နည်းလမ်းရှာပြီး ဒီလူတွေ မြန်မြန်ထွက်သွားအောင် လုပ်ရမယ်။
ပြီးတော့ နန်ပါးထျန်းနဲ့ကိစ္စကိုလည်း မြန်မြန်အဆုံးသတ်ရမယ်။ မဟုတ်ရင် အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်။
ထိုသို့အတွေးများဖြင့် ချန်ကျဲ့ အိမ်တော်သို့ ပြန်လာခဲ့သည်။ စူးယွင်ကျင်းသည် သူ့အတွက် ညစာပြင်ဆင်ထားပြီးဖြစ်သည်။ ချန်ကျဲ့သည် တည်းခိုခန်းတွင် နည်းနည်းစားခဲ့ပြီးသော်ငြား ဗိုက်ဆာနေဆဲပင်။
ချန်ကျဲ့ကိုမြင်သောအခါ စူးယွင်ကျင်းမှ မေးသည်။
“ယောကျ်ား၊ အစ်မဟွမ် ဘယ်လိုနေလဲ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အာ အားလုံးအဆင်ပြေပါတယ်”
စူးယွင်ကျင်းမှ ပြောသည်။
“ကျွန်မ အိမ်မှာနေရင်း စိုးရိမ်နေခဲ့တာ။ အဆင်ပြေမယ်ဆိုရင် အစ်မဟွမ်ကို အိမ်တော်ကိုပဲ ခေါ်လာခဲ့လိုက်ပါလား။ အဲဒီလိုဆို ရှင်လည်း ဟိုဟိုသည်သည် ပြေးလွှားနေစရာ မလိုတော့ဘဲ အစ်မဟွမ်ကို ဂရုစိုက်ပေးဖို့ ပိုလွယ်သွားတာပေါ့”
ချန်ကျဲ့မှ ပြောသည်။
“အင်း ရှင်မ၊ သခင်မဟွမ်က အိမ်တော်ကို မလာချင်ဘူးတဲ့။ သူက မင်းကို အနှောင့်အယှက်ပေးမိမှာ စိုးနေတာ”
ထိုအခါ စူးယွင်ကျင်းမှ ပြောသည်။
“ဘာများ အနှောင့်အယှက်ဖြစ်နိုင်မှာလဲ။ ကျွန်မ အခွင့်အရေးရတဲ့အခါ အစ်မဟွမ်ဆီ သွားလည်လိုက်မယ်”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ရက်နည်းနည်းလောက် စောင့်လိုက်ဦး။ ခုရက်ပိုင်း ကိုယ် အလုပ်များမှာမို့လို့”
ထိုအခါ စူးယွင်ကျင်းသည် ရုတ်ချည်း စိုးရိမ်ပူပန်သွားခဲ့ကာ ချန်ကျဲ့ကို ကြည့်လာသည်။
“နန်ပါးထျန်းနဲ့ပတ်သက်နေတာလား”
ချန်ကျဲ့ သူမ၏လက်လေးကို ဖွဖွပုတ်ပေးလိုက်ပြီး ပြောသည်။
“အင်း မစိုးရိမ်နဲ့။ ကိုယ်ကိုင်တွယ်နိုင်ပါတယ်”
စူးယွင်ကျင်းမှ စိုးရိမ်ပူပန်စွာဖြင့် ပြောသည်။
“ယောကျ်ား ရှင်သေချာဂရုစိုက်နော်။ အစ်မဟွမ်နဲ့ ကျွန်မမှာ ရှင်မရှိလို့ မဖြစ်ဘူး”
ထိုအခါ ချန်ကျဲ့သည် စူးယွင်ကျင်း၏ကျောလေးကို အသာပွတ်သပ်လျက် ပြောသည်။
“သွားကြစို့။ ကိုယ် မင်းကို အနားယူဖို့ အခန်းပြန်ခေါ်သွားပေးမယ်။ မင်းရဲ့လက်ရှိအခြေအနေက များများအနားယူဖို့ လိုအပ်တယ်”
စူးယွင်ကျင်းသည် စိတ်ချသွားပြီးနောက် အိပ်ပျော်သွားတော့သည်။
ချန်ကျဲ့ အခန်းထဲမှ ထွက်လာချိန်တွင် ရှောင်ဟူလည်း ပြန်ရောက်လာသည်။
“အစ်ကိုကျိုစစ် ကျွန်တော်ရှာတွေ့ခဲ့တယ်။ နန်ပါးထျန်းက တကယ်ကြီး မြောက်ပိုင်းတောင်သတ္တုတွင်းမျာ လက်နက်တွေ သွန်းလုပ်နေတာပဲ။ လုံးဝ သေချာ ဖုံးကွယ်ထားတာ။ ကျွန်တော် သတ္တုတွင်းလုပ်သားဟောင်းနှစ်ယောက်ကိုသာ ခေါ်မသွားမိရင် ရှာတွေ့ခဲ့မှာ မဟုတ်ဘူး”
ချန်ကျဲ့မှ မေးသည်။
“သူတို့ အရေအတွက် ဘယ်လောက်လောက် လုပ်ပြီးသွားပြီလဲ”
ရှောင်ဟူမှ ပြန်ပြောသည်။
“သိပ်မများသေးဘူး။ ဒါပေမဲ့ သူတို့ နေ့ရောညရော လုပ်နေကြတာ။ အဲဒါကြောင့် ရက်နည်းနည်းလောက်ကြာပြီးရင် အရမ်းများလာမယ်ထင်တယ်”
ချန်ကျဲ့ မျက်လုံးမှေးကျဉ်းလိုက်သည်။
“ဟားဟား နန်ပါးထျန်းက တကယ်ကြီး လုပ်ရဲတာပဲ။ ကောင်းပြီ၊ အဲဒီနေရာကို စောင့်ကြည့်ထား။ ငါ မနက်ဖြန်ကျ စီရင်စုအုပ်ချုပ်ရေးမှူးကို သွားတွေ့မယ်”
“ဟုတ်ကဲ့”