အခန်း (၆၃၆)
Vol. 53 Ch. 636
အခန်း 636
ချန်ကျဲ့မှ ပြောသည်။
“မဟုတ်ပါဘူး သခင်ကြီး။ ကျွန်တော် အဲဒီအဖွဲ့သားနဲ့ပတ်သက်ပြီး ဘာမှမလုပ်ခဲ့ပါဘူး။ ကျွန်တော် ဘာကိုမှ မကြံစည်ခဲ့ပါဘူး”
“ဟုတ်လား။ မြို့ပြင်က ခေါင်းတလားဖွင့်တဲ့ကိစ္စကလည်း မင်း နန်ပါးထျန်းအတွက် ဆင်ထားတဲ့ ထောင်ချောက်မဟုတ်ဘူးလား”
ချန်ကျဲ့မှ ပြောသည်။
“သခင်ကြီး ကျွန်တော်ဝန်ခံပါတယ်။ ကျွန်တော် အဲဒီတုန်းက နန်ပါးထျန်းကို ထောင်ချောက်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက သူနဲ့သူ့လူတွေ စျာပနအခမ်းအနားစီတန်းလှည့်လည်ခြင်းကို ဟန့်တားပြီး ခေါင်းတလားတွေကို ဖွင့်စစ်ဆေးမယ့်အကြောင်း ပြောလာတော့မှ ကျွန်တော် ချက်ချင်း တုံ့ပြန်ဖို့နည်းလမ်းကို တွေးခဲ့မိတာပါ။ ကျွန်တော့်ညီနောင်တွေကို သတ်တဲ့တရားခံက နန်ပါးထျန်းဆိုတာ သခင်ကြီးလည်း သိနေတာပဲ။ ညီနောင်တွေလည်း သူတို့ရဲ့ရန်သူက သူတို့ကို ဒူးထောက်တောင်းပန်တာကို မြင်ချင်မှာ သေချာတယ်လေ”
ယဲ့လုဖုန်း မျက်လုံးတို့မှေးကျဉ်းလိုက်ပြီး ပြောသည်။
“ထာရာမိသားစုလူသတ်မှုကရော”
“သခင်ကြီးယဲ့လု၊ ထာရာမိသားစုက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။ သူတို့ရဲ့သေဆုံးမှုကလည်း ကျွန်တော်နဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ သူတို့ကို ကျားဖြူခန်းမက သတ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော် ကောင်းကင်ဘုံကိုကျိန်ဆိုပါတယ်။ ကျွန်တော့်မှာ မုလန်လူမျိုးတွေနဲ့ ရန်သူဖြစ်ချင်စိတ် မရှိပါဘူး”
ချန်ကျဲ့မှ စိတ်အားထက်သန်စွာ ပြောသည်။
ယဲ့လုဖုန်း မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“နန်ပါးထျန်းကုန်တင်သင်္ဘောကိစ္စကရော”
ချန်ကျဲ့ပြောသည်။
“အဲဒီကိစ္စက ကျွန်တော် ခေါင်းဆောင်လျိုကို ပြောပြလိုက်တာပါ။ သခင်ကြီးသိတဲ့အတိုင်း နန်ပါးထျန်းက သခင်ကြီးရဲ့အမိန့်နဲ့ မျန့်ရွှေမြစ်ကို ပိတ်လိုက်ပါတယ်။ ကျွန်တော့်ရဲ့ဆိပ်ကမ်းက ဒါဇင်ချီတဲ့သင်္ဘောတွေဟာ သင်္ဘောမထွက်နိုင်ကြပါဘူး။ အဲဒီအချိန်မှာ နန်ပါးထျန်းကတော့ လူမသိအောင် သူ့သင်္ဘောတွေပြေးဆွဲပြီး ငွေအဆမတန်ရှာနေတာ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် သူ့ကို မကျေနပ်ဘူး။ မနာလိုဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် သခင်ကြီးဆီ အထက်လူကြီးကို လာတိုင်ကြားတယ်ဆိုတာ လူကြီးလူကောင်းတစ်ယောက် လုပ်သင့်တဲ့လုပ်ရပ် မဟုတ်ဘူး။ ဒီအချက်နဲ့ ကျွန်တော့်ကို ငါးဖမ်းကုန်သည်အဖွဲ့သားတွ လက်ညှိုးထိုးမှာ ကျွန်တော်စိုးရိမ်တယ်။ အဲဒါကြောင့် ခေါင်းဆောင်လျိုရဲ့လက်ကိုငှားပြီး ခေါင်းဆောင်နန်ကို အဆင်မပြေအောင် လုပ်ဖို့ပဲ တတ်နိုင်ခဲ့တယ်”
ထိုအခါ ယဲ့လုဖုန်းသည် အားရပါးရ ရယ်မောလိုက်သည်။
“ဟားဟားဟား… မင်းက ဒီလိုလုပ်ရပ်ကိုတောင် ဝန်ခံရဲတာ အတော်လေး ပွင့်လင်းတာပဲ”
ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော့်မှာ သခင်ကြီးကို ဘာမှ ဖုံးကွယ်ထားစရာမရှိပါဘူး”
“အဲဒီတော့ မင်းရဲ့အဓိပ္ပာယ်က မင်းက မိန်ဂိုဏ်းနဲ့ လုံးဝ မပူးပေါင်းခဲ့ဖူးဘူး။ အပြစ်ကင်းပါတယ်ပေါ့”
ယဲ့လုဖုန်းသည် ချန်ကျဲ့ကို စူးစိုက်ကြည့်နေခဲ့သည်မှာ မျက်တောင်ပင် မခတ်ပေ။ ချန်ကျဲ့သည် အလွန်တည်ငြိမ်စွာ ပြောလိုက်သည်။
“ဟုတ်ပါတယ်။ ကျွန်တော် မိန်ဂိုဏ်းနဲ့ ဘာမှမပတ်သက်ပါဘူး။ ကျေးဇူးပြုပြီး သခင်ကြီး အမှန်တရားကို သိမြင်ပေးပါ”
ယဲ့လုဖုန်းသည် ချန်ကျဲ့၏မျက်လုံးများကို စိုက်ကြည့်နေခဲ့သည်။ ပုံမှန်အားဖြင့် လိမ်ညာနေသူများ၏ မျက်လုံးသည် မငြိမ်မသက်တုန်လှုပ်နေတတ်သည်။ သို့သော် ချန်ကျဲ့၏မျက်လုံးများသည် အလွန်တည်ငြိမ်နေခဲ့သည်။ မည်သို့သော တုန်လှုပ်မှုမျိုးကိုမှ မမြင်တွေ့ရဘဲ လုံးဝ ရိုးသားကြည်စင်နေလေသည်။
ချန်ကျဲ့သည် ဤသို့မျက်လုံးအကြည့်အား ထိန်းချုပ်နိုင်ရန်အတွက် အချိန်အကြာကြီး လေ့ကျင့်ခဲ့ရသည်။ သူ၏စိတ်နှလုံးထဲမှ ကြောက်စိတ်ကို အနိုင်ယူပြီးမှသာ ဤသို့ အရောက်လာပြီး ယဲ့လုဖုန်းနှင့် ဤရင်ဖွင့်စကားဝိုင်းကို စတင်ခဲ့ခြင်းဖြစ်သည်။
ယဲ့လုဖုန်းသည် ချန်ကျဲ့၏ ရိုးသားကြည်စင်မှုကြောင့် ရင်ထဲ လှိုက်ခတ်သွားရကာ စိတ်ပြန်တည်ငြိမ်သွားလျက် ငါးမျှားတံကို ချလိုက်ပြီး ပြောသည်။
“တော်ပြီ၊ ဒီနေ့ မင်း ငါ့ဆီလာရတဲ့ ရည်ရွယ်ချက်ကို ပြောတော့”
ချန်ကျဲ့သည် အလွန်လေးနက်စွာဖြင့် ပြောသည်။
“နန်ပါးထျန်းကို သတ်ဖို့ပါ”
ယဲ့လုဖုန်းသည် ခဏတွေဝေသွားပြီး ချန်ကျဲ့ကို ကြည့်လာသည်။
“မင်းက တကယ် တဲ့တိုးဆန်တာပဲ။ အဲဒီလိုခက်ခဲတဲ့အကြောင်းအရာကို ဒီလောက်ပွင့်ပွင့်လင်းလင်းပြောနေတယ်”
ချန်ကျဲ့သည် ယဲ့လုဖုန်းကို သေချာကြည့်၍ ပြောသည်။
“သခင်ကြီး ကျွန်တော် မလိမ်ဘူး။ ကျွန်တော် တကယ် နန်ပါးထျန်းကို သတ်ချင်တာ”
ယဲ့လုဖုန်းမှ ပြောသည်။
“မင်းရဲ့အငြိုးအတေးတွေကို ငါသိပါတယ်။ ဒါပေမဲ့ မင်းသိတဲ့အတိုင်းပဲ မင်းရဲ့ကိုယ်ရေးကိုယ်တာကြောင့်ဖြစ်ဖြစ်၊ နန်ပါးထျန်းကို ဖြေရှင်းဖို့ဖြစ်ဖြစ် ငါဘယ်တော့မှ တစ်ဖက်တည်းရပ်တည်မှာ မဟုတ်ဘူး”
ချန်ကျဲ့မှ ပြောသည်။
“သခင်ကြီး တစ်ဖက်မှာ ရပ်တည်ပေးဖို့ မလိုပါဘူး။ ဒီတိုင်း တရားမျှမျှတတ ဆုံးဖြတ်ပေးရင်ရပါပြီ”
“တရားမျှမျှတတ ဆုံးဖြတ်ပေးရမယ်တဲ့လား”
ယဲ့လုဖုန်းသည် ချန်ကျဲ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်လိုက်ပြီး ပြောသည်။
“မင်း နန်ပါးထျန်းနဲ့ပတ်သက်ပြီး ခိုင်မာတဲ့သက်သေတစ်ခုခု ရှာတွေ့ခဲ့လို့လား”
ချန်ကျဲ့မှ ယဲ့လုဖုန်းကို ပြောသည်။
“သခင်ကြီး၊ နန်ပါးထျန်းက မိန်ဂိုဏ်းနဲ့ ပူးပေါင်းနေတာ သေချာပါတယ်။ ပြီးတော့ သူက အရေးပါတဲ့ ခေါင်းဆောင်တစ်ယောက်တောင် ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ မျန့်ရွှေစီရင်စုကနေ မြောက်ပိုင်းဒေသဆီ စစ်လက်နက်ပစ္စည်းတွေ တင်ပို့ဖို့ တာဝန်ယူထားရတဲ့သူတောင် ဖြစ်နေနိုင်ပါတယ်”
“မင်းမှာ သက်သေရှိသလား”
ချန်ကျဲ့ အရိုအသေပြုလိုက်ပြီး ပြောသည်။
“ရှိပါတယ်။ နန်ပါးထျန်းက မြောက်ပိုင်းတောင်သံသတ္တုတွင်းက လိုဏ်ဂူတစ်ခုထဲမှာ လက်နက်တွေသွန်းလုပ်နေတာကို ကျွန်တော့်လူတွေ စောင့်ကြည့်နေပါတယ်။ သခင်ကြီး အဲဒီကို လူလွှတ်လိုက်ရင် သူ့လက်ပါးစေတွေအပြင် လက်နက်တွေကိုပါ သိမ်းဆည်းရမိပါလိမ့်မယ်”
“ဘာ”
ယဲ့လုဖုန်းသည် အလွန်တရာ အံ့ဩသွားခဲ့သည်။
“တကယ်လား။ သူက အဲဒီလောက်တောင် ရဲတင်းသလား”
ချန်ကျဲ့မှ ပြောသည်။
“အမှန်ပါပဲ။ လုံးဝ မမှားနိုင်ပါဘူး သခင်ကြီး။ ဒါက အဲဒီလိုဏ်ဂူရဲ့ တည်နေရာပါ။ သခင်ကြီး တပ်မှူးချီမုကောကို စေလွှတ်လိုက်ပါ။ သေချာပေါက် အကျိုးရလဒ်ရရှိပါလိမ့်မယ်”
ထိုအခါ ယဲ့လုဖုန်းသည် ချီမုကောကို လှမ်းကြည့်လိုက်သည်။ ချီမုကောမှ ပြောသည်။
“သခင်ကြီး ကျွန်တော် အခုချက်ချင်း သွားလိုက်ပါမယ်”
ယဲ့လုဖုန်းသည် လက်ကိုဝှေ့ရမ်းလိုက်ရင်း ပြော၏။
“နေဦး”
ယဲ့လုဖုန်းသည် ချန်ကျဲ့ ပြန်ကြည့်လာပြီး ပြောသည်။
“ကျိုစစ်၊ နန်ပါးထျန်းက ငါ့ကိုလှည့်စားပြီး လက်နက်တွေ လျှို့ဝှက်ထုတ်လုပ်နေတယ်ဆိုတာ ဖြစ်နိုင်တယ်လို့ ထင်သလား”
ချန်ကျဲ့မှ ပြောသည်။
“ဖြစ်နိုင်ပါတယ်။ ဒါပေါ့ သူက မိန်ဂိုဏ်းသားသူလျှိုတစ်ယောက်လည်း ဖြစ်နိုင်ပါသေးတယ်။ မိန်ဂိုဏ်းအတွက် လက်နက်စုဆောင်းပေးတဲ့ သူလျှိုပေါ့”
ယဲ့လုဖုန်းသည် အချိန်ခဏမျှ မင်သက်နေခဲ့ပြီးနောက် ချန်ကျဲ့ကို ကြည့်နေသည်။ ချန်ကျဲ့မှ အရိုအသေပြု၍ ပြောသည်။
“သခင်ကြီး၊ ကျွန်တော် ဒီနေ့လာရတဲ့အကြောင်းအရင်းက သတင်းနှစ်ခု တင်ပြဖို့ပါ။ ဒါက ပထမသတင်းပါ”
ယဲ့လုဖုန်းမှ ပြောသည်။
“ဒုတိယသတင်းကရော”
ချန်ကျဲ့မှ ပြောသည်။
“တောင်ပိုင်းမြို့က လဲ့အန်းလမ်းမှာ ရှန်ပင့်တည်းခိုခန်းဆိုတဲ့ တည်းခိုခန်းတစ်ခုရှိပါတယ်။ အဲဒီတည်းခိုခန်းက ကျွန်တော်နဲ့ စီးပွားဖက်တွေပါ။ မနေ့က အဲဒီတည်းခိုခန်းကို လူလေးယောက် လာတည်းခိုတယ်လို့ သတင်းရပါတယ်။ သူတို့စကားပြောနေကြတဲ့အထဲမှာ စိစစ်ရေးတမန်တော်ဆိုတဲ့ စကားလုံးကို ကြားမိပါတယ်တဲ့”
“ဘာ”
ယဲ့လုဖုန်းသည် ရုတ်ချည်း မျက်လုံးပြူးသွားတော့သည်။
စိစစ်ရေးတမန်တော်က မျန့်ရွှေကို ရောက်နေပြီ။
ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော်လည်း သေချာမသိပါဘူး။ ကောလာဟလတွေဆိုတော့ အခြေအမြစ်မရှိတဲ့သတင်းလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သခင်ကြီး အချိန်ရခဲ့ရင်တော့ တစ်ချက်သွားကြည့်လိုက်ပါ။ ကောလာဟလတွေက အမှန်ဟုတ်၊မဟုတ် သိနိုင်တာပေါ့”
ယဲ့လုဖုန်းသည် အေးအေးလူလူ ထိုင်မနေနိုင်တော့ဘဲ ထရပ်လိုက်ပြီး ပြောသည်။
“ချီမုကော ဘယ်သူ့မှ ခေါ်မနေနဲ့တော့။ ချန်ကျိုစစ် မင်း လမ်းပြစမ်း။ ရှန်ပင့်တည်းခိုခန်းကို သွားကြည့်မယ်”
ချန်ကျဲ့မှ ပြောသည်။
“ဟုတ်ကဲ့”
ချီမုကောလည်း ခေါင်းညိတ်နာခံသည်။
ချန်ကျဲ့ ခေါင်းငုံ့ထား၏။ မျန့်ရွှေသို့ စိစစ်ရေးတမန်တော် ရောက်လာခြင်းသည် သတင်းဆိုးဖြစ်ကြောင်း သူသိသည်။ သူသည်လည်း တုန်လှုပ်သွားခဲ့သည်။ သို့သော် မနေ့ည သေချာပြန်စဉ်းစားကြည့်ပြီးနောက်၌ ဤသည်မှာ တကယ်တမ်းတွင် ကံကောင်းမှုတစ်ရပ်ဖြစ်နိုင်ကြောင်း နားလည်သွားခဲ့သည်။
ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ညှိနှိုင်းနိုင်စွမ်းမြင့်မားသူသည် မိမိအတွက် အကျိုးယုတ်သည့်အခြေအနေကို အကျိုးများသည့်အခြေအနေသို့ ပြောင်းလဲနိုင်ပြီး မိမိအတွက် အခွင့်အရေးရှာဖွေနိုင်စွမ်းရှိကြသည်။
ချန်ကျဲ့သည် ထိုအခွင့်အရေးကို ရှာတွေ့သွားပြီဖြစ်၏။ စိစစ်ရေးတမန်တော်သည် သူ့ကိုသာမက ယဲ့လုဖုန်းကိုပါ ဖိအားဖြစ်စေနိုင်ပေသည်။
ဤဖိအားကို အသုံးချပြီး သူ၏ရန်သူများကို ကိုင်တွယ်နိုင်၏။ မြောက်ပိုင်းတောင်သံသတ္တုတွင်းတွင် လက်နက်ထုတ်လုပ်နေသည့် ပြစ်မှုတစ်ခုသည် နန်ပါးထျန်းအား ဖြုတ်ချရေးအတွက် အပြစ်အနာအဆာမရှိ အသုံးဝင်လိမ့်မည်။ သို့ဖြစ်ရာ ယဲ့လုဖုန်းမှ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလာစေရန်အတွက် အကွက်ချကြံစည်ရန်သာ လိုအပ်တော့ပေမည်။