← Chapters

အခန်း (၆၃၇)

Vol. 53 Ch. 637

အခန်း (၆၃၇)

Vol. 53 Ch. 637

အခန်း 637

ကျောက်ယာရောက်လာတာကစိစစ်ရေးတမန်တော်ရဲ့ ဖိအားက ယဲ့လုဖုန်းကို သေးငယ်တဲ့စွန့်လွှတ်မှုလုပ်စေဖို့ လုံလောက်တယ်။ ပြီးတော့ ဒီလို ရုတ်တရက်ပေါ်ထွက်လာတဲ့ ဖိအားက သူ့ကို အများကြီး အကူအညီဖြစ်စေမယ် မဟုတ်ဘူးလား။

ဤနည်းဖြင့် အကျိုးယုတ်သည့်အခြေအနေကို အကျိုးများသည့်အခြေအနေသို့ ပြောင်းလဲနိုင်လိမ့်မည်။

ချန်ကျဲ့သည် ထိုသို့တွေးတောလျက် ယဲ့လုဖုန်းမှ ချမ်းသာသည့် သာမန်လူချမ်းသာတစ်ဦးအဖြစ် အဝတ်လဲနေသည်ကို ကြည့်နေခဲ့သည်။ ချီမုကောသည်လည်း အမြန် အဝတ်လဲနေသည်။ ချန်ကျဲ့သည်တော့ သာမန်ဆန်ဆန် ဝတ်စားလာခဲ့သောကြောင့် အဝတ်လဲရန် မလိုအပ်ပေ။

သူတို့နှစ်ဦး အလုပ်ရှုပ်နေစဉ်တွင် ချန်ကျဲ့သည် ကြွေပုလင်းတစ်ခုကို ထုတ်ယူလိုက်ပြီး အထဲမှ အဖြူရောင်ခရင်မ်များကို ညာဘက်လက်မအခြေရှိ အမာရွတ်ပေါ်သို့ လိမ်းလိုက်သည်။

မနေ့ညက အိမ်ပြန်ရောက်သောအခါ ချန်ကျဲ့သည် ဆရာဖြစ်သူ သမားတော်ပိုင်ကို သွားရှာခဲ့သည်။

အမာရွတ်ပျောက်စေသည့် ဆေးတစ်မျိုးရှိမလားဟု မေးမြန်းခဲ့ပြီး သမားတော်ပိုင်သည် ခဏမျှစဉ်းစားပြီးနောက် ချန်ကျဲ့အတွက် အမာရွတ်ပျောက်လိမ်းဆေးဆီကို ညတွင်းချင်း လုပ်ပေးခဲ့သည်။ လုပ်ပေးနေစဉ်အတွင်း ချန်ကျဲ့အား ဖြုန်းတီးသည်၊ လူပွေ လူရှုပ်ဟုဆိုကာ ပူညံပူညံလည်း ပြောခဲ့သေးသည်။

အဘယ်ကြောင့်ဆိုသော် ဤလိမ်းဆေးတွင် ဝိဉာဉ်ဖြူအမြစ်ဟူသည့် ပါဝင်ပစ္စည်းတစ်မျိုး ပါဝင်လေသည်။ ထိုပါဝင်ပစ္စည်းသည် သိုင်းအင်အားတိုးတက်ရန်အတွက် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဆေးများတွင် အသုံးပြုခြင်းဖြစ်ပြီး ယခုတွင်တော့ အမာရွတ်ပျောက်ဆေးတွင် အသုံးပြုရလေရာ သမားတော်ပိုင်သည် အဖိုးတန်ရင်းမြစ်များကို ဖြုန်းတီးနေခြင်းဟုသာ တွေးလေသည်။

ချန်ကျဲ့သည်လည်း ၎င်းကို ဖြုန်းတီးခြင်းဟု ခံစားရသော်ငြား သူ့တွင် ရွေးချယ်စရာမရှိပေ။ လူမမိစေရန်အတွက် ထိုအဖိုးတန်ပါဝင်ပစ္စည်းကို သုံးရပေမည်။

ဝိဉာဉ်ဖြူအမြစ်သည် ချန်ကျဲ့ ချီသွေးဆေးလုံးအတွက် အသုံးပြုမည့် ဆေးပစ္စည်း၃၆မျိုးတွင် ပါဝင်သည်။ ရှာရခက်သော ဆေးဖက်ဝင်အပင်ဖြစ်သော်ငြား ယခုတွင် အမာရွတ်ပျောက်ဖို့အတွက် အသုံးပြုရတော့ပေမည်။

ချန်ကျဲ့ လိမ်းဆေးဆီကို လိမ်းပြီးနောက် ကြွေပုလင်းကို သိမ်းလိုက်သည်။ သမားတော်ပိုင်သည် ဤဆေးကို သုံးရက်နေ့စဉ်လိမ်းပါက အမာရွတ်ပျောက်စေပြီး အရေပြားအသစ်တက်စေမည်ဟု ပြောခဲ့သည်။

“သခင်ကြီး”

ယဲ့လုဖုန်း ချဉ်းကပ်လာသည်တွင် ချန်ကျဲ့ ကြွေဆေးပုလင်းကို အမြန် သိမ်းလိုက်သည်။ ထို့နောက် အမြန် အရိုအသေပြုလိုက်သည်။ ယဲ့လုဖုန်းသည် စာပေပညာရှင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချီမုကောသည် အနက်ရောင် အစေခံဝတ်စုံကို ဝတ်ဆင်ထားသည်။ ချန်ကျဲ့သည်တော့ သာမန်ကုန်သည်များ ဝတ်လေ့ရှိသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။

သုံးဦးစလုံးမှာ အထူးတလည် ထင်ရှားပေါ်လွင်နေခြင်း မရှိပေ။

ယဲ့လုဖုန်းမှ ပြောသည်။

“သွားကြတာပေါ့။ အရင်ဆုံး တောင်ပိုင်းမြို့ကို ရထားလုံးနဲ့ သွားပြီးမှ ရှန်ပင့်တည်းခိုခန်းကို လမ်းလျှောက်သွားမယ်”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဟုတ်ကဲ့”

သို့ဖြင့် သုံးဦးသား ထွက်ခွာခဲ့ကြပြီး မကြာမီတွင် တောင်ပိုင်းမြို့သို့ ရောက်ရှိခဲ့သည်။

ရှန်ပင့်တည်းခိုခန်းနှင့် မျက်နှာချင်းဆိုင်ရှိ ယုံထိုက်လက်ဖက်ရည်ဆိုင်သို့ ရောက်သောအခါ ယဲ့လုဖုန်းသည် လက်ဖက်ရည်ဆိုင်ရှိ ပြတင်းပေါက်ဘေးနေရာကို အမြန်ဦးယူလိုက်ပြီး လက်ဖက်ရည်တစ်အိုး မှာလိုက်သည်။

ချန်ကျဲ့သည် ဆိုင်ထဲဝင်ပြီးနောက် တင်ပြလိုက်သည်။

“သခင်ကြီးယဲ့လု၊ သူတို့တွေ အခု စားသောက်နေကြပြီး မကြာခင် ထွက်ခွာကြမယ်လို့ သိရပါတယ်”

ယဲ့လုဖုန်းသည် လက်ဖက်ရည်တစ်ခွက် ငှဲ့ထည့်လိုက်ပြီး ပြောသည်။

“ဒါဆို ဒီမှာပဲ ခဏလောက် စောင့်ကြတာပေါ့”

သူတို့သုံးဦး လက်ဖက်ရည်သောက်နေစဉ်တွင် ရှန်ပင့်တည်းခိုခန်းထဲမှ လူလေးယောက် ထွက်လာသည်။

“သူတို့ထွက်လာပြီ သူတို့ထွက်လာပြီ”

ချီမုကောမှ ယဲ့လုဖုန်းကို သတိပေးပြောဆိုရာ ယဲ့လုဖုန်းသည် ချီမုကောကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ပြောသည်။

“သူတို့ကို စိုက်ကြည့်မနေနဲ့လေ။ သူတို့လေးယောက်က အဆင့်မြင့်သိုင်းသမားတွေပဲ”

ချန်ကျဲ့သည် အပြင်သို့ မသိမသာ ကြည့်လိုက်ကာ ကျောက်ယာနှင့် လက်အောက်ငယ်သားသုံးဦး ဟုတ်၊မဟုတ် အတည်ပြုလိုက်သည်။ ထို့နောက် ခေါင်းငုံ့ပြီး လက်ဖက်ရည်ပြန်သောက်နေလိုက်သည်။

ယဲ့လုဖုန်းသည်လည်း ပြတင်းပေါက်မှ ကြည့်နေပြီးနောက် ရုတ်ချည်း မျက်လုံးမှေးကျုံ့လိုက်၏။

“ခရိုင်မင်းသမီး”

ယဲ့လုဖုန်းသည် ဦးရီးတော်ဖြစ်သူနှင့်အတူ ရူယန်မင်းသားအိမ်တော်သို့ အလည်သွားစဉ်က ကျောက်ယာကို တွေ့ဖူးသည်။ ထို့နောက် နီမန့်ဇစ်အမှုတွင် ကျောက်ယာ၏မျက်နှာကို အာဏာပိုင်များမှ ပေးအပ်လာသည့် ပုံတူနှင့် နှိုင်းယှဉ်ရှာဖွေဖူးသည်။ သို့ဖြစ်ရာ တည်းခိုခန်းထဲမှ ထွက်လာသူမှာ ရူယန်မင်းသား၏ အကြီးဆုံးသမီး ထူယာထျဲမုအာဖြစ်ကြောင်း သေချာပေသည်။

စိစစ်ရေးတမန်တော်မှာ မည်သူဖြစ်ကြောင်း ထင်ရှားသွားလေပြီ။ ထို့ပြင် စိစစ်ရေးတမန်တော်ရာထူးကို ခရိုင်မင်းသမီးအား ပေးအပ်ခဲ့သည်ဟူသည့် ကောလာဟလများကိုလည်း ယဲ့လုဖုန်း ကြားထားခဲ့သည်။

ထိုအချိန်က ကောလာဟလသက်သက်ဟု တွေးထားခဲ့သော်ငြား အမှန်ဖြစ်နေခဲ့လေသည်။

ဒါပေမဲ့ ခရိုင်မင်းသမီးက ဘာလို့ ဘာမှအကြောင်းမကြားဘဲ မျန့်ရွှေစီရင်စုကို ရောက်နေရတာလဲ။ လျှို့ဝှက်စုံစမ်းစစ်ဆေးရေးလား။ ငါ့ကို လက်ပူးလက်ကြပ်ဖမ်းဖို့ လာတာလား”

အရာရှိလောက၌ လျှို့ဝှက်စုံစမ်းစစ်ဆေးရေးဟူသည် အသေးအဖွဲသော ဒေသခံအရာရှိများကို ဖမ်းဆီးရန် ရည်ရွယ်ခြင်းဖြစ်ပြီး ၎င်းသည်လည်း သေချာပေါက် သူ့အန္တရာယ်စွန့်စားမှုနှင့်သူ ရှိပေသည်။ ဥပမာဆိုရသော် ဒေသခံအရာရှိသည် သူအဖမ်းခံရကြောင်း နားလည်သွားပါက ဒေါသအလျောက် စွန့်စားမှုပြုလုပ်ရန် ဆုံးဖြတ်လိုက်ကာ စိစစ်ရေးတမန်တော်ကို သတ်ဖြတ်ပြီး သက်သေဖျောက်ဖျက်ရန် ဆုံးဖြတ်လိုက်နိုင်သည်။

ဤသို့အဖြစ်အပျက်များသည် လက်တွေ့တွင် အတော်များ၏။

သို့သော် ယဲ့လုဖုန်းတွင် ထိုသို့အစီအစဉ် မရှိပေ။ ကျောက်ယာ၏ဘေးတွင် စောင့်ရှောက်နေသူသုံးဦးမှာ သာမညောင်ညလေးများ မဟုတ်ကြဘဲ ရူယန်မင်းသား စုဆောင်းထားသည့် သိုင်းလောက၏ အကျော်အမော်များဖြစ်ကြောင်း သူသိသည်။ ထိုလူများသည် အနောက်ပိုင်းဒေသ သူရဲကောင်းသုံးဖော်ဖြစ်သည်။

သူတို့၏ဆရာသည် အဆင့်မြင့်သိုင်းပညာရှင်ကြီးတစ်ဦးဖြစ်ပြီး ရူယန်မင်းသားအိမ်တော်၏ အထူးဧည့်သည်တော်ကြီးဖြစ်သည်။ ထိုသူအား ရူယန်မင်းသား၏ စွမ်းဆောင်ရည်အမြင့်ဆုံး ဆရာနှစ်ဦးနည်းတူ လေးစားရပေသည်။

သို့ဖြစ်ရာ သူတို့သည် မင်းသားအိမ်တော်၏ ပထမတန်းစားဧည့်သည်တော်များ ဖြစ်ကြ၏။

ထို့ပြင် ထိုလူသုံးဦးစလုံးသည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်များ ဖြစ်ကြသည်။

ထိုအင်အားဖြင့်ပင် မျန့်ရွှေစီရင်စုတစ်ခုလုံးကို ကိုင်လှုပ်ပစ်ရန် လုံလောက်သည်။

ထိုသို့အတွေးများဖြင့် ယဲ့လုဖုန်းမှာ မကောင်းသည့်ရည်ရွယ်ချက်များကို အာရုံခံစားမိသဖြင့် မျက်နှာမည်းမှောင်လာတော့သည်။

ထိုစဉ် ချီမုကောမှ ပြောသည်။

“သခင်ကြီး အဲဒီသုံးယောက်က အင်အားကြီးမားတဲ့သိုင်းပညာရှင်တွေပဲ”

ယဲ့လုဖုန်းမှ ပြန်ပြောသည်။

“သူတို့ကို တိုက်ရိုက်သွားမကြည့်နဲ့၊ သတိထားမိသွားလိမ့်မယ်”

ချီမုကော အမြန် ခေါင်းငုံ့လိုက်သည်။

ထိုစဉ် အပြင်ထွက်လာသည့် ကျောက်ယာတို့လေးဦးသည် ရုတ်တရက် ရပ်တန့်သွားပြီး အားစန်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲအကဲခတ်လိုက်ရင်း ပြောသည်။

“ငါတို့ကို တစ်ယောက်ယောက်စောင့်ကြည့်နေသလို မခံစားမိဘူးလား”

“ဒီဒေသရဲ့ စီရင်စုအုပ်ချုပ်ရေးမှူးများလား”

အားအာ့သည် မျက်လုံးအိမ်တို့မှေးကျဉ်းလျက် ပတ်ဝန်းကျင်ကို ကြည့်နေသည်။

အားသာ့မှ ပြောသည်။

“မဖြစ်နိုင်ဘူး။ ငါတို့ မနေ့ကမှ ရောက်တာလေ”

ကျောက်ယာလည်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီး လက်ဖက်ရည်ဆိုင်မှ တစ်ဝက်တစ်ပြက် ပိတ်ထားသည့် ပြတင်းပေါက်ကို မြင်လျှင် ရယ်မောလိုက်သည်။

“ဒေသခံစီရင်စုအုပ်ချုပ်ရေးမှူးကို အထင်မသေးလိုက်နဲ့။ သူက ယဲ့လုမျိုးနွယ်လေ”

“ယဲ့လုမျိုးနွယ်.. အဲဒါက ဘာအထင်ကြီးစရာရှိလို့လဲ”

အားစန်းသည် နားမလည်ပေ။

အားအာ့မှ ပြောသည်။

“ယဲ့လုမျိုးနွယ်ဆိုတာ နှစ်ရာချီအမြစ်တွယ်ဆင်းသက်လာတဲ့ မျိုးနွယ်မိသားစုပဲ”

“ငတုံးကောင်တွေ မင်းတို့နှစ်ယောက်လုံး ငတုံးတွေ။ မျိုးနဲ့ရိုးနဲ့ကိုဉာဏ်နီဉာဏ်နက်များတယ်လို့ နာမည်ကြီးတဲ့ မိသားစု ယဲ့လု ယဲ့လုချူချိုင်ရဲ့မျိုးဆက်ကွ”

“ယဲ့လုချူချိုင်.. အဲဒီနာမည်ကို ရင်းနှီးနေသလိုပဲ”

အားစန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ထိုအခါ အားသာ့သည် အလွန်ဒေါသထွက်သွားရကာ ထပ်ပြောလိုက်သည်။

“အားစန်း မင်း ကြွက်သားတွေတည်ဆောက်ဖို့ပဲ အာရုံစိုက်မနေနဲ့တော့။ တစ်ခါ‌တလေ စာအုပ်လေးလည်း ဖတ်ပေး။ ဦးနှောက်သုံးနိုင်အောင်လို့”

အားစန်းမှ ပြန်ပြောသည်။

“ကျွန်တော်က အဲဒီလိုဟာကြီးတွေ မဖတ်နိုင်ပါဘူး။ ဖတ်လည်း ခေါင်းကိုက်ရုံပဲ ရှိမှာ”

…

သုံးဦးသည် ရှေ့နောက်အပြန်ပြန်အလှန်လှန် လျှောက်နေကြသည်။ ကျောက်ယာသည်တော့ လက်ဖက်ရည်ဆိုင်၏ တစ်ဝက်တစ်ပြက်ပိတ်နေသည့် ပြတင်းပေါက်ထံမှ အကြည့်မလွှဲပေ။ အားသာ့မှ ကျောက်ယာအနားသို့ကပ်၍ ပြောသည်။

“သခင်လေး ကျွန်တော်တို့ အပေါ်ထပ်က အဲဒီလူကို ဖိတ်လိုက်ကြမလား”

All Chapters