အခန်း (၆၃၈)
Vol. 53 Ch. 638
အခန်း ၆၃၈
“ဟုတ်တယ် သခင်လေး။ ကျွန်တော် အဲဒီအပေါ်က လူတွေကို အောက်ကို ဆွဲခေါ်လာလိုက်မယ်။ ဒေသခံစီရင်စုအုပ်ချုပ်ရေးမှူးတွေက အရမ်းရိုင်းလွန်းတယ်”
အားစန်းမှ ကျောက်ယာကို ပြောသည်။
ကျောက်ယာမှ ပြန်ပြောသည်။
“မလိုဘူး။ ငါက ဒီတိုင်း သူတို့ ဒီလောက်မြန်မြန်ရောက်လာမယ်လို့ မျှော်လင့်မထားမိရုံပဲ။ သူတို့ကို ဂရုစိုက်မနေနဲ့။ ဒီနေ့တော့ မျန့်ရွှေကို ကောင်းကောင်းလျှောက်ပတ်ကြည့်ရအောင်”
အားသာ့မှ ပြောသည်။
“ဟုတ်ကဲ့”
ထို့နောက် သူတို့အုပ်စု ထွက်ခွာသွားတော့သည်။
ကျောက်ယာတို့အုပ်စု အနည်းငယ် ဝေးဝေးရောက်သွားသောအခါ တစ်ဝက်ပိတ်ထားသည့် ပြတင်းပေါက် ပွင့်လာကာ ချီမုကောမှ ပြောသည်။
“သခင်ကြီး ကြည့်ရတာ သူတို့ ကျွန်တော်တို့ကို တွေ့သွားတယ်ထင်တယ်”
ယဲ့လုဖုန်း မျက်လုံးမှေးကျုံ့လိုက်သည်။
“စူးရှလိုက်တဲ့အာရုံခံစားမှုပဲ။ သွားစို့”
ယဲ့လုဖုန်း ထရပ်လိုက်သည်။ ချန်ကျဲ့လည်း နောက်မှ ထရပ်လိုက်သည်။ ထိုစဉ် ယဲ့လုဖုန်းသည် ရုတ်တရက် ရပ်လိုက်ပြီး ပြော၏။
“ချန်ကျိုစစ်”
“ရှိပါတယ်”
“နန်ပါးထျန်းက မြောက်ပိုင်းတောင်သံသတ္တုတွင်းမှာ စစ်လက်နက်ပစ္စည်းတွေ သွန်းလုပ်နေတယ်ဆိုတာ သေချာသလား”
ယဲ့လုဖုန်းသည် အတည်ပြုသည့်အနေဖြင့် နောက်တစ်ကြိမ် ထပ်မေးသည်။
ချန်ကျဲ့ အရိုအသေပြုလျက် ပြန်ဖြေသည်။
“သေချာပါတယ်”
“ကောင်းပြီ။ ချီမုကော မြင်းတပ်စစ်သည်သုံးရာကို ဦးဆောင်ပြီး မြောက်ပိုင်းတောင်သံသတ္တုတွင်းကို ပိတ်ဆို့လိုက်။ အဲဒီလူတွေကို ဖမ်းလာခဲ့”
“ဟုတ်ကဲ့ပါ သခင်ကြီး။ ကျွန်တော် ချက်ချင်း လုပ်ဆောင်လိုက်ပါ့မယ်”
ယဲ့လုဖုန်းသည် ခဏမျှစဉ်းစားနေပြီးနောက် ပြောသည်။
“ချန်ကျိုစစ် ခေါင်းဆောင်လျိုကို အကြောင်းကြားလိုက်။ မင်းတို့နှစ်ယောက်စလုံး အချိန်မရွေး စေလွှတ်နိုင်မယ့် လူအင်အားတစ်ရာကို ပြင်ဆင်ထားရမယ်။ နန်ပါးထျန်းကို ဖမ်းဖို့ အသင့်ပြင်ထားကြ”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ပြစ်မှုမရှိဘဲနဲ့ နန်ပါးထျန်းကို ဖမ်းဆီးမယ်ဆို ယုတ္တိမကျပါဘူး”
ယဲ့လုဖုန်းမှ ပြန်ပြောသည်။
“နန်ပါးထျန်းက မိန်ဂိုဏ်းနဲ့ ပူးပေါင်းခဲ့ပြီး အချိန်အတော်ကြာ မြောက်ပိုင်းတောင်သံသတ္တုတွင်းကို အသုံးချပြီး မြောက်ပိုင်းဒေသသူပုန်တပ်ကို စစ်လက်နက်ထောက်ပံ့ခဲ့တယ်။ သူဟာ ပုန်ကန်ဖို့ကြံစည်နေပြီး သေသင့်တဲ့အပြစ်ကို ကျူးလွန်ခဲ့တယ်။ အဲဒါကြောင့် နန်ပါးထျန်းကို ဖမ်းဆီးပြီး အပြင်းထန်ဆုံးပြစ်ဒဏ် ချမှတ်ကွပ်မျက်သင့်တယ်”
“ဟုတ်ကဲ့ ကျွန်တော်နားလည်ပါပြီ”
ယဲ့လုဖုန်း၏ ဤစကားအဆုံး၌ နန်ပါးထျန်း အဆုံးသတ်ပြီဖြစ်ကြောင်း သေချာသွားလေပြီ။
ယဲ့လုဖုန်းသည် နန်ပါးထျန်းအား စွန့်ပစ်ခံနယ်ရုပ်အဖြစ် ဆုံးဖြတ်လိုက်ပြီဖြစ်ရာ ချန်ကျဲ့၏ရည်ရွယ်ချက်လည်း ပြည့်မြောက်သွားခဲ့လေပြီ။
ထိုအခိုက်အတန့်၌ ချန်ကျဲ့၏နှလုံးအိမ်မှာ စိတ်လှုပ်ရှားတက်ကြွနေခဲ့ကာ ဦးညွှတ်အရိုအသေပြုနေစဉ်၌ သူ၏မျက်နှာထက်တွင် တွေ့မြင်ရခဲသော အပြုံးတစ်ခု ဖြစ်တည်နေခဲ့သည်။
ထို့နောက် ယဲ့လုဖုန်းသည် ချန်ကျဲ့ကိုကြည့်၍ ပြောသည်။
“ကျိုစစ် မင်း ဒီတစ်ကြိမ် အစွမ်းကုန်အားထုတ်လုပ်ဆောင်ရမယ်။ နန်ပါးထျန်းကို ဖြုတ်ချပြီးရင် ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ခေါင်းဆောင်နေရာက မင်းအတွက်ပဲ။ ကောင်းကောင်းလုပ်”
ချန်ကျဲ့ ချက်ချင်း အရိုအသေပြုလိုက်သည်။
“သခင်ကြီးရဲ့သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဘယ်လိုအန္တရာယ်မျိုးပဲဖြစ်ဖြစ် ရင်ဆိုင်ဖို့ အသင့်ပါပဲ”
စကားအဆုံး၌ ယဲ့လုဖုန်းသည် လှည့်ထွက်သွားတော့သည်။
ချီမုကောလည်း နောက်မှလိုက်သွားသည်။ သူတို့နှစ်ဦးသည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သို့ ပြန်ခဲ့ကြသည်။
ချီမုကောမှ မေးသည်။
“သခင်ကြီး တကယ်ပဲ နန်ပါးထျန်းကို စတေးလိုက်တော့မှာလား”
ယဲ့လုဖုန်းမှ ပြန်ဖြေသည်။
“သူ့ကို စွန့်လွှတ်ဖို့ လိုအပ်တယ်။ အခြေအနေက အရေးကြီးနေတာ။ သူက မိန်ဂိုဏ်းသားတစ်ယောက်ဆိုတဲ့ သရုပ်နဲ့ ကိုက်ညီနေပြီး သူ့ရဲ့အဆင့်အတန်းကလည်း လုံလောက်တယ်။ သူ့ကို အပြစ်ဒဏ်အစားခံမယ့်သူအဖြစ် သုံးရမှာပဲ”
ချီမုကောမှ ပြောသည်။
“ဒါပေမဲ့ ဒီလိုက ချန်ကျိုစစ်အတွက် ပိုလွယ်ကူသွားစေမယ် မဟုတ်လား။ ချန်ကျိုစစ်မှာလည်း မကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်လို့ ကျွန်တော်ခံစားနေရတယ်။ သူသာ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်သွားရင် နန်ပါးထျန်းထက်တောင် ပိုကိုင်တွယ်ရ ခက်ခဲလိမ့်မယ်”
ယဲ့လုဖုန်း မျက်လုံးမှေးကျဉ်းလိုက်သည်။
“အားဟယ်ထိုက်ကို ဆင့်ခေါ်လိုက်”
“ဟုတ်ကဲ့”
ချီမုကောသည် သူ၏လက်ထောက်တပ်မှူး အားဟယ်ထိုက်ကို ဆင့်ခေါ်လိုက်သည်။ အားဟယ်ထိုက်သည် ရှောင်ဟူ၏ ခင်မင်ရင်းနှီးသည့်မိတ်ဆွေဖြစ်သည်။
ယဲ့လုဖုန်းသည် အားဟယ်ထိုက်ကို ကြည့်လျက် ပြောသည်။
“အားဟယ်ထိုက် မင်း ငါ့အတွက် ကိစ္စတစ်ခုလုပ်ပေးရမယ်”
“အမိန့်နာခံလျက်ပါ သခင်ကြီး”
အားဟယ်ထိုက်မှ အရိုအသေပြုဖြေဆိုရာ ယဲ့လုဖုန်းမှ ညွှန်ကြားသည်။
“ငါးဖမ်းကုန်သည်အဖွဲ့လင်းယုန်ခန်းမကို သွားပြီး ချင်းယင်ကို သွားရှာချည်”
“ချင်းယင်လား။ သူ့ကို ဘာအတွက် ရှာရမှာပါလဲ”
အားဟယ်ထိုက် နားမလည်နိုင်စွာ မေးလိုက်သည်။
ယဲ့လုဖုန်းမှ ရှင်းပြသည်။
“သူ့ကို ငါ့အတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိလားလို့ မေးလိုက်။ ဆန္ဒရှိတယ်ဆိုရင် ဒီစာပေးလိုက်”
အားဟယ်ထိုက် ယဲ့လုဖုန်းကမ်းပေးသည့် စာကို ကြည့်လိုက်ပြီး ပြောသည်။
“ဟုတ်ကဲ့ပါ သခင်ကြီး။ ကျွန်တော် အခုချက်ချင်း သွားလိုက်ပါမယ်”
သို့ဖြင့် အားဟယ်ထိုက် ထွက်ခွာသွားခဲ့သည်။
အားဟယ်ထိုက် ထွက်သွားသောအခါ ချီမုကောမှ မေးသည်။
“သခင်ကြီး အဲဒါက ဘာပါလဲ”
ယဲ့လုဖုန်း ပြုံးလိုက်သည်။
“နန်ပါးထျန်း ငါးဖမ်းကုန်သည်အဖွဲ့ကို အုပ်ချုပ်ချိန်မှာ ကျားဖြူခန်းမချန်ကျိုစစ်က နန်ပါးထျန်းရဲ့အင်အားကို စောင့်ကြည့်သူအဖြစ် လုပ်ဆောင်တယ်။ ငါက ချန်ကျိုစစ်ကို စောင့်ကြည့်ဖို့ လူမထားဘဲနဲ့ ချန်ကျိုစစ်လက်ထဲ ငါးဖမ်းကုန်သည်အဖွဲ့ကို ပေးလိုက်မယ်ထင်နေလား။ ငါ့မှာ ချန်ကျိုစစ်ကို စောင့်ကြည့်သူနေရာကို ပေးဖို့ လူရှိနေပြီးသားပဲ”
ထိုအခါ ချင်းယင်သည် ချန်ကျိုစစ်ကို စောင့်ကြည့်သူအဖြစ် လျာထားခံရသူဖြစ်ကြောင်း ချီမုကော နားလည်လိုက်သည်။
ချီမုကော ခဏမျှတွေးလိုက်ပြီး ပြောသည်။
“ချင်းယင်က စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဆိုပေမဲ့ သူ့အင်အားက ချန်ကျိုစစ်နဲ့ယှဉ်ရင် နိမ့်တယ်။ ချန်ကျိုစစ်ကို စောင့်ကြည့်ဖို့အတွက် ချင်းယင်က မလုံလောက်မှာစိုးရတယ်”
ယဲ့လုဖုန်း ရယ်လိုက်သည်။
“စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဆိုတာက ဘောင်တစ်ခုသက်သက်ပဲ။ တော်ဝင်နန်းတော်ရဲ့ကျောထောက်နောက်ခံနဲ့ ချင်းယင်ကို အင်အားကြီးမားအောင် လုပ်ဖို့က အလွယ်လေးပဲ။ နန်ပါးထျန်းလည်း အရင်တုန်းက ဘာမှမဟုတ်တဲ့ကောင်ပဲ မဟုတ်လား။ ငါတို့ပဲ သူ့ကို ထောက်ပံ့ပေးပြီး မြှင့်တင်ပေးခဲ့တာ မဟုတ်လား။ သိုင်းပညာအင်အားကွာဟမှုအတွက်က ဆေးလုံးလေးတစ်လုံး သုံးလိုက်ရင်ပဲ ရနေပြီ”
ထိုအခါ ချီမုကောမှ မေးသည်။
“သခင်ကြီးဆိုလိုတာက..”
ယဲ့လုဖုန်းမှ ပြန်ပြောသည်။
“စာအိတ်ထဲမှာ စွမ်းအင်ဖွဲ့စည်းဆေးလုံးပါတယ်”
စွမ်းအင်ဖွဲ့စည်းဆေးလုံးလား။
ချီမုကော တိတ်ဆိတ်သွားသည်။ စွမ်းအင်ဖွဲ့စည်းဆေးလုံးဟူသည် အထူးသဖြင့် သိုင်းပညာရှင်များ ချီစွမ်းအင်ကျင့်ကြံရာတွင် အသုံးပြုသည့် ထိပ်တန်းဆေးတစ်မျိုး ဖြစ်သည်။
တကယ်တမ်းတွင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက်၏ အင်အားကို ဖော်ပြသည့် အဓိကညွှန်းကိန်းများမှာ သိုင်းပညာရှင်၏သန်မာမှုနှင့် ချီစွမ်းအင်ပမာဏတို့ ဖြစ်သည်။
ဤစွမ်းအင်ဖွဲ့စည်းဆေးလုံးသည် သိုင်းပညာရှင်များကို ချီစွမ်းအင်ဖွဲ့စည်းရာ၌ အထောက်အကူပြုသည်။
ဤဆေးလုံး၏ အာနိသင်သည် ထိုက်ဆွေ့ဆေးလုံး၏ အာနိသင်နှင့် ဆင်တူသည်။
သို့သော် ထိုက်ဆွေ့ဆေးလုံးမှာ အားသာချက်ရှိသည်။ သူ့တွင် အဆင့်သတ်မှတ်ချက် မရှိပေ။ အဆင့်မြင့်သိုင်းပညာရှင်ကြီးများမှ အရေပြားသန့်စင်ခြင်းအဆင့်အထိ မည်သူဖြစ်စေ ထိုက်ဆွေ့ဆေးလုံးကို အသုံးပြုပြီး အကျိုးရရှိခံစားနိုင်သည်။
သို့သော် စွမ်းအင်ဖွဲ့စည်းဆေးလုံးမှာ ကန့်သတ်ချက်ရှိသည်။ ဥပမာ- စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိ သိုင်းပညာရှင်များသာလျှင် ၎င်းကို အသုံးပြုနိုင်ပြီး အခြားကျင့်ကြံဆင့်ရှိ သိုင်းပညာရှင်များအတွက် မသင့်တော်ချေ။
ယဲ့လုဖုန်းမှ ချီမုကောကို ပြောသည်။
“ကောင်းပြီ။ မင်း အခုပဲ ထွက်ခွာလိုက်တော့။ သတ္တုတွင်းကို သေချာထိန်းချုပ်ပြီး စစ်လက်နက်ပစ္စည်းတွေကို အမိအရသိမ်းရမယ်။ ပြီးတော့ ဖြစ်နိုင်ရင် ပန်းပဲဆရာတွေကို ဖမ်းထားပြီး လက်နက်တွေ ဆက်ထုတ်ခိုင်းထားလိုက်။ ငါ့အမိန့်ကို စောင့်နေ။ အချိန်ကျရင်–”
ယဲ့လုဖုန်း၏ လည်ဇလုပ်လှုပ်ရှားသွား၏။ ချီမုကောသည် သဘောပေါက်နားလည်စွာဖြင့် ပြောသည်။
“သခင်ကြီးရဲ့အမိန့်ကိုနာခံပါတယ်။ ကျွန်တော် နားလည်ပါပြီ”